← Chapters

ရှေးဟောင်းမြောက်ပိုင်းနန်းတော်က ဧကရာဇ်ချုန်းကိုး

Vol. 19 Ch. 260

ရှေးဟောင်းမြောက်ပိုင်းနန်းတော်က ဧကရာဇ်ချုန်းကိုး

Vol. 19 Ch. 260

အခန်း (၂၆၀) ရှေးဟောင်းမြောက်ပိုင်းနန်းတော်က ဧကရာဇ်ချုန်းကိုး

လုန်မန်နှင့် ကောင်ငယ်လေးက ကျန်းလန်ကို ကြည့်နေကြ၏။

သို့သော် လုန်မန် ဘာကိုမေးမြန်းမှန်း ကျန်းလန် နားမလည်ပေ။

လုန်မန်မေးလိုက်သည့် "ဟုတ်တယ်မလား ယောက်ဖ" ဆိုသည်မှာ -

ကောင်ငယ်လေးက "အချစ်အတွက်တိုက်ခိုက်ရမည်" ကို မေးမြန်းခြင်းလား ၊ "သူနှင့် လုန်ယွိက နတ်ဖက်သည့်စုံတွဲ" ဆိုသည့်အချက်က ဟုတ်မှန်ကြောင်း အတည်ပြုမေးမြန်းခြင်းလား မသဲကွဲပေ။

ကျန်းလန် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"တန်ခိုးစွမ်းအားမြင့်မားနေအောင်လုပ်တာက အမှားမရှိဘူး"

ကောင်ငယ်လေးက ကျန်းလန်စကားကို အလေးအနက်ထားကာ ခေါင်းညိတ်လိုက်၏။

ယခု သူ့တွင် ရည်မှန်းချက်တစ်ခုသာ ရှိတော့သည်။ အဘိုးဖြစ်သူကို ကျော်တက်ရန်ဆိုသည့် ရည်မှန်းချက် ဖြစ်၏။

ကလေးငယ်က ကျန်းလန်ကို ကြည့်လိုက်ပြီး…

"အစ်ကိုကြီး… ကျွန်တော် ဒီည ဟုန်ယာကို ရိုက်သင့်သလား"

"ကျုပ်တော့ အဲဒီလို မထင်ဘူး"

ကျန်းလန်က ခဏမျှ တိတ်ဆိတ်နေပြီးမှ စကားဆက်ပြောသည်။

"မင်းက သူနဲ့ ပြိုင်ဘက် မဟုတ်သေးဘူး"

ဇာမဏီမျိုးနွယ်များက တန်ခိုးစွမ်းအားနည်းပါးကြသူများ မဟုတ်ပေ။

ကောင်ငယ်လေးက ထူးခြားသည့် ချုန်ချီမျိုးနွယ်ဖြစ်သည့်တိုင် သူ၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားခြင်း မရှိသေးပေ။ ဇမဏီမလေးကို အဘယ်မှာ ယှဉ်နိုင်ပါမည်နည်း။

ကျန်းလန်စကားကြောင့် ကောင်ငယ်လေး စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားသည်။

စကားပြောလေတိုင်း သူက ဟုန်ယာလောက် တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိဆိုသည့်ချက်ဖြင့် အဆုံးသတ်သွားစမြဲပင်။ ထို့ကြောင့် လက်ရှိတွင် သူ အရေးပေါ်ပြုလုပ်ရမည့်ကိစ္စမှာ ကျင့်ကြံခြင်းအဆင့်မြင့်မားလာစေရန် ဖြစ်သည်။

ပြီးမှ အစ်ကိုကြီးနှင့် အသေးစိတ်ဆွေးနွေးပြီး အကြံဉာဏ်တောင်းခံရမည် ဖြစ်၏။

အဋ္ဌမမင်းသားက ကျန်းလန်ကို အခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။ ကျန်းလန် အခန်းထဲရောက်သည်နှင့် လုန်မန်က ဒူးထောက်ချလိုက်သည်။

ထို့နောက် အဋ္ဌမမင်းသားက ကျန်းလန်ကို ဦးညွှတ်လိုက်ရင်း…

"ယောက်ဖကိုပဲ အရင်ဆုံး ဂါရဝပြုတော့မယ်"

"……………"

မွေးရာပါအင်မော်တယ်တစ်ပါးက သူ့သိက္ခာသူ မထိန်းတော့ဘူးလား။

ဘာလို့ ဒီမင်းသားငယ်ဟာ သူ့ကို အမြဲတမ်း ဒူးထောက်နေရပါလိမ့်။

"ရှောင်ယွိ… အဲလေ ဂိုဏ်းတူအစ်မလုန်ယွိက တံခါးပိတ်ကျင့်ကြံနေလို့ မင်းဆီလာလည်နိုင်မှာ မဟုတ်သေးဘူး"

ကျန်းလန်က အသံပေါ့ပေါ့ဖြင့် ပြောလိုက်သည်။

အဋ္ဌမမင်းသားက နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး မတ်တတ်ရပ်လိုက်၏။

ကျန်းလန်က…

"မင်း ဒီလောက်နှစ်တွေကြာအောင် သူတို့လိုက်ဖမ်းတာ ခံနေရတာလား"

လုန်မန်က မချိလေဟန်ဖြင့်…

"ဟုတ်တယ်"

ပြီးမှ သူက အခြေအနေကို ဆက်ရှင်းပြသည်။

"နတ်မိစ္ဆာတွေ ကျုပ်တို့နောက် ဘာလို့ အသဲအသန်လိုက်ပြီး ချောင်ပိတ်သတ်ဖြတ်ချင်လဲဆိုတာ ကျုပ် မသိဘူး ၊ သူတို့က အသက်ပေးပြီးတော့တောင် ကျုပ်တို့ကို သတ်ဖြတ်ပစ်ချင်တဲ့ပုံပဲ ၊ ထူးခြားတဲ့မှော်ဝင်ပစ္စည်းတွေသာ ရှိမနေရင် ကျုပ်တို့ ခုလိုလွတ်လာမှာတောင် မဟုတ်ဘူး"

"ပြီးတော့ ကျုပ်တို့ ထွက်ပြေးဖို့စဉ်းစားလိုက်တိုင်း ဘာကြောင့်မှန်းမသိ ပိတ်မိနေပြီး အကြောင်းမရှိဘဲ ကျုပ်တို့ကို သူတို့ လိုက်မီလာတာပဲ ၊ ကျုပ် လျှို့ဝှက်မှော်ဝင်ပစ္စည်းတွေအသုံးပြုတာတောင်မှ ဘာလို့လဲမသိ သူတို့ဖမ်းမိတာကို ပြန်ခံနေရတယ် ၊ ကျုပ်တို့တည်နေရာကို ဘယ်သူမှ ရှာမတွေ့နိုင်အောင် လျှို့ဝှက်အကာအကွယ်နဲ့ ဖုံးကွယ်ထားတယ်ဆိုတာလည်း ထင်ရှားနေတာပဲ"

"ပြီးတော့ ဒီသောက်ရူးနတ်မိစ္ဆာတွေက ကျုပ်တို့သွားမယ့် ထွက်ပေါက်အားလုံးကိုလည်း ပိတ်ထားတာ ၊ သူတို့က လုံး၀ နောက်ပြန်မလှည့်ဘဲ ကျုပ်တို့နောက်ကို အသဲအသန်လိုက်တာ ၊ ကျုပ်တို့နောက် လိုက်တဲ့သူတွေထဲမှာ မိုးကောင်းကင်အင်မော်တယ်တွေတောင် ပါသေးတယ်"

"ကျုပ် ဒဏ်ရာအပြင်းအထန်ရတော့ ဦးလေးလုန်ရဲ့က ကျုပ်ကို မြောပိုင်းစွန့်ပစ်နယ်မြေကနေ အနောက်ဘက်စွန့်ပစ်နယ်မြေအထိ ကျောပိုးပြီး ဆယ်စုနှစ်အများကြီး ကယ်တင်လာခဲ့တာ ၊ ဒါပေမဲ့ မိုးကောင်းကင်အင်မော်တယ်တစ်ပါးတည်းက ဘယ်လိုလုပ် ရန်သူတွေအကုန်လုံးကို ခုခံနိုင်မှာတဲ့လဲဗျာ"

"ပြီးတော့ ဒီနတ်မိစ္ဆာတွေက ကျုပ်တို့ ဘယ်နေရာမှာ ရှိနေလဲဆိုတာ အမြဲတမ်း သိနေကြတယ် ၊ အဲဒီလိုပြေးရင်းလွှားရင်းနဲ့ သေခြင်းရှင်ခြင်းကာလမှာပဲ ကျုပ်က အစစ်အမှန်အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ဒဏ်ရာတွေအားလုံးသက်သာသွားတယ် ၊ အဲဒီအချိန် ကျုပ်တို့ ခွန်လွန်တောင်နဲ့ မနီးမဝေးကို ရောက်နေပြီ ၊ အဲဒါကြောင့် မိုးကောင်းကင်အင်မော်တယ်တွေက ကျုပ်တို့နောက် ဆက်မလိုက်တော့ဘဲ လက်လျှော့လိုက်ကြတယ်"

"မိုးကောင်းကင်အင်မော်တယ်တွေ ဆက်မလိုက်တော့တာနဲ့ ဦးလေးလုန်ရဲ့က စိတ်လျှော့လိုက်တော့ တစ်ခါတည်း သတိလစ်သွားတော့တာပဲ ၊ ကျုပ်က ဦးလေးလုန်ရဲ့ကိုခေါ်ပြီး ထွက်ပြေးလာခဲ့တာ ၊ နောက်ဆုံးတော့… ယောက်ဖကိုသာ အကူအညီ မတောင်းခဲ့ရင်…"

လုန်မန် စကားဆက်မပြောတော့ပေ။

ဘာပဲဖြစ်ဖြစ် သူလွတ်မြောက်လာသည့်အတွက် ယောက်ဖကို ကျေးဇူးတင်ရမည် ဖြစ်သည်။

ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။

အကြောင်းမရှိဘဲနှင့် နတ်မိစ္ဆာများက လုန်မန်ကို ထိုမျှကြိုးစားပမ်းစား လိုက်သတ်မည်မဟုတ်ပေ။ မွေးရာပါ အင်မော်တယ်တစ်ပါးဖြစ်ခြင်းက လုန်မန်ကို သတ်ဖြတ်ပစ်ရန် အကြောင်းပြချက် မလုံလောက်ပေ။

အခြားအကြောင်းတစ်ခု ရှိရပေမည်။

ကျန်းလန်က…

"မင်း နတ်မိစ္ဆာတွေဆီက ပစ္စည်းတစ်ခုခုများ ယူခဲ့သေးလား"

"ဘာပစ္စည်းမှ မယူပါဘူးဗျာ"

လုန်မန်က ကျိန်ပြောလိုက်သည်။

"ပြီးတော့ ကျုပ်တို့ ဘာလှုပ်ရှားမှုမှလည်း မလုပ်ပါဘူး ၊ နာမည်တစ်ခုကိုတော့ ကြားလိုက်မိတယ် ၊ အဲဒါကို သူတို့တွေက ကျုပ်နောက် အဆုံးမသတ်နိုင်အောင် လိုက်ကြတော့တာပဲ ၊ ဒါပေမဲ့ ဦးလေးလုန်ရဲ့ကို မေးကြည့်တော့ သူက အဲဒီနာမည်ကို မကြားလိုက်ဘူးတဲ့"

"ဘာ နာမည်များလဲ"

ထိုနာမည်က အဓိကအချက်ဖြစ်ရမည်ဟု ကျန်းလန် ခံစားလိုက်ရသည်။

လုန်မန်က တစ်ချက်စဉ်းစားရင်း...

"နာမည်က ထူးဆန်းတယ်"

"ရှေးဟောင်းမြောက်ပိုင်းနန်းတော်က ဧကရာဇ်ချုန်းကိုးတဲ့ ၊ နာမည်က တော်တော်ရှည်တယ်၊ ပြီးတော့ အဲဒီနာမည်မှာ ရောင်ဝါတစ်ခုရှိနေတယ် ၊ အဲဒီအချိန်တုန်းက ကျုပ်စိတ်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရတယ်"

ထိုနာမည်ကိုကြားသည်နှင့် ကျန်းလန် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ရှေးဟောင်းအနောက်နန်းတောင်မှ ဧကရာဇ်ရှီးဟယ်နှင့် ရှေးဟောင်းမြောက်ပိုင်းနန်းတော်မှ ဧကရာဇ်ချုန်းကိုး။

ထိုသူ (၂)ယောက် တစ်ယောက်နှင့်တစ်ယောက် ပတ်သက်မှုမရှိဟု ကျန်းလန် မယုံကြည်ပေ။

ထို့ပြင် သူက ရှေးဟောင်းဧကရာဇ်နန်းတောင်ကိုပင် တွေ့မြင်ခဲ့ရပြီး ကံကြမ္မာအခွင့်ကောင်းဖြစ်သည့် ရောင်ဝါတစ်ခုကိုပင် ရရှိခဲ့သည်။

ပျက်သုဉ်းတစ်စပြင်လောကကြီးရှိ စွန့်ပစ်နယ်မြေများတွင် ဖြစ်ပွားနေသော စစ်ပွဲများသည် ထိုနာမည်များနှင့် တစ်စုံတစ်ခု ပတ်သက်နေရပေမည်။

အဋ္ဌမမင်းသားကတော့...

ကံကြမ္မာအခွင့်ကောင်းဖြစ်သည့် ရောင်ဝါအမျှင်တန်းလေးကို ရရှိခဲ့ခြင်းကြောင့် လိုက်လံသတ်ဖြတ်ခံရခြင်း ဖြစ်နိုင်သလို ၊ ထိုနာမည်ပျံ့နှံ့သွားမည်ကို ကြောက်ရွံ့သောကြောင့်လည်း လိုက်လံသုတ်သင်ခံရခြင်း ဖြစ်နိုင်သည်။

လုန်မန်ထံမှ အစိမ်းရောင်အခိုးအငွေ့များနှင့်ပမာတူသည့်ရောင်ဝါကို တွေ့မြင်လိုက်ရသည့်အခါ ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူသာ အဋ္ဌမမင်းသားကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်လျှင် ထိုရောင်ဝါကို သူ ရရှိမည် ဖြစ်သည်။

"……………"

တစ်နည်းဆိုရသော် လုန်မန် ရရှိထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို တစ်စုံတစ်ယောက်က တွေ့မြင်သွားပြီး ရယူချင်သည်ဆိုလျှင်…

လူပေါင်းများစွာက သူ့ကို သတ်ဖြတ်ချင်ကြပေမည်။

ကျန်းလန်တွင်လည်း ထိုသို့သောရောင်ဝါတစ်ခုရှိနေလေရာ အနာဂတ်တွင် နဝမတောင်ထွတ်မှ အခြားနေရာများသို့ မသွားရောက်သည်က သူ့အတွက် အကောင်းဆုံ ဖြစ်နိုင်သည်။

"မင်း နောက်ကျရင် အဲဒီနာမည်ကို ထုတ်မပြောတာ အကောင်းဆုံးပဲ"

ကျန်းလန်က သတိပေးစကား ပြောလိုက်သည်။

"ဟမ်"

လုန်မန်က ကျန်းလန်ကို တအံ့တသြဖြင့် ကြည့်လိုက်၏။

"ဒီ နာမည်က ဘယ်လိုအဓိပ္ပါယ်ဆိုတာကို ယောက်ဖက သိနေတာလား"

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း…

"မသိပါဘူး"

ကျန်းလန်က ဆက်ရှင်းပြသည်။

"ဒါပေမဲ့ ကျုပ် ကြားဖူးတာတော့ မင်း အဲဒီပုဂ္ဂိုလ်ရဲ့နာမည်ကို ပြောလိုက်တာနဲ့ သူက သေချာပေါက် မင်းရှိတဲ့နေရာကို သိသွားလိမ့်မယ် ၊ လုံလောက်တဲ့နီးကပ်မှုသာရှိရင် ချက်ချင်း မင်းအနားမှာ ပေါ်လာမှာပဲ ၊ ဒါပေမဲ့ အဲဒါက အစစ်အမှန်လား ၊ အတုအယောင်လားဆိုတာကတော့ ကျုပ်လည်းမသေချာဘူး"

ထိုအရာက မှန်လား ၊ မှားလား ဆိုသည်ကတော့ ပြောရန်ခက်ခဲသည်။

ကျန်းလန်လည်း စမ်းမကြည့်ရဲပေ။

ဧကရာဇ်ရှီးဟယ်ဆိုသူ သူ့ဘေးနား ရုတ်တရက်ပေါ်လာလျှင် မည်သို့ ရှိမည်နည်း။

ထို့ကြောင့်…

အမြဲတမ်း သတိထားနေသည်က အကောင်းဆုံး ဖြစ်သည်။

ဤ ဧကရာဇ်ချုန်ကိုးဆိုသူကတော့ နတ်မိစ္ဆာတစ်ပါး ဖြစ်နိုင်သည်။ သို့ဖြစ်ရာ နတ်မိစ္ဆာများ၏ပိုင်နက်အတွင်းတွင် ဤနာမည်ကိုပြောဆိုမိခြင်းက အလွန်တရာ အန္တရယ်များပေလိမ့်မည်။

လုန်မန်က မှင်တက်စွာဖြင့်…

"ကျုပ်… ကျုပ်ရှိတဲ့နေရာကို သိသွားမယ်… ဟုတ်လား"

သူ လုန်ရဲ့နှင့်အတူ ပြေးလွှားနေစဉ်တွင် ထိုနာမည်ကို မကြာခဏပြောဆိုခဲ့သည်။ လုန်ရဲ့ကလည်း ဘာကြောင့်မှန်းမသိ ထိုနာမည်ကို ထပ်ခါထပ်ခါ မေးနေခဲ့သည်။

ထို့ကြောင့် သူတို့ မည်သို့ပင် လွတ်အောင်ပြေးပါစေ ၊ ပြန်လည်ဖမ်းမိနေသည်မှာ အံ့သြစရာ မရှိတော့ပေ။

သူတို့ ထိုနာမည်ကို ပြောမနေခဲ့သင့်ကြောင်း ယခုမှ သဘောပေါက်ခဲ့ရသည်။ ထိုနာမည်ကို ပြောလိုက်သည်နှင့် သူတို့၏တည်နေရာကို လွယ်လွယ်ပင် ရှာတွေ့သွားမည် ဖြစ်သည်။

အိုး မဟုတ်ဘူး။

အခုပဲ သူ ထိုနာမည်ကို ပြောခဲ့မိပြန်ပြီ။

လုန်မန်၏ မျက်နှာအမူအရာက စိတ်ရှုတ်ထွေးနေလေရာ ကျန်းလန်က သူ့ကို နှစ်သိမ့်လိုက်သည်။

"အခု ခွန်လွန်တောင်ခြေမှာဆိုတော့ သိပ်ပြီး ပြဿနာ မရှိလောက်ပါဘူး"

ဧကရာဇ်ရှီးဟယ်ကြောင့် မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်သည်က သေချာသည်။ ခွန်လွန်တောင်က ဧကရာဇ်ရှီးဟယ် တည်ရှိသည့် နေရာဖြစ်၏။

ထို့ကြောင့် သူတို့ပြောနေသည့် စကားများကို ရန်သူများ ကြားသိသွားရန်မှာ ခက်ခဲလေသည်။ သို့သော် အန္တရယ်ကင်းစေရန်အတွက် ထိုနာမည်ကို ထုတ်မပြောသည်က ပိုကောင်း၏။

ကျန်းလန်က လုန်မန်ကို ဒီအတိုင်း သတိပေးလိုက်ခြင်းသာ ဖြစ်သည်။

လုန်မန်က…

"ယောက်ဖ… ကျုပ် စာနဲ့ရေးပြရင်ရော ရနိုင်မလား"

ကျန်းလန်လည်း ထိုမေးခွန်းကို မည်သို့ဖြေရမည် မသိပေ။

"မင်း သိချင်ရင် စမ်းကြည့်လေ"

အမှန်တော့ ကျန်းလန်လည်း ထိုကိစ္စများနှင့်ပတ်သက်ပြီး အနည်းငယ်သာသိရှိသူ ဖြစ်သည်။ သို့ရာတွင် သူက ထိုကိစ္စများနှင့် နက်နက်ရှိုင်းရှိုင်းပတ်သက်နေသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခုကို ရရှိခဲ့သည်။

ရှေးဟောင်းဧကရာဇ်နန်းတော်ကိုလည်း မြင်တွေ့ခဲ့ရပြီး အခြားသော ပုံရိပ်ယောင်မြင်ကွင်းများကိုလည်း တွေ့မြင်ခဲ့ရသည်။

ထို့ပြင် သူ့နားထဲတွင်လည်း ထူးဆန်းသည့်အသံများကို ကြားယောင်နေရဆဲ ဖြစ်၏။

နောက်ထပ်ဘာဖြစ်လာမည်ကိုတော့ မည်သူမှ မသိရှိနိုင်ပေ။

သို့သော် သူက ရရှိထားသည့်ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို အသုံးချပြီး တန်ခိုးစွမ်းအားပိုမိုမြင့်မားလာအောင် ကျင့်ကြံပြီး ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို ခုခံတိုက်ခိုက်မည် ဖြစ်သည်။

အဋ္ဌမမင်းသားက…

"မလုပ်ရဲတော့ပါဘူးဗျာ"

သူ တစ်ဖက်လူကို အမှန်တကယ်ပင် သွားရောက် ရန်စရဲခြင်း မရှိတော့ပေ။

လုန်မန်က ကျန်းလန်ကို ကြည့်လိုက်ပြီး…

"ယောက်ဖ… ဒီနေရာကရော အန္တရယ်ကင်းရဲ့လား ၊ ခွန်လွန်တောင်မှာ ပိုပြီး အန္တရယ်ကင်းနိုင်မလား"

ကျန်းလန်က…

"မင်း ခွန်လွန်တောင်ရဲ့ ဘယ်တောင်ထွတ်မှာ နေချင်လဲ ၊ ပြောကြည့်လေ…"

လုန်မန်က…

"နဝမတောင်ထွတ်မှာ နေစရာရှိသလား"

ကျန်းလန်က…

"နဝမတောင်ထွတ်မှာ နေစရာနေရာတွေမှ အများကြီးပဲ"

ခဏနားပြီးမှ ကျန်းလန်က ရှင်းပြသည်။

"ဒါပေမဲ့ နဝမတောင်ထွတ်မှာက မရဏအငွေ့အသက်တွေ ဖုံးလွှမ်းနေတာလေ ၊ ဒီတော့ မင်း ကြာကြာနေမယ်ဆိုရင် ကိုယ်တွင်းမိစ္ဆာဝင်ရောက်လာနိုင်တယ် ၊ သာမန်အခြေအနေဆိုရင် အစစ်အမှန်အင်မော်တယ်တစ်ပါးအတွက် အချိန်တစ်ခုအထိနေထိုင်ဖို့ ပြဿနာမရှိပေမယ့် အခု မင်းက ဒဏ်ရာလည်းရထားပြီး စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်ထားတော့ ကိုယ်တွင်းမိစ္ဆာ ဝင်နိုင်ခြေ ရှိတယ်လေ"

"ဟားဟား…"

လုန်မန်က ရယ်မောလိုက်၏။

"အေးပါဗျာ… ကျုပ်နဝမတောင်ထွတ်လိုက်နေရင် အစ်မနဲ့ယောက်ဖ ချိန်းတွေ့တာ အနှောက်အယှက် ဖြစ်နေပါဦးမယ် ၊ ဒီ သေရည်ဆိုင်မှာပဲနေပါတော့မယ်"

All Chapters