စည်တီးသံကဲ့သို့ ရင်ခုန်သံ
Vol. 36 Ch. 422
"မင်းကရော ဘယ်လိုလဲ..."
အကြီးအကဲကျန်းလီက ခုန်းရှီဘက်သို့ လှည့်ကြည့်လိုက်သည်။
ဤအချိန်တွင် ခုန်းရှီသည်လည်း ဆေးလုံး၏ အာနိသင်ကို အပြည့်အဝ စုပ်ယူထားပြီးဖြစ်သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ တလိမ့်လိမ့်လှုပ်ခတ်နေပြီး သူ၏ကျင့်ကြံဆင့်သည်လည်း လျင်မြန်စွာ မြင့်တက်လာကာ ကြယ်စင်မြစ်နယ်ပယ် အဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
"ဆေးအာနိသင်က အရမ်းပြင်းထန်တယ်လို့ ကျွန်တော်လည်း ခံစားရတယ်..."
ခုန်းရှီကလည်း သူ၏အတွေ့အကြုံကို ပြောပြသည်။
ဤလူနှစ်ဦး၏အကျင့်စရိုက်ကို အကြီးအကဲကျန်းလီက သိရှိထားပြီးဖြစ်သည်။ သူတို့သည် ဒဏ်ရာမရဘဲ စကားပြောနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ဆေးစမ်းသပ်မှု ရာနှုန်းပြည့် အောင်မြင်သည်ဟု ဆိုနိုင်ပေ၏။ အကြီးအကဲကျန်းလီနှင့်မင်းသားယွမ်ချင်းတို့ အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်သည်။
"ပြဿနာမရှိဘူးဆိုတော့ ဒုတိယမြောက်ဆေးလုံးကို စပြီးဖော်စပ်တော့မယ်..."
အကြီးအကဲကျန်းလီက စွမ်းအားပြန်လည်ဖြည့်တင်းသည့် ဆေးလုံးကို သောက်သုံးကာ အချိန်တခဏယူ၍ သူ၏အသက်ရှူနှုန်းကို ထိန်းညှိလိုက်၏။ ထို့နောက် သူသည် ဆေးဖက်ဝင်ပစ္စည်းများကို ထုတ်ယူကာ ဆေးမီးဖိုထဲသို့ ထပ်မံ၍ ပစ်ထည့်လိုက်သည်။
ဤတစ်ကြိမ်တွင် ဆေးဖက်ဝင်ပစ္စည်းများသည် ယခင်ထက်ပို၍ အဖိုးတန်ပုံရသည်။
‘ယန္တရားတစ်ထောင်ဆန်းကြယ်သံသစ်သား....သွေးဖီးနစ်နိဗ္ဗာန်သစ်သီး....လေဟာနယ်အမှောင်မြက်.....ရှစ်မျက်နှာ နဂါးဆင်အသီး...’
အကြီးအကဲကျန်းလီက တန်ဖိုးအလွန်ကြီးမားပြီး ငွေမည်မျှပေးပေး ဝယ်ယူ၍မရနိုင်သော ဆေးဖက်ဝင်ပစ္စည်းအမျိုးမျိုးကို ဆေးမီးဖိုထဲသို့ တစ်ခုပြီးတစ်ခု ထည့်လိုက်သည်။ ကံကြမ္မာမြစ်ရေ လှုပ်ခတ်သွားမှုနှင့်အတူ ဆယ့်ငါးမိနစ်ခန့်အကြာတွင် နောက်ထပ်ဆေးလုံးတစ်လုံး ပျံသန်းထွက်ပေါ်လာသည်။
ဤဆေးလုံးတွင် ပို၍သိပ်သည်းကြွယ်ဝသော ဆေးအာနိသင်များ ပါဝင်နေသည်မှာ သိသာထင်ရှားလှ၏။ ထိုဆေးလုံး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကံကြမ္မာမြစ်အတွင်း၌ နေဝင်ဆည်းဆာချိန်ကဲ့သို့ အနီရောင် အလင်းတန်းများ တောက်ပနေသည်။ ထိုအရာသည် မျက်စိကျိန်းလောက်အောင် မတောက်ပသော်လည်း ပုံရိပ်ယောင်လေဟာနယ်တစ်ခုလုံးကို လွှမ်းမိုးထားနိုင်သကဲ့သို့ ဖိအားမျိုးကို ထုတ်လွှတ်ထားသည်။
သူသည် ဆေးလုံး၏အပိုင်းအစတစ်ခုကို ဖြတ်တောက်လိုက်ပြီး နှစ်ပိုင်းခွဲကာ ကျန်းရွှမ်နှင့်ခုန်းရှီကို သောက်သုံးဆေသည်။
ဆေးလုံးသည် လည်ချောင်းထဲသို့ ဝင်ရောက်သွားသည်နှင့် တပြိုင်နက် ကျန်းရွှမ်သည် သူ၏ စိတ်ဆန္ဒများကို မီးလောင်ကျွမ်းသွားသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးလာပြီး စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်းတစ်ခုနှင့် ကြုံတွေ့လိုက်ရသည့်အလား သူ၏နှလုံးခုန်နှုန်းများ လျှင်မြန်လာသည်။
တခြားလူများဆိုလျှင် ဤကဲ့သို့ စွမ်းအားမျိုးကို တောင့်ခံနိုင်ရန် ခက်ခဲပေလိမ့်မည်။ ခုန်းရှီပင်လျှင် မျက်မှောင်ကြုတ်နေပြီး သူ၏နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသည်။ သို့ရာတွင် ကျန်းရွှမ်၏ အဓိကကျင့်ကြံခြင်းသည် ကောင်းကင်ဘုံသောကကံကြမ္မာပင်။ သူ၏အတွေးတစ်ချက်ဖြင့် သောကပိုးချည်အမြောက်အများ ထွက်ပေါ်လာပြီး ဆေးအာနိသင်များကို လွှမ်းခြုံလိုက်၏။
သူသည် ဆေးအာနိသင်ကို ထိန်းချုပ်လိုက်နိုင်သဖြင့် ယခင်ကကဲ့သို့ ရိုင်းစိုင်းခြင်း မရှိတော့ချေ။ ထိုဆေးအာနိသင်သည် သူ၏နှလုံးသားထဲသို့ ဖြည်းညှင်းစွာ စီးဝင်သွားပြီး သူ၏ရင်တလှပ်လှပ်ဖြစ်နေမှုကို ငြိမ်သက်သွားစေသည်။ သူ ဂရုတစိုက် အာရုံခံကြည့်လိုက်သောအခါ သူ၏နှလုံးသား ပို၍သန်မာအားကောင်းလာကြောင်း တွေ့ရှိလိုက်ရသည်။ သူ နှလုံးခုန်လိုက်သည့်အချိန်တိုင်း မလိုလားအပ်သော စိတ်ဆန္ဒများကို လွယ်လင့်တကူ မောင်းထုတ်နိုင်သည်။
ကျန်းရွှမ်၏မျက်လုံးများတွင် တည်ကြည်လေးနက်စွာ တွေးတောနေသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
ဆေးတစ်လုံးကို စားသုံးလိုက်ရုံဖြင့် သူ၏နှလုံးသားရှိ ချို့ယွင်းချက်များကို ပြုပြင်နိုင်ပြီး ကြောက်ရွံ့မှုများနှင့်တပ်မက်မှုကဲ့သို့သော ခံစားချက်အမျိုးမျိုးကို ဖယ်ရှားပေးနိုင်သည်။ အကြီးအကဲကျန်း ဖော်စပ်လိုက်သော ဆေးလုံးသည် အမှန်တကယ်ကို သာလွန်ထူးကဲပေ၏။
'ဒါပေမဲ့... သူတို့ရဲ့စမ်းသပ်မှုအတွက် ဒီလောက်ထိ တန်ဖိုးကြီးတဲ့ ဆေးဝါးတွေကို သုံးနေတာက ဖြုန်းတီးရာ မရောက်လွန်းဘူးလား...'
သူ ထိုသို့ တွေးတောနေစဉ်မှာပင် တိုးညှင်းသော ညည်းညူသံတစ်သံကို ကြားလိုက်ရသည်။ သူ လှည့်ကြည့်လိုက်ရာ ခုန်းရှီ၏ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျနေသည်ကို မြင်တွေ့လိုက်ရသည်။
အကြီးအကဲကျန်းလီက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။
"ဒါက... ကောင်းကင်ကံကြမ္မာတွေရဲ့ တန်ပြန်သက်ရောက်မှုလား..."
ဤလူသည် ကောင်းကင်ကံကြမ္မာစွမ်းအားဖြင့် ဆေးအာနိသင်များကို ဖိနှိပ်ရန် ကြိုးစားလိုက်ခြင်းပင်။ သို့ရာတွင် ရလဒ်အနေဖြင့် ဆေးအာနိသင်များ ပို၍ဆူပွက်လာပြီး ထိုစွမ်းအားနှစ်ရပ်ကြားတွင် ပဋိပက္ခများ ဖြစ်ပွားလာခဲ့သည်။
ဤကဲ့သို့ အခြေအနေမျိုးကို တခြားလူများ တွေ့မြင်နိုင်မည်မဟုတ်သော်လည်း ကျန်းလီသည် အသက်ပင်လယ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးဖြစ်သဖြင့် တစ်ချက်ကြည့်ရုံဖြင့် တစ်စုံတစ်ခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်သည်။
သို့ရာတွင် ပုံမှန်အားဖြင့် ကောင်းကင်ကံကြမ္မာစွမ်းအားများ၏ တန်ပြန်သက်ရောက်မှုသည် ဒဏ်ရာအပြင်းအထန်ရရှိခြင်း သို့မဟုတ် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။ ယခုတွင်မူ ခုန်းရှီသည် သွေးအနည်းငယ် အန်ထုတ်လိုက်ရုံဖြင့် ပြီးဆုံးသွားခဲ့လေ၏။ ထိုကြောင့် သူ အမြင်မှားသွားသလောဟု သံသယဝင်မိသဖြင့် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်သည်။
"အမှန်ပဲ..."
ခုန်းရှီက ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ ကျွန်တော်က အဲ့ဒါကို ဖိနှိပ်ထားလိုက်နိုင်ပါပြီ.....ဆက်လုပ်လို့ ရပါတယ်..."
ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာသည် စည်းမျဉ်းနှင့်စနစ်တကျရှိမှုကို ကိုယ်စားပြုသော်လည်း စိတ်ဆန္ဒဆိုသည်မှာ အလွန်အမင်း ထင်ရာစိုင်းတတ်သော အရာတစ်ခုပင်။ ထိုအရာနှစ်ခုသည် သဘောသဘာဝအရ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်သဖြင့် ထိတွေ့လိုက်သည်နှင့် ပြင်းထန်သောတွန်းကန်မှုကို ချက်ချင်းဖြစ်ပေါ်စေသည်။ ကံကောင်းထောက်မစွာဖြင့် ကမ္ဘာတစ်ခု၏အရှင်သခင်ဖြစ်သော သူ့အနေဖြင့် ထိုအရာကို လွယ်လင့်တကူ ဖိနှိပ်နိုင်ခဲ့သည်။ ထိုသို့မဟုတ်ပါက စွမ်းအားနှစ်ရပ်၏ပဋိပက္ခကြောင့် သူ ထိခိုက်သွားနိုင်ပြီး သေဆုံးခြင်းမရှိလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။
"ဖိနှိပ်ထားတာက အသုံးမဝင်ဘူး.... ဆေးအာနိသင်တွေ အကျိုးရှိဖို့ဆိုရင် စုပ်ယူပြီး နှလုံးသားထဲကို ပေါင်းစပ်သွားအောင် လုပ်ရမယ်...အဲ့ဒီလိုမှသာ အောင်မြင်တဲ့ ဆေးစမ်းသပ်မှုလို့ သတ်မှတ်လို့ရနိုင်တယ်..."
အကြီးအကဲကျန်းလီက သူ၏လက်ချောင်းကို ညွှန်ပြလိုက်ရာ ပါးလွှာသောအလင်းတန်းတစ်တန်းက ခုန်းရှီ၏သွေးကြောပေါ်သို့ ကျရောက်သွားသည်။ အချိန်တခဏအကြာတွင် သူ ခေါင်းခါယမ်းလိုက်၏။
ဆေးစမ်းသပ်ခြင်းဆိုသည်မှာ သဘာဝကျကျ ပြောဆိုရလျှင် ရလဒ်ကို စောင့်ကြည့်နိုင်ရန်အတွက် အပြည့်အဝ ချေဖျက်ရမည်ဖြစ်ပြီး ခွန်အားသက်သက်ဖြင့် ဖိနှိပ်ထား၍ မရချေ။ ထိုသို့မဟုတ်ပါက သူတို့သည် ဆေးစမ်းသပ်ခံရန်အတွက် စွမ်းအားကြီးသောလူတစ်ယောက်လောက်ကို ရှာဖွေရုံဖြင့် ရရှိသွားပေမည်။
"ထားလိုက်ပါတော့... မင်း အနားယူလိုက်တော့...ကျန်တဲ့ စမ်းသပ်မှုတွေကို ကျန်းရွှမ်ချင်းနဲ့ပဲ ဆက်လုပ်တော့မယ်..."
အတိုချုပ်ရှင်းပြပြီးနောက် အကြီးအကဲကျန်းလီက လက်ကာပြလိုက်သည်။
"အကြီးအကဲကျန်း... ကျွန်တော် ဆက်လုပ်နိုင်ပါသေးတယ်..."
ခုန်းရှီ၏မျက်နှာပေါ်တွင် စိတ်အားထက်သန်မှုများ ထင်ဟပ်လာသည်။ ဤသည်မှာ ထာဝရနှလုံးသားကို ဖန်တီးနိုင်မယ့် အခွင့်အရေးဖြစ်သဖြင့် မည်သူမှ လက်လွှတ်မခံလိုကြချေ။
"ဒီဆေးလုံးမှာ ပြဿနာ တစ်ခုလေးတောင် ရှိလို့မဖြစ်ဘူး.....အမှားအယွင်း နည်းနည်းလောက် ရှိသွားတာနဲ့ ဆေးဖော်စပ်မှုရလဒ်တွေ မပြည့်စုံတာမျိုး ဖြစ်သွားနိုင်တယ်..."
အကြီးအကဲကျန်းလီက လက်ကာပြလိုက်ပြီး ကျန်းရွှမ်အား တိကျသော ခံစားချက်တချို့ကို မေးမြန်းလိုက်သည်။ ထို့နောက် သူသည် ဆေးဖက်ဝင်ပစ္စည်းများကို ထပ်မံ၍ထုတ်ယူကာ တတိယမြောက်ဆေးလုံးကို ဆက်လက်၍ သန့်စင်လေသည်။
ရှစ်ကြိမ်ဆက်တိုက် သန့်စင်ပြီးနောက် အကြီးအကဲကျန်းလီ၏ မျက်နှာသည် အားအင်ကုန်ခမ်းသွားသကဲ့သို့ ဖြူဖျော့သွားပြီး သူ၏ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ရီနေသည်။ သို့ရာတွင် သူ၏မျက်လုံးများတွင်မူ ပြင်းပြသော စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသည်။
ကျန်းရွှမ်သည် ဆေးလုံးရှစ်လုံး သောက်သုံးပြီးနောက် သူ၏ နှလုံးသားသည် ကံကြမ္မာမီးတောက်ဖြင့် လောင်ကျွမ်းခြင်း အကြောင်းအကျိုးဆက်စပ်မှုများ၏ ရစ်ပတ်ခြင်း ကံကြမ္မာမြစ်ရေ၏ ကျူးကျော်ဝင်ရောက်ခြင်းနှင့် တခြားသော စမ်းသပ်မှုများစွာကို ခံနိုင်ရည်ရှိခဲ့သည်။ သူ၏နှလုံးသားသည် ယခင် အနီရောင်မှ ရွှေရောင်သို့ ပြောင်းလဲသွားပြီး သူ၏ရင်ဘတ်ထဲတွင် စည်တီးနေသကဲ့သို့ ခုန်ပေါက်နေသည်။
ကိုးလုံးမြောက်ဆေးလုံးကို မသောက်ရသေးသော်လည်း သူ၏နှလုံးသားသည် ယခင်ကထက် အဆများစွာ ပို၍သန်မာလာပြီး ကမ္ဘာငယ်လေးတစ်ခုအလားပင်။ သူ၏နှလုံးသား တစ်ချက်ခုန်လိုက်တိုင်း မရေမတွက်နိုင်သော ရင်းမြစ်စွမ်းအင်များကို သန့်စင်ပေးနေပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရွှမ်ကမ္ဘာကို ပို၍တည်ငြိမ်စေသည်။
ဤဆေးလုံးများ၏ အကူအညီဖြင့် ထာဝရနှလုံးသားကို ရရှိနိုင်မည် ဟုတ်မဟုတ်ကို သူ ယခင်က သံသယရှိခဲ့လျှင်ပင် ယခုချိန်၌ သူ့ထံတွင် သံသယများ လုံးလုံးလျားလျား မရှိတော့ချေ။
ဤသည်မှာ အမှန်တကယ်ကို ဖြစ်လာနိုင်ပေ၏။
အကယ်၍ ထိုကိစ္စ မအောင်မြင်လျှင်ပင် သူ၏ယခုလက်ရှိနှလုံးသားဖြင့် သူ အသက်ပင်လယ်နယ်ပယ်သို့ လျင်မြန်စွာ တက်လှမ်းနိုင်မည်ဖြစ်ရာ ဤသည်မှာ ကြီးမားသော အကျိုးကျေးဇူးတစ်ခုပင်။
"မင်း ဘယ်လို ခံစားရလဲ..."
သူ စဥ်းစားတွေးတောနေစဉ်မှာပင် အကြီးအကဲကျန်းလီက သူ့ကိုကြည့်ပြီး မေးမြန်းလိုက်၏။
"ကျွန်တော့်ရဲ့နှလုံးသားက စည်တီးသလို ခုန်နေတယ်...နှလုံးတစ်ချက်ခုန်လိုက်တိုင်း ကျွန်တော့်ရဲ့စွမ်းအားက အဆပေါင်းများစွာ တိုးလာတယ်..."
ကျန်းရွှမ်က သူ၏ ခံစားချက်ကို မျှဝေလိုက်သည်။
ယခင်က သူသည် နှင်းနတ်ဆိုးအရှင်၏ အနှစ်သာရအမြူတေကို သန့်စင်ပြီးသည့်တိုင် ထိုအရာ၏ လွှမ်းမိုးချုပ်ကိုင်ထားသော စွမ်းအားကြောင့် အသုံးမပြုနိုင်ခဲ့ပေ။ သို့ရာတွင် ယခုချိန်၌ သူ၏နှလုံးသား ပြောင်းလဲသွားပြီဖြစ်ရာ ထိုစွမ်းအားများကို အသုံးပြုနိုင်လောက်သည်။
"အရမ်းကောင်းတယ်.... ဒါဆိုရင် ဆေးသန့်စင်မှုမှာ ဘာမှားယွင်းမှုမှ မရှိဘူးဆိုတဲ့ သဘောပဲ.... အခု နောက်ဆုံးအဆင့်ပဲ ကျန်တော့တယ်... အောင်မြင်သွားတာနဲ့ ပြိုင်ဘက်ကင်းနတ်ဘုရားဆေးလုံးကို ဖော်စပ်နိုင်ပြီးတော့ ထာဝရနှလုံးသားကို ဖန်တီးနိုင်လိမ့်မယ်..."
အကြီးအကဲကျန်းလီ၏မျက်နှာတွင် ကျန်းမာရေးနှင့် မညီညွတ်သော နီမြန်းမှုမျိုး ထင်ဟပ်နေပြီး အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
"ဒါပေမဲ့... နောက်ဆုံး ဆေးလုံးအတွက် လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်းက လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားတဲ့အရာ ဖြစ်ရမယ်....အသက်ဆယ်ရှိုက်စာအချိန်ထက် ကျော်လွန်သွားရင် အပြာရောင်မီးခိုးငွေ့တွေအဖြစ် ပြောင်းလဲသွားပြီးတော့ ကောင်းကင်နဲ့ မြေပြင်ကြားမှာ ပျောက်ကွယ်သွားလိမ့်မယ်... ဒါကြောင့်... ငါတို့က အဲ့ဒီဆေးဖက်ဝင်ပစ္စည်းကို အရင်ရှာပြီးတော့ ဆေးဖော်စပ်နေတုန်းမှာ ခူးဆွတ်ထည့်သွင်းဖို့ လိုတယ်..."
"အဲ့ဒီလိုမျိုး ထူးဆန်းတဲ့ ဆေးဖက်ဝင်ပစ္စည်း ရှိနေတာလား..."
ကျန်းရွှမ် အံ့အားသင့်သွားသည်။
"ဒီဆေးပင်ကို အဝါရောင်စမ်းချောင်း လမ်းညွှန်ပန်းလို့ ခေါ်တယ်...ဒါက အဝါရောင်စမ်းချောင်းမှာ ပေါက်ရောက်ပြီးတော့ နှစ်တစ်ထောင်မှ တစ်ခါ အပင်ပေါက်တယ်...နှစ်တစ်ထောင်မှ အရွက်ထွက်ပြီး နှစ်တစ်ထောင်မှ တစ်ခါ ပွင့်တယ်....ပွင့်ပြီးတာနဲ့ မခူးဆွတ်ရင် သုံးရက်အတွင်း ညှိုးနွမ်းသွားပြီးတော့ နောက်ထပ်နှစ်သုံးထောင် စက်ဝန်းရောက်မှ ပြန်ပေါက်လိမ့်မယ်..."
အကြီးအကဲကျန်းလီက ရှင်းပြသည်။
"ဒီဆေးပင်ရှိတဲ့နေရာကို ငါ သိတယ်...ဒီဆေးလုံးကို အောင်မြင်အောင် ဖော်စပ်ဖို့ဆိုရင် ငါတို့ အတူတူသွားမှရမယ်..."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
သူ့အတွက် ထာဝရနှလုံးသားကို ရရှိနိုင်မည့် အခွင့်အရေးသည် အခြားမည်သည့် အားဖြည့်ဆေးများထက်မဆို ပို၍အရေးကြီးသည်။ ဤအခွင့်အရေးကို သူ သေချာပေါက် လက်လွှတ်မခံနိုင်ချေ။
"ဒါဆိုရင် အချိန်ဖြုန်းနေလို့ မဖြစ်ဘူး.... အခုချက်ချင်း ထွက်ခွာကြစို့..."
မင်းသားယွမ်ချင်းက သူ၏လက်ကို နောက်ပစ်ထားရင်း ဂရုမစိုက်သည့်လေသံဖြင့် ပြောဆိုလိုက်၏။
အကြီးအကဲကျန်းလီသည် အကြီးအကဲယောင်ယွင်နှင့် တခြားသူများကို ပြင်ဆင်ထားရန် အမိန့်ပေးလိုက်စဥ်မှာပင် အကြီးအကဲတစ်ဦး အလျင်အမြန် ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
"ဆရာ... အပြင်မှာ ပုံစံငါးမျိုး သူတော်စင်အရှင်တွေ ရောက်လာပြီးတော့ ဆရာ့ကို တွေ့ခွင့်တောင်းနေပါတယ်..."
"ပုံစံငါးမျိုးသူတော်စင်အရှင်တွေ... ဟုတ်လား..."
အကြီးအကဲကျန်းလီက မျက်မှောင်ကြုတ်လိုက်သည်။
"သူတို့က ဒီနေရာကို ဘာလာလုပ်ကြတာလဲ....သူတို့ကို ဝင်လာခိုင်းလိုက်..."