ပုံစံငါးမျိုး သူတော်စင်အရှင်များအား အနိုင်ယူခြင်း
Vol. 36 Ch. 424
အခန်းထဲတွင် ရုတ်တရက် အပြောင်းအလဲ ဖြစ်ပေါ်လာသဖြင့် ကျန်းရွှမ်နှင့်ခုန်းရှီတို့သည် ကူကယ်ရာမဲ့စွာဖြင့် ခြေလှမ်းနှစ်လှမ်းခန့် နောက်ဆုတ်လိုက်ကြ၏။
သူတို့၏ လက်ရှိစွမ်းအားအဆင့်နှင့်ဆိုလျှင် ဤကဲ့သို့သော တိုက်ပွဲမျိုးနှင့် ပို၍နီးကပ်လေလေ သူတို့ သေဆုံးရန် ပို၍လျှင်မြန်လေလေပင်။
အဓိက အကျဆုံးအချက်မှာ တစ်ဖက်လူများ ရှာဖွေနေသည့် ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူဆိုသည်မှာ ခုန်းရှီကိုယ်တိုင်အတိအကျဖြစ်နေခြင်းပင်။
"ခုန်းရှီ... ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."
ကျန်းရွှမ်က အသံပေးပို့ပြီး မေးမြန်းလိုက်သည်။
"အခြေအနေကို အရင်ကြည့်တာပေါ့....ဘာပဲဖြစ်ဖြစ် ငါအတွက်တော့ သူတို့အားလုံးက ကောင်းတဲ့လူတွေ မဖြစ်နိုင်ဘူး..."
ခုန်းရှီက တုံ့ပြန်အဖြေသည်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။
ပုံစံငါးမျိုးသူတော်စင်အရှင်များသည် ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို လုယူလိုကြသည်။ အိမ်ရှေ့စံမင်းသားဆိုသူကလည်း လူကောင်းမဟုတ်ကြောင်း သိသာထင်ရှားသည်။ ထို့ကြောင့် သူတို့အချင်းချင်း စကားအချေအတင်ဖြစ်ပြီး တိုက်ခိုက်ကြသည်ကို သူတို့ ဝင်မပါဘဲ စောင့်ကြည့်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
"အရှင်မင်းသား... ဒါက ဘာသဘောလဲ..."
ရှောက်မင်၏မျက်နှာသည် ပြာနှမ်းနေပြီး မင်းသားယွမ်ချင်းကို မော့ကြည့်ကာ ပြောဆိုလိုက်သည်။
"သစ္စာရှိအောင် အတင်းအကြပ် ဖိအားပေးချင်တာလား...ထုံးတမ်းစဉ်လာကို ဆန့်ကျင်ပြီး ဒီလိုလုပ်ရဲတာက ကောင်းကင်ဘုံရဲ့အပြစ်ပေးမှုကို မကြောက်ဘူးလား..."
မင်းသားယွမ်ချင်းက မောက်မာထောင်လွှားသောအကြည့်ဖြင့် ရှောက်မင်တို့လူစုကို ကြည့်လိုက်၏။
"အာဏာရှိနေမှတော့ ကောင်းကင်ဘုံဆိုတာက ဘာအရေးပါလို့လဲ..."
ထိုသို့ပြောဆိုပြီးနောက် သူသည် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။
သူတို့ကို ဝိုင်းရံထားသော အရိပ်အစောင့်ငါးယောက်သည် အမိန့်ရသည်နှင့် တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြရာ အခန်းထဲတွင် စွမ်းအားလှိုင်းများ ချက်ချင်းထွက်ပေါ်လာပြီး လေတိုးသံများ မြည်ဟီးသွားသည်။
"ဒါဆိုရင်လည်း... အရှင်မင်းသားရဲ့အစွမ်းအစကို ကြည့်ကြသေးတာပေါ့..."
ရှောက်မင်သည် ဟန်ဆောင်မနေကြတော့ဘဲ ကျယ်လောင်စွာ အော်ဟစ်ကာ သူ၏လက်နှစ်ဖက်ကို မြှောက်လိုက်သည်။
"ကောင်းကင်ကြယ်တာရာ နတ်ဆိုးနှိမ်နင်းခြင်း ..."
ဝုန်း....
ထိုအသံ ပဲ့တင်ထပ်သွားသည်နှင့် မိုးကောင်းကင်မှ ကြယ်များ ကြွေကျလာသည့်အလား ပြင်းထန်သော ဖိအားတစ်ရပ်က ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
"မင်းတို့က ပြန်ခုခံရဲတယ်ပေါ့... သေချင်နေတာပဲ..."
အရိပ်အစောင့် တစ်ဦး ရှေ့သို့ပြေးဝင်လာသည်။ သူ ရှေ့သို့မရောက်သေးမီမှာပင် သူ၏လက်ထဲမှ သံမဏိဓားသည် ပစ်မှတ်ကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် တောက်ပသော ဓားချီသည် လေဟာနယ်ကို ထွင်းဖောက်သွားပြီး မိုးကောင်းကင်မှ ကျရောက်လာသော ဖိအားအရှိန်အဝါကို ဖြိုခွင်းလိုက်ရာ ကြီးမားသော တုန်ခါမှုလှိုင်းလုံးများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဤကဲ့သို့ ထိပ်သီးကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို မထိန်းချုပ်နိုင်ပါက ဆေးပညာဂိုဏ်းတစ်ဂိုဏ်းလုံးသာမက မြို့တော်တစ်ခုလုံးကိုလည်း ထိခိုက်နိုင်ကြောင်း သိရှိသဖြင့် အကြီးအကဲကျန်းလီက ခြေဆောင့်နင်းလိုက်ရာ ဝင်္ကပါကြီး စတင်၍ အသက်ဝင်လာသည်။
ရုတ်ချည်းဆိုသလိုပင် အခန်းတစ်ခန်းလုံးသည် သီးသန့်လေဟာနယ်တစ်ခုကဲ့သို့ ကျစ်လစ်သိပ်သည်းသွားပြီး တိုက်ခိုက်မှုစွမ်းအားများ မည်မျှထိ ပြင်းထန်ပါစေ အနည်းငယ်မျှပင် ယိုစိမ့်ထွက်ခြင်း မရှိတော့ချေ။
ကျန်းရွှမ်နှင့်ခုန်းရှီတို့သည် ရှေ့သို့ တပြိုင်နက်တည်း ကြည့်လိုက်ကြ၏။
သူတို့အတွက်မူ ဤကဲ့သို့ အဆင့်မြင့် ပုဂ္ဂိုလ်များ၏တိုက်ပွဲကို ကြည့်ရှုရခြင်းမှာ များစွာအကျိုးရှိသည်။
ရှောက်မင်သည် စတင်တိုက်ခိုက်လိုက်ရုံသာမက ဝိညာဉ်ဆင့်ခေါ်တံခွန်ကို ကိုင်ဆောင်ထားသော ဈာပနထုံးတမ်း သူတော်စင်ကလည်း လှုပ်ရှားလိုက်သည်။ သူ၏တံခွန်ကို လှုပ်ခတ်လိုက်ရာ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များသည် ညည်းတွားအော်ဟစ်ကာ ပျံသန်း၍ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် "ခရက်... ခရက်.."ဟူသော မြည်သံများနှင့်အတူ အက်ကွဲကာ တွန့်လိမ်ပုံပျက်သွားသည်။
ဤသည်မှာ ဝိညာဉ်ဆင့်ခေါ်တံခွန်၏ ထူးခြားသော စွမ်းရည်ဖြစ်သော ငိုကြွေးမြည်တမ်းခြင်းနည်းစနစ်ပင်။
ဤငိုကြွေးမြည်တမ်းခြင်းသည် တစ်ဖက်ရန်သူများ၏စိတ်ဝိညာဉ်ကို နှောင့်ယှက်ရန် မဟုတ်ဘဲ လေဟာနယ်ကို ဖြိုခွင်းရန်ပင်။
သူတို့နှစ်ယောက် တိုက်ခိုက်နေစဉ်မှာပင် မလှမ်းမကမ်းတွင်ရှိနေသည့် နဂါးကြေးခွံသံချပ်ကာ ဝတ်ဆင်ထားသော စစ်ရေးထုံးတမ်းတော်စင်သည်လည်း တိုက်ပွဲထဲသို့ ပါဝင်လာသည်။ သူသည် သူ၏လှံကို လှုပ်ခတ်လိုက်ရာ တိုက်ပွဲဝင်စိတ်ဆန္ဒများသည် မိုးစက်များအလား ကျဆင်းလာပေ၏။
အချိန်တခဏအကြာတွင် ကျင့်ဝတ် ဈာပန စစ်ရေး ယဉ်ကျေးသိမ်မွေ့မှုနှင့် အခမ်းအနားဟူသည့် ထုံးတမ်းစဥ်လာ သူတော်စင်ငါးယောက်တို့သည် အရိပ်အစောင့်ငါးယောက်နှင့် တိုက်ခိုက်နေကြ၏။ ခန်းမကြီးအတွင်းရှိ အားကောင်းသော အရှိန်အဝါသည် မိုးထိအောင် မြင့်မားသော လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်နေကာ တောင်တန်းများပင် အလွယ်တကူ ကြေမွှပျက်စီးသွားနိုင်သည့် အခြေအနေမျိုး ဖြစ်နေသည်။
သို့ရာတွင် ဤပြင်းထန်သော သက်ရောက်မှုများသည် မင်းသားယွမ်ချင်းထံသို့ မရောက်မီမှာပင် ရပ်တန့်သွားသည်။ ဤသည်မှာ နှစ်ဖက်အကြားတွင် ကမ္ဘာတစ်ခု ခြားနားနေသည့်အလားပင်။
ကျန်းရွှမ်နှင့်တခြားလူများသည် မင်းသားယွမ်ချင်း၏ နောက်တွင် မတ်တတ်ရပ်နေကြ၏။ သူတို့သည် လေဟာနယ်ကို ဆုတ်ဖြဲနေသော မုန်တိုင်းကဲ့သို့ ပြင်းထန်သည့် တိုက်ခိုက်မှုများကို ရှင်းလင်းစွာ မြင်နေရသော်လည်း မည်သည့် ဖိအားကိုမျှ မခံစားရချေ။
"သန်မာအားကောင်းလိုက်တာ..."
ကျန်းရွှမ် အံ့အားသင့်သွားသည်။
မင်းသားယွမ်ချင်းသည် လှုပ်ရှားမှု မပြုလုပ်ရသေးသော်လည်း ထိုလူ၏စွမ်းအားသည် လူအများ စိတ်ကူးယဉ်တွေးတောနိုင်စွမ်းထက် ကျော်လွန်နေကြောင်း သိသာထင်ရှားသည်။ ဤ "စွမ်းအားပိတ်လှောင်ခြင်း" နည်းစနစ် တစ်ခုတည်းဖြင့်ပင် သူသည် ပြိုင်ဘက်ကင်း ဖြစ်နေလေပြီ။
ဘုန်း... ဘုန်း... ဘုန်း...
တိုက်ပွဲအတွင်းတွင် နှစ်ဖက်လုံးသည် နည်းဗျူဟာအမျိုးမျိုးကို အသုံးပြုနေကြသော်လည်း အချိန်တိုအတွင်း၌ အနိုင်အရှုံးကို မဆုံးဖြတ်နိုင်ကြသေးချေ။
"အရှင်မင်းသား..."
ရန်ချူးယောင်က မျက်မှောင်ကြုတ်ပြီး ရှေ့သို့တိုးလိုက်သည်။
"မင်း ဝင်ပါဖို့ မလိုဘူး..."
မင်းသားယွမ်ချင်းက သူ၏ခေါင်းကို အနည်းငယ် ခါယမ်းပြပြီး သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ တံဆိပ်ပြားငယ်တစ်ခုက လေထုထဲတွင် ချက်ချင်းထွက်ပေါ်လာသည်။
အမျိုးအမည်မသိရသော ပစ္စည်းဖြင့် ထွင်းထုထားသော ထိုတံဆိပ်ပြားသည် တံဆိပ်တုံးတစ်ခုနှင့်တူပြီး မျက်နှာပြင်ပေါ်တွင် နားလည်ရခက်သော စာလုံးတချို့ ပါရှိသည်။ ထိုအရာ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ပိတ်ဆို့လိုက်ပြီး ဖြည်းညှင်းစွာ အောက်သို့ကျဆင်းလာသည်။
ဝုန်း...
ထိုတံဆိပ်ပြားအောက်တွင် တောင်တန်းနှင့် မြစ်ပြင်ပုံရိပ်များ ပေါ်ထွက်လာသည်။ အရိပ်အစောင့်များနှင့် တိုက်ခိုက်နေဆဲဖြစ်သော ရှောက်မင်တို့လူစု မတုံ့ပြန်နိုင်သေးမီမှာပင် လေးလံသော ဖိအားတစ်ရပ်က သူတို့အပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်လာသည်။ သူတို့သည် သူတို့၏ခေါင်းများပေါ်တွင် မြင့်မားပြီးလေးလံသော တောင်တန်းများ ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။
"ဒါက တောင်တန်းမြစ်ပြင်အမိန့်တော်ပဲ..."
ရှောက်မင်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူ၏ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ တုန်ရီလာပေ၏။
တောင်တန်းမြစ်ပြင်အမိန့်တော်သည် တောင်တန်းများနှင့် မြစ်ပြင်များ၏ အလေးချိန်ကို ကိုယ်စားပြုသကဲ့သို့ အာဏာပိုင်စိုးမှုကိုလည်း ကိုယ်စားပြုသည်။
မိုးကောင်းကင်အောက်ရှိ နယ်မြေများအားလုံးသည် ဧကရာဇ်ပိုင်ဆိုင်သော မြေများသာ ဖြစ်သည်။ ထိုမြေပေါ်ရှိ လူသားအားလုံးသည် ဧကရာဇ်၏လက်အောက်ခံများပင်။
တော်ဝင်အာဏာစက်...
"မင်းတို့က ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူတွေ ဖြစ်တာကြောင့်....ဧကရာဇ်က လက်အောက်ငယ်သားတွေကို သေစေချင်ရင် အဲ့ဒီလူကက သေရမယ်ဆိုတဲ့ သဘောတရားကို သဘာဝကျကျ နားလည်ရမယ်....မင်းတို့က ဘယ်လိုသတ္တိမျိုးနဲ့ ခုခံရဲတာလဲ..."
ဝုန်း.....
အေးစက်စက်အော်ငေါက်သံနှင့်အတူ ရှောက်မင်တို့လူစု၏ ကောင်းကင်ကံကြမ္မာများသည် တောင်တန်းမြစ်ပြင်အမိန့်တော်၏ ဖိအားအောက်တွင် ပြင်းထန်စွာ တုန်ခါသွားပြီး သူတို့သည် ဆက်လက်၍ တောင့်မခံနိုင်ကြတော့ချေ။ သူတို့၏ဒူးများ ကွေးညွတ်သွားပြီး သူတို့အားလုံး တပြိုင်နက်တည်း ဒူးထောက်ရက်သား လဲကျသွားကြသည်။ သူတို့၏မျက်နှာများပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေသော်လည်း သူတို့ထံ၌ တခြားရွေးချယ်စရာ မရှိတော့ချေ။
ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာသည် ကျင့်ဝတ်ကို လိုက်နာရမည်ဖြစ်ပြီး တော်ဝင်အာဏာစက်သည် သူတို့အတွက် ကျော်လွှားရန် အခက်ခဲဆုံး တောင်တန်းကြီးပင်။
မည်သူမဆို ပုန်ကန်နိုင်သော်လည်း "ထုံးတမ်းစဥ်လာ" က ခွင့်မပြုချေ။
"ဒါက အရမ်းအစွမ်းထက်လွန်းတယ်..."
ကျန်းရွှမ်နှင့်ခုန်းရှီတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စကားမပြောနိုင်တော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
နာမည်ကျော်ကြားသော ပုံစံငါးမျိုးသူတော်စင်အရှင်များသည် မယုံကြည်နိုင်လောက်အောင် အလွန်အစွမ်းထက်သည်။ ယခုချိန်၌ သူတို့ငါးယောက် ပူးပေါင်း၍ တိုက်ခိုက်သည့်တိုင် အိမ်ရှေ့စံမင်းသား၏တံဆိပ်ပြားတစ်ခုကို တောင့်မခံနိုင်ခဲ့သလော...
ဤလူ၏စွမ်းအားသည် အမှန်တကယ်ကို အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။
မင်းသားယွမ်ချင်း၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်း မရှိပေ။သူသည် သူ၏လက်ချောင်းများကို ထပ်မံ၍ လှုပ်ခတ်လိုက်ရာ အစောပိုင်းက ထွက်ပေါ်လာသော ဆေးလုံးငါးလုံးသည် ထိုလူငါးဦးထံသို့ အသီးသီး ပျံဝဲသွားသည်။
"ငါ မင်းတို့ကို သိမ်းသွင်းလို့ရတယ်...ဒါ့ပြင် ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူကိုလည်း သိမ်းသွင်းလို့ရတယ်...ဘယ်သူပဲဖြစ်ဖြစ် ငါ့ရဲ့အမိန့်ကို နာခံတဲ့သူက ကျန်ခဲ့မယ်....တခြားလူတွေက အသုံးမဝင်ဘူး..."
ရှောက်မင်တို့လူစုသည် ဒေါသထွက်နေသော်လည်း သူ၏စကားထဲမှ အမှန်တရားကို နားလည်သဘောပေါက်ကြသည်။
ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာသည် သူတို့၏ အခြေခံအုတ်မြစ်ပင်။ အကယ်၍ ထိုဆက်ခံသူကသာ ဤအိမ်ရှေ့စံမင်းသားအပေါ် သစ္စာရှိကြောင်း ကျိန်ဆိုလိုက်လျှင် သူတို့သည်အရေးပါမည် မဟုတ်တော့ချေ။
မည်သို့ပင်ဆိုစေကာမူ ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ အပြည့်အစုံကို ထိန်းချုပ်နိုင်သည်နှင့် ကံကြမ္မာအတက်အလက်များကို ဆက်ခံနိုင်မည့် တပည့်များအား လွယ်လင့်တကူ မွေးထုတ်နိုင်ပေမည်။
အကယ်၍ သူတို့သာ လက်ဦးမှုယူ၍ သစ္စာခံလိုက်ပါက ကံကြမ္မာဆက်ခံသူ၏သေရေးရှင်ရေးသည် အရေးပါမည် မဟုတ်တော့ချေ။
အကြောင်းအရင်းမှာ အိမ်ရှေ့စံမင်းသားသည် ထိုဆက်ခံသူ၏ကောင်းကင်ကံကြမ္မာကို ဆွဲထုတ်ပြီး သူ့ကို ထောက်ခံသူများအား ပေးအပ်မည်ဖြစ်သောကြောင့်ပင်။
သူတို့၏အသက် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းသည် သူတို့၏အတွေးတစ်ချက်အပေါ်တွင်သာ မူတည်နေသည်။
"ကျွန်တော်တို့က မင်းသားရဲ့ ခြေတော်ရင်းမှာ အမှုထမ်းပြီးတော့ မင်းသားရဲ့ အမိန့်တွေကို အမြင့်ဆုံးဦးစားပေးအဖြစ် သတ်မှတ်ပါ့မယ်..."
တခြားရွေးချယ်စရာ မရှိတော့ကြောင်း သိရှိထားသဖြင့် ရှောက်မင်က အံ့တင်းတင်းကြိတ်ပြီး ဆေးလုံးကို ယူဆောင်လိုက်သည်။
သူ ဆေးလုံးအား ယူလိုက်သည်ကို မြင်တွေ့ချိန်၌ တခြားလူလေးယောက်သည်လည်း ဆက်လက် ၍ တောင့်မခံနိုင်တော့ဘဲ ဆေးလုံးများကို ယူပြီး မျိုချလိုက်ကြသည်။
ဆေးအာနိသင်များးသည် သူတို့၏ ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့သွားသည်နှင့် သူ၏အမိန့်များကို နာခံရတော့မည်အား သူတို့ သိလိုက်ကြသည်။ သူတို့သည် ဆက်လက်၍ တွေဝေတုံ့ဆိုင်းမနေတော့ဘဲ တပြိုင်နက်တည်း ဒူးထောက်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေပေ၏။
"မင်းတို့ ငါ့ကို သစ္စာဆိုပြီးမှတော့...အဲ့ဒီကံကြမ္မာဆက်ခံသူကို ငါက သိမ်းသွင်းတော့မှာ မဟုတ်ဘူး..."
မင်းသားယွမ်ချင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြီး မလှမ်းမကမ်းရှိ အမျိုးသမီးကို ကြည့်လိုက်သည်။
"ရန်ချုးယောင်... သူတို့ကို ခေါ်သွားပြီး မကြာသေးခင်က ထျန်းလီမြို့မှာ နတ်ဆိုးအငွေ့အသက်တွေ ရှိမရှိ စုံစမ်းလိုက်စမ်း.... ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို ထိန်းချုပ်ထားသူကို အမြန်ဆုံး ရှာဖွေပါ..."
"ဟုတ်ကဲ့..."
ရန်ချူးယောင်က ခေါင်းညိတ်ပြပြီး သူမ၏လက်ကိုပူးဆုပ်ကာ အရိုအသေပြုလိုက်သည်။
"မင်းသား... အဲ့ဒီလူကို ရှာတွေ့ပြီးရင်... မင်းသားဆီ ခေါ်လာပေးရမလား..."
မင်းသားယွမ်ချင်းက ခေါင်းခါလိုက်သည်။
"သတ်ပစ်လိုက်တော့.. ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာက ငါတို့ ထျန်းလီအင်ပါယာရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိရမယ်.. ဘယ်ကရောက်မှန်းမသိတဲ့ အညတရကောင်တစ်ကောင်က...ဒီကံကြမ္မာနဲ့ မထိုက်တန်ဘူး..."