အခန်း (၂၀၀၃-၂၀၀၄)
Vol. 141 Ch. 2003-2004
အခန်း(၂၀၀၃)
"ကောင်လေး.. လူသားဧကရာဇ်နန်းတော်က အားကောင်းပေမယ့် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုနဲ့ ရှေးဟောင်းသူတော်စင်နဂါးမျိုးနွယ်စုကလည်း သာမန် မဟုတ်ပါဘူး"
ချင်းယွမ်နတ်ဘုရင်က မထီမဲ့မြင် အမူအရာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"လူသားဧကရာဇ် နန်းတော်ရဲ့ နာမည်ကိုသုံးပြီး ငါ့ကို ခြိမ်းခြောက်လို့ ရမယ် ထင်နေလား"
လူသားဧကရာဇ် နန်းတော်သည် ရှေးခေတ်ကာလက လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက် အင်အားစု တစ်စု ဖြစ်ပြီး နတ်ကုန်းမြေတိုက် တစ်ခုလုံးရှိ အင်အားစု အားလုံးနီးပါးက ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရသည်။
သို့သော် ယနေ့ကာလတွင် နတ်ကုန်းမြေတိုက်သည် ရှေးခေတ်ကာလက နတ်ကုန်းမြေတိုက် မဟုတ်တော့သလို လူသားဧကရာဇ် နန်းတော်သည်လည်း ရှေးခေတ်ကာလက လူသားဧကရာဇ်နန်းတော် မဟုတ်တော့ပေ။
သူတို့ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုက လူသားဧကရာဇ်နန်းတော်ကို ကြောက်ရွံ့နေသေးသော်လည်း အလွန်အမင်း ကြောက်ရွံ့နေခြင်းမျိုး မရှိချေ။
ကျန်းချန်က ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို ကျင့်ကြံပြီး မဟာနဂါး နန်းတော် အတုကို ထိန်းချုပ်ထားသည်။
ဆိုရလျှင် ထိုကောင်လေးသည် ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုကို ပုန်ကန်ခဲ့သူနှင့် ဆက်စပ်မှု ရှိနိုင်ခြေ အများဆုံး ဖြစ်၏။
သူတို့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကို ပုန်ကန်ခဲ့သူတွင် နတ်ကုန်းမြေတိုက် တစ်ခုလုံးကို လှုပ်ခတ်သွားစေနိုင်လောက်သည့် ထိတ်လန့်စရာ တစ်စုံတစ်ရာ ရှိခဲ့သည်။
ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်၏ ပြင်ပတွင် ထိုလူ တည်ထောင်ခဲ့သော မဟာနဂါးနန်းတော် အင်အားစုကို ရှာဖွေတွေ့ရှိပြီး ဖျက်ဆီးခဲ့သော်လည်း အဆုံးသတ်၌ ထိုလူထံကနေ ဘာမှ မရရှိခဲ့ပေ။
ယခုမူ ထိုလူ ချန်ထားခဲ့သော အရာကို သူ့ရှေ့မှ ကောင်လေးသည် ရရှိထားဖွယ်ရှိ၏။
ထို့ကြောင့် ကျန်းချန်က လူသားဧကရာဇ်နန်းတော်၏ ကျန်းမျိုးနွယ်စုဝင် အမှန်တကယ် ဖြစ်နေလျှင်ပင် သူက ကျန်းချန်ကို အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် ဤတစ်ကြိမ်တွင် ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုသည် သူတို့ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုနှင့် တစ်ဖက်တည်း၌ ရပ်တည်ခဲ့သည်။
ယခု မျိုးနွယ်စုနှစ်ခု ပူးပေါင်းထားပြီး ဖြစ်ရာ လူသားဧကရာဇ်နန်းတော် ဖြစ်နေလျှင်ပင် ကြောက်ရွံ့နေမည် မဟုတ်ချေ။
"ကောင်လေး.. မင်းက လူသားဧကရာဇ် နန်းတော်က ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဒီနေ့ မင်း သေဖို့က သတ်မှတ်ထားပြီးသားပဲ"
ယိုယဲ့ နတ်ဘုရင်က ကျန်းချန်ကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်၏။
သူ၏ အကြည့်သည် ကျန်းချန်က သေဆုံးပြီးသား ဖြစ်နေသကဲ့သို့ပင်။
"ယိုယဲ့ နတ်ဘုရင်.. စကားကြီး စကားကျယ်တွေ လျှောက်ပြောနေတာ ခင်ဗျား လျှာခေါက်မှာ မကြောက်ဘူးလား"
ကျန်းချန်က ခပ်ထေ့ထေ့ လှောင်ပြောင်လိုက်သည်။
"အရင်ကလည်း ခင်ဗျားရဲ့ ကိုယ်ပွားက ကျုပ်ကို ဘာမှ မလုပ်နိုင်ခဲ့ဘူး.. အခု ခန္ဓာကိုယ် အစစ် ရောက်လာတော့လည်း ကျုပ်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"
"ဟမ့်.. သေခါနီးမှာတောင် ဒီနတ်ဘုရင် ရှေ့မှာ စကားကြီး စကားကျယ် ပြောရဲသေးတယ်"
"မင်းက ကမ္ဘာပေါ်မှာ ရှားပါးတဲ့ သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်နေရင်တောင် အစစ်အမှန် နတ်ဘုရင် ရှေ့မှာတော့ ပုရွက်ဆိတ်သာသာပဲ ကောင်လေး"
ယိုယဲ့နတ်ဘုရင်က အေးစက်စက် ကြုံးဝါးလိုက်သည်။
စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် လူသတ်ငွေ့များ တစ်ခဏအတွင်း ပျံ့နှံ့လာခဲ့သည်။
ယိုယဲ့ နတ်ဘုရင်တွင် သတ်ဖြတ်လိုစိတ် ရှိနေသည်ကို မြင်လိုက်ရလျှင် ချင်းယွမ်နတ်ဘုရင်က အလျင်အမြန် ပြောလိုက်သည်။
"ယိုယဲ့.. မလောနဲ့.. ငါ သူ့ဆီကနေ တစ်ခုခု သိဖို့ လိုသေးတယ်"
"စိတ်မပူပါနဲ့.. ငါ သူ့ကို ဒီလောက် လွယ်လွယ်နဲ့ မသေခိုင်းပါဘူး"
ထိုစကားကို ပြောပြီးနောက်တွင် ယိုယဲ့ နတ်ဘုရင်သည် ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ်ထားနိုင်သည့် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါနှင့် အတူ ကျန်းချန်ဆီသို့ ခြေလှမ်း တစ်လှမ်းချင်းစီ ဖြည်းဖြည်းချင်း ဖိအားပေးလာခဲ့သည်။
နတ်ဘုရင်အဆင့်သည် မဟာလမ်းစဥ် စွမ်းအားကို နားလည်ပြီး သက်ရှိအားလုံး၏ အထက်တွင် ရှိသည်။
အတွေးတစ်ချက်ဖြင့်ပင် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူ တစ်ဦးကို အလွယ်တကူ ဒဏ်ရာရအောင် လုပ်ဆောင်နိုင်၏။
ယိုယဲ့ နတ်ဘုရင်၏ ဖိအားနှင့် ရင်ဆိုင်ရလျှင် ကျန်းချန်သည် အသက်ရှူရခက်ခဲလာသလို ခံစားခဲ့ရသည်။
သို့ရာတွင် ကျန်းချန်သည် ယိုယဲ့ နတ်ဘုရင်၏ မဟာလမ်းစဥ် စွမ်းအားကို အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ သူ၏ ခန္ဓာကိုယ်ကို ကျားကန်၍ ရပ်နေခဲ့သည်။
ထို့နောက်တွင် ကျန်းချန်၏ ရယ်သံသည် တစ်ခဏအတွင်း ကမ္ဘာတစ်ဝှမ်း ပဲ့တင်ထပ်သွားခဲ့သည်။
"ဟားဟား.. ယိုယဲ့ နတ်ဘုရင်.. ကျုပ်ရဲ့ အသက်ကို ဒီလောက် လွယ်လွယ်နဲ့ ယူလို့ ရမယ်များ ထင်နေလား"
"ခင်ဗျား ကျုပ်ကို အတင်းအကျပ် ဖိအားပေးနေမှတော့ ဒီနေ့ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့် အထက်က စွမ်းအားကို ပြသပေးရတာပေါ့"
ကျယ်လောင်သော ရယ်သံက ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် မြေကြီးလမ်းစဥ်၏ မူလစွမ်းအားသည် ကျန်းချန်၏ ခန္ဓာကိုယ်မှ ပျံ့နှံ့လာခဲ့သည်။
"ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်ရှိနေတဲ့ မြေကြီးလမ်းစဥ် မူလစွမ်းအားပါလား.. ဒီကောင်လေးက အဆင့်ထိုးဖောက်ပြီး မိုးကြိုးကပ်ဘေးကို ဖြစ်ပေါ်စေတော့မယ့်ပုံပဲ"
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ယိုယဲ့ နတ်ဘုရင်က မျက်မှောင်ကြုတ်သွားခဲ့ပြီး မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
သိထားရမည်မှာ ကျန်းချန်သည် ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ်တိုင်တိုင် ချိုးဖျက်ခဲ့သည့် သူတော်စင် ကောင်းကင် နတ်ဘုရား တစ်ပါး ဖြစ်၏။
အကယ်၍ ယခု မြေကြီးလမ်းစဥ် ကမ္ဘာ့စွမ်းအားကို ထပ်မံ စုစည်းပြီး ထိုးဖောက်ခဲ့လျှင် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့် အထက်ကို ရောက်ရှိသွားမည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလား။
"ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လမ်းစဥ်ကိုးခု၏ ကမ္ဘာ့စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်သော သူတော်စင် ကောင်းကင်နတ်ဘုရားသည် ကောင်းကင်နတ်ဘုရားအဆင့်၏ အဆုံးစွန် ကန့်သတ်ချက် ဖြစ်သည်။
နတ်ဘုရားနယ်မြေတွင် ရှေးခေတ် ကာလကတည်းကပင် မည်သူကမျှ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို မကျော်လွန်ခဲ့ဖူးပေ။
ကျန်းချန်က သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်ရုံသာမက ဆယ်ခုမြောက် ကိုယ်ခံပညာ လမ်းစဥ် မူလစွမ်းအားကိုပါ ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံခဲ့ပြီး ကန့်သတ်ချက်ကို ထပ်မံ ချိုးဖျက်ကာ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့် အထက်သို့ အချိန်မရွေး အဆင့်တက်နိုင်သော အခြေအနေထိ ရောက်ရှိနေမည်ဟု ယိုယဲ့ နတ်ဘုရင် မမျှော်လင့်ခဲ့ပေ။
ယိုယဲ့ နတ်ဘုရင်သည် သူ၏ စိတ်နှလုံးထဲရှိ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။
နတ်ဘုရင်အဆင့်သည် မဟာလမ်းစဥ်ကို နားလည်နိုင်သော်လည်း ကောင်းကင်နိယာမများကို မကျော်လွန်နိုင်ပေ။
အကယ်၍ ကျန်းချန်က မြေကြီးလမ်းစဥ် ကမ္ဘာ့စွမ်းအားကို အမှန်တကယ် စုစည်းပြီး သူတော်စင် ကောင်းကင် နတ်ဘုရား အဆင့်ကို ချိုးဖျက်ရန် မိုးကြိုးကပ်ဘေးကို ဖြစ်ပေါ်စေခဲ့လျှင် ယိုယဲ့ နတ်ဘုရင်သည် စက်ကွင်း မလွတ်မည်ကို စိုးရိမ်မိသည်။
အဘယ်ကြောင့်ဆိုသော် ဤအဆင့် မိုးကြိုးကပ်ဘေးသည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းမှန်း ယိုယဲ့ နတ်ဘုရင် လုံးဝ မသိသောကြောင့်ပင်။
သူက ကျန်းချန်၏ မိုးကြိုးကပ်ဘေးထဲ ဝင်ပါမိသည်နှင့် ကျန်းချန်၏ မိုးကြိုးကပ်ဘေး စွမ်းအားသည် များစွာ တိုးပွားလာမည် ဖြစ်ပြီး နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ခုခံရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
"လမ်းစဥ် ဆယ်ခုရဲ့ စွမ်းအား.. ဒီကောင်လေးက နောက်ထပ် တစ်ဆင့်ကို ထပ်မံ ထိုးဖောက်တော့မဲ့ပုံပဲ"
ယိုယဲ့နတ်ဘုရင် နံဘေးမှ ချင်းယွမ် နတ်ဘုရင်ကလည်း ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် အံ့သြ ထိတ်လန့်သွားခဲ့သည်။
ဤကောင်လေးသည် ကမ္ဘာပေါ်တွင် ရှားပါးသော တုနှိုင်းမဲ့ ကောင်းကင်နတ်ဘုရား တစ်ပါးပင် ဖြစ်လာနိုင်၏။
ထိုကောင်လေး၏ ပါရမီက အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်ကို ချင်းယွမ် နတ်ဘုရင် သိသော်လည်း ဤမျှအထိ နတ်ဆိုးဆန်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"သူတော်စင် ကောင်းကင်နတ်ဘုရားအဆင့် အထက်က အဆင့်"
အကယ်၍ ကျန်းချန်သာ တကယ်ပဲ ထိုအဆင့်ကို တက်လှမ်းနိုင်ခဲ့လျှင် နတ်ကုန်းမြေတိုက်၏ သမိုင်းတွင် ပထမဆုံးလူ ဖြစ်လာပေလိမ့်မည်။
ချင်းယွမ်နတ်ဘုရင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် ကျန်းချန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"ကောင်လေး.. ကောင်းကင်နတ်ဘုရား အဆင့်မှာ လမ်းစဥ်ကိုးခုက အကန့်အသတ်ပဲ.. ဒါက ဘယ်သူမှ မချိုးဖျက်နိုင်တဲ့ သံမဏိ စည်းမျဥ်းလည်း ဖြစ်တယ်...မင်း အောင်မြင်ဖို့ မဖြစ်နိုင်ဘူး"
"မတတ်နိုင်ဘူးလေ.. ခင်ဗျားက ကျုပ်ကို အတင်းအကျပ်ဖိအားပေးနေတော့ ရွေးချယ်စရာမှ မရှိတာ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
"ကျုပ် အောင်မြင်မလား ဆိုတာတော့ မသေချာဘူး.. ဒါပေမယ့် ခင်ဗျား တကယ်ပဲ တိုက်မယ်ဆိုရင် မိုးကြိုးကပ်ဘေးကို လှုံ့ဆော်ပြီး ခင်ဗျားတို့ကို သေရွာဆီ အပါခေါ်ဖို့တော့ တတ်နိုင်ပါသေးတယ်"
ကျန်းချန်က မြေကြီးလမ်းစဥ်၏ မူလစွမ်းအားကို လှုံ့ဆော်ခဲ့သော်လည်း မြေကြီးလမ်းစဥ်၏ ကမ္ဘာ့စွမ်းအားကို စုစည်းရန် အလျင်စလို မလုပ်ခဲ့ပေ။
ယခုအခါ နတ်ဘုရင် နှစ်ပါး ရှိနေသည် ဖြစ်ရာ သူက မြေကြီးလမ်းစဥ် ကမ္ဘာ့စွမ်းအားကို စုစည်းပြီး အဆင့်ထိုးဖောက်ခဲ့လျှင်ပင် အနိုင်ရရန် အခွင့်အရေး သိပ်မရှိချေ။
နတ်ဘုရင်အဆင့်၏ မဟာလမ်းစဥ် စွမ်းအားသည် မိုးကြိုးကပ်ဘေးကို အဆပေါင်းများစွာ အားကောင်းစေမည်မှန်း သိ၍ သူက အဆင့် ထိုးဖောက်မည် မဟုတ်ဘဲ သူ့ရှေ့မှ နှစ်ဦးကို ခြိမ်းခြောက်နေခြင်းသာ ဖြစ်၏။
ကျန်းချန်၏ စကားကို ကြားလျှင် ချင်းယွမ် နတ်ဘုရင်နှင့် ယိုယဲ့ နတ်ဘုရင်တို့သည် မျက်နှာအမူအရာ သိပ်မကောင်းတော့ပေ။
ဤအချိန်တွင် ကျန်းချန်က နယ်ပယ်အဆင့်ကို ထိုးဖောက်သော မိုးကြိုး ကပ်ဘေးအား ဖြစ်ပေါ်စေခဲ့လျှင် သေဆုံးမည်မှာ သေချာသော်လည်း သူတို့ နှစ်ဦးသည် အလွယ်တကူ တိုက်ခိုက်ရန် မဝံ့ရဲကြပေ။
အကယ်၍ သူတို့ တိုက်ခိုက်နေချိန်တွင် ထိုကောင်လေးက မိုးကြိုးကပ်ဘေးကို ဖြစ်ပေါ်စေခဲ့လျှင် စက်ကွင်းမလွတ် ဖြစ်နိုင်ပေသည်။
"ချင်းယွမ်.. ငါတို့ ဘာဆက်လုပ်သင့်လဲ"
ယိုယဲ့ နတ်ဘုရင်၏ အမူအရာက အလွန်ပင် သုန်မှုန်နေခဲ့သည်။
နတ်ဘုရင်နှစ်ပါး ဖြစ်သော ချင်းယွမ် နတ်ဘုရင်နှင့် သူကိုယ်တိုင် ရောက်လာလျှင် သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါးကို ကိုင်တွယ်ရန် လုံလောက်သည်ထက်ပင် ပိုသည်ဟု မူလက ထင်ခဲ့သော်လည်း ကျန်းချန်၏ ဒသမမြောက် လမ်းစဥ် စွမ်းအားသည် သူတို့ကို ဘေးကျပ်နံကျပ် ဖြစ်စေခဲ့၏။
"ဒီအချိန်မှာ မင်းနဲ့ ငါ သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး ထင်တယ်"
ချင်းယွမ် နတ်ဘုရင်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ငါတို့ ရှေးဟောင်း သူတော်စင် နဂါး မျိုးနွယ်စုက အစီအရင် လမ်းစဥ်ကို အထူးပြုတဲ့ နတ်ဘုရင် တစ်ပါးနဲ့ ဆက်ဆံရေး ကောင်းတွေ ရှိတယ်.. သူက မိုးကြိုးကပ်ဘေးကို ဟန့်တားနိုင်တဲ့ အစီအရင် တည်ဆောက်နိုင်မယ် ထင်တယ်.. ငါ သူ့ကို အခုပဲ အကူအညီ တောင်းလိုက်မယ်"
အခန်း(၂၀၀၃) ပြီး၏
အခန်း(၂၀၀၄)
သူ့ရှေ့မှ နတ်ဘုရင် နှစ်ပါးက သူ၏ ခြိမ်းခြောက်မှုကြောင့် ထိတ်လန့်သွားသည်ကို မြင်လိုက်ရလျှင် ကျန်းချန်သည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
သို့သော် သူ၏ မျက်လုံးများကိုမူ ထိုနှစ်ဦးအပေါ် အာရုံစူးစိုက်ထားဆဲ ဖြစ်ပြီး အနည်းငယ်မျှပင် မပေါ့ဆရဲပေ။
သူက မြေကြီးလမ်းစဥ်၏ ကမ္ဘာ့စွမ်းအားကို အချိန်မရွေး စုစည်းနိုင်ရန် အသင့်ပြင်ထားခဲ့သည်။
သူ၏ ရှေ့တွင် အစစ်အမှန် နတ်ဘုရင် နှစ်ပါး ရှိနေသောကြောင့် ကျန်းချန်သည် သဘာဝကျစွာပင် မပေါ့ဆရဲပေ။
ထွက်ခွာရန် စီစဉ်ခြင်း မရှိဘဲ တန်ပြန် ဖြေရှင်းနည်းများကို ဆွေးနွေးနေသော နတ်ဘုရင် နှစ်ပါးကို ကြည့်ရင်း ကျန်းချန်၏ စိတ်နှလုံးက အနည်းငယ် လေးလံသွားခဲ့သည်။
"ဒီနှစ်ယောက်မှာ မိုးကြိုးကပ်ဘေးရဲ့ ခြိမ်းခြောက်မှုကို ဖယ်ရှားဖို့ နည်းလမ်း ရှိသေးတယ်လား"
ကောင်းကင်ခွန်ပန် နတ်မျိုးနွယ်စုနှင့် ရှေးဟောင်း သူတော်စင်နဂါးမျိုးနွယ်စု တို့သည် ရှေးခေတ်ကတည်းကပင် ရပ်တည်လာခဲ့သည့် မျိုးနွယ်စုကြီးများ ဖြစ်ကြသည်။
၎င်းတို့က မိုးကြိုးကပ်ဘေးကို ကိုင်တွယ် ဖြေရှင်းသည့် နည်းလမ်းအချို့ကို ကျွမ်းကျင်ထားသည်မှာ မဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ပေ။
ကျန်းချန် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
မည်သို့ပင်ဆိုစေ သူ ယခု လိုအပ်သည်မှာ အချိန် ဖြစ်ပြီး သူ၏ မိုးကြိုးကပ်ဘေးဖြင့် သူ့ရှေ့မှ နတ်ဘုရင် နှစ်ပါးကို ခဏမျှ ထိန်းထားနိုင်ရုံသာ တတ်နိုင်မည် ဖြစ်သည်။
ဖုန်းယန်က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အမွေအနှစ်ကို အမြန်ဆုံး ရရှိနိုင်သရွေ့ သူက နတ်ဘုရင် နှစ်ပါးနှင့် တိုက်ခိုက်နေမည် မဟုတ်ဘဲ ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို တိုက်ရိုက် အသက်သွင်းကာ ကျန်းဝူ ကောင်းကင် နယ်မြေသို့ ပြန်သွားနိုင်မည် ဖြစ်၏။
ဤကဲ့သို့ အကျပ်အတည်း ဖြစ်နေရင်း အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားခဲ့သည်။
မသိလိုက် မသိဘာသာဖြင့်ပင် ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။
ယနေ့တွင် မဟာလမ်းစဥ် စွမ်းအား ကိန်းအောင်းနေသည့် အရှိန်အဝါ တစ်ခုသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် ရုတ်တရက် လွင့်မျောလာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် အဖြူရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦးသည် လေထဲမှ တဆင့် နတ်ဘုရင်နှစ်ပါး၏ နံဘေးတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
"နောက်ထပ် နတ်ဘုရင် တစ်ပါးပါလား"
ရုတ်တရက် ပေါ်ထွက်လာသော တာအိုဝတ်ရုံဝတ် အဘိုးအိုကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများက ရုတ်တရက် လေးနက်သွားခဲ့၏။
လက်ရှိ အခြေအနေအရ နတ်ဘုရင်နှစ်ပါးသည် သာမန် နတ်ဘုရင်၏ အကူအညီကို ရှာဖွေရန် မဖြစ်နိုင်သည်မှာ ထင်ရှားသည်။
အဘယ်ကြောင့်ဆိုသော် ယင်းမှာ လုံးဝ အဓိပ္ပာယ်မရှိသောကြောင့်ပင်။
တာအိုဝတ်ရုံဝတ် အဘိုးအို၏ ခန္ဓာကိုယ်ကနေ ကျန်းချန်သည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်းမှ ကျင့်ကြံသူများ နှင့် အလွန် ဆင်တူသော အရှိန်အဝါကို ခံစားခဲ့ရသည်။
တစ်နည်းအားဖြင့် ထိုတာအိုဝတ်ရုံဝတ် အဘိုးအိုသည် အစီအရင်လမ်းစဥ်ကို အထူးပြုသော နတ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်၏။
အစီအရင်ပညာရပ်သည် ကျယ်ပြန့်နက်နဲပြီး အစွမ်းကုန် ကျင့်ကြံနိုင်လျှင် ကမ္ဘာကိုပင် ပြောင်းလဲနိုင်ကာ ခန့်မှန်း၍မရသော စွမ်းရည်များကို ပိုင်ဆိုင်လာနိုင်မည် ဖြစ်သည်။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ချင်းယွမ်နတ်ဘုရင် တို့သည် ထိုအဘိုးအိုကို အကူအညီတောင်းလိုက်ခြင်း ဖြစ်လိမ့်မည်။
၎င်းတို့က မိုးကြိုးကပ်ဘေးကို မဖြစ်ပေါ်စေနိုင်ဘဲ အချိန်တိုအတွင်း နယ်ပယ်အဆင့်ကို မထိုးဖောက်စေနိုင်သည့် အစီအရင်ကို ဖန်တီးလိုခြင်း ဖြစ်နိုင်၏။
ကျန်းချန်က တာအို ဝတ်ရုံဝတ် အဘိုးအိုကို စိုက်ကြည့်နေခဲ့သည်။
အကယ်၍ ထိုအဘိုးအိုသာ အစီအရင်ဖြင့် ဟန့်တားခဲ့လျှင် သူက ကြိုတင်၍ ထိုးဖောက်ရန်သာ ရွေးချယ်ရတော့မည် မဟုတ်ပါလား။
"ညီနောင် ယွင်ရှ.. မင်း ရောက်လာပြီပေါ့"
ချင်းယွမ်နတ်ဘုရင်က သူ၏ ရှေ့မှ တာအိုဝတ်ရုံဝတ် အဘိုးအိုကို ကြည့်ကာ ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။
တာအိုဝတ်ရုံဝတ် အဘိုးအိုက အပိုစကားများ မပြောတော့ဘဲ နားမလည်သော အကြည့်ဖြင့် ကြည့်ကာ တိုက်ရိုက် မေးလိုက်သည်။
"ညီနောင် ချင်းယွမ်.. မင်း ငါ့ကို ဒီနေရာဆီ ခေါ်လိုက်ရတဲ့ အကြောင်းရင်းက ဘာလဲ"
"ငါအခက်အခဲ နည်းနည်း တွေ့နေလို့ပါ.. ညီနောင် ယွင်ရှက အဲဒီ ကောင်လေးကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
ထိုစကားကို ပြောရင်း ချင်းယွမ်နတ်ဘုရင်က ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။
ချင်းယွမ်နတ်ဘုရင်၏ စကားကို ကြားလျှင် တာအိုဝတ်ရုံဝတ် အဘိုးအို အံ့အားသင့်သွားခဲ့သည်။
သူ၏ မြင်နိုင်စွမ်းအရ ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ် လူငယ်သည် သာမန် ကောင်းကင်နတ်ဘုရား တစ်ပါး မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ခဲ့သည်။
ထိုကောင်လေး၏ ပါရမီက ထူးခြားနေလျှင်ပင် ကန့်သတ်ချက်ကို သုံးကြိမ် ချိုးဖျက်ခဲ့သည့် သူတော်စင် ကောင်းကင်နတ်ဘုရားသာ အလွန်ဆုံး ဖြစ်နိုင်၏။
ချင်းယွမ်နတ်ဘုရင်နှင့် ယိုယဲ့ နတ်ဘုရင် တို့က သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါးကိုပင် မကိုင်တွယ်နိုင်သည်မှာ မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။
ခဏမျှ အံ့အားသင့်ပြီးနောက်တွင် တာအိုဝတ်ရုံဝတ် အဘိုးအိုသည် အဆုံးသတ်တွင် သဲလွန်စတစ်ခုကို တွေ့ရှိခဲ့သည်။
ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ် လူငယ် ထံတွင် ကိုယ်ခံပညာလမ်းစဥ်၏ မူလစွမ်းအားသည် ပြီးပြည့်စုံသော အဆင့်ကို ရောက်ရှိနေပြီး အဆင့်ထိုးဖောက်သည့် မိုးကြိုးကပ်ဘေးကို အချိန်မရွေး ဖြစ်ပေါ်စေနိုင်စွမ်း ရှိနေသည်။
ယင်းမှာ ချင်းယွမ်နတ်ဘုရင် စိုးရိမ်နေသည့် အချက် ဖြစ်နိုင်ဖွယ်ရှိသည်။
"ညီနောင် ချင်းယွမ်.. မင်း ငါ့ကို အစီအရင် ပညာရပ်ကို အသုံးပြုပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေကို ပိတ်ဆို့စေချင်တာ မဟုတ်လား"
တာအိုဝတ်ရုံဝတ် အဘိုးအိုက ချင်းယွမ်နတ်ဘုရင်၏ ရည်ရွယ်ချက်ကို လျင်မြန်စွာ နားလည်ခဲ့၏။
"ဟုတ်တယ် ညီနောင် ယွင်ရှ"
ချင်းယွမ်နတ်ဘုရင်က ခေါင်းညိတ်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒီကောင်လေးက သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နေပြီ.. သူက ဒသမမြောက် ကမ္ဘာ့စွမ်းအားကို စုစည်းပြီး မိုးကြိုး ကပ်ဘေးကို ဖြစ်ပေါ်စေခဲ့ရင် ငါတို့ သူ့အနားကို ဘယ်လိုမှ ကပ်လို့ရမှာမဟုတ်ဘူး"
"လမ်းစဥ်ဆယ်ခုရဲ့ စွမ်းအားလား.. ဒီကောင်လေးက ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ အဆုံးစွန် ကန့်သတ်ချက်ကိုတောင် တကယ်ပဲ ချိုးဖျက်တော့မှာလား"
တာအိုဝတ်ရုံဝတ် အဘိုးအိုက ချင်းယွမ်နတ်ဘုရင်၏ စကားများကို ကြားလျှင် အသက်ရှူမှားမတတ် ဖြစ်သွားခဲ့သည်။
လမ်းစဥ်ဆယ်ခု၏ ကမ္ဘာ့စွမ်းအားသည် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်လွန်နေသော အဆင့်ဖြစ်၍ ကောင်းကင်နှင့် မြေကြီးကို လုံးဝ ဆန့်ကျင်နေသည့် အဆင့်တစ်ခုလည်း ဖြစ်သည်။
ထို့ကြောင့် ရင်ဆိုင်ရမည့် ကပ်ဘေးသည် နတ်ဘုရင် အဆင့်၏ ကပ်ဘေးထက် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းနိုင်ဖွယ်ရှိ၏။
ချင်းယွမ်တို့ နတ်ဘုရင်နှစ်ပါးက သူတော်စင် ကောင်းကင်နတ်ဘုရား တစ်ပါးကြောင့် ထိတ်လန့်နေခြင်းမှာ အံ့သြစရာ မရှိတော့ပေ။
ဤကဲ့သို့ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော မိုးကြိုးကပ်ဘေးနှင့် ရင်ဆိုင်ရလျှင် နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် နောက်ဆုတ်ရပေလိမ့်မည်။
တာအိုဝတ်ရုံဝတ် အဘိုးအိုက ခဏမျှ နှုတ်ဆိတ်သွားပြီးမှ လေးနက်စွာ ပြောလိုက်သည်။
"ချင်းယွမ်.. လမ်းစဥ်ဆယ်ခုကနေ ဖြစ်တည်လာတဲ့ ကောင်းကင်ကို ဆန့်ကျင်နေတဲ့ မိုးကြိုးကပ်ဘေးမျိုး ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ မမြင်ဖူးဘူး.. ငါ အကောင်းဆုံး ကြိုးစားကြည့်မယ်...အောင်မြင်မယ်လို့တော့ အာမခံချက် မပေးနိုင်ဘူး"
ချင်းယွမ်နတ်ဘုရင်က ခေါင်းညိတ်၍ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ညီနောင်ယွင်ရှ"
ထို့နောက်တွင် တာအိုဝတ်ရုံဝတ် အဘိုးအိုသည် ဘာစကားမှ မပြောတော့ဘဲ ဆန်းကြယ်သော လက်ဟန်များကို စတင် ပြုလုပ်လိုက်သည်။
ယင်းမြင်ကွင်းကို မြင်လျှင် ကျန်းချန်၏ မျက်နှာ အမူအရာက ခက်ထန်သွားခဲ့ပြီး မြေကြီးလမ်းစဥ်၏ ကမ္ဘာ့စွမ်းအားကို စုစည်းရန် ပြင်ဆင်လိုက်သည်။
သို့မဟုတ်ဘဲ တာအိုဝတ်ရုံဝတ် အဘိုးအိုကို ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများ ပိတ်ဆို့ရန် ခွင့်ပြုမိလျှင် မိုးကြိုးကပ်ဘေးကို မဆင့်ခေါ်နိုင်ရုံသာမက ခုခံနိုင်စွမ်းလည်း လုံးဝ ရှိတော့မည် မဟုတ်ပေ။
ကျန်းချန်က ကပ်ဘေးကို ဖြစ်ပေါ်စေတော့မည့် အချိန်တွင် သူ၏ အနောက်မှ ရှေးဟောင်းခန်းမပျက်တွင် နေရာလွတ်စွမ်းအင် လှိုင်းလုံးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
မကြာမီမှာပင် ဖုန်းယန်သည် ရှေးဟောင်းခန်းမပျက် ထဲကနေ ပျံသန်း၍ ထွက်လာခဲ့၏။
"ဖုန်းယန်.. လိပ်အိုကြီး.. ငါတို့ထွက်သွားကြစို့"
ကျန်းချန်က ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ဖုန်းယန်နှင့် လိပ်အိုကြီးကို အလျင်အမြန် ပြောလိုက်ကာ ထိုနှစ်ဦးကို မဟာနဂါးနန်းတော် ထဲသို့ အလျင်အမြန် ထည့်သွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ မျိုးနွယ်စုပိုင် ရတနာဖြစ်သည့် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်သည် ကျန်းချန်၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့၏။
ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်သည် တုနှိုင်းမဲ့ အလင်းများကို ထုတ်လွှတ်နေခဲ့သည်။
"မကောင်းတော့ဘူး.. ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်.. ဒီကောင်လေး ထွက်ပြေးတော့မယ်.. သူ့ကို အမြန်တားကြ"
ဤမြင်ကွင်းကို မြင်လိုက်ရလျှင် ယိုယဲ့ နတ်ဘုရင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ချင်းယွမ်နတ်ဘုရင်နှင့် ယိုယဲ့ နတ်ဘုရင် တို့က တစ်ပြိုင်နက်ထဲ လက်ကို ဆန့်ထုတ်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
သို့သော် သူတို့ တိုက်ခိုက်မှု ပြုလုပ်လိုက်သည့် အချိန်မှာပင် ကောင်းကင်နှင့် မြေကြီးတွင် ရုတ်တရက် လှိုင်းထန်လာပြီး ကြောက်မက်ဖွယ်ရာ ကောင်းသည့် မိုးကြိုးစွမ်းအားများသည် လေထုထဲတွင် တလိမ့်လိမ့် ထွက်ပေါ်လာခဲ့သည်။
"ဒီကောင်လေး မိုးကြိုးကပ်ဘေးကို အမှန်တကယ် ဖြစ်ပေါ်စေခဲ့တာပဲ"
နတ်ဘုရင်နှစ်ပါးက မျက်မှောင်ကြုတ်သွားပြီး ခုလေးတင် ဆန့်ထုတ်ထားသော လက်များကို ရုတ်တရက် ပြန်လည် ရုတ်သိမ်းကာ မိုင်ထောင်ချီ အကွာထိ နောက်ဆုတ်လိုက်သည်။
အစီအရင်ဖြင့် ကမ္ဘာကို ပိတ်ဆို့နေသော တာအိုဝတ်ရုံဝတ် အဘိုးအို ပင်လျှင် နောက်ထပ် လှုပ်ရှားမှု မလုပ်ရဲတော့ဘဲ လျင်မြန်စွာ နောက်ဆုတ်ခဲ့ရသည်။
"ဟားဟား.. ယိုယဲ့ နတ်ဘုရင်နဲ့ ချင်းယွမ်နတ်ဘုရင်.. ငါ မင်းတို့နဲ့ မကစားတော့ဘူး.. ဒီနေ့ ကိစ္စကို ငါ ကျန်းချန် မှတ်ထားလိုက်ပြီ.. အနာဂတ်မှာ ငါ နတ်ကုန်းမြေတိုက်ကို ရောက်လာရင် မင်းတို့ဆီကို စာရင်း လာရှင်းမယ်"
ကျန်းချန်က ရယ်မောလိုက်ပြီး ချက်ချင်းပင် ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို အစွမ်းကုန် လှုံ့ဆော်လိုက်သည်။
ယင်းနောက်တွင် သူ့ တစ်ကိုယ်လုံးကို ရွှေရောင်အလင်းများ ဖုံးအုပ်သွားခဲ့ပြီး နေရာလွတ်ကို ထိုးဖောက်ကာ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။
အခန်း(၂၀၀၄) ပြီး၏