နဂါးမျိုးနွယ်ယောက်ဖ
Vol. 19 Ch. 259
အခန်း (၂၅၉) နဂါးမျိုးနွယ်ယောက်ဖ
သွေးမှုံများလေထဲတွင် လွင့်ပျံသွားပြီး ကျိုးပဲ့နေသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများက ကောင်းကင်ထက်မှ ဝဲပျံကျလာသည်။
အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မရှိ။
အလောင်းများက မြေပြင်ထက်တွင် ပုံလျှက်ရှိသည်။
ဤသည်က ပခုံးကိုအပုတ်ခံလိုက်ရသဖြင့် နောက်လှည့်ကြည့်လိုက်သည့် အစစ်အမှန်အင်မော်တယ် တွေ့မြင်လိုက်ရသည့် မြင်ကွင်းပင်။
အားလုံး တစ်ယောက်မကျန် သေဆုံးသွားကြပေပြီ။ သို့သော် သူတစ်ယောက် ကျန်နေသေး၏။
သူ့ပခုံးကို ပုတ်လိုက်သူအား ကြည့်ရင်း နှုတ်ခမ်းများလှုပ်ရွလာသော်လည်း စကားတစ်ခွန်းမှ ပြောထွက်မလာခဲ့ပေ။ ကြီးစွာသောဘေးအန္တရယ်ကပ်ဆိုးကြီး သူ့ထံကျရောက်တော့မည်ဖြစ်လေရာ စကားမပြောနိုင်စွမ်းပင် မရှိတော့ပြီ။
"ကျုပ်… ကျုပ်…"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
"ကျုပ် နားလည်ပါတယ်"
"ဘုန်း…"
သွေးမှုန်များ လွင့်ပျံသွားသည်။
ထိုအစစ်အမှန်အင်မော်တယ်ကို မည်သည့်နာကျင်မှုမှ မပေးဘဲ သူ သတ်ဖြတ်ပစ်လိုက်၏။
ထိုသူခမျာ ကျန်းလန်ပြောသည့် "နားလည်ပါတယ်" ဆိုသည့် စကားကိုပင် နားမလည်သွားနိုင်ခဲ့ရှာပေ။
လေပြေလေးက ဖြတ်သန်းတိုက်ခတ်သွားသည်။
ကျန်းလန်က လုန်မန်အနားသို့ လျှောက်သွားလိုက်ပြီး မြေပြင်ထက်စိုက်ဝင်နေသည့် ပုဆိန်သွားလှံရှည်ကို ဆွဲနှုတ်လိုက်သည်။
ထို့နောက် လှံရှည်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့်…
"ကျီ"
လှံရှည်မှ မိုးကြိုးလျှပ်စီးများထွက်ပေါ်လာပြီး လောကတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
"ဝှစ်"
"ဘုန်း"
အဆုံးမရှိသည့် လျှပ်စီးအလင်းရောင်များက တစ်ခဏအတွင်းမှာပင် မြေပြင်ထက်မှ အလောင်းများအားလုံးကို ဖုံးလွှမ်းသွားသည်။
ထို့နောက် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး အရာအားလုံးက ပြာမှုန့်အဖြစ် ပြောင်းလဲသွားတော့၏။
ကျန်းလန်က လှံတံကို ဆုပ်ကိုင်ထားရင်းဖြင့်ပင် ကြောက်ရွံ့တုန်လှုပ်နေသည့် လုန်မန်ကို လှမ်းကြည့်လိုက်သည်။
"ဝုန်း"
လုန်မန်က သူ့ရှေ့တွင် ဒူးထောက်ချလိုက်ပြီး…
"ဆရာကြီး… ကျွန်တော့်ယောက်ဖနဲ့ ကျွန်တော့်အစ်မက ကျွန်တော့်ကို တကယ်ချစ်ခင်တာပဲ"
ကျန်းလန် တိတ်ဆိတ်ငြိမ်သက်နေရင်းမှ အဋ္ဌမမင်းသား ကျောပိုးထားသည့် လုန်ရဲ့ကို တစ်ချက်အကဲခတ်လိုက်သည်။
လုန်ရဲ့၏ဒဏ်ရာကအလွန်ပြင်းထန်ပြီး သေလုမျောပါးအခြေအနေပင်။
"နောက်ဆုံးတစ်ကြိမ် ကျုပ်တို့ သေရည်အတူတူသောက်ကြတုန်းက ဦးလေးလုန်ရဲ့ သေရည်မူးပြီးပြောတာ ယောက်ဖက သူ့ရဲ့ ညီအစ်ကိုတဲ့"
လုန်မန်က ရုတ်တရက် ပြောလိုက်သည်။
ကျန်းလန် : "…………"
သူ မည်သည့်စကားတစ်ခွန်းမှမဆိုတော့ဘဲ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ ထို့နောက် အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေတော့၏။
ဒီလောက်ဆိုလျှင် လုံလောက်ပြီဖြစ်ပြီး သူ အစအဆုံး လိုက်ကူညီပေးနေစရာတော့ မလိုအပ်ပေ။ နောက်ပိုင်း ဘာဆက်ဖြစ်မည် ဆိုသည်က ကံတရားအပေါ်တွင်သာ မူတည်သည်။
ထူးခြားချက်တစ်ခုမှာ လုန်မန်တွင် သူနှင့် ခပ်ဆင်ဆင်တူသည့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သော ရောင်ဝါတစ်ခု ရှိနေခြင်းပင်။ သို့သော် ထိုရောင်ဝါက အနည်းငယ် အားနည်းနေ၏။
ကျန်းလန်ရရှိထားသည့်ရောင်ဝါက ကြိုးမျှင်လေးတစ်ခုပမာဟုဆိုရလျှင် လုန်မန်ရရှိထားသည်ကတော့ ပါးလွှာသည့်မီးခိုးငွေ့လေးတစ်ခုမျှသာ ဖြစ်သည်။
ထိုရောင်ဝါ (၂)ခုက အခြေခံအားဖြင့်တော့ တူညီခြင်း မရှိပေ။
ကျန်းလန် ထွက်ခွာသွားသည့်တိုင် လုန်မန်က မြေပြင်ထက်ဒူးထောက်ထားရင်း ဦးညွှတ်ဂါရဝပြုလိုက်သည်။
ထို့နောက် မတ်တတ်ရပ်လိုက်ပြီး လုန်ရဲ့ကို ကျောပိုးခေါ်ဆောင်ကာ ခွန်လွန်တောင်ရှိရာသို့ အလျှင်အမြန် ထွက်ခွာလာခဲ့တော့သည်။
ယခုတစ်ကြိမ် ခွန်လွန်တောင်သို့ရောက်လျှင် အစ်မဖြစ်သူ ကျောက်စိမ်းရေကန်နတ်ဘုရားမကိုလည်း သွားရောက် ဂါရဝပြုရမည် ဖြစ်သည်။
အစ်မဖြစ်သူက ခွန်လွန်တောင် ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်နေရခြင်းက သူ့ဘဝတွင် ကံအကောင်းဆုံးအချက် ဖြစ်သည်။
မည်သည့် မွေးရာပါအင်မော်တယ်မှ သူ့လိုမျိုး ကျောက်စိမ်းရေကန်နတ်ဘုရားမကို အစ်မတော်နိုင်သည့် အခွင့်အရေးမျိုး ရရှိနိုင်မည် မဟုတ်ပေ။
ပြီးတော့ ယောက်ဖနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန်လည်း သူ ကြိုးစားရမည် ဖြစ်၏။
***
ကျန်းလန်ကတော့ အကောင်းစားသေရည်တစ်အိုးနှင့်အတူ နဝမတောင်ထွတ်သို့ ပြန်ရောက်လာခဲ့သည်။ သူက ဆရာဖြစ်သူကို သွားရောက်တွေ့ဆုံရန် စီစဉ်ထားသည်။
ယခု အခြေအနေများ အနည်းငယ် တည်ငြိမ်သွားပြီ ဖြစ်သော်လည်း ရှေးဟောင်းဧကရာဇ်နန်းတော်နှင့်ပတ်သက်သည့်ကိစ္စများကို စုံစမ်းရန် မသင့်တော်သေးပေ။
ဧကရာဇ်ရှီးဟယ်၏ လွှမ်းမိုးမှုများက တည်ရှိနေဆဲ ဖြစ်သည်။
အချိန်အနည်းငယ်စောင့်ပြီးမှသာ ခွန်လွန်တောင်စာကြည့်တိုက်သို့သွားရောက်ပြီး ထိုအကြောင်းများကို ရှာဖွေလေ့လာရမည် ဖြစ်သည်။
ခွန်လွန်တောင်စာကြည့်တိုက်သို့မသွားရောက်မီ ရှေးဟောင်းဧကရာဇ်နန်းတော်နှင့်ပတ်သက်သည့် မှတ်တမ်းများ ရှိလိုရှိငြား နဝမတောင်ထွတ် စာကြည့်တိုက်ကိုလည်း မွှေနှောက်ရပေဦးမည်။
ရှေးဟောင်းဧကရာဇ်နန်းတော်အကြောင်း သိရှိရလျှင် သူ တွေ့မြင်နေရသည့်ပုံရိပ်ယောင်များနှင့် သူရရှိထားသည့် ရောင်ဝါအကြောင်းကို အကြမ်းဖျင်း နားလည်နိုင်မည် ဖြစ်သည်။
သို့သော် နေရာအနှံ့တွင် လူသေအလောင်းများ ပျံ့ကျဲနေသည့် ပုံရိပ်ယောင်မြင်ကွင်းတစ်ခုကလည်း ရှိနေသေးသည်။ ထိုမြင်ကွင်းကတော့ လောလောဆယ်တွင် ထွက်ပေါ်လာခြင်း မရှိသေးပေ။
သို့ရာတွင် သူ့ကို တစ်စုံတစ်ယောက်က စကားပြောနေသကဲ့သို့ အသံဗလံများကတော့ ကြားနေရဆဲပင်။
ထိုအသံများက အန္တရယ်ရှိနိုင်သော်လည်း သူ့ကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်လောက်သည်အထိ အန္တရယ်မြင့်မားခြင်း မရှိပေ။
မည်သို့ပင်ဖြစ်စေ ကျန်းလန်အနေဖြင့် လျှော့တွက်၍ မဖြစ်ပေ။
ယခု အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ကျင့်ကြံသူကို ကျန်းလန် သတ်ဖြတ်လိုက်သည်နှင့် ဆင်တူသည်။
ပြိုင်ဘက်က အားလျော့နေသည့်တိုင် အလွယ်တကူ တန်ပြန်တိုက်ခိုက်လာနိုင်သည်ဖြစ်လေရာ ပေါ့ပေါ့တန်တန် မမှတ်ယူနိုင်ပေ။
ရန်သူများကို အဆုံးသတ်ရန်အတွက် အပြင်းထန်ဆုံး တိုက်ခိုက်သတ်ဖြတ်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ တစ်ဖက်ရန်သူကို တိုက်ခိုက်ရန် အချိန်ပေးထားလေ မိမိအတွက် အန္တရယ်များလေ ဖြစ်သည်။
ထို့ကြောင့် ရန်သူကို အံ့အားသင့်စေပြီး တိုက်ပွဲကို အမြန်အဆုံးသတ်လိုက်သည်က အကောင်းဆုံးပင်။
ကျန်းလန်က ပုံရိပ်ယောင်များနှင့်ပတ်သက်ပြီး အကြမ်းဖျင်းတွေးထားသည်များရှိသလို တောင်နှင့်ပင်လယ်ကြေးမုံမှန်ကိုလည်း မည်သို့အသုံးပြုရမည်ကို နားလည်နေပြီ ဖြစ်သည်။
ထို့ကြောင့် သူ ပုံမှန်အတိုင်း ဆက်လည်ကျင့်ကြံနိုင်ပြီ ဖြစ်သည်။ ကျင့်ကြံရင်းဖြင့် ရှောင်ယွိ တံခါးပိတ်ကျင့်ကြံခြင်း ပြီးဆုံးသည့်အချိန်ကို စောင့်ဆိုင်းရပေမည်။
မကြာမီ သူမ ကျင့်ကြံရာမှ ပြန်ထွက်လာတော့မည် ဖြစ်သည်။
လုန်မန်ကို နတ်မိစ္ဆာများ လိုက်လံသတ်ဖြတ်ရသည့်အကြောင်းရင်းကိုတော့ ကျန်းလန် စိတ်မဝင်စားပေ။ သို့သော် လုန်မန်ရရှိထားသည့် ကံကောင်းခြင်းအခွင့်အလမ်းတစ်ခုဖြစ်သော ရောင်ဝါကတော့ ကျန်းလန်ကို အတော်လေး ဆွဲဆောင်နိုင်ခဲ့သည်။
လုန်မန် လိုက်လံတိုက်ခိုက်ခံရခြင်းက ထိုရောင်ဝါနှင့် ပတ်သက်နေနိုင်သည်။
ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ဖြည်းဖြည်းချင်းတက်လာပြီး စိတ်ကိုလည်း တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
မကြာမီ…
သူ နဝမတောင်ထွတ်အစွန်းသို့ ရောက်ရှိလာ၏။
မော့ကျန်းသုန့်သည် ထုံးစံအတိုင်းပင် တောင်ထွတ်အစွန်းတစ်ဖက်ဆီသို့ လှမ်းမျှော်ငေးကြည့်နေပြီး ကျန်းလန် ရှိရာဘက်သို့ ကျောခိုင်းထားသည်။
"ဆရာ…"
ကျန်းလန်က ဆရာဖြစ်သူ၏ကျောပြင်ကိုကြည့်ရင်း လှမ်းခေါ်လိုက်သည်။
မော့ကျန်းသုန့်က သူ့ကို လှည့်ကြည့်လာသည့်အခါ ကျန်းလန်က အကောင်းစားသေရည်အိုးနှင့် မြေပဲများကို ဆရာ့ထံ လှမ်းပေးလိုက်သည်။
ဤသည်က သူတောင်အောက်ဆင်းတိုင်း ဆရာဖြစ်သူအတွက် ဝယ်လာနေကျပင်။
"ခွန်လွန်ဝတ်ကျောင်းတော်ကနေ ဘာတွေ သင်ယူနိုင်ခဲ့သလဲ"
မော့ကျန်းသုန့်က မေးလိုက်သည်။
ပြီးနောက် ကျန်းလန်ပေးသည့် သေရည်နှင့် မြေပဲများကို လှမ်းယူလိုက်သည်။ တပည့်ဖြစ်သူက အမြဲတမ်း လက်ဆောင်ပေးနေလေ့ရှိရာ သူ့အတွက် အထူးအဆန်း မဟုတ်တော့ပေ။
"ကျွန်တော် အစီအရင်ပညာကို နောက်တစ်ဆင့်တက်သွားအောင် လေ့လာနိုင်ခဲ့တယ်"
ကျန်းလန်က အမှန်အတိုင်း ဖြေလိုက်သည်။
မော့ကျန်းသုန့်က သိချင်စိတ်ဖြစ်သွားမိပြီး…
"မင်း ကောင်းကင်ရင်ပြင်အစီအရင်ကို တွေ့မြင်ခဲ့တာလား"
ကောင်းကင်ရင်ပြင်အစီအရင်ဆိုသည်က ကြုံတွေ့ရန် မလွယ်ကူသလို နားလည်ရန်ဆိုသည်က ပို၍ပင် ခက်ခဲသေးသည်။ အန္တရယ်ကလည်း အလွန်များ၏။
ကျန်းလန်က…
"ခွန်လွန်စိတ်ကျမ်းရေးသားထားတဲ့ ကျောက်စာတိုင်ကို ကျွန်တော်တွေ့ခဲ့တယ်"
မော့ကျန်းသုန့် : "?????"
ကျန်းလန်ဖြေသည့်စကားက သူမေးသည့်မေးခွန်းနှင့် ဘာမှမဆိုင်။
ကျန်းလန်က တည်ငြိမ်စွာဖြင့် စကားဆက်ပြောလိုက်သည်။
"တပည့် အဲဒီကျောက်စာတိုင်အောက်မှာ အချိန် (၃)နှစ်တိတိထိုင်ပြီး အစီအရင်ပညာအကြောင်း အဆင့်တက်တဲ့အထိ လေ့လာသုံးသပ်နိုင်ခဲ့ပါတယ်"
မော့ကျန်းသုန့် မည်သည့်စကားမှ မပြောဘဲ ကျန်းလန်ကို အချိန်ကြာမြင့်စွာ ငေးစိုက်ကြည့်နေခဲ့သည်။
နောက်ဆုံးမှ…
"မင်း အများကြီး ကြိုးစားခဲ့တာပဲ"
နောက်တစ်ကြိမ် ခွန်လွန်ဝတ်ကျောင်းတော်သို့ သွားရောက်ရန် အခွင့်အရေးရလျှင်တော့ ကောင်းကင်ရင်ပြင်အစီအရင်ကို ရှာဖွေလေ့လာရန် ကျန်းလန်ကို ပြောရပေမည်။
ယခုတစ်ကြိမ်လည်း ကျန်းလန်အနေဖြင့် ခွန်လွန်စိတ်ကျမ်းကိုလည်း နားလည်ကောင်းနားလည်လာပေလိမ့်မည်။
မော့ကျန်းသုန့်က…
"အင်မော်တယ်ဖြစ်ဖို့ လျှောက်ရတဲ့လမ်းက နည်းနည်းတော့ ခက်ခဲလိမ့်မယ် ၊ ဒါကြောင့် စိတ်ရှည်ရှည်ထားပါ ၊ စိတ်ကိုလည်း တည်ငြိမ်အောင်ကြိုးစားပါ ၊ မကြာခဏ အပြင်လေးဘာလေးသွားပြီး အခြားသူတွေရဲ့ အားနည်းချက် အားသာချက်တွေကို ကိုယ်နဲ့ယှဉ်ပြီး လေ့လာပါ"
ခဏနားပြီးမှ သူက ဆက်ပြောသည်။
"ကျင့်စဉ်လမ်းဆိုတာက မင်းလျှောက်လှမ်းတဲ့အပေါ် မူတည်တယ် ၊ ဘယ်လောက်ဝေးဝေးလျှောက်လှမ်းနိုင်မလဲဆိုတာ မင်းအပေါ်ပဲ မူတည်တယ် ၊ သို့ပေမဲ့ ပတ်ဝန်းကျင်က ရှုမျှော်ခင်းတွေကို မင်း အမြဲလေ့လာနေဖို့တော့ လိုအပ်တယ် ၊ ဒါမှ မင်းလျှောက်လှမ်းနေတဲ့လမ်းက ကျယ်ပြန့်မလား ကျဉ်းမြောင်းမလားဆိုတာ သိမြင်နိုင်မယ်"
ကျဉ့်စဉ်လမ်းတွင် ကျန်းလန် မည်မျှဝေးဝေး လျှောက်လှမ်းနိုင်မည်ကို မော့ကျန်းသုန့် စိတ်ပူပန်ခြင်း မရှိပေ။
သူ အရေးစိုက်သည်က ကျန်းလန်အနေဖြင့် ကိုယ်လျှောက်သည့်လမ်းကို ဘယ်လောက်ထိ သိရှိနားလည်မည်လဲဆိုသည့်အချက် ဖြစ်သည်။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"ဟုတ်ကဲ့ ဆရာ…"
ဆရာပြောသည်မှာ မှန်လေသည်။
ထို့ကြောင့် အားလပ်ချိန်များတွင် အခြားသူများပြောဆိုကြသည့် စကားများကို သွားရောက်နားထောင်ရမည် ဖြစ်သည်။ သူတို့၏ စိတ်အခြေအနေကိုလည်း တိုင်းတာရမည် ဖြစ်သည်။
ခွန်လွန်တောင်မှ တပည့်များက စိတ်ခံစားချက်များကြသည်။
သူတို့၏ စိတ်ခံစားချက်များကို လေ့လာရခြင်းက ကျန်းလန်အတွက် အသုံးဝင်မည် ဖြစ်သည်။
***
နဝမတောင်ထွတ်အစွန်းမှ ပြန်ခဲ့ပြီးနောက် ကျန်းလန် ခြံဝန်းဆီသို့ ထွက်ခွာလာခဲ့သည်။
ထို့နောက် သူ ရရှိထားသည့်ရောင်ဝါက မည်သို့သောအပြောင်းအလဲများ ဖြစ်လာမည်ဆိုသည်ကို ပြန်လည်လေ့လာကြည့်လိုက်သည်။
ထူးခြားမှုမရှိကြောင်း တွေ့ရပြီးနောက် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို စစ်ဆေးကြည့်လိုက်သည်။ ထိုအရာလေးများက အနည်းငယ်အားနည်းသယောင် ဖြစ်နေသည်။
နှစ်ပေါင်းများစွာ ကြာပြီဖြစ်လေရာ သူတို့အသက်ရှင်ရသည့်နေ့ရက်များကလည်း ခါးသီးလှသည်ဟု ကျန်းလန် တွေးမိသည်။
ထိုအရာလေးများကို ဝိညာဉ်ဆေးရည်များလောင်းပေးပြီးနောက် ကျန်းလန် နဝမတောင်ထွတ်ကို စတင် သန့်ရှင်းရေးလုပ်လိုက်သည်။
***
(၃)ရက်ခန့်ကြာပြီးနောက်…
ကျန်းလန်လည်း လုပ်စရာရှိသည့်အလုပ်များ ပြီးစီးသွားသည်။
ယနေ့တော့…
သူ သတင်းတစ်ခုရရှိလာ၏။
အဋ္ဌမမင်းသား ဒဏ်ရာအပြင်းအထန်ရရှိထားပြီး တောင်ခြေသေရည်ဆိုင်တွင် ရောက်ရှိနေသည်ဆိုသည့် သတင်းဖြစ်သည်။
ရှောင်ယွိက တံခါးပိတ်ကျင့်ကြံနေလေရာ ယောက်ဖကိုသွားတွေ့ရန် သူ့တွင် တာဝန်ရှိသည်။
"ဒါလည်း ကောင်းတာပဲလေ"
ဟု ကျန်းလန်တွေးလိုက်သည်။
ရှောင်ယွိ တံခါးပိတ်ကျင့်ကြံနေသည်မှာ နှစ်အနည်းငယ် ကြာမြင့်နေပြီ ဖြစ်သည်။
ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကိုကြည့်လိုက်တော့ ကျောက်စိမ်းရေကန်နံဘေးတွင် ခွေနေသည့် အဖြူရောင်နဂါးလေးတွေ့လိုက်ရသည်။ မသိလျှင် အိပ်မောကျနေသည့်အလား ထင်မှတ်ရသည်။
အရင်ကထက်ဆာလျှင် နဂါးလေးက အတော်အတန်ကြီးမားလာပြီး အရွယ်ရောက်သည့် နဂါးတစ်ကောင်ဖြစ်လာရန် နီးစပ်နေပေပြီ။
သို့ပေသိ ကျန်းလန်စိတ်ထဲမတော့ နဂါးငယ်လေးပမာသာ ခံစားနေရဆဲပင်။
ထို့နောက် ကျန်းလန် ခွန်လွန်တောင်မှ ထွက်ခွာလာခဲ့ပြီး တောင်ခြေသေရည်ဆိုင်သို့ ရောက်လာခဲ့သည်။ ခွန်လွန်တောင်လမ်းကတော့ ပြောင်းလဲသွားပြန်ပြီဖြစ်လေရာ ထိုအကြောင်း စာဖွဲ့နေစရာပင် မလိုတော့ပေ။
အတန်ကြာပြီးနောက် ကျန်းလန် သေရည်ဆိုင်သို့ ရောက်လာ၏။
သေရည်ဆိုင်မှ ကောင်ငယ်လေးက အဋ္ဌမမင်းသား တည်းခိုနေထိုင်သည့်အခန်းသို့ ကျန်းလန်ကို လိုက်ပို့ပေးသည်။
"အဲဒီနဂါးက ဒီအခန်းထဲမှာ ၊ ဟိုဘက်အခန်းက နဂါးကတော့ သေတော့မယ်ထင်တယ် ၊ အဲဒီနဂါးသေရင် အလောင်းကို ဖီရှိုးကောင်စားဖို့ ဝယ်ချင်တာကို ဒီနဂါးက သဘောမတူဘူးလေ"
ကျန်းလန်က ခေါင်းညိတ်လိုက်သည်။
ကလေးငယ်ကို မည်သည့်စကားမှ ပြန်မပြောတော့ဘဲ လုန်မန်နေထိုင်ရာအခန်းကိုသာ တံခါးခေါက်လိုက်သည်။
"ဒေါက် ဒေါက်"
"ကျွီ"
တံခါးပွင့်သွားပြီး ပင်ပန်းနွမ်းနယ်နေဟန်ရှိသည့် အဋ္ဌမင်းသား အခန်းဝတွင် ပေါ်လာသည်။
ကျန်းလန်ကိုတွေ့သည်နှင့် အဋ္ဌမမင်းသားက ဝမ်းသာသွားဟန်ဖြင့်…
"ယောက်ဖရေ… မင်းကိုတွေ့ရမှပဲ စိတ်သက်သာရာရတော့တယ်"
ကောင်ငယ်လေးက…
"အမယ်… ခင်ဗျားတို့ကို လမ်းပေါ်မှာတွေ့လို့ ကယ်ခဲ့တဲ့သူက ကျွန်တော်ပါဗျာ"
လုန်မန်က…
"ဟ… ကျုပ်က မင်းကို ဇာမဏီမလေးကို ဘယ်လိုလိုက်ရမလဲဆိုတာ သင်ပေးထားတာလေ ၊ ဒီလောက်တော့ လုပ်ပေးသင့်တာပေါ့"
ကလေးငယ်က စိတ်ပျက်လက်ပျက်ဖြင့်…
"ဟုန်ယာက ကျွန်တော့်ကို ခုထိ ပြန်မကြိုက်သေးဘူး"
လုန်မန်က မကျေမနပ်ဖြင့် ကလေးငယ်ကိုကြည့်ရင်း…
"မင်း ဒီည အဲဒီကောင်မလေးကို ရိုက်ပစ်လိုက်ကွာ ၊ ပြီးရင် သူ့ကို တောထဲခေါ်သွားပြီး မြေကြီးထဲ မြှုပ်ထားလိုက် ၊ အဲဒီလို ခဏခဏလုပ်ပေးလိုက်ရင် သူ မင်းကို အရေးမစိုက်ဘဲ မနေရဲတော့ဘူး ၊ ဟွန်း… မိန်းကလေးတိုင်းက ကျုပ်အစ်မလို ပညာဉာဏ်ပြည့်ဝပြီး နားလည်မှုရှိတာ မဟုတ်ဘူးကွ"
ထို့နောက် လုန်မန်က သက်ပြင်းတစ်ချက်ချရင်း ဆက်ပြောသည်။
"ကျုပ်ယောက်ဖနဲ့ ကျုပ်အစ်မကတော့ တကယ့်ကို နတ်ဖက်တဲ့စုံတွဲမျိုးပဲ ၊ မင်းကတော့ အဲဒီလိုမဟုတ်ဘူး ၊ ဒီတော့ အချစ်အတွက် တိုက်ခိုက်ရလိမ့်မယ် ၊ ဟုတ်တယ်မလား ယောက်ဖ…"