← Chapters

ဂိုဏ်းတူအစ်မ အမြဲတမ်းပြုံးနေရအောင် ကာကွယ်ပေးမယ်

Vol. 19 Ch. 261

ဂိုဏ်းတူအစ်မ အမြဲတမ်းပြုံးနေရအောင် ကာကွယ်ပေးမယ်

Vol. 19 Ch. 261

အခန်း (၂၆၁) ဂိုဏ်းတူအစ်မ အမြဲတမ်းပြုံးနေရအောင် ကာကွယ်ပေးမယ်

မှောင်ဝင်တိမ်တိုက်တောင် ၊ အနောက်ဘက်စခန်း။

နတ်မိစ္ဆာများစွာ ထိုနေရာသို့ ရောက်ရှိလာကြသည်။ သူတို့ခေါင်းဆောင်ဖြစ်သူက ကျောက်ဘီလူးနတ်မိစ္ဆာတစ်ယောက် ဖြစ်၏။

ထိုနတ်မိစ္ဆာများက ကျောက်ဆောင်ကျောက်သားများပမာ မာကျောကြပြီး အရေခွံများက ထူထဲကြလေရာ ဓားလှံလက်နက်များက သူတို့ကို ထိခိုက်စေနိုင်ခြင်း မရှိပေ။

"တစ္ဆေတိုင်းပြည်ရဲ့ ထောက်ပို့စခန်းက ဒီနေရာတစ်ဝိုက်မှာရှိရမယ်"

ကျောက်ဘီလူးနတ်မိစ္ဆာက ပြောလိုက်သည်။

သူ၏လက်ထဲတွင်လည်း သစ်သားပြားလေးတစ်ခုကို ကိုင်ထား၏။

သစ်သားပြားလေးထက်တွင် လက်သီးထိုးနှက်နေသည့် လူတစ်ယောက်အသွင်ကို မှုံဝါးဝါးတွေ့မြင်ရသော်လည်း ထိုသူ၏ လက်သီးချက်က အသက်ဝင်လှသည်။ စွမ်းအားမြင့်မားပြီး ရပ်တန့်နိုင်ခြင်းမရှိသည့်အသွင် ပေါ်လွင်လှသည်။

"ဒီသစ်သားပြားကို ရေးထွင်းထားတဲ့သူလည်း ဒီနားတစ်ဝိုက်မှာ ရှိရမယ်"

ထိုအချိန် နတ်မိစ္ဆာတစ်ယောက်က ကျောက်ဘီလူးနတ်မိစ္ဆာအနားသို့ ရောက်လာပြီး ရိုသေစွာဖြင့် စကားဆိုသည်။

"တပ်မှူး… ကျုပ်တို့ အခု တိုက်ခိုက်ကြတော့မလား"

ကျောက်ဘီလူးနတ်မိစ္ဆာက အသံသြသြကြီးဖြင့်…

"ကျုပ်တို့မှာ တာဝန် (၂)ခု ရှိတယ်"

သူက ဆက်ပြောသည်။

"တစ်ခုက တစ္ဆေတိုင်းပြည်ရဲ့ ထောက်ပို့စခန်းကို ဖျက်စီးပစ်ဖို့ပဲ ၊ နောက်တစ်ခုက ဒီသစ်သားပြားထွင်းထားတဲ့သူကို သတ်ဖြတ်ပစ်ဖို့ပဲ"

"ဘန်း…"

စကားဆုံးသွားသည်နှင့် သူက သစ်သားပြားလေးကို ချေမွပစ်လိုက်သည်။

ထို့နောက် သူက လက်အောက်ငယ်သားများကို မေးလိုက်၏။

"တစ္ဆေနှိမ်နင်းကျောက်တုံး ပျက်စီးသွားပြီလား"

"မပျက်စီးသေးဘူး ၊ ကျွန်တော် စစ်ဆေးကြည့်ပြီးပြီ ၊ ဘာမှ အမှားအယွင်း မရှိပါဘူး"

"ဒီစစ်ဆင်ရေးက ရှေ့တန်းစစ်မြေပြင်အတွက် သိပ်အရေးပါတယ် ၊ အမှားအယွင်းဖြစ်လို့ မရဘူး ၊ တစ္ဆေတိုင်းပြည်ကလူတွေက ငတုံးတွေများတယ် ၊ သူတို့ရှိတဲ့နေရာကို ခြေရာခံမိတာနဲ့ ဘာပြဿနာမှ မရှိတော့ဘူး ၊ ကျုပ်တို့ တာဝန်ပြီးဆုံးအောင် သေချာပေါက်လုပ်နိုင်လိမ့်မယ် ၊ ဒါပေမဲ့ သတိတော့ မပေါ့ဆကြနဲ့"

"အမိန့်အတိုင်းပါ တပ်မှူး"

"သွားကြစို့"

ကျောက်ဘီလူးနတ်မိစ္ဆာ၏ အသံသြသြကြီးက လူတိုင်း၏နားထဲ ဝင်ရောက်သွားသည်။

ထို့နောက် သူတို့အုပ်စု တောနက်အတွင်း ဝင်ရောက်လာပြီး တစ္ဆေတိုင်းပြည်၏ ထောက်ပို့စခန်းကို ရှာဖွေကြသည်။

ယခုတာဝန်က အလွန်အရေးကြီးလေရာ မြန်နိုင်သမျှမြန်မြန် တာဝန်ပြီးဆုံးဆောင် လုပ်ဆောင်ရမည်ဖြစ်ပြီး နှောင့်နှေးနေ၍ မဖြစ်ပေ။

***

ကျန်းလန် သေရည်ဆိုင်မှ ပြန်လာခဲ့သည်။

သူက ရှောင်ယွိကိုယ်စား အဋ္ဌမမင်းသားထံ လာရောက်တွေ့ဆုံခြင်းဖြစ်လေရာ သိပ်ပြီးအချိန်ကြာကြာနေရန် မလိုအပ်ပေ။ ထို့ပြင် သူသိချင်သည့်အချက်များကိုလည်း သိခဲ့ပြီးပြီ ဖြစ်သည်။

အဋ္ဌမမင်းသားသည်လည်း သူကဲ့သို့ပင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခုကို အမှတ်မထင် ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုရောင်ဝါက ခပ်ပါးပါး ဖြစ်သည့်တိုင် အခြားသူများထက်သာလွန်စေသည်ကတော့ အမှန်ပင်။

နဂါးမျိုးနွယ်တစ်ခုလုံး၏ ကံကြမ္မာကို ဆောင်ယူထားသည့် မွေးရာပါအင်မော်တယ် နဂါးမင်းသားကတော့ ထိုရောင်ဝါကြောင့်ပင် အနာဂတ်တွင် ကြီးမားသည့်ပြဿနာများကို ရင်ဆိုင်ရပေတော့မည်။

ထို့ပြင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိထားသူကို သတ်ဖြတ်လိုက်လျှင် ထိုရောင်ဝါက နတ်မိစ္ဆာများရှိရာသို့ ပြန်လည်ရောက်ရှိသွားနိုင်မည်လား။

ဤကိစ္စများက အလွန်ရှုတ်ထွေးလှပြီး ကျန်းလန်လည်း သိပ်နားမလည်ပေ။

ခွန်လွန်တောင်ကတော့ အားလုံးထက် ခြေတစ်လှမ်းသာနေဆဲဖြစ်သော်လည်း ဘာတွေဖြစ်နေသည်ကတော့ ပြောရန်ခက်ခဲသည်။

ဤသို့သော ကံကြမ္မာအခွင့်ကောင်းရောင်ဝါများအကြောင်းကို ရှေးဟောင်းစာအုပ်များထဲမှာပင် ရေးသားထားသည်ကို မတွေ့ရပေ။ နောက်မှ စာပေများပိုမိုဖတ်ရှုပြီး လေ့လာကြည့်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။

ကျန်းလန် ခွန်လွန်တောင်သို့ ပြန်လာခဲ့သည်။ နဝမတောင်ထွတ်သို့ ပြန်ရောက်လျှင် ဆက်လက်ကျင့်ကြံရမည် ဖြစ်သည်။

လောလောဆယ်တွင် သူ မကိုင်တွယ်နိုင်သည့်ကိစ္စရပ်များစွာ ရှိနေလေရာ စိတ်အေးအေးထားရန်သာ လိုအပ်သည်။

သို့သော် နဝမတောင်ထွတ်မရောက်ခင် တောအုပ်လေးအတွင်း ဖြတ်သန်းလာရင်း ကျန်းလန် တစ်စုံတစ်ခုတွေးလိုက်မိသည်။ ထို့နောက် ဓားကိုစီးနှင်ကာ ကျောက်စိမ်းရေကန်သို့ ထွက်ခွာလာခဲ့၏။

သူ ခွန်လွန်ဝတ်ကျောင်းတော်မှ ပြန်လာပြီဆိုသည့်အကြောင်း ရှောင်ယွိကို အကြောင်းကြားရန် မေ့လျော့နေခဲ့သည် မဟုတ်လား။

ထို့ကြောင့် ရှောင်ယွိကို အကြောင်းကြားရန် ကျောက်စိမ်းရေကန်သို့ ထွက်လာခြင်း ဖြစ်သည်။

ကျောက်စိမ်းရေကန်…

ကျန်းလန် ကျောက်စိမ်းရေကန်တည်ရှိရာတောင်ထိပ်သို့ ရောက်ရှိလာခဲ့သည်။

ထိုစဉ်…

နေရောင်ကိုကျောပေးထားပြီး သူ့ထံလမ်းလျှောက်လာနေသည့် မိန်းမပျိုလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုပုံရိပ်လေးကိုတွေ့မြင်သည်နှင့် ကျန်းလန်က စီးနှင်ထားသည့်ဓားကို ရပ်တန့်လိုက်ပြီး သူမကို စောင့်နေလိုက်သည်။

မိန်းမပျိုလေး၏ မျက်နှာထက်တွင် လှပသည့်အပြုံးတစ်စကို ဆင်မြန်းထားပြီး ရှည်လျားသည့် ဆံနွယ်တို့က နက်မှောင်စိမ်းလျလျှက် ရှိသည်။

နေရောင်ကိုကျောပေးထားလေသောကြောင့် သူမဝတ်ဆင်ထားသည့် အဝတ်အစားများက မီးရောင်ဆိုးထားသည့်ပမာ ထင်မှတ်ရသည်။

သူမ၏အလှတရားက အလွန်မှ ရင်သပ်ရှုမောဖွယ်ရာပင်။

သူမက လေထဲသို့ ခုန်ဝင်လိုက်ပြီး ကျန်းလန်ရှေ့သို့ ရောက်ရှိလာသည်။

"ဂိုဏ်းတူမောင်လေး"

သူမမျက်နှာသည်ကား ပြုံးရယ်လျှက်။

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မကို လာရှာတာလား"

ထိုမိန်းမပျိုလေးက ရှောင်ယွိပင် ဖြစ်၏။

ကျန်းလန်က သိမ်မွေ့သည့်လေသံဖြင့်…

"ခွန်လွန်ဝတ်ကျောင်းတော်က ကိုယ်ထွက်လာပြီဆိုတဲ့အကြောင်း ဂိုဏ်းတူအစ်မကို လာပြောတာပါ"

ရှောင်ယွိက…

"ဂိုဏ်းတူမောင်လေး နောက်ကို နည်းနည်းဆုတ်လိုက်"

ကျန်းလန်က ဓားကိုစီးနှင်ရင်း နောက်သို့အနည်းငယ် ပျံသန်းလိုက်သည်။

ရှောင်ယွိ : "…………"

ရှောင်ယွိက ကျန်းလန်နံဘေးသို့ ပျံသန်းလာပြီး…

"ဂိုဏ်းတူမောင်လေး ၊ ဓားပေါ်မှာပဲ နောက်ကို ခြေလှမ်းနည်းနည်းလောက် ဆုတ်ခိုင်းတာလေ"

ကျန်းလန် ပဟေဠိ ဖြစ်သွားသည်။

ပြီးမှ သူက ဓားပေါ်မှာပင် ခြေတစ်လှမ်းခန့် နောက်ဆုတ်လိုက်ပြီး ဓားသွားအနောက်နားတွင် ရပ်နေလေ၏။

ရှောင်ယွိက ကျန်းလန်၏ ဓားပေါ်သို့ ပျံသန်းဆင်းသက်လာသည်။ သူမ၏ မျက်နှာလေးကတော့ ပြုံးနေဆဲပင်။

"ရပြီ ဂိုဏ်းတူမောင်လေး ၊ သွားကြစို့"

ရှောင်ယွိက ပျော်ရွှင်စွာရယ်မောရင်း ပြောလိုက်ပြီး ကျန်းလန်နှင့်အတူဓားကိုစီးနှင်ကာ နဝမတောင်ထွတ်သို့ ပျံသန်းသွားလေတော့သည်။

ကျန်းလန် : "…………"

ဂိုဏ်းတူအစ်မက သူ၏ဓားကိုထိန်းချုပ်ပြီး ပျံသန်းနေသည်က လျှင်မြန်လွန်းလှသည်။

သူ ဂိုဏ်းသို့ရောက်သည်မှာ ကြာပြီဖြစ်သည့်တိုင် ဓားကို ထိုမျှမြန်မြန် တစ်ခါမှ မစီးနှင်ဘူးပေ။ ထိုသို့ စီးနှင်ခြင်းက အခြားသူများ သတိထားမိနိုင်သည်။

ယနေ့တော့ ပတ်ဝန်းကျင်မှာ မည်သူမှမရှိသောကြောင့် ကံကောင်းသည် ဆိုရမည်။

မဟုတ်လျှင်တော့…

ကျန်းလန်က သူ့ရှေ့တွင်ရပ်ရင်း ဓားကိုစီးနှင်နေသည့် လုန်ယွိအငယ်စားလေးကို ငုံ့ကြည့်လိုက်သည်။

"ဂိုဏ်းတူမောင်လေး… ရှင့်ကို ဓားပျံစီးတဲ့ နည်းလမ်းအသစ်တစ်ခု သင်ပေးမယ်လေ"

ရှောင်ယွိက ကျန်းလန်ကို လှည့်ကြည့်ရင်း အပြုံးလေးဖြင့် ဆိုသည်။

ကျန်းလန်က ခေါင်းညိတ်ရင်း...

"ကောင်းပြီလေ"

သူက ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကိုသာ အသုံးပြုလေ့ရှိသောကြောင့် ဓားပျံစီးသည့်နည်းလမ်းများကို သိပ်မသိပေ။

"ဝှစ်"

ရှောင်ယွိက ဓားကို ဦးဆောင်စီးနှင်ရင်း ကျန်းလန်ကို နဝမတောင်ထွတ်သို့ ခေါ်ဆောင်သွားသည်။

"ဝှစ်"

ကျန်းလန် ရင်ခုန်စိတ်လှုပ်ရှားမိသလို ဖြစ်နေဆဲ…

ရှောင်ယွိက ဓားကိုရပ်တန့်လိုက်၏။

သူတို့နဝမတောင်ထွတ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ရှောင်ယွိက အံ့အားသင့်ဟန်ဖြင့်...

"ကျောက်စိမ်းရေကန်က နဝမတောင်ထွတ်နဲ့ အတော်လေး နီးတာပဲ ၊ အရင်က တတိယတောင်ထွတ်ကို ဓားပျံစီးသွားတုန်းက အရမ်းကြာတယ်လို့ ထင်ရတယ်"

ရှောင်ယွိက ကျန်းလန်ကို လှည့်ကြည့်လိုက်ရင်း…

"အဲဒါ ဂိုဏ်းတူမောင်လေးကြောင့်ပဲ ဖြစ်ရမယ်"

ကျန်းလန်က…

"ဟင်… ဘာဖြစ်လို့လဲ ဂိုဏ်းတူအစ်မ"

ရှောင်ယွိက သူမ၏ညာဘက်လက်ကို ဘယ်ဘက်ရင်ဘတ်ထက်အသာတင်လိုက်ရင်း…

"ဘာလို့လဲဆိုတော့ ကျွန်မရဲ့ နှလုံးသားက ဂိုဏ်းတူမောင်လေးနဲ့ အတူတူရှိနေလို့ပေါ့"

ထိုစကားကိုကြားသည့်အခါ ကျန်းလန် အံ့အားသင့်သွားရသည်။

ပြီးမှ သူက ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားအောင် ကြိုးစားလိုက်ရင်း…

"နဝမတောင်ထွတ်ကိုသွားတဲ့လမ်းနဲ့ တတိယတောင်ထွတ်ကိုသွားတဲ့လမ်းက မတူလို့ဖြစ်မှာပါ"

ပြောပြီးသည်နှင့် ကျန်းလန်က ဓားပေါ်မှ ဆင်းသက်လိုက်သည်။

ရှောင်ယွိက ပြုံးနေရင်းဖြင့်ပင် ဓားပေါ်မှ ခုန်ဆင်းလိုက်ပြီး ကျန်းလန်နေထိုင်ရာ ခြံဝန်းဆီသို့ ဦးတည်ထွက်ခွာသွားသည်။

"ဂိုဏ်းတူမောင်လေး ၊ ရှင် ဝတ်ကျောင်းတော်မှ အချိန်အကြာကြီးနေခဲ့တော့ ပန်းပင်လေးတွေ သေကုန်ပြီလား မသိဘူး"

ကျန်းလန်က ဓားကိုသိမ်းဆည်းလိုက်ပြီး ရှောင်ယွိနောက်သို့ ပြေးလိုက်သွားသည်။

"သူတို့က အသက်ပြင်းပါတယ်"

သူတို့ (၂)ယောက် ခြံဝန်းဆီသို့ အတူတူလျှောက်လာကြရင်း ကျန်းလန်က အဋ္ဌမမင်းသားအကြောင်း ပြောပြသည်။

"အဋ္ဌမမင်းသား တောင်ခြေသေရည်ဆိုင်မှာ ရောက်နေတယ် ၊ သူပြောတာတော့ မိစ္ဆာတွေအလိုက်ခံရလို့တဲ့"

ကျန်းလန်က အဖြစ်အပျက်ကို အကျဉ်းချုံးရှင်းပြလိုက်ပြီး လုန်မန် အန္တရယ်ကင်းကြောင်းကိုလည်း ပြောပြလိုက်သည်။ ရှောင်ယွိက သူမ၏မောင်ငယ်ကို ဂရုစိုက်ကြောင်း သူ သိရှိလေသည်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ သူ့ကို သွားတွေ့ဦးမလား"

ရှောင်ယွိက ခေါင်းအသာခါယမ်းရင်း…

"သွားတွေ့ရင် ကျွန်မကလုန်ယွိပုံစံနဲ့ သွားရမှာလေ ၊ သူ့ကို ဘာပြောရမှန်းလည်း မသိဘူး ၊ သူ အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ ၊ သူ့ဆီ သွားမတွေ့လည်း ဘာမှမဖြစ်ဘူးမဟုတ်လား"

ရှောင်ယွိက လုန်မန်ကို စိတ်ပူပန်နေသည့်တိုင် မည်သို့ထုတ်ဖော်ပြသရမှန်းမသိ ဖြစ်နေကြောင်း ကျန်းလန် နားလည်လိုက်သည်။

ထိုကိစ္စများနှင့်ပတ်သက်ပြီး သူလည်း ရှောင်ယွိကို သင်ပြမပေးတတ်ပေ။

လုန်မန်က အစစ်အမှန်အင်မော်တယ်အဆင့်ရောက်နေချိန် ရှောင်ယွိက မရှိမှုအာကာသအဆင့်မျှသာရှိနေသေးရာ မောင်ငယ်ဖြစ်သူရှေ့တွင် သူမ၏ ကျင့်ကြံခြင်းအဆင့်က အားနည်းနေသည်ကိုလည်း အနည်းငယ် ခံရခက်ဟန်ရှိသည်။

တကယ်တော့ ရှောင်ယွိက လုန်မန်ကို တွေ့ချင်ပါလျှက် မဝံ့မရဲဖြစ်နေခြင်းပင်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ သွားချင်တယ်ဆိုရင် ကိုယ်လိုက်ပို့မယ်လေ"

တစ်ယောက်တည်းသွားမည်ဆိုလျှင် ရှောင်ယွိအနေဖြင့် အနေခက်နိုင်သော်လည်း တစ်ယောက်ယောက်က သူမကို အဖော်ပြုပေးလျှင်တော့ သင့်တော်မည်ဖြစ်သည်။

ရှောင်ယွိက စားပွဲလေးကိုမှီကာထိုင်လိုက်ရင်း ကျန်းလန်ကို ကြည့်လိုက်သည်။

ပြီးမှ ရယ်သံစွက်သည့်အသံလေးဖြင့်…

"ဂိုဏ်းတူမောင်လေးက ကျွန်မအပေါ် အရမ်းကောင်းတာပဲ"

ကျန်းလန် မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။

တကယ်ဆို ရှောင်ယွိက သူ့အပေါ် ပို၍ပင်ကောင်းသေးသည် မဟုတ်လား။ သူကတော့ အရေးမပါသည့် အသေးအဖွဲလေးများကိုသာ ကူညီခြင်း ဖြစ်သည်။

ရှောင်ယွိက…

"ကျွန်မတို့ ဘယ်တော့သွားကြမလဲ"

"မနက်ဖန်မှ သွားကြတာပေါ့... ခုချိန်ဆို အဋ္ဌမမင်းသား အနားယူနေလောက်ပြီ"

ကျန်းလန်က တွေးတွေးဆဆဖြင့် ဆိုသည်။

နေဝင်တော့မည်ဖြစ်ရာ အဋ္ဌမင်းသားလည်း အနားယူနေလောက်ပြီပင်။ ဒဏ်ရာများလည်းရထားလေရာ အနားယူရန်လိုအပ်သည် မဟုတ်လား။

ရှောင်ယွိက ပြုံးလိုက်ရင်း...

"ဒါဖြင့် ဒီည ကျွန်မ ဂိုဏ်းတူမောင်လေးကို အဖော်ပြုပေးမယ် ၊ မနက်ဖန်မှ အတူတူတောင်အောက်ဆင်းကြမယ်လေ"

ကျန်းလန်က ခေါင်းညိတ်ရင်း...

"ကောင်းပြီလေ"

ရှောင်ယွိက ယခုပင် နဝမတောင်ထွတ်သို့ ရောက်လာသည်ဖြစ်လေရာ သူမ ပြန်ချင်ပုံ မရတော့ပေ။

"ဝှစ်"

သူမက အိမ်ခေါင်မိုးထက် ပျံသန်းသွားပြီး ခေါင်းမိုးထက်တွင် ထိုင်လိုက်သည်။

ထို့နောက် သူမဘေးမှ နေရာလွတ်ကို လက်ဖြင့်အသာပုတ်ပြရင်း…

"ဂိုဏ်းတူမောင်လေး... ဒီမှာလာထိုင်"

ကျန်းလန်က သူမကိုလှမ်းကြည့်လိုက်ပြီး ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားကာ ခေါင်မိုးထက်ခုန်တက်လိုက်သည်။

ရိပ်ခနဲဖြင့်ပင် သူ ရှောင်ယွိနံဘေး မလှမ်းမကမ်းသို့ရောက်သွားပြီး နေရာတွင် ဝင်ထိုင်လိုက်သည်။

ရှောင်ယွိက သူမနှင့် ခပ်ခွာခွာဖြစ်နေသည့် ကျန်းလန်ကို လှမ်းကြည့်ရင်း…

"ဂိုဏ်းတူမောင်လေး... ဒီနားတိုးစမ်းပါ... ရှင်ကလေ... အဘိုးကြီးကျနေတာပဲ"

ဟုတ်သည်လေ ၊ တကယ်တော့ သူလည်း မငယ်တော့ဘူး မဟုတ်လား ဟု ကျန်းလန်ကတွေးမိ၏။

သူက နူးညံံ့သည့်လေသံဖြင့်...

"ဒါတော့ ဂိုဏ်းတူအစ်မက အသက်ငယ်သေးလို့ဖြစ်မှာပါ"

ရှောင်ယွိက ကျန်းလန်အနားသို့တိုးကပ်ထိုင်လိုက်ရင်း ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

"ဒါဖြင့် ကျွန်မက ဂိုဏ်းတူမောင်လေးကိုလည်း ပိုပြီးငယ်သွားအောင် လုပ်ပေးမယ်လေ"

"အင်း... တကယ်တော့ ဂိုဏ်းတူအစ်မက ကိုယ့်ထက်အသက်ပိုငယ်နေတာ မကောင်းဘူးလား ၊ ကိုယ်က ဂိုဏ်းတူအစ်မကို ကာကွယ်ပေးနိုင်တာပေါ့"

ကျန်းလန်က နူးညံ့စွာဆိုသည်။

"ကျွန်မကပဲ ဂိုဏ်းတူမောင်လေးကို ကာကွယ်ပေးမှာပါနော်... ၊ ကျွန်မက အခု ရှင့်ထက် တန်ခိုးစွမ်းအား ပိုမြင့်မားတယ်ဆိုတာ သိတယ်မဟုတ်လား"

ရှောင်ယွိက ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။

ကျန်းလန်က ရှောင်ယွိကို လှမ်းကြည့်လိုက်ရင်း…

"ကိုယ်က ဂိုဏ်းတူအစ်မ အမြဲတမ်းပြုံးနေရအောင် ကာကွယ်ပေးမယ်လို့ ပြောချင်တာပါဗျာ..."

ကျန်းလန်၏စကားသံက နူးညံ့သော်လည်း အလေးအနက်ထားကာ ပြောဆိုလိုက်ခြင်း ဖြစ်တော့၏။

All Chapters