ဘယ်သူက ရှယ်ယာဝယ်မှာလဲ
Vol. 49 Ch. 808
ညဘက်တွင် ရှောင်လင်းယွီသည် မှန်တင်ခုံရှေ့တွင်ထိုင်ပြီး မိတ်ကပ်ဖျက်ကာ အိပ်ရန် ပြင်ဆင်နေသည်။
"ဒါဆို ယဲ့အာရဲ့ပြဿနာက မိန်းမတစ်ယောက်ကြောင့် ဖြစ်ရတာပေါ့" ရှောင်လင်းယွီက ပြောလိုက်သည်။
ကုန်းထျန်းဟောက်သည် ရှောင်လင်းယွီ၏နောက်တွင်ရပ်နေပြီး ခါးလေးကို ဖက်ကာ ပခုံးပေါ် မေးတင်လိုက်သည်။ ပြုံးလျက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဟုတ်တယ်၊ ဖြစ်စဉ်က အဲဒီအတိုင်းပဲ"
ရှောင်လင်းယွီ မျက်လုံးလှန်ကြည့်လိုက်ပြီး သရော်လိုက်သည်။ "ဟမ့် ဘာတွေ ဖြစ်ကုန်တာလဲ"
ဤဘဝတွင် သူတို့မိသားစု၏ကံကြမ္မာ ပြောင်းလဲသွားပြီဖြစ်၍ မောင်ဖြစ်သူ ကုမ္ပဏီမှ အထုတ်ခံရမည့်ကိစ္စမျိုး ဖြစ်လာမည်မဟုတ်ဟု သူမ ထင်မှတ်ခဲ့သည်။ အထူးသဖြင့် သူမ၏လမ်းညွှန်မှုကြောင့် ယခင်ဘဝနှင့်မတူဘဲ ကျောင်းတက်ချိန်၊ ပူးပေါင်းသူများ ကွဲပြားသွားသောကြောင့်ဖြစ်သည်။
သို့သော် ပြန်လည်မွေးဖွားလာသည့်တိုင် ဤကံဆိုးမိုးမှောင်ကျမှုကို ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။
ပို၍ အံ့သြစရာကောင်းသည်မှာ ပြဿနာသည် မိန်းမတစ်ယောက်ကြောင့် ဖြစ်ပွားခဲ့ရခြင်းပင်။
ယခင်ဘဝက ရှောင်လင်းယဲ့ ဘာကြောင့် သစ္စာဖောက်ခံရလဲဆိုတာ မသိခဲ့ပေမယ့် အကျိုးစီးပွားကြောင့်လို့ပဲ ထင်ခဲ့တာ။
မောင်လေးရဲ့အရည်အချင်းနဲ့ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေက သူများတွေ မနာလိုဖြစ်စရာပဲလေ။
ရှောင်လင်းယွီ မေးလိုက်သည်။ "အဲဒီမိန်းမက ဘယ်သူလဲ။ ယောကျ်ားတွေကို သစ္စာဖောက်တဲ့အလုပ်တွေ လုပ်ခိုင်းနိုင်လောက်အောင် ဘာစွမ်းရည်တွေ ရှိနေတာလဲ။ နောက်ဆုံးကျမှ မိန်းမတစ်ယောက်ကြောင့် သူတို့ ဒုက္ခရောက်မှာကို မကြောက်ကြဘူးလား"
ကုန်းထျန်းဟောက်က နှုတ်ခမ်းမဲ့လိုက်ပြီး ပြောလိုက်သည်။ "သူတို့ ကြောက်စရာ မလိုတော့ပါဘူး။ မိန်းမတစ်ယောက်ရဲ့ ရောင်းစားတာကို ခံလိုက်ရပြီလေ"
ထို့နောက် သူက ခေတ္တရပ်နားပြီး ဆက်ပြောသည်။ "အဲဒီမိန်းမက ကျန်းမိသားစုရဲ့ ဆွေမျိုးတစ်ယောက်ပါ"
"ကျန်းမိသားစု ဆွေမျိုး ဟုတ်လား" ရှောင်လင်းယွီ သံသယဖြင့် မေးလိုက်သည်။ "မြို့တော် ကျန်းမိသားစု၊ ကျန်းထောင်တို့ မိသားစုလား"
"မြို့တော် ကျန်းမိသားစုကလွဲရင် ဘယ် ကျန်းမိသားစု ရှိဦးမှာလဲ" ကုန်းထျန်းဟောက်က မကျေမနပ် ပြောလိုက်သည်။ "ကျန်းမိသားစုနဲ့ ကိုယ်တို့ အရင်ဘဝက ဘာရန်ငြိုးရှိခဲ့လဲ မသိဘူး။ ကိုယ်တို့ ကြုံတွေ့ရတဲ့ ပြဿနာတိုင်းက ကျန်းမိသားစုနဲ့ ပတ်သက်နေတယ်။ အခု ယဲ့အာတောင် မလွတ်တော့ဘူး"
ရှောင်လင်းယွီ ခေတ္တမျှ တိတ်ဆိတ်သွားသည်။
ဟုတ်သားပဲ။
ပထမအကြိမ် ကားတိုက်မှုက ချင်မိသားစုက ချင်ရန် လက်ချက်ဖြစ်ပေမယ့် အဲဒီပြဿနာက ကျန်းအဘိုးကြီးရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကြောင့်ဖြစ်ရတာ။
ဒုတိယအကြိမ် ထောင်ယွမ်ရွာ Green Fresh ကုမ္ပဏီ ပြဿနာတက်ပြီး လုပ်ကြံခံရတာကလည်း ကျန်းမိသားစုက ကျန်းထောင်ရဲ့ စေ့စပ်ထားသူ လက်ချက်ပဲ။
အခု ရှောင်လင်းယဲ့ လုပ်ကြံခံရတာကလည်း ကျန်းမိသားစုဆွေမျိုး လက်ချက်ပဲ။
ကုန်းထျန်းဟောက်ပြောသလိုပဲ သူတို့ အရင်ဘဝက ကျန်းမိသားစုကို အကြွေးတင်ခဲ့သလား မသိဘူး။
ရှောင်လင်းယွီ စဉ်းစားပြီး ပြောလိုက်သည်။ "ယဲ့အာ အဆင်ပြေရဲ့လား။ ဒီကလေးကလည်း ဒီလောက် ကိစ္စကြီးဖြစ်နေတာကို အစ်မဖြစ်တဲ့ကျွန်မကို မပြောပြဘူး" ပြောရင်း သူမ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။
ကုန်းထျန်းဟောက်က သူမ၏ပခုံးပေါ်မှီရင်း မှန်ထဲမှ ချောမောလှပသော စုံတွဲပုံရိပ်ကို ကြည့်ကာ ပြုံးလျက် နှစ်သိမ့်လိုက်သည်။ "စိတ်မပူပါနဲ့။ ယဲ့အာက လူကြီးဖြစ်နေပါပြီ။ ကိုယ့်ဘာသာ ဖြေရှင်းနိုင်ပါတယ်။ စိတ်ချပါ၊ ယဲ့အာက ပါးနပ်တဲ့ကလေးပါ။ သူများလုပ်ကြံတာကို အလွယ်တကူ ခံရမယ့်သူ မဟုတ်ပါဘူး။ ကိုယ်တို့ စောင့်ကြည့်နေလိုက်ကြတာပေါ့။ တကယ်လို့ မဖြစ်မနေ အခြေအနေရောက်လာရင် ကိုယ်တို့ ကူညီပေးလိုက်မယ်။ ကိုယ့်ကို ယုံပါ... ယဲ့အာကို ဘယ်သူမှ အနိုင်ကျင့်လို့ မရစေရပါဘူး"
ရှောင်လင်းယွီ ခေါင်းညိတ်လိုက်သည်။ "ရှင်ပြောတာ ဟုတ်ပါတယ်။ ဒါပေမဲ့ မိန်းမတစ်ယောက် ရက်စက်လာရင် ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာ ရှင် မသိပါဘူး"
ချင်ရန်လိုမျိုးပေါ့၊ လူတိုင်းအာရုံစိုက်ခံရတဲ့ မြို့တော်အထက်တန်းလွှာက မင်းသမီးလေးတစ်ယောက်က ကားတိုက်မှု ဖန်တီးပြီး လူသတ်ဖို့ ကြံစည်လိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ။
ကုန်းထျန်းဟောက်လည်း ထိုအချက်ကို စဉ်းစားမိပုံရသည်။ "စိတ်ချပါ... ကျန်းမျိုးရိုးနဲ့မိန်းမကို ကိုယ် လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားတယ်။ အခု ကိုယ်တို့ ယဲ့အာ ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်လိုက်ကြတာပေါ့"
ထို့နောက် သူ၏ ပါးလွှာပြီး ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများသည် ရှောင်လင်းယွီ၏နားရွက်ကို ထိကပ်လိုက်ပြီး နူးညံ့ပြီး အက်ရှရှအသံဖြင့် ပြောလိုက်သည်။ "ယွီအာ... နောက်ကျနေပြီ။ အိပ်ကြစို့"
……
ကျောင်းပန်းပွင့်လေး ကျန်းရှုယွီသည် ရှောင်လင်းယဲ့ကို တားဆီးပြီး မကျေနပ်ချက်များကို ပြောပြခဲ့သော်လည်း ရှောင်လင်းယဲ့၏တုံ့ပြန်မှုကြောင့် အရှက်ကွဲခဲ့ရသည်။
"ဘုရားရေ၊ စီနီယာရှောင် ပြောတာ ဘာသဘောလဲ" ကျောင်းသားအချို့ အံ့သြသွားကြသည်။ "သူ့စကားကို ဘာလို့ နတ်သမီးကျန်းကို ပြန်ပြောခိုင်းရတာလဲ"
အချို့က အမှန်တရားကို ရိပ်မိသွားကြသည်။ မျက်နှာများတွင် မယုံကြည်နိုင်သော အမူအရာများ ပေါ်လာသည်။ သို့သော် ပြဿနာမတက်စေရန် ထုတ်မပြောကြပေ။
"စီနီယာရှောင်က ၂ နာရီအတွင်း သူ့လက်ထဲက ရှယ်ယာတွေကို ရောင်းတော့မယ်တဲ့" ကျောင်းသားတစ်ဦးက မယုံကြည်နိုင်စွာ ပြောလိုက်သည်။ "ထိန်ဖေးနည်းပညာကုမ္ပဏီရဲ့တန်ဖိုးက ယွမ် သန်း ၂၀ ရှိတယ်လို့ ကြားတယ်။ စီနီယာရှောင် ပိုင်ဆိုင်တာက ၂၀ ရာခိုင်နှုန်းဆိုတော့ ကုမ္ပဏီမှာ အများဆုံးပဲ။ ဆိုလိုတာက စီနီယာရှောင် အနည်းဆုံး ယွမ် ၄ သန်းလောက် ရနိုင်တယ်။ ဘုရားရေ၊ မသိလိုက်ဘဲနဲ့ ငါတို့ စီနီယာရှောင်က သန်းကြွယ်သူဌေးလေးဖြစ်နေပြီပဲ"
"လူအချင်းချင်း ယှဉ်လိုက်ရင် သေချင်စရာပဲ။ ငါတို့က အိမ်ကနေ ကျောင်းလခ၊ စားစရိတ် တောင်းနေရတုန်း။ စီနီယာရှောင်ကတော့ ကိုယ်ပိုင်ငွေ သန်းချီ ရှိနေပြီ"
"ငါကြားတာတော့ စီနီယာရှောင်က တခြားလူတွေနဲ့ ကုမ္ပဏီထောင်တုန်းက ပိုက်ဆံတစ်ပြားမှ မပါဘဲ နည်းပညာနဲ့ ရှယ်ယာဝင်တာတဲ့" တစ်စုံတစ်ယောက်က မနာလိုဝန်တိုစွာ ပြောလိုက်သည်။ "ဒါက တကယ့် လက်ဗလာနဲ့ တည်ဆောက်တာပဲ။ သူ တော်တော် အမြတ်ထွက်သွားတာပဲ"
တစ်စုံတစ်ယောက်က ချက်ချင်း ပြန်ချေပလိုက်သည်။ "မနာလိုဝန်တိုတဲ့ လေသံကို နားထောင်ကြည့်ပါဦး။ အရည်အချင်းရှိရင် မင်းလည်း လက်ဗလာနဲ့ တည်ဆောက်ပြီး အမြတ်ထုတ်လေ။ အခု စီနီယာရှောင် လက်ဗလာနဲ့ တည်ဆောက်နိုင်တာက သူ့အရည်အချင်းပဲ။ မင်းလို သူတောင်းစားမျိုး အားကျလို့ မရဘူး"
"မင်း ဘယ်သူ့ကို သူတောင်းစားလို့ ပြောတာလဲ" ထိုသူ ဒေါသတကြီး မေးလိုက်သည်။
"ငါ နာမည်တပ်ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ဝင်ခံတာနေတာပဲ" ထိုသူက သရော်လိုက်သည်။
"မင်း..." ဒေါသထွက်သော်လည်း ပြန်ပြောစရာ မရှိပေ။
"ဒါပေမဲ့ စီနီယာရှောင်ရဲ့စကားက ဘာအဓိပ္ပာယ်လဲ" တစ်စုံတစ်ယောက်က သံသယဖြင့် မေးလိုက်သည်။
"ဘာအဓိပ္ပာယ်ရှိရှိ... ၂ နာရီ စောင့်ကြည့်လိုက်ရင် သိရမှာပေါ့"
"သိသာနေတာပဲ... တစ်ယောက်နဲ့ ၅ ယောက် ယှဉ်ပြိုင်နေတာ" တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်သည်။ "စီနီယာရှောင် နိုင်ပါ့မလား မသိဘူး။ ဘာပဲဖြစ်ဖြစ် အခု..." ကောလာဟလတွေကြောင့် သူ အရေးနိမ့်နေတယ်။
……
လူတိုင်း ဆွေးနွေးငြင်းခုံပြီး ခန့်မှန်းနေကြစဉ် ကျောင်းရွှယ်ယန်၊ စူးယန်နှင့် အခြားသူ ၅ ဦးတို့သည် ကျောင်းအစည်းအဝေးခန်းမတွင် စုဝေးပြီး စိတ်ပူပန်နေကြသည်။
သူတို့သည် သတင်းကို ချက်ချင်းရရှိခဲ့ကြသည်။ ဟုတ်ပါ၏။ ဤသတင်းသည် ကျန်းရှုယွီ ပြန်ပြောပြခြင်း မဟုတ်ဘဲ သူတို့ဘေးနားရှိ မိတ်ဆွေတုများ ပြန်ပြောပြခြင်းဖြစ်သည်။
သူတို့ ၅ ဦးသည် မြို့တော်သားများဖြစ်ပြီး မိသားစုက ကုမ္ပဏီဖွင့်ထားကာ ငွေကြေးအနည်းငယ် ချမ်းသာကြသည်။ ထို့ကြောင့် သူတို့ကို မျက်နှာလိုမျက်နှာရ လုပ်သူများ များပြားလှသည်။
"ရှောင်လင်းယဲ့ပြောတာ ဘာသဘောလဲ" ထိုက်ရိမင်က ဒေါသတကြီး ပြောလိုက်သည်။ "သူ ကုမ္ပဏီလျှို့ဝှက်ချက်တွေကို ရောင်းစားတာ ထင်ရှားနေတာကို ငါတို့က အပြစ်မယူဘဲ ထားလိုက်တာ။ အခု သူက ငါတို့ကို ပြန်အကျပ်ကိုင်နေတာလား"
ကျန် ၄ ဦး တိတ်ဆိတ်နေကြသည်။
"ရှောင်လင်းယဲ့က ၂ နာရီအတွင်း သူ့လက်ထဲက ရှယ်ယာတွေကို ရောင်းတော့မယ်လို့ ပြောတယ်" ကျောင်းရွှယ်ယန်က လေးနက်စွာ ပြောလိုက်သည်။ "ဒီရှယ်ယာတွေကို ငါတို့မဝယ်ရင် ဘယ်သူဝယ်မှာလဲ။ ဒီရက်ပိုင်း သူက ကုမ္ပဏီသူဌေးတွေနဲ့ ဆက်သွယ်နေတာလား"
"မဖြစ်နိုင်ပါဘူး" ဖန်တာ့ယွဲ့က သံသယဖြင့် ပြောလိုက်သည်။ "ငါကြားတာတော့ ရှောင်လင်းယဲ့က ဒီ ၂ ရက်လုံး ကျောင်းထဲက အပြင်မထွက်ဘူးတဲ့။ ဘယ်သူနဲ့ သွားဆက်သွယ်မှာလဲ"
အရည်အချင်း ဘယ်လောက်ရှိရှိ ဖုန်းတစ်ချက်ဆက်ရုံနဲ့ ရှယ်ယာတန်ဖိုး သန်းချီကို ဝယ်ခိုင်းလို့ မရပါဘူး။ အနည်းဆုံး လူချင်းတွေ့ပြီး စုံစမ်းစစ်ဆေးရမှာပေါ့။
သို့သော် ရှောင်လင်းယဲ့၏လှုပ်ရှားမှုကို သူတို့ မတွေ့ရပေ။
"ဒါဆို ထူးဆန်းနေပြီ" ချူရှန်းပေက အချိန်ကို ငုံ့ကြည့်လိုက်သည်။ "ဘယ်သူပဲ ရှယ်ယာဝယ်ဝယ်... အခု ပြဿနာက ငါတို့ ဘယ်လိုလုပ်မလဲဆိုတာပဲ"
ဘယ်သူပဲ ဝယ်ဝယ် ရှောင်လင်းယဲ့ရဲ့ ရှယ်ယာတွေကို တခြားလူလက်ထဲ ရောက်သွားခွင့် မပြုနိုင်ဘူး။ တခြားလူကို အဓိကရှယ်ယာရှင် ဖြစ်ခွင့်မပေးနိုင်ဘူး။
ဒါကြောင့် ရှောင်လင်းယဲ့ရဲ့ ရှယ်ယာတွေကို သူတို့ ၅ ယောက်ပဲ ဝယ်ယူရမယ်။
မူလက သူတို့သည် ရှောင်လင်းယဲ့ကို နာမည်ဖျက်ပြီး ကုမ္ပဏီလျှို့ဝှက်ချက် ရောင်းစားမှုဖြင့် ရှယ်ယာများကို အလကားရယူရန် ကြံစည်ထားကြသည်။
သို့သော် သူတို့ မမျှော်လင့်ထားသည်မှာ အပြင်တွင် ကောလာဟလများ မည်မျှပင် ပြင်းထန်ပါစေ ရှောင်လင်းယဲ့၏စိတ်ဓာတ်သည် တည်ငြိမ်နေဆဲပင်။
ဒါက ဝါဂွမ်းစိုင်ကို လက်သီးနဲ့ထိုးလိုက်သလိုပဲ။ ရှောင်လင်းယဲ့က ပြန်မတိုက်ခိုက်ဘူး။
"ရှောင်လင်းယဲ့က ၂ နာရီအတွင်း ငါတို့ဝယ်ရင် သူ ရောင်းမယ်လို့ပြောတယ်" ကျောင်းရွှယ်ယန် စဉ်းစားပြီး ပြောလိုက်သည်။ "ဒီ ၂ နာရီအတွင်း တစ်ခုခုလုပ်ပြီး သူ့ရှယ်ယာတွေ ရောင်းမထွက်အောင် လုပ်လိုက်ရင်ရပြီ"
"တစ်ခုခုလုပ်မယ် ဟုတ်လား" ဖန်တာ့ယွဲ့က သရော်လိုက်သည်။ "ဘာလုပ်မှာလဲ။ ငါတို့ ဘာလုပ်လုပ် ရှောင်လင်းယဲ့ လက်ခံမခံ ကြည့်ရဦးမယ်။ သူ လက်မခံရင် ငါတို့ အရှုံးပေါ်ပြီး ဒုက္ခရောက်ကုန်လိမ့်မယ်"
"ငါတို့ ရည်ရွယ်ချက်က သူ့ကို ကုမ္ပဏီကနေ မောင်းထုတ်ဖို့ပဲ" ထိုက်ရိမင်က ပြောလိုက်သည်။ "ငါ့အထင်တော့ ငါတို့ ဥာဏ်မဆင်တော့ဘဲ သူ့လက်ထဲက ရှယ်ယာတွေကို တိုက်ရိုက် ဝယ်လိုက်တာ ပိုကောင်းမယ်" သူ စိုးရိမ်တာက ဥာဏ်ဆင်လေ အရှုံးပေါ်လေ ဖြစ်မှာကိုပဲ။ ပိုဆိုးတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်။
"တိုက်ရိုက်ဝယ်မယ် ဟုတ်လား" ဖန်တာ့ယွဲ့က အေးစက်စွာ ရယ်မောလိုက်သည်။ "ငါတို့ထဲက ဘယ်သူဝယ်မှာလဲ။ ဘယ်သူဝယ်ဝယ် ကျန်တဲ့လူတွေက ကျေနပ်မှာ မဟုတ်ဘူး။ ဟမ့် အရင်တုန်းက ငါဝယ်ပြီး မင်းတို့ကို ပြန်ခွဲပေးမယ်လို့ ပြောတုန်းက မင်းတို့ လက်မခံဘူးလေ။ အခုတော့ ရှောင်လင်းယဲ့ကို အကျပ်ရိုက်အောင်လုပ်မိပြီ မဟုတ်လား"
ကျန် ၄ ဦး ကြားလိုက်ရသောအခါ ကိုယ်ပိုင်အတွေးများ ဝင်လာကြသည်။
***