မူကြိုကျောင်းတက်ခြင်း ၁
Vol. 49 Ch. 794
နှစ်ဝက်အတွင်း ရှောင်လင်းယွီသည် တောင်ပိုင်းဒေသအပြင် အခြားဒေသကြီး ၆ ခုတွင်လည်း အပန်းဖြေစခန်းများကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။
ထောင်ယွမ်ရွာအပန်းဖြေစခန်းမှလွဲ၍ အခြားအပန်းဖြေစခန်းတိုင်းတွင် သီးသန့်ထူးခြားချက်များ ရှိကြသည်။
ထိုအပန်းဖြေစခန်းများသည် ခရီးသွားလုပ်ငန်းအတွက်သာမက ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် သီးနှံများ စိုက်ပျိုးရာနေရာများလည်းဖြစ်သည်။
ထိုအပန်းဖြေစခန်းများတွင် ရှောင်လင်းယွီ ရင်းနှီးမြှုပ်နှံထားသော ငွေပမာဏသည် ယွမ် ၁၀ ဘီလီယံကျော်ရှိနေပြီဖြစ်သည်။
ဖီးနစ်တောင်တန်း Green Fresh အပန်းဖြေစခန်းကဲ့သို့ အဆင်သင့်ဖြစ်နေသော အခြေအနေမျိုး နေရာတိုင်းတွင် မရှိသောကြောင့် ရင်းနှီးမြှုပ်နှံမှုတွင် အချိန်ကုန်၊ ငွေကုန် သက်သာခဲ့သည်။
အခြားနေရာများတွင်မူ မြေနေရာရွေးချယ်ခြင်းမှစ၍ တည်ဆောက်ခြင်းအထိ ကြီးမားသော စီမံကိန်းတစ်ခုဖြစ်ပြီး အချိန်၊ လူအင်အားနှင့် ငွေကြေးများစွာ ကုန်ကျသည်။
သို့သော် အပန်းဖြေစခန်းများ၏ထူးခြားချက်မှာ ရွေးချယ်ထားသော နေရာများသည် ဝေးလံခေါင်သီသော ကျေးလက်ဒေသများဖြစ်သောကြောင့် မြေဝယ်ယူခြင်း သို့မဟုတ် ငှားရမ်းခြင်း စရိတ်စကမှာ မြို့ပြနှင့်ယှဉ်လျှင် အများကြီး သက်သာသည်။ ထို့အပြင် ရွာသားများအတွက် ရွှေ့ပြောင်းကြေးမှာလည်း မြို့ပြရှိ သန်းချီကုန်ကျသော လျော်ကြေးများနှင့်ယှဉ်လျှင် အများကြီး နည်းပါးသည်။
ရှောင်လင်းယွီက သူတို့ကို ခေါင်းပုံဖြတ်ခြင်း မဟုတ်ပါ။ ဒေသဈေးနှုန်းအတိုင်း လျော်ကြေးပေးခြင်းသာဖြစ်သည်။
ရှောင်လင်းယွီသည် စီးပွားရေးသမားတစ်ဦးဖြစ်သည်။ စိတ်ထားကောင်းမွန်ပြီး ကျင့်ဝတ်ရှိသော စီးပွားရေးသမားတစ်ဦး ဖြစ်သော်လည်း ငွေစက္ကူရိုက်နှိပ်စက်ကဲ့သို့ ငွေများကို ဖြုန်းတီးပစ်မည့် သူတော်ကောင်းတစ်ဦး မဟုတ်ပေ။
ရိုင်းရိုင်းပြောရလျှင် သူမသည် ငွေဖြုန်းတီးသူ မဟုတ်ပေ။ သူတို့ ဆင်းရဲတာနဲ့ပဲ သူမက ဘာလို့ ပိုက်ဆံအများကြီး ပေးရမှာလဲ။
တည်ဆောက်ရေးလုပ်ငန်းစဉ်အတွင်း ပဋိပက္ခများစွာ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် ရွာသားအချို့က လျော်ကြေးနည်းသည်ဟု ထင်မြင်ကာ ခေါင်းမာစွာဖြင့် ဈေးတင်တောင်းဆိုခြင်းများ ရှိခဲ့သည်။
တကယ် မဖြေရှင်းနိုင်သော ပြဿနာများမှလွဲ၍ ရှောင်လင်းယွီသည် တာဝန်ရှိသူများကို လွှဲအပ်ပေးထားသည်။
သူမသည် ကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်သည်။ ပြဿနာတိုင်းကို ကိုယ်တိုင်ဖြေရှင်းနေရလျှင် မန်နေဂျာများ ငှားရမ်းထားခြင်းက အလကားဖြစ်သွားပေလိမ့်မည်။
အပန်းဖြေစခန်းများ တည်ဆောက်ပြီးစီးသွားပြီ။ ထောင်ယွမ်ရွာ အပန်းဖြေစခန်းကဲ့သို့ အရည်အသွေးကောင်းမွန်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ စိုက်ပျိုးရန်အတွက် ထောင်ယွမ်ရွာမှ စမ်းရေ၊ မျိုးစေ့နှင့် ပျိုးပင်များကို သယ်ယူလာခဲ့သည်။ လူအများက သံသယဝင်ကြသော်လည်း ၎င်းသည် စီးပွားရေးလျှို့ဝှက်ချက်ဖြစ်ကြောင်း သိနားလည်ကြသည်။
ကြည်လင်သော အရည်သည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို အရသာထူးကဲစေသော လျှို့ဝှက်ချက်ဖြစ်နိုင်ကြောင်း သူတို့ သိကြသည်။
သို့သော် ထိုအရည်သည် မည်သည့်အရာဖြစ်ကြောင်း သူတို့ မသိနိုင်ပေ။
တစ်နေ့တွင် လျှို့ဝှက်ချက် ပေါက်ကြားလာနိုင်သော်လည်း ထိုအချိန်ရောက်လျှင် သူတို့သည် ငွေအမြောက်အမြား ရှာဖွေပြီးနေလောက်ပြီဖြစ်သည်။
ကုန်ထုတ်လုပ်မှုအပိုင်း ပြီးစီးသွားပြီဖြစ်ရာ အရောင်းပိုင်းကို တည်ဆောက်ရမည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ၊ အထူးသဖြင့် သစ်သီးများသည် သက်တမ်းတစ်ခု စောင့်ရသည်။
စမ်းရေ၏အာနိသင်ကြောင့် ကြီးထွားနှုန်း မြန်ဆန်သော်လည်း အများအပြား ထွက်ရှိလာရန်အတွက် အနည်းဆုံး ၂ လ၊ ၃ လခန့် ကြာမြင့်မည်ဖြစ်သည်။
ထိုကြားကာလ ၂ လ၊ ၃ လအတွင်း စူပါမားကတ်များအတွက် နေရာရွေးချယ်ရမည်။
ရွေးချယ်ထားသော ဒေသကြီးများကို ဗဟိုပြုပြီး မြို့ကြီးများတွင် ဆိုင်ခွဲများ ဖွင့်လှစ်ရမည်။
ဘယ်လောက်ပဲ ဆင်းရဲတဲ့နေရာဖြစ်ဖြစ် သူဌေးတွေ ရှိစမြဲပါ။
ရှောင်လင်းယွီ၏ရည်မှန်းချက်မှာ မြို့ကြီးတိုင်းတွင် ဆိုင်ခွဲတစ်ခု ဖွင့်လှစ်ရန် ဖြစ်သည်။
ထို့ကြောင့် ယခုအကြိမ် ဖွင့်လှစ်မည့် ဆိုင်ခွဲအရေအတွက်မှာ တစ်ဆိုင်နှစ်ဆိုင် မဟုတ်ဘဲ ရာနှင့်ချီ ရှိမည်ဖြစ်သည်။ ထို့ကြောင့် သဘာဝကျကျပင် ငွေကြေးအမြောက်အမြား လိုအပ်လာသည်။
သို့သော် စူပါမားကတ် ဆိုင်ခန်းများ ဝယ်ယူခြင်း သို့မဟုတ် ငှားရမ်းခြင်း စရိတ်စကသည် အပန်းဖြေစခန်း တည်ဆောက်ခြင်းနှင့်ယှဉ်လျှင် အများကြီး သက်သာသည်။ အကြီးမားဆုံး ပြဿနာမှာ ဝန်ထမ်းခေါ်ယူခြင်းပင်။
ထောင်ယွမ်ရွာ Green Fresh စူပါမားကတ်သည် ဝန်ထမ်းခေါ်ယူရာတွင် စိတ်နေသဘောထားကို ပထမဦးစားပေးပြီး အရည်အချင်းကို ဒုတိယထားသည်။ ကာလတိုအတွင်း လူတစ်ယောက်၏ စိတ်နေသဘောထားကို အကဲခတ်ရန် ခက်ခဲသည်။
ထောင်ယွမ်ရွာအပန်းဖြေစခန်းနှင့် စူပါမားကတ်၏ နာမည်ကျော်ကြားမှု၊ ကောင်းမွန်သော ခံစားခွင့်များကြောင့် လူအများအပြား လာရောက်လျှောက်ထားကြသည်။ ရိုးရိုးဝန်ထမ်းမှသည် အရာရှိကြီးများအထိ လူအများအပြား လာရောက်ကြသည်။
အချို့က အခွင့်အရေးကို အသုံးချလိုကြသည်။
ထောင်ယွမ်ရွာ Green Fresh စူပါမားကတ်မှ ပစ္စည်းများသည် အရသာရှိပြီး ရောင်းအားကောင်းကြောင်း သူတို့ ကြားသိထားကြသည်။ အထူးသဖြင့် ဦးသူယူစနစ်ကြောင့် သူဌေးများနှင့် အာဏာရှိသူများပင် လူလွှတ်ပြီး တန်းစီခိုင်းရသည်။
ထို့ကြောင့် လုံ့လဝီရိယရှိသော သာမန်ပြည်သူများသည် ဝယ်ယူစားသုံးချင်ပါက စောစောထပြီး တန်းစီရုံသာရှိသည်။
သို့သော် သူဌေးဖြစ်စေ၊ သာမန်လူဖြစ်စေ နေ့တိုင်း ကံကောင်းပြီး ဝယ်ယူနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် နေ့တိုင်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို စားချင်ပါက ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
စူပါမားကတ်တွင် ဝန်ထမ်းစားသောက်ခန်းရှိပြီး ချက်ပြုတ်သောဟင်းသီးဟင်းရွက်များသည် အတွင်းမှရရှိသော ပစ္စည်းများဖြစ်သည်။
နေ့တိုင်း အစားကောင်းစားရဖို့အတွက် လစာနည်းနည်း လျော့သွားလည်း သူတို့ ကြည်ဖြူကြသည်။
ထို့အပြင် ထောင်ယွမ်ရွာ Green Fresh စူပါမားကတ်၏ ဝန်ထမ်းများသည် ခံစားခွင့်ကောင်းမွန်ပြီး လစာများပြားကြောင်း နာမည်ကြီးသည်။
စူပါမားကတ် ရိုးရိုးဝန်ထမ်းတစ်ဦး၏ လစာသည် အခြေခံလစာနှင့် ကော်မရှင်အပါအဝင် တစ်လလျှင် ၄၀၀၀၊ ၅၀၀၀ ယွမ် ရရှိသည်။ အခြားစားသောက်ဆိုင် ဝန်ထမ်းများ၊ စူပါမားကတ် ဝန်ထမ်းများနှင့် ယှဉ်လျှင် လစာနှစ်ဆခန့် များပြားသည်။
ထို့အပြင် ထောင်ယွမ်ရွာ Green Fresh စူပါမားကတ်၏အလုပ်ချိန်သည် အခြားစူပါမားကတ်များထက် နည်းပါးသည်။ မနက် ၆ နာရီခွဲမှ နေ့လည် ၁ နာရီခွဲအထိ ၇ နာရီသာ လုပ်ရသည်။
အလုပ်ချိန်နည်းပြီး လစာကောင်း၊ ခံစားခွင့်ကောင်းသော နေရာမျိုးကို ဘယ်သူက မလိုချင်ဘဲ နေမလဲ။
သို့သော် သူတို့ ဒီလောက်ကောင်းမွန်တဲ့ အခွင့်အရေး ပေးထားမှတော့ လူရွေးချယ်မှုအပိုင်းမှာလည်း စေ့စပ်သေချာမှာပေါ့။
ထောင်ယွမ်ရွာ Green Fresh စူပါမားကတ်ထဲ ဝင်ရောက်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး။ ကံကောင်းလို့ ဝင်ခွင့်ရသွားတဲ့လူတွေတောင် ခဏနေရင် အလုပ်ထုတ်ခံရနိုင်တယ်။
အလုပ်ထုတ်ခံရတဲ့လူတွေကို ကြည့်ပြီး လုပ်ငန်းခွင်အတွင်းမှာ နားလည်ထားကြတာက ဒီလူတွေရဲ့ စိတ်နေသဘောထား မကောင်းလို့ ဖြစ်မယ်ဆိုတာပါပဲ။
စူပါမားကတ်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေက တခြားအမှားတွေ လုပ်မိရင်၊ ဧည့်သည်တွေကို စိတ်ဆိုးအောင် လုပ်မိရင်တောင် ခွင့်လွှတ်ပေးပြီး အခွင့်အရေး ပေးတတ်ကြတယ်။ ဒါပေမဲ့ စိတ်နေသဘောထားနဲ့ပတ်သက်တဲ့ အမှားမျိုးကျရင်တော့ ချက်ချင်း အလုပ်ထုတ်ပစ်လိုက်တာ။
ဘယ်လိုစိတ်နေသဘောထားမျိုးကို ဆိုလိုတာလဲဆိုတာတော့ စူပါမားကတ်မှာ ကိုယ်ပိုင်စံနှုန်းတွေ ရှိမှာပေါ့။ ပြင်ပလူတွေကတော့ နားလည်နိုင်မှာ မဟုတ်ဘူး။
"ဘော့စ် ဒေသအသီးသီးက စူပါမားကတ် မန်နေဂျာတွေက ဝန်ထမ်းခေါ်ယူမှု အခြေအနေတွေကို တင်ပြလာပါတယ်" ရှောင်လင်းယွီ၏အတွင်းရေးမှူးက အစီရင်ခံစာများကို ပေးအပ်လိုက်သည်။
ရှောင်လင်းယွီသည် အစီရင်ခံစာများကို လျင်မြန်စွာ ဖတ်ရှုလိုက်ပြီး ခေါင်းညိတ်ကာပြောလိုက်သည်။ "အင်း... ကောင်းတယ်။ ဝန်ထမ်းတွေကို အမြန်ဆုံး သင်တန်းပေးဖို့ အကြောင်းကြားလိုက်ပါ"
"ဟုတ်ကဲ့... ဘော့စ်" အတွင်းရေးမှူး ပြန်ဖြေလိုက်သည်။
အတွင်းရေးမှူး တံခါးဝသို့ ရောက်သောအခါ ဝင်လာသော ကုန်းထျန်းဟောက်ကို တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားပြီး လေးစားစွာ နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ မစ္စတာကုန်း"
ကုန်းထျန်းဟောက်က ခေါင်းညိတ်ပြလိုက်ပြီး ရုံးခန်းထဲသို့ ဝင်သွားလေသည်။
ရှောင်လင်းယွီသည် ကုန်းထျန်းဟောက် ဝင်လာသည်ကို မြင်သောအခါ မျက်လုံးများ အရောင်လက်သွားပြီး ဝမ်းသာအားရ မေးလိုက်သည်။ "လောင်ကုန်း၊ ဘာလို့ ပြန်လာတာလဲ"
ကုန်းထျန်းဟောက်က ပြုံးလျက် ပြောလိုက်သည်။ "ကိုယ့်ဇနီးလေးကို မတွေ့ရတာ ကြာလို့ လာတွေ့တာလေ။ မရဘူးလား"
ပြောပြီးသည်နှင့် သူသည် ရှောင်လင်းယွီ၏နောက်သို့သွားပြီး ပခုံးပေါ်လက်တင်ကာ ကျွမ်းကျင်စွာ နှိပ်နယ်ပေးလိုက်သည်။
ရှောင်လင်းယွီ၏မျက်နှာပေါ်မှ ပင်ပန်းနွမ်းနယ်မှုများကို ကြည့်ပြီး သူ စိတ်မကောင်းဖြစ်သွားသည်။ "ယွီအာ၊ မင်း အလုပ်များနေမှန်း သိပါတယ်။ ဒါပေမဲ့ ကျန်းမာရေးကို ဂရုစိုက်ဦးလေ။ ကြည့်ပါဦး၊ မျက်ကွင်းတွေ ညိုနေပြီ။ တစ်နေ့ ဘယ်နှစ်နာရီအိပ်လဲ"
ရှောင်လင်းယွီ ပြန်မဖြေရသေးမီ သူက ဆက်ပြောသည်။ "မဖြစ်ဘူး၊ ကိုယ် ပြန်လာပြီး နေ့တိုင်း စောင့်ကြည့်မှ ရတော့မယ်။ မဟုတ်ရင် မင်းက နေ့တိုင်း အလုပ်တွေဖိလုပ်နေတော့ ပင်ပန်းပြီး လဲသွားလိမ့်မယ်"
ရှောင်လင်းယွီသည် ထိုင်ခုံနောက်မှီကို မှီလိုက်ပြီး ခင်ပွန်းသည်၏ နှိပ်နယ်ပေးမှုကို ခံယူကာ မျက်လုံးမှိတ်ထားလိုက်သည်။ သူမ ပြုံးလျက် ပြောလိုက်သည်။ "ရှင်က ည ၉ နာရီထိုးတာနဲ့ ဖုန်းဆက်ပြီး အိပ်ခိုင်းနေတာပဲ။ အိပ်ရေးဝတော့ အားအင်တွေ ပြည့်နေတာ။ ဘယ်မှာ ပင်ပန်းလို့လဲ"
ကုန်းထျန်းဟောက်က ပြောလိုက်သည်။ "ငြင်းမနေနဲ့။ မျက်ကွင်းညိုနေတာ မမြင်ဘူးလား။ အိပ်ရေးမဝလို့ ဖြစ်တာလေ"
ရှောင်လင်းယွီသည် စားပွဲအံဆွဲထဲမှ မှန်အသေးလေးတစ်ချပ် ထုတ်ယူလိုက်ပြီး ကြည့်လိုက်သည်။ မျက်ကွင်းညိုနေသောနေရာကို လက်ဖြင့် စမ်းကြည့်ပြီး ရယ်မောကာ ပြောလိုက်သည်။ "ဟုတ်သားပဲ၊ ညိုနေတာပဲ"
"......"
ကုန်းထျန်းဟောက် စိတ်မကောင်းစွာဖြင့် "ယွီအာ၊ အလုပ်ဆိုတာ တဖြည်းဖြည်းချင်း လုပ်လို့ရပါတယ်။ ဒီလောက်ထိ ပင်ပန်းခံစရာ မလိုပါဘူး။ မင်း အခု တော်တော် လုပ်နိုင်နေပါပြီ။ ၃ နှစ်၊ ၄ နှစ်အတွင်းမှာ ကုမ္ပဏီသေးသေးလေးကနေ ဘီလီယံချီတန်တဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်လာတာ တကယ်တော်လွန်းနေပါပြီ"
ရှောင်လင်းယွီက ရယ်မောကာ ပြောလိုက်သည်။ "အဲ့ဒါတော့ မပြောနဲ့လေ၊ ကျွန်မမှာ ရွှေလက်ချောင်း (အထူးစွမ်းရည်) ရှိတယ်လေ။ ပြီးတော့ ယောကျ်ားဆိုတဲ့ ရွှေပေါင်လုံးကြီး (အကူအညီ) လည်း ရှိသေးတယ်။ ရွှေလက်ချောင်းနဲ့ ရွှေပေါင်လုံးကြီး ပေါင်းစပ်ထားတာတောင် ကုမ္ပဏီမကြီးပွားရင် ကျွန်မ အရမ်းညံ့ရာကျနေမှာပေါ့"
ရွှေပေါင်လုံးကြီးဟု ချီးကျူးခံရသော ကုန်းထျန်းဟောက် - "......"
သူ ဘယ်အချိန်ကတည်းက သူ့မိန်းမရဲ့ရွှေပေါင်လုံးကြီး ဖြစ်သွားတာလဲ။
ယောကျ်ား မဟုတ်ဘူးလား။
"ဩော်... ဒါနဲ့ လောင်ကုန်း.. ဘာလို့ ရုတ်တရက်ကြီး ပြန်လာတာလဲ" ရှောင်လင်းယွီ မေးလိုက်သည်။
ကုန်းထျန်းဟောက် နှိပ်နယ်နေသော လက်များ ရပ်တန့်သွားပြီး ပခုံးထုပေးလိုက်သည်။ သူ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ဒီနေ့ညနေ သားတို့ မူကြိုကျောင်းမှာ မိဘဆရာတွေ့ဆုံပွဲ ရှိတယ်လေ။ မိဘနှစ်ပါးစလုံး တက်ရောက်ရမှာ။ မင်း မေ့နေပြီလား"
ရှောင်လင်းယွီ နဖူးကို ပွတ်လိုက်ပြီး အပြစ်ရှိသလို ပြောလိုက်သည်။ "ဟုတ်သားပဲ။ ရှင် မပြောရင် မေ့တော့မလို့။ မနက်က သားက သတိပေးသွားသေးတယ်။ ညနေ မိဘဆရာတွေ့ဆုံပွဲ ရှိတယ်၊ ပါးပါးနဲ့မားမား လာရမယ်တဲ့"
ထို့နောက် သူမ သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။ "အချိန်ကုန်တာ မြန်လိုက်တာ။ မျက်စိတစ်မှိတ်အတွင်းမှာ သားနဲ့ လင်အာ မူကြိုတက်တာ နှစ်ဝက်တောင် ရှိတော့မယ်။ သား ကျောင်းစတက်တုန်းက အဖြစ်အပျက်ကို မှတ်မိသေးလား"
.....
နှစ်သစ်ကူးပြီးနောက် ရှောင်လဲ့ထုန်နှင့် ရှောင်လင်တို့ ၃ နှစ်ပြည့်သွားသဖြင့် မူကြိုကျောင်းတက်ရန် အရည်အချင်း ပြည့်မီသွားကြသည်။ မိသားစုဝင်များ တိုင်ပင်ပြီးနောက် ကလေးနှစ်ယောက်ကို မူကြိုကျောင်းပို့ရန် ဆုံးဖြတ်လိုက်ကြသည်။
ထုန်ထုန်သည် ပါရမီရှင်လေးဖြစ်ပြီး စာဖတ်တတ်နေပြီ ဖြစ်သော်လည်း မူကြိုကျောင်းတွင် ရွယ်တူကလေးများ များပြားသဖြင့် အတူတကွ ဆော့ကစားရန် ပိုမိုလွယ်ကူသည်။
ထုန်ထုန်သည် လိမ္မာရေးခြားရှိသော်လည်း ပျော်ရွှင်သော ငယ်ဘဝကို ပိုင်ဆိုင်ရန် လိုအပ်သည်။ မူကြိုကျောင်းသည် ပျော်ရွှင်မှု တည်ဆောက်ရာ နေရာဖြစ်သည်။
"မသွားဘူး" ရှောင်လဲ့ထုန် စဉ်းစားခြင်းမရှိဘဲ ငြင်းပယ်လိုက်သည်။
သူက ကလေးစစ်စစ်မှ မဟုတ်တာ။ နှစ်ထောင်ချီ အသက်ရှင်လာတဲ့ လူအိုကြီးလေ။
သူ့လို လူအိုကြီးကို ငိုယိုပြီး မိဘတ,နေတဲ့ ကလေးပေါက်စတွေနဲ့ အတူထားမယ်ဆိုတာ တွေးကြည့်ရုံနဲ့ ကြက်သီးထမိတယ်။
မဖြစ်ဘူး... ကလေးပေါက်စတွေနဲ့ သူ မကစားချင်ဘူး။
လူကြီးတွေ ဘယ်လောက် ပြောပြော ရှောင်လဲ့ထုန် လက်မခံပေ။
သို့သော်...
"အစ်ကို... ကျွန်တော် မူကြိုကျောင်း တက်ချင်တယ်" ရှောင်လင်သည် ရှောင်လဲ့ထုန်၏ အင်္ကျီလက်စကို ဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။ "ကျွန်တော် သူငယ်ချင်းတွေနဲ့ ကစားချင်တယ်"
ရှောင်လင်သည် ရှောင်လဲ့ထုန်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
ရှောင်လင်သည် လူပျိုပေါက်အရွယ် ပြန်ရောက်နိုင်သော်လည်း စိတ်ထားက ကလေးငယ်လေးလို ဖြူစင်နေဆဲပင်။
မူကြိုကျောင်းမှာ ရွယ်တူကလေးတွေ အများကြီးရှိတယ်ကြားတော့ ကျောင်းတက်ချင်စိတ်ဖြစ်လာတယ်။
ရှောင်လဲ့ထုန်သည် မျှော်လင့်ချက်အပြည့်နှင့် ကြည့်နေသော ညီငယ်လေးကို ကြည့်ပြီး သက်ပြင်းချလိုက်ကာ ပြုံးလျက် ပြောလိုက်သည်။ "ကောင်းပြီ၊ ငါ မင်းနဲ့အတူတူ လိုက်တက်ပေးမယ်"
ရှောင်လင်ရဲ့ဖြူစင်တဲ့စိတ်ထားနဲ့ဆိုရင် သူ မပါဘဲ စိတ်မချနိုင်ဘူး။
လူကြီးများ - "......"
သူတို့ ပါးစပ်ပေါက်မတတ် ပြောနေတာတောင် မရဘဲ ရှောင်လင်ရဲ့စကားတစ်ခွန်းနဲ့ အဆင်ပြေသွားတယ်။
စောစောကတည်းက ရှောင်လင်ကို ပြောခိုင်းလိုက်ရင် ပြီးနေပြီ။
နောက်ပိုင်းတွင် ကလေးနှစ်ယောက် ပျော်ရွှင်စွာ ကျောင်းတက်ခဲ့ကြသည်။
***