အိပ်ပျော်နေတဲ့ မင်းသမီးလေး (၅)
Vol. 4 Ch. 195
နောက်တစ်နေ့မနက်ကျတော့ ကျွန်မတို့တွေအားလုံး စထရာဘာ့ဂ်တက္ကသိုလ်ကိုသွားပြီး အခြေအနေကြည့်ဖို့ ဖြစ်လာပါတယ်။ မွေ့ရာထက်မှာ ဖယောင်းရုပ်ထုတစ်ခုလို အိပ်ပျော်နေတဲ့ မာစီးဒီးကို ကူညီပေးဖို့ ကျွန်မတို့တွေ တတ်နိုင်တာဆိုလို့ သူနဲ့တွဲသွားတွဲလာလုပ်ခဲ့တဲ့ ပတ်ထရာကိုရှာမှပဲ ဖြစ်တော့မှာပါ။
“ဟိုလေ... ကျောင်းပြောင်းသွားတာတို့ဘာတို့ဖြစ်ရင်ရော ဘယ်လိုလုပ်ကြမလဲ။” ကျွန်မက မေးလိုက်တော့ မိုနီကာက ပခုံးတွန့်ပြပါတယ်။
“အရင်ဆုံး ပါမောက္ခတွေကို မေးကြည့်တာပေါ့။” အယ်မာက အခုလိုပြောလိုက်ရင်းနဲ့ ကားပေါ်ကနေအထာကျကျ ဆင်းလိုက်ပါတယ်။ ပြီးတဲ့နောက်တော့ ကျွန်မ၊နက်ဆန်နဲ့ မိုနီကာတို့ကိုလှည့်ကြည့်လိုက်ပြီး
“ကျွန်မက ဒီနေရာမှာ တရားဝင်အဖွဲ့အစည်းတစ်ခုက အရာရှိဖြစ်နေတယ်။ ဒီတော့ ပညာရေးအဖွဲ့တစ်ခုခုဆီက အချက်အလက်တောင်းခံနိုင်တဲ့အာဏာရှိတာမလို့ ကျောင်း ပညာရေးအဖွဲ့ဆီ သွားလိုက်ပါမယ်။ ရှင်တို့ကတော့ ဒီမှာ နေရင်းနဲ့ သူ့ကိုလိုက်ရှာကြည့်ပေါ့။
အယ်မာက စကားဆုံးဆုံးချင်းမှာပဲ ဒါလီယာဆိုတဲ့ ကြောင်တောင်တောင်ကောင်မလေးကို ဆွဲခေါ်သွားပြီး ဆရာတွေရုံးခန်းရှိတဲ့အဆောင်ကို ပြေးသွားလိုက်တယ်။ ကျွန်မကတော့ ပတ်ဝန်းကျင်ကိုလိုက်ပြီးတော့ နည်းနည်း မျက်စိကစားကြည့်တယ်။
ကျောင်းကြီးက နီယိုရီနေးဆန့်စတိုင်ဆောက်ထားတာဖြစ်ပြီး ကျောင်းကြီးဆိုတာထက် နန်းတော်ကြီးတစ်ခုနဲ့တောင်မှ တူနေသေးတယ်။ ကျောင်းသားတွေက မီးခိုးရောင်ဖြစ်ပြီး ဝင်ပေါက်တံခါးတွေအားလုံးကို အနက်ရောင်သစ်သား ဘောင်နဲ့ခတ်ထားတဲ့ မှန်တံခါးချပ်ကြီးတွေတပ်ဆင် ထားခဲ့တာ။
ကျောင်းဝင်းတစ်ခုလုံးက စိမ်းစိုနေပြီးတော့ စထရာဘာ့ဂ် မြို့လယ်ခေါင်တည့်တည့်မှာ ညှင်းဖဲပွင့်တစ်ပွင့်ရဲ့ပုံစံအတိုင်း ထီးထီးကြီး တည်ရှိလို့နေတယ်။
နောက်တော့ ကျွန်မအကြည့်တွေက ကျောင်းဝင်းထဲမှာ သွားလာနေကြတဲ့ ကျောင်းသူကျောင်းသားတွေဆီကို ရောက်သွားခဲ့ပါတယ်။ သူတို့တွေအကုန်လုံးက တစ်နေရာကို စိုက်ကြည့်နေကြပြီး ဦးတည်ရာကကျွန်မတို့နဲ့ အတော်လေး နီးပါတယ်။ ကျွန်မလည်းသူတို့အကြည့်တွေရဲ့လားရာကို လှည့်ကြည့်လိုက်တော့ နက်ဆန်ကိုကြည့်နေတာ။
“ဟမ်....” ကျွန်မ မျက်လုံးတွေက ကျဥ်းမြောင်းသွားပြီး ဒေါသက ထောင်းခနဲထွက်သွားတယ်။ အနားကနေ ကျောင်းသူတစ်သိုက်ဖြတ်သွားတော့ နက်ဆန်ကို သမင်လည်ပြန်ငေးကြည့်နေကြပြီး ကျွန်မကိုတောင် ဝင်တိုက်လုနီးပါးပဲ။
“ဟယ်... အဲဒီကောင်လေးက ချောလိုက်တာ၊ ကျောင်းသား အသစ်လားမသိဘူးနော်။”
အကုန်လုံးက နှာဘူးမတွေချည်းပဲ။
ဒါပေမဲ့ ကျွန်မတစ်ခုခုမလုပ်နိုင်သေးခင်မှာပဲ မိုနီကာက အရင်ဆုံး စလှုပ်ရှားလိုက်တယ်။ သူက နက်ဆန်ရဲ့ညာဘက် လက်ကိုဆွဲယူလိုက်ပြီး သူ့ရင်ခွင်ထဲထည့်လိုက်တာ။ ပြီးတော့ ပခုံးလေးတောင် မှီလိုက်သေးတယ်။
‘ကောင်မတွေ၊ ဒါလင်က ငါ့အပိုင်' ဆိုပြီးတော့ လူသိရှင်ကြား ကြေညာလိုက်တာပဲ။
ဒီတော့ ကျွန်မလည်းပဲ အားကျမခံ နက်ဆန်ရဲ့ဘယ်လက်ကို ဆွဲယူပြီးတော့ ရင်ခွင်ထဲထည့်ထားလိုက်တာပေါ့။
အိကျိ....
ကျွန်မရင်က နက်ဆန်ရဲ့နွေးထွေးတဲ့လက်ကိုထိတွေ့မိတော့ အလိုလိုနေရင်း ရင်ခုန်မြန်လာတယ်။ နက်ဆန်က ကျွန်မတို့ နှစ်ယောက်ရဲ့လုပ်ရပ်ကြောင့် အံ့အားသင့်နေပုံရပြီးတော့ နားတွေနီရဲနေတာပဲ။
“ဟိုဘက်က ဆွီတီ... ဒါလင်ကို ငါအရင်ဖက်ထားတာနော်။ သူများလုပ်တိုင်းလိုက်လုပ်တာ စျေးပေါတယ်လို့ မထင်ဘူးလား။” မိုနီကာက မကျေမနပ်နဲ့ပေါ့။
ကျွန်မကလည်း “ဟဲ့စဘူးဘတ်မ၊ နင်တစ်ယောက်တည်း နက်ဆန်ကိုဖက်လို့ရမယ်လို့ ဘယ်သူကစည်းကမ်းပြဌာန်း ထားလို့လဲ။”
ဒီလိုနဲ့ကျွန်မတို့နှစ်ယောက် နက်ဆန်ကိုအလယ်မှာထားပြီး အတင်းဆွဲလုကြရင်းနဲ့...
ဗျိ....
နက်ဆန်ဝတ်ထားတဲ့ဂျာကင်အင်္ကျီလက်က ကျွန်မကြောင့် ပြဲသွားတော့တာပဲ။ နောက်တော့ နက်ဆန်က ကျွန်မတို့ နှစ်ယောက်လုံးဆီကနေ ရုန်းထွက် ဆောင့်ကြောင့်ထိုင်ချရင်း ပြဲသွားတဲ့ ဂျာကင်ကိုချွတ် လက်ထဲမှာကိုင်ကြည့်ရင်း တွေတွေကြီးစိုက်ကြည့်လို့။
“ငါ့အင်္ကျီ အသစ်လေး။ မော်လီတော့ ငါ့ကိုဆူတော့မှာပဲ။”
ရှားရှားပါးပါး ထွက်လာတဲ့ သူ့ဆီက စကားသံကြောင့် ကျွန်မရောမိုနီကာပါ ကြောင်တောင်ကြီးနဲ့ အဲဒီမြင်ကွင်းကို စိုက်ကြည့်နေမိတယ်။ နောက်တော့မိုနီကာက သူ့လက်သည်း အရှည်တွေကို ကိုက်ရင်းနဲ့...
“မဟုတ်မှလွဲရော... အဲဒီအိမ်ဖော်အဒေါ်ကြီးက ဒါလင့်ရဲ့နှလုံးသားကို တိတ်တဆိတ်သိမ်းပိုက်ထားတဲ့ လျှို့ဝှက်ဘော့စ်ကြီးများလား။”
“.....”
‘စဥ်းစားကြည့်ခါမှ မဖြစ်နိုင်တာတော့ မဟုတ်ဘူးပဲ။'
...
ကျွန်မတို့နှစ်ယောက်ကြားက ရန်ပွဲကို ယာယီလက်စသတ် ပြီးတဲ့နောက်မှာ ပတ်ထရာကို လူခွဲရှာဖို့ဖြစ်လာခဲ့ပါတယ်။ အယ်မာကတော့ အခုထိပြန်မလာသေးဘူး။ နက်ဆန်က ကျောင်းအဆောက်အဦးထဲဝင်ပြီး စာသင်ခန်းတွေကို လိုက်ကြည့်ဖို့ တာဝန်ယူထားတယ်။ ကျွန်မကတော့ ကျောင်းဆောင်ကိုလက်ယာရစ်ပတ်ပြီးရှာမှာဖြစ်ပြီး မိုနီကာကတော့ လက်ဝဲရစ်ပတ်ရှာမှာပါ။
ပတ်ထရာတစ်ယောက် ကျောင်းမှာရှိမနေတာလည်း ဖြစ်နိုင်ပေမဲ့ လောလောဆယ်တော့ ဒီနေရာမှာအခြေအနေ ကြည့်ရမယ်လေ။
ဒါပေမဲ့ ကံကောင်းတယ်လို့ဆိုရမလား... လည်ပင်းပေါက် ခပ်ကျယ်ကျယ်ရှိပြီး ပခုံးညာဖက်တစ်ခြမ်းလုံးပေါ်နေတဲ့ ပွပွတီရှပ်ကြီးကို ဝတ်ဆင်ထားတဲ့ မိန်းကလေးက ကျွန်မ မြင်ကွင်းထဲကို ဝင်လာခဲ့တယ်။
လက်သည်းတွေကိုအနက်ရောင်ဆိုးထားပြီး လည်ပင်းမှာ အနက်ရောင်လည်ပတ်ရှိသလို ဆံပင်ကလည်းအီမိုကေနဲ့။ မာစီးဒီးရဲ့ဒိုင်ယာရီထဲက ကောင်မလေးနဲ့မတူဘူးလား။ နောက်တစ်ခုက အဲဒီမိန်းကလေးရဲ့လက်မှာအပြာရောင် ကျောက်မြုပ်နှံထားတဲ့ ငွေလက်စွပ်တစ်ခုရှိနေပြီး ကျောင်းဝင်းပန်းခြံထဲက ရေပန်းရှေ့မှာ ရပ်ကြည့်နေတာပါပဲ။
“တကယ်ပဲ ငါ့အမှားလား....”
ကျွန်မအနားကိုရောက်လာတော့ သူတစ်ခုခုကို ရေရွတ်လိုက်တာ သတိထားမိတယ်။ သူက ရေပန်း အောက်ခြေက လှိုင်းထနေတဲ့ ရေကန်ကိုပဲစိုက်ကြည့် နေခဲ့တာပါ။ ရေကန်ထဲမှာတော့ နှစ်ပေါင်းများစွာကတည်းက ပစ်ချထားပုံရတဲ့ အကြွေစေ့တချို့။
“ဟိုလေ... ရှင်က ပတ်ထရာများလား။” ကျွန်မက သူ့ဘေးမှာ ရပ်လိုက်ပြီးတော့ ခါးကိုကိုင်းကာ နှုတ်ဆက်လိုက်ပေမဲ့ ပတ်ထရာဆီကနေပြီး နွေးထွေးတဲ့ကြိုဆိုမှုကိုတော့ မရခဲ့ပါဘူး။
“နောက်ထပ် ရောက်လာကြပြန်ပြီလား။ ကျွန်မသိထားသမျှ အကုန်ပြောခဲ့ပြီးသား။ ကျွန်မ သူ့ကို ဘာမှမလုပ်ခဲ့ဘူး။”
သေချာတယ်၊ ပတ်ထရာပဲ။
ပတ်ထရာက ကျွန်မနားကနေ ထွက်ပြေးဖို့အတွက် ကြိုးစားခဲ့ပေမဲ့ ကျွန်မက ပတ်ထရာရဲ့လက်ကို ဖမ်းဆွဲ ထားခဲ့ပါတယ်။
“ ကျေးဇူးပြုပြီးတော့... ရှင်က မာစီးဒီးကို ကယ်ဖို့အတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်နေလို့ပါ။”
ကျွန်မ သူ့လက်ကိုဖမ်းဆွဲထားလိုက်တယ်။ အလိုလိုသိစိတ်နဲ့ လုပ်ခဲ့မိတာဖြစ်ပြီး အခုအချိန်မှာပတ်ထရာကို လွှတ်ပေးဖို့ မဖြစ်နိုင်မှန်း ကျွန်မသိနေခဲ့တာလေ။
“နေ့တိုင်း နေ့တိုင်းနေ့တိုင်း.... တစ်ယောက်ပြီး တစ်ယောက်က ငါ့ကိုလာပြီးနှောင့်ယှက်နေကြတာ။ ဟုတ်တယ်၊ အဲဒါငါပဲ။ ငါက သူ့ကိုထာဝရအိပ်ပျော်အောင် လုပ်ခဲ့တာ။ ငါကျိန်စာတိုက်ခဲ့တာပဲ။ နင်တို့အခုပျော်ပြီလား။”
ကျွန်မဆီကနေ ရုန်းထွက်လို့မရတဲ့နောက်မှာတော့ ပတ်ထရာရဲ့မျက်လုံးတွေက မျက်ရည်တွေနဲ့ဝိုင်းလာပြီး ကျွန်မကိုပြန်အော်ဟစ်လိုက်တယ်။ သူ့ပုံစံက အရာရာကို ဆုံးရှုံးထားရတဲ့သူလိုပဲ။ ဒါကြောင့် ကျွန်မသူ့ကိုလွှတ်ပေးပြီး ခေါင်းခါပြလိုက်တယ်။
“ဒါက ရှင်နဲ့ဘာမှမဆိုင်မှန်း ကျွန်မသိပါတယ်။ ကျွန်မက ရှင့်ဆီကနေ တစ်ခုလောက်သိချင်ရုံပါ။”
...
အဲဒီနောက်တော့ ကျွန်မတို့တွေ ကျောင်းဝင်းထဲက ခုံတန်းတစ်ခုမှာ အတူထိုင်ဖြစ်နေကြတယ်။ နှစ်ယောက်လုံး လက်ထဲမှာတော့ ဖန်တာလိမ္မော်ရည်ပုလင်းတစ်လုံးစီ ကိုင်လို့ပေါ့။
“ဒါဆို ဒီတစ်နှစ်ပတ်လုံး သူတို့တွေက ရှင့်ကိုလာလာပြီး မေးမြန်းစုံစမ်းနေခဲ့တာလား။”
ပတ်ထရာဆီကနေ အကြောင်းစုံကိုကြားပြီးတဲ့နောက် ကျွန်မ မအံ့ဩခဲ့ပါဘူး။ မားစီးဒီး ထူးဆန်းစွာအိပ်မောကျပြီးတဲ့ နောက်မှာတော့ EUOCရဲ့ဩဇာအာဏာရှိသူတစ်ယောက် ဖြစ်တဲ့ ဖရက်ဒရစ်က ပညာရှင်ပေါင်းစုံကိုခေါ်ပြီး အဖြေရှာဖို့ကြိုးစားခဲ့တယ်။
မာစီးဒီးအိပ်မပျော်သွားခင် နောက်ဆုံးတွေ့ခဲ့တဲ့သူက ပတ်ထရာဖြစ်နေတာကြောင့် သံသယအဝင်အခံရဆုံး လူတစ်ယောက်ဖြစ်ခဲ့ပြီး ခဏခဏလာစစ်မေးတာကို ခံခဲ့ရတာ။ ပြောရရင်တော့ သူ့အတွက်မတားခဲ့ဘဲ ခက်ခဲတဲ့ အချိန်တစ်ခုဖြစ်ခဲ့တာပါ။
“ဒါပေမဲ့ အဲဒီနေ့က တကယ်ပဲဘာဖြစ်ခဲ့တာလဲ။”
ကျွန်မက မာစီးဒီးကိုကူညီဖို့အတွက်လို့ပြောပြီး မေးကြည့်တော့ ပတ်ထရာက ခေါင်းခါပြလိုက်တယ်။
“ပြောရရင် အဲဒီမေးခွန်းကို မေးတဲ့သူက တစ်ဒါဇင်မကဘူး။ ဒါပေမဲ့မာစီးဒီးကတော့ အိပ်နေတုန်းပဲ။
အပ်ကြောင်းထပ်နေအောင် ငါဖြေခဲ့တဲ့အတိုင်းပြောရရင် အဲဒီနေ့က မာစီးဒီးကပျော်နေတဲ့ပုံစံနဲ့ ငါ့ဆီရောက်လာပြီး ဒီလက်စွပ်ကို အတင်းဝတ်ခိုင်းတယ်။ အဲဲဒီနောက်တော့ ဒီရေကန်ထဲမှာ အကြွေပြားတစ်ပြားပစ်ထည့်ပြီးတော့ သူ့ဘာသာတစ်ယောက်တည်း ဆုတောင်းတော့တာပဲ။ နောက်တော့....”
“နောက်တော့ ဘာဆက်ဖြစ်တာလဲဟင်။” ကျွန်မက စိတ်ဝင်စားလာပြီး မေးကြည့်တယ်။ ပတ်ထရာက နောက်ဖြစ်မယ့်အရာကိုပြောရမှာ ရှက်နေတဲ့ပုံစံနဲ့ မျက်နှာနီရဲသွားပြီး မျက်လွှာကိုချထားလိုက်လေရဲ့။
“ငါ့ကို နမ်းလိုက်လို့ပြောပြီး မြေပေါ်ကိုပုံကျ သွားတာ။ ပြီးတော့ ဘယ်လိုနှိုးနှိုး နိုးမလာတော့ဘူး။”
“......” မာစီးဒီးက သူ့ရှေ့မှာတင် အိပ်ပျော်သွားခဲ့တာလား။ ဘာပဲပြောပြော နောက်သဲလွန်စတစ်ခုခုတော့ ရပြီထင်တာပဲ။
“နင်တို့က ဒီရောက်နေတာကိုး....”
အယ်မာရဲ့အသံကြားလို့ ကျွန်မလှည့်ကြည့်လိုက်မိတယ်။ ဒါလီယာကအိပ်ပျော်နေပြီး အယ်မာကသူ့ကို ကုန်းပိုးထားရ ပါတယ်။ ဒီတော့အယ်မာရဲ့အင်္ကျီကို ခပ်တင်းတင်းဆွဲစေ့ ထားလိုက်သလိုဖြစ်နေပြီး အယ်မာရဲ့ဝမ်းဗိုက်က ညီညာမနေတော့ဘဲ ပူထွက်သလိုဖြစ်နေတာကို သေချာမြင်နေရတယ်။
“ ကျောင်းကဆရာတွေနဲ့ စကားပြောပြီး ပတ်ထရာဒီမှာ ထိုင်လေ့ရှိတယ်ကြားတာနဲ့ လာကြည့်ဖြစ်တာ။”
ကျွန်မကတော့ အယ်မာပြောတဲ့ အရေးမပါတဲ့စကားတွေကို အာရုံစိုက်မနေဘဲ အယ်မာ့လက်ကိုဆွဲ အနားမှာဝင်ထိုင်ဖို့ ဖိတ်ခေါ်ရင်း စိတ်လှုပ်ရှားစွာနဲ့ ပြောမိတော့တာပေါ့။
“အယ်မာ... ကျွန်မတို့ တစ်ခုခုသိရပြီထင်တယ်။ မာစီးဒီးက အိပ်ပျော်မသွားခင် ပတ်ထရာကို သူ့ကိုနမ်းပါဆိုပြီး ပြောသွားခဲ့တယ်တဲ့။”
အယ်မာကတော့ အဲဒီအတွက်သိပ်ပြီး အံ့ဩနေတဲ့ပုံ မပေါ်ပါဘူး။ ကြည့်ရတာ တခြားကြိုးစားခဲ့ဖူးတဲ့သူတွေ ဆီကနေပြီးတော့ ကြားဖူးထားပုံပဲ။
“ဒါပေမဲ့ ပတ်ထရာက ဒီအကြောင်းတွေကိုပြောပြ ထားပြီးသားဆိုရင် ဘာလို့တစ်ယောက်မှ အဲဒါကို ကြိုးစားမကြည့်ရတာလဲ။”
ဘုတ်...
အယ်မာက အိပ်ပျော်နေတဲ့ဒါလီယာကို ထိုင်ခုံမှာနေရာချ ပေးပြီးတဲ့နောက်တော့ ကျွန်မခေါင်းကိုခေါက်လိုက်တယ်။
“ဘယ်သူက အဲဒီလိုလုပ်ရဲမှာလဲ။ ကိုယ်စားလှယ် ဖရက်ဒရစ်က လူပုစိတ်တိုလေ။ ပြီးတော့ စမ်းကြည့်လို့မှ အလုပ်မဖြစ်ရင် ပတ်ထရာက မာစီးဒီးကိုအသားယူဖို့ ကြိုးစားပါတယ်ဆိုပြီးဖြစ်သွားလိမ့်မယ်။”
ဒါလည်းဟုတ်တာပဲ။
ကျွန်မ ပတ်ထရာကိုကြည့်လိုက်တယ်။ သူ့ကိုကြည့်ရတာ လိမ်ပြောမယ့်ပုံမပေါ်ဘူး။ မကြာခင်မှာပဲ ကျွန်မခေါင်းထဲမှာ ရူးသွပ်စရာကောင်းတဲ့ အကြံဉာဏ်တစ်ခုပေါ်လာခဲ့လေရဲ့။
“ဘာပဲပြောပြောကျွန်မတို့က အမှောင်ကျောင်းတော်က။ ရှင်တို့ရဲ့အသုံးမဝင်တဲ့ လူအိုကြီးကို ကြောက်စရာမလိုဘူး။ မင်းသမီးလေးကို ကုသပေးဖို့ဆိုပြီး တစ်နေရာကိုခေါ် ပတ်ထရာကိုပေးနမ်းလိုက်လို့ မရဘူးလား။ အားလုံး မသိချင်ယောင်ဆောင်ပေးဖို့ပဲလိုတာ။”
မာစီးဒီးကိုနမ်းရမယ်ဆိုတဲ့အကြံကို အကောင်အထည်ဖော်ဖို့ လုပ်လေလေ ပတ်ထရာမျက်နှာက ဖြူဖျော့လာလေလေပဲ။ ကျွန်မကတော့ ကျန်တဲ့သူတွေအားလုံးကို နေရာမှာလာတွေ့ဖို့ ဖုန်းဆက်ခေါ်လိုက်ပြီး ရထားတဲ့အချက်အလက်တွေ အကုန်လုံးကို မျှဝေလိုက်ပါတယ်။
...
“အဓိပ္ပါယ်တော့ ရှိလာပြီပဲ။” နက်ဆန်က ကျွန်မပြောခဲ့တဲ့ အရာတွေကို ဆက်စပ်တွေးတောပြီးနောက်မှ အတွေးတစ်ခု ရလာတဲ့ပုံပဲ။
“လက်စွပ်တွေကိို မသုံးခင် ရေကန်ထဲကို ဒင်္ဂါးပြားတစ်ပြား ပစ်ချခဲ့တယ်မဟုတ်လား။”
နက်ဆန်ကမေးတော့ ပတ်ထရာက ခေါင်းညိတ်ပြပါတယ်။ နက်ဆန်က “အဲဒီထုံးတမ်းက ရေကန်စောင့်နတ်ကို ပသတာပဲ။ လက်စွပ်တွေကတော့ သာမန်ပဲ။ ဆုတောင်းအတွက် သက်သေတစ်ခုအနေနဲ့ပဲ ရှိတယ်လို့ပြောရမလား။ တကယ်တမ်းဆုတောင်းနဲ့ မားစီးဒီးကိုချိတ်ဆက်ပေးခဲ့တာက ဆုတောင်းတဲ့နည်းလမ်းပဲ ဖြစ်လိမ့်မယ်။”
အယ်မယကလည်း ခေါင်းညိတ်လိုက်ပြီးတော့ “ရေကန်စောင့်နတ်လို နတ်အငယ်စားလေးတွေက သိပ်စွမ်းအားမကြီးပေမဲ့ ဆုတောင်းတချို့ကိုဖြည့်နိုင်စွမ်း ရှိကြတယ်။ အခုရေပန်းက ကျောင်းသားတွေကြားထဲမှာ ဖူးစာဆုံစေတဲ့ရေပန်းအဖြစ် နာမည်ကြီးတဲ့အတွက် ဆုတောင်းနည်းနဲ့တွေ့တဲ့အခါ ဒီအတိုင်းဖြစ်သွားတာပဲ။”
ကျွန်မကိုယ်တိုင်လည်း အနည်းအပါးတော့သဘောပေါက် လာခဲ့ပါပြီ။ ဒါကြောင့်ဝင်ပြောလိုက်မိတော့တာပေါ့။
“အခုက ဆုတောင်းတစ်ခုကြောင့်ဖြစ်လာတာဆိုတော့ ကျိန်စာမဟုတ်ဘူးပေါ့နော်။ အဲဒါကြောင့်ရှင်တို့တွေ ဘယ်လိုရှာရှာ မရဖြစ်နေတာပဲ။”
“အင်း...” အယ်မာက ကျွန်မကိုထောက်ခံလိုက်တယ်။ ကျွန်မကတော့ ဝမ်းသာအားရ ဆက်ပြောမိတာပေါ့။
“ဒါဆိုရင်ဆုတောင်းက အချစ်စစ်ရဲ့အနမ်းနဲ့မှ နိုးထပါစေတို့ဘာတို့များ ဖြစ်နေမလား။ ခေါင်းမာတဲ့ ဖေဖေကြီးကို ပညာပေးဖို့တို့ဘာတို့လေ။”
အားလုံးက ကျွန်မရဲ့ပေါက်ပေါက်ရှာရှာအတွေးတွေကြောင့် အံ့အားသင့်နေပုံရပြီး ပြိုင်တူစိုက်ကြည့်လိုက်ကြတယ်။ ဒါမျိုးက လူငယ်တွေဖတ်တဲ့ အချစ်ဝတ္ထုတွေထဲမှာ ပါနေကျမဟုတ်ဘူးလား။ ဘာထူးဆန်းလို့လဲ။
“ဒီတော့ ကျွန်မတို့မှာလုပ်စရာတစ်ခုပဲရှိတော့တယ်။ ဖြစ်နိုင်သမျှ မြန်မြန်လေး အကောင်အထည်ဖော်ကြရအောင်။” ဒီလိုနဲ့ ကျွန်မ စကားကိုလက်စသတ်လိုက်တယ်။