ကောလာဟလများ
Vol. 49 Ch. 805
"ရှုယွီ၊ ဒီလိုလုပ်ရင် အဆင်ပြေပါ့မလား" သစ်တောအုပ်ငယ်လေးထဲတွင် စူးယန်က စိုးရိမ်တကြီး မေးလိုက်သည်။ "ရှောင်လင်းယဲ့ကို လုံးဝ ပြန်မထနိုင်အောင် လုပ်လိုက်တာလေ"
ကျန်းရှုယွီ၏မျက်လုံးများ အရောင်လက်သွားပြီး စိတ်လှုပ်ရှား ဝမ်းသာစွာ ပြောလိုက်သည်။ "အင်း... အဆင်ပြေပါတယ်။ အဆင်ပြေတာပေါ့။ ရှောင်လင်းယဲ့လို မာနကြီးတဲ့သူကို သူ့ဂုဏ်သိက္ခာ ခြေမွပစ်လိုက်မှ လုံးဝရှုံးနိမ့်သွားပြီး ပြန်မထနိုင်တော့မှာ"
ထို့နောက် ကျန်းရှုယွီက ခြေဖျားထောက်ပြီး စူးယန်၏ပါးပြင်ကို နမ်းလိုက်ကာ ရိုးသားဟန်ဆောင်ပြီး ပြောလိုက်သည်။ "စူးစူး... ငါ လူရွေးမှန်ပါတယ်။ ရှောင်လင်းယဲ့ကို အနိုင်ယူနိုင်တဲ့သူက နင်ပဲ ရှိတယ်"
နတ်သမီးလေး၏ချီးကျူးမှုကို ခံလိုက်ရသော စူးယန်သည် မာနကြီးသော ကြက်ဖတစ်ကောင်ကဲ့သို့ ရင်ကော့လိုက်သည်။ မျက်လုံးများတွင် ယုံကြည်မှုများ ပြည့်နှက်နေပြီး ပြောလိုက်သည်။ "ဒါပေါ့၊ ရှောင်လင်းယဲ့က ရုပ်ရည်နည်းနည်း ချောတာကလွဲရင် ကျန်တာ ဘာမှမရှိပါဘူး။ ဘယ်သူ့ကိုမှ မယှဉ်နိုင်ပါဘူး"
သူ့စကားကို ကျန်းရှုယွီက သရော်ပြီး အထင်သေးစွာ ကြည့်နေသည်ကို သူ မသိပေ။
သို့သော် သူမ ထောက်ခံလိုက်သည်။ "ဟုတ်တာပေါ့။ ရှောင်လင်းယဲ့က ရုပ်ရည်လေး နည်းနည်းရှိတာကလွဲရင် ဘာမှ မဟုတ်ပါဘူး။ နည်းပညာ နည်းနည်းပါးပါးလေးနဲ့ ကုမ္ပဏီရဲ့အကြီးဆုံးရှယ်ယာရှင်ဖြစ်နေတာ မတရားဘူး။ အခု နင်တို့ကုမ္ပဏီ ကြီးပွားနေပြီ၊ ပိုက်ဆံရှိနေပြီဆိုတော့ ကျွမ်းကျင်တဲ့ နည်းပညာရှင်တစ်ယောက် ငှားလိုက်ရင် ရှောင်လင်းယဲ့ကို ရှယ်ယာပေးထားတာထက် အများကြီး သက်သာမှာပေါ့။ မဟုတ်ဘူးလား"
စူးယန် ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ ငါတို့ အဲဒီလိုပဲ စီစဉ်ထားတာ"
ကျန်းရှုယွီ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ ရှောင်လင်းယဲ့ကို နင်တို့ ဝိုင်းမောင်းထုတ်ပြီး သူ့ဂုဏ်သိက္ခာ ကျဆင်းသွားတဲ့အထိ၊ လမ်းဘေးခွေးလို ဖြစ်သွားတဲ့အထိ စောင့်ကြည့်ကြတာပေါ့"
"ယွီအာ၊ စိတ်ချပါ။ ၂ ရက်လောက်နေရင် မင်း မြင်ရတော့မှာပါ" စူးယန် ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
ကျန်းရှုယွီ တစ်စုံတစ်ရာပြောရန်ပြင်လိုက်စဉ် သူမ၏ဖုန်းမြည်လာသည်။ ဖုန်းနံပါတ်ကို ကြည့်လိုက်သောအခါ မျက်လုံးများတွင် အပြစ်ရှိစိတ် ဖြတ်သန်းသွားသည်။ ထို့နောက် ချက်ချင်း ကိုင်လိုက်ပြီး တစ်ဖက်လူ စကားမပြောမီ အမြန်ပြောလိုက်သည်။ "စောင့်နေနော်၊ ငါ အခုပဲ လာခဲ့မယ်"
ထို့နောက် ဖုန်းချလိုက်သည်။
ကျန်းရှုယွီသည် စူးယန်ကို အားနာဟန်ပြပြီး ပြောလိုက်သည်။ "တောင်းပန်ပါတယ် စူးစူး၊ ငါ သူငယ်ချင်းနဲ့ ဈေးဝယ်ထွက်ဖို့ ချိန်းထားလို့လေ"
စူးယန် စိတ်မကောင်းဖြစ်သွားသော်လည်း သဘောထားကြီးစွာ ပြောလိုက်သည်။ "သွားလေ၊ နောက်တစ်ခါမှ ပြန်ချိန်းကြတာပေါ့။ ဒါပေမဲ့ နောက်တစ်ခါကျရင် အနှောင့်အယှက် မရှိစေနဲ့နော်"
"မရှိစေရပါဘူး" ကျန်းရှုယွီ ပြုံးလျက် ပြောလိုက်သည်။ "နောက်တစ်ခါကျရင် ငါတို့ သေချာ ချိန်းတွေ့ကြမယ်"
ပြောပြီးသည်နှင့် အနမ်းတစ်ပွင့်ပေးလိုက်ပြီး အမြန်ထွက်ခွာသွားလေသည်။
ကျောင်းဝင်းထဲမှ အလျင်အမြန် ထွက်ခွာသွားပြီးနောက် ကော်ဖီဆိုင်တစ်ဆိုင်သို့ ရောက်ရှိလာသည်။
"ယွီအာ" ကျောင်းရွှယ်ယန်က ပြုံးပြီး ထိုင်ခုံဆွဲပေးလိုက်သည်။
ကျန်းရှုယွီ ပြုံးလျက် ပြောလိုက်သည်။ "ရွှယ်ယန်၊ အကြာကြီး စောင့်လိုက်ရလား။ တောင်းပန်ပါတယ်၊ လမ်းမှာ ကိစ္စလေးတစ်ခုရှိလို့ ကြန့်ကြာသွားတယ်"
ကျောင်းရွှယ်ယန်က သူမ၏မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။ "ဘယ်လောက်ကြာကြာ စောင့်ရစောင့်ရ... ကိုယ် စောင့်ပါ့မယ်။ ယောကျ်ားလေးက မိန်းကလေးကို စောင့်တာ သဘာဝပဲလေ"
ကျန်းရှုယွီ ရယ်မောကာ ပြောလိုက်သည်။ "ကြည့်ရတာ ရွှယ်ယန်က နေ့တိုင်း မိန်းမတွေနဲ့ ချိန်းတွေ့ပြီး စောင့်နေကျပုံပဲ"
ကျောင်းရွှယ်ယန် အံ့သြသွားပြီး ခေါင်းခါကာ ပြောလိုက်သည်။ "ဟားဟား... ကိုယ် လိုလိုလားလား စောင့်ဆိုင်းပေးမယ့် မိန်းကလေးဆိုလို့ နတ်သမီးလေး မင်းတစ်ယောက်တည်း ရှိတာပါ"
……
ရှောင်လင်းယဲ့သည် ၂ ရက် စောင့်ဆိုင်းခဲ့သော်လည်း မိတ်ဆွေဟောင်း ၅ ဦးထံမှ ရှယ်ယာဝယ်ယူမည့်အကြောင်း ဆက်သွယ်လာခြင်း မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် ကျောင်းဝင်းတစ်ခုလုံးတွင် သူ့အကြောင်း အတင်းအဖျင်းများ၊ ကောလာဟလများ ပြန့်နှံ့နေသည်။
"မဖြစ်နိုင်ပါဘူး၊ စီနီယာ ရှောင်လင်းယဲ့က သစ္စာဖောက်မယ့်လူမျိုး မဟုတ်ပါဘူး"
"ငါလည်း မယုံပါဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်းတွေကိုယ်တိုင် ပြောနေကြတာလေ။ စီနီယာ ရှောင်လင်းယဲ့က ကုမ္ပဏီလျှို့ဝှက်ချက်တွေကို တိတ်တဆိတ် ရောင်းစားလိုက်တယ်တဲ့။ သက်သေအထောက်အထားတွေလည်း ရှိတယ်တဲ့"
***