ခွင့်လွှတ်ခြင်းနှင့် ခွင့်မလွှတ်ခြင်း ပြဿနာ
Vol. 48 Ch. 788
မန်နေဂျာကျန်း ဒေါသတကြီး ထွက်ခွာသွားပြီးနောက် မွန်းလွဲပိုင်းတွင် ပြန်ရောက်လာပြန်သည်။
မလာလို့ မဖြစ်တော့ပေ။ ရှယ်ယာရှင်များက သူ့ကို စောင့်ကြည့်နေကြသည်။ တိုက်တွန်းနေကြသည်။ ထို့အပြင် ဖီးနစ်အပန်းဖြေစခန်း၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဒီကိစ္စအပေါ် မူတည်နေသည်။
"ကျွန်တော် ဥက္ကဌရှောင်နဲ့ ကြိုတင်ချိန်းဆိုချင်တယ်" မန်နေဂျာကျန်းက ရှောင်လင်းယွီ၏အတွင်းရေးမှူးကို ထပ်မံတွေ့ဆုံသည်။ "၃ ရက်နေမှဆိုလည်း ၃ ရက်နေမှပေါ့"
အတွင်းရေးမှူးက ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။ "တောင်းပန်ပါတယ် မန်နေဂျာကျန်း။ ဥက္ကဌရှောင်ရဲ့ ဒီရက်ပိုင်း အစီအစဉ်တွေက ပြည့်နေပါပြီ။ ၃ ရက်နေမှလည်း မရတော့ပါဘူး"
"......"
မန်နေဂျာကျန်း ကြောင်အသွားပြီးနောက် ဒေါသတကြီး ပြောလိုက်သည်။ "ခင်ဗျားတို့ ကျွန်တော့်ကို ကစားနေတာလား။ မနက်ကလာတုန်းက ၃ ရက်နေရင် ရတယ်ဆို။ ညနေရောက်တော့ အစီအစဉ်ပြည့်သွားပြီတဲ့။ ခင်ဗျား ဥက္ကဌရှောင်ကို အစီရင်ခံခြင်းမရှိဘဲ ဆင်ခြေပေးနေတာ မဟုတ်လား"
အတွင်းရေးမှူးက ယဉ်ကျေးစွာ ရှင်းပြလိုက်သည်။ "မန်နေဂျာကျန်း၊ မနက်က ရှင်လာတုန်းကတော့ ၃ ရက်နေရင် ရပါတယ်။ ဒါပေမဲ့ ရှင်ပြန်သွားပြီးနောက် သူဌေးတွေ၊ မန်နေဂျာတွေ အများကြီး လာချိန်းဆိုသွားကြလို့ပါ။ တကယ်လို့ ရှင် ဆက်ချိန်းဆိုချင်တယ်ဆိုရင် ၅ ရက်နေမှ ရပါတော့မယ်"
မန်နေဂျာကျန်း ဒေါသထွက်လွန်းလို့ မျက်နှာမည်းသွားသည်။
သူ ဒေါသတကြီး ထွက်ခွာသွားပြီးနောက် ရလဒ်က ဒီလိုဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ပေ။
ထောင်ယွမ်ရွာ အပန်းဖြေစခန်း၏ ဥက္ကဌရှောင်က သူ့ကို မတွေ့ချင်လို့ ဆင်ခြေပေးနေတာလို့ပဲ သူ ထင်နေသည်။
ဒါပေမဲ့ မနက်တုန်းက သူကိုယ်တိုင် ထွက်ခွာသွားခဲ့တာလေ။ တစ်ဖက်လူက ဆင်ခြေပေးနေမှန်း သိပေမယ့် သူ ဘာမှပြန်မပြောနိုင်တော့ဘူး။ ကိုယ်တိုင်မှားခဲ့တာကိုး။
မန်နေဂျာကျန်း နားလည်လိုက်သည်။ သူ မာနကို မချရင် ၅ ရက်နေရင်တောင် ဥက္ကဌရှောင်နဲ့ တွေ့ရမှာ မဟုတ်ဘူး။
သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး လေသံပျော့ပျောင်းသွားကာ ပြောလိုက်သည်။ "အတွင်းရေးမှူးချိုး၊ ကျွန်တော့်မှာ တကယ် အရေးကြီးတဲ့ကိစ္စ ရှိလို့ပါ။ ဥက္ကဌရှောင်နဲ့ တွေ့ဖို့ ကူညီပေးပါဦး"
အတွင်းရေးမှူးချိုးက ခေါင်းခါလိုက်သည်။ "တောင်းပန်ပါတယ် မန်နေဂျာကျန်း။ ကျွန်မက အတွင်းရေးမှူးလေးတစ်ယောက်ပဲလေ။ စည်းကမ်းအတိုင်း လုပ်ဆောင်ရတာပါ"
မန်နေဂျာကျန်း မကျေမနပ်ဖြင့် အော်လိုက်သည်။ "အတွင်းရေးမှူးချိုး"
"တောင်းပန်ပါတယ် မန်နေဂျာကျန်း။ ကျွန်မ အလုပ်လုပ်စရာရှိသေးလို့ သွားလိုက်ပါဦးမယ်" အတွင်းရေးမှူးချိုး ပြောပြီးသည်နှင့် ထွက်ခွာသွားလေသည်။ မန်နေဂျာကျန်းတစ်ယောက်တည်း မျက်နှာမည်းကြီးဖြင့် ကျန်ရစ်ခဲ့သည်။
သူ့နောက်မှ လက်အောက်ငယ်သားက သတိထားပြီး မေးလိုက်သည်။ "မန်နေဂျာကျန်း၊ ဥက္ကဌရှောင်က ကျွန်တော်တို့ကို မတွေ့ချင်ဘူးဆိုတော့ ဘယ်လိုလုပ်မလဲ"
မန်နေဂျာကျန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ဘယ်လိုလုပ်ရမလဲ။ တွေ့ရအောင် နည်းလမ်းရှာရမှာပေါ့"
လက်အောက်ငယ်သားက စိုးရိမ်တကြီး ပြောလိုက်သည်။ "ဥက္ကဌရှောင်က နဂါးလိုပဲ။ ခေါင်းပြပြီး အမြီးမပြဘူး။ ကျွန်တော်တို့ ဘယ်လိုတွေ့နိုင်မှာလဲ"
မန်နေဂျာကျန်းက သူ့ကို ငတုံးတစ်ယောက်လို ကြည့်ပြီး မကျေမနပ် ပြောလိုက်သည်။ "ငါ ဘယ်လိုလုပ်ပြီး မင်းလို ငတုံးတစ်ယောက်ကို လက်အောက်ငယ်သားအဖြစ် ခေါ်ထားမိပါလိမ့်။ ဥက္ကဌရှောင်က ဒီမှာ အလုပ်လုပ်နေတာပဲ။ ရုံးမဆင်းဘဲ နေမလား။ ငါတို့ အခု ဧည့်ခန်းမှာ စောင့်နေပြီး ရုံးဆင်းတာနဲ့ တားလိုက်ရင် ရပြီ"
ဖီးနစ်အပန်းဖြေစခန်းရဲ့ ပြဿနာကို တစ်ရက်မဖြေရှင်းနိုင်ရင် တစ်ရက် ဆုံးရှုံးမှုတွေ ရှိနေမှာ။ ၅ ရက်အထိ စောင့်နေရင် ဆုံးရှုံးမှုက ယွမ်သန်းချီ ရှိသွားလိမ့်မယ်။
ဒါကြောင့် သူတို့ စောင့်လို့မရတော့ဘူး။ ထောင်ယွမ်ရွာ အပန်းဖြေစခန်းရဲ့ဥက္ကဌနဲ့ တွေ့ဖို့ နည်းလမ်းရှာရမယ်။
မန်နေဂျာကျန်းနှင့် လက်အောက်ငယ်သားသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်စောင့်နေကြသည်။
.......
အတွင်းရေးမှူးချိုးက ရှောင်လင်းယွီအား သတင်းပို့သည်။ "ဘော့စ်... ဖီးနစ်အပန်းဖြေစခန်းက မန်နေဂျာကျန်းက ဧည့်ခန်းမှာ ထိုင်စောင့်နေတယ်။ ဘော့စ် ရုံးဆင်းတာကို စောင့်ပြီး တားမယ့်ပုံပဲ"
ရှောင်လင်းယွီ လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ "အင်း... သိပါပြီ။ သူတို့ကို ဂရုမစိုက်နဲ့"
"ဟုတ်ကဲ့" အတွင်းရေးမှူးချိုး ခေါင်းညိတ်လိုက်သည်။
.....
လက်အောက်ငယ်သားက အချိန်ကို ကြည့်လိုက်ပြီး သံသယဖြင့် မေးလိုက်သည်။ "မန်နေဂျာကျန်း၊ ၁၂ နာရီခွဲနေပြီ။ ဥက္ကဌရှောင် ရုံးမဆင်းသေးဘူးလား" ပုံမှန်အားဖြင့် ၁၁ နာရီခွဲဆိုရင် ရုံးဆင်းကြပြီ။
မန်နေဂျာကျန်းလည်း နာရီကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် လက်အောက်ငယ်သားကို ပြောလိုက်သည်။ "မင်း ဧည့်ကြိုကောင်တာမှာ သွားမေးကြည့်။ ဥက္ကဌရှောင် ရုံးဆင်းပြီလားလို့"
"ဟုတ်ကဲ့" လက်အောက်ငယ်သား မတ်တတ်ရပ်လိုက်ပြီး ဧည့်ကြိုကောင်တာသို့ သွားကာ ပြုံးလျက် မေးလိုက်ပြီးနောက် ပြန်လာခဲ့သည်။
သူက မန်နေဂျာကျန်းကို ပြောလိုက်သည်။ "မန်နေဂျာကျန်း၊ ဧည့်ကြိုဝန်ထမ်းက ပြောတယ်။ ဥက္ကဌရှောင် ရုံးဆင်းသွားပြီတဲ့။ ၁၂ နာရီတုန်းက ထွက်သွားတာတဲ့"
"ဘာ... ထွက်သွားပြီ ဟုတ်လား" မန်နေဂျာကျန်း မျက်နှာမည်းသွားပြီး ဒေါသထွက်လာသည်။ "၁၂ နာရီတုန်းက ထွက်သွားတာကို ငါတို့ ဘာလို့ သတိမထားမိလိုက်တာလဲ။ တခြားနေရာကနေ ထွက်သွားတာများလား။ ဒီဥက္ကဌရှောင်က တော်တော် လွန်တာပဲ"
လက်အောက်ငယ်သားက ပြောလိုက်သည်။ "မန်နေဂျာကျန်း၊ ဧည့်ကြိုဝန်ထမ်းက ပြောတာတော့ ဒီနေရာကနေပဲ ထွက်သွားတာပါတဲ့"
မန်နေဂျာကျန်း - "......" ဒါဆို သူတို့ စောင့်ကြည့်နေရဲ့သားနဲ့ လူပျောက်သွားတာပေါ့။
လက်အောက်ငယ်သားက မျက်နှာမည်းနေသော မန်နေဂျာကျန်းကို ကြည့်ပြီး သတိထားကာ မေးလိုက်သည်။ "မန်နေဂျာကျန်း၊ အခု ပြန်ကြမလား။ ဒါမှမဟုတ် ညနေကျမှ ပြန်လာကြမလား"
မန်နေဂျာကျန်းက သူ့ကို စောင်းကြည့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ "အရင်ဆုံး တစ်ခုခု သွားစားကြမယ်။ မင်း ဒီမှာ အငတ်ခံပြီး သေချင်လို့လား"
လူတွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ အစားစားဖို့က အရေးကြီးသည်။
လက်အောက်ငယ်သား မျက်လုံးများ အရောင်လက်သွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ "အစားသောက်တန်း သွားစားကြမလား"
စားသောက်တန်းကို တွေးမိတာနဲ့ သွားရည်ကျချင်လာပြီ။
ထောင်ယွမ်ရွာ အပန်းဖြေစခန်းကို ရောက်နေတာ တစ်ရက်ကျော်ပြီ။ သိသင့်တာတွေ သိထားသင့်ပြီ။
လေ့လာပြီးနောက်မှ သူတို့ နားလည်သွားကြသည်။ ထောင်ယွမ်ရွာ အပန်းဖြေစခန်းက ဘာလို့ နာမည်ကြီးပြီး ဧည့်သည်များနေလဲဆိုတာကို။
ဟင်း... သူများ အပန်းဖြေစခန်းက ရှုခင်းရှိတယ်၊ ကစားစရာရှိတယ်၊ အစားအသောက်ကောင်းတယ်။
ဖီးနစ်အပန်းဖြေစခန်းကျတော့ ရှုခင်းမရှိဘူး။ ကွမ်တုန်းပြည်နယ်က ရာသီဥတု ပူနွေးပေမယ့် ဆောင်းရာသီမှာကျတော့ ခြောက်ကပ်ကပ် ဖြစ်နေတယ်။ ကစားစရာတွေကျတော့လည်း ဟောင်းနွမ်းနေတဲ့ အရာတွေပဲ ရှိတယ်။ အသစ်အဆန်း မရှိဘူး။ ကစားတာကြာရင် ငြီးငွေ့သွားမှာပဲ။
အဆိုးဆုံးကတော့ အစားအသောက်ပဲ။
ဖီးနစ်အပန်းဖြေစခန်းမှာလည်း အစားသောက်တန်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီအစားသောက်တန်းက ဗိုက်ဝဖို့ စားရရုံလောက်ပဲ။ ဈေးကြီးပြီး စားလို့မကောင်းဘူး။ တစ်ခါစားပြီးရင် နောက်တစ်ခါ ထပ်စားချင်စိတ် မရှိတော့ဘူး။
ထောင်ယွမ်ရွာ အပန်းဖြေစခန်းကျတော့ အစားအသောက်ကောင်းတာ အွန်လိုင်းမှာ နာမည်ကြီးနေပြီ။ နိုင်ငံအနှံ့က ဧည့်သည်တွေ အများကြီးက အစားအသောက်အတွက် လာကြတာ။ တစ်ခါစားပြီးရင် နေ့တိုင်း လာစားချင်ကြတယ်။
သူ ကြားဖူးတာတော့ ဧည့်သည်တွေ အများကြီးက စားရင်းစားရင်းနဲ့ ဒီမှာ အလုပ်ဝင်လုပ်ချင်စိတ် ပေါက်သွားကြတယ်တဲ့။ အစားအသောက်ရဲ့ ဆွဲဆောင်မှု ဘယ်လောက်ကြီးလဲဆိုတာ သိသာတယ်။
လက်အောက်ငယ်သား တွေးနေမိသည်။ တကယ်လို့ ထောင်ယွမ်ရွာ အပန်းဖြေစခန်းက သူ့ကို ခန့်မယ်ဆိုရင် သူ ချက်ချင်း မန်နေဂျာလက်အောက်ငယ်သား အလုပ်ကထွက်ပြီး ဒီမှာ လာလုပ်တော့မယ်။
လက်အောက်ငယ်သားနှင့် မန်နေဂျာကျန်းတို့ စားသောက်တန်းသို့ ရောက်သောအခါ လူပင်လယ်ကြီးနှင့် တိုးဝှေ့နေသော လူအုပ်ကို မြင်လိုက်ရသည်။ လက်အောက်ငယ်သားက ဘေးနားရှိ အထက်လူကြီးကို သတိထားပြီး ကြည့်လိုက်သည်။
အထက်လူကြီးရဲ့ ခံစားချက်ကို သူ နားလည်ပါတယ်။ ထောင်ယွမ်ရွာ အပန်းဖြေစခန်း ကောင်းလေလေ သူ စိတ်ဆင်းရဲလေလေပဲ။ ဘာပဲဖြစ်ဖြစ် ဖီးနစ်အပန်းဖြေစခန်းရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေက ထောင်ယွမ်ရွာ အပန်းဖြေစခန်းက လာတာကိုး။
ထောင်ယွမ်ရွာ အပန်းဖြေစခန်း ကောင်းလေလေ ဖီးနစ်အပန်းဖြေစခန်း ဆိုးလေလေပဲ။
မွှေးကြိုင်သော အစားအသောက်နံ့များ ရလိုက်သောအခါ လက်အောက်ငယ်သားသည် အထက်လူကြီး၏ မျက်နှာထားကို ဂရုမစိုက်တော့ဘဲ အစားအသောက် လုဝယ်ရန် ဝင်ရောက်သွားလေသည်။
မန်နေဂျာကျန်း၏မျက်နှာထား ပိုမိုမည်းမှောင်သွားသည်။
.....
မန်နေဂျာကျန်းသည် ကုမ္ပဏီတွင် ၃ ရက်ဆက်တိုက် စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် ရှောင်လင်းယွီကို တွေ့ဆုံခွင့် ရရှိလေသည်။
တကယ်တော့ သူတို့ ရှောင်လင်းယွီကို အကြိမ်ကြိမ် တွေ့ခဲ့သော်လည်း မန်နေဂျာကျန်းသည် မာနကြီးလွန်းသဖြင့် ဥက္ကဌရှောင်သည် အမျိုးသမီးတစ်ဦးဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဩော်... ထင်မထားတာ မဟုတ်ပါဘူး။ မိန်းမတစ်ယောက်က ထောင်ယွမ်ရွာ အပန်းဖြေစခန်းကို ဒီလောက်ကောင်းအောင် စီမံခန့်ခွဲနိုင်လိမ့်မယ်လို့ သူ မထင်ခဲ့တာ။
၂ ရက်လောက် စောင့်ပြီး လူမတွေ့ရတော့ လက်အောက်ငယ်သားက ဧည့်ကြိုကောင်တာမှာ သွားမေးကြည့်လိုက်မှ ဥက္ကဌရှောင်က မိန်းမတစ်ယောက်ဖြစ်ပြီး အရမ်းလှတယ်ဆိုတာ သိလိုက်ရတယ်။ ဒါကြောင့် မန်နေဂျာကျန်းကို သတင်းပို့လိုက်တာ။
စတုတ္ထမြောက်နေ့ မနက်ပိုင်းတွင် မန်နေဂျာကျန်းသည် ရှောင်လင်းယွီကို တားဆီးနိုင်ခဲ့သည်။
"ဥက္ကဌရှောင်... တော်တော် စောင့်လိုက်ရတယ်ပဲ။" မန်နေဂျာကျန်းက ပြုံးပြနေသော်လည်း မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လွင်နေသည်။ အလှောင်ခံရသလို ခံစားနေရသည်။
ရှောင်လင်းယွီ မျက်ခုံးပင့်လိုက်ပြီး သံသယဖြင့် မေးလိုက်သည်။ "ဘယ်သူလဲ မသိဘူး"
ချက်ချင်းဆိုသလို မန်နေဂျာကျန်းသည် လေထဲ လက်သီးထိုးလိုက်ရသလို ခံစားလိုက်ရသည်။
မန်နေဂျာကျန်း အံကြိတ်ကာ ပြောလိုက်သည်။ "ကျွန်တော်က ဖီးနစ်အပန်းဖြေစခန်းရဲ့ အထွေထွေမန်နေဂျာ ကျန်းယွမ်ခွေပါ။ ဥက္ကဌရှောင်က တကယ်အလုပ်များတာပဲ။ လူတောင် မတွေ့နိုင်ဘူး"
"ဩော် မန်နေဂျာကျန်းပါလား။ တွေ့ရတာ ဝမ်းသာပါတယ်" ရှောင်လင်းယွီက ပြုံးကာ ပြောလိုက်သည်။
မန်နေဂျာကျန်းသည် ရှောင်လင်းယွီ၏ အေးစက်သော မျက်နှာထားကို ကြည့်ပြီး ဒေါသထွက်လာသည်။
ဥက္ကဌရှောင်က သူ ဘယ်သူလဲဆိုတာ မသိဘူးလို့ သူ လုံးဝမထင်ပါဘူး။ သူတို့ ကုမ္ပဏီဧည့်ခန်းမှာ စောင့်နေတာကို မသိဘူးလို့လည်း မထင်ပါဘူး။ ဒါပေမဲ့ သူမက မမြင်ချင်ယောင်ဆောင်ပြီး သူ့ကို လှောင်ပြောင်နေတာ။
ဟင်း... ဒီမိန်းမ တကယ် တော်တာပဲ။
စောင့်ကြည့်နေလိုက်။
ဖီးနစ်အပန်းဖြေစခန်းရဲ့ အကျပ်အတည်းကို ဖြေရှင်းပြီးရင် ငါ မင်းနဲ့ စာရင်းရှင်းမယ်။
မန်နေဂျာကျန်းက အပြုံးတုဖြင့် ပြောလိုက်သည်။ "ဥက္ကဌရှောင်က တကယ် အလုပ်များတာပဲ။ ကျွန်တော် ဥက္ကဌရှောင်နဲ့ တွေ့ချင်လို့ ချိန်းဆိုတာ ၃၊ ၄ ကြိမ်ရှိပြီ။ မရဘူး"
ရှောင်လင်းယွီက ပြန်ပြောလိုက်သည်။ "အင်း နှစ်သစ်ကူးပိတ်ရက်ဆိုတော့ ကုမ္ပဏီမှာ အလုပ်နည်းနည်း များနေတယ်"
မန်နေဂျာကျန်း - "......" ရင်ဘတ်ကို မြားနဲ့ အပစ်ခံလိုက်ရသလိုပဲ။
ထောင်ယွမ်ရွာ အပန်းဖြေစခန်း စီးပွားရေးကောင်းနေချိန်မှာ ဖီးနစ်အပန်းဖြေစခန်းကတော့ ခြောက်ကပ်ပြီး ယာယီပိတ်သိမ်းရတဲ့အထိ ဖြစ်နေရတယ်။
ရှောင်လင်းယွီ တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ မေးလိုက်သည်။ "ဒါနဲ့ မန်နေဂျာကျန်း၊ ကျွန်မကို ဘာကိစ္စနဲ့ လာရှာတာလဲ"
မန်နေဂျာကျန်းသည် ပတ်ဝန်းကျင်မှ လူအုပ်ကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ မျက်နှာပေါ်တွင် ရိုးသားသော အမူအရာ ပေါ်လာပြီး ပြောလိုက်သည်။ "လွန်ခဲ့တဲ့ရက်ပိုင်းက အွန်လိုင်းမှာ ဖီးနစ်အပန်းဖြေစခန်းက ထောင်ယွမ်ရွာ အပန်းဖြေစခန်းကို လုပ်ကြံတယ်ဆိုတဲ့ သတင်း ထွက်လာတယ်။ ကျွန်တော် အဲဒီကိစ္စအတွက် လာတာပါ"
"ဩော်..." ရှောင်လင်းယွီ မျက်နှာထား အေးစက်သွားပြီး ပြောလိုက်သည်။ "အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတွေက အမှန်တရားကို ဖော်ထုတ်ပြီးပါပြီ။ မမဟွာနဲ့ ဝမ်ဝူတို့အဖွဲ့က လူတစ်ယောက်ရဲ့ ခိုင်းစေမှုကြောင့် ထောင်ယွမ်ရွာ အပန်းဖြေစခန်းကို လုပ်ကြံခဲ့တာပါ။ ကံကောင်းလို့ ဝမ်ဝူ မတော်တဆဖြစ်ပြီး အမှန်တရား ပေါ်ပေါက်သွားတာ။ မဟုတ်ရင် ထောင်ယွမ်ရွာ အပန်းဖြေစခန်း တကယ် ပြဿနာတက်ပြီး နာမည်ပျက်သွားနိုင်တယ်။ ရဲတွေရဲ့စစ်ဆေးချက်အရ မမဟွာနဲ့ ဝမ်ဝူတို့အဖွဲ့က ဖီးနစ်အပန်းဖြေစခန်းက တာဝန်ရှိသူတစ်ဦးရဲ့ခိုင်းစေမှုကြောင့်လုပ်ခဲ့တာပါ"
ထို့နောက် ရှောင်လင်းယွီ ခေတ္တရပ်နားလိုက်ပြီး မန်နေဂျာကျန်းကို စူးရှစွာကြည့်ကာ မေးလိုက်သည်။ "မန်နေဂျာကျန်းက ထောင်ယွမ်ရွာ အပန်းဖြေစခန်းကိုလုပ်ကြံဖို့ သူတို့ကို ခိုင်းလိုက်တာလား"
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ပါဘူး" မန်နေဂျာကျန်း ချက်ချင်း ငြင်းလိုက်သည်။ "သူတို့က လုပ်ငန်းလည်ပတ်ရေးမန်နေဂျာရဲ့ခိုင်းစေမှုကြောင့် လာကြတာပါ။ ကျွန်တော် အခု ဒီကိစ္စအတွက် လာတာပါ။ အဲဒီ လုပ်ငန်းလည်ပတ်ရေးမန်နေဂျာကို ကျွန်တော် အလုပ်ထုတ်လိုက်ပါပြီ။ ဒါပေမဲ့ သူ့ရဲ့အထက်လူကြီးအနေနဲ့ လူရွေးမှားခဲ့တဲ့အတွက် ကျွန်တော် တာဝန်ယူရပါမယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော် ဥက္ကဌရှောင်နဲ့ ထောင်ယွမ်ရွာ အပန်းဖြေစခန်းကို ရိုးသားစွာ လာရောက်တောင်းပန်တာပါ။ ဥက္ကဌရှောင် ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်"
လုပ်ငန်းလည်ပတ်ရေးမန်နေဂျာက အမဲခံလိုက်ရပြီဆိုတာ သိသာနေသည်။
လုပ်ငန်းလည်ပတ်ရေးမန်နေဂျာ တကယ် အလုပ်ထုတ်ခံလိုက်ရခြင်းဖြစ်သည်။
"တောင်းပန်တယ်... ခွင့်လွှတ်ပါ ဟုတ်လား" ရှောင်လင်းယွီ ပတ်ဝန်းကျင်ကို မကြည့်ဘဲ အေးစက်စွာ ရယ်မောလိုက်သည်။ "ကိစ္စတိုင်းကို တောင်းပန်တယ်၊ ခွင့်လွှတ်တယ်ဆိုတဲ့ စကားနဲ့ ဖြေရှင်းလို့ရရင် ရဲတွေ ဘာလုပ်ဖို့ ရှိတော့မှာလဲ။ သူတို့ကို ဘယ်သူခိုင်းခိုင်း ကျွန်မ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ခိုင်းတဲ့သူက ရှင်တို့ ဖီးနစ်အပန်းဖြေစခန်းက လူပဲ။ ရှင်တို့ ကံမကောင်းလို့ အမှန်တရား ပေါ်ပေါက်သွားတာ။ မန်နေဂျာကျန်း၊ စဉ်းစားကြည့်ပါဦး။ တကယ်လို့ ရှင်တို့ ဖီးနစ်အပန်းဖြေစခန်းက တကယ် လုပ်ကြံနိုင်ခဲ့ရင် ကျွန်မတို့ ထောင်ယွမ်ရွာက ဘယ်လိုအခြေအနေမျိုး ကြုံတွေ့ရမလဲ။ နာမည်ဂုဏ်သတင်း ကျဆင်းသွားပြီး စီးပွားရေး ဘယ်လောက်ထိခိုက်မလဲဆိုတာ မန်နေဂျာကျန်း မသိဘဲနေမလား"
မန်နေဂျာကျန်း ဘာမှမပြောတော့ပေ။
"အမှားလုပ်ရင် တန်ရာတန်ကြေး ပေးဆပ်ရမယ်" ရှောင်လင်းယွီ ပြတ်သားစွာ ပြောလိုက်သည်။
မန်နေဂျာကျန်း မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။ သူ မေးလိုက်သည်။ "ဒါဆို ခင်ဗျားက ကျွန်တော့်တောင်းပန်မှုကို လက်မခံဘူး။ ခွင့်လွှတ်ဖို့ အစီအစဉ် မရှိဘူးပေါ့"
"ဟားဟား..." ရှောင်လင်းယွီ ရယ်မောလိုက်သည်။ "မန်နေဂျာကျန်း၊ ရှင် ကျွန်မကို လာနောက်နေတာ မဟုတ်လား။ ရှင်က ကျွန်မ အလုပ်သွားတဲ့လမ်းမှာ တားပြီး စကားလုံးလှလှလေး နှစ်ခွန်းသုံးခွန်း ပြောလိုက်ရုံနဲ့ လုပ်ကြံခဲ့တဲ့ကိစ္စကို ခွင့်လွှတ်ပေးရမှာလား။ ရှင့်တောင်းပန်မှုက ဈေးပေါလွန်းမနေဘူးလား။ လူသတ်သမားက လူသတ်ပြီးတော့ တောင်းပန်ပါတယ်၊ ကျွန်တော် မှားသွားပါပြီ၊ ခွင့်လွှတ်ပေးပါလို့ ပြောလိုက်ရုံနဲ့ ပြစ်ဒဏ်က လွတ်ကင်းသွားရောလား"
"ဒါက မတူဘူးလေ" မန်နေဂျာကျန်း ဒေါသတကြီး ပြောလိုက်သည်။ "ပြီးတော့ အောင်မြင်သွားတာမှ မဟုတ်တာ"
"အဲဒါက ရှင်တို့ ကံမကောင်းလို့လေ။ ဝမ်ဝူက လဲကျသွားပြီး အိတ်ကပ်ထဲက ညစ်ပတ်တဲ့ ပစ္စည်းတွေ ထွက်ကျလာလို့လေ" ရှောင်လင်းယွီ ပြန်လည်ချေပလိုက်သည်။ "ဒါပေမဲ့ ကျွန်မအတွက်ကတော့ အမှားလုပ်ရင် အမှားလုပ်တာပဲ။ အမှားလုပ်တဲ့သူက တန်ရာတန်ကြေး ပေးဆပ်ရမယ်။ တောင်းပန်ပါတယ်လို့ပြောရုံနဲ့ သူများခံစားခဲ့ရတဲ့ နာကျင်မှုကို ကုစားလို့မရဘူး"
မန်နေဂျာကျန်း ဒေါသထွက်သွားသည်။ ထောင်ယွမ်ရွာ အပန်းဖြေစခန်း မန်နေဂျာက သဘောထားကြီးသူ မဟုတ်လိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး။
ကုမ္ပဏီကြီးတစ်ခုရဲ့ မန်နေဂျာအနေနဲ့ သဘောထားကြီးသင့်တယ်။ အထူးသဖြင့် လူအများရှေ့မှာ မျက်နှာရဖို့အတွက် ခွင့်လွှတ်ပေးလိုက်တဲ့ပုံစံ လုပ်ပြသင့်တယ်။ ဒါမှ လူတွေ ချီးကျူးကြမှာ။
ဒါပေမဲ့ ဒီလူက အဲဒီလို မလုပ်ဘူး။
တိုက်ရိုက် ခွင့်မလွှတ်ဘူးလို့ မပြောပေမယ့် စကားလုံးတိုင်းက ခွင့်မလွှတ်ဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေတယ်။
မန်နေဂျာကျန်း ဒေါသတကြီး မေးလိုက်သည်။ "ဒါဆို ခင်ဗျား ကျွန်တော့်ကို ဘယ်လိုလုပ်စေချင်လဲ။ ဘယ်လိုလုပ်မှ ခွင့်လွှတ်မှာလဲ"
ရောက်မှတော့ ဇာတ်လမ်းဆုံးအောင် ကပြရမှာပေါ့။
"ကျွန်မ ထူးဆန်းနေတာတစ်ခုက..." ရှောင်လင်းယွီ အေးဆေးစွာ ပြောလိုက်သည်။ "မန်နေဂျာကျန်း၊ ရှင် ဘာလို့ ဒီနေရာ၊ ဒီအချိန်ကို ရွေးချယ်ပြီး ကျွန်မ ခွင့်လွှတ်ဖို့ တောင်းဆိုနေရတာလဲ။ ပြီးတော့ အမှားလုပ်တာက ရှင်တို့လေ။ အခု ရှင်က မေးခွန်းထုတ်နေတာက ကျွန်မ ခွင့်မလွှတ်ရင်ပဲ အပြစ်ရှိသလို ဖြစ်နေပြီ။ ရှင်တို့မှာ ဘာရည်ရွယ်ချက် ရှိနေတာလဲ" နောက်ဆုံးစကားကို သူမ စူးရှစွာ မေးလိုက်သည်။
မန်နေဂျာကျန်း ကြောင်အသွားပြီးနောက် သတိဝင်လာကာ ခေါင်းခါလိုက်သည်။ "ဘာ... ဘာမှ..."
"ဟားဟား... ဘာမှ မဟုတ်ဘူး။ ဘာရည်ရွယ်ချက်မှ မရှိဘူး ဟုတ်လား" ရှောင်လင်းယွီက သူ့အစား ဆက်ပြောလိုက်သည်။ "ကျွန်မထင်တာတော့ မန်နေဂျာကျန်းက ကြိုတင်စီစဉ်ထားပြီးသားနေမှာပါ။ ဒီမှာ ရှင်တို့က ကျွန်မကိုတားပြီး တောင်းပန်နေတယ်။ ဟိုမှာ လူတစ်ယောက်ယောက်က အွန်လိုင်းမှာ တင်ဖို့ ဗီဒီယိုရိုက်နေလောက်ပြီ။ ခေါင်းစဉ်တောင် ရွေးပြီးလောက်ပြီ။ ကျွန်မ ခွင့်လွှတ်လွှတ်၊ မလွှတ်လွှတ်... ရှင်တို့ကတော့ သဘောထားပြပြီးပြီ။ အွန်လိုင်းမှာ တင်လိုက်ရင် အွန်လိုင်းသုံးစွဲသူတွေရဲ့ နားလည်ခွင့်လွှတ်မှုကို ရနိုင်တယ်။ ဒါမှမဟုတ် ကျွန်မကို သဘောထားသေးသိမ်တယ်ဆိုပြီး ဝေဖန်တိုက်ခိုက်ကြလိမ့်မယ်။ အဲဒီလိုဆိုရင် ဖီးနစ်အပန်းဖြေစခန်းရဲ့ နာမည်ဂုဏ်သတင်းကို ပြန်ဆယ်နိုင်မယ်။ တစ်ချိန်တည်းမှာ ထောင်ယွမ်ရွာ အပန်းဖြေစခန်းရဲ့ နာမည်ဂုဏ်သတင်းက ကျွန်မရဲ့ကိုယ်တွယ်ဖြေရှင်းပုံ ညံ့ဖျင်းမှုကြောင့် ထိခိုက်သွားနိုင်တယ်။ ဒါဆိုရင် ရှင်တို့ ဖီးနစ်အပန်းဖြေစခန်းက ပြန်လည်အသက်ဝင်လာမှာပေါ့။ ဟုတ်တယ်မလား မန်နေဂျာကျန်း"
မန်နေဂျာကျန်း - "......"
အားလုံး - "......"
စကားလုံးတွေက စူးရှပြီး တိုက်ရိုက်ကျလိုက်တာ။
တကယ် ရက်စက်တာပဲ။
***