← Chapters

စိတ်ဝိညာဥ်ဖမ်းဆုပ်ခြင်းဆေးလုံး

Vol. 36 Ch. 423

စိတ်ဝိညာဥ်ဖမ်းဆုပ်ခြင်းဆေးလုံး

Vol. 36 Ch. 423

ထိုအကြီးအကဲ ထွက်ခွာသွားပြီးနောက် မကြာမီမှာပင် အရပ်အမောင်း မတူညီသော လူငါးယောက် ဝင်ရောက်လာသည်။

သူတို့သည် ယခင်က ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို ရှာဖွေရာတွင် ကူညီပေးရန် အပြာရောင်တိမ်တိုက်အရှင်၏နေအိမ်သို့ သွားရောက်လည်ပတ်ခဲ့သော ရှောက်မင်တို့လူစုပင်။

"အိမ်ရှေ့စံမင်းသားနဲ့ အကြီးအကဲကျန်းကို အရိုအသေပြုပါတယ်..."

အခန်းထဲသို့ ဝင်ရောက်လာသည်နှင့် ထိုလူငါးဦးက ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

"ယဉ်ကျေးနေဖို့ မလိုပါဘူး..."

မင်းသားယွမ်ချင်းက လက်ကာပြလိုက်ပြီးနောက် အကြီးအကဲကျန်းလီဘက်သို့ လှည့်ကြည့်လိုက်၏။

"အကြီးအကဲကျန်း... ပုံစံငါးမျိုးသူတော်စင်အရှင်တွေက ခင်ဗျားနဲ့ကိစ္စရှိတယ်ဆိုတော့ ကျွန်တော်တို့က အပြင်မှာ စောင့်နေပေးပါ့မယ်..."

"မင်းသား ခဏစောင့်ပါအုံး.....ကျွန်တော်တို့က အကြီးအကဲကျန်းကို လာတွေ့တာ ဆိုပေမဲ့ တကယ်တမ်းကျတော့ မင်းသားကို လာရှာတာပါ..."

ရှောက်မင်က အလျင်စလို ပြောဆိုသည်။

ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို ဆက်ခံသူများအနေဖြင့် ထျန်းလီအင်ပါယာအတွင်းရှိ နေရာအချို့သည် သူတို့၏ စည်းမျဉ်းသတ်မှတ်မှုနှင့် စံသတ်မှတ်မှုများ လိုအပ်သည်။ ထိုကြောင့် သူတို့သည် အိမ်ရှေ့စံမင်းသားနှင့် သိကျွမ်းပြီးသား ဖြစ်ကာ အတော်အသင့် ခင်မင်ရင်းနှီးသည်ဟုပင် ဆိုနိုင်ပေ၏။

"အမ်...ငါ့ကိုလား..."

မင်းသားယွမ်ချင်းက စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

ရှောက်မင်က တွေဝေတုံ့ဆိုင်းမနေဘဲ သူ၏ အတွေးများကို ပြောပြလိုက်သည်။

"ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို ဆက်ခံသူ ထွက်ပေါ်လာတယ်လို့ ကြားခဲ့တာကြောင့် ကျွန်တော်တို့က အကျိုးအကြောင်းကံကြမ္မာကနေတဆင့် ရှာဖွေပေးဖို့ အပြာရောင်တိမ်တိုက်အရှင်ကို အကူအညီ တောင်းခံခဲ့ပါတယ်.....သူက အပေးအယူတစ်ခုကို တောင်းဆိုခဲ့တယ်....ဒါက နတ်ဆိုးမျိုးနွယ်စုရဲ့လက်ကျန်တွေကို ရှင်းလင်းဖို့အတွက် မြို့တော်အတွင်းမှာ နတ်ဆိုးစွမ်းအင်တွေ ရှိနေတဲ့ နေရာတွေကို စုံစမ်းပေးဖို့ပါ... ထျန်းလီမြို့တော်က ကျယ်ဝန်းပြီးတော့ လူဦးရေ သန်းရာနဲ့ချီပြီး ရှိနေတယ်.... စစ်ဆေးခွင့် ပိတ်ပင်ထားတဲ့ နေရာတွေလည်း အများကြီး ရှိနေတာကြောင့် ကျွန်တော်တို့ မောင်နှမငါးယောက်တည်းနဲ့ ဒါကို လုံးဝမလုပ်နိုင်ပါဘူး..... ဒါကြောင့် မင်းသားဆီက အကူအညီ တောင်းခံဖို့ စဉ်းစားခဲ့တာပါ.... ခုဏက ကျွန်တော်တို့က အိမ်ရှေ့စံနန်းတော်ကို သွားတော့ မင်းသား ဒီမှာရှိနေတယ်လို့ ကြားတာနဲ့ ခွင့်မတောင်းဘဲ လာခဲ့မိပါတယ်..."

"ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူကို ဧကရာဇ်မင်းမြတ်လည်း ရှာဖွေနေတာပဲ.... အပြာရောင်တိမ်တိုက်အရှင်က အကျိုးအကြောင်းကံကြမ္မာကို အသုံးပြုပြီး ရှာဖွေပေးနိုင်မယ်ဆိုရင် တကယ့်ကို အကျိုးရှိမှာပဲ..."

မင်းသားယွမ်ချင်းက ခေါင်းညိတ်လိုက်ပြီး နေရာတစ်နေရာသို့ လှည့်ကြည့်လိုက်သည်။

"အရိပ်... ဗိုလ်ချုပ်ရန်ကို ဆင့်ခေါ်လိုက်စမ်း..."

"ဟုတ်ကဲ့..."

အမှောင်ထုထဲမှ အသံတစ်သံ ပြန်ဖြေလိုက်ပြီး ရုတ်တရက် ပုံရိပ်တစ်ခု ဘွားခနဲ ပေါ်လာကာ အခန်းထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

ကျန်းရွှမ်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ သူသည် အလွန်သတိကြီးစွာထားခဲ့သော်လည်း ဤနေရာ၌ လူတစ်ယောက် ပုန်းအောင်းနေသည်ကို လုံးလုံးလျားလျား သတိမထားမိခဲ့ချေ။

သူသည် ခုန်းရှီဘက်သို့ လှည့်ကြည့်လိုက်ရာ တည်ကြည်လေးနက်သော မျက်နှာအမူအယာ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

"ဒီအရိပ်ရဲ့ခွန်အားက အသက်ပင်လယ်နယ်ပယ် အထွတ်အထိပ်ကို ရောက်နေလောက်ပြီလို့ ငါ ထင်တယ်..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

သူသည် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာရန်အတွက် ကမ္ဘာသစ်၏စွမ်းအားကို သူ မသုံးခဲ့ချေ။ သို့ရာတွင် သူ့ကဲ့သို့ ကမ္ဘာတစ်ခု၏အရှင်သခင်ကို လှည့်စားနိုင်သဖြင့် တစ်ဖက်လူ၏ခွန်အားက သေချာပေါက် ထူးကဲသာလွန်ပြီး အနည်းဆုံးအနေဖြင့် သူ၏လက်ရှိ ကျင့်ကြံဆင့်ထက် ကျော်လွန်နေမည်မှာ သေချာပေါက်ပင်။

မကြာမီမှာပင် အရိပ် ပြန်ရောက်လာပြီး အရှိန်အဝါတစ်ရပ် လှုပ်ခတ်သွားခြင်းနှင့်အတူ အခန်းထဲတွင် လူတစ်ယောက် ထွက်ပေါ်လာသည်။ သူသည် မင်းသားယွမ်ချင်းကို မြင်တွေ့ချိန်၌ ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်၏။

"လက်အောက်ငယ်သား ရန်ချူးယောင်က မင်းသားကို အရိုအသေပြုပါတယ်..."

ထိုလူသည် အရပ်ရှည်သော အမျိုးသမီးတစ်ဦး ဖြစ်ပြီး မို့မောက်သောရင်နှင့် စွန့်ကားသောတင်တို့ရှိကာ ပြီးပြည့်စုံသော 'S'ပုံသဏ္ဍာန် ခန္ဓာကိုယ်အချိုးအစား ရှိသည်။ သူမ၏မျက်ခုံးနှစ်ခုကြားရှိ အနီရောင်မှဲ့လေးတစ်ခုက ဆွဲဆောင်မှုတစ်မျိုး ပေါင်းစပ်ပေးထားသည်။

သို့ရာတွင် သူမသည် အသက်အနည်းငယ်ကြီးပြီး အသက် ၃၆ ၃၇ ဝန်းကျင်ခန့် ရှိပုံရသည်။ အဝေးမှ ကြည့်လျှင် မိန်းမပျိုလေးတစ်ဦး၏ ရိုကျိုးမှုနှင့် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ အနှစ်သာရတို့ ပေါင်းစပ်ထားသည့်အလားပင်။

"အင်း... ပုံစံငါးမျိုး သူတော်စင်အရှင်တွေကလည်း ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူကို ရှာနေကြတာ...မင်းတို့နှစ်ဖွဲ့ ဆုံသွားတာ အတော်ပဲ..."

မင်းသားယွမ်ချင်းကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒါက..."

ရှောက်မင် ကြက်သေသေသွားသည်။

အစပထမတွင် သူတို့သည် ဆက်ခံသူကို ရှာဖွေပြီး ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို စွန့်လွှတ်အောင် ဖိအားပေးရန်အတွက် အိမ်ရှေ့စံမင်းသား၏အခွင့်အာဏာကို အသုံးပြုရန် ရည်ရွယ်ထားခဲ့ခြင်းပင်။ သို့ရာတွင် အိမ်ရှေ့စံမင်းသားသည် ကြားဝင်စွက်ဖက်လာပြီး ရန်ချူးယောင်ကို အကူအညီပေးရန် တာဝန်ပေးမည်ဟု သူတို့ မျှော်လင့်မထားမိချေ။

သူ နောက်သို့လှည့်ကြည့်လိုက်ရာ အခမ်းအနားထုံးတမ်းကို ပိုင်ဆိုင်ထားသည့် ခြေဗလာနှင့် အမျိုးသမီးက နားလည်သဘောပေါက်သွားသည်။ သူမသည် ရှေ့သို့ တိုးလာပြီး သူမ၏လက်ကိုပူးဆုပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်၏။

"မင်းသား... ကျွန်မမှာ တင်ပြစရာ ကိစ္စတစ်ခု ရှိပါတယ်..."

မင်းသားယွမ်ချင်းက ပြောဆိုသည်။

"ပြောပါ..."

ခြေဗလာနှင့် အမျိုးသမီးက နူးညံညင်သာစွာ ပြုံးပြီး ခေါင်းညိတ်လိုက်၏။

"ထျန်းလီအင်ပါယာမှာ နှစ်တွေအများကြီးကြာတဲ့အထိ ကျင့်ဝတ်ထုံးတမ်း ဈာပန ထုံးတမ်း စစ်ရေး ထုံးတမ်း ယဉ်ကျေးသိမ်မွေ့မှုထုံးတမ်းနဲ့ အခမ်းအနားထုံးတမ်းတွေအားလုံးကို ကျွန်မတို့ မောင်နှမငါးယောက်က စီမံခန့်ခွဲလာခဲ့တာပါ.... ရေရှည် ပူးပေါင်းဆောင်ရွက်မှုကြောင့် တစ်ဖက်နဲ့တစ်ဖက် ရင်းနှီးကျွမ်းဝင်နေပါပြီ...လူအပြောင်းအလဲ ရုတ်တရက် လုပ်လိုက်ရင်... အင်ပါယာအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်ရတယ်....အဲ့ဒါကို ဧကရာဇ်မင်းမြတ်ကလည်း မြင်ချင်မှာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်..."

မင်းသားယွမ်ချင်း၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့နေသည်။

"သူတော်စင်အရှင်မမှာ အကြံပြုချက် ရှိနေလို့လား..."

အခမ်းအနားထုံးတမ်း သူတော်စင်မဖြစ်သော ဝမ်ယင်က အပြုံးနှင့် ပြောဆိုသည်။

"ဒါက ရိုးရှင်းပါတယ်.... ကျွန်မတို့မောင်နှမတွေက ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို ဆက်ခံပြီးတော့ ထုံးတမ်းစဉ်လာ မဟာတာအိုကို အပြည့်အဝ ထိန်းချုပ်ချင်ပါတယ်...အရှင်မင်းသားက သနားကရုဏာကို ပြသပေးဖို့ မျှော်လင့်ပါတယ်... မင်းသားက သဘောတူပေးရုံပါပဲ....ပြီးရင် ကျွန်မတို့ ငါးယောက်က မင်းသားရဲ့ အမိန့်ကို အမြဲတမ်းလိုက်နာပါ့မယ်..."

မင်းသားယွမ်ချင်းက ဂရုမစိုက်သည့်လေသံဖြင့် တုံ့ပြန်အဖြေပေးသည်။

"အဲ့ဒီ ဆက်ခံသူဆီကနေ ကောင်းကင်ကံကြမ္မာ အမွေအနှစ်ကို မင်းတို့က လုယူဖို့ စီစဉ်နေတာလား..."

ဝမ်ယင်က ခေါင်းညိတ်လိုက်သည်။

"ကျွန်မတို့က ရှုပ်ထွေးတာတွေ သိပ်မဖြစ်ချင်လို့ပါ.....တကယ်လို့ သူက ကောင်းကင်ကံကြမ္မာကို အပြည့်အဝ ဆက်ခံလိုက်ပြီးတော့ အရင်တုန်းက ကျိုးကျီလိုမျိုး တော်ဝင်အမိန့်အာဏာကို မနာခံဘဲနေရင် ပြဿနာတွေ ဖြစ်မလာနိုင်ဘူးလား..."

"ဒါက အတော်လေး အကြောင်းပြချက် ခိုင်လုံသားပဲ..."

မင်းသားယွမ်ချင်းက ခေါင်းညိတ်လိုက်ပြီး ရန်ချူးယောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"မင်း ကြားတဲ့အတိုင်းပဲ....ဒီဆက်ခံသူကို လိုက်ရှာတော့.... တကယ်လို့ သူက နာခံတတ်ရင် ကိစ္စမရှိဘူး....တကယ်လို့ သူ့မှာ နာခံမှုမရှိရင် ပုံစံငါးမျိုးသူတော်စင်အရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်လိုက်တော့..."

"ဟုတ်ကဲ့..."

ရန်ချူးယောင်က ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းသား..."

တစ်ဖက်လူသည် စကားပြောဆိုရသည်မှာ ဤမျှထိ လွယ်ကူလိမ့်မည်ဟု သူတို့ တွေးထင်မထားခဲ့ပေ။ ယခုချိန်၌ သူတို့ တောင်းဆိုလိုက်ရုံဖြင့် မင်းသားယွမ်ချင်းက ချက်ချင်းသဘောတူညီလိုက်သည်။ ရှောက်မင်တို့လူစုသည် ချက်ချင်း စိတ်လှုပ်ရှားသွားကြပြီး သူတို့၏မျက်လုံးများ တောက်ပလာကာ တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

"မင်းသားက သဘောတူပြီဆိုတော့ အချိန်ဆွဲနေလို့ မဖြစ်ဘူး... အကြီးအကဲရန်... ကျွန်မတို့ လူသွားရှာကြရအောင်..."

ဝမ်ယင်က တိုက်တွန်းလိုက်သည်။

သူတို့အားလုံး တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြပြီး ရန်ချူးယောင်ကို ခေါ်ကာ အခန်းထဲမှ ထွက်ခွာသွားရန် ဟန်ပြင်လိုက်ကြသည်။ သို့ရာတွင် သူတို့ အဝေးသို့ မရောက်သေးမီမှာပင် မင်းသားယွမ်ချင်း၏အသံ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"မင်းတို့ တစ်ခုခုကို မေ့မသွားဘူးလား..."

"မေ့သွားတယ်.... ဟုတ်လား..."

ရှောက်မင်တို့လူစုသည် နောက်သို့ပြန်လှည့်ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

မင်းသားယွမ်ချင်းသည် လက်ကိုနောက်ပစ်ထားပြီး မတ်တတ်ရပ်ကာ သူတို့ကို တည်ငြိမ်စွာ စူးစိုက်၍ကြည့်နေသည်။

"သာမန်ကတိစကားလောက်နဲ့ ငါက မင်းတို့ကို ကူညီမယ်လို့ ထင်နေတာက...အရမ်း အတွေးတိမ်လွန်းတယ် မဟုတ်ဘူးလား..."

ရှောက်မင်တို့လူစုသည် ထိတ်လန့်တုန်လှုပ်သွားကြပြီး ချက်ချင်းဆိုသလိုပင် သူတို့၏လက်များကို ပူးဆုပ်ကာ အရိုအသေပြုလိုက်ကြသည်။

"မင်းသား ဆိုလိုချင်တာကို ရှင်းပြပေးပါ..."

မင်းသားယွမ်ချင်းက ကျန်းလီကို တစ်ချက်ကြည့်လိုက်သည်။ အခြေအနေကို သဘောပေါက်သော ကျန်းလီက သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ကျောက်စိမ်းပုလင်းတစ်လုံး ထွက်ပေါ်လာသည်။ ထိုပုလင်း၏အဖုံးကို ဖွင့်လိုက်သောအချိန်၌ မီးခိုးရင့်ရောင်ဆေးလုံးငါးလုံး ပျံဝဲထွက်ပေါ်လာသည်။

"ဒါတွေက စိတ်ဝိညာဥ်ဖမ်းဆုပ်ခြင်းဆေးလုံးတွေပဲ တစ်လုံးစီမှာ နှလုံးစားကူရဲ့ သားလောင်းတစ်ကောင် ပါဝင်တယ်...ဒါကို စားသုံးလိုက်တာနဲ့ နှလုံးသားနဲ့အတူ ယှဉ်တွဲနေထိုင်ပြီးတော့ သုံးလတစ်ကြိမ် အထူးစိတ်ဝိညာဉ်ဆေးလုံးနဲ့ ဖိနှိပ်ပေးဖို့ လိုအပ်တယ်...မဟုတ်ရင် နှလုံးစားကူက နှလုံးသားကို လုံးဝ ဝါးမြိုမှာဖြစ်ပြီးတော့ သေတာထက်ဆိုးတဲ့ ဘဝကို ရောက်သွားလိမ့်မယ်..."

မင်းသားယွမ်ချင်းက သူတို့ငါးယောက်ကို ကြည့်လိုက်သည်။

"ဒါတွေကို သောက်လိုက်... ပြီးရင် ငါက ရန်ချူးယောင်ကိုလွှတ်ပြီး ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူကို ရှာခိုင်းမယ်..... ပြီးတော့ အဲ့ဒီ ကောင်းကင်ကံကြမ္မာကို ဆွဲထုတ်ဖို့ နည်းလမ်းရှာကြတာပေါ့..."

"ဒါက..."

ရှောက်မင်နှင့်တခြားလူများ ကြက်သေသေသွားကြပြီး သူတို့၏မျက်နှာများ အလွန်အမင်း သုန်မှုန်သွားသည်။

ဤဆေးလုံးကို သောက်လိုက်သည်နှင့် တစ်ဖက်လူ၏ခွေးတစ်ကောင် ဖြစ်သွားနိုင်ကာ သူတို့ထံ၌ မည်သည့်လွတ်လပ်ခွင့်မျှ ရှိတော့မည် မဟုတ်ချေ။

ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူများ အနေဖြင့် ထျန်းလီအင်ပါယာနှင့် ပူးပေါင်းဆောင်ရွက်သော်လည်း ပုံမှန်အားဖြင့် အမိန့်များကို ရွေးချယ်ပြီးမှသာ နာခံလေ့ရှိသည်။ ယခုချိန်တွင်မူ သူတို့သည် တစ်စုံတစ်ယောက်၏ ခွေးဖြစ်လာရန် တောင်းဆိုခြင်း ခံနေရလေ၏။ တစ်ဖက်လူသည် ဧကရာဇ်ပင် မဟုတ်ဘဲ အိမ်ရှေ့စံမင်းသားအဆင့်တွင်သာ ရှိနေလေရာ ဤကိစ္စသည် မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း။

ဒုတိယတန်းစား ကောင်းကင်ကံကြမ္မာကို ဆက်ခံထားသူများအနေဖြင့် သူတို့ထံတွင်လည်း ကိုယ်ပိုင်မာန်မာနများ ရှိကြသည်။

"မင်းသားက နောက်နေတာပဲ ဖြစ်ရမယ်..."

ရှောက်မင်သည် သူ၏စိတ်ထဲမှ ဒေါသများကို ဖိနှိပ်ရင်း ခြေတစ်လှမ်း နောက်ဆုတ်ကာ သူ့ကိုယ်သူ ဖိအားပေး၍ ပြုံးလိုက်သည်။

"ငါ ဘယ်တော့မှ မနောက်တတ်ဘူး..."

မင်းသားယွမ်ချင်း၏ မျက်နှာအမူအယာ ပြောင်းလဲသွားခြင်း မရှိပေ။ ဤသည်မှာ မည်သည့်အရာကမျှ သူ၏တည်ငြိမ်မှုကို မနှောင့်ယှက်နိုင်သည့်အလားပင်။

"ဒါဆိုရင်... မင်းသားကို ဒုက္ခမပေးတော့ပါဘူး.... ကျွန်တော်တို့ကိုယ်တိုင်ပဲ ရှာပါတော့မယ်..."

ရှောက်မင်က နောက်ထပ် ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သူ၏မောင်နှမများကို အချက်ပြကာ အခန်းထဲမှ ထွက်ခွာသွားရန် ဟန်ပြင်လိုက်၏။

"မင်းသားရဲ့ အဆင့်အတန်းက မြင့်မြတ်တယ်... ခင်ဗျားတို့ တစ်ခုခု တောင်းဆိုချင်ရင် တောင်းဆိုလို့ ရတယ်....ဒါပေမဲ့ တောင်းဆိုစရာ မလိုတော့ဘူး ဆိုရင်တောင် ထွက်သွားဖို့က... အဲ့ဒီလောက်ထိ မလွယ်ကူဘူး..."

ထိုအချိန်မှာပင် ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာပြီး အနက်ရောင်ပုံရိပ်ငါးခု ရုတ်တရက် ထွက်ပေါ်လာကာ သူတို့၏နံဘေးပတ်လည်တွင် နေရာယူလိုက်သည်။

ရန်ချူးယောင်က ရှေ့သို့တက်လာပြီး သူ၏လက်ကို ဆန့်တန်းကာ ပိတ်ဆို့ဟန့်တားလိုက်သည်။ သူမ၏အကြည့်တွင် အေးစက်မှုနှင့် ခက်ထန်တင်းမာမှုတို့ ရောယှက်နေပေ၏။

All Chapters