ဆေးတိမ်တိုက် နှင်းဆီအလင်းတန်း
Vol. 36 Ch. 420
"အကြီးအကဲကျန်းလီ ဖော်စပ်မယ့် ဆေးလုံးက ထာဝရရွှေခန္ဓာကိုယ်ကို တိုက်ရိုက် ဖြစ်ပေါ်လာစေနိုင်တာများလား..."
ကျန်းရွှမ်သည် ဆက်ပြီးသည်းမခံနိုင်တော့သဖြင့် သူ၏အတွေးများကို ထုတ်ဖော်၍ မေးမြန်းလိုက်သည်။
"အဲ့ဒီလို မဟုတ်ဘူး..."
အကြီးအကဲယောင်ယွင်က ခေါင်းခါပြပြီး ရှင်းပြသည်။
"ထာဝရရွှေခန္ဓာကိုယ်ဆိုတာက ခေတ်အဆက်ဆက်မှာ ပြိုင်ဘက်ကင်းတဲ့ ရုပ်ခန္ဓာကိုယ်တစ်ခု ဖြစ်ပြီးတော့ ရင်းမြစ်ကမ္ဘာမှာ ရှိတဲ့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ လိုက်လံရှာဖွေခဲ့ကြတယ်....သူတို့က ကြီးမားတဲ့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ခဲ့ပေမယ့် ဘယ်သူမှ ဒီအရာကို အောင်မြင်အောင် မကျင့်ကြံနိုင်ခဲ့ကြဘူး.... ဆေးလုံးတစ်လုံးတည်းနဲ့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
"ဒါဆိုရင်..."
ကျန်းရွှမ် ဆွံ့အသွားသည်။
'ခင်ဗျားပဲ မဖြစ်နိုင်ဘူးလို့ ပြောလိုက်..ဖြစ်နိုင်သလိုမျိုး အရိပ်အမြွက် ပြောလိုက်နဲ့ ကျုပ်ကို လာကစားနေတာလား'
သူ၏အတွေးကို သိရှိပုံရသော အကြီးအကဲယောင်ယွင်က ဆက်လက်၍ ရှင်းပြသည်။
"ဆရာ ဖော်စပ်ချင်တဲ့ ဆေးလုံးက ထာဝရရွှေခန္ဓာကိုယ်ကို တိုက်ရိုက် မဖြစ်စေနိုင်ပေမယ့် ထာဝရနှလုံးသားကို ဖြစ်ပေါ်လာစေဖို့ အခွင့်အလမ်းများတယ်...တကယ်လို့ အောင်မြင်ခဲ့ရင် ထာဝရရွှေခန္ဓာကိုယ်ကို ရဖို့ဆိုတာ အချိန်ပြဿနာတစ်ခုပဲလိုတယ်..."
"ထာဝရနှလုံးသားလား..."
ကျန်းရွှမ် အံ့အားသင့်သွားသည်။
အကြီးအကဲယောင်ယွင်၏မျက်လုံးများတွင် စိတ်အားထက်သန်မှုများ တဖန်ထပ်၍ ထင်ဟပ်လာသည်။
"အမှန်ပဲ... ဆရာက ရှေးဟောင်းဆေးလုံးတွေကို သောင်းနဲ့ချီပြီး လေ့လာခဲ့တယ်...သူ ဆေးဖော်စပ်ပြီးတိုင်း မတူညီတဲ့ ကျင့်ကြံဆင့်ရှိတဲ့ လူတွေကို ရှာဖွေပြီး ဆေးစမ်းသပ်ခိုင်းတယ်...သူ့ရဲ့ ရည်ရွယ်ချက်က လူသားတွေရဲ့ စွမ်းအား အကန့်အသတ်နဲ့ အဲ့ဒီစွမ်းအားတွေ လည်ပတ်တဲ့နည်းလမ်းတွေကို လေ့လာဖို့ပဲ...အဲ့ဒီစမ်းသပ်မှုတွေကနေ အံ့အားသင့်စရာကောင်းတဲ့ ကောက်ချက်တစ်ခုကို ချနိုင်ခဲ့တယ်... တကယ်လို့ တစ်ယောက်ယောက်က ထာဝရရွှေခန္ဓာကိုယ်ကို ရချင်တယ်ဆိုရင် အရင်ဆုံး အဆုံးစွန်ဆုံးအဆင့်ထိ သန်မာတဲ့ နှလုံးသားတစ်ခုကို ပိုင်ဆိုင်ရမယ်... အဲ့ဒီလို နှလုံးသားမျိုးနဲ့မှသာ စွမ်းအားကို ပိုပြီးကောင်းကောင်း စုပ်ယူဖြည့်တင်းနိုင်မှာဖြစ်ပြီးတော့ စိတ်ဝိညာဥ်နဲ့ကံကြမ္မာရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်..."
ကျန်းရွှမ် ကြက်သေသေသွားသည်။
နှလုံးသားသည် အင်ဂျင်စက်တစ်ခုအလားပင်။ ထိုအရာ၏စွမ်းအား ပို၍ပြင်းထန်လေလေ တခြားသော ရုပ်ခန္ဓာကိုယ်၏ချို့ယွင်းချက်များကို ဖြည့်စွက်ရန် ပို၍လွယ်ကူလေလေပင်။
"ဒီယူဆချက်တွေနဲ့ ဆရာက ရှေးဟောင်းသင်္ချိုင်းတွေကို တူးဖော်ခဲ့ပြီးတော့... နောက်ဆုံးမှာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အကြာက သူက ရှေးဟောင်းအစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ပိုင်ဆိုင်တဲ့ ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေတစ်ခုထဲမှာ ရှေးဟောင်းဆေးညွှန်းတစ်ခုကို တွေ့ရှိခဲ့တယ်....ကံမကောင်းစွာနဲ့ ဒီဆေးလုံးကို အောင်မြင်အောင် ဖော်စပ်ဖို့အတွက် မတူညီတဲ့ ဆေးလုံးကိုးလုံး လိုအပ်ပြီးတော့ တစ်လုံးစီမှာ ညီမျှတဲ့ ဆေးအာနိသင်တွေ ပါဝင်ရမယ်.... နဘ်းနည်းလေးတောင် ကွဲလွဲလို့ မရဘူး..... ဒါကြောင့် သူ ဖော်စပ်လိုက်တဲ့ ဆေးလုံးတိုင်းကို လူတစ်ယောက်တည်း အပေါ်မှာပဲ စမ်းသပ်ရမယ်... အဲဒီလူရဲ့ ကျင့်ကြံမှုက အရမ်းမြင့်မားလို့မရသလို အဆိပ်သင့်ပြီး သေဆုံးသွားလို့လည်း မဖြစ်ဘူး..."
ထိုကိစ္စကို ရှင်းပြပြီးနောက် အကြီးအကဲယောင်ယွင်သည် သူတို့နှစ်ဦးကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်၏။
"အဲဒီလိုလူမျိုးကို ရှာတွေ့ဖို့ အရမ်းခက်ခဲတယ် မင်းတို့နှစ်ယောက် ပေါ်မလာမချင်းပေါ့..."
ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။ သူနှင့်ခုန်းရှီတို့သည် ဘေးထွက်ဆိုးကျိုးမရှိဘဲ ဆေးအမြောက်အများကို သောက်သုံးနိုင်ကြောင်း သိလိုက်ရချိန်၌ အကြီးအကဲကျန်းလီ အလွန်ဝမ်းသာသွားခဲ့သည်မှာ အံ့အားသင့်ဖွယ် မဟုတ်တော့ချေ။ သူသည် ဤကဲ့သို့ လူများကို ရှာဖွေနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေလေပြီ။
"ဒီလိုဆေးမျိုးက ထာဝရနှလုံးသားကို ဖော်စပ်ရာမှာ ကူညီပေးနိုင်မယ်လို့ ဘယ်လိုလုပ်ပြီး သေချာသိနိုင်မှာလဲ..."
ခုန်းရှီက မေးမြန်းသည်။
"ငါတို့လည်း သေချာမသိဘူး...အတိုင်းအတာ တစ်ခုထိ ဖြစ်နိုင်ခြေရှိတယ် ဆိုတာလောက်ပဲ သိတယ်..."
အကြီးအကဲယောင်ယွင်က ခေါင်းခါယမ်းလိုက်ပြီး သူ၏မျက်နှာ နီမြန်းလာသည်။
"ဒါပေမဲ့ ဆေးပညာဆိုတာ အဲ့ဒီလိုပဲ မဟုတ်လား....ဆေးလုံး မဖြစ်ပေါ်ခင်မှာ ဘယ်သူကမှ ရာနှုန်းပြည့် သေချာတယ်လို့ အာမမခံရဲကြဘူး....ဆေးလုံးဖြစ်လာရင်တောင် သောက်သုံးတဲ့လူတွေရဲ့ မတူညီတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေကြောင့် ဘယ်သူမှ ရာနှုန်းပြည့် ထိရောက်ပါတယ်လို့ မပြောရဲကြဘူး...အရာအားလုံးက လောင်းကြေးတစ်ခုပဲ... ထာဝရရွှေခန္ဓာကိုယ်နဲ့ ပတ်သက်လာရင် တစ်ကြိမ် လောင်းကြေးထပ်ရုံမကလို့ ဆယ်ကြိမ် အကြိမ်တစ်ရာလောက် လောင်းကြေးထပ်ရရင်တောင် တန်တယ်..."
ကျန်းရွှမ်နှင့်ခုန်းရှီတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏စိတ်ထဲတွင် 'အရူးတွေ' ဟူသော စကားလုံး ပေါ်လာကြသည်။
မသေချာမရေရာသော ဆေးလုံးတစ်လုံးအတွက် နှစ်ပေါင်းနှစ်ဆယ်အချိန်ပေးခဲ့သည့်အပြင် စမ်းသပ်မှုများအတွင်း အသက်ပေါင်းများစွာကို စတေးခဲ့ကြသည်။ အကြီးအကဲကျန်းလီနှင့် သူ၏တပည့်များသည် ပုံမှန်လူများနှင့် မတူညီကြချေ။ သို့ရာတွင် ထိုကဲ့သို့ အရူးများကသာ ထူးကဲသော စွမ်းဆောင်ရည်များကို အမှန်တကယ် ပြီးမြောက်အောင်မြင်နိုင်ပြီး ထာဝရနှလုံးသားအပေါ် သက်ရောက်မှုရှိမည့် ဆေးလုံးများကို ဖော်စပ်နိုင်မည့် အခွင့်အရေး ရှိကြ၏။
အကြီးအကဲယောင်ယွင်က အသေးစိတ် ရှင်းပြနေစဉ်၌ တစ်ဖက်တွင် အကြီးအကဲကျန်းလီသည် မီးတောက်ကို ပြန်လည်၍ ထွန်းညှိလိုက်သည်။ သူ၏ကံကြမ္မာမြစ်မှ မီးနဂါးများ ထွက်ပေါ်လာကာ မူလဘူတနဂါးဆေးမီးဖိုကို ဝန်းရံ လှည့်ပတ်ပြီး ပတ်ဝန်းကျင်ရှိလေဟာနယ်ကို အနည်းငယ် တွန့်လိမ်သွားသည်အထိ လောင်ကျွမ်းသွားစေသည်။
နောက်ထပ်အချိန်တခဏတွင် အကြီးအကဲကျန်းလီသည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ဆေးစွမ်းအားများ တလိမ့်လိမ့်ထနေသော ဆေးဖက်ဝင်ပစ္စည်းများသည် လေတိုးသံနှင့်အတူ ဆေးမီးဖိုထံသို့ ပျံသန်းသွားပြီး လည်ပတ်နေသော ကံကြမ္မာမြစ်ထဲသို့ ကျဆင်းသွားသည်။
ကျန်းရွှမ်သည် မော့ကြည့်လိုက်ပြီးနောက် သူ့ထံတွင် အံ့အားသင့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
ဆန်းကြယ်ဆီးနှင်း ရိုးတွင်းခြင်ဆီမှို...ငရဲကိုးထပ် မီးတောက်နွယ်....ကြယ်ကြွေခရမ်းဖီးနစ်ပန်း၊ မဟာကောင်းကင်မိုးကြိုးဂျင်ဆင်း...
တစ်ဖက်လူ ပစ်ထည့်လိုက်သော ဆေးဖက်ဝင်ပစ္စည်းများသည် တစ်ခုချင်းစီတိုင်း အလွန်အမင်း အဖိုးတန်ပြီး တန်ဖိုးဖြတ်၍မရနိုင်ချေ။ ထိုအရာများကို ဝယ်ယူလိုလျှင်ပင် ဝယ်ယူ၍ မရနိုင်သလောက်နီးပါးပင်။
သာမန်လူတစ်ယောက်အတွက် အသက်ပင်လယ်နယ်ပယ်အဆင့်ရှိသူ ဆိုလျှင်ပင် ထိုဆေးပင်တစ်ခုကို ရှာတွေ့နိုင်ရန် ကံကြမ္မာကောင်းကြီးတစ်ခု ရှိနေရပေမည်။ သို့ရာတွင် အကြီးအကဲကျန်းလီကမူ ထိုကဲ့သို့ အဖိုးတန်ဆေးပင်အမြောက်အများကို တစ်ပြိုင်နက် ထုတ်ယူလိုက်သည်။
ဆေးပညာဂိုဏ်းသည် သူ မျှော်လင့်ထားသည့်အတိုင်း အမှန်တကယ့်ကို ချမ်းသာကြွယ်ဝပြီး အင်အားကြီးမားပေ၏။
"ဒီဆေးဖက်ဝင်ပစ္စည်းတွေက ဆေးပညာဂိုဏ်းက အပင်ပန်းခံပြီး ရှာဖွေထားရတဲ့ အရာတွေပဲ......ဆေးပညာဂိုဏ်းနဲ့ ထျန်းလီတော်ဝင်မိသားစု ပူးပေါင်းပြီးတော့ နှစ်နှစ်ဆယ်စာလောက် ပင်ပင်ပန်းပန်း ရှာဖွေထားတာတောင် စုစုပေါင်း ဆေးပင်တစ်စုံစာပဲရှိတယ်.... ဒါကြောင့် အောင်မြင်ဖို့က တစ်ခုတည်းသော ရွေးချယ်စရာပဲ... ကျရှုံးလို့ မဖြစ်ဘူး..."
သူတို့၏အံ့အားသင့်နေမှုကို မြင်လိုက်ရသဖြင့် အကြီးအကဲယောင်ယွင်က ပြောဆိုသည်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ ထိုမျှ အဖိုးတန်သော ဆေးဝါးများကို စုဆောင်းရန် အမှန်တကယ်ကို ခက်ခဲသည်။ သို့ရာတွင် လူတစ်ယောက်အား ထာဝရနှလုံးသား ရရှိနိုင်စေမည့် ဆေးလုံးကို အမှန်တကယ် ဖော်စပ်နိုင်လျှင် အမှန်တကယ်ကို ထိုက်တန်ပေ၏။
ရှဲ..... ရှဲ....ရှဲ.....
ထိုဆေးဖက်ဝင်ပစ္စည်း အားလုံးနီးပါးထံတွင် စိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားသည်။ ထိုအရာများသည် ပူပြင်းသော မီးတောက်များနှင့် ထိတွေ့မိချိန်တွင် စူးရှသောအော်သံများ ပြုလုပ်ကြကာ ထွက်ပြေးရန်ကြိုးစားရင်း ပြင်းထန်သော စွမ်းအားများကို ထုတ်လွှတ်လိုက်ကြ၏။
အဆင့်မြင့် ဆေးပညာရှင်များသည် ဤကဲ့သို့ အထွတ်အထိပ် ဆေးဖက်ဝင်ပစ္စည်းများနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်ရသဖြင့် သူတို့ကိုယ်တိုင်လည်း သန်မာအားကောင်းနေရန် လိုအပ်သည်။
ဝုန်း.....
လေထုထဲတွင် ဆေးဖက်ဝင်ပစ္စည်းများသည် နဂါးပုံစံ သို့မဟုတ် ကြမ်းတမ်းသော သားရဲများ၏ပုံစံသို့ ပြောင်းလဲသွားပြီး မကြာခဏ တိုက်ခတ်မိနေကြသည်။ အကယ်၍ တစ်စုံတစ်ယောက်၏စွမ်းအားသည် အားနည်းပါက အပြာရောင်တိမ်တိုက်အရှင်၏ အဆင့်မျိုး၌ရှိသော အစွမ်းထက်ပုဂ္ဂိုလ်မျိုးပင်လျှင် ဤအရာနှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရပါက ထိတ်လန့်သွားပေလိမ့်မည်။
သို့ရာတွင် ကံမကောင်းစွာဖြင့် ထိုဆေးပင်များသည် အကြီးအကဲကျန်းလီနှင့် တွေ့ဆုံခဲ့ရသည်။
"ဖိနှိပ်စမ်း..."
ကျယ်လောင်သော အော်သံနှင့်အတူ ဆေးပညာဂိုဏ်း၏ဝင်္ကပါသည် ချက်ချင်းအသက်ဝင်လာသည်။ ခန်းမဆောင်၏အထက်တွင် နက်ရှိုင်းပြီး ကျယ်ပြန့်သော ကြေးမုံမှန်ကြီးတစ်ချပ် ထွက်ပေါ်လာကာ ကောင်းကင်ယံမှ ကြယ်စင်မြစ်ကြီး ဆင်းသက်လာသည့်အလား မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများ ဖြာကျလာသည်။
ဝုန်း....
လှုပ်ရှားမှု တစ်ခုတည်းဖြင့် ဆေးဖက်ဝင်ပစ္စည်းများမှ ပြောင်းလဲထားသော စိတ်ဝိညာဥ်ပုံသဏ္ဌာန်များသည် ပြန့်ကျဲသွားပြီး ပြုတ်ကျလာကာ မူလပုံစံသို့ ပြန်လည်ရောက်ရှိသွားကြသည်။
"ဒါက ကြယ်တိမ်တိုက် ကောင်းကင်ဝင်္ကပါပဲ... ငါ့ရဲ့ဆရာက ဒီ မဟာဝင်္ကပါကြီးရဲ့အခွင့်အာဏာကိုတောင် ထိန်းချုပ်ထားလိုက်ပြီ..."
အကြီးအကဲယောင်ယွင် ထိတ်လန့်တုန်လှုပ်သွားသည်။ သူ၏ရှေ့မှ ရုတ်တရက် အပြောင်းအလဲသည် သူ့အတွက်ပင်လျှင် မျှော်လင့်မထားသော အရာဖြစ်ကြောင်း သိသာထင်ရှားသည်။
"ပထမအဆင့် ဆေးလုံးတစ်လုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ဖို့အတွက် ဂိုဏ်းချုပ်နဲ့ ဆွေးနွေးပြီး ဒါကို အသက်သွင်းထားတာပါ..."
ထိုအချိန်မှာပင် ဖျော့တော့တော့ အသံတစ်သံ ထွက်ပေါ်လာသည်။ ကျန်းရွှမ်နှင့်တခြားလူများသည် အသံလာရာသို့ လှည့်ကြည့်လိုက်ကြရာ စပါးကြီးမြွေရေခွံဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးက အဝေးမှ လျင်မြန်စွာ ရောက်ရှိလာပြီး ဖြည်းညှင်းစွာ ဆင်းသက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ထိုလူငယ်သည် အသက်သုံးဆယ်အရွယ်ခန့် ရှိပုံရပြီး အရပ်ရှည်ကာ ဓားကဲ့သို့ မျက်ခုံးများနှင့် ကြယ်ကဲ့သို့ မျက်လုံးများ ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိသော ရုပ်ရည်သွင်ပြင် ရှိသည်။ သူ ရောက်မလာမီကပင် အထွတ်အထိပ်အာဏာနှင့် စွမ်းအားကို ပိုင်ဆိုင်ထားသည့်အလား ကြောက်မက်ဖွယ် အရှိန်အဝါနှင့်ဖိအားကို ထုတ်လွှတ်ထားသည်။
"အိမ်ရှေ့စံမင်းသားယွမ်ချင်းကို အရိုအသေပြုပါတယ်..."
အကြီးအကဲယောင်ယွင် ယောင်ချန်နှင့် တခြားလူများသည် အလျင်အမြန် ဦးညွှတ်အရိုအသေပြုပြီး နှုတ်ဆက်လိုက်ကြ၏။
"အိမ်ရှေ့စံမင်းသားလား..."
ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုလူငယ်သည် ဤကဲ့သို့ အရှိန်အဝါမျိုး ပိုင်ဆိုင်ထားပြီး ဆေးပညာဂိုဏ်းမှ လူများကို ရိုသေလေးစားအောင် လုပ်နိုင်သည်။ ဤလူသည် ထျန်းလီအင်ပါယာ၏ အိမ်ရှေ့စံမင်းသား ဖြစ်နေသလော။
ထျန်းလီအင်ပါယာသည် ရင်းမြစ်ကမ္ဘာပေါ်ရှိ အင်အားစု အမြောက်အများတွင် ထိပ်သီးအနည်းစုစာရင်း၌ ပါဝင်သည်။ ထိုကြောင့် ဤအင်ပါယာ၏ အိမ်ရှေ့စံမင်းသားအနေဖြင့် သူ၏အဆင့်အတန်းသည် မည်မျှမြင့်မားပြီး မည်မျှထိ စွမ်းအားကြီးမားမည်ကို တွေးတောကြည့်နိုင်သည်။
မင်းသားယွမ်ချင်းသည် ခေါင်းညိတ်ပြလိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်ကာ ရှေ့တွင် ဆေးဖော်စပ်နေသော အကြီးအကဲကျန်းလီကို ကြည့်လိုက်သည်။
အကြီးအကဲကျန်းလီသည် အာရုံပျံ့လွင့်မသွားဘဲ ကံကြမ္မာမြစ်နှင့် မူလဘူတ နဂါးဆေးမီးဖိုကို ဆက်လက်ထိန်းချုပ်ကာ ဆေးဖက်ဝင်ပစ္စည်းများကို သန့်စင်နေသည်။ ကြယ်တိမ်တိုက် ကောင်းကင်ဝင်္ကပါ၏ ဖိနှိပ်မှုကြောင့် ဆေးဖက်ဝင်ပစ္စည်းများ၏ စိတ်ဝိညာဥ်များသည် ဆက်လက်မခုခံနိုင်တော့ဘဲ နာခံရို့ကျိုးစွာဖြင့် ပေါင်းစပ်သွားကြသည်။
"ဖော်စပ်စမ်း..."
နောက်ထပ် အော်ဟစ်သံတစ်သံနှင့်အတူ မူလဘူတ နဂါးဆေးမီးဖိုသည် ပြင်းထန်စွာ တုန်ခါလာပြီး အဖုံးသည် ဝုန်းခနဲ ပိတ်သွားကာ အတွင်းရှိ ဆေးအာနိသင်များကို စုစည်းလိုက်၏။ ထို့နောက် မိုးခြိမ်းသံကဲ့သို့ တုန်ခါသံများကြားတွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ဆေးလုံးတစ်လုံး ဖြည်းညှင်းစွာ မြင့်တက်လာသည်။
ဤဆေးလုံးကို နေဝင်ဆည်းဆာချိန် အလင်းတန်းကဲ့သို့ မြူခိုးများက ဝန်းရံထားသည်။
"ဒါက ဆေးတိမ်တိုက်နှင်းဆီအလင်းတန်းပဲ... အောင်မြင်သွားပြီ..."
အကြီးအကဲယောင်ယွင်၏ခန္ဓာကိုယ် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်လိုက်သည်။