← Chapters

အခန်း (၂၀၀၇-၂၀၀၈)

Vol. 141 Ch. 2007-2008

အခန်း (၂၀၀၇-၂၀၀၈)

Vol. 141 Ch. 2007-2008

အခန်း(၂၀၀၇)

ဤဧရာမ နဂါးနက်သည် သန့်စင်သော စိတ်ဝိညာဉ် လမ်းစဥ် စွမ်းအားဖြင့် စုစည်းထားပုံရသည်။

ဧရာမ နဂါးနက်ကို မြင်လျှင် သာမန် နယ်မြေနတ်ဘုရားများသည် ၎င်းတို့၏ စိတ်ဝိညာဥ် ဝါးမျိုခံရတော့မလို ခံစားခဲ့ရသည်။

"နတ်လင်းယုန် အသွင်ကိုးကြိမ် ပြောင်းလဲခြင်း"

ဆံဖြူလူငယ်၏ ထူးဆန်းပြီး လျှို့ဝှက်ဆန်းကြယ်သော စိတ်ဝိညာဉ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရလျှင် အရှင်ဖုန်းချီသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ သူ၏ လက်ကို ရင်ဘတ်နားတွင် ကပ်ကာ လက်ဟန်များကို လျင်မြန်စွာ ထုတ်ဖော်လိုက်၏။

မကြာမီမှာပင် အရှင်ဖုန်းချီ၏ ကျောဘက်မှ လင်းယုန်ငှက်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဧရာမ နဂါးနက်ကြီးကို ရင်ဆိုင်ရန်အတွက် သူ၏ အတောင်ပံများကို ခတ်ကာ လေထဲသို့ ပျံသန်းသွားခဲ့သည်။

လင်းယုန်ဌက်က လေထဲတွင် ပျံသန်းလာသည်နှင့်အမျှ ခန္ဓာကိုယ် ပို၍ ကြီးလာခဲ့ပြီး အရှိန်အဝါကလည်း အနည်းငယ် ပို၍ အားကောင်းလာခဲ့သည်။

ဤသို့ဖြင့်ပင် လင်းယုန်ဌက်သည် လေထုထဲတွင် ဧရာမ နဂါးနက်ကြီးနှင့် ပြင်းထန်စွာ ထိပ်တိုက် ရင်ဆိုင်လိုက်၏။

"ဝုန်း"

ထိုခဏတွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု တစ်ခုလုံး၏ အထက်ကောင်းကင်ယံသည် မှောင်မိုက်သွားခဲ့သည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် တောက်ပသော ရွှေရောင်အလင်းနှင့် နက်ရှိုင်းပြီး လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် စွမ်းအားတို့သည် ပြင်းထန်စွာ ရင်ဆိုင်နေခဲ့ကြသည်။

"ဝုန်း.. ဝုန်း.. ဝုန်း"

လေထုက ဆက်တိုက်ဆိုသလို ပေါက်ကွဲနေခဲ့ပြီး မငြိမ်မသက် ဖြစ်နေခဲ့၏။

ကြောက်မက်ဖွယ် စွမ်းအားနှစ်ခုက လေထုထဲတွင် အချိန်အတော်ကြာ ထိပ်တိုက် ရင်ဆိုင်ပြီးသောအခါတွင် တောက်ပသော ရွှေရောင်အလင်းသည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် စွမ်းအင်၏ လွှမ်းမိုးမှု အောက်တွင် တဖြည်းဖြည်း အားနည်းလာခဲ့သည်။

အဆုံးသတ်တွင် ရွှေရောင် အလင်းသည် ဆန်းကြယ်သော အနက်ရောင် စွမ်းအင်ထဲ၌ လုံးဝ နစ်ဝင်သွားခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် လေထုထဲ၌ ငြီးတွားသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး အရှင်ဖုန်းချီ၏ ခန္ဓာကိုယ်သည် ကြိုးပျက်သွားသော စွန်တစ်ကောင်နှယ် ပေထောင်ချီ အကွာအဝေးထိ နောက်ပြန် လွင့်စင်သွားခဲ့၏။

"ဝေါ့"

အရှင်ဖုန်းချီက ပါးစပ်ကနေ သွေးများကို အန်ထုတ်လိုက်ရသည်။

သူက လဲပြိုမတတ် ဖြစ်နေသည့် ခန္ဓာကိုယ်ကို အားတင်း၍ ရပ်နေရင်း လေထုထဲတွင် အေးအေးလူလူ ရပ်နေသည့် ဆံဖြူ လူငယ်ကို ကြည့်နေခဲ့သည်။

သူ၏ မျက်နှာက အလွန်တရာ ဖြူဖျော့နေခဲ့၏။

သူ့ရှေ့မှ ကြယ်တစ်ပွင့် မြေကြီးအရှင်သည် အလွန်အမင်း သန်မာလွန်းပြီး တိုက်ခိုက်ရေး စွမ်းအားသည်လည်း ကျန်းချန်ကဲ့သို့ သူတော်စင် ကောင်းကင်နတ်ဘုရားထက် မနိမ့်ကျပေ။

ကျန်းဝူ ကောင်းကင် နယ်မြေ တစ်ခုလုံးတွင် ဤကြယ်တစ်ပွင့် မြေကြီးအရှင်နှင့် ယှဉ်ပြိုင်နိုင်သူသည် လက်တစ်ဖက်စာထက် မပိုနိုင်ချေ။

သူက အစောပိုင်းက တိုက်ပွဲတွင် သူ၏ စွမ်းအားများကို အကုန်အစင် အသုံးပြုခဲ့သော်လည်း ဆံဖြူ လူငယ်၏ တိုက်ခိုက်မှုကြောင့် ရှုံးနိမ့်ခဲ့ရပြီး စိတ်ဝိညာဉ်ပင် ပြင်းထန်စွာ ထိခိုက်ခဲ့ရသည်။

ယနေ့တွင် သူတို့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုသည် အမှန်တကယ် အန္တရာယ် ရှိလာခဲ့ချေပြီ။

"ဖုန်းချီ.. မင်းကို ငါ အကြိမ်ကြိမ် အခွင့်အရေးတွေ ပေးခဲ့တယ်.. မင်း အခုထိ ကိုယ့်အခြေအနေကိုယ် နားမလည်သေးဘူး ဆိုရင်တော့ ငါ မင်းရဲ့ ခန္ဓာကိုယ်ကို အရင် ဖျက်ဆီးမယ်.. ပြီးမှ မင်းရဲ့ စိတ်ဝိညာဉ်ကို ထိန်းချုပ်ပြီး အဲဒီကောင်လေးရဲ့ သဲလွန်စကို ရှာဖွေမယ်"

ဆံဖြူလူငယ်က အေးစက်စက် ကြုံးဝါးလိုက်သည်။

စကားဆုံးသည်နှင့် သူ၏ လက်များကို ရင်ဘတ်နားတွင်ကပ်ကာ လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။

"ဝုန်း"

ကြောက်မက်ဖွယ်ရာ ကောင်းသော အနက်ရောင် စွမ်းအားသည် သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ပြီး တစ်ခဏအတွင်း သူ၏ ဦးခေါင်း အထက်တွင် နက်မှောင်သော တစ္ဆေလက်ဝါး အဖြစ် စုစည်းသွားခဲ့သည်။

တစ္ဆေလက်ဝါးက ကြောက်စရာကောင်းလောက်အောင် မှောင်မိုက်နေပြီး ငရဲကမ္ဘာမှ နတ်ဆိုးကြီး၏ လက်ဖဝါးကဲ့သို့ပင်။

ထိုနက်မှောင်သော တစ္ဆေလက်ဝါးကို မြင်လိုက်ရလျှင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုမှလူများသည် ကြက်သီးများ ထသွားကြသည်။

"ငရဲကိုးပါး စိတ်ဝိညာဉ် လက်သိုင်း"

ဆံဖြူလူငယ်က အေးစက်စက် ကြုံးဝါးလိုက်သည်နှင့် ဧရာမ တစ္ဆေ လက်ဝါးကြီးသည် နေရာလွတ်ကို တိုက်ရိုက် ထိုးဖောက်ကာ အရှင်ဖုန်းချီကို ဖမ်းဆုပ်လိုက်သည်။

"ဝုန်း.. ဝုန်း.. ဝုန်း..."

ကောင်းကင်ကိုပင် တုန်ခါစေသည့် ကျယ်လောင်သော အသံသည် လေထုထဲတွင် တစ်ဖန် ထွက်ပေါ်လာခဲ့ပြီး ဧရာမတစ္ဆေလက်ဝါး ဖြတ်သန်းသွားသည့် ပတ်ဝန်းကျင်ရှိ မိုင်ရာပေါင်းများစွာ နေရာလွတ်သည် ဘာမှ မကျန်ရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ဆံဖြူလူငယ်က နောက်ထပ် တိုက်ခိုက်မှု ပြုလုပ်လိုက်သည်ကို မြင်လိုက်ရလျှင် အရှင်ဖုန်းချီ၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို အတင်းအကျပ် ဖိနှိပ်လိုက်ကာ အစွမ်းကုန် ခုခံရန် ပြင်ဆင်နေစဉ်မှာပင် တောက်ပသော ရွှေရောင်အလင်း တစ်ခုသည် ရုတ်တရက် နေရာလွတ်ကို ဖြတ်ကျော်ကာ လေထုထဲကနေ ပျံသန်းလာခဲ့သည်။

ထိုရွှေရောင်အလင်းသည် အလွန်တောက်ပလွန်းပြီး မြင်ရသူကို မျက်စိပင် ကျိန်းစပ်စေသည်အထိပင်။

အရှင်ဖုန်းချီကို ဖိနှိပ်ရန် ရောက်ရှိလာသော ဧရာမ တစ္ဆေ လက်ဝါးကြီးသည် ရွှေရောင်အလင်းဖြင့် ထိုးဖောက်ခံလိုက်ရပြီး "ဝုန်း"ဟူသောအသံဖြင့် ပေါက်ကွဲသွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ရွှေရောင်အလင်းများ ဖုံးလွှမ်းနေသော ပုံရိပ် တစ်ခုသည် နေရာလွတ် အက်ကွဲကြောင်းကနေ လျင်မြန်စွာ ပျံသန်း၍ ထွက်လာခဲ့သည်။

"ညီနောင် ကျန်းချန်လား"

ရွှေရောင် အလင်းထဲရှိ ရင်းနှီးသော ပုံရိပ်ကို မြင်လိုက်ရလျှင် အရှင်ဖုန်းချီ၏ မျက်ဝန်းများတွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ သွားခဲ့သော ကျန်းချန်သည် သေရေးရှင်ရေး အချိန်တွင် ပြန်လာလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။

အရှင်ဖုန်းချီသည် ကျန်းချန်နှင့်အတူ ဘိုးဘွားမြေသို့ သွားခဲ့သော ဖုန်းယန်ကို မမြင်ခဲ့ရသော်လည်း ဤတစ်ခဏတွင် ထိုကိစ္စကို သူ ဂရုမစိုက်အားတော့ပေ။

ကျန်းချန်သည် ကောင်းကင်အရှင် အစောပိုင်းအဆင့်ကို အနိုင်ယူနိုင်သော သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်သည်။

သူနှင့် ကျန်းချန်တို့ လက်တွဲညီညီ လုပ်ဆောင်နိုင်သရွေ့ အနည်းဆုံးတော့ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းရန် ပြဿနာ ကြီးကြီးမားမား ရှိမည် မဟုတ်ချေ။

"ကောင်လေး.. မင်းက တကယ်ပဲ ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စုမှာ ရှိနေတာကိုး.. မင်းက အမှောင်ထဲမှာ ပုန်းအောင်းပြီး လိပ်လို ခေါင်းဝှက်နေမယ်လို့ ငါ ထင်ထားခဲ့တာ.. မင်း ကိုယ်တိုင် ထွက်ပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

ဆံဖြူလူငယ်သည် ရုတ်တရက် သူ့ ရှေ့တွင် ပေါ်လာသော ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့၏။

သူ၏ ရှေ့မှ အနက်ရောင်ဝတ် လူငယ်သည် ဝိညာဥ်ရှာဖွေတံဆိပ်ပြားရှိ ပုံရိပ်နှင့် အတိအကျ နီးပါး တူညီနေခဲ့သည်။

ယင်းက သူတို့ ရှာနေသည့်သူ မဟုတ်လျှင် အခြား မည်သူ ဖြစ်နိုင်ပါမည်နည်း။

ဆံဖြူလူငယ်၏ စကားများသည် ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု၏ ဘိုးဘွားမြေကနေ ယခုမှ ပြန်ရောက်လာခဲ့သော ကျန်းချန်ကိုပင် အံ့အားသင့်သွားစေခဲ့သည်။

သူက ဆံဖြူလူငယ်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြကာ မှင်တက်နေသော အမူအရာဖြင့် ပြောလိုက်သည်။

"ဒီက မိတ်ဆွေ.. ခင်ဗျား ကျွန်တော့်ကို ပြောနေတာလား"

"ညီနောင် ကျန်းချန်.. ဒီလူနှစ်ယောက်က နတ်ကုန်းမြေတိုက်က ကြယ်တစ်ပွင့် မြေကြီးအရှင်တွေပဲ.. သူတို့က မင်းကို အထူးတလည် လာရှာပုံရတယ်"

ထိုအချိန်တွင် အရှင်ဖုန်းချီ၏ စကားသံသည် ကျန်းချန်၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။

အရှင်ဖုန်းချီ၏ စကားသံကို ကြားလျှင် ကျန်းချန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူက နတ်ကုန်းမြေတိုက်သို့ တစ်ခါမျှ မသွားခဲ့ဖူးပေ။

ဤတစ်ကြိမ် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေတွင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စု နှင့် ရှေးဟောင်းသူတော်စင် နဂါး မျိုးနွယ်စုကို တွေ့ဆုံဖူးသည်က လွဲ၍ နတ်ကုန်းမြေတိုက်ရှိ မည်သူနှင့်မျှ ပတ်သက်ခဲ့ဖူးခြင်း မရှိပေ။

ချင်းယွမ်နတ်ဘုရင်နှင့် ယိုယဲ့ နတ်ဘုရင် တို့တွင် ကြီးမားသော စွမ်းရည်များ ရှိသည် ဆိုသော်လည်း ကျန်းဝူ ကောင်းကင် နယ်မြေသို့ လူများ စေလွှတ်ကာ ဤမျှ လျင်မြန်စွာ လိုက်လံရှာဖွေရန်မှာ မဖြစ်နိုင်ချေ။

သို့ဆိုလျှင် နတ်ကုန်းမြေတိုက်မှ ကြယ်တစ်ပွင့် မြေကြီးအရှင် နှစ်ပါးက မည်သူတွေနည်း။

အဘယ်ကြောင့် ကျန်းဝူ ကောင်းကင် နယ်မြေတွင် သူ့ကို လာရှာရပါသနည်း။

"ငါက ဝိညာဥ်နတ်ဆိုးဘုရားကျောင်းက ဟွမ်ယွဲ့ပါ.. နန်းတော်သခင်၏ အမိန့်နဲ့ မင်းကို ဖမ်းဆီးဖို့ လာခဲ့တာပဲ.. အခြေအနေကို နားလည်တယ် ဆိုရင် ချက်ချင်း နာခံပြီး ဖမ်းဆီးခံလိုက်ပါ"

ကျန်းချန် မသေချာ မရေရာ ဖြစ်နေစဉ်တွင် ဆံဖြူလူငယ်၏ မထီမဲ့မြင် စကားသံက တစ်ဖန် ထွက်ပေါ်လာခဲ့သည်။

"ဝိညာဥ်နတ်ဆိုးဘုရားကျောင်းလား"

ကျန်းချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ငါ မင်းတို့ ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းနဲ့ တစ်ခါမှမပတ်သက်ဖူးဘူး.. မင်းတို့ ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းက ငါ့ကို ဘာလို့ လာဖမ်းခေါ်တာလဲ ဆိုတာ သိလို့ရမလား"

သူနှင့် နတ်ကုန်းမြေတိုက်ရှိ ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းတို့ကြားတွင် မည်သည့် အချိန်က ပဋိပက္ခ ဖြစ်ပွားခဲ့သည်ကို ကျန်းချန် နားမလည်နိုင်ခဲ့ပေ။

မှန်ပါသည်။ ကျန်းချန်ကို ပို၍ အံ့အားသင့်စေသည်မှာ ဝိညာဥ်နတ်ဆိုး ဘုရားကျောင်း၏ ခေါင်းဆောင်သည် တစ်စုံတစ်ယောက်ကို ကျန်းဝူကောင်းကင် နယ်မြေတွင် သူ့ကို ရှာဖွေရန် တန်းတန်းမတ်မတ် စေလွှတ်နိုင်ခြင်းပင်။

ဆံဖြူလူငယ်က အေးစက်စက် ပြောလိုက်သည်။

"ငါက အမိန့်အတိုင်း လုပ်ဆောင်ရုံပါပဲ.. မြန်မြန် ငါ့နောက်ကို လိုက်လာပြီး အပြစ်ခံယူဖို့အတွက် ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းကို လိုက်ခဲ့ပါ"

"ငါက မင်းတို့ ဝိညာဥ်နတ်ဆိုးဘုရားကျောင်းနဲ့ ဘာမှ မပတ်သက်ဘဲ ဘာလို့ အပြစ်ခံယူဖို့ ဝိညာဥ်နတ်ဆိုးဘုရားကျောင်းကို လိုက်လာရမှာလဲ"

ကျန်းချန်က မထီမဲ့မြင် အမူအရာဖြင့် နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

"ဒါ့အပြင်.. မင်း ငါ့ကို အပြစ်ပေးချင်တယ်ဆိုရင် မင်းရဲ့ ကြယ်တစ်ပွင့် မြေကြီးအရှင် ခွန်အားက ငါနဲ့ ယှဥ်ဖို့ အရမ်းကို အလှမ်း ဝေးလွန်းတယ်"

အခန်း(၂၀၀၇) ပြီး၏

အခန်း(၂၀၀၈)

ကျန်းချန်သည် ဆံဖြူလူငယ်ကို မထီမဲ့မြင်ဖြင့် ကြည့်လိုက်ပြီး အလေးထားခြင်း လုံးဝ မရှိပေ။

ကြယ်တစ်ပွင့် မြေကြီးအရှင်သည် အလွန်ဆုံး ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူနှင့်သာ နှိုင်းယှဉ်နိုင်သည်။

ဤအဆင့် ခွန်အားမျိုးကို သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်တွင် ရှိနေစဥ်ကတည်းက သူ မကြောက်ရွံ့ခဲ့ချေ။

ပြောနေစရာ မလိုလောက်အောင်ပင် သူက ယခုအခါ လမ်းစဥ်ဆယ်ခု၏ ကမ္ဘာ့စွမ်းအားကို စုစည်းထားပြီး သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ထက် ပို၍ အဆင့်မြင့်သော အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

သာမန် ကောင်းကင်အရှင် အထွတ်အထိပ် အဆင့် ကျင့်ကြံသူ ပင်လျှင် သူ၏ ပြိုင်ဘက် ဖြစ်ရန် အရည်အချင်း မရှိပေ။

နတ်ဘုရင် အဆင့်အောက်တွင် သူ့ကို ခြိမ်းခြောက်နိုင်သူများသည် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်လာသည့် ကြယ်သုံးပွင့်အရှင်များသာ ဖြစ်သည်။

ဆံဖြူလူငယ်သာ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သော ကြယ်သုံးပွင့် မြေကြီးအရှင် ဖြစ်ခဲ့လျှင် ကျန်းချန်သည် စိုးရိမ်ကောင်း စိုးရိမ်မိပေမည်။

ယခုက ကြယ်တစ်ပွင့် မြေကြီး အရှင်မျှသာ ဖြစ်ရာ အဘယ်ကြောင့် အလေးထားစရာ လိုအပ်ပါမည်နည်း။

"ဟမ့်.. ကောင်းကင် နတ်ဘုရားအဆင့်က ပုရွက်ဆိတ်တစ်ကောင်ကများ ငါ့ရှေ့မှာ စကားကြီးစကားကျယ် ပြောရဲတယ်"

ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် ဆံဖြူ လူငယ် ဟွမ်ယွဲ့၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင် အပြုံး တစ်ခု ဖြစ်ပေါ်လာခဲ့၏။

သူ၏ ကျင့်ကြံခြင်း အဆင့်သည် ကြယ်တစ်ပွင့် မြေကြီးအရှင် အထွတ်အထိပ် အဆင့်တွင် ရှိနေပြီဖြစ်၍ ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကို သုံးကြိမ် ချိုးဖျက်ခဲ့သော သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်နေလျှင်ပင် သူ၏ ရှေ့၌ မာနကြီးပိုင်ခွင့် မရှိပေ။

ကျန်းချန်က အဓိပ္ပာယ်မဲ့သော စကားများကို ပြောဆိုရန် စိတ်မပါပေ။

သူက ဟွမ်ယွဲ့ကို ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ငါ မတိုက်ခိုက်ခင် ငါ့ရှေ့ကနေ ချက်ချင်း ထွက်သွားပါ.. အဲဒါဆို မင်းအနေနဲ့ အသက်ရှင်သန်ခွင့် ရလိမ့်မယ်"

"သေခြင်းတရားကို ရှာဖွေနေတာပဲ"

ဟွန်းယွဲ့၏ မျက်နှာ အမူအရာက အေးစက်သွားခဲ့ပြီး ချက်ချင်းပင် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်ကို မျိုချနိုင်မည့်အလား ထင်ရသော သံကြိုးနက် တစ်ခုသည် နေရာလွတ်ကို တိုက်ရိုက် ထိုးဖောက်ကာ ကျန်းချန်ဆီ ဦးတည်လာခဲ့သည်။

ကျန်းချန်က သံကြိုးနက်ကို ကြည့်လိုက်ပြီးနောက် လက်ဟန်တစ်ခုကို ထုတ်ဖော်လိုက်ရာ စိတ်ဝိညာဥ်ကို ကြောက်မက်ဖွယ် တုန်လှုပ်မှု ပေးစွမ်းနိုင်သည့် အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ် တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီး သံကြိုးနက်ဆီ ပြင်းထန်စွာ ကျရောက်လာခဲ့၏။

"ဝုန်း"

အနက်ရောင် လေးထောင့်တုံး စည်းတံဆိပ်က နက်မှောင်သော သံကြိုးပေါ် ကျရောက်ပြီးနောက်တွင် သံကြိုးနက်သည် အပိုင်းအစများ အဖြစ် ကြေမွသွားခဲ့သည်။

သံကြိုးများက လေထုထဲတွင် ပေါက်ကွဲသွားခဲ့ပြီး အဖျက်စွမ်းအင် မုန်တိုင်း တစ်ခုသည် ထိုပေါက်ကွဲမှုမှ ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန်က အဖျက်စွမ်းအင် မုန်တိုင်းကြောင့် လုံးဝ ထိခိုက်မှု မရှိသည့်အလား နေရာမှာပင် အေးအေးလူလူ ရပ်နေခဲ့သည်။

အခြားတစ်ဖက်တွင်မူ ဟွမ့်ယွဲ့သည် လေထဲတွင် ခြေ ဆယ်လှမ်းကျော်ခန့် နောက်သို့ ဆုတ်လိုက်ရ၏။

"ဒီကောင်လေးရဲ့ ခွန်အားက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ"

သူက သူ့ ခန္ဓာကိုယ်အတွင်းမှ မငြိမ်မသက် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။

သူ၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် အဆုံးသတ်၌ ထိတ်လန့် တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

"ဒီကောင်က တကယ်ပဲ ကန့်သတ်ချက်ကို သုံးကြိမ် ချိုးဖျက်ခဲ့တဲ့ သူတော်စင် ကောင်းကင် နတ်ဘုရားလား"

သို့သော် သူတော်စင် ကောင်းကင် နတ်ဘုရား ဖြစ်နေလျှင်ပင် တိုက်ခိုက်ရေး စွမ်းအားသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်ကို ရောက်ရှိရန် မဖြစ်နိုင်ပေ။

သူတော်စင် ကောင်းကင် နတ်ဘုရားနှင့် ကြယ်တစ်ပွင့် မြေကြီးအရှင် တို့သည် ကောင်းကင်အရှင်၏ စွမ်းအားများနှင့် နှိုင်းယှဉ်နိုင်သော်လည်း ကြယ်တစ်ပွင့် မြေကြီးအရှင်သည် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သော အဆင့် ဖြစ်ရာ တကယ်တမ်း တိုက်ခိုက်မည်ဆိုလျှင် ကြယ်တစ်ပွင့် မြေကြီးအရှင်သည် သူတော်စင် ကောင်းကင်နတ်ဘုရားကို သိသိသာသာ အသာစီးရလိမ့်မည် ဖြစ်သည်။

သို့ရာတွင် သူ့ရှေ့မှ ကောင်လေးကမူ သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်၏ စွမ်းအားဖြင့် သူ့လို ကြယ်တစ်ပွင့် မြေကြီးအရှင်ကိုပင် အလွယ်တကူ ဖိနှိပ်လိုက်သည်။

"ဒါ.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

မှန်ပါသည်။ ကျန်းချန်၏ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော စွမ်းအားသည် ဟွမ်ယွဲ့၏ စိတ်နှလုံးကို ထိတ်လန့်စေရုံသာမက လူတိုင်းနီးပါးကို သူတို့ ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားစေခဲ့၏။

ထိုခဏတွင် ကျန်းချန်ကို လုံးဝ အရေးမထားခဲ့သော ဟွမ်ချုံ၏ မျက်နှာထက်မှာပင် လေးနက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ဟွမ်ချုံသည် သူ့အကိုဟွမ်ယွဲ့ မည်မျှ သန်မာကြောင်း ကောင်းစွာ သိသည်။

သို့သော် ဟွမ်ယွဲ့၏ ခွန်အားဖြင့်ပင် ကျန်းချန်၏ တိုက်ခိုက်မှုကြောင့် နောက်ဆုတ်ခဲ့ရသည်။

ထိုခဏတွင် ဟွမ်ချုံသည် ဟွမ်ယွဲ့၏ ခန့်မှန်းချက် မှန်ကန်ကြောင်း လက်ခံခဲ့ရသည်။

သူတို့၏ ဤတစ်ကြိမ် မစ်ရှင်သည် ပြီးမြောက်ရန် အမှန်တကယ် မလွယ်ကူသော မစ်ရှင် ဖြစ်နေခဲ့၏။

"ညီနောင် ကျန်းချန်ရဲ့ ခွန်အားက ရွှေတောင်ပံ နတ်လင်းယုန်မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို မဝင်ခင်ကထက် အများကြီး ပိုသန်မာလာခဲ့ပြီပဲ"

အရှင်ဖုန်းချီသည် သူ၏ ရှေ့မှ အခြေအနေကို ကြည့်လိုက်ပြီးနောက် စိတ်ထဲကနေ ရေရွတ်လိုက်သည်။

သူက အစောပိုင်းတွင် ဟွမ်ယွဲ့နှင့် တိုက်ခိုက်ခဲ့၍ ဟွမ်ယွဲ့၏ ခွန်အားကို အတိုင်းအတာ တစ်ခု အထိ နားလည်ခဲ့သည်။

ဟွမ်ယွဲ့၏ ကျင့်ကြံခြင်း အဆင့်သည် မြေကြီးအရှင် အဆင့်တွင် ရှိပြီး မဟာကောင်းကင် နတ်ဘုရား အဆင့်ဖြင့် နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သောကြောင့် ကြယ်တစ်ပွင့် မြေကြီးအရှင်ဟု သတ်မှတ်နိုင်ကာ ကြယ်တစ်ပွင့် ကောင်းကင်အရှင် အဆင့်ကို ထိုးဖောက်ရန် ခြေတစ်လှမ်းသာ လိုအပ်တော့သည်။

ဤကဲ့သို့သော ကြယ်တစ်ပွင့် မြေကြီးအရှင်၏ တိုက်ခိုက်ရေး စွမ်းအားသည် အနည်းဆုံး ကောင်းကင်အရှင် အလယ်အလတ် အဆင့် သို့မဟုတ် နှောင်းပိုင်းအဆင့်ကိုပင် ဟန့်တားနိုင်စွမ်း ရှိ၏။

ထိုနေ့က ကုဟွမ်တောင်တွင် ကျန်းချန်သည် ဆန်းကြယ်ကိုးပါး အစီအရင်ဂိုဏ်း၏ အရှင်ရွှယ်ကျီနှင့် တိုက်ခိုက်ခဲ့ပြီး ကြီးကျယ်သော ခွန်အားကို ပြသခဲ့သော်လည်း ယခုလောက် မသန်မာခဲ့ပေ။

ထိုအချိန်က ကောင်းကင်အရှင် အလယ်အလတ်အဆင့်ကို ထိုးဖောက်ခဲ့သော အရှင်ရွှယ်ကျီနှင့် ရင်ဆိုင်ရသောအခါ ကျန်းချန်သည် နတ်ဘုရင် အဆင့် မှော်လက်နက်ကို အသုံးပြုမှသာ အရှင်ရွှယ်ကျီကို ဖိနှိပ်နိုင်ခဲ့သည်။

ယနေ့ ကျန်းချန် ရင်ဆိုင်နေရသော ဟွမ်ယွဲ့သည် ကောင်းကင်အရှင် အလယ်အလတ် အဆင့်ကို ထိုးဖောက်ခဲ့သော အရှင်ရွှယ်ကျီနှင့် နှိုင်းယှဉ်လျှင် လုံးဝ ကျော်လွန်နေသော အဆင့်တွင် ရှိသည်။

သို့ရာတွင် ကျန်းချန်သည် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် အသာလေး ဖိနှိပ်နိုင်ခဲ့၏။

အရှင်ဖုန်းချီကို အံ့အားအသင့်စေဆုံး အရာမှာ ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်သည် ကောင်းကင် နတ်ဘုရား အဆင့်တွင်သာ ရှိနေသေးကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်ခြင်းကြောင့်ပင်။

ကောင်းကင်နတ်ဘုရား အဆင့်၏ တိုက်ခိုက်ရေး စွမ်းအားသည် ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်သို့ ရောက်ရှိနေခဲ့၏။

ကျန်းချန်သာ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်လိုက်သည်နှင့် နတ်ဘုရင်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းဟုပင် သတ်မှတ်၍ ရနိုင်လောက်သည်။

ဤကဲ့သို့သော တိုက်ခိုက်ရေး စွမ်းအားသည် အမှန်တကယ်ပင် ကောင်းကင်ကို ဆန့်ကျင်နေခဲ့ချေပြီ။

"မဖြစ်နိုင်ဘူး... ငါက ကြယ်တစ်ပွင့် မြေကြီးအရှင်ပါ.. ကောင်းကင်နတ်ဘုရား အဆင့်ပဲ ရှိတဲ့ မင်းက ဘယ်လိုလုပ်ပြီး ငါ့ကို အသာစီးရနေတာလဲ"

"ငါ မယုံဘူး.. ဒါ မဟုတ်ဘူး.. မဖြစ်နိုင်ဘူး"

ဟွမ်ယွဲ့သည် မယုံကြည်နိုင်စွာ ရေရွတ်လိုက်ပြီး ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှ ခွန်အားကို အစွမ်းကုန် လှုံ့ဆော်ကာ ငရဲကိုးပါး စိတ်ဝိညာဉ် လက်သိုင်းကို တစ်ဖန် အသုံးပြု၍ ကျန်းချန်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။

"ကြယ်တစ်ပွင့် မြေကြီးအရှင်က ဘာမို့လို့လဲ.. ငါ မင်းကို သတ်ချင်ရင် ကြက်တွေ ခွေးတွေ သတ်သလို အသာလေး သတ်လို့ရတယ်"

စကားဆုံးသည်နှင့် လမ်းစဥ် ဆယ်ခု၏ ကမ္ဘာ့စွမ်းအားသည် ကျန်းချန်၏ လက်ချောင်းထိပ်များတွင် တစ်ခဏအတွင်း စုစည်းသွားခဲ့သည်။

ထို့နောက်တွင် လက်ညိုးထိပ်မှ ဓားစွမ်းအင်များ ထွက်ပေါ်လာခဲ့၏။

ဓားစွမ်းအင်များသည် အချိန်နှင့် နေရာလွတ်ကို တစ်ခဏချင်း ဖြတ်ကျော်သွားခဲ့ပြီး ဟွမ်ယွဲ့၏ ငရဲကိုးပါး စိတ်ဝိညာဉ် လက်ပေါ်သို့ ကျရောက်သွားခဲ့ရာ တိုဖူးကို ခုတ်ဖြတ်လိုက်သကဲ့သို့ ငရဲကိုးပါး စိတ်ဝိညာဉ် လက်ကို ထက်ပိုင်း ဖြတ်ပစ်လိုက်သည်။

ဓားစွမ်းအားသည် ငရဲကိုးပါး စိတ်ဝိညာဉ် လက်ကို ပိုင်းဖြတ်လိုက်ရုံသာမက ငရဲကိုးပါး စိတ်ဝိညာဉ်လက်ကိုပါ တိုက်ရိုက် ပေါက်ကွဲသွားစေခဲ့သည်။

"အား..."

ဟွမ်ယွဲ့က အော်ဟစ် ညီးညူလိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံးက ကြိုးပြတ်သွားသော စွန်တစ်ကောင် ကဲ့သို့ လေထုထဲမှ ပြုတ်ကျလာခဲ့သည်။

လမ်းစဥ်ဆယ်ခု၏ ကမ္ဘာ့စွမ်းအားသည် သူတော်စင် ကောင်းကင်နတ်ဘုရား အဆင့်၏ စွမ်းအားကို ကျော်လွန်နေသော အဆင့် ဖြစ်သည်။

သို့ဖြစ်ရာ ကျန်းချန်၏ လမ်းစဥ်ဆယ်ခု ကမ္ဘာ့စွမ်းအားဖြင့် စုစည်းထားသော ဓားစွမ်းအင်က မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းမည်မှာ တွေးနေစရာပင် မလိုအပ်ပေ။

ထိုတိုက်ခိုက်မှုသည် ဟွမ်ယွဲ့ကို လေထုထဲကနေ မြေကြီးထဲသို့ တိုက်ရိုက် ကျွံဝင်သွားစေပြီး ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စု၏ အပြင်ဘက်ရှိ မြေပြင်ပေါ်တွင် ကြီးမားသော တွင်းနက်ကြီးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။

"ငါ မယုံဘူး.. ငါက ဘယ်လိုလုပ် ကောင်းကင်နတ်ဘုရားတစ်ပါးကို ရှုံးနိမ့်ရမှာလဲ"

ဟွမ်ယွဲ့က ကြုံးဝါးလိုက်ပြီး တွင်းနက်ထဲကနေ ထွက်လာခဲ့သည်။

ယင်းနောက်တွင် အနက်ရောင် အလင်း တစ်ခု အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ဆီသို့ ပြေးဝင်လာခဲ့သည်။

"သေစမ်း"

ကျန်းချန်က အေးစက်စက် အမူအရာဖြင့် လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်သည်။

မိုင်ထောင်ချီ နေရာလွတ်ကို ပြိုကျစေနိုင်သည့် ကြောက်မက်ဖွယ် လက်ဝါးရိုက်ချက်သည် ဟွမ်ယွဲ့၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ထိမှန်သွားခဲ့သည်။

"ဝုန်း"

ဖုန်မှုန့်များက မိုးထိအောင် ပျံ့လွင့်သွားပြီး မြေပြင် တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့သည်။

ဟွမ်ယွဲ့၏ ခန္ဓာကိုယ်က ကျန်းချန်၏ လက်ဝါးရိုက်ချက်ဖြင့် မြေကြီးထဲသို့ တစ်ဖန် ကျွံဝင်သွားခဲ့ပြီး ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အပြင်ဘက်ရှိ မူလက အဆုံးမဲ့ ပြန့်ပြူးနေသော မြေပြင်ထက်၌ မိုင်ရာပေါင်းများစွာ ကျယ်ဝန်းသော ဧရာမ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အခန်း(၂၀၀၈) ပြီး၏

All Chapters