ဧည့်သည်များ ပြဿနာရှာခြင်း ၂
Vol. 48 Ch. 783
"မမဟွာ... ဘယ်လိုလုပ်မလဲ။ ထောင်ယွမ်ရွာ အပန်းဖြေစခန်းက ဆီမဝင်၊ ရေမဝင် ဖြစ်နေတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်လည်း မအောင်မြင်ဘူး" ထောင်ယွမ်ရွာမှ ထွက်ခွာလာပြီးနောက် ပြဿနာရှာခဲ့သော လူအုပ်စုသည် မမဟွာကို မေးမြန်းလိုက်ကြသည်။
ဟုတ်ပါ၏။ သူတို့ ထောင်ယွမ်ရွာသို့ လာရောက်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ လာရောက်ခြင်းဖြစ်သည်။
မမဟွာဟုခေါ်သော မျက်နှာထားတင်းမာသည့် အမျိုးသမီးကြီးက ဂရုမစိုက်စွာ ပြောလိုက်သည်။ "ဟမ့်... ဘာလန့်နေတာလဲ။ ဒီနေ့ ထောင်ယွမ်ရွာထဲ မဝင်ရလို့ ပြဿနာမရှာနိုင်ပေမယ့် မနက်ဖြန် ဝင်ပြီးရင် ကြည့်ကြသေးတာပေါ့။ မနက်ဖြန် ငါတို့ စောစောလာတန်းစီမယ်"
ထို့နောက် သူမက လူအုပ်ကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။ "စိတ်ချပါ... နင်တို့ကို နစ်နာအောင် မလုပ်ပါဘူး"
ထိုလူများက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ "ဟုတ်တာပေါ့။ မမဟွာနောက်လိုက်ရင် မမဟွာက လိမ်မှာမဟုတ်ပါဘူး"
.....
နှစ်သစ်ကူး ပထမဆုံးနေ့တွင် ရှောင်လင်းယွီသည် အလုပ်လျှောက်ထားသော ပညာတတ်များနှင့် ရုံးဝန်ထမ်းများကို လူတွေ့စစ်ဆေးခဲ့သည်။
ထိုသူများ အလုပ်လာလျှောက်ရသည့် အဓိကအကြောင်းရင်းမှာ အစားအသောက်ကြောင့်ဖြစ်သည်။
ဒီမှာ အစားအသောက်ကောင်းတယ်။ ဒီမှာအလုပ်လုပ်ရင် နေ့တိုင်းစားရမယ်။
ပြီးတော့ ထောင်ယွမ်ရွာ Green Fresh အုပ်စုက ကုမ္ပဏီသေးသေးလေး မဟုတ်ဘူး။ ဘီလီယံရာချီတန်တဲ့ ကုမ္ပဏီကြီး။ အလားအလာ ကောင်းတယ်။ လစာနဲ့ ခံစားခွင့်တွေလည်း အရမ်းကောင်းတယ်။ ဒီမှာ အလုပ်ရရင် အကောင်းဆုံးပေါ့။
တကယ်တော့ သူတို့က ကုမ္ပဏီကို ရွေးချယ်တာမဟုတ်ဘဲ ကုမ္ပဏီက လူရွေးတာ ဖြစ်ပါတယ်။
ရှောင်လင်းယွီ ခန့်အပ်မယ့်သူတွေက အရည်အချင်းရှိတဲ့သူတွေဖြစ်ရမယ်။ ဘွဲ့လက်မှတ်တွေ၊ အတွေ့အကြုံတွေ ကောင်းရုံနဲ့ မရဘူး။
ရှောင်လင်းယွီက ကိုယ်ရေးရာဇဝင်များကို ကြည့်ပြီး လူ့စွမ်းအားအရင်းအမြစ်ဌာနမှ အန်းရှောင်ဟွေကို ပြောလိုက်သည်။ "စစ်ဆေးကြည့်လိုက်ပါ။ ပြဿနာမရှိရင် နှစ်ကူးပြီး ၆ ရက်နေ့ အလုပ်စဆင်းခိုင်းလိုက်"
"ဟုတ်ကဲ့... ဘော့စ်"
ရှောင်လင်းယွီက ထပ်မံအလေးပေး ပြောကြားလိုက်သည်။ "မှတ်ထားပါ... ကုမ္ပဏီက စိတ်နေသဘောထားကို အဓိကထားတယ်။ အရည်အချင်းရှိပြီး စိတ်ထားမကောင်းရင် လုံးဝ မခန့်နဲ့"
"ဟုတ်ကဲ့... ဘော့စ်" အန်းရှောင်ဟွေ ဖြေလိုက်သည်။
ရှောင်လင်းယွီ စဉ်းစားလိုက်ပြီး အန်းရှောင်ဟွေကို ထပ်ပြောသည်။ "ကျိုးရှောင်ရူ၊ ကောင်းပေပေ၊ ရှန်ကော်ဟွာ၊ ကျန်းလဲ့လဲ့နဲ့ ကျန်းမင်ယွီတို့ကို အကြောင်းကြားလိုက်။ နှစ်သစ်ကူးပြီး ၆ ရက်နေ့ မနက် ၉ နာရီ အစည်းအဝေးလာတက်ဖို့"
"ဟုတ်ကဲ့... ဘော့စ်"
အန်းရှောင်ဟွေ ထွက်ခွာသွားပြီးနောက် ဘော့စ်မှာကြားသည်များကို ချက်ချင်း စီစဉ်ဆောင်ရွက်လေသည်။
သူတို့ကုမ္ပဏီ၏ အဓိကလုပ်ငန်းမှာ ခရီးသွားလုပ်ငန်းနှင့် ဟင်းသီးဟင်းရွက် ရောင်းချခြင်းဖြစ်သဖြင့် အခြားကုမ္ပဏီများ နှစ်သစ်ကူးပိတ်ရက်ရကြသော်လည်း ထောင်ယွမ်ရွာ Green Fresh အုပ်စုမှာမူ အလုပ်အများဆုံးအချိန်ဖြစ်သည်။
ထို့ကြောင့် နှစ်သစ်ကူးပိတ်ရက်မှာ ၃ ရက်သာ ရရှိသည်။ ဝန်ထမ်းအချို့မှာ ၇ ရက် ရရှိသော်လည်း အလှည့်ကျ နားရခြင်းဖြစ်သည်။
...
နှစ်သစ်ကူးပြီး နှစ်ရက်နေ့တွင် ထောင်ယွမ်ရွာ အပန်းဖြေစခန်းသည် မနက် ၆ နာရီခွဲတွင် တံခါးဖွင့်လိုက်သည်။
ယမန်နေ့က နောက်ကျသဖြင့် လက်မှတ်မရခဲ့ဘဲ မနက်ဖြန်အတွက် လက်မှတ်ကြိုဝယ်ထားသူများသည် လက်မှတ်ကိုကိုင်ဆောင်ပြီး အပန်းဖြေစခန်းထဲသို့ ပျော်ရွှင်စွာ ဝင်ရောက်သွားကြသည်။
ပထမဆုံးအကြိမ် ဝင်ရောက်သူများကဲ့သို့ပင် အပန်းဖြေစခန်းထဲ ရောက်သည်နှင့် လှပသော ရှုခင်းများကိုကြည့်ပြီး အံ့သြမှင်တက်သွားကြသည်။
သို့သော် သူတို့သည် စားသောက်တန်းဆီသို့ တန်းတန်းမတ်မတ်သွားကြသည်။
အဝေးကတည်းက မွှေးကြိုင်သော အနံ့ကိုရနေသဖြင့် ဗိုက်ပိုဆာလာကြသည်။
ရှောင်လီသည် ပတ်ဝန်းကျင်ကို လှည့်လည်စစ်ဆေးနေစဉ် အပြင်ဘက်တွင် တန်းစီနေသော လူအုပ်ထဲ၌ ရင်းနှီးနေသော မျက်နှာများကို တွေ့လိုက်ရသည်။ ယမန်နေ့က လျော်ကြေးတောင်းကာ အော်ဟစ်နေသော အမျိုးသမီးကြီးနှင့်အဖွဲ့ပင်ဖြစ်သည်။
ဒီနေ့ ဒီလောက်စောစော ရောက်နေကြတာလား။
ရှောင်လီသည် အထက်လူကြီး၏ မှာကြားချက်ကို သတိရသွားပြီး စကားပြောစက်ကို ကိုင်ကာ ပြောလိုက်သည်။ "အားလုံး သတိထားကြပါ။ မနေ့က လူအုပ်စု ရောက်နေပါပြီ။ အခု လက်မှတ်ဝယ်ဖို့ တန်းစီနေကြတယ်။ ခဏနေရင် အပန်းဖြေစခန်းထဲ ဝင်လာတော့မယ်"
"သိပါပြီ"
"သိပါပြီ"
……
တခြားလူတွေက မမဟွာတို့အဖွဲ့ကို ဘယ်လိုမှတ်မိလဲဆိုတာကတော့... ဟင်း... ပြဿနာ မဟုတ်ပါဘူး။
"မင်္ဂလာပါ... လက်မှတ် ဘယ်နှစ်စောင် လိုချင်ပါသလဲ" လက်မှတ်ရောင်းကောင်တာမှ ဝန်ထမ်းက ယဉ်ကျေးစွာ မေးလိုက်သည်။
မမဟွာက ပြောလိုက်သည်။ "၁၅ စောင် လိုချင်တယ်။ လျှော့ပေးလို့ရမလား။ ၁၀ ယောက်ကျော်ရင် အုပ်စုလိုက်လက်မှတ်အနေနဲ့ လျှော့ပေးတယ်လို့ ကြားတယ်"
ဝန်ထမ်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။ "ရပါတယ်... ဒါပေမဲ့ စည်းကမ်းအရ ၁၅ ယောက်ဆိုရင် တစ်ယောက်စာပဲ လျှော့ပေးလို့ ရပါတယ်"
မမဟွာ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "တစ်ယောက်ခွဲစာ လျှော့ပေးလို့ မရဘူးလား"
"မရပါဘူး" ဝန်ထမ်းက ပြန်ဖြေလိုက်သည်။
မမဟွာ မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။ "၁၀ ယောက်ဆို တစ်ယောက် လျှော့ပေးတယ်လို့ ပြောထားပြီး အခု ၁၅ ယောက်ကို ဘာလို့ တစ်ယောက်ခွဲစာ မလျှော့ပေးတာလဲ။ နင်တို့က တော်တော် တွက်ကပ်တာပဲ။ ဒီလောက် အမြတ်လေးကိုတောင် ယူချင်နေတယ်"
ဝန်ထမ်းက မျက်နှာအမူအရာ မပြောင်းဘဲ ယဉ်ကျေးစွာ ပြောလိုက်သည်။ "ဧည့်သည်... ကျွန်မတို့ရဲ့ စည်းကမ်းက ဒီအတိုင်းပါပဲ။ ၁၀ ယောက်ဆို တစ်ယောက် လျှော့ပေးတယ်။ ၁၅ ယောက်လည်း တစ်ယောက်ပဲ လျှော့ပေးပါတယ်"
"မဟုတ်ဘူး... နင်တို့က အရမ်းညစ်တာပဲ" မမဟွာ မကျေမနပ် ထပ်မံအော်ဟစ်လိုက်သည်။ "နင်တို့..."
နောက်က တန်းစီနေတဲ့ ဧည့်သည်တစ်ဦးက မကျေမနပ် ပြောလိုက်သည်။ "ခင်ဗျား ဝယ်မှာလား၊ မဝယ်ဘူးလား။ သူတို့စည်းကမ်းက ဒီလိုဖြစ်နေတာ ကောင်မလေးကို အခက်တွေ့အောင် လုပ်နေတာ ပျော်စရာကောင်းလို့လား။ ပြီးတော့ ဒီလောက်ကြီးတဲ့ အပန်းဖြေစခန်း၊ အရောင်းအဝယ်ကောင်းတဲ့ အပန်းဖြေစခန်းက ခင်ဗျားရဲ့ လက်မှတ်တစ်စောင်လောက်ကို မက်မောနေပါ့မလား။ သူများကို အမြတ်ထုတ်တယ်လို့ ပြောရသေးတယ်"
"နင်နဲ့ ဘာဆိုင်လို့လဲ" မမဟွာ နောက်ကလူ ပြောတာခံလိုက်ရလို့ ဒေါသထွက်သွားသည်။
ဧည့်သည်ကလည်း ဒေါသထွက်သွားသည်။ "ငါနဲ့ မဆိုင်ပေမယ့် ငါ လက်မှတ်ဝယ်တာကို နှောင့်နှေးစေတယ်လေ။ နောက်မှာ လူတွေအများကြီး တန်းစီနေတာ။ ခင်ဗျား ပြောချင်ရင် တခြားနေရာသွားပြော"
ပြောပြီးသည်နှင့် လူကိုတိုးဝှေ့ပြီး သူမရှေ့သို့ ရောက်သွားကာ ဝန်ထမ်းကို ပြုံးလျက် ပြောလိုက်သည်။ "ညီမလေး... လက်မှတ် ၁၆ စောင် ပေးပါ"
"ဟုတ်ကဲ့... ခဏစောင့်ပါ။ ဒီမှာ... လက်မှတ် ၁၆ စောင်ပါ။ တစ်စောင် အလကားရတယ်။ စုစုပေါင်း ၄၅၀ ယွမ် ကျပါတယ်" ဝန်ထမ်းက ပြုံးလျက် ပြောလိုက်သည်။
ဧည့်သည်က ပိုက်ဆံရှင်းပြီး လက်မှတ်ယူကာ မမဟွာကို နှာခေါင်းရှုံ့ပြလိုက်သည်။ "ဟင်း... ခင်ဗျားတစ်ယောက်တည်း ၁၅ ယောက် ခေါ်လာတာ မဟုတ်ဘူး"
မမဟွာ ဒေါသထွက်လွန်းလို့ မျက်နှာ နီလိုက်၊ ပြာလိုက် ဖြစ်သွားသည်။ နောက်ထပ်ဧည့်သည်တစ်ဦး ရှေ့တိုးလာတော့မည့်ဆဲဆဲ သူမ အလျင်အမြန် ဝင်ဖြတ်လိုက်ပြီး မကျေမနပ်ပြောလိုက်သည်။ "တစ်ယောက် လျှော့ရင်လည်း တစ်ယောက်ပေါ့။ လက်မှတ်ပေး"
ဝန်ထမ်းက ပြောလိုက်သည်။ "လက်မှတ် ၁၅ စောင်... ၄၂၀ ယွမ် ကျပါတယ်... ကျေးဇူးတင်ပါတယ်"
မမဟွာ မကျေမနပ်ဖြင့် ပိုက်ဆံပေးပြီး လက်မှတ်ယူကာ ထွက်ခွာသွားသည်။
သူမ မထွက်ခွာသေးမီ နောက်ကဧည့်သည်က လှောင်ပြောင်လိုက်သည်။ "ဟင်း... သူတစ်ယောက်တည်းကို လျှော့မပေးတာမှ မဟုတ်တာ။ ဒီလောက် အော်ဟစ်နေစရာ လိုလို့လား။ စိတ်ဓာတ်အောက်တန်းကျလိုက်တာ"
မမဟွာ - "......" ဒေါသထွက်လွန်းလို့ မျက်နှာ နီလိုက်၊ ပြာလိုက် ဖြစ်သွားပြန်သည်။
ဝန်ထမ်းသည် မမဟွာ ထွက်သွားသည်ကို မြင်သောအခါ ဧည့်သည်ကို ယဉ်ကျေးစွာ ပြောလိုက်သည်။ "ခဏစောင့်ပါဦးနော်... ကျွန်မ သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်"
ဧည့်သည်ကလည်း သဘောပေါက်သည်။ "ကောင်းပြီ... သွားပါ"
ဝန်ထမ်းသည် ဘေးနားရှိ နားနေခန်းသို့ သွားပြီး စကားပြောစက်ဖြင့် ပြောလိုက်သည်။ "အားလုံး သတိထားကြပါ။ မနေ့က လူအုပ်စု လက်မှတ်ဝယ်ပြီး ဝင်လာတော့မယ်"
ထို့နောက် သူမ အလုပ်နေရာသို့ ပြန်လာခဲ့သည်။
"မမဟွာ... လက်မှတ်ရပြီလား" ပိန်ပိန်ပါးပါး အသက် ၃၀၊ ၄၀ အရွယ် အမျိုးသားတစ်ဦးက မမဟွာလက်ထဲမှ လက်မှတ်များကို မြင်ပြီး မေးလိုက်သည်။ "ဩော်... ရပြီပဲ"
မမဟွာ မျက်နှာမကောင်းပေ။ လက်မှတ်များကို သူတို့အား ပေးလိုက်ပြီး ပြောလိုက်သည်။ "တစ်ယောက် တစ်စောင်စီ... အထဲရောက်ရင် ငါ့အမိန့်ကို နာခံကြ။ စိတ်ချပါ... ဒီကိစ္စ အောင်မြင်ရင် တစ်ယောက်ကို ယွမ် ၂၀၀၀ စီရမယ်"
"ဟုတ်ကဲ့... မမဟွာ" အခြားသူများ ဝမ်းသာအားရ ပြန်ဖြေလိုက်ကြသည်။
ဒီအတိုင်း လာရောက်ပြဿနာရှာရုံနဲ့ ယွမ် ၂၀၀၀ ရမယ်။ စရိတ်ငြိမ်းဆိုတော့ ဘယ်လောက်တန်လိုက်သလဲ။ သူတို့ လုပ်ချင်တာပေါ့။
လူအုပ်စုသည် လက်မှတ်များကို ကိုင်ဆောင်ပြီး လက်မှတ်စစ်ဂိတ်ကို ဖြတ်သန်းသွားရာ မည်သည့်ထူးခြားမှုမှ မတွေ့ရပေ။
သို့သော် အပန်းဖြေစခန်းထဲသို့ ရောက်သည်နှင့် အပန်းဖြေစခန်း၏ထူးခြားမှုကို ခံစားလိုက်ရသည်။
"ဝါး... ဒီနေရာက တကယ် လှတာပဲ" တစ်စုံတစ်ယောက်က အာမေဋိတ်သံ ထွက်လာသည်။ "ကြည့်လိုက်၊ ဟိုဟာ မက်မွန်ပန်းတွေလား"
"မက်မွန်ပန်းတွေပဲ" ချက်ချင်း ပြန်ဖြေလိုက်သည်။ "ဒါတွေက ဆောင်းရာသီ မက်မွန်ပန်းတွေလို့ ပြောကြတယ်။ ဒါပေမဲ့ အခု နွေဦးရောက်နေပြီဆိုတော့ ဒီပန်းတွေ ကြွေတော့မှာပါ"
"ဆောင်းရာသီ မက်မွန်ပန်းတွေ ကြွေသွားပေမယ့် နွေဦးရာသီ မက်မွန်ပန်းတွေ ပွင့်လာတော့မှာလေ။ နင်တို့ မသိဘူးလား။ နွေဦးရာသီရောက်ရင် ထောင်ယွမ်ရွာတစ်ခုလုံး ပန်းတွေနဲ့ ဖုံးလွှမ်းသွားတာ။ အထူးသဖြင့် ပန်းရောင် မက်မွန်ပန်းတွေပေါ့။ လေတိုက်လိုက်ရင် ပွင့်ဖတ်တွေ လွင့်ပျံလာတာ အရမ်းလှတယ်"
"ထောင်ယွမ်ရွာ၊ ထောင်ယွမ်ရွာ၊ မက်မွန်သီးစိုက်တာနဲ့ နာမည်ကြီးခဲ့တာ။ အခု ဒီလိုလုပ်လိုက်တော့ တကယ့်သာယာလှပတဲ့ ကျေးရွာလေးဖြစ်သွားပြီ"
"ထောင်ယွမ်ရွာက အရမ်းလှတာပဲ။ ဒီမှာ နေချင်လိုက်တာ။ ဒါပေမဲ့ ဒီရွာက ရွာသားတွေကလွဲရင် ပြင်ပလူ ဝင်ခွင့်မရှိဘူးလို့ ကြားတယ်။ ဘယ်လောက်ပဲ ဈေးပေးဝယ်ဝယ် အိမ်မရောင်းဘူးတဲ့"
"အဲဒီလောက်တောင် သီးသန့်ဆန်တာလား"
"သီးသန့်ဆန်တာ မဟုတ်ဘူး။ ဝင်ခွင့်ပြုလိုက်ရင် လူတွေအများကြီး ဝင်လာချင်ကြမှာ။ အဲဒီအခါကျရင် ထောင်ယွမ်ရွာရဲ့ စီမံခန့်ခွဲမှုအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ အပြင်က သူဌေးတွေက ဒေသခံတွေရဲ့စည်းကမ်းကို လိုက်နာချင်ပါ့မလား"
"ငါ့အထင်တော့ ရောက်တဲ့အရပ် ဇာတ်ခင်းရမယ်ဆိုတာသိပေမယ့် စည်းကမ်းတွေ အများကြီးနဲ့ ချုပ်ချယ်ရင် ငါလည်း မနေချင်ပါဘူး"
"ဒါပေါ့... တကယ်တော့ သီးသန့်ဆန်တာ မဆန်တာထက် အပြင်လူတွေက ဒေသခံတွေရဲ့ စည်းကမ်းကို လိုက်နာနိုင်မလားဆိုတာက အဓိကပဲ။ ဒီအချက်ကို ထည့်သွင်းစဉ်းစားပြီး ထောင်ယွမ်ရွာက အိမ်တွေကို ပြင်ပလူတွေကို မရောင်းတာ။ ဒါပေမဲ့ ဒီကသက်ကယ်မိုးအိမ်လေးတွေက အရမ်းရောင်းကောင်းတယ်လို့ ကြားတယ်"
"သက်ကယ်မိုးအိမ်တွေက ရောင်းကောင်းပေမယ့် ငါတို့လို သာမန်လူတွေက တတ်နိုင်မှာ မဟုတ်ပါဘူး"
"မတတ်နိုင်ဘူး မဟုတ်ပါဘူး။ သာမန်ဟိုတယ်ဈေးနှုန်းနဲ့ တူတူပါပဲ"
"ဟမ်၊ ဒီလောက် ဈေးသက်သာတာလား။ ဒါဆို ငါ နေကြည့်ချင်တယ်"
"နေချင်ရင် ကြိုတင်စာရင်းပေးရမယ်။ တစ်ရက်ချင်းငှားရင် တစ်လကြိုပေးရတယ်။ တစ်လငှားရင် ၃ လ ကြိုပေးရတယ်။ လူတွေက ဆက်တိုက်ငှားချင်ကြတော့ ကြိုတင်စာရင်းပေးရင်တောင် ရဖို့ ခက်တယ်"
"ဟေး... ငါ သတိရပြီ။ ငါ မနက်စာ မစားရသေးဘူး။ စားသောက်တန်းသွားပြီး တစ်ခုခု သွားစားချင်တယ်။ နင်တို့ လိုက်မလား။ စားသောက်တန်းက အစားအစာတွေက အရမ်းစားကောင်းတယ်လို့ ကြားတယ်"
"လိုက်မှာပေါ့။ ငါက အစကတည်းက အစားအသောက်အတွက် လာတာပဲ"
……
မမဟွာနှင့် အဖွဲ့သည် ဧည့်သည်များ၏စကားသံများကို နားထောင်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် မမဟွာက ချက်ချင်း ပြောလိုက်သည်။ "သွား... စားသောက်တန်းကို သွားကြစို့"
မမဟွာနှင့် အဖွဲ့ ထွက်ခွာသွားသည်နှင့် ဝန်ထမ်းတစ်ဦးက စကားပြောစက်ဖြင့် ပြောလိုက်သည်။ "အားလုံး သတိထားကြပါ။ ဒီလူအုပ်စုရဲ့ပစ်မှတ်က စားသောက်တန်းပါ"
"သိပါပြီ"
……
မမဟွာနှင့် အဖွဲ့ စားသောက်တန်းသို့ ရောက်သောအခါ ခမ်းနားထည်ဝါပြီး ကျယ်ဝန်းသော စားသောက်တန်းကို မြင်ပြီး အံ့သြသွားကြသည်။ "ဒါ... ဒါက စားသောက်တန်းလား။ ကြီးလိုက်တာ"
"ကြီးတယ်... လူတွေလည်း များလိုက်တာ" စားသောက်တန်းထဲတွင် လူများပိတ်ခဲနေသည်။ ဒီထက်များလို့ မရတော့လောက်အောင်ပင်။
မမဟွာသည် လူပင်လယ်ကြီးကို ကြည့်ပြီး ရုတ်တရက် မျက်လုံးများ အရောင်လက်သွားသည်။ သူမသည် လူများကို ခေါ်လိုက်ပြီး တိုးတိုးတိတ်တိတ် မှာကြားလိုက်သည်။ ထို့နောက် အမိန့်ပေးလိုက်သည်။ "နင်တို့ ငါ အခုပြောတဲ့အတိုင်း လုပ်ကြ"
"ဟုတ်ကဲ့"
သို့သော် တစ်စုံတစ်ယောက်က တွန့်ဆုတ်စွာ မေးလိုက်သည်။ "မမဟွာ... ငါတို့ တကယ် အောင်မြင်ပါ့မလား"
မမဟွာက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။ "အောင်မြင်မှာပေါ့။ သေချာပေါက် အောင်မြင်မှာ"
ထို့နောက် လူအုပ်စုသည် စားသောက်တန်းထဲသို့ ဝင်ရောက်သွားကြသည်။
သူတို့ စားသောက်တန်းထဲ ဝင်ရောက်သွားချိန်တွင် သေးငယ်သော အရိပ်တစ်ခုက သူတို့၏ကျောပြင်ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို သတိမထားမိလိုက်ကြပေ။
ရှောင်လဲ့ထုန်က အေးစက်စွာ ရယ်မောလိုက်သည်။ "ဟင်း... ဒီနေရာမှာ လာပြီး ပြဿနာရှာချင်တယ်ပေါ့။ အိပ်မက်မက်နေလိုက်"
***