အခန်း (၂၀၀၅-၂၀၀၆)
Vol. 141 Ch. 2005-2006
အခန်း(၂၀၀၅)
"ဟက်.. မိုးကြိုးကပ်ဘေးကို လှုံ့ဆော်ပြီး ထွက်ပြေးရဲတယ်.. ဒါက ကိုယ်သေလမ်း ကိုယ်ရှာတဲ့လုပ်ရပ်ပဲ"
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ယိုယဲ့ နတ်ဘုရင်၏ နှုတ်ခမ်းထောင့်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယေဘုယျအားဖြင့် နယ်ပယ်အဆင့် ထိုးဖောက်ရန် မိုးကြိုး ကပ်ဘေးကို ဖြစ်ပေါ်စေသည့် ကျင့်ကြံသူတိုင်းသည် မိုးကြိုးကပ်ဘေး၏ ချုပ်နှောင်မှုကို ခံရမည် ဖြစ်ပြီး အလွယ်တကူ ထွက်ပြေးရန် မဖြစ်နိုင်ပေ။
နေရာလွတ် မှော်ရတနာကို သုံးပြီး ထွက်ပြေးလျှင်ပင် မိုးကြိုးကပ်ဘေးက ထပ်ကြပ်မခွာ လိုက်ပါလာမည် ဖြစ်သည်။
မိုးကြိုးကပ်ဘေး တိုက်ခိုက်မှုကနေ ထွက်ပြေးနေစဉ် အတွင်း နေရာလွတ်လမ်းကြောင်းသာ ပြိုကျသွားလျှင် အသက်ဆယ်သက် ပါလျှင်ပင် အသက်ရှင်ဖို့ လုံးဝ မဖြစ်နိုင်တော့ပေ။
"သူက ကိုယ့်သေတွင်းကို ကိုယ်တူးတာ မဟုတ်ဘူး.. အရင်ကတည်းက တွက်ချက်ထားပြီးသားပဲ"
ချင်းယွမ်နတ်ဘုရင်၏ မျက်နှာက လေးနက်နေခဲ့သည်။
"ကောင်းကင်မှာ စုစည်းနေတဲ့ မိုးကြိုးစွမ်းအားက တဖြည်းဖြည်း အားနည်းလာတာကို မင်းသတိထားမိလား"
ထိုစကားကြောင့် ယိုယဲ့ နတ်ဘုရင်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။
သူ့မျက်နှာက ဒေါသကြောင့် အလွန်ပင် အကျည်းတန်သွားခဲ့၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ဒီကောင်လေးက လမ်းစဥ် ဆယ်ခုရဲ့ မိုးကြိုးကပ်ဘေးကို ဖြစ်ပေါ်စေပြီး နေရာလွတ် ရတနာနဲ့ ဘယ်လိုလုပ် ထွက်သွားနိုင်ရတာလဲ"
တောင်ပံနက်ခွန်ပန် မျိုးနွယ်စု၏ ယိုယဲ့နတ်ဘုရင်သည် ဤအခြေအနေကြောင့် အံ့အားသင့်သွားခဲ့၏။
သူ၏ မျက်ဝန်းထဲတွင် တုန်လှုပ်ချောက်ချားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
မိုးကြိုးကပ်ဘေးသည် နေရာလွတ် မှော်ရတနာကို သုံးပြီး ထွက်ပြေးသွားသည့် ကျန်းချန် နောက်ကို လိုက်မသွားရုံသာမက ယခုလို နားမလည်နိုင်စွာဖြင့် ပျောက်ကွယ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"မဖြစ်နိုင်တာ မရှိပါဘူး...ကောင်းကင် နိယာမတွေကို လျစ်လျူရှုနိုင်ပြီး မိုးကြိုးကပ်ဘေးကို နောက်ဆုတ်သွားစေနိုင်တဲ့ အနှိုင်းမဲ့နတ်ခန္ဓာကိုယ် ပိုင်ရှင်တွေ နတ်ဘုရားနယ်မြေမှာ ပေါ်ထွက်ခဲ့ဖူးတာပဲ"
ချင်းယွမ်နတ်ဘုရင်က လေးနက်စွာ ပြောလိုက်သည်။
"ငါတို့တွေ အဲဒီကောင်လေးကို လျှော့တွက်မိခဲ့ပြီ"
ထိုစကားကို ကြားလျှင် ယိုယဲ့ နတ်ဘုရင်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ကောင်းကင် နိယာမများကို လျစ်လျူရှုနိုင်သည့် အနှိုင်းမဲ့ နတ်ခန္ဓာကိုယ်သည် ရှေးခေတ်ကာလ ကတည်းက နတ်ဘုရားနယ်မြေတွင် ပျောက်ကွယ်သွားခဲ့ပြီး ဒဏ္ဍာရီလာ သဖွယ် ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။
ထိုကောင်လေးသည် ဒဏ္ဍာရီလာ အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ပိုင်ရှင် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
သို့ရာတွင် ထိုကောင်လေးထံ၌ အနှိုင်းမဲ့ နတ်ခန္ဓာကိုယ် မရှိခဲ့လျှင် လမ်းစဥ်ဆယ်ခု၏ စွမ်းအားကို စုစည်းထားတဲ့ မိုးကြိုးကပ်ဘေးကို အဘယ်ကြောင့် ဤမျှအထိ အလွယ်တကူ ရှောင်ရှားနိုင်ပါမည်နည်း။
ယိုယဲ့ နတ်ဘုရင်ကို ပိုပြီး ထိတ်လန့်စေသည်မှာ ထိုကောင်လေးသည် ကောင်းကင်နိယာမများကို လျစ်လျူရှုနိုင်ခြင်း ဖြစ်သည်။
ဆိုရလျှင် ထိုကောင်လေးသည် ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို လေးကြိမ် ချိုးဖျက်ပြီး နတ်ဘုရားနယ်မြေ၏ သမိုင်းတွင် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ထက် ကျော်လွန်တဲ့ ပထမဆုံး ကျင့်ကြံသူ ဖြစ်လာတော့မည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလား။
သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်သည် ကောင်းကင်အရှင် အဆင့်နှင့် ယှဉ်တိုက်နိုင်သော အဆင့် ဖြစ်သည်။
သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်၏ အထက်မှ အဆင့်ဆိုလျှင် နတ်ဘုရင် အဆင့်နှင့် ယှဉ်တိုက်၍ မရနိုင်လျှင်ပင် နတ်ဘုရင် အဆင့်အောက်၌ ပြိုင်ဘက်ကင်းဟု ဆို၍ ရချေပြီ။
သူသာ လမ်းစဥ်ဆယ်ခု၏ ကမ္ဘာ့စွမ်းအားဖြင့် နယ်မြေ နတ်ဘုရားအဆင့်ကို ထိုးဖောက်လိုက်လျှင် သာမန် နတ်ဘုရင်များပင် သူ့ကို ယှဥ်နိုင်ရန် မလွယ်တော့ချေ။
"ချင်းယွမ်နတ်ဘုရင်.. ဒီကောင်လေးက အရမ်းကို ပါရမီအားကောင်းတယ်.. သူ့ကို ကြီးပြင်းခွင့် လုံးဝ ပေးလို့ မရဘူး.. သူ့ကို သုတ်သင်ဖို့ နည်းလမ်း မဖြစ်မနေ ရှာရလိမ့်မယ်"
ယိုယဲ့ နတ်ဘုရင်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားသည်။
သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ပေါ်လာခဲ့၏။
သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ကို ကျော်လွန်နေသည့် ကောင်းကင်ကို ဆန့်ကျင်နေသော ကျင့်ကြံသူသည် ကြီးပြင်းလာသည်နှင့် အမျှ သူတို့ နတ်ဘုရင်အဆင့် အင်အားစုများ အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာပေလိမ့်မည်။
ရန်သူ ဖြစ်လာပြီ ဆိုမှတော့ ထိုကောင်လေးကို ကြီးပြင်းဖို့ အခွင့်အရေး လုံးဝ ပေး၍ မဖြစ်ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် ထိုကောင်လေးသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ လက်ကျန် မျိုးနွယ်စုဝင်များနှင့် ဆက်ဆံရေးကောင်းများ ရှိနေသည်မှာ ထင်ရှား၏။
သူတို့သာ ထိုကောင်လေးကို ရှာတွေ့လျှင် ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု၏ လက်ကျန်အဖွဲ့ဝင်များကိုလည်း ရှာတွေ့နိုင်ပြီး ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို လုံးဝ ဖျက်ဆီးပစ်နိုင်လိမ့်မည် မဟုတ်ပါလား။
ချင်းယွမ်နတ်ဘုရင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ငါတို့ သူ့ကို ရှာချင်ပေမဲ့ မလွယ်လောက်ဘူး ထင်တယ်"
ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ကျင့်ကြံပြီး မဟာနဂါးနန်းတော် အတုကို ပိုင်ဆိုင်ထားသည့် ထိုကောင်လေးသည် ထိုနှစ်က ပုန်ကန်သူ ချန်ထားရစ်ခဲ့တဲ့ အမွေအနှစ်ကို အမွေဆက်ခံထားသည်မှာ သေချာ၏။
ယင်းကြောင့် ချင်းယွမ်နတ်ဘုရင်သည် သေချာပေါက် ရှာဖွေချင်ခဲ့သည်။
ထိုကောင်လေးသည် ထွက်မသွားခင် အနာဂတ်တွင် နတ်ကုန်းမြေတိုက်ကို လာမည်ဟု ပြောဆိုခဲ့သည်။
တစ်နည်းအားဖြင့် ထိုကောင်လေးသည် နတ်ကုန်းမြေတိုက်တွင် လုံးဝ မရှိဘဲ နတ်ကုန်းမြေတိုက် အပြင်ဘက်ရှိ ထာဝရ ဟင်းလင်းပြင်တွင် ရှိနေခြင်း ဖြစ်ပုံရသည်။
သူတို့က အဆုံးမဲ့ ကျယ်ပြောသော ထာဝရ ဟင်းလင်းပြင်တွင် ကျန်းချန်ကို ရှာဖွေရန်မှာ တကယ်ကို ခက်ခဲလွန်းလှ၏။
"ညီနောင်ချင်းယွမ်.. ဟိုမေဘေးကို ရှာတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး.. ကံကြမ္မာ လမ်းစဥ်ကို ကျင့်ကြံတဲ့ ကျင့်ကြံသူ တစ်ယောက်ယောက်ရဲ့ အကူအညီကို ရသရွေ့ ငါတို့ သူ့ကို ခြေရာခံနိုင်ပါလိမ့်မယ်"
ထိုအချိန်တွင် တာအိုဝတ်ရုံဝတ် အဘိုးအိုက ရုတ်တရက် စကားပြောလာခဲ့သည်။
"ဒါပေမဲ့ ကံကြမ္မာ လမ်းစဥ်ကို ကျင့်ကြံသူက အရမ်းကို ရှားပါးတယ်.. ဒီကောင်လေးရဲ့ သဲလွန်စကို ရှာချင်ရင် ဆန်းကြယ်လှိုဏ်ဂူ နတ်မျိုးနွယ်စုပဲ တတ်နိုင်မယ်ထင်တယ်"
ချင်းယွမ်နတ်ဘုရင်က မျက်မှောင်ကြုတ်ပြီး အတည်ပြုပြောဆိုလိုက်သည်။
ဆန်းကြယ်လှိုဏ်ဂူ နတ်မျိုးနွယ်စုသည် ကံကြမ္မာလမ်းစဥ်ကို အထူးပြုသော နတ်ကုန်းမြေတိုက်၏ ထိပ်တန်းမျိုးနွယ်စု ဖြစ်ပြီး အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်ကာ မည်သည့်ကိစ္စမဆို မသိသည်မှာ မရှိသလောက်ပင်။
နတ်ကုန်းမြေတိုက်တွင် ဆန်းကြယ်လှိုဏ်ဂူနတ်မျိုးနွယ်စု မည်သည့် နေရာတွင် ရှိသည်ကို လူနည်းစုကသာ သိကြ၏။
ထို့ကြောင့် ဆန်းကြယ်လှိုဏ်ဂူ နတ်မျိုးနွယ်စု၏ အကူအညီကို ရှာဖွေရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်မှန်း ထင်ရှားနေ၏။
တာအိုဝတ်ရုံဝတ် အဘိုးအိုက အနည်းငယ် စဉ်းစားပြီးမှ ပြောလိုက်သည်။
"ငါ ကံကြမ္မာလမ်းစဥ် ကျင့်ကြံသူ တစ်ယောက်နဲ့ ကံကောင်းပြီး တွေ့ဆုံဖူးတယ်.. ငါ မင်းတို့ကို သူ့ဆီ ခေါ်သွားပေးမယ်.. ဒါပေမယ့် ဒီလူရဲ့ စိတ်နေစိတ်ထားက ထူးဆန်းသလို အပြုအမူကလည်း အတော် ထူးဆန်းတယ်.. သူ မင်းတို့ကို ကူညီနိုင်မလား ဆိုတာကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်"
"ဒီလိုဆိုရင် ညီနောင် ယွင်ရှကိုပဲ အားကိုးလိုက်တော့မယ်"
ချင်းယွမ် နတ်ဘုရင်နှင့် ယိုယဲ့ နတ်ဘုရင်တို့က ဝမ်းသာအားရ ဖြစ်သွားကြ၏။
သူတို့၏ မျက်ဝန်းထဲတွင် ပြတ်သားသော အမူအရာများ ထပ်ဟပ်နေခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ ထိုကောင်လေးကို အတတ်နိုင်ဆုံး အလျင်အမြန် ရှာတွေ့ရန် နည်းလမ်း ရှာရလိမ့်မည် မဟုတ်ပါလား။
-----------------
ကျန်းဝူ ကောင်းကင် နယ်မြေရှိ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အထက် ကောင်းကင်ယံတွင် အရှင်ဖုန်းချီသည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှ ကျင့်ကြံသူများနှင့်အတူ စုဝေး၍ ရှိနေခဲ့သည်။
သူ၏ အကြည့်သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုနှင့် မိုင်တစ်ရာအကွာရှိ လေထု ဆီသို့ ကျရောက်နေခဲ့၏။
ပတ်ဝန်းကျင်ရှိ လေထုက လုံးဝကို တည်ကြည် လေးနက်နေခဲ့သည်။
အရှင်ဖုန်းချီနှင့် အခြားသူများ စိုက်ကြည့်နေသော နေရာတွင် အနက်ရောင် ဝတ်စုံဝတ် လူငယ်နှစ်ဦးသည် ဝင့်ကြွားစွာ ရပ်နေကြသည်။
ထိုအနက်ရောင်ဝတ် လူငယ်နှစ်ဦး၏ ကျင့်ကြံခြင်း အဆင့်သည် အလယ်အလယ် နယ်မြေနတ်ဘုရား (ဝါ) မြေကြီးအရှင်အဆင့်သာ ရှိသော်လည်း အရှင်ဖုန်းချီကို အန္တရာယ် အငွေ့အသက်များ ခံစားရစေခဲ့သည်။
[ဒါက ကြယ်တစ်ပွင့် မြေကြီးအရှင်အဆင့်ပဲ]
ရုတ်တရက် ပေါ်ထွက်လာသော အနက်ရောင်ဝတ် လူငယ်နှစ်ဦးသည် အနည်းဆုံး မဟာကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သော ကြယ်တစ်ပွင့်အရှင်များ ဖြစ်နိုင်သည်။
အရှင်ဖုန်းချီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး အနက်ရောင်ဝတ် လူငယ်နှစ်ဦးကို လက်သီးဆုပ်၍ ဂါရဝပြုကာ မေးလိုက်သည်။
"ငါက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖုန်းချီပါ.. မင်းတို့တွေ ငါတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုဆီ လာရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ"
"ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုလား"
မျောက်မျက်နှာနှင့် ဆင်တူသည့် ပိန်ပါးပါးလူငယ်က ခဏမျှ အံ့အားသင့်သွားပြီးနောက် မထီမဲ့မြင် အမူအရာဖြင့် နှာခေါင်းရှုံ့ကာ လှောင်ပြောင်၍ ပြောလိုက်သည်။
"မင်းလို ကောင်းကင်အရှင်တစ်ပါးပဲ ရှိတဲ့ မျိုးနွယ်စုက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုလို့ ခေါ်ဆိုဖို့တောင် ထိုက်တန်လို့လား"
အရှင်ဖုန်းချီရဲ့ မျက်နှာက အနည်းငယ် သုန်မှုန်သွားခဲ့သည်။
"မင်းတို့ နှစ်ယောက် စော်ကားလှချည်လား..ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုလို့ ခေါ်ဖို့ ထိုက်တန်တန် မတန်တန်၊ အဲဒါက မင်းတို့ ဝင်ရောက် စွက်ဖက်စရာ အလုပ် မဟုတ်ဘူး ထင်တယ်"
"ဟွမ်ချုံ.. တော်လောက်ပြီ"
ပိန်ပါးပါးလူငယ် စကားပြောတော့မည့် အချိန်တွင် နံဘေးမှ အေးစက်စက် မျက်နှာထားရှိသည့် ဆံဖြူလူငယ်က ရုတ်တရက် မျက်မှောင်ကြုတ်၍ ပြောလိုက်ရာ ပိန်ပါးပါးလူငယ်သည် ပါးစပ်မှ ထွက်ကျလာခါနီး စကားများကို ပြန်လည် မျိုသိပ်လိုက်ရသည်။
"မျိုးနွယ်ခေါင်းဆောင် ဖုန်းချီ.. ငါတို့ ဒီကို လာခဲ့တဲ့ အဓိကအကြောင်းရင်းက လူရှာဖို့ပါ"
ဆံဖြူလူငယ်က သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ပြီး ကျန်းချန်၏ ပုံရိပ်ကို အရှင်ဖုန်းချီနှင့် အခြားသူများရဲ့ ရှေ့၌ နတ်စွမ်းအားဖြင့် တိုက်ရိုက် စုစည်းလိုက်သည်။
[ဒါက ညီနောင် ကျန်းချန်ပုံပါလား]
အရှင်ဖုန်းချီက ဆံဖြူ လူငယ် ထုတ်ဖော်ပြသသည့် ပုံရိပ်ကို ကြည့်ရင်း ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤအနက်ရောင်ဝတ် လူငယ်နှစ်ဦးသည် ကျန်းချန်ကို လာရှာခြင်း ဖြစ်နေခဲ့သည်။
"ခေါင်းဆောင် ဖုန်းချီ.. ဒီလူက ခင်ဗျားရဲ့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှာ ရှိနေတယ် မဟုတ်လား"
ဆံဖြူ လူငယ်က အရှင်ဖုန်းချီကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
"ဒီလူကို လက်လွှဲပေးပါ.. မဟုတ်ရင် ငါတို့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့"
အခန်း(၂၀၀၅) ပြီး၏
အခန်း(၂၀၀၆)
[ဒီနှစ်ဦးက ဘယ်သူတွေလဲ.. သူတို့က ကျန်းချန်ကို ဘာလုပ်ဖို့ ရှာနေတာလဲ]
အရှင်ဖုန်းချီ အံ့အားသင့်သွားခဲ့သည်။
ကြယ်တစ်ပွင့် မြေကြီးအရှင် အဆင့်သည် အနည်းဆုံး ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူနဲ့ နှိုင်းယှဉ်နိုင်တဲ့ အဆင့် ဖြစ်သည်။
ကျန်းဝူ ကောင်းကင် နယ်မြေတွင် ကြယ်တစ်ပွင့် မြေကြီး အရှင်အဆင့်သည် အလွန် ရှားပါးပြီး လက်ချိုးရေတွက်၍ပင် ရ၏။
ထို့အပြင် ကြယ်တစ်ပွင့် မြေကြီးအရှင် အားလုံးနီးပါးသည် ကျန်းဝူ ကောင်းကင် နယ်မြေတွင် နာမည် ကျော်ကြားသူများ ဖြစ်ကြသည်။
သူ့ရှေ့မှ ကြယ်တစ်ပွင့် မြေကြီးအရှင် နှစ်ပါးသည် ကျန်းဝူ ကောင်းကင် နယ်မြေတွင် တစ်ခါမျှ လူလုံးထွက်ပြလေ့ မရှိသည့် ကျင့်ကြံသူများလော သို့မဟုတ် အခြားနယ်မြေမှ ရောက်လာကြသည့် ကျင့်ကြံသူများ ဖြစ်နေပါသလော။
အရှင်ဖုန်းချီ၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။
ဤနှစ်ဦးသည် အသက် ထောင်ချီလောက်သာ ရှိသေးပုံရ၏။
ဤမျှ ငယ်ရွယ်သော အသက်ဖြင့် ကြယ်တစ်ပွင့် မြေကြီးအရှင် ဖြစ်လာရန်မှာ ကျန်းဝူ ကောင်းကင် နယ်မြေတွင် မဖြစ်နိုင်သလောက်ပင်။
နတ်ကုန်းမြေတိုက်သာလျှင် ထိုကဲ့သို့သော ပါရမီရှင်ကို မွေးထုတ်ပေးနိုင်လိမ့်မည် ဖြစ်၏။
အရှင်ဖုန်းချီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး စိတ်ကို တည်ငြိမ်စွာ ထိန်းချုပ်၍ ချက်ချင်းပင် ခေါင်းခါယမ်းလိုက်သည်။
"မင်းတို့ နှစ်ယောက် မှားနေပြီ ထင်တယ်.. ငါတို့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှာ မင်းတို့ ရှာနေတဲ့သူ မရှိဘူး"
ဤလူနှစ်ဦးသည် ကျန်းချန်ကို မည်သည့် ရည်ရွယ်ချက်ဖြင့် ရှာဖွေသည်ဖြစ်စေ၊ အရှင်ဖုန်းချီသည် သဘာဝကျစွာပင် ကျန်းချန်၏ သတင်းကို အလွယ်တကူ ထုတ်ဖော်မည် မဟုတ်ပေ။
ပြောနေစရာ မလိုလောက်အောင်ပင် ယခုအခါတွင် ကျန်းချန်သည် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ သွားခဲ့ပြီ ဖြစ်သောကြောင့် သူတို့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုတွင် အမှန်တကယ် ရှိမနေတော့၍ ထိုကောင်လေး နှစ်ဦး ကျန်းချန်ကို ရှာဖွေရန်မှာ မဖြစ်နိုင်ချေ။
"ကောင်းကင်အရှင် ဖုန်းချီ.. ငါ့ အစ်ကိုက ကောင်းကောင်းမွန်မွန် ပြောဆိုနေတာကို ဖင်ပိတ်ငြင်းဖို့ ကြိုးစားမနေနဲ့"
"ငါတို့ ဒီနေရာကို ရှာတွေ့နိုင်ခဲ့တာကြောင့် သူက မင်းတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှာ ရှိနေတယ် ဆိုတာ လုံးဝ သေချာတယ်"
ပိန်ပါးပါးလူငယ်၏ မျက်နှာအမူအရာက သုန်မှုန်သွားပြီး တစ်ကိုယ်လုံးတွင် တစ်ခဏအတွင်း သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
"ဒီနေ့ မင်း သူ့ကို လိမ်လိမ်မာမာ လက်လွှဲမပေးဘူး ဆိုရင် ငါတို့ ညီနောင်က မင်းတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို အမြစ်ကနေလှန်ပြီး ဖျက်ဆီးပစ်မယ်"
ထိုစကားကိုကြားလျှင် အရှင်ဖုန်းချီက ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
"ငါ ပြောခဲ့ပြီးပြီလေ.. မင်းတို့ ရှာနေတဲ့သူဟာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှာ ရှိမနေဘူး"
"မျိုးနွယ်စုခေါင်းဆောင် ဖုန်းချီ.. ငါတို့က သူ့ရဲ့ အရှိန်အဝါကို ခြေရာခံလိုက်လာပြီး ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုဆီ ရောက်လာခဲ့တာပဲ.. သူ့ရဲ့ အရှိန်အဝါက ဘာလို့ ရုတ်တရက် ပျောက်ကွယ်သွားမှန်း မသိပေမယ့် သူက ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှာ မရှိတော့ရင်တောင် မင်းတို့နဲ့ တစ်ခုခု ပတ်သက် ဆက်စပ်မှုတော့ သေချာပေါက် ရှိနေရမယ်"
ဆံဖြူလူငယ်က အရှင်ဖုန်းချီကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
"ခင်ဗျား အမှားမလုပ်မိဖို့ မျှော်လင့်ပါတယ်"
အရှင်ဖုန်းချီက ပခုံးတွန့်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့် ပြုံးလိုက်သည်။
"ငါ ရှင်းရှင်းလင်းလင်း ပြောပြီးပြီ.. မင်းတို့ မယုံဘူးဆိုရင်လည်း ငါဘာမှ မတတ်နိုင်ဘူး"
"အစ်ကို.. သူနဲ့ ဘာလို့ လေကုန်ခံပြီး စကားပြောနေတာလဲ.. သူက ဖင်ပိတ် ငြင်းနေမှတော့ သူ့ရဲ့ မျိုးနွယ်စုကို ဖျက်ဆီးပစ်လိုက်တာ အကောင်းဆုံးပဲ"
ပိန်ပါးပါးလူငယ်က လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အနက်ရောင် ဓားရှည်တစ်လက်သည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
သူက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို သတ်ဖြတ်ရှင်းလင်းရန် ဆံဖြူ လူငယ်အား လှုံ့ဆော်လိုက်၏။
"ကောင်းပြီလေ.. မင်းတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုက ဒီလောက်တောင် သေချင်နေမှတော့ မင်းတို့ရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်"
ဆံဖြူလူငယ်က ဒေါသတကြီးဖြင့် အေးစက်စက် ရေရွတ်လိုက်သည်။
စကားဆုံးသည်နှင့် ကြောက်မက်ဖွယ် အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်မှ တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။
သူက လက်ဝါး ရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ ဧရာမ အနက်ရောင် လက်ဝါးတစ်ဖက်သည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အထက်ကောင်းကင်ယံကို မျက်စိတစ်မှိတ် အတွင်း လွှမ်းခြုံသွားခဲ့၏။
ဧရာမ အနက်ရောင် လက်ဝါးက ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းထားပြီး အရှင် ဖုန်းချီနှင့် အောက်ဘက်ရှိ အခြားသူများထံ သက်ရောက်လာခဲ့သည်။
ထိုခဏတွင် အရှင်ဖုန်းချီ၏ ကိုယ်ပေါ်ကနေ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ရွှေရောင် ဓားစွမ်းအင် အဖြစ် သို့ တိုက်ရိုက် ပြောင်းလဲသွားကာ ကောင်းကင်နှင့် နေမင်းကိုပင် လွှမ်းခြုံထားသော ဧရာမ အနက်ရောင် လက်ဝါးကို ဖြိုခွင်းပစ်လိုက်သည်။
"မင်းတို့တွေ ကြယ်တစ်ပွင့် အရှင် တစ်ပါးကို ဂိုဏ်းကာကွယ်ရေး အစီအရင်သုံးပြီး တတ်နိုင်သလောက် အချိန်ဆွဲထား.. ငါက ဒီဆံဖြူလူငယ်ကို အရင် သတ်လိုက်မယ်"
အရှင်ဖုန်းချီ၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းများ လင်းလက်သွားခဲ့သည်။
သူက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အကြီးအကဲများကို မှာကြားပြီးနောက် ချက်ချင်းပင် ဆံဖြူလူငယ်ဆီ လှမ်းလာခဲ့သည်။
သူ၏ ရှေ့မှ အနက်ရောင်ဝတ် လူငယ် နှစ်ဦးသည် သာမန် ကောင်းကင်အရှင်များထက်ပင် ခွန်အား မနိမ့်ကျသည့် ကြယ်တစ်ပွင့် မြေကြီး အရှင်များ ဖြစ်သည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု တစ်ခုလုံးတွင် သူကလွဲ၍ ထိုနှစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သူ တစ်ယောက်မှ မရှိပေ။
ထို့ကြောင့် သူက ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ နယ်မြေနတ်ဘုရားများအား ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အသုံးပြု၍ ကြယ်တစ်ပွင့် မြေကြီးအရှင် တစ်ပါးကို အချိန်ဆွဲထားရန် မှာကြားရုံသာ တတ်နိုင်တော့၏။
ထို့အပြင် သူက ကျန် ကြယ်တစ်ပွင့် မြေကြီးအရှင် တစ်ပါးကို အချိန်တိုအတွင်း အနိုင်ယူရန်လည်း လိုအပ်သည်။
သို့မဟုတ်လျှင် ယနေ့တွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် မျိုးနွယ်စု ပျက်သုန်းမည့်အရေး နှင့် ရင်ဆိုင်ရပေလိမ့်မည် မဟုတ်ပါလား။
"ကောင်းကင် လောင်ကျွမ်း မုန်တိုင်း နည်းစနစ်"
အရှင်ဖုန်းချီက သူ၏ အစွမ်းထက် နည်းစနစ်များကို အနည်းငယ်မျှပင် ထိန်ချန်ထားခြင်း မရှိပေ။
သူ၏ ခန္ဓာကိုယ်ကနေ ရွှေရောင် မီးလျှံများ ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးသည် ကမ္ဘာကိုပင် ဖျက်ဆီးပစ်နိုင်သော မီးလျှံမုန်တိုင်းများဖြင့် ဖုံးအုပ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် လေထုထဲတွင် ပြင်းထန်သော လင်းယုန်ငှက်အော်သံ ပဲ့တင်ထပ်လာခဲ့ပြီး ဧရာမ ရွှေရောင် လင်းယုန်ငှက်ကြီး တစ်ကောင်သည် အရှင်ဖုန်းချီ၏ ကျောဘက်တွင် ပေါ်လာခဲ့သည်။
ဧရာမ ရွှေရောင်လင်းယုန်ဌက်သည် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။
"ထိန်းချုပ်စမ်း"
ဆံဖြူ လူငယ်က အရေးမစိုက်ဟန်ဖြင့် လင်းယုန်ဌက်ကို ကြည့်လိုက်ပြီး သူ၏ ပါးစပ်ကနေ စကားလုံးတစ်လုံးကို အေးစက်စက် ရေရွတ်လိုက်သည်။
ရုတ်တရက် အရှင်ဖုန်းချီသည် ကမ္ဘာကိုပင် လွှမ်းမိုးနိုင်သော ကြောက်မက်ဖွယ် စိတ်ဝိညာဉ်စွမ်းအားကို ခံစားလိုက်ရ၏။
မိုင်တစ်ရာ အချင်းဝက်အတွင်းရှိ နေရာလွတ်သည် ထိုကြောက်မက်ဖွယ် စိတ်ဝိညာဉ်စွမ်းအား အောက်တွင် ရောက်ရှိသွားခဲ့သည်။
အရှင်ဖုန်းချီ၏ ခွန်အားဖြင့်ပင် သူ၏ တစ်ကိုယ်လုံးက ပိဿာ ထောင်ချီ အလေးချိန်ရှိသည့် တောင်တန်းဖြင့် အဖိခံထားရသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ကျောဘက်ရှိ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်သော ဧရာမ လင်းယုန်ဌက် ပုံရိပ်သည်ပင် ထိုကြောက်မက်ဖွယ် စိတ်ဝိညာဉ် စွမ်းအားအောက်တွင် ထိန်းချုပ်ခံထားရပြီး အနည်းငယ်မျှပင် လှုပ်ရှား၍ မရတော့ပေ။
"ချေမှုန်းစမ်း"
အရှင်ဖုန်းချီက ကြုံးဝါးလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင် အလင်းတန်းများ တစ်ဖန် ထွက်ပေါ်လာခဲ့ပြီး လင်းယုန်ဌက်က ပိုမို အားကောင်းလာခဲ့သည်။
ထို့နောက်တွင် လင်းယုန်ဌက်က အတောင်ပံများကို ခတ်လိုက်ရာ ကြောက်မက်ဖွယ်ရာ ကောင်းသော မီးမုန်တိုင်းသည် နေရာလွတ်အတွင်း တိုက်ခတ်သွားခဲ့ပြီး အဆုံးသတ်တွင် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအားကို ပျောက်ကွယ်သွားစေခဲ့သည်။
"ဘယ်လောက်တောင် ဆန်းကြယ်လိုက်တဲ့ စိတ်ဝိညာဉ် လမ်းစဥ် စွမ်းအားလဲ"
အရှင်ဖုန်းချီက ဆန့်ကျင်ဘက်မှ ဆံဖြူလူငယ်ကို အသေအချာ စူးစိုက်ကြည့်နေခဲ့သည်။
သူ၏ အမူအရာက ပို၍ လေးနက်လာခဲ့၏။
သူ့ရှေ့မှ ဆံဖြူ လူငယ်သည် နတ်ကုန်းမြေတိုက်မှ ပါရမီရှင် တစ်ဦး ဖြစ်ပြီး ခွန်အားက သူ ထင်ထားသည်ထက်ပင် ပို၍ အားကောင်းနေခဲ့သည်။
သူ၏ ခွန်အားဖြင့် ဆိုလျှင် ထိုကောင်လေးကို အနိုင်ယူရန် မပြောနှင့်၊ မရှုံးနိမ့်ရန်ပင် လွယ်ကူသော အလုပ် မဟုတ်ပေ။
"ခေါင်းဆောင် ဖုန်းချီ.. ငါက မြေကြီးအရှင် အဆင့်ကို ဝင်ရောက်ခဲ့တာ နှစ်ပေါင်း သုံးထောင် ရှိခဲ့ပြီ.. အခုငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ကြယ်တစ်ပွင့် မြေကြီးအရှင် အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေပြီး ကြယ်တစ်ပွင့် ကောင်းကင်အရှင် အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တယ်"
"နတ်ကုန်းမြေတိုက်မှာတောင် သာမန် ကောင်းကင်အရှင် အစောပိုင်းအဆင့်က ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး.. မင်းလောက်ကတော့ ပြောနေစရာတောင် မလိုဘူး"
ဆံဖြူလူငယ်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာရပ်နေပြီး အရှင်ဖုန်းချီကို မထီမဲ့မြင် ကြည့်လိုက်သည်။
"ဒီနေ့ ငါလိုချင်တဲ့သူကို လက်မလွှဲပေးဘူး ဆိုရင် မင်းရဲ့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက နတ်ဘုရားနယ်မြေကနေ ပျောက်ကွယ်သွားရလိမ့်မယ်"
"မင်း အတော် စော်ကားလွန်းနေပြီ"
အရှင်ဖုန်းချီက ဒေါသတကြီး ပြောဆိုလိုက်သည်။
"ငါတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှာ မင်းတို့ ရှာနေတဲ့သူ တကယ်ပဲ မရှိဘူး.. မင်း မယုံရင် ငါတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုထဲ ဝင်ရှာလို့ ရပါတယ်"
အရှင်ဖုန်းချီက စကားပြောနေရင်း အောက်ဘက်ရှိ အခြေအနေကို လှမ်းအကဲခတ်လိုက်သည်။
ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုမှ နယ်မြေနတ်ဘုရားများသည် ဂိုဏ်းကာကွယ်ရေး အစီအရင်ကိုသာ အားကိုးနေရပြီး ပိန်ပါးပါးလူငယ်၏ တိုက်ခိုက်မှုအောက်တွင် ရုန်းကန်နေရသည်ကို မြင်လိုက်ရလျှင် အရှင်ဖုန်းချီ စိုးရိမ်သွားခဲ့သည်။
ဤအခြေအနေ အတိုင်းသာဆိုလျှင် ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စုသည် အမှန်တကယ် အန္တရာယ် ရှိနေခဲ့ချေပြီ။
"တော်ပြီ.. ငါ မင်းနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ မပြောချင်တော့ဘူး.. မင်းက လူကို လက်လွှဲပေးဖို့ အစီအစဥ် မရှိမှတော့ မင်းတို့ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုကို ကျန်းဝူ ကောင်းကင် နယ်မြေကနေ လုံးဝ ပျောက်ကွယ်သွားအောင် ငါ လုပ်ပေးရတော့မှာပေါ့"
ဆံဖြူလူငယ်၏ မျက်နှာက အေးစက်နေပြီး စိတ်ဝိညာဉ်ကိုပင် မျိုချနိုင်လောက်သည့် ထူးဆန်းသော အနက်ရောင် အလင်းသည် သူ၏ ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အထက် ကောင်းကင်ယံရှိ မိုင်ထောင်ချီ နေရာလွတ်တွင် ပြည့်နှက်သွားခဲ့သည်။
ဆံဖြူလူငယ်၏ ထိန်းချုပ်မှုအောက်တွင် ထိုထူးဆန်းသော အနက်ရောင် အလင်းသည် ကျယ်လောင်စွာ ဟိန်းဟောက်နေသော ဧရာမ နဂါးနက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အရှင်ဖုန်းချီ ထံသို့ ပြင်းထန်စွာ ပြေးဝင်သွားခဲ့သည်။
အခန်း(၂၀၀၆) ပြီး၏