အခန်း (၂၀၀၁-၂၀၀၂)
Vol. 141 Ch. 2001-2002
အခန်း(၂၀၀၁)
သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း တောင်ပံနက်ခွန်ပန်မျိုးနွယ်စုမှ တပည့်များစွာက ထိတ်လန့် တုန်လှုပ်သွားကြသည်။
နတ်ဘုရင်အဆင့်သည် နတ်ဘုရားနယ်မြေ၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်သော အဆင့်အတန်း ဖြစ်သည်။
နတ်ဘုရင် အဆင့်မှ မည်သည့် ကျင့်ကြံသူကို မဆို နတ်ကုန်းမြေတိုက်တွင် မည်သူမှ ရန်မပြုရဲကြပေ။
ယခုအခါ သူတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုတွင် နတ်ဘုရင် အဆင့် ကျင့်ကြံသူ သုံးဦး ရုတ်တရက် စုဝေး ရောက်ရှိလာခဲ့ချေပြီ။
ဤသည်မှာ ခမ်းနားထည်ဝါလွန်းသော မြင်ကွင်း ဖြစ်ပြီး နတ်ကုန်းမြေတိုက်တွင်ပင် အလွန်ရှားပါးသော ဖြစ်ရပ် ဆိုလည်းမမှားပေ။
သူတို့ တောင်ပံနက်ခွန်ပန် မျိုးနွယ်စုတွင် မည်သည့် ကိစ္စများ ဖြစ်ပျက်နေ၍ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုမှ ကျင်းဖန်းနတ်ဘုရင် နှင့် အခြားသော နတ်ဘုရင် အဆင့် ကျင့်ကြံသူများကို တစ်ချိန်တည်း ပေါ်လာစေရန် ဆွဲဆောင်နိုင်ခဲ့ပါသနည်း။
"ချင်းယွမ်နတ်ဘုရင်.. မင်း ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"
ရုတ်တရက် ပေါ်လာသော အပြာရောင်အင်္ကျီဝတ် အဘိုးအိုကို မြင်လျှင် ကျင်းဖန်းနတ်ဘုရင်၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ရှေးဟောင်း သူတော်စင် နဂါး မျိုးနွယ်စုသည် သူတို့ ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုထက် ပိုမို အင်အားကြီးသော ထိပ်တန်းမျိုးနွယ်စု ဖြစ်သည်။
သူ၏ရှေ့မှ ချင်းယွမ်နတ်ဘုရင်၏ စွမ်းအားသည် ခန့်မှန်းရခက်လွန်းပြီး ကျင်းဖန်း နတ်ဘုရင်ပင်လျှင် စိုးရိမ်ရသူ ဆိုလည်းမမှားချေ။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု၏ နတ်ဘုရင်အဆင့် ကျင့်ကြံသူသည် ဤအချိန်တွင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၌ ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ကျင်းဖန်း.. စိတ်အေးအေးထားပါ.. ချင်းယွမ်နတ်ဘုရင်ကို ငါ ဖိတ်လိုက်တာပါ"
ထိုအချိန်တွင် ယိုယဲ့ နတ်ဘုရင်၏ ပုံရိပ်သည် ချက်ချင်းပင် ထိုနှစ်ဦး၏ အလယ်၌ ပေါ်လာခဲ့ပြီး ကျင်းဖန်းနတ်ဘုရင်ကို ပြုံး၍ ရှင်းပြလိုက်သည်။
ကျင်းဖန်းနတ်ဘုရင်က မျက်မှောင်ကြုတ်သွားခဲ့၏။
သူ စကားမပြောမီ ချင်းယွမ်နတ်ဘုရင်က ယိုယဲ့ နတ်ဘုရင်ကို အရေးမစိုက်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ယိုယဲ့.. ဒီအဘိုးအို ဒီကို ဘာအတွက် လာတယ်ဆိုတာ မင်းသိပါတယ်.. အခု အခြေအနေ အသေးစိတ်ကို ပြောပြလို့ရပြီလား"
ယိုယဲ့ နတ်ဘုရင်က လက်ကို ဆန့်ထုတ်ကာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေ ရှိရာသို့ ညွှန်ပြလိုက်သည်။
"ချင်းယွမ် နတ်ဘုရင်.. မင်း ရှာနေတဲ့သူက အဲဒီနေရာမှာ ရှိပါတယ်"
ယိုယဲ့နတ်ဘုရင် ညွှန်ပြရာသို့ကြည့်ပြီးနောက်တွင် ချင်းယွမ်နတ်ဘုရင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
"အဲဒီနေရာမှာ ကမ္ဘာငယ်လေး တစ်ခု ရှိနေတာလား"
"ဟုတ်တယ်.. အဲဒါက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေပါ.. အဲဒီနေရာကို ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက နတ်ဘုရင် စွမ်းအားနဲ့ ဖိနှိပ်ထားတယ်.. ငါက အပေါက်တစ်ခု ဖွင့်ထားနိုင်ပေမယ့် ကောင်းကင်နတ်ဘုရား အဆင့်ပဲ ဝင်ခွင့်ရနိုင်တယ်"
ယိုယဲ့ နတ်ဘုရင်က အသေအချာ ရှင်းပြလိုက်သည်။
"ယိုယဲ့.. မင်းစကားက အမှန်ဆိုတာ သေချာရဲ့လား"
ချင်းယွမ်နတ်ဘုရင်က ယိုယဲ့ နတ်ဘုရင်ကို မယုံကြည်နိုင်သောအမူအရာဖြင့် ကြည့်လိုက်သည်။
"ငါ ရှာနေတဲ့သူက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေမှာ ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ"
ယိုယဲ့ နတ်ဘုရင်က ပုခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။
"အဲဒါ အမှန်တရားပဲ.. မင်း မယုံရင်လည်း ငါ ဘာမှ မတတ်နိုင်ဘူး"
"ဒီလိုဆိုရင် ငါ ကောင်းကင်နတ်ဘုရား အဆင့် တပည့်အချို့ကို စေလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်"
ချင်းယွမ်နတ်ဘုရင်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
ဤကိစ္စသည် ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စု အတွက် အလွန် အရေးကြီးလွန်းလှ၍ ယိုယဲ့ နတ်ဘုရင်က သူ့ကို ပေါ့ပျက်ပျက် ပြောဆိုမည် မဟုတ်ကြောင်း သူ ယုံကြည်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စု ရှာဖွေနေသည့် သူက ထိုအထဲတွင် အမှန်တကယ် ရှိမရှိ သူ အတည်ပြုရပေလိမ့်မည်။
"အသုံးမဝင်ဘူး"
ယိုယဲ့ နတ်ဘုရင်က ခေါင်းခါယမ်း၍ ပြောလိုက်သည်။
"အဲဒီကောင်လေးက သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူပဲ.. ဒါ့အပြင် သူက မင်းတို့ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုရဲ့ ရတနာ အတုကို လက်ထဲမှာ ကိုင်ထားတယ်.. ငါ့ရဲ့ ကောင်းကင်နတ်ဘုရား အဆင့် ကိုယ်ပွားတောင် သူ့ကို မယှဥ်နိုင်ခဲ့ဘူး.. ငါတို့ ကိုယ်တိုင်ပဲ သူ့ကို ကိုင်တွယ်နိုင်လိမ့်မယ်"
"ဒါဆိုလည်း အဲဒီနေရာကို လွှမ်းခြုံထားတဲ့ နတ်စွမ်းအားကို ဖြိုခွဲကြတာပေါ့"
"ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု ဘိုးဘွားမြေရဲ့ နတ်ဘုရင် စွမ်းအားက အစွမ်းထက်ပေမဲ့ အချိန်အတော်ကြာခဲ့ပြီဆိုတော့ အားနည်းနေလောက်ပြီ.. ငါတို့ နတ်ဘုရင် သုံးပါး ပူးပေါင်းဆောင်ရွက်ရင် ကမ္ဘာငယ်လေးထဲက နတ်ဘုရင် စွမ်းအားကို မဖြိုခွဲနိုင်စရာ အကြောင်း မရှိဘူး"
ကျင်းဖန်းနတ်ဘုရင်က တက်ကြွသော အမူအရာဖြင့် ပြောလိုက်သည်။
ယိုယဲ့ နတ်ဘုရင်က ခေါင်းညိတ်လိုက်၏။
"မင်းတို့ နှစ်ယောက်ကို ငါ ဖိတ်ခဲ့တာလည်း ဒီအတွက်ပါပဲ"
"ကောင်းပြီ.. ဒါဆိုလည်း အပိုစကားတွေ မပြောနဲ့တော့.. ငါတို့ အတူတူ ဖြိုခွင်းကြစို့"
စကားဆုံးသည်နှင့် ချင်းယွမ်နတ်ဘုရင်က သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ လေထဲတွင် ကောင်းကင်နှင့်နေကိုပင် ဖုံးလွှမ်းနိုင်လောက်သော ဧရာမ အပြာရောင် လက်ဝါးတစ်ဖက် ဖြစ်ပေါ်လာခဲ့၏။
ကျင်းဖန်းနတ်ဘုရင်နှင့် ယိုယဲ့ နတ်ဘုရင် တို့ကလည်း တုံ့ဆိုင်းမနေဘဲ နတ်ဘုရင် အဆင့်၏ မဟာလမ်းစဥ် စွမ်းအားကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။
ထို့နောက်တွင် နတ်ဘုရင်သုံးပါး၏ စွမ်းအားများသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ လှိုင်းလုံးများပမာ တိုက်ခတ်သွားခဲ့သည်။
--------------------
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေရှိ ရှန်းယင်းတောင် ဗဟိုတွင် ဖုန်အလိမ်းလိမ်း တက်နေသည့် ရှေးဟောင်းခန်းမပျက် တစ်ခု ရှိသည်။
ကျန်းချန်က ရှေးဟောင်းခန်းမပျက်၏ ပေတစ်ထောင်ခန့်အကွာရှိ ကြီးမားသော ကျောက်တုံးကြီးပေါ်တွင် ထိုင်နေခဲ့ပြီး လိပ်အိုကြီးက ကျန်းချန်၏ ဘေးတွင် ရှိနေခဲ့သည်။
ရှေးဟောင်းခန်းမပျက်ထဲသို့ ဖုန်းယန်ဝင်သွားသည်မှာ ကြာပြီဖြစ်သည်။
"ဆယ်ရက်တောင် ကြာသွားပြီ.. ဖုန်းယန်က ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ အဓိက အမွေအနှစ်ကို ရဖို့ ဘယ်လောက်ကြာဦးမလဲ မသိဘူး"
သူ့ရှေ့မှ ရှေးဟောင်းခန်းမပျက်ကို ကြည့်ရင်း ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။
ယိုယဲ့ နတ်ဘုရင်က ၎င်း၏ ကိုယ်ပွား ပျက်စီးသွားပြီ ဖြစ်၍ နောက်ထပ် လှုပ်ရှားမှု ရှိလာမည်မှာ သေချာသလောက်ပင်။
သူတို့ ဤနေရာတွင် အချိန်ကြာလာသည်နှင့် အမျှ ကြီးမားသည့် ဒုက္ခများနှင့် ကြုံတွေ့ရနိုင်ခြေ ရှိသည်။
ကျန်းချန် စဉ်းစားနေစဉ်မှာပင် ရုတ်တရက် ထူးဆန်းသော စွမ်းအင်လှိုင်းလုံး တစ်ခုသည် လေထုထဲတွင် လှိုင်းဂယက် ကဲ့သို့ ဖြစ်ပေါ်လာခဲ့၏။
ကျန်းချန်က ထိတ်လန့်သွားခဲပြီး ခေါင်းကို ရုတ်တရက် မော့ကာ လေထုကို လှမ်းကြည့်လိုက်သည်။
"ကျန်းချန်.. ဒီကမ္ဘာကို ဖိနှိပ်ထားတဲ့ စွမ်းအားတွေက အားနည်းလာတယ်...တစ်စုံတစ်ယောက်က ဒီနေရာက စွမ်းအားကို အတင်းအကျပ် ဖြိုခွဲနေတာပဲ ဖြစ်ရမယ်"
ထိုအချိန်တွင် ဘေးမှ လိပ်အိုကြီးက ရုတ်တရက် လေးနက်စွာ ပြောလိုက်သည်။
သူက ဤကမ္ဘာတွင် နှစ် သန်းပေါင်းများစွာ နေထိုင်ခဲ့၍ ကျန်းချန်ထက် ဤနေရာနှင့် ပိုမို ရင်းနှီးသည်။
ထို့ကြောင့် ပတ်ဝန်းကျင်မှ အပြောင်းအလဲများကို ပထမဆုံးအကြိမ် ခံစားမိခြင်းပင်။
ကျန်းချန်က အံ့အားသင့်သွားပြီး ဂရုတစိုက် ခံစားကြည့်လိုက်သောအခါ ဤကမ္ဘာကနေ သူ့အပေါ် ဖိနှိပ်ထားမှုသည် တဖြည်းဖြည်း အားနည်းလာနေသည်ကို သတိပြုမိခဲ့သည်။
"ယိုယဲ့ နတ်ဘုရင် စတင်နေပြီ ထင်တယ်"
ကျန်းချန်၏ မျက်လုံးများတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကို ဖိနှိပ်ထားသည့် မဟာလမ်းစဥ် စွမ်းအားသည် တဖြည်းဖြည်း အားနည်းလာခဲ့ချေပြီ။
အားနည်းလာသည့် အရှိန်အဟုန်က မမြန်သော်လည်း ဤကမ္ဘာငယ်လေးရှိ မဟာလမ်းစဥ်စွမ်းအားသည် မကြာမီ ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
နတ်ဘုရင်၏ မဟာလမ်းစဥ် စွမ်းအားဖြင့် ဖိနှိပ်မှု ပျောက်ကွယ်သွားသည်နှင့် သူတို့ ရင်ဆိုင်ရမည့်အရာမှာ တောင်ပံနက်ခွန်ပန် မျိုးနွယ်စု တစ်ခုလုံး ဖြစ်ပြီး အကျိုးဆက်များမှာ စိတ်ကူး၍ပင် မရနိုင်ပေ။
"ဒီအတိုင်းဆို ဖုန်းယန်က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ အမွေအနှစ်ကို မြန်မြန်ဆန်ဆန် ရနိုင်ဖို့ ဆုတောင်းရုံပဲ ရှိတော့တယ်"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
မဟာလမ်းစဥ် စွမ်းအား၏ ဖိနှိပ်မှု မပျောက်ကွယ်မီ ဖုန်းယန်က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အမွေအနှစ်ကို ရရှိနိုင်ရန်သာ မျှော်လင့်နိုင်ခဲ့သည်။
-------------
ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေ အပြင်ဘက်တွင် ယိုယဲ့ နတ်ဘုရင် အပါအဝင် နတ်ဘုရင် အဆင့် ကျင့်ကြံသူ သုံးဦးသည် နတ်ဘုရင် အဆင့်၏ မဟာလမ်းစဥ် စွမ်းအားများကို ထုတ်ဖော်၍ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေမှ မဟာလမ်းစဥ် စွမ်းအားကို အဆက်မပြတ် ဖြိုခွင်းနေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကို လွှမ်းခြုံထားသည့် တောက်ပသော ရွှေရောင်အလင်းသည် တဖြည်းဖြည်း အားနည်းလာခဲ့၏။
မသိလိုက် မသိဘာသာဖြင့်ပင် လဝက်ခန့် ကြာမြင့်သွားခဲ့သည်။
နတ်ဘုရင် သုံးပါး၏ ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေပေါ်ရှိ မဟာလမ်းစဥ် စွမ်းအားသည် ထက်ဝက်ကျော်ခန့် ဖယ်ရှားပြီးခဲ့ချေပြီ။
"တော်ကြစို့.. ငါတို့ ဆက်ဖြိုခွဲလို့ မဖြစ်တော့ဘူး"
"ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေက ပြိုကျမဲ့ လက္ခဏာတွေ ပြသနေတာကို မင်းတို့ သတိထားမိလား.. ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ မဟာလမ်းစဥ် စွမ်းအားက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေရဲ့ ရှင်သန်မှုနဲ့ သက်ဆိုင်နေပုံ ရတယ်"
"မဟာလမ်းစဥ် စွမ်းအား လုံးဝ ပျောက်ကွယ်သွားတာနဲ့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေလည်း လုံးဝ ပြိုကျသွားနိုင်တယ်"
ချင်းယွမ်နတ်ဘုရင်က တစ်စုံတစ်ရာ ခံစားမိဟန်ဖြင့် ရုတ်တရက် ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ဒီမှာရှိတဲ့ မဟာလမ်းစဥ် စွမ်းအား ဖိနှိပ်မှုက ငါတို့အပေါ် သက်ရောက်မှု သိပ်မရှိတော့ဘူး"
ကျင်းဖန်းနတ်ဘုရင်က အနည်းငယ် အရေးမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
"ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေက သိပ် မတည်ငြိမ်ဘူး.. ငါ ဒီကမ္ဘာငယ်လေးကို အပြင်ကနေ တည်ငြိမ်အောင် ထိန်းထားပေးမယ်.. မင်းတို့ နှစ်ယောက်ပဲ ဝင်သွားလိုက်ပါ"
"ကောင်းပြီ"
ယိုယဲ့ နတ်ဘုရင်နှင့် ချင်းယွမ် နတ်ဘုရင် တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ထို့နောက် သူတို့က တုံ့ဆိုင်းမနေတော့ဘဲ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေထဲသို့ ဝင်ရောက်သွားခဲ့သည်။
အခန်း(၂၀၀၁) ပြီး၏
အခန်း(၂၀၀၂)
ကျန်းချန်သည် ဤကမ္ဘာငယ်လေး ပေါ်ရှိ ဖိနှိပ်မှုများက တဖြည်းဖြည်း ပို၍ အားနည်းလာသည်ကို ခံစားမိပြီးနောက်တွင် ငြိမ်သက်နေဆဲဖြစ်သော ရှေးဟောင်းခန်းမပျက်ကို လှမ်းကြည့်လိုက်၏။
သူ၏ မျက်နှာအမူအရာက ပို၍ လေးနက်လာခဲ့သည်။
"လိပ်အိုကြီး.. တောင်ပံနက် ခွန်ပန် မျိုးနွယ်စုရဲ့ နတ်ဘုရင်အဆင့် ကျင့်ကြံသူ မကြာခင် ကိုယ်တိုင် ရောက်လာတော့မယ်.. မင်း အရင် ရှောင်နေချင်လား"
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး နံဘေးမှ လိပ်အိုကြီးကို ပြောလိုက်သည်။
သူက လမ်းစဥ် ဆယ်ပါး၏ ကမ္ဘာ့စွမ်းအားကို အချိန်မရွေး စုစည်းကာ သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့် အထက်မှ နယ်ပယ် အဆင့်သို့ ထိုးဖောက်နိုင်သော်လည်း လမ်းစဥ်ဆယ်ပါး၏ ကမ္ဘာ့စွမ်းအားသည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ၏ စွမ်းအား နှင့် ယှဥ်ပြိုင်နိုင်၊ မနိုင် ကျန်းချန် လုံးဝ မသိပေ။
ပြောနေစရာ မလိုလောက်အောင်ပင် တောင်ပံနက် ခွန်ပန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ပေါ်ရှိ ယိုယဲ့ နတ်ဘုရင် ကဲ့သို့ နတ်ဘုရင် တစ်ပါးထက် မက ရှိသည့် နတ်ဘုရင် အင်အားစုကြီး ဖြစ်သည်။
လိပ်အိုကြီးက ခဏမျှ နှုတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
"မင်းနဲ့အတူပဲ ရှိနေမယ်"
ယခုအခါတွင် ဤကမ္ဘာ၏ မဟာလမ်းစဥ် စွမ်းအား ဖိနှိပ်မှုက အတော်အတန် အားနည်းသွားခဲ့ပြီ ဖြစ်ရာ ပုန်းအောင်းရန် နေရာကို ရှာရန်သာ လိုအပ်ပြီး ခဏအကြာတွင် သူ၏ ကိုယ်ပိုင် ခွန်အားဖြင့်ပင် ထွက်ခွာနိုင်မည် ဖြစ်သည်။
သို့သော် ဤကမ္ဘာငယ်လေး၏ အပြင်ဘက်တွင် တောင်ပံနက်ခွန်ပန်မျိုးနွယ်စု ရှိနေ၏။
သူ့အနေဖြင့် ထွက်သွားချင်လျှင်ပင် လွယ်လွယ်ကူကူ ထွက်သွားရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် အသက်ရှင်ချင်လျှင် ယိုယဲ့ နတ်ဘုရင်ထံ အညံ့ခံဖို့သာ ဖြစ်နိုင်ပေလိမ့်မည်။
ထိုသို့သော ရလဒ်သည် လိပ်အိုကြီး လိုချင်သည့်ရလဒ် မဟုတ်သည်မှာ သဘာဝပင်။
သူက ဤကမ္ဘာငယ်လေးတွင် နှစ်ပေါင်း ထောင်ချီ ပိတ်မိနေခဲ့ပြီး သူ၏ စိတ်ထဲရှိ တစ်ခုတည်းသော ဆန္ဒမှာ လွတ်လပ်မှုသာ ဖြစ်သည်။
ဆိုရလျှင် သူက ဤကမ္ဘာမှ ထွက်ခွာပြီးနောက်တွင် တောင်ပံနက် ခွန်ပန် မျိုးနွယ်စုနှင့် ထပ်မံ ချည်နှောင်ခံရခြင်းမျိုး မလိုလားပေ။
ထို့ကြောင့် လိပ်အိုကြီးသည် ကျန်းချန်၏ အနားမှ အလွယ်တကူ ထွက်ခွာသွားရန် အစီအစဉ် မရှိခဲ့ပေ။
"ဝုန်း.. ဝုန်း"
ကျန်းချန်တို့ နှစ်ဦး စကားပြောဆိုနေစဉ်မှာပင် ကောင်းကင်ယံမှ ကျယ်လောင်သော ပေါက်ကွဲသံ နှစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာငယ်လေး တစ်ခုလုံးသည် နှစ်ကြိမ်ခန့် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
မကြာမီမှာပင် အလွန်တရာ လွှမ်းမိုးနိုင်သော အရှိန်အဝါ နှစ်ခုသည် ဤကမ္ဘာသို့ ချက်ချင်း ပျံ့နှံ့လာခဲ့သည်။
"နတ်ဘုရင်အဆင့် ကျင့်ကြံသူ ရောက်လာပြီ.. ဒါ့အပြင် နှစ်ယောက်တောင်ပါလား"
သန်မာသော အရှိန်အဝါ နှစ်ခုကို ခံစားမိလျှင် ကျန်းချန် ရုတ်တရက် မျက်မှောက်ကြုတ်သွားခဲ့သည်။
ယိုယဲ့ နတ်ဘုရင်က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ ကိုယ်တိုင် လာရောက်သည့် အပြင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ တစ်ဦးကိုပါ ဖိတ်ခေါ်ခဲ့မည်ဟု သူမမျှော်လင့်ခဲ့ပေ။
သူက ယိုယဲ့ နတ်ဘုရင်၏ သူတို့ကို သတ်ရန် ဆုံးဖြတ်ချက်ကို လျှော့တွက်မိနေဆဲ ဖြစ်ပုံရ၏။
နတ်ဘုရင်အဆင့်သည် မဟာလမ်းစဥ် စွမ်းအားကို ပိုင်ဆိုင်ထားပြီး စွမ်းရည်က မိုးထိအောင် မြင့်မားသည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေ ကမ္ဘာငယ်လေးကဲ့သို့ နေရာကို အတွေးတစ်ချက်ဖြင့်ပင် လျင်မြန်စွာ ဖြတ်ကျော်နိုင်၏။
မျက်တောင် တစ်ခတ်အတွင်း ကျန်းချန်သည် အနက်ရောင်နှင့် အပြာရောင် ပုံရိပ် တို့က အဝေးရှိ ကောင်းကင်ယံမှ ဦးတည်လာသည်ကို မြင်လိုက်ရသည်။
အနက်ရောင် ပုံရိပ်သည် ကျန်းချန်နှင့် လုံးဝ မစိမ်းပေ။
၎င်းက တောင်ပံနက် ခွန်ပန် မျိုးနွယ်စု၏ ခေါင်းဆောင် ယိုယဲ့ နတ်ဘုရင် ဖြစ်သည်။
ယိုယဲ့ နတ်ဘုရင်၏ ဘေးမှ အပြာရောင်ဝတ် နတ်ဘုရင် တစ်ပါး ရှိသည်။
ဤနတ်ဘုရင်နှင့် ကျန်းချန်က ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း သူက ထိုနတ်ဘုရင်ထံကနေ ရင်းနှီးသော အရှိန်အဝါကို ခံစားမိ၏။
"ကောင်လေး.. မင်းက ငါတို့ တောင်ပံနက် ခွန်ပန် မျိုးနွယ်စုက ပါရမီရှင်ကို သတ်ပြီး ငါ့ရဲ့ ကိုယ်ပွားကိုတောင် ဖျက်ဆီးခဲ့တယ်.. ဒီနေ့ မင်း ဘယ်ကို ထွက်ပြေးနိုင်မလဲ ဆိုတာ ငါ ကြည့်ချင်တယ်"
ယိုယဲ့ နတ်ဘုရင်က ကျန်းချန်ကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ၏ မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင်စွာ ကြုံးဝါးသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့၏။
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
"ယိုယဲ့ နတ်ဘုရင်.. ခင်ဗျားက ကိုယ်တိုင် ရောက်လာတဲ့အပြင် နတ်ဘုရင်တစ်ပါးကိုပါ ဖိတ်ခေါ်ခဲ့မယ်လို့ ကျုပ် မထင်ထားမိဘူး.. ခင်ဗျားက တကယ်ပဲ ကျုပ်ကို အရေးထားသားပဲ"
"ယိုယဲ့.. မင်း ငါ့ကို မလိမ်ခဲ့ဘူး ထင်တယ်.. သူ့ဆီမှာ တကယ်ပဲ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ရဲ့ အရှိန်အဝါ ရှိနေတယ်"
ချင်းယွမ်နတ်ဘုရင်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး သူ၏ အကြည့်က ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
"ကောင်လေး.. မင်းက ငါတို့ ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုရဲ့ အဖွဲ့ဝင် မဟုတ်ဘဲ ငါတို့ မျိုးနွယ်စု နည်းစနစ် ဖြစ်တဲ့ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ကျင့်ကြံခဲ့တယ်.. မင်း ငါ့ကို ရှင်းပြသင့်တယ်လို့ မထင်ဘူးလား"
ချင်းယွမ်နတ်ဘုရင်၏ စကားကိုကြားလျှင် ကျန်းချန်၏ အမူအရာသည် အဆုံးသတ်တွင် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
ယိုယဲ့ နတ်ဘုရင် ခေါ်ဆောင်လာသော ချင်းယွမ်နတ်ဘုရင်သည် ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုမှ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ယခင်က သူသည် ယိုယဲ့ နတ်ဘုရင်၏ ကိုယ်ပွားနှင့် တိုက်ခိုက်ခဲ့ပြီး ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ် အပြင် မဟာနဂါးနန်းတော်ကိုပါ ထုတ်သုံးခဲ့သည်။
ယိုယဲ့ နတ်ဘုရင်က ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုမှ နတ်ဘုရင်ကို ခေါ်လာသောကြောင့် ဤကိစ္စအားလုံးကို ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စုအား ပြောပြပြီးပြီး ဖြစ်ရပေမည်။
ထို့ကြောင့် ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စုမှ လူများသည် တစ်စုံတစ်ရာကို ခန့်မှန်းမိပြီးပြီ ဖြစ်လောက်၏။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် သူ့ရှေ့မှ ချင်းယွမ် နတ်ဘုရင်သည် မဟာနဂါးနန်းတော်၏ပိုင်ရှင် ဖြစ်သည့် သူတော်စင် နဂါးဘုရင် အတွက် ရောက်လာဖွယ် ရှိသည်။
"စိတ်မကောင်းပါဘူး.. ကျုပ်က ဒီကျင့်စဥ်ကို မတော်တဆ ကျင့်ကြံမိခဲ့တဲ့အတွက် ခင်ဗျား ပြောနေတာကို နားမလည်ပါဘူး"
ကျန်းချန်က ချင်းယွမ်နတ်ဘုရင်ကို ပြန်ဖြေလိုက်သည်။
သူ၏ အမူအရာက အလွန်ပင် တည်ငြိမ်နေ၏။
"ကောင်လေး.. ငါ မင်းနဲ့ အပိုစကားတွေ မပြောချင်ဘူး"
ချင်းယွမ်နတ်ဘုရင် ပြင်းထန်စွာ အော်ငေါက်လိုက်သည်။
"ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ဘယ်ကနေရလဲ ဆိုတာ ပြောပြ.. ပြီးရင် မင်းလက်ထဲက မဟာနဂါးနန်းတော်ကို အပ်လိုက်.. ဒီလိုမှ မဟုတ်ရင်တော့ ငါ့ကို အညှာအတာ ကင်းမဲ့တယ် ဆိုပြီး အပြစ်မတင်နဲ့"
ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။
"တကယ်လို့ ကျုပ်က မပေးရင်ရော.."
"ဟမ့်.. သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကများ ငါ့ကို မလေးမခန့်လုပ်ရဲတယ်.. သွားသေလိုက်တော့"
ချင်းယွမ်နတ်ဘုရင်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းများ လင်းလက်သွားသည်။
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် မမြင်နိုင်သော မဟာလမ်းစဥ် စွမ်းအားသည် ကျန်းချန်၏ ဦးခေါင်းအထက်တွင် လှိုင်းလုံးများ ဖြစ်ပေါ်လာစေပြီး မိုင်ထောင်ချီ နေရာလွတ်ကို တစ်ခဏအတွင်း တောင့်တင်းသွားစေခဲ့၏။
"လူသားဧကရာဇ်ဓား"
ကျန်းချန်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအင်များက တစ်ခဏအတွင်း အဆုံးစွန်ထိ ပေါက်ကွဲထွက်လာခဲ့ကာ နောက်ကျောတွင် ဧရာမ ရွှေရောင် ဓားတစ်လက် အဖြစ် ချက်ချင်းဆိုသလို စုစည်းသွားခဲ့ပြီး မမြင်နိုင်သော စွမ်းအား၏ ချုပ်နှောင်မှုကို ဖြတ်တောက်ရန် ကြိုးစားလိုက်သည်။
သို့သော် မမြင်နိုင်သော မဟာလမ်းစဥ် စွမ်းအားသည် အလွန်အမင်း အင်အားကြီးမားလွန်းသဖြင့် ကျန်းချန်က နတ်ခန္ဓာ ပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို အင်အား အပြည့်အဝ စုစည်းထားသည့်တိုင် ခုခံနိုင်ခြင်း မရှိခဲ့ပေ။
အသက်ရှူချိန် အနည်းငယ်အတွင်း လူသားဧကရာဇ်ဓားသည် မမြင်နိုင်သော မဟာလမ်းစဥ် စွမ်းအား၏ ဖိအားအောက်တွင် ပြိုကျသွားခဲ့သည်။
"ဖူး"
ကျန်းချန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံးသည် တစ်ခဏအတွင်း ပေထောင်ချီ အကွာအဝေးထိ လွင့်စင်သွားခဲ့သည်။
နံဘေးမှ လိပ်အိုကြီးသည်လည်း စက်ကွင်း မလွတ်ဖြစ်ကာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး လိပ်ခွံတစ်ခုလုံး အက်ကွဲလုနီးပါး ဖြစ်ကာ သေလုနီးပါး ဖြစ်သွားခဲ့သည်။
"မင်းရဲ့ နတ်ခန္ဓာပုံရိပ်က လူသားဧကရာဇ်ဓားပါလား.. မင်းက လူသားဧကရာဇ်နန်းတော်က ကျန်းမျိုးနွယ်စုဝင်လား"
ကျန်းချန်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သော်လည်း ချင်းယွမ်နတ်ဘုရင်၏ မျက်ဝန်းများတွင် တုန်လှုပ်ချောက်ချားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။
လူသားဧကရာဇ်ဓားသည် ရှေးဟောင်း လူသားဧကရာဇ်နန်းတော်၏ ရတနာ ဖြစ်ပြီး နတ်ကုန်းမြေတိုက်ပေါ်ရှိ နာမည်အကျော်ကြားဆုံး သန္ဓေတာအို ရတနာ ဆယ်ခုထဲမှ တစ်ခုလည်း ဖြစ်သည်။
သူ သိထားသလောက် လူသားဧကရာဇ်နန်းတော်၏ ကျန်းမျိုးနွယ်ဝင်များတွင် စစ်မှန်သော သွေးမျိုးဆက် ရှိသူများသာ နတ်ခန္ဓာ ပုံရိပ်အဖြစ် လူသားဧကရာဇ်ဓားကို စုစည်းနိုင်၏။
သူ့ရှေ့မှ ကောင်လေးသည် လူသားဧကရာဇ်နန်းတော်၏ ကျန်းမျိုးနွယ်စုဝင် ဖြစ်နိုင်ပါသလော။
"ဟုတ်တယ်.. ကျုပ်က လူသားဧကရာဇ်နန်းတော်ရဲ့ ကျန်းမျိုးနွယ်ဝင်ပဲ.. ခင်ဗျား ကျုပ်ကို ထိခိုက်အောင် လုပ်ရဲရင် လူသားဧကရာဇ်နန်းတော်က ခင်ဗျားကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"
ကျန်းချန်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်လိုက်ပြီးနောက် မဲ့ပြုံး ပြုံးကာ ပြောလိုက်သည်။
ကောင်းကင်နတ်ဘုရား အဆင့်၏ စွမ်းအားနှင့် နတ်ဘုရင်အဆင့်၏ စွမ်းအားသည် အလွန် ကွာခြားသည်ဟု ဆိုနိုင်၏။
သူက ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ်တိုင်တိုင် ချိုးဖျက်ခဲ့သည့် သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်သော်လည်း နတ်ဘုရင်အဆင့်၏ မဟာလမ်းစဥ် စွမ်းအားရှေ့တွင် ဘာမှမတတ်နိုင်ခဲ့ပေ။
ချင်းယွမ်နတ်ဘုရင်က လူသားဧကရာဇ် နန်းတော်ကို ဖော်ပြခဲ့သောကြောင့် သူက လူသားဧကရာဇ် နန်းတော်၏ အမည်ကို အသုံးပြုကာ ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စု၏ နတ်ဘုရင် အဆင့် ကျင့်ကြံသူကို ထိန်းချုပ်နိုင်မလား စမ်းကြည့်ချင်ခဲ့သည်။
မဟုတ်လျှင် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်၏ အထက် အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည့်တိုင် ယနေ့တိုက်ပွဲတွင် အသက်ရှင်ရန် မဖြစ်နိုင်ပေ။
အခန်း(၂၀၀၂) ပြီး၏