အိမ်ရှေ့စံမင်းသားယွမ်ချင်း၏ ကောင်းကင်ကံကြမ္မာ
Vol. 36 Ch. 425
နှစ်ဖက်လုံး၏ ထိပ်တိုက်တွေ့ဆုံမှုနှင့် အငြင်းပွားမှုများကို မြင်တွေ့ပြီးနောက် ကျန်းရွှမ်က ခုန်းရှီထံသို့ တိတ်တဆိတ် အသံပေးပို့လိုက်သည်။
"အခုလတ်တလောမှာ ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို အသုံးမပြုနဲ့အုံး..."
ခုန်းရှီ ခေါင်းညိတ်လိုက်သည်။
သူ၏ကျင့်ကြံခြင်ဆင့်သည် ကြယ်စင်မြစ်နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေသော်လည်း ပုံစံငါးမျိုးသူတော်စင်အရှင်များနှင့် မင်းသားယွမ်ချင်းတို့ကို ယှဉ်ပြိုင်နိုင်ရန် အလှမ်းကွာဟနေဆဲပင်။
သူတို့ကို တိုက်ခိုက်ရန် မဆိုထားနှင့် အကယ်၍ သူသည် သူတို့နှင့် ထိပ်တိုက်တွေ့လျှင်ပင် အပြည့်အဝ ဖိနှိပ်ခြင်းခံရနိုင်ပြီး သေခြင်းရှင်ခြင်းသည် သူ၏လက်ထဲတွင် ရှိတော့မည် မဟုတ်ချေ။
"မင်းလည်း သတိထားဦး....အခု အပြာရောင်တိမ်တိုက်အရှင်က ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို ဆက်ခံထားတဲ့လူက မင်းလို့ ထင်နေတာ...သူ ပြဿနာ လာရှာမှာကို စိုးရိမ်ရတယ်..."
ခုန်းရှီက အချိန်တခဏကြာမျှ တိတ်ဆိတ်နေပြီးနောက် ပြောဆိုသည်။
ဤနေရာသို့အလာလမ်း၌ ကျန်းရွှမ်သည် အပြာရောင်တိမ်တိုက်အရှင်နှင့် တိုက်ခိုက်ခဲ့ရသည့် ကိစ္စကို ခုန်းရှိအား အသေးစိတ်ကျကျ တိတ်တဆိတ် ပြောဆိုခဲ့သည်။ ထို့ကြောင့် ကျန်းရွှမ်သည် သူ့အစား တာဝန်ခံပေးခဲ့ကြောင်း ခုန်းရှီက သိရှိသွားပေ၏။
"အင်း..."
ကျန်းရွှမ်က တုံ့ပြန်အဖြေပေးသည်။
လက်ရှိတွင် သူတို့နှစ်ဦးလုံး၏အခြေအနေမှာ အလွန်အန္တရာယ်များသည်။ ဤသည်မှာ တိရစ္ဆာန်ရုံအတွင်းတွင် ဝံပုလွေအုပ်ကြီး၏ ဝိုင်းရံထားခြင်းကိုခံရသော တိရစ္ဆာန်ငယ်များအလားပင်။ သူတို့သည် ခြေလှမ်းတစ်လှမ်းချင်းစီကို သတိထား၍ လျှောက်လှမ်းရမည်ဖြစ်ပြီး အကယ်၍ မဖြစ်မနေ အခြေအနေသို့ ရောက်ရှိလာပါက ကမ္ဘာသစ်ထဲသို့ ထွက်ပြေးရုံသာ ကျန်ရှိတော့သည်။
"မင်းတို့ သွားလို့ရပြီ..."
သူတို့ တိတ်တဆိတ် ဆွေးနွေးနေစဉ်မှာပင် မင်းသားယွမ်ချင်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟုတ်ကဲ့..."
ရှောက်မင် ရန်ချူးယောင်နှင့် တခြားလူများသည် သူတို့၏လက်များကိုပူးဆုပ်၍ အရိုအသေပြုပြီး ဖြည်းညှင်းစွာ ထွက်ခွာသွားကြသည်။
အခန်းထဲတွင် ပြန်လည်၍ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် မင်းသားယွမ်ချင်းက ပြောဆိုသည်။
"အခု ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီဆိုတော့ အကြီးအကဲကျန်းလီက နောက်ဆုံးကျန်တဲ့ဆေးလုံးကို အမြန်ဆုံး စတင်ဖော်စပ်တော့..."
အကြီးအကဲကျန်းလီက ခေါင်းညိတ်လိုက်သည်။
"အဝါရောင်စမ်းချောင်း လမ်းညွှန်ပန်းက မြေအောက်လောကပင်လယ်ရဲ့နန်းတော်ကိုးခုမှာ ပေါက်ရောက်တာပါ...ကျွန်တော်တို့ အခုချက်ချင်း သွားမယ်ဆိုရင် ညနေရောက်တာနဲ့ ဆေးဖော်စပ်မှုကို စတင်နိုင်ပါလိမ့်မယ်..."
"သွားကြစို့..."
မင်းသားယွမ်ချင်းသည် ထပ်မံ၍စကားမပြောဆိုတော့ဘဲ သူ၏လက်ဝါးကို လှုပ်ခတ်လိုက်၏။ ရုတ်ချည်းဆိုသလိုပင် သူတို့ အစောပိုင်းက မြင်တွေ့ခဲ့ရသော တောင်တန်းမြစ်ပြင်အမိန့်တော်က လေထုထဲတွင် တဖန်ပြန်၍ ထွက်ပေါ်လာသည်။ မင်းသားယွမ်ချင်းက ထိုအရာကို သူ၏လက်ဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ရာ ကလေးလက်ဝါး အရွယ်အစားမှ ငှက်ပျောဖက် အရွယ်အစားအထိ ချက်ချင်း ကြီးလာသည်။ အဝေးမှကြည့်လျှင် ထိုအရာသည် တောင်တန်းနှင့်မြစ်ပြင်များ ဝန်းရံထားသော မြေပုံတစ်ခုနှင့် တူညီနေပေ၏။
နန်းတော်ကိုးခု မြေအောက်လောကပင်လယ်၏ တည်နေရာကို ရှာဖွေပြီးနောက် မင်းသားယွမ်ချင်းက လက်ညှိုးညွှန်ပြလိုက်ရာ တောင်တန်းမြစ်ပြင်တံဆိပ်ပြားမှ တောက်ပသောအလင်းကွင်းများ ဖြာထွက်လာသည်။
"တောင်တန်းမြစ်ပြင်တံဆိပ်ပြား ဆိုတဲ့အတိုင်းပဲ... တောင်တန်းတွေ မြစ်ပြင်တွေကို အမိန့်ပေးနိုင်ပြီး လောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်တာပဲ..."
အကြီးအကဲကျန်းလီက ချီးကျူးလိုက်ပြီး လေထုထဲသို့ သူ၏လက်ကို ဆန့်တန်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ကျန်းရွှမ် ခုန်းရှီယောင်ယွင်နှင့် တခြားလူများအားလုံး လေထုထဲသို့ မြောက်တက်သွားပြီး အလင်းကွင်းများပေါ်သို့ ကျရောက်သွားသည်။
နောက်ထပ်အချိန်တခဏတွင် ကျန်းရွှမ်သည် ပြင်းထန်သော လေဟာနယ်စွမ်းအားများ သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် လှည့်ပတ်နေပြီး သူ့အား အပြည့်အဝ လွှမ်းခြုံထားသည်ကို ခံစားလိုက်ရသည်။
ဝုန်း....
သူ၏အမြင်အာရုံ ဝေဝါးသွားပြီး ရှေးဟောင်းအသင်္ကေတအက္ခရာများသည် ရေစီးကြောင်းများအလား ဖြတ်သန်းစီးဆင်းသွားသည်။ သူ ပြန်လည်တည်ငြိမ်သွားချိန်၌ ဆေးပညာဂိုဏ်း ခန်းမနှင့် ဝေးကွာသော လူသူကင်းမဲ့သည့် ကျွန်းတစ်ကျွန်းပေါ်သို့ ရောက်ရှိနေလေပြီ။
ဤကျွန်းသည် ကြီးမားခြင်းမရှိဘဲ အချင်း မီတာနှစ်ရာ သုံးရာခန့်သာ ရှိသည်။ ကျွန်း၏နံဘေးပတ်ဝန်းကျင်တွင် မြင့်မားသော လှိုင်းလုံးဖြူများ ဝန်းရံထားပြီး ကျယ်ပြန့်သော ပင်လယ်ပြာကြီးသည် အဆုံးမရှိ ဆန့်တန်းနေပေ၏။
"ဒါက... ပင်လယ်လား..."
ကျန်းရွှမ် အံ့အားသင့်သွားသည်။
မြေပုံကို အသက်သွင်းပြီး နေရာတစ်နေရာကို ရွေးချယ်လိုက်ရုံဖြင့် ချက်ချင်းဆိုသလိုပင် ကူးပြောင်းရောက်ရှိလာခဲ့သည်။ တောင်တန်းမြစ်ပြင်တံဆိပ်ပြား၏စွမ်းအားသည် အမှန်တကယ်ကို အလွန်အစွမ်းထက်ပေ၏။
"ဒါက ထျန်းလီအင်ပါယာရဲ့ အကြီးဆုံး ပင်လယ်ပြင်ဖြစ်တဲ့ နန်းတော်ကိုးခု မြေအောက်လောကပင်လယ်ပဲ..."
အကြီးအကဲကျန်းလီနှင့်တခြားသူများသည်လည်း အလင်းကွင်းများထဲမှ ထွက်လာကြသည်။
တခြားသူများ၏အတည်ပြုချက်ဖြင့် ဤသည်မှာ အတုအယောင် မဟုတ်ကြောင်း သိလိုက်ရသောကြောင့် ကျန်းရွှမ်သည် မလှမ်းမကမ်းရှိ မင်းသားယွမ်ချင်းကို ထပ်မံ၍ကြည့်လိုက်ပြီး သူ၏မျက်နှာအမူအယာ ပို၍တည်ကြည်လေးနက်လာသည်။
တစ်ဖက်လူသည် သန်မာအားကောင်းကြောင်း သူ သိရှိထားသော်လည်း ဤမျှအဆင့်ထိ ရောက်ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
စိတ်ဆန္ဒအတိုင်း လေဟာနယ်ကို ကျော်ဖြတ်သွားလာနိုင်ခြင်းသည် ရင်းမြစ်ကမ္ဘာ၏ အထွတ်အထိပ် ခွန်အားကို ပိုင်ဆိုင်ထားမှသာ ဖြစ်နိုင်ပေမည်။ ဤစွမ်းရည်ကို တိုက်ပွဲတွင် အသုံးပြုပါက သက်တူရွယ်တူများကြားတွင် သူ့ကို တားဆီးနိုင်သူဟူ၍ ရှိနိုင်မည် မဟုတ်ချေ။
ဤကဲ့သို့လူမျိုးနှင့် ရင်ဆိုင်ရချိန်၌ သူ မည်မျှထိ သတိထားထား လုံလောက်မည်မဟုတ်ချေ။
အတွေးတစ်ချက်ဖြင့် ကျန်းရွှမ်သည် ကမ္ဘာသစ်၏ လေဟာနယ်အမှတ်အသားတစ်ခုကို ကျွန်း၏ နက်ရှိုင်းသောအပိုင်းတွင် တိတ်တဆိတ် ချန်ထားခဲ့လိုက်သည်။ နောင်တစ်ချိန်အတွက် သူ ဝှက်ဖဲတချို့ ချန်ထားသည်က ပို၍ကောင်းမွန်ပေမည်။
သူတို့အားလုံး အလင်းကွင်းများအတွင်းမှ ထွက်လာသည်ကို မြင်တွေ့ချိန်၌ မင်းသားယွမ်ချင်းက သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် တောင်တန်းမြစ်ပြင်တံဆိပ်ပြားသည် အလင်းကွင်းထဲမှ ပျံ့လွင့်လာပြီး သူ၏လက်ဝါးပေါ်သို့ ညင်သာစွာ ကျရောက်လာပေ၏။
ထိုအချိန်တွင် အကြီးအကဲကျန်းလီသည် သံလိုက်အိမ်မြှောင်နှင့်တူသော အရာတစ်ခုကို သူ၏ဝတ်ရုံရင်ဘတ်ကြားမှ ထုတ်ယူပြီး လေထုထဲသို့ ပစ်တင်လိုက်သည်။ ထိုအရာသည် အချိန်တခဏကြာခန့် လည်ပတ်ပြီးနောက် ဦးတည်ချက်တစ်ခုကို ညွှန်ပြလေသည်။
"မင်းတို့နှစ်ယောက်က ပျံသန်းလို့မရဘူး....ဒါက အလင်းတေးဆိုငှက်တွေရဲ့ အမွှေးနဲ့ လုပ်ထားတဲ့ 'အလင်းတေးဆို သားမွှေးဝတ်ရုံ'ပဲ...သာမန်လူတစ်ယောက်က ဒါကို ဝတ်ဆင်လိုက်တာနဲ့ လေထုကို ဖြတ်သန်းပြီးတော့ မိုးကောင်းကင်ယံမှာ ပျံသန်းနိုင်တယ်..."
မင်းသားယွမ်ချင်းက သူ၏လက်ချောင်းများကိုလှုပ်ခတ်လိုက်ရာ ငှက်မွှေးနှစ်ချောင်း ထွက်ပေါ်လာပြီး သူ၏ရှေ့တွင် ပျံဝဲနေသည်။
ထိုငှက်မွှေးများသည် ဖန်သားကဲ့သို့ တောက်ပနေပြီး ကြည်လင်ကာ လက်ရာမြောက်သော ကျောက်စိမ်းဖြင့် ထွင်းထုထားသည့်အလားပင်။
ကျန်းရွှမ်သည် ထိုအရာကို ယူဆောင်လိုက်သည်နှင့် ထိုငှက်မွှေးသည် ချက်ချင်းအရည်ပျော်ကျသွားပြီး ရေစက်များကဲ့သို့ သူ၏ခန္ဓာကိုယ်ပေါ်တွင် စီးဆင်းသွားကာ သူ၏ကျောပေါ်တွင် ဖြူဖွေးသော အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။
ရုတ်ချည်းဆိုသလိုပင် ထိုအတောင်ပံများသည် သူ့ခန္ဓာကိုယ်၏အစိတ်အပိုင်းတစ်ခု ဖြစ်နေသကဲ့သို့ ခံစားလိုက်ရပြီး သူ၏အတွေးတစ်ချက်ဖြင့် လွယ်လင့်တကူ ထိန်းချုပ်နိုင်သည်။ သူ့ထံ၌ သက်တောင့်သက်သာမရှိမှုဟူ၍ အနည်းငယ်မျှ မရှိချေ။
ထိုအရာကို ညင်သာစွာ လှုပ်ခတ်လိုက်သည်နှင့် ဘယ်ဘက်အတောင်ပံမှ လေပြေများ ထွက်ပေါ်လာပြီး ညာဘက်အတောင်ပံမှ မိုးကြိုးများ ဖြာထွက်လာသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းတွင် သူသည် လေထုထဲတွင် ပျံဝဲနေလေပြီ။
"အိမ်ရှေ့စံမင်းသား ဆိုတဲ့အတိုင်းပဲ... ဒီလောက် အဖိုးတန်တဲ့ ငှက်မွှေးဝတ်စုံတွေကို ပေါ့ပေါ့ပါးပါး လက်ဆောင်ပေးနိုင်တယ်.. . မင်းတို့နှစ်ယောက်က အရှင်မင်းသားကို ကျေးဇူးတင်ကြောင်း ပြောလိုက်အုံး..."
အကြီးအကဲကျန်းလီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းသား..."
ကျန်းရွှမ်နှင့်ခုန်းရှီတို့က သူတို့၏လက်များကို ပူးဆုပ်၍ အရိုအသေပြုလိုက်ကြသည်။
ဤကောင်းကင်ဘုံရတနာနှစ်ခု၏ တန်ဖိုးအတိအကျကို သူတို့ မသိသော်လည်း အသုံးပြုကြည့်ရုံဖြင့် အလွန်တန်ဖိုးရှိကြောင်း သိသာထင်ရှားသည်။
အနည်းဆုံးအနေဖြင့် ဤကောင်းကင်ဘုံရတနာကို သူ့ထံတွင်ရှိသော အေးစက်ငရဲဓား အလက်တစ်ရာလောက်နှင့်ပင် နှိုင်းယှဉ်နိုင်မည် မဟုတ်ချေ။ သူ လက်ရှိပိုင်ဆိုင်ထားသော အရာများအနက် သံသရာအမွေအနှစ်မျှော်စင်ကသာ ဤအရာထက် သာလွန်ကောင်း သာလွန်ပေလိမ့်မည်။
"သွားကြစို့..."
မင်းသားယွမ်ချင်းက စကားဆက်မပြောတော့ဘဲ သံလိုက်အိမ်မြှောင် ညွှန်ပြသော လမ်းကြောင်းအတိုင်း လျင်မြန်စွာ ပျံသန်းသွားရာ ကျန်လူများလည်း နောက်မှထပ်ချပ်မကွာ လိုက်ပါသွားကြသည်။
အလင်းတေးဆိုငှက်မွှေးဝတ်စုံများကြောင့် သူတို့အားလုံး လျင်မြန်စွာ ပျံသန်းနိုင်ကြပြီး ကျန်းရွှမ်နှင့်ခုန်းရှီတို့သည်လည်း ပြင်းထန်သော လေတိုက်ခတ်မှုကို ဂရုမစိုက်ဘဲ လွယ်လင့်တကူ ပျံသန်းနိုင်ခဲ့သည်။
အချိန်ဆယ့်ငါးမိနစ်ခန့် ပျံသန်းပြီးနောက် အကြီးအကဲကျန်းလီက ရပ်တန့်လိုက်ပြီး မင်းသားယွမ်ချင်းကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
ဤအချက်ပြမှုကို နားလည်သဖြင့် မင်းသားယွမ်ချင်းသည် တောင်တန်းမြစ်ပြင်တံဆိပ်ပြားကို ထပ်မံ၍ဆင့်ခေါ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ကြီးမားသော စွမ်းအားတစ်ရပ်သည် ပင်လယ်ရေထဲသို့ အရူးအမူး စီးဝင်သွားပြီး ပင်လယ်ပြင်တစ်ခုလုံး ချက်ချင်းဆူပွက်လာသည်။ ဤသည်မှာ မမြင်နိုင်သော ဧရာမလက်ကြီးတစ်ဖက်ဖြင့် ဖိနှိပ်ခြင်း ခံလိုက်ရသည့်အလားပင်။
ဝုန်း.....
ပင်လယ်ရေများသည် ကွဲထွက်သွားပြီး ဖိအား၏အောက်တွင် ရေနေသားရဲအမြောက်အများ ပေါက်ကွဲပြီး သေဆုံးသွားကာ အသွေးအသားများသည် ရေစီးကြောင်းအတိုင်း အရပ်မျက်နှာအနှံ့အပြားသို့ ပျံ့နှံ့သွားသည်။ အသက်ခုနစ်ရှိုက်စာ ရှစ်ရှိုက်စာ အချိန်အတွင်းမှာပင် မူလကညီညာပြန့်ပြူးသော ပင်လယ်ပြင်၌ ပင်လယ်ကြမ်းပြင်အထိ မြင်ရသော ကီလိုမီတာများစွာ နက်ရှိုင်းသည့် တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများသည် မမြင်နိုင်သော စွမ်းအားတစ်ရပ်၏ ဖိအားအောက်တွင် မြင့်မားသော ကမ်းပါးယံများကဲ့သို့ မားမားမတ်မတ်ရပ်တည်နေပြီး တလိမ့်လိမ့်ထနေသော်လည်း ပြိုကျမလာချေ။
ကျန်းရွှမ်၏မျက်နှာအမူအယာ ပို၍တည်ကြည်လေးနက်သွားသည်။
ဤသည်မှာ စွမ်းအားသက်သက် မဟုတ်တော့ဘဲ ဥပဒေသများကို ထိန်းချုပ်မှုပင်။
ဝုန်း... ဝုန်း...
သူ အံ့အားသင့်နေစဉ်မှာပင် ကျယ်လောင်သော တုန်ခါသံတစ်သံကို ကြားလိုက်ရသည်။ သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ ရေတံတိုင်းများအတွင်းရှိ အစွမ်းထက်သော ရေနေသားရဲအမြောက်အများသည် မရပ်မနား တိုက်ခိုက်နေကြပြီး ပင်လယ်ပြင်ကို မူလအခြေအနေသို့ ပြန်ရောက်အောင် ကြိုးပမ်းနေသည်ကို တွေ့လိုက်ရသည်။ ဖိအားပေးခံထားရသော ရေမျက်နှာပြင်သည် ထိုစွမ်းအားကို အတင်းအကြပ်တောင့်ခံနေရပုံရပြီး အချိန်မရွေး ပြိုကျတော့မည့်အလားပင်။
မင်းသားယွမ်ချင်းသည် တည်ငြိမ်သော မျက်နှာအမူအယာဖြင့် သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းကာ ကြည်လင်ပြတ်သားသော အသံတစ်သံ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
"အိမ်ရှေ့စံမင်းသား အနေနဲ့ ငါ အမိန့်ပေးတယ်... ပင်လယ်ရေတွေ ပြိုကျမလာရဘူး..."
ဝုန်း...
ထိုအသံသည် ကျယ်ပြန့်စွာ ပျံ့နှံ့သွားပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ပင်လယ်ရေတံတိုင်းကို တိုက်ခိုက်နေသော ရေနေသားရဲများသည် ခေါင်းများကိုမော့လိုက်ကြရာ ပြိုကျလုနီးပါးရေထုကို မပြီးထိန်းထားသကဲ့သို့ ဖြစ်သွားပေ၏။
"ဒါက... 'နှုတ်ထွက်စကားက ဥပဒေသဖြစ်လာခြင်း'လား..."
ကျန်းရွှမ်၏မျက်လုံးများ ပြူးကျယ်သွားသည်။
ဤကဲ့သို့ဖြစ်ရပ်မျိုးသည် 'နှုတ်ထွက်စကားက ဥပဒေသဖြစ်လာခြင်း' နှင့် ခုန်းရှီ၏ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ ကြောင့်သာ ဖြစ်ပေါ်လာနိုင်သည်။
"အဲ့ဒါက အာဏာပဲ..."
မင်းသားယွမ်ချင်းက အမှုမထားသည့်လေသံဖြင့် ပြောဆိုသည်။
"ဘာပဲဖြစ်နေနေ အသိစိတ်ရှိနေသရွေ့ အသက်ရှိတယ်...အသက်ရှိရင် အမိန့်ကို သေချာပေါက် နားလည်လိမ့်မယ်...ငါက ရှင်ခိုင်းရင် သူတို့ရှင်မယ်..သေခိုင်းရင် သေမယ်...ဒါက ငါကျင့်ကြံတဲ့ ကောင်းကင်ကံကြမ္မာပဲ...ပြီးတော့ ဒါက ထျန်းလီအင်ပါယာကို တည်ထောင်သူရဲ့ ကံကြမ္မာလည်း ဖြစ်တယ်..."