← Chapters

အရသာ တော်တော်ပြင်းတာပဲ

Vol. 36 Ch. 421

အရသာ တော်တော်ပြင်းတာပဲ

Vol. 36 Ch. 421

ဆေးဖော်စပ်ခြင်းတွင် အမြင့်ဆုံးနယ်ပယ်မှာ ဆေးလုံးတွင် ကိုယ်ပိုင်စိတ်ဝိညာဥ် ပါဝင်ရုံသာမက နေဝင်ဆည်းဆာချိန်ကဲ့သို့ အလင်းတန်းများကိုလည်း ထုတ်လွှတ်နိုင်ခြင်းပင်။ သူတို့၏ရှေ့ရှိ ဆေးလုံးသည် ထိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိသာထင်ရှားသည်။ ထိုအရာကို မသောက်သုံးရသေးဘဲ ရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့် လူတစ်ယောက်၏ စိတ်နှလုံးသားကို တောင့်တမှုများဖြင့် ပြည့်နှက်သွားစေပြီး စိတ်ဝိညာဉ်ကို လှုပ်ရှားသွားစေသည်။

"အရမ်း လှတာပဲ..."

ထိုအချိန်တွင် အကြီးအကဲတစ်ဦး ရှေ့သို့ လျှောက်လှမ်းလာပြီး ညှို့ငင်ဖမ်းစားခံထားရသည့်အလား သူ၏မျက်လုံးများသည် ရှေ့တူရူသို့ စူးစိုက်၍ကြည့်နေသည်။

"ဒါက ငါ့ဟာ..."

သူသည် တိုးတိုးရေရွတ်ရင်း အရူးတစ်ယောက်အလား ရှေ့ရှိ ဆေးလုံးဆီသို့ ရွေ့လျားသွားသည်။

"ဂျူနီယာညီလေးယောင်ရှန်း..."

အကြီးအကဲယောင်ယွင်က သူ့ကို ဆွဲဖယ်ရန် အလျင်အမြန် ရှေ့တိုးလိုက်သည်။ သို့ရာတွင် သူ အနီးသို့ မရောက်မီမှာပင် အကြီးအကဲယောင်ရှန်း၏ ရီဝေဝေမျက်လုံးများထဲတွင် ရူးသွပ်သော လောဘအရိပ်အယောင်များ ဖြတ်သန်းသွားပြီး သူ့ကို လက်ဝါးဖြင့် ရိုက်နှက်လိုက်၏။

"ဒါက ငါ့ဟာ... ဒါတွေအားလုံးက ငါ့ဟာပဲ..."

ထိုလက်ဝါးရိုက်ချက်တွင် ပြင်းထန်သော အားလှိုင်းတစ်ရပ်ကို သယ်ဆောင်လာပြီး သူ၏လုပ်ရပ်တွင် သနားညှာတာမှု အရိပ်အယောင် လုံးဝမပါရှိဘဲ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို ဖော်ပြနေသည်။

ဂျူနီယာညီငယ်ဆီမှ ထိုကဲ့သို့ တုံ့ပြန်မှုကို မမျှော်လင့်ထားသဖြင့် အကြီးအကဲယောင်ယွင်သည် ထိတ်လန့်သွားပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်၏။ သို့ရာတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တလိမ့်လိမ့်ထနေသော စွမ်းအားတစ်ရပ်အတွင်း ပိတ်မိနေပြီး ရွှံ့နွံထဲတွင် နစ်နေသည့်အလား သူ မည်မျှပင် ရုန်းကန်ပါစေ လှုပ်ရှား၍မရနိုင် ဖြစ်နေသည်။ သူ၏နှလုံးသား အေးစက်တင်းမာသွားသည်။

သူသည် ဆရာ၏နောက်သို့လိုက်ပြီး လုံလဝီရိယရှိရှိ ဆေးဖော်စပ်ခဲ့သော်လည်း ဂိုဏ်းတူညီအစ်ကိုတစ်ယောက်၏ လက်ချက်ဖြင့် သေဆုံးရလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။

အခြေအနေ ဆိုးရွားလာချိန်တွင် မိုးကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာသည်။ "ဝုန်း" ဟူသော အသံနှင့်အတူ ရူးသွပ်သွားသော အကြီးအကဲယောင်ရှန်း၏ခန္ဓာကိုယ်မှ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ သေသလောရှင်သလော မသိနိုင်တော့ချေ။

အကြီးအကဲယောင်ယွင်၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး မိုးကြိုးလာရာ အရပ်သို့ အလျင်အမြန် ကြည့်လိုက်ရာ အိမ်ရှေ့စံမင်းသားကို တွေ့လိုက်ရသည်။ အိမ်ရှေ့စံမင်းသားသည် လက်ကိုနောက်ပစ်ထားဆဲ ဖြစ်ပြီး သူ၏ မျက်လုံးများသည် ချောက်ကမ်းပါးများကဲ့သို့ နက်ရှိုင်းကာ ထိုအရာများအတွင်းတွင် လျှပ်စီးမိုးကြိုးလှိုင်းများ တဖျတ်ဖျတ်တောက်ပနေသည်။

သူ့ကို သေစေနိုင်လောက်သည့် အကြီးအကဲယောင်ရှန်း၏ ပြင်းထန်သော တိုက်ခိုက်မှုသည် တစ်ဖက်လူ၏ဖျက်ဆီးခြင်းကို ခံလိုက်ရလေ၏။ ထိုစွမ်းအား၏ နောက်ဆက်တွဲတုန်ခါမှုလှိုင်းကြောင့် သူ၏ဂျူနီယာညီလေးကို နေရာမှာပင် သတိလစ်မေ့မျောသွားစေခဲ့သည်။

"ယောင်ရှန်းက စိတ်ဓာတ်ခိုင်မာမှု အားနည်းတာကြောင့် ဆေးလုံးရဲ့ညှို့ငင်ဖမ်းစားတာကို ခံလိုက်ရတယ်.... သူ့ကို မြန်မြန် ခေါ်သွားကြ....ကျန်တဲ့လူတွေက ဒီအချိန်ကနေစပြီးတော့ ဆေးလုံးကို တိုက်ရိုက်မကြည့်ကြနဲ့..... အာရုံငါးပါးကို ပိတ်ဆို့ထားပြီးတော့ ဆေးရနံ့ကို မရှူရှိုက်မိစေနဲ့..."

အကြီးအကဲကျန်းလီ၏ ဆူပူကြိမ်းမောင်းသံ ထွက်ပေါ်လာသည်။

ထိုအချိန်မှသာ အကြီးအကဲယောင်ယွင်သည် သတိပြန်ဝင်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ချွေးစေးများ ထွက်လာသည်။ သူသည် ဆေးလုံးကို ကြည့်မိခဲ့သော်လည်း အဝေးတွင် ရှိနေသောကြောင့် ဆေးရနံ့ကို မရရှိခဲ့ချေ။ ထို့ကြောင့် သူ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်ပေ၏။ ထိုသို့မဟုတ်ပါက မြေပြင်ပေါ်တွင် လဲကျနေသူမှာ သူ ဖြစ်သွားနိုင်သည်။

သူသည် ထိတ်လန့်တုန်လှုပ်နေပြီးနောက် သူ ခေါ်ဆောင်လာသော ဆေးစမ်းသပ်ခံသူ နှစ်ဦးကို မကြည့်ဘဲ မနေနိုင်တော့ပေ။ သူတို့သည် နေရာမှာပင် တည်ငြိမ်အေးဆေးစွာ မတ်တတ်ရပ်နေပြီး အနည်းငယ်မျှပင် ထိခိုက်မှု မရှိသည်ကို သူ မြင်တွေ့လိုက်ရသည်။

'အံ့အားသင့်စရာပဲ...'

သူ၏စိတ်ထဲတွင် အံ့အားသင့်သွားကာ ထိုလူနှစ်ယောက်ကို လေးစားသွားသည်။

အကြီးအကဲယောင်ရှန်းသည် ယမန်နှစ်က အသက်ပင်လယ်နယ်ပယ် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော်လည်း ထိုကဲ့သို့သော ကျင့်ကြံမှုဖြင့်ပင် ဆေးလုံး၏လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။ သို့ရာတွင် ကြယ်စင်မြစ်နယ်ပယ်၌သာ ရှိသော ဤလူနှစ်ယောက်သည် လုံးလုံးလျားလျား ထိခိုက်မှု မရှိချေ။ ဆေးဒဏ်ခံနိုင်သော အထူးရုပ်ခန္ဓာကိုယ်ပိုင်ရှင်များဟု ဆိုသည့်အတိုင်း သူတို့သည် အမှန်တကယ်ကို ထူးခြားသူများ ဖြစ်ပေ၏။

"ဆေးလုံး ဖြစ်လာတာတောင် ဒီလောက်ထိ မောက်မာရဲတယ်ပေါ့... သတ္တိကောင်းလိုက်တာ..."

သူ၏တပည့်ကို ခေါ်ထုတ်သွားသည်အား ကြည့်ရင်း အကြီးအကဲကျန်းလီသည် ဆူပူကြိမ်းမောင်းလိုက်ပြီး လေထုထဲသို့ လက်ဆန့်တန်းလိုက်သည်။ သူသည် အသစ်ဖော်စပ်ထားသော ဆေးလုံးကို သူ၏စွမ်းအားများဖြင့် ချိတ်ပိတ်ကာ သူ့ထံသို့ ပျံသန်းလာစေသည်။

ထိုသို့ပြုလုပ်ပြီးနောက် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ဓားချီတစ်လှိုင်းသည် သူ၏လက်ချောင်းထိပ်မှ တိုးထွက်လာပြီး ဆေးလုံးကို ဖြတ်တောက်လိုက်၏။

နောက်ထပ်အချိန်တခဏတွင် ဆေးလုံးသည် နှစ်ခြမ်းကွဲသွားပြီး သိပ်သည်းကြွယ်ဝသော ဆေးစွမ်းအားများ ထွက်ပေါ်လာကာ ဘောလုံးအရွယ်အစားရှိသော ဝဲကတော့နှစ်ခု ဖြစ်ပေါ်လာသည်။ အကြီးအကဲကျန်းလီသည် ဝဲကတော့တစ်ခုကို ဖမ်းဆုပ်ပြီး ညင်သာစွာ ညှစ်လိုက်ရာ နဂါးမျက်လုံးအရွယ်အစားရှိသော ဆေးလုံးနှစ်လုံးအဖြစ် ပြောင်းလဲသွားသည်။

"ဒီဆေးကို စမ်းသပ်ပြီးတော့ အသေးစိတ်အကျဆုံး အချက်အလက်တွေကို ငါ့ဆီ ပေးပါ..."

သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ဆေးလုံးများသည် ကျန်းရွှမ်နှင့်ခုန်းရှီတို့ထံ ပျံသန်းသွားပြီး သူတို့၏လက်ဝါးပေါ်သို့ ကျရောက်သွားသည်။

"ဒါတွေက အကြီးအကဲကျန်း ရှာထားတဲ့ ဆေးစမ်းသပ်ခံသူ နှစ်ယောက်လား..."

မင်းသားယွမ်ချင်းသည် နောက်ဆုံးတွင် သူတို့နှစ်ယောက်ကို သတိပြုမိသွားပြီး သူ၏ အကြည့်သည် ကျန်းရွှမ်အပေါ်သို့ ရောက်ရှိကာ လေးစားသော အမူအယာကို ပြသလိုက်သည်။

"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းအရည်အချင်းရှိတာပဲ... မင်းရဲ့ အနာဂတ်က တကယ့်ကို အကန့်အသတ်မဲ့ပဲ..."

"အိမ်ရှေ့စံမင်းသား ချီးကျူးလွန်းနေပါပြီ..."

ကျန်းရွှမ်နှင့်ခုန်းရှီတို့က သူတို့၏လက်ကို ပူးဆုပ်၍ အရိုအသေပြုရင်း တပြိုင်နက်တည်း ပြောဆိုလိုက်ကြသည်။

"ဆေးစမ်းသပ်တာကို စိတ်ချလက်ချ လုပ်ပါ.....မင်းတို့ရဲ့ အကူအညီနဲ့ ဒီဆေးလုံးကို အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့မယ်ဆိုရင် ငါ မင်းတို့ကို ကောင်းကောင်း ဆုချမယ်..... မြင့်မြတ်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ပေးသနားဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး..."

မင်းသားယွမ်ချင်းက အရေးမစိုက်သော လေသံဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အိမ်ရှေ့စံမင်းသား..."

ကျန်းရွှမ်နှင့်ခုန်းရှီတို့၏ မျက်နှာများပေါ်၌ စိတ်လှုပ်ရှားသော အမူအယာများ ထင်ဟပ်လာကြသည်။ သူတို့၏အမူအယာများကို မြင်လိုက်ရသဖြင့် မင်းသားယွမ်ချင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး စကားပြောဆိုခြင်းကို ရပ်တန့်လိုက်၏။

ဆေးစမ်းသပ်ရမည့် အချိန်ဖြစ်ကြောင်း သိသဖြင့် ကျန်းရွှမ်က ဆေးလုံးကို မျိုချလိုက်သည်။ ထိုဆေးလုံး သူ၏လည်ချောင်းထဲသို့ ဝင်ရောက်သွားသည်နှင့် တလိမ့်လိမ့်ထနေသော ဆေးစွမ်းအားများသည် သူ၏ခန္ဓာကိုယ်အနှံ့ ပြည့်နှက်လာပြီး သူ၏ဒန်တျန်ဆီသို့ တိုးဝင်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မူးဝေစေသော အားလှိုင်းတစ်ရပ်သည် သူ့စိတ်ထဲသို့ တိုးဝင်လာသဖြင့် မူးဝေမှုကို အလိုအလျောက် ခံစားလိုက်ရသည်။ မကြာမီမှာပင် စိတ်တိုခြင်း ဒေါသထွက်ခြင်းများစသော ခံစားချက်များ သူ၏စိတ်နှလုံးသားထဲတွင် ပြည့်နှက်လာပေ၏။

ဤသည်မှာ သူ ပထမဆုံးအကြိမ် လူသတ်စဥ်က ခံစားချက်နှင့်တူညီကာ ထိတ်လန့်ခြင်း တုန်လှုပ်ခြင်း မွန်းကြပ်ခြင်းတို့ကို ခံစားရသည့်အပြင် သူ၏အသက်ရှူနှုန်းလည်း အနည်းငယ် မြန်ဆန်လာသည်။

"ဒါက... သတ်ဖြတ်မှုအပြစ်တွေကနေမွေးဖွားလာတဲ့ အတွင်းစိတ်နတ်ဆိုးပဲ..."

ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။

ကမ္ဘာတစ်ခု၏အရှင်သခင်အဖြစ် ကမ္ဘာတစ်ခုကို ဖန်တီးခြင်းသည် သူ့ကို မရေမတွက်နိုင်သော သက်ရှိများ၏ ဖရိုဖရဲရည်ရွယ်ချက်များနှင့် သက်ဆိုင်စေသည်။ သူ၏စိတ်ထဲသို့ ဝင်ရောက်လာသော အတွင်းစိတ်နတ်ဆိုးသည် ဆေးစွမ်းအားကြောင့် ဖြစ်ပေါ်လာခြင်းပင်။ ထိုအရာသည် သူ လူသတ်ဖြတ်ပြီးနောက် ဖြစ်ပေါ်လာသော တုံ့ပြန်မှုထက် အဆပေါင်း ဆယ်နှင့်ရာချီပြီး ပို၍ပြင်းထန်သည်။

သာမန်လူတစ်ယောက်သာဆိုလျှင် ဤကြောက်မက်ဖွယ် ခံစားချက်ကြောင့် နှလုံးကွဲကြေပြီး နေရာမှာတင် ကြောက်လန့်သေဆုံးသွားနိုင်သည်။ သို့ရာတွင် သူ့အတွက်မူ ဤသည်မှာ ပြဿနာတစ်ရပ် မဟုတ်ချေ။ အတွေးတစ်ချက်ဖြင့် သူ၏စိတ်သည် ရှေးဟောင်းရေတွင်းထဲမှ ကြည်လင်သော ရေကဲ့သို့ ချက်ချင်းတည်ငြိမ်သွားပြီး အပြင်ဘက်မှ မုန်တိုင်းနှင့်လှိုင်းလေများကို ဂရုမစိုက်ဘဲ မလှုပ် မယှက် ငြိမ်သက်နေပေ၏။

အချိန်တခဏအကြာတွင် သူ၏ရင်တုန်စေသော တုံ့ပြန်မှုများ ပျောက်ကွယ်သွားပြီး အမှောင်ထုများ ဖုံးလွှမ်းနေသော အခန်းကျဉ်းထဲတွင် ပိတ်လှောင်ခံထားရသကဲ့သို့ သို့မဟုတ် စွန့်ပစ်ခံထားရသော သရဲအိမ်တွင် တစ်ယောက်တည်း သရဲကား ကြည့်နေရသကဲ့သို့ တိတ်ဆိတ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

ပြင်းထန်သော ထိတ်လန့်ကြောက်ရွံ့မှုများက သူ၏နှလုံးသားပေါ်သို့ ဖြန့်ကျက်သွားပြီး သူ၏ရိုးတွင်းခြင်ဆီအထိလှိုက်အောင် အေးစိမ့်သွားစေသည်။

ဤသည်မှာ ဆေးလုံးကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားမှု အတက်အကျ ဖြစ်ကြောင်း သိရှိသဖြင့် ကျန်းရွှမ်သည် သူ၏ကောင်းကင်ဘုံကံကြမ္မာကို ထိန်းချုပ်ပြီး ညင်သာစွာ ဆွဲယူလိုက်သည်။

ဝုန်း.....

အပြာရောင်တိမ်တိုက်အရှင်၏ကံကြမ္မာမြစ်မှ မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများကို ထုတ်ယူလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ဗုဒ္ဓအလင်းရောင်သည် တောက်ပလာပြီး သူ၏စိတ်နှလုံးသားမှ မှိုင်းညို့မှုအားလုံးကို ချက်ချင်းဖယ်ရှားလိုက်သည်။

ထို့နောက် စိတ်တိုခြင်း တင်းမာခြင်း ကြောက်ရွံ့ခြင်း ဒေါသထွက်ခြင်းစသည့် စိတ်ခံစားချက်အမျိုးမျိုးက သူ့ကို အဆက်မပြတ် တိုက်ခိုက်နေပြီး အကြိမ်တိုင်းတွင် သူ၏နှလုံးသားကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ သို့ရာတွင် ပြင်းထန်သော တုန်ခါမှုပြီးဆုံးသွားချိန်တိုင်း ဆေးအာနိသင်များသည် နှလုံးသားထဲသို့ အနည်းငယ်စိမ့်ဝင်သွားပြီး ထိုအရာကို အားဖြည့်ပေးသည်။

ထိတ်လန့်ဖွယ် စိတ်ခံစားမှု အမျိုးအစားများကို ဆယ်ကြိမ်ကျော် ဆက်တိုက်ခံစားပြီးနောက် သူ၏ ပြင်းထန်စွာ ခုန်ပေါက်နေသော နှလုံးသားသည် တည်ငြိမ်ပြီး ပို၍သန်မာလာပေ၏။ သူ၏နှလုံးခုန်သံ တစ်ချက်ချင်းစီသည် ပို၍နှေးကွေးလာပြီး ပို၍အားကောင်းလာကာ စည်းချက်ကျလာသည်။

အချိန်တိုအတွင်း သူသည် သိသိသာသာ သန်မာအားကောင်းလာပြီး သူ၏သွေးလည်ပတ်မှု ပို၍လျှင်မြန်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းရွှမ်သည် သူ၏ခွန်အား နှစ်ဆနီးပါး တိုးလာသည်ကို ခံစားလိုက်ရပြီး သူသည် ပို၍တက်ကြွလန်းဆန်းလာကာ တုံ့ပြန်မှု ပို၍လျှင်မြန်လာသည်။

'ဆေးအာနိသင်က တော်တော် ပြင်းတာပဲ...'

ကျန်းရွှမ် အံ့အားသင့်သွားသည်။ ဤသည်မှာ ဆေးလုံးကိုးလုံးအနက်မှ တစ်လုံးတည်းသာ ရှိသေးပြီး လေးပုံတစ်ပုံအောက်ထက်ပင် လျော့နည်းပေ၏။ အကယ်၍ အပြည့်အဝ ဖော်စပ်ထားသော ဆေးလုံးသာ ဖြစ်နေပါက မည်မျှထိ အစွမ်းထက်မည်နည်း။

ထိုဆေးလုံးကို သောက်သုံးပြီးနောက် ထာဝရနှလုံးသားကို ရရှိစေရန် အခွင့်အလမ်းရှိသည်ဟု ဆိုကြခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ပေ။ ဤသည်မှာ အမှန်တကယ် ဖြစ်နိုင်ပုံရသည်။

မကြာမီမှာပင် ဆေးစွမ်းအားများအားလုံးကို သန့်စင်ပြီးသွားသွားသဖြင့် ကျန်းရွှမ်က လေပူတစ်ချက် မှုတ်ထုတ်ပြီး သူ၏ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။

"ဘယ်လိုနေလဲ..."

သူ အမှန်တကယ် အဆင်ပြေကြောင်း မြင်လိုက်ရသဖြင့် ကျန်းလီက သက်ပြင်းချလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

ကျန်းလီသာမက အိမ်ရှေ့စံမင်းသား အပါအဝင် နံဘေးပတ်ဝန်းကျင်ရှိ လူများအားလုံးကလည်း သူ မည်သည့်အရာအား ပြောဆိုမည်ကို ကြားလိုကြသည်။

"ဒီဆေးက..."

အစောပိုင်းက ခံစားချက်ကို ပြန်တွေးရင်း ကျန်းရွှမ်က စိတ်ကျေနပ်သောအသံဖြင့် မှတ်ချက်ချလိုက်သည်။

"အရသာ တော်တော်ပြင်းတာပဲ..."

လူအုပ်ကြီးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်ချင်းစီ၏ မျက်နှာတွင် နားမလည်သော အမူအယာများ ထင်ဟပ်လာသည်။

အထူးသဖြင့် ကျန်းလီသည် အချိန်တခဏကြာမျှ စကားမပြောနိုင် ဖြစ်သွားသည်။ ဤလူငယ်သည် တစ်ခေတ်တွင် တစ်ကြိမ်သာ ထွက်ပေါ်လာနိုင်သည့် ပြိုင်ဘက်ကင်းဆေးလုံးကို ဝိုင်အကောင်းစားတစ်မျိုးကဲ့သို့ သဘောထားနေသလော။

All Chapters