← Chapters

မူကြိုကျောင်းတက်ခြင်း ၂

Vol. 49 Ch. 795

မူကြိုကျောင်းတက်ခြင်း ၂

Vol. 49 Ch. 795

"ကျွန်မတို့သားလေးက တကယ် ထူးခြားတယ်" ရှောင်လင်းယွီသည် ကုန်းထျန်းဟောက်၏ ရင်ခွင်ထဲမှီရင်း ကလေးနှစ်ယောက်ကို မူကြိုကျောင်းစပို့စဉ်က အဖြစ်အပျက်ကို ပြန်လည်စဉ်းစားမိသည်။

"တခြားကလေးတွေက ငိုယိုနေကြတာ။ တချို့ဆို မိဘတွေကို မခွဲနိုင်လို့ အော်ဟစ်ငိုကြွေးနေကြတာ။ ကျွန်မတို့ ထုန်ထုန်လေးကတော့ ကလေးအုပ်ကြားထဲမှာ မားမားမတ်မတ် ရပ်နေတယ်။ မျက်နှာက အေးစက်ပြီး ကလေးတွေကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်နေတာ။ မူကြိုဆရာမက သူ့ကို ဘာလို့မငိုတာလဲလို့ မေးတော့ သူက 'ကလေးဆန်လိုက်တာ' ဆိုပြီး ပြန်ပြောလိုက်တယ်တဲ့။ ဟားဟား..."

ထို့နောက် ရှောင်လင်းယွီသည် တစ်စုံတစ်ရာကို သတိရသွားပြီး ပြောလိုက်သည်။ "ပြောရရင် အဘိုးက ပြောတယ်။ ထုန်ထုန်လေး အခု မူကြိုကျောင်းတက်နေတဲ့ပုံစံက ရှင် မူကြိုစတက်တုန်းက ပုံစံနဲ့ တစ်ပုံစံတည်းပဲတဲ့"

ကုန်းထျန်းဟောက် ပြုံးလျက် ပြောလိုက်သည်။ "သားအဖတွေပဲလေ။ သားက အဖေနဲ့တူတာ ပုံမှန်ပါပဲ"

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ သို့သော် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ပြီး သံသယဖြင့် မေးလိုက်သည်။ "ထျန်းဟောက်၊ ကျွန်မတို့သားလေးက အရမ်းသိတတ်လွန်းနေတယ်လို့ မထင်ဘူးလား။ ဩော် ပြောရရင် ထူးချွန်လွန်းနေတယ်လို့ ပြောရမလား"

ရှောင်လင်းယွီ အခုမှ သတိထားမိသည်။ သားဖြစ်သူ ရှောင်လဲ့ထုန်သည် ငယ်စဉ်ကတည်းက ထူးခြားပြီး အလွန်သိတတ်ခဲ့သည်။

မွေးကတည်းက ဗိုက်ဆာတာ၊ ရှူးပေါက်တာ၊ အီးပါတာကလွဲရင် ကျန်တဲ့အချိန်တွေမှာ အော်ဟစ်ငိုယိုခြင်း မရှိပေ။

ပြီးတော့ ဗိုက်ဆာရင်၊ ရှူးပေါက်ရင်၊ အီးပါရင် အသံပြုတဲ့ပုံစံက မတူဘူး။ ရှူးပေါက်ရင် "အင်း" တစ်ချက်၊ အီးပါရင် "အင်း" နှစ်ချက်၊ ဗိုက်ဆာရင် "အင်း" သုံးချက်။

ဒါကြောင့် အသံကို နားထောင်ပြီး ဘာဖြစ်ချင်လဲဆိုတာ ခွဲခြားလို့ရတယ်။

၃ လ၊ ၄ လလောက်ရောက်တော့ မိခင်နို့တိုက်တာကို ငြင်းဆန်လာတယ်။ ပြီးတော့ နို့မှုန့်နဲ့ ဖြည့်စွက်စာတွေပဲ စားချင်တယ်။ ဒါပေမဲ့ လူကြီးတွေက မိခင်နို့က နို့မှုန့်ထက် ပိုကောင်းတယ်လို့ ယူဆပြီး ထုန်ထုန် မကြိုက်လည်း တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်တော့ တိုက်ကြတယ်။

ရှောင်လင်းယွီ အခုပြန်စဉ်းစားကြည့်မှ သားရဲ့မျက်နှာပေါ်မှာ အားနာတဲ့အမူအရာတွေ တွေ့လိုက်ရသလိုပဲ။

နောက်ပိုင်း သားလေး ကြီးလာလေလေ ထူးခြားမှုတွေ ပိုများလာလေလေပဲ။ ၆ လမှာ စကားပြောတတ်တယ်၊ ၁၀ လမှာ လမ်းလျှောက်တတ်တယ်၊ ၁ နှစ်မှာ စာဖတ်တတ်တယ်။ ပြီးတော့ ထူးချွန်တဲ့ ပါရမီတွေ ပြသလာတယ်။ တစ်ခါမြင်ရင် မမေ့တော့ဘူး။ လူမှုဆက်ဆံရေးမှာလည်း ကလေးနဲ့မတူဘူး။

အခု ပြန်စဉ်းစားကြည့်တော့ သားလေးရဲ့ ထူးခြားမှုတွေကို ပိုသတိထားမိလာတယ်။

ယခင်ဘဝက သားနဲ့ တစ်ရက်မှ မနေခဲ့ရပေမယ့် မိဘတွေပြောပြချက်အရ ထုန်ထုန်က ရွယ်တူကလေးတွေထက် ပိုဉာဏ်ကောင်းပေမယ့် အခုလို ထူးချွန်လွန်းတဲ့အဆင့်ထိတော့ မရောက်ခဲ့ဘူး။

အခု ထုန်ထုန်ကတော့ နားလည်ရခက်တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေသလိုပဲ။

ရုတ်တရက် ရှောင်လင်းယွီ စိုးရိမ်လာမိသည်။

အခု ထုန်ထုန်နဲ့ ယခင်ဘဝက ထုန်ထုန်... မတူညီမှာကို စိုးရိမ်မိသည်။

ကုန်းထျန်းဟောက်သည် ဇနီးသည်၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ လက်ကို ဆုပ်ကိုင်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။ "ယွီအာ၊ ထုန်ထုန်က ထူးချွန်လွန်းပေမယ့် ဘယ်လောက်ပဲ ထူးချွန်ထူးချွန် ကိုယ်တို့ရဲ့ သားပါပဲ"

ထုန်ထုန် မွေးကတည်းက သားလေး ထူးခြားတာကို သူ သတိထားမိတယ်။ အဖေဖြစ်တဲ့သူ့ကို သိပ်မကပ်ဘဲ အမေကိုပဲ ကပ်နေတာ။

အဲဒီတုန်းက သူ ခန့်မှန်းမိတယ်။ ထုန်ထုန်က ပြန်လည်မွေးဖွားလာသူ ဖြစ်လောက်တယ်လို့။ သူ စမ်းသပ်ကြည့်တော့ တကယ် ဟုတ်နေတယ်။

ဒါပေမဲ့ သားနဲ့ သေချာစကားမပြောရသေးခင်မှာပဲ ကားတိုက်မှုဖြစ်ပြီး နှစ်အတော်ကြာ ခွဲခွာခဲ့ရတယ်။

နောက်ပိုင်း သားကြီးလာတာကို တွေ့ရတော့ သေချာစကားပြောဖို့ စဉ်းစားခဲ့ပေမယ့်...

ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ကျွန်မ သိပါတယ်။ ထုန်ထုန်က ကျွန်မတို့ရဲ့ သားဆိုတာ။ ဒါပေမဲ့ ကျွန်မ..."

ကုန်းထျန်းဟောက်က နှုတ်ခမ်းကို လက်ညှိုးတင်ပြီး တားမြစ်လိုက်သည်။ ထို့နောက် အမှန်အတိုင်း ပြောပြလိုက်သည်။ "ယွီအာ၊ ကိုယ်ပြောတာ နားထောင်ပါ။ တကယ်တော့ ကိုယ်တို့ရဲ့ ထုန်ထုန်က... မင်းလိုပဲ ပြန်လည်မွေးဖွားလာတဲ့သူပါ"

"ဘာ..." ရှောင်လင်းယွီ မျက်လုံးပြူးသွားပြီး အလွန်အံ့သြသွားသည်။ "ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"

ကုန်းထျန်းဟောက်က ပြောလိုက်သည်။ "သူ မွေးကတည်းက ကိုယ် သတိထားမိတယ်။ တခြားကလေးတွေနဲ့ မတူဘူးဆိုတာ။ နောက်ပိုင်း စမ်းသပ်ကြည့်တော့ သေချာသွားတယ်။ ဒါပေမဲ့ ကိုယ် သူနဲ့ သေချာစကားမပြောရသေးခင်၊ မင်းကို မပြောပြရသေးခင်မှာပဲ အဲဒီလိုကိစ္စ ဖြစ်သွားတာ"

ရှောင်လင်းယွီ အံ့သြမှင်တက်သွားသည်။

***

စိုက်ပျိုးရေးနေရာလွတ်က ငါ့ကိုချမ်းသာလာစေတယ်

အခန်း ၇၉၆ ။ အေးစက်ပြီး အရှိန်အဝါရှိသော ကလေးငယ်

ရှောင်လဲ့ထုန်နှင့် ရှောင်လင်တို့သည် မူကြိုကျောင်းတစ်ခုတည်း၊ အတန်းတစ်ခုတည်းတွင် တက်ရောက်ကြသည်။

သို့သော် ရှောင်လဲ့ထုန်နှင့် ရှောင်လင်တို့သည် အခြားမူကြိုကျောင်းသားများနှင့်ယှဉ်လျှင် အရပ်အမောင်း ပိုမိုမြင့်မားကြသည်။ မသိသူများက သူတို့ကို မူကြိုကျောင်းသားများဟု မထင်ဘဲ မူလတန်းကျောင်းသားများဟု ထင်မှတ်ကြသည်။ ၃ နှစ်အရွယ် ကလေးများဟု မထင်ကြပေ။

ထို့ကြောင့် သူတို့နှစ်ဦးသည် အခြားကလေးများအကြားတွင် ထင်ရှားနေကြသည်။

သို့သော် သူတို့၏ ရုပ်ရည်နှင့် အရှိန်အဝါကြောင့် တစ်ရက်မပြည့်မီမှာပင် အခြားကလေးများက သူတို့ကို ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ကြသည်။ အထူးသဖြင့် ရှောင်လဲ့ထုန်ကိုပေါ့။

ကျောင်းဖွင့်စ ပထမနေ့တွင် ရှောင်လဲ့ထုန်သည် ကလေးအုပ်ကြားတွင် မားမားမတ်မတ် ရပ်နေသည်။

ပခုံးလောက်သာရှိသော ကလေးများ ငိုယိုအော်ဟစ်နေကြသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ပျက်စွာ အော်ဟစ်လိုက်သည်။ "အားလုံး တိတ်ကြစမ်း"

ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

ကလေးအုပ်ကြီးသည် သူ့ကို ကြောင်ငေးကြည့်နေကြသည်။ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် ရိုသေမှုများ ပေါ်လွင်နေသည်။

ဒီအစ်ကိုကြီးက ကြောက်စရာကောင်းလိုက်တာ။

သို့သော် မူကြိုကျောင်းလာတက်သော ကလေးများသည် အိမ်တွင် အလိုလိုက်ခံရသူများ ဖြစ်ကြသည်။ လူကြီးများ မပြန်သေးခင်မှာပင် ကလေးတစ်ယောက်က သူတို့ကလေးများကို အော်ဟစ်နေသည်ကို ကြားရသောအခါ မကျေမနပ်ဖြစ်သွားကြသည်။

အသက် ၂၀ ကျော်အရွယ် ခေတ်ဆန်သော အမျိုးသမီးတစ်ဦးက မကျေမနပ် ပြောလိုက်သည်။ "ဒီကလေးက ဘာလို့ ဒီလောက် ရိုင်းစိုင်းရတာလဲ။ ငါ့ကလေးငိုတာ နင်နဲ့ ဘာဆိုင်လို့လဲ။ ငါတောင် ငါ့ကလေးကို မအော်ရက်ဘူး။ နင်က ရောက်တာနဲ့ ဒီလောက်ရက်စက်နေတယ်။ ယဉ်ကျေးမှု မရှိလိုက်တာ"

ရှောင်လဲ့ထုန်က ချက်ချင်း ပြန်ပြောလိုက်သည်။ "ဒေါ်လေး... ဒီလို အသိဉာဏ်မဲ့တဲ့စကား ပြောထွက်တဲ့သူကမှ ယဉ်ကျေးမှု မရှိတာပါ။ ဒေါ်လေးရဲ့ကလေး ငိုသံက ကျွန်တော့်ကို အနှောင့်အယှက် ဖြစ်စေတယ်ဆိုတာ မသိဘူးလား။ ကျွန်တော်က သူတို့ကို တိတ်ခိုင်းရုံ၊ မငိုခိုင်းရုံပဲလေ။ ဘာမှားလို့လဲ"

ဘေးလူများ ရှောင်လဲ့ထုန်၏စကားကို ကြားသောအခါ အံ့သြသွားကြသည်။

ဒီစကားတွေက နှစ်အနည်းငယ်သာရှိသေးတဲ့ ကလေးတစ်ယောက် ပါးစပ်က ထွက်လာတာလား။

အဆူခံလိုက်ရသော အမျိုးသမီး၏အမူအရာမှာ မကောင်းနိုင်တော့ပေ။ "နင်..."

ရှောင်လဲ့ထုန်က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ "တကယ်လို့ ဒေါ်လေးက အဒေါ့်ရဲ့ မင်းသားလေးကို ဒီမှာ အပင်ပန်းခံ၊ အဆူခံရမှာ စိုးရိမ်နေရင် အိမ်ပြန်ခေါ်သွားလိုက်ပါ။ ဘာလို့လဲဆိုတော့ ဒီနေရာက မူကြိုကျောင်းလေ။ ဒီမှာရှိတဲ့ ကလေးတိုင်းက မင်းသားလေးတွေ၊ မင်းသမီးလေးတွေချည်းပါပဲ။ ဘယ်မိဘကမှ ကိုယ့်ကလေးကို ဒီမှာ အပင်ပန်းခံခိုင်းချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မမေ့ပါနဲ့... ဒီနေရာက ခင်ဗျားတို့အိမ် မဟုတ်ဘူး။ ဒီနေရာက ကလေးတွေ သင်ယူဖို့၊ ကစားဖို့၊ ပေါင်းသင်းဆက်ဆံဖို့ နေရာပါ။ ဘယ်သူကမှ ဘယ်သူ့မျက်နှာကိုကြည့်ပြီး မျက်နှာလိုမျက်နှာရ လုပ်နေမှာ မဟုတ်ဘူး။ ခင်ဗျားတို့အသိုင်းအဝိုင်းကလွဲပြီး တခြားလူတွေနဲ့ တစ်သက်လုံး မပတ်သက်ချင်ရင်တော့ ထားပါတော့။ ဒီနေရာက လူ့အဖွဲ့အစည်း အသေးစားလေးတစ်ခုပါ။ ဘယ်သူကမှ ကိုယ်နဲ့ရွယ်တူတစ်ယောက်ကို အလိုလိုက်အကြိုက်ဆောင်နေမှာ မဟုတ်ဘူး"

ရောက်ရှိနေသော မိဘများနှင့် ဆရာမများသည် ဤကလေး၏ စူးရှသော စကားလုံးများကို ကြားရသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ခေတ်ဆန်သော အမျိုးသမီးမှာ ပြန်ပြောစရာ စကားမရှိတော့ပေ။

ထို့နောက် ရှောင်လဲ့ထုန်သည် ငိုယိုနေသော ကလေးများကို လေးနက်သော မျက်နှာထားဖြင့် ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

"မင်းတို့အားလုံးက ကလေးကြီးတွေ ဖြစ်နေပြီ။ ကိုယ့်ဘာသာ ကစားတတ်နေပြီ။ ပြီးတော့ ဘေးနားကို ကြည့်လိုက်... အတူကစားလို့ရမယ့် သူငယ်ချင်းတွေ အများကြီး ရှိတယ်။ မင်းတို့ ပျော်နေသင့်တာ။ ပြီးတော့ လူကြီးတွေက အလုပ်များကြတယ်။ သူတို့ ပင်ပန်းကြတယ်။ ဒါကြောင့် ငါတို့က လူကြီးတွေ စိတ်မပူရအောင် လိမ္မာတဲ့ကလေးတွေ ဖြစ်ဖို့ လိုတယ်။ ဟုတ်တယ်မလား"

"ဟုတ်တယ်... သား လိမ္မာတဲ့ကလေး ဖြစ်ချင်တယ်"

"ဟုတ်တယ်... လိမ္မာတဲ့ကလေး ဖြစ်ချင်တယ်။ မငိုတော့ဘူး"

"ပါးပါး... မားမား... သား လိမ္မာတဲ့ကလေး ဖြစ်ချင်တယ်။ မငိုတော့ပါဘူး။ ပါးပါးတို့ ပြန်ကြတော့။ သား တခြားသူငယ်ချင်းတွေနဲ့ ကစားတော့မယ်"

မိဘများ - "......"

***

All Chapters