← Chapters

အခန်း (၂၀၀၉-၂၀၁၀)

Vol. 141 Ch. 2009-2010

အခန်း (၂၀၀၉-၂၀၁၀)

Vol. 141 Ch. 2009-2010

အခန်း(၂၀၀၉)

"အစ်ကိုဟွမ်ယွဲ့... ရှုံးနိမ့်သွားတာလား"

ဟွမ်ချုံက သူ၏ ရှေ့မှ အခြေအနေကို ထိတ်လန့်တကြား ကြည့်နေခဲ့သည်။

သူက တစ္ဆေသရဲကို မြင်လိုက်ရသလို သူ၏ မျက်လုံးကိုပင် မယုံနိုင်လောက်အောင် ဖြစ်နေခဲ့၏။

အကို ဟွမ်ယွဲ့သည် သူတို့ ဝိညာဥ်နတ်ဆိုး ဘုရားကျောင်း၏ ပါရမီရှင် တစ်ဦး ဖြစ်ပြီး ထိပ်တန်း တပည့်တစ်ဦးလည်း ဖြစ်သည်။

ထိပ်တန်းတပည့်များထဲတွင် ဟွမ်ယွဲ့၏ ခွန်အားသည် ထိပ်ဆုံး ဆယ်ဦး စာရင်းထဲတွင် ရှိသည်။

ကြယ်တစ်ပွင့် မြေကြီးအရှင် နှောင်းပိုင်းအဆင့် ခွန်အားဖြင့် သာမန် ကောင်းကင်အရှင် အဆင့် ကျင့်ကြံသူပင် သူ့ကို အနိုင်ရရန် ခက်ခဲသည်။

သို့သော် သူ့ရှေ့မှ ကောင်းကင်နတ်ဘုရားအဆင့် ကောင်လေးသည် ဟွမ်ယွဲ့ကို အလွယ်တကူပင် အနိုင်ယူသွားခဲ့သည်။

"ဒါ.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဒီကောင်လေးက တကယ်ပဲ သူတော်စင် ကောင်းကင်နတ်ဘုရား ဖြစ်နေရင်တောင် ဒီလောက်ထိ ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းအားမျိုး ရှိဖို့ မဖြစ်နိုင်ဘူး"

"ငါ ထွက်ပြေးမှဖြစ်မယ်"

ဟွမ်ချုံက အလွန်အမင်း ထိတ်လန့်သွားပြီး အနက်ရောင် အလင်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ထိတ်လန့်တကြား ထွက်ပြေးလိုက်သည်။

ဤအချိန်တွင် ဟွမ်ချုံ၏ စိတ်နှလုံးထဲ၌ အတွေးတစ်ခုတည်းသာ ရှိသည်။

၎င်းမှာ ထွက်ပြေးရန် ဖြစ်ပြီး ပို၍ ဝေးဝေး ပြေးနိုင်လေ ပို၍ ကောင်းလေလေ ဖြစ်သည်။

ကြယ်တစ်ပွင့် မြေကြီးအရှင် နှောင်းပိုင်းအဆင့်ရှိ ဟွမ်ယွဲ့ပင်လျှင် ထိုကောင်လေးကို မယှဥ်နိုင်ခဲ့ရာ သူ့လို ကြယ်တစ်ပွင့် မြေကြီးအရှင် အစောပိုင်းအဆင့် ဆိုလျှင် လုံးဝ ခုခံနိုင်စွမ်း ရှိမည် မဟုတ်ပေ။

"ထွက်သွားချင်တယ်လား.. ဒီကို ရောက်လာမှတော့ မင်းအသက်ကို ငါ့အတွက် ချန်ထားခဲ့လိုက်တော့"

ကျန်းချန်က ထွက်ပြေးနေသော ဟွမ်ချုံကို အေးစက်စက် လှမ်းကြည့်လိုက်သည်။

ထို့နောက် သူက လက်ဟန် တစ်ခုကို ထုတ်ဖော်လိုက်ရာ လေထဲတွင် ဧရာမ လက်ဝါးတစ်ဖက် ထွက်ပေါ်လာခဲ့သည်။

ဧရာမလက်ဝါးက နေရာလွတ်ကို ထိုးဖောက်သွားခဲ့ပြီး လင်းယုန်တစ်ကောင်က ကြက်တစ်ကောင်ကို ဖမ်းသကဲ့သို့ ဟွမ်ချုံ၏ ခန္ဓာကိုယ်ကို လေထဲတွင် တိုက်ရိုက် ဖမ်းဆုပ်လိုက်သည်။

"မလုပ်ပါနဲ့"

ဟွမ်ချုံ၏ မျက်နှာတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် ထိတ်လန့်သော အမူအရာများ ရှိနေခဲ့၏။

ဟွမ်ချုံက ကျန်းချန်၏ လက်ဝါးဖြင့် ချုပ်နှောင်မှုမှ လွတ်မြောက်ရန် ခန္ဓာကိုယ်မှ ခွန်အား အလုံးအရင်းကို အလျင်အမြန် လှုံ့ဆော်ခဲ့သည်။

သို့သော်လည်း သူ မည်မျှပင် ရုန်းကန်နေပါစေ၊ အားလုံးက အချည်းနှီးပင်။

ယင်းအချိန်မှာပင် ကျန်းချန်၏ ဧရာမ လက်ဝါးကြီးသည် ပုရွက်ဆိတ်တစ်ကောင်ကို ညှစ်သတ်သကဲ့သို့ ဟွမ်ချုံ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ညှစ်ချေကာ အမှုန့်အဖြစ် ပြောင်းလဲစေခဲ့သည်။

"ကောင်လေး.. မင်းက ငါတို့ ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းက တပည့်တစ်ယောက်ကိုတောင် သတ်ပစ်ရဲတယ်.. ဒီနေ့ ငါ မင်းရဲ့ ခန္ဓာကိုယ်ကို အစိတ်စိတ် အမွှာမွှာ ခွဲပစ်မယ်"

ဤအချိန်တွင် မြေပြင်ရှိ ဧရာမ အက်ကွဲကြောင်းထဲမှ ကောင်းကင်ကိုပင် တုန်လှုပ်စေသော ကြုံးဝါးသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး အနက်ရောင် အလင်းဖြင့် ဖုံးလွှမ်းနေသော ပုံရိပ် တစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်လာခဲ့သည်။

ထိုပုံရိပ်မှာ တခြားသူ မဟုတ်ဘဲ ကျန်းချန်၏ လက်ဝါးရိုက်ချက်ဖြင့် မြေကြီးထဲသို့ ကျွံဝင်သွားသော ဟွမ်ယွဲ့ ဖြစ်သည်။

ဟွမ်ယွဲ့၏ မျက်နှာက အလွန်အမင်း ဖြူဖျော့နေခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး သွေးအလိမ်းလိမ်း ဖြစ်ကာ ပြိုလဲလုနီးပါး ဖြစ်နေသည်။

သို့သော်လည်း ဟွမ်ယွဲ့သည် ထိုအရာများကို လုံးဝ အမှုမထားပေ။

ဟွမ်ယွဲ့က သူ၏ အလွန် အေးစက်သော မျက်ဝန်းများဖြင့် ကျန်းချန်ကို စိုက်ကြည့်နေခဲ့၏။

သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အလွန်တရာ ထူးဆန်းသော အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။

ရုတ်တရက် ပြောင်းလဲသွားသော ဟွမ်ယွဲ့ကို ကြည့်ရင်း ကျန်းချန်၏ အမူအရာက လေးနက်သွားခဲ့သည်။

သူ၏ ရှေ့မှ ဟွမ်ယွဲ့နှင့် အစောပိုင်းက သူ အနိုင်ယူခဲ့သော ဟွမ်ယွဲ့တို့သည် တစ်ဦးတည်း ဟုတ်ပုံမရတော့ပေ။

သံသယဝင်စရာ မရှိလောက်အောင်ပင် ဟွမ်ယွဲ့၏ ခန္ဓာကိုယ်၌ ဝိညာဥ်နတ်ဆိုးဘုရားကျောင်းမှ အစွမ်းထက် ကျင့်ကြံသူ တစ်ဦး၏ စိတ်ဝိညာဉ် အမှတ်အသား ရှိနေခဲ့ပြီး ယခုအခါတွင် ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းမှ အစွမ်းထက် ကျင့်ကြံသူသည် ထိုအမှတ်အသားမှ တဆင့် ဟွမ်ယွဲ့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နေခြင်း ဖြစ်သည်။

"ဒီ ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းက ကျင့်ကြံသူရဲ့ အရှိန်အဝါက ငါ့ကို ဘာလို့ ရင်းနှီးတဲ့ ခံစားချက်မျိုး ခံစားစေရတာလဲ"

ဟွမ်ယွဲ့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိသောအခါ ကျန်းချန်၏ မျက်ဝန်းများတွင် သံသယ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက နတ်ကုန်းမြေတိုက်မှ ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းနှင့် တစ်ခါမှ ပတ်သက်ဖူးခြင်း မရှိသော်လည်း ဝိညာဥ်နတ်ဆိုးဘုရားကျောင်းသည် သူ့ကို သတ်ဖြတ်ရန် အတွက် ကြယ်တစ်ပွင့် မြေကြီးအရှင်နှစ်ပါးကိုပင် ကျန်းဝူ ကောင်းကင် နယ်မြေသို့ စေလွှတ်ခဲ့သည်။

ယင်းက ကျန်းချန်ကို အနည်းငယ် စိတ်ရှုပ်ထွေးစေခဲ့၏။

ယခု ဝိညာဥ်နတ်ဆိုး ဘုရားကျောင်း၏ ကျင့်ကြံသူကို မြင်လိုက်ရသောအခါ ကျန်းချန်သည် ဝိညာဥ်နတ်ဆိုးဘုရားကျောင်းမှ လူများနှင့် သူ့ကြားတွင် တကယ်ပဲ ပဋိပက္ခ အချို့ ရှိခဲ့မှန်း သဘောပေါက်လာခဲ့သည်။

ထိုခဏတွင် ကျန်းချန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး စိတ်ထဲတွင် ရုတ်တရက် လင်းလက်သွားခဲ့၏။

ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းမှ ကျင့်ကြံသူ၏ အရှိန်အဝါက သူ မဟာမြေရိုင်းနယ်မြေတွင် သတ်ဖြတ်ခဲ့သည့် ပါရမီရှင် တစ်ဦးနှင့် တူညီနေကြောင်း တွေ့ရှိခဲ့သည်။

"ဒီလူရဲ့ အရှိန်အဝါက ယိုစစ်မင်ရဲ့ အရှိန်အဝါနဲ့ အတော်လေး ဆင်တူနေတာပဲ"

ကျန်းချန် မှင်တက်သွားခဲ့သည်။

သူ၏ ရှေ့မှ ဝိညာဥ်နတ်ဆိုး ဘုရားကျောင်း၏ ကျင့်ကြံသူသည် မဟာမြေရိုင်းနယ်မြေရှိ တစ္ဆေဂိုဏ်းမှ ယိုစစ်မင်နှင့် တစ်စုံတစ်ရာ ဆက်စပ်နေပါသလော။

ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းသည် နတ်ကုန်းမြေတိုက်ပေါ်ရှိ နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သည်။

ယိုစီမင်ကမူ မဟာမြေရိုင်းနယ်မြေ၏ နယ်မြေနတ်ဘုရား အလယ်အလတ်အဆင့် အင်အားစုမှ ပါရမီရှင် တပည့်တစ်ဦးမျှသာ ဖြစ်သည်။

၎င်းက နတ်ကုန်းမြေတိုက်၏ ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းနှင့် မည်ကဲ့သို့ ဆက်စပ်နိုင်ပါမည်နည်း။

ယိုစစ်မင်သာ သူ့ရှေ့ရှိ ဝိညာဥ်နတ်ဆိုးဘုရားကျောင်းမှ ကျင့်ကြံသူ၏ ဆွေမျိုးသားချင်း အမှန်တကယ် ဖြစ်နေခဲ့လျှင် မဟာမြေရိုင်းနယ်မြေ ကဲ့သို့ ဝေးလံခေါင်သီသော နေရာတွင် အဘယ်ကြောင့် ရှိနေရပါသနည်း။

"ခင်ဗျားက ဝိညာဥ်နတ်ဆိုးဘုရားကျောင်းက နတ်ဘုရင်အဆင့် ကျင့်ကြံသူပဲ ဖြစ်ရမယ်.. ဟွမ်ယွဲ့ရဲ့ ခန္ဓာကိုယ်မှာ နတ်ဘုရင်အဆင့် ကျင့်ကြံသူရဲ့ စိတ်ဝိညာဉ် အမှတ်အသား ရှိနေလိမ့်မယ်လို့ ကျုပ် မထင်ထားခဲ့ဘူး"

ကျန်းချန်က သူ့ရှေ့ရှိ ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းမှ ကျင့်ကြံသူကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကျုပ် အရင်က ယိုစစ်မင်လို့ ခေါ်တဲ့ ပါရမီရှင် တစ်ဦးကို သတ်ခဲ့ဖူးတယ်.. သူ့ရဲ့ အရှိန်အဝါက ခင်ဗျားနဲ့ အရမ်း ဆင်တူတဲ့အတွက် ခင်ဗျားနဲ့ ဆက်စပ်မှု ရှိမယ်ထင်တယ်.. ကျုပ် ပြောတာ မှန်ရဲ့လား"

မဟာမြေရိုင်း နယ်မြေမှ ယိုစစ်မင်သည် နတ်ကုန်းမြေတိုက်မှ ဝိညာဥ်နတ်ဆိုးဘုရားကျောင်း၏ နတ်ဘုရင်နှင့် တစ်ခုခု ဆက်စပ်နေသည်မှာ အမှန်တကယ် ထူးဆန်းနေခဲ့သည်။

သို့သော် ထိုသို့ မပတ်သက်လျှင် ဝိညာဥ်နတ်ဆိုးဘုရားကျောင်းမှ နတ်ဘုရင်သည် သူ့ကို ရှင်းပစ်ရန် ကြယ်တစ်ပွင့် မြေကြီးအရှင်နှစ်ပါးကို အဘယ်ကဲ့သို့ စေလွှတ်နိုင်ပါမည်နည်း။

"နတ်ဘုရင်လား.."

ကျန်းချန်၏ စကားကိုကြားလျှင် အရှင်ဖုန်းချီနှင့် အခြားသူများ၏ အမူအရာများသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ဟွမ်ယွဲ့ကို ကြည့်သော သူတို့၏ အကြည့်များတွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ရှိနေခဲ့၏။

နတ်ဘုရင်အဆင့်သည် နတ်ကုန်းမြေတိုက်၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သော အဆင့် ဖြစ်သည်။

သူတို့ ကျန်းဝူကောင်းကင် နယ်မြေတစ်ခုလုံးမှာပင် ကျန်းဝူနတ်ဂိုဏ်းတွင်သာ နတ်ဘုရင်အဆင့် ကျင့်ကြံသူ ရှိသည်။

ဟွမ်ယွဲ့၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နေသူက နတ်ဘုရင်မှန်း သိလျှင် အရှင်ဖုန်းချီနှင့် အခြားသူများကို အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။

"ကောင်လေး.. မင်းက ဒီနတ်ဘုရင်ရဲ့ ကိစ္စကို ဖျက်ဆီးပစ်ခဲ့တယ်"

ကျန်းချန်၏ စကားကို ကြားလျှင် ဝိညာဥ်နတ်ဆိုးဘုရားကျောင်းမှ ကျင့်ကြံသူ ထံကနေ ရုတ်တရက် သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့၏။

ဝိညာဥ်နတ်ဆိုးဘုရားကျောင်းမှ ကျင့်ကြံသူသည် ဝိညာဥ်နတ်ဆိုး ဘုရားကျောင်း၏ အကြီးအကဲချုပ် လီဆွန်း နတ်ဘုရင် ဖြစ်သည်။

သူက နတ်ဘုရင် အဆင့်တွင် သူ၏ အကန့်အသတ်သို့ ရောက်ရှိခဲ့ပြီး ဆက်လက် တိုးတက်ရန် အတွက် အလွန် ခက်ခဲသော အခြေအနေသို့ ရောက်ရှိခဲ့၏။

ထို့ကြောင့် လီဆွန်း နတ်ဘုရင်က ဝိညာဥ်နတ်ဆိုးဘုရားကျောင်း၏ လျှို့ဝှက်နည်းစနစ် တစ်ခုကို လေ့ကျင့်ခဲ့ပြီး သူ၏ နတ်ဝိညာဉ် အစိတ်အပိုင်း တစ်ခုကို ပြန်လည် ဝင်စားရန် ခွဲထုတ်ခဲ့သည်။

ပြန်လည်ဝင်စားလာသော သူ၏ ကိုယ်ပွား ကြီးပြင်းလာသည်နှင့် သူက ထိုကိုယ်ပွားကို သူ၏ မူလခန္ဓာကိုယ်နှင့် ပြန်လည် ပေါင်းစည်းကာ မူလခန္ဓာကိုယ်ကို ပို၍ သန်မာလာစေမည် ဖြစ်သည်။

ဆိုရလျှင် မဟာမြေရိုင်းနယ်မြေမှ ယိုစစ်မင်သည် လီဆွန်းနတ်ဘုရင်၏ ပြန်လည်ဝင်စားလာသော ကိုယ်ပွား ဖြစ်၏။

လီဆွန်း နတ်ဘုရင်သည် ပြန်လည်ဝင်စားပြီးနောက် သူ၏ ကိုယ်ပွားက မည်သည့်နေရာ၌ ပေါ်ထွက်လာမည်ကို မသိခဲ့ပေ။

ကိုယ်ပွား ကျဆုံးမှသာ သူ၏ မူလခန္ဓာကိုယ် နှင့် အပြန်အလှန် ဆက်သွယ်နိုင်မည် ဖြစ်သည်။

ဤအကြောင်းကြောင့်ပင် လီဆွန်း နတ်ဘုရင်သည် ကိုယ်ပွားထံတွင် မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့မှန်း ခံစားမိပြီး အလွန်အမင်း ဒေါသအိုး ပေါက်ကွဲခဲ့ခြင်း ဆိုလည်းမမှားပေ။

"ခင်ဗျား ယိုစစ်မင်နဲ့ ဘယ်လို ဆက်ဆံရေးမျိုး ရှိတယ်ဆိုတာ ကျုပ် ဂရုမစိုက်ဘူး.. ယိုစစ်မင် ကျဆုံးသွားတာက သူ့အပြစ်နဲ့သူပဲ"

ကျန်းချန်က စိတ်တည်ငြိမ်စွာ ပြောလိုက်သည်။

"ခင်ဗျား အခြေအနေ နားလည်ရင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခ မပေးတာ အကောင်းဆုံးပဲ...ခင်ဗျားရဲ့ စိတ်ဝိညာဉ် အမှတ်အသားကို အားကိုးပြီး ဟွမ်ယွဲ့ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ရုံနဲ့တော့ ကျုပ်ကို ကိုင်တွယ်ဖို့ အရည်အချင်း မပြည့်မီသေးဘူး"

"ကောင်လေး.. မင်းက ကောင်းကင်နတ်ဘုရား အဆင့်နဲ့ ဟွမ်ယွဲ့ကို အနိုင်ယူနိုင်တာ ငါ လက်ခံပေမယ့် မင်းက နတ်ဘုရင်အဆင့်ရဲ့ ခွန်အားကို အတော်လေး လျှော့တွက်နေတာပဲ"

"ငါက ဟွမ်ယွဲ့ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားရင်တောင် မင်းကို ဖိနှိပ်ဖို့က လုံလောက်တာထက် ပိုနေသေးတယ်"

စကားဆုံးသည်နှင့် လီဆွန်း နတ်ဘုရင်ထံမှ ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါသည် ပတ်ဝန်းကျင်ကိုတိုက်ရိုက် လွှမ်းခြုံသွားခဲ့သည်။

အခန်း(၂၀၀၉) ပြီး၏

အခန်း(၂၀၁၀)

ကျန်းချန်က အဓိပ္ပာယ်မဲ့သော စကားများ ပြောဆိုရန် ပျင်းရိနေသည်။

သူက ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို လှုံ့ဆော်ကာ ပထမ သိုင်းစွမ်းအားပုံရိပ်ကို တိုက်ရိုက် စုစည်းလိုက်သည်။

ကျန်းချန် စုစည်းလိုက်သော နတ်နဂါးမြို့တော် ပန်းချီစာလိပ်ကို မြင်လိုက်ရလျှင် လီဆွန်း နတ်ဘုရင်၏ မျက်နှာ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်.. မင်း... မင်းက တကယ်ပဲ ရှေးဟောင်းသူတော်စင်နဂါး မျိုးနွယ်စုကလား"

"လီဆွန်း နတ်ဘုရင်.. ဒီနေ့ ကျုပ် ခင်ဗျားကို သင်ခန်းစာလောက်ပဲ ပေးလိုက်မယ်.. နောက်တစ်ကြိမ် ဆိုရင်တော့ ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စုကို ခေါ်လာပြီး ခင်ဗျားရဲ့ ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းကို မြေဖို့ပစ်မယ်"

"ဝုန်း"

စကားဆုံးသည်နှင့် လေထုထဲမှ စာလိပ်သည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအားဖြင့် လီဆွန်းနတ်ဘုရင်ထံ ဦးတည်လာခဲ့သည်။

"စိတ်ဝိညာဉ် စားသုံး ကောင်းကင်နတ်ဆိုး စည်းတံဆိပ်"

သူ့ဆီသို့ ဦးတည်လာသော စာလိပ်ကို ကြည့်ရင်း လီဆွန်း နတ်ဘုရင်က သူ၏ လက်များကို လှုပ်ရှားလိုက်သည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော စိတ်ဝိညာဉ် စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ကနေ တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့ပြီး မိုင်ထောင်ချီ လေထုကို အနက်ရောင် စိတ်ဝိညာဉ် ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

မကြာမီမှာပင် အနက်ရောင် စိတ်ဝိညာဉ် ပင်လယ်ထဲမှ ဧရာမ အနက်ရောင် စိတ်ဝိညာဉ် စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာပြီး စာလိပ်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

"ဝုန်း"

ကြောက်မက်ဖွယ် စွမ်းအားနှစ်ခုသည် ထိပ်တိုက် ဆုံမိသွားပြီး လေထုထဲတွင် ရုတ်တရက် ပေါက်ကွဲသွားခဲ့ကာ ကြောက်မက်ဖွယ်ရာ ကောင်းသော အဖျက်စွမ်းအင် လှိုင်းလုံးကြီးများသည် အရပ်မျက်နှာ အနှံ့ ပျံ့နှံ့သွားခဲ့သည်။

ထိုခဏတွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု တစ်ခုလုံး၏ အထက် ကောင်းကင်ယံသည် ထိုကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင် လှိုင်းလုံးများကြောင့် ဘာမှမကျန်ရှိတော့သည့် အခြေအနေထိ ဖျက်ဆီးခံလိုက်ရသည်။

ယင်းအပြင် ကျန်းချန်၏ ရိုက်နှက်ခြင်းကြောင့် ပြိုလဲလုနီးပါး ဖြစ်နေသော ဟွမ်ယွဲ့၏ ခန္ဓာကိုယ်သည် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်၏ သက်ရောက်မှုကို မခံနိုင်တော့ဘဲ လေထုထဲမှာပင် "ဝုန်း" ဟူသောအသံနှင့်အတူ တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။

"အား... ကောင်လေး.. မင်း ငါ့ကို စောင့်နေလိုက်.. မင်းက ရှေးဟောင်း သူတော်စင် နဂါး မျိုးနွယ်စုက ဖြစ်နေရင်တောင် ငါ မင်းကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး"

ဟွမ်ယွဲ့၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်နှင့် အတူ လီဆွန်း နတ်ဘုရင်၏ ကြုံးဝါးသံက နောက်ဆုံးအနေဖြင့် ထွက်ပေါ်လာခဲ့၏။

မျက်စိတစ်မှိတ်အတွင်း အစောပိုင်းက ရှုပ်ထွေးနေသော ကောင်းကင်ယံသည် ပြန်လည် ကြည်လင်သွားခဲ့သည်။

လီဆွန်း နတ်ဘုရင်၏ ကြုံးဝါးသံကို ကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

သူက ယခုအခါတွင် လမ်းစဥ် ဆယ်ခု၏ စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်ပြီး ကျင့်ကြံခြင်း အဆင့်တွင်လည်း သူတော်စင် ကောင်းကင်နတ်ဘုရား အထက်ကို ရောက်ရှိနေပြီ ဖြစ်၏။

ဆိုရလျှင် လီဆွန်း နတ်ဘုရင်၏ ဟွမ်ယွဲ့ ခန္ဓာကိုယ်ကို အသုံးပြု၍ တိုက်ခိုက်မှုသည် နတ်ဘုရင် အဆင့်၏ မဟာလမ်းစဥ် စွမ်းအားလောက် အစွမ်းမထက်၍ ကျန်းချန် အတွက် လေညှင်းခံရုံမျှသာ ဖြစ်သည်။

သူ ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို အသုံးပြုရသည့် အကြောင်းရင်းမှာ ရှေးဟောင်း သူတော်စင် နဂါး မျိုးနွယ်စုမှ အဖွဲ့ဝင်တစ်ဦး အဖြစ် လီဆွန်း နတ်ဘုရင်အထင်မှားစေရန် ဖြစ်သည်။

မဟာနဂါး နန်းတော်၏ အမွေအနှစ်ကြောင့် သူနှင့် ရှေးဟောင်းသူတော်စင် နဂါးမျိုးနွယ်စုတို့ ကြားတွင် ဘယ်တော့မှ မပြီးဆုံးနိုင်သည့် ကံကြမ္မာ ရှိနေခဲ့သည်။

ထိုအတွက်ကြောင့် သူက ရှေးဟောင်း သူတော်စင်နဂါး မျိုးနွယ်စု အတွက် ဒုက္ခအချို့ကို ဖန်တီးပေးရန် ဝိညာဥ်နတ်ဆိုး ဘုရားကျောင်းအား အသုံးပြုလိုခဲ့ခြင်းပင်။

ဤဝိညာဥ်နတ်ဆိုး ဘုရားကျောင်းသည် နတ်ကုန်းမြေတိုက်၏ နတ်ဘုရင် အဆင့် အင်အားစု ဖြစ်သောကြောင့် အလွန် အစွမ်းထက်မည်မှာ သေချာသည်။

ဝိညာဥ်နတ်ဆိုး ဘုရားကျောင်း၏ လက်ကို အသုံးပြု၍ ရှေးဟောင်း သူတော်စင် နဂါးမျိုးနွယ်စုများကို တိုက်ခိုက်စေပြီး နှစ်ဖက်စလုံးကို ထိခိုက်စေခဲ့လျှင် သူ့အတွက် အလွန် ကောင်းမွန်သော ရလဒ်ပင် မဟုတ်ပါလား။

"ညီနောင် ကျန်းချန်ရဲ့ ခွန်အားက တကယ်ကို ကြောက်စရာပဲ"

ကျန်းချန်က လီဆွန်း နတ်ဘုရင် ထိန်းချုပ်ထားသော ဟွမ်ယွဲ့အား သတ်ဖြတ်လိုက်သည်ကို မြင်လျှင် အရှင်ဖုန်းချီသည် စိတ်ထဲကနေ ရေရွတ်လိုက်သည်။

နတ်ဘုရင်အဆင့် ဆိုသည်မှာ နယ်မြေနတ်ဘုရား အဆင့်ကို လုံးဝ ကျော်လွန်နေသော အဆင့် တစ်ခု ဖြစ်သည်။

ကောင်းကင်အရှင် အထွတ်အထိပ် အဆင့် ဖြစ်လျှင်ပင် နတ်ဘုရင်၏ ခွန်အား ရှေ့တွင် ပုရွက်ဆိတ်နှင့် အတူတူနီးပါးသာ ဖြစ်၏။

ကျန်းချန် ရင်ဆိုင်ခဲ့ရသော အရာသည် နတ်ဘုရင် အဆင့်၏ စွမ်းအား တစ်စိတ်တစ်ပိုင်းနှင့် ညီမျှပြီး နတ်ဘုရင် အဆင့်အောက်တွင် လူအနည်းငယ်သာ ရင်ဆိုင်နိုင်မည် ဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် ကောင်းကင်နတ်ဘုရား အဆင့် ဖြင့်ပင် အလွယ်တကူ ရင်ဆိုင်နိုင်ခဲ့၏။

ဤကဲ့သို့သော တိုက်ခိုက်ရေး စွမ်းအားသည် အမှန်တကယ်ပင် ကောင်းကင်ကို ဆန့်ကျင်နေခဲ့သည်။

"ညီနောင်ကျန်းချန်.. ကျေးဇူးအများကြီး တင်ပါတယ်.. ဒီနေ့ ညီနောင်ကျန်းချန်သာ အချိန်မီ ပြန်မလာခဲ့ရင် ငါတို့ ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက ပျက်စီးသွားလောက်ပြီ"

အရှင်ဖုန်းချီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျေးဇူးတင်သော အမူအရာဖြင့် ကျန်းချန်ကို အလျင်အမြန် ပြောလိုက်သည်။

"အကိုဖုန်း.. အားနာနေဖို့ မလိုပါဘူး.. ဒီကိစ္စက ကျွန်တော့်ကြောင့် ဖြစ်ခဲ့တာပါ.. ကျွန်တော်သာ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုဆီ မရောက်ခဲ့ရင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုက ဒီဘေးအန္တရာယ်ကို ခံစားခဲ့ရမှာ မဟုတ်ဘူး"

ထိုစကားကို ပြောပြီးနောက် ကျန်းချန်က သူ၏ လက်ဖဝါးကို လှုပ်ရှားကာ မဟာနဂါးနန်းတော်ကို လှုံ့ဆော်၍ ဖုန်းယန်နှင့် လိပ်အိုကြီး တို့ကို အပြင်သို့ ထုတ်ပေးလိုက်သည်။

"ဖုန်းယန်"

သူ၏ ရှေ့မှ ဖုန်းယန်ကို မြင်လျှင် အရှင်ဖုန်းချီ၏ မျက်ဝန်းထဲတွင် ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

သူက ကျန်းချန် တစ်ယောက်တည်း ပြန်ရောက်လာသည်ကို မြင်လိုက်ရပြီးနောက်တွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေ၌ ဖုန်းယန် ကျဆုံးသွားပြီဟု ထင်ခဲ့သည်။

ကျန်းချန်က ဖုန်းယန်ကို ဘေးကင်းစွာ ပြန်ခေါ်လာမည်ဟု သူ မထင်ခဲ့ပေ။

"ခေါင်းဆောင်.. ဒီတစ်ခေါက် အကိုကျန်းချန်ရဲ့ အကူအညီကြောင့် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုရဲ့ အဓိက အမွေအနှစ်ကို ကျွန်တော် ပြန်လည် ရယူနိုင်ခဲ့ပါပြီ"

ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသို့ ပြန်ရောက်လာသည်ကို မြင်လိုက်ရလျှင် ဖုန်းယန်သည် စိတ်လှုပ်ရှားစွာဖြင့် အရှင်ဖုန်းချီကို အစီရင်ခံလိုက်သည်။

ဤတစ်ခေါက် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေသို့ သွားရောက်ရာတွင် သူက ရွှေတောင်ပံနတ်လင်းယုန်မျိုးနွယ်စု၏ အဓိက အမွေအနှစ်ကို ပြန်လည် ရရှိခဲ့ရုံသာမက ဘိုးဘွားမြေတွင် အခွင့်အလမ်း တစ်ခုလည်း ရရှိခဲ့ပြီး အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ယခုအခါ သူသည် ကျန်းဝူနယ်မြေ၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်လာခဲ့ချေပြီ။

ရှင်းလင်းစွာဆိုရလျှင် ကျန်းဝူ ကောင်းကင် နယ်မြေ တစ်ခုလုံးတွင် ကျန်းဝူနတ်ဂိုဏ်း၏ အထွတ်အထိပ် ပါရမီရှင်မှ လွဲ၍ လူငယ် မျိုးဆက်တွင် သူ့နှင့် ယှဉ်ပြိုင်နိုင်သူ မရှိသလောက်ပင်။

"သိပ်ကောင်းတယ်"

ဖုန်းယန်၏ ရှင်းပြမှုကို ကြားလျှင် အရှင်ဖုန်းချီ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

နတ်ကုန်းမြေတိုက်တွင် ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့၏ ဘိုးဘေးများသည် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုဝင် တချို့ကို ခေါ်ဆောင်ကာ ကျန်းဝူ ကောင်းကင် နယ်မြေသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

ဤနှစ်များ တစ်လျှောက်လုံးတွင် ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်သို့ ပြန်လည် သွားရောက်ရန် အမြဲတစေ ဆန္ဒရှိခဲ့သည်။

သို့သော်လည်း သူတို့က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ အဓိက အမွေအနှစ်ကို ဆုံးရှုံးခဲ့ရ၍ ကျန်းဝူနယ်မြေတွင် ရှင်သန်ရုံသာ တတ်နိုင်ခဲ့၏။

ယခု ဖုန်းယန်က ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စု၏ ဘိုးဘွားမြေကနေ အဓိက အမွေအနှစ်ကို ပြန်လည် ရယူနိုင်ခဲ့ပြီ ဖြစ်ရာ သူတို့၏ ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ဆီ ပြန်လည် သွားရောက်ရန် မျှော်လင့်ချက် ရှိလာခဲ့ပြီ မဟုတ်ပါလား။

"ညီနောင်ကျန်းချန်.. မင်းရဲ့ကျေးဇူးကို ဘယ်လိုဆပ်ရမှန်းတောင် ငါမသိတော့ဘူး.. နောင်တစ်ချိန်မှာ မင်းအလိုရှိရင် ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုကို ကြိုက်တဲ့ အမိန့်သာပေးပါ.. ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုက မီးပင်လယ်ကို ဖြတ်သန်းရမယ် ဆိုရင်တောင် တုံ့ဆိုင်းနေမှာ မဟုတ်ဘူး"

အရှင်ဖုန်းချီက ကျန်းချန်ကို လက်သီးဆုပ်၍ ဂါရဝပြုကာ အလေးအနက် ပြောလိုက်သည်။

"အကိုဖုန်းက အားနာနေပြန်ပါပြီ.. ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုရဲ့ ဘိုးဘွားမြေကို ယုံယုံကြည်ကြည် ဝင်ခွင့်ပေးခဲ့တဲ့ အတွက် ကျွန်တော်ကလည်း အကိုဖုန်းကို ကျေးဇူးတင်ပါတယ်"

ထိုစကားကို ပြောပြီးနောက် ကျန်းချန်က ချက်ချင်းပင် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး ကောင်းကင်သိမ်းဌက် ပျံသန်းယာဥ်ကို ထုတ်ယူကာ အရှင်ဖုန်းချီထံ ပြန်ပေးလိုက်သည်။

"ကိစ္စတွေ ပြီးသွားပြီ ဆိုတော့ ကျွန်တော် ထွက်သွားဖို့ အချိန်တန်ပြီ"

အရှင်ဖုန်းချီက အံ့အားသင့်သွားသည်။

"ညီနောင် ကျန်းချန်က သွားတော့မလို့လား"

"ဟုတ်တယ်.. အကိုဖုန်းသာ ကျွန်တော့်ကို ရွှေတောင်ပံနတ်လင်းယုန် မျိုးနွယ်စုဆီ မဖိတ်ခေါ်ခဲ့ရင် အခုလောက်ဆို ကျွန်တော် နတ်ကုန်းမြေတိုက်ဆီ ရောက်နေလောက်ပြီ"

ကျန်းချန်က အရှင်ဖုန်းချီကို လက်သီးဆုပ်၍ ဂါရဝပြုကာ ပြောလိုက်သည်။

"ရွှေတောင်ပံ နတ်လင်းယုန် မျိုးနွယ်စုက နောင်တစ်ချိန်မှာ နတ်ကုန်းမြေတိုက်ဆီ ပြန်လာနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်.. အဲဒီအချိန်ကျရင် နတ်ကုန်းမြေတိုက်မှာ ကျွန်တော်တို့ ပြန်တွေ့ကြတာပေါ့"

"ညီနောင် ကျန်းချန် ဆုံးဖြတ်ပြီးပြီ ဆိုတော့ ငါမတားတော့ပါဘူး"

အရှင်ဖုန်းချီက သက်ပြင်းချ၍ ရေရွတ်လိုက်ပြီး ချက်ချင်းပင် သူ၏ လက်ဖဝါးကို လှုပ်ရှားကာ ရိုးရှင်းသော ကျောက်စိမ်းသေတ္တာ တစ်ခုကို ထုတ်ယူ၍ ကျန်းချန်ကို ပေးလိုက်သည်။

"ညီနောင် ကျန်းချန်.. ဒီကျောက်စိမ်းသေတ္တာကို သိမ်းထားလိုက်ပါ.. နတ်ကုန်းမြေတိုက်မှာ သေရေးရှင်ရေး အန္တရာယ်နဲ့ ကြုံလာခဲ့ရင် ဖွင့်နိုင်ပါတယ်.. ဒါက ညီနောင်ကျန်းချန်ကို အထောက်အကူ ပေးပါလိမ့်မယ်"

"ကျေးဇူးတင်ပါတယ် အကိုဖုန်း"

ကျန်းချန်က ကျောက်စိမ်းသေတ္တာကို လက်ခံရယူပြီးနောက် အရှင်ဖုန်းချီကို နှုတ်ဆက်ကာ လိပ်အိုကြီးနှင့် အတူ ထွက်ခွာသွားခဲ့သည်။

အခန်း(၂၀၁၀) ပြီး၏

All Chapters