အခန်း (၉၃)
Vol. 9 Ch. 93
"အားတင်းထားကြစမ်း"
မဟာတံတိုင်း၏ ကဏ္ဍအသီးသီးကို တာဝန်ယူထားရသော ခေါင်းဆောင် များက သူတို့၏ လက်အောက်ငယ်သားများကို အစွမ်းကုန်တိုက်ပွဲဝင်ရန် အားပေးတိုက်တွန်းနေကြသည်။
လေးပညာဖြင့် အောင်ပွဲခံခဲ့ရသည်မှာ လွန်ခဲ့သော သုံးရက်ခန့်ကပင် ဖြစ်သည်။ ထိုစဉ်က ရရှိခဲ့သော အရှိန်အဝါများမှာ ကျန်ရှိနေသေးသော်လည်း စိတ်လှုပ်ရှားမှုများမှာမူ မှေးမှိန်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့်
ပင် လူရိုင်းများသည် ယခုမှ စတင်ကာ ဝိုင်းရံတိုက်ခိုက်လာခြင်း ဖြစ်သည်။
ခံတပ်တံခါးအတွင်း၌ ရှန်ထင်ချွန်း က "မြှားလွှတ်လိုက်" ဟု အမိန့်ပေးလိုက်သည်။
ဆက်သွယ်ရေးအရာရှိက ထိုအမိန့်ကို ချက်ချင်းပင် လက်ဆင့်ကမ်းလိုက်သည်။ လျှပ်စစ်မီးပြတိုင်တစ်ခုချင်းစီတွင် လေးသည်တော်များနှင့် ဒူးလေးသမားများကို နေရာချထားပြီးဖြစ်သည်။ ရန်သူစစ်သားများ ခြေလှမ်းနှစ်ရာအကွာအဝေးအတွင်းသို့ ရောက်လာသည်နှင့် လူတိုင်းက သူတို့၏အရှေ့သို့ ချိန်ရွယ်ကာ မြှားမိုးရွာချလိုက်ကြသည်။
မြို့သိမ်းတိုက်ပွဲ
၎င်းသည် ရုပ်မြင်သံကြားထဲ၌ မြင်တွေ့ရသလိုမျိုး မဟုတ်ပေ။ ဒိုင်းနှင့် ဓားကိုကိုင်ကာ အော်ဟစ်ပြီး ရှေ့သို့ပြေးရုံနှင့် မရနိုင်ပေ။ ထိုသို့လုပ်လျှင် မည်မျှပင် အင်အားများပါစေ အတုံးအရုံး သေကြေပေလိမ့်မည်။
မြို့ကိုဝိုင်းရံတိုက်ခိုက်ရာတွင် စက်ယန္တရားများစွာ လိုအပ်သည်။ ဥပမာအားဖြင့် ရှေ့ဆုံးတန်းမှ လူရိုင်းစစ်သားများသည် သစ်သားကာရံထားသော လှည်းများနှင့် သံအမိုးပါသော မြို့သိမ်းလှည်းများ ဖြင့် အကာအကွယ် ယူထားကြသည်။
သစ်သားကာလှည်းများမှာ သစ်သားပြားများဖြင့် အုပ်ထားသော မြို့သိမ်းလက်နက်များဖြစ်သည်။ ထူထဲသော သစ်သားပြားများက မြှားမိုးကို ကာကွယ်ပေးထားပြီး စစ်သားများမှာမူ လှည်းနောက်ကွယ်၌ ပုန်းအောင်းကာ အပြင်သို့ကိုယ်မပြဘဲ လှည်းကို ရှေ့သို့တွန်းပို့ကြသည်။
သံအမိုးလှည်းများကအလားတူ ကိရိယာမျိုးပင် ဖြစ်သော်လည်း သံဖြင့်ပြုလုပ်ထားသည်။ စစ်သားတစ်စုက သံအမိုးကို ကျောပေါ်တွင်ထမ်းကာ ရှေ့သို့ တိုးဝင်လာကြခြင်းဖြစ်သည်။
ထို့အပြင် လူရိုင်းများကလည်း မြှားတပ်ဖွဲ့ကို ပြင်ဆင်ထားပြီး မြို့ရိုးပေါ်သို့ မြှားများဖြင့် ရမ်းသန်းပစ်ခတ်နေကြသည်။ မြှားမိုးရွာရုံမျှဖြင့် သူတို့ကို ရပ်တန့်ရန် မဖြစ်နိုင်ပေ။ အလွန်ဆုံးမှ စစ်သားအနည်းငယ်သာ သေပေမည်။ နောက်ဆုံးတွင် ရန်သူများ မြို့ရိုးပေါ်သို့ စတင်တက်လာချိန်မှသာ သူတို့၏ အရေအတွက်ကို သိသိသာသာ လျှော့ချနိုင်မည်ဖြစ်သည်။
ချန်ဆန်းရှီ၏ ၁၅-ပိသာလေးသည် ဒိုင်း၊ နွားသားရေဒိုင်းနှင့် ပါးလွှာသော သံဒိုင်းများကို အလွယ်တကူ ထိုးဖောက်နိုင်သည်။ သူ မြှားတစ်စင်း လွှတ်လိုက်တိုင်း ရန်သူ့အသက်တစ်ချောင်းကို နုတ်ယူနေသည်။
[ကျွမ်းကျင်မှု့ - လေးပြစ်ခြင်း (အသေးစားအောင်မြင်မှု့)]
[တိုးတက်မှု့ - (၅၀၈/၁၀၀၀)]
ဤကဲ့သို့ ဆက်လက်လေ့ကျင့်နေပါက သူ၏ လေးအတတ်မှာ မကြာမီ "အကြီးစားအောင်မြင်မှု့" သို့ ရောက်ရှိတော့မည်ဖြစ်သည်။ သို့သော် သူသည် လူတစ်ဦးတည်းသာ ဖြစ်သဖြင့် ထောင်ချီသော စစ်တပ်ကို တားဆီးရန် မဖြစ်နိုင်ပေ။
မကြာမီ လူရိုင်းစစ်သားများသည် မြို့ရိုးခြေရင်းသို့ ရောက်ရှိလာပြီး လှေကားများကို အောင်မြင်စွာ ဆင်လိုက်ကြသည်။ ၎င်းတို့မှာ သာမန်လှေကားများ မဟုတ်ဘဲ အလွန်လေးလံသော လှေကားတင်လှည်းများ ဖြစ်ကြသည်။ မြို့ရိုးတွင် ချိတ်တွယ်ရန် သံချိတ်များပါရှိပြီး အောက်ခြေမှာ တြိဂံပုံစံဖြင့် မြဲမြံစွာ ရှိနေသည်။
လူရိုင်းများက လှေကားပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် စတင်တက်လာကြသည်။ သစ်လုံးအလေးတုံးများနှင့် ကျောက်တုံးကြီးများသည် တောင်ပြိုကျသကဲ့သို့ သူတို့အပေါ်သို့ ကျဆင်းလာသည်။ သတ္တိရှိသော စစ်သည်တစ်ဦး လမ်းတစ်ဝက်သို့ ရောက်သည်နှင့် အပေါ်မှ ဆူပွက်နေသော "ရွှေရည်" (Golden juice - ပွက်ပွက်ဆူနေသော မစင်ရည်) များဖြင့် လောင်းချခြင်း ခံရသည်။
"မင်းတို့အတွက် ငါဒါကို သိမ်းထားတာ ကြာပြီ၊ မြည်းစမ်းကြည့်ကြစမ်း"
ကျူထုံက အော်ဟစ်ရင်း တစ်ပုံးပြီးတစ်ပုံး လောင်းချလိုက်သည်။ ထိုသို့ ပွက်ပွက်ဆူနေသော အပူချိန်သည် အရေပြားကို ထိခိုက်မိသည်နှင့် ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယား ကူးစက်မှုများကို ဖြစ်စေကာ ထိရောက်သော ကုသမှုမရှိပါက သေဒဏ်ပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။
ချန်ဆန်းရှီမှာမူ သူတို့အနားတွင် ကင်းစောင့်နေပြီး ခေါင်းပြူလာသူမှန်သမျှကို ၃ မီတာရှည်သော လှံဖြင့် ထိုးသတ်ပစ်သည်။ ခံစစ်အပိုင်းတွင် လူတစ်ယောက်က လူသောင်းချီကို ခုခံနိုင်သည်ဟူသော စကားမှာ အမှန်ပင်။ မကြာမီ သူသည် လူ ၂၀ ကျော်ကို ထိုးသတ်ခဲ့ပြီး ရန်သူတစ်ဦးမှ မြို့ရိုးပေါ်သို့ မတက်နိုင်စေရန် တားဆီးထားနိုင်ခဲ့သည်။
တဖြည်းဖြည်းနှင့် သူတာဝန်ယူထားသော နေရာမှာ ငြိမ်သက်သွားသည်။ မဟာတံတိုင်းမှာ မိုင်ပေါင်းများစွာ ရှည်လျားလှသဖြင့် လူရိုင်းများသည် တစ်ပြိုင်နက် မတိုက်နိုင်ဘဲ အားနည်းသော နေရာများကိုသာ ရွေးချယ်တိုက်ခိုက်ကြခြင်းဖြစ်သည်။
နှစ်နာရီခန့်အကြာတွင် လူရိုင်းများ ဆုတ်ခွာသွားကြသည်။ မြို့သိမ်းတိုက်ပွဲဆိုသည်မှာ ကြာရှည်တိုက်ရမည့် ကိစ္စဖြစ်သည်။ ယနေ့တိုက်ခိုက်မှုမှာ စမ်းသပ်မှုတစ်ခုသာ ဖြစ်ပုံရသည်။
တပ်ဖွဲ့အသီးသီးက စစ်မြေပြင်ကို ရှင်းလင်းပြီး အခြေအနေကို စစ်ဆေးကြသည်။ ယခုအချီတွင် လူရိုင်းများဘက်မှ လူ ၄၀၀ ကျော် သေဆုံးပြီး
ချန်ဆန်းရှီတို့ဘက်မှ ၅၀ ကျော်သာ ဆုံးရှုံးခဲ့သည်။ သို့သော် ယနေ့ လွှတ်လိုက်သော လူရိုင်းများမှာ "လူအို၊ လူမမာနှင့် မသန်စွမ်းသူများ" သာ ဖြစ်သည်။ သူတို့၏ စုတ်ပြတ်နေသော သားရေချပ်ဝတ်များကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ စစ်မှန်သော ကိုယ်ခံပညာရှင်တစ်ဦးမျှ ပါမလာသေးပေ။ သူတို့သည် ဤလူနည်းစုကို အသုံးပြုကာ မဟာတံတိုင်း၏ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းရည်ကို စမ်းသပ်လိုက်ခြင်းသာ ဖြစ်သည်။
[ကျွမ်းကျင်မှု့ - စစ်သားများကွပ်ကဲခြင်း (အခြေခံအဆင့်)]
[တိုးတက်မှု့ - ၃၈၈/၅၀၀]
တိုက်ပွဲအတွင်း စစ်သားများကွပ်ကဲခြင်းစွမ်းရည်မှာ သိသိသာသာ တိုးတက်လာခဲ့သည်။ ချန်ဆန်းရှီ၏ ကွပ်ကဲမှုအောက်ရှိ စစ်သားများသည် စိတ်လှုပ်ရှားနေသော်လည်း ထိတ်လန့်ခြင်းမရှိဘဲ စနစ်တကျ ရှိနေကြသည်။ သူကိုယ်တိုင် ရှေ့ဆုံးမှ ရပ်တည်ပေးထားသဖြင့် သူ၏တပ်ဖွဲ့တွင် ၂ ဦးသာ သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့သည်။
"အသုံးမကျတဲ့ကောင်"
အနံ့အသက်မကောင်းသော ကျူထုံက ထောင့်တစ်နေရာတွင် ကုပ်ကုပ်လေးပုန်းနေသော ရွှီဝမ်ချိုင်ကို ဆွဲထုတ်လိုက်ကာ "ငါတို့ ကျရှုံးမယ်လို့ မင်းပြောခဲ့တယ် မဟုတ်လား? ဒီလူရိုင်းတွေက ငါ့အတွက်တော့ ဘာမှမဟုတ်ပါလား" ဟု လှောင်ပြောင်လိုက်သည်။
"ဒါက စတောင် မစရသေးဘူး" ဟု ရွှီဝမ်ချိုင်က သတိပေးလိုက်သည်။ "သူတို့ အရိုးဖွဲ့စည်းခြင်းအဆင့်ကိုယ်ခံပညာရှင်တွေကို မထုတ်ရသေးဘူး၊ မြေအောက်လှိုင်ဂူတူးတာတွေ၊ သဲအိတ်သုံးတဲ့ ဗျူဟာတွေလည်း မသုံးရသေးဘူး"
ချန်ဆန်းရှီက ပညာရှိအိုကြီးကို သူ၏လူများကို ပညာပေးရန် လွှတ်ထားလိုက်ပြီး သူကိုယ်တိုင်မှာမူ အချိန်မဖြုန်းဘဲ ကိုယ်ခံပညာ လေ့ကျင့်
နေသည်။ ထို့နောက် ရှန်ထင်ချွန်ထံမှ တောင်ပေါ်သို့ အမဲလိုက်ရန် ခွင့်တောင်းလိုက်သည်။ အောင်ပွဲရထားခါစဖြစ်၍ သူသည် အထူးအခွင့်အရေးအချို့ ရရှိခဲ့သည်။
သူသည် မြင်းဖြူကြီးကို စီးကာ တောင်ပေါ်တွင် ဆေးရေချိုးခြင်း၊ ကိုယ်ခံပညာလေ့ကျင့်ခြင်းနှင့် ဆေးပညာရပ်များကို လေ့လာခြင်းဖြင့် အချိန်ကုန်လွန်စေခဲ့သည်။ သူပြန်လာတိုင်း အမဲလိုက်ရလာသော သားကောင်များကို စစ်သားများအတွက် ဝေမျှပေးလေ့ရှိသည်။ ဆယ်ရက်ခန့်ကြာသည့်တိုင် လူရိုင်းများမှာ အကြီးအကျယ် ထပ်မံတိုက်ခိုက်ခြင်း မရှိသေးပေ။ သို့သော် ညသန်းခေါင်တွင် စစ်ဗုံတီးခြင်း၊ နေ့ဘက်တွင် မြှားများဖြင့် လာရောက်နှောင့်ယှက်ခြင်းများကိုသာ လုပ်ဆောင်နေကြသည်။
"ဒါက စစ်ပန်းအောင် လုပ်တဲ့ဗျူဟာပဲ..." ဟု ချန်ဆန်းရှီက သိရှိလိုက်သည်။
ရိက္ခာမပြတ်သရွေ့ ဤနည်းလမ်းသည် လူရိုင်းများအတွက် အကျိုးရှိသည်။ သူတို့တွင် လူအင်အား တောင်ပုံရာပုံရှိသဖြင့် မဟာတံတိုင်းပေါ်ရှိ စစ်သားများကို စိတ်ဖိစီးမှုပေးနိုင်သည်။ ထို့အပြင် ရာသီဥတုကလည်း အလွန်အေးလှသည်။ ဆယ့်နှစ်လပိုင်း (ဒီဇင်ဘာလ) ရောက်တော့မည် ဖြစ်သော်လည်း မြောက်ပိုင်းတွင် နှင်းမကျသေးပေ။ အကယ်၍ မုန်တိုင်းကျလာပါက လူရိုင်းများအတွက်လည်း ခက်ခဲပေလိမ့်မည်။
[ကျင့်ကြံမှု့ - မသေနိုင်သောရွှေမြွေလှံ - ပထမပိုင်း (အသေးစားအောင်မြင်မှု့)]
[တိုးတက်မှု့ - ၈၉၉/၂၀၀၀]
ကျင့်စဉ်တိုးတက်မှုနှုန်းမှာ နှေးကွေးသွားခဲ့သည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် သုံးသော ဆေးရည်များမှာလည်း အရင်ကလောက် ထိရောက်မှု မရှိတော့ပေ။ ဤနှုန်းအတိုင်းဆိုလျှင် "အရိုးဖွဲ့စည်းခြင်းအဆင့်" ပြီးမြောက်ရန် နောက်ထပ် အနည်းဆုံး ရက်ပေါင်း ၂၀ ခန့် လိုပေဦးမည်။
သို့သော် ဆေးပညာရပ်မှာမူ အောင်မြင်မှုရရန် နီးစပ်နေပြီဖြစ်သည်။ ဆေးဆရာကြီး ကျန်းနှင့်အတူ ချန်ဆန်းရှီက ကူညီပေးဟန်ဆောင်ရင်း လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ သူသည် ဆေးကြိတ်ခြင်း၊ အရုပ်ပေါ်တွင် အပ်စိုက်ခြင်းများကို လေ့ကျင့်ခဲ့သည်။
နောက်ဆုံးတွင် စနစ်မျက်နှာပြင်လေး ပေါ်လာခဲ့သည်။
[ကျွမ်းကျင်မှု့ - ဆေးပညာ - လူသား(ကျွမ်းကျင်မှု့အဆင့်)]
[တိုးတက်မှု့ - ၀/၁၀၀၀]
[စွမ်းဆောင်ရည် - ဆေးပင်များကို ခွဲခြားနိုင်ခြင်း၊ အဆိပ်မှန်သမျှကို ကုသနိုင်ခြင်း]
အဆိပ်ကုသနိုင်ခြင်း? ချန်ဆန်းရှီတွင် အရင်က ဆေးပင်ခွဲခြားနိုင်စွမ်းရှိ၍ အစားအသောက်ထဲ အဆိပ်ပါမပါ သိနိုင်သော်လည်း ကုသနိုင်စွမ်း မရှိခဲ့ပေ။ ယခုအခါတွင်မူ သူသည် အဆိပ်မှန်သမျှကို ခုခံနိုင်စွမ်း ရှိသွားပြီဖြစ်သည်။
"ဗုံ ဗုံ ဗုံ...."
ရက်ပေါင်းများစွာ ကြာပြီးနောက် စစ်ဗုံသံများ ပြန်လည်ထွက်ပေါ်လာသည်။
"ဆေးဆရာကြီး ကျန်း... ကျွန်တော် သွားရတော့မယ်"
ချန်ဆန်းရှီက အပ်များကို ချထားကာ အမြန်ထွက်လာခဲ့သည်။ မြို့ရိုးပေါ်သို့ ရောက်သောအခါ ရေလှိုင်းများကဲ့သို့ တိုးဝင်လာသော လူရိုင်းစစ်တပ်ကြီးကို မြင်လိုက်ရသည်။ ဤတစ်ကြိမ်တွင်မူ လူအို၊ လူမမာများ မဟုတ်တော့ဘဲ အစစ်အမှန် စစ်တပ်ကြီး ဖြစ်သည်။ ရှေ့ဆုံးတွင် မြို့သိမ်းစက်ယန္တရားများ၊ ဒိုင်းကိုင်တပ်ဖွဲ့များနှင့် ဒူးလေးသမားများ ပါဝင်ပြီး နောက်ကွယ်တွင် မြင်းတပ်သား ၂၀၀၀ နှင့် အထူးတပ်ဖွဲ့ဝင် သံချပ်ကာမြင်းတပ် ၅၀၀ တို့ ပါဝင်သည်။
မြင်းတပ်သားများသည် ၂ မိုင်အကွာတွင် စောင့်ဆိုင်းနေပြီး ခြေလျင်တပ် ၄၀၀၀ မှာမူ မြို့ရိုးနေရာအနှံ့ကို စစ်မှန်သော တိုက်ကွက်များနှင့် အယောင်ပြတိုက်ကွက်များ ရောနှောကာ တိုက်ခိုက်လာကြသည်။
ချန်ဆန်းရှီ တာဝန်ယူထားသော နေရာတွင် အစပိုင်း၌ အယောင်ပြ လှေကားထောင်ရုံသာ လုပ်ခဲ့ကြသော်လည်း မကြာမီ အခြေအနေ ပြောင်းလဲသွားသည်။
"ဗိုလ်မှူးချန် လူ ၃၀ ကို ခေါ်ပြီး အရှေ့ဘက်က မီးပြတိုင်ဆီကို အမြန်သွားကူပါ။ ဗိုလ်မှူးကျောက် တောင့်မခံနိုင်တော့ဘူး"
ချန်ဆန်းရှီနှင့် လူများ ထိုနေရာသို့ ရောက်သွားချိန်တွင် လှေကား ၄ စင်းမှာ မြို့ရိုးပေါ်သို့ တက်နေပြီဖြစ်သည်။ ကျောက်ကန်မှာ လူရိုင်းဗိုလ်မှူးတစ်ဦးနှင့် တိုက်ခိုက်နေရပြီး သူ၏လူများမှာလည်း လှေကားများကို ကာကွယ်ရန် ရုန်းကန်နေရသည်။ ထိုလှေကားများနောက်တွင် ကြီးမားသော မြို့သိမ်းလှည်းကြီးများ က ချဉ်းကပ်လာနေသည်။
ထိုလှည်းကြီးများသည် အလွန်ကြီးမားကာ အလွှာ ၃ လွှာ ပါရှိသည်။ အတွင်း၌ စစ်သား ၁၀၀ ခန့် ဆန့်သော်လည်း အဆိပ်မြှားများနှင့် ထုရိုက်ရန် တူကြီးများပါ ပါရှိသည်။ လှည်းပေါ်ရှိ စစ်သားများသည် မြို့ရိုးပေါ်သို့ တိုက်ရိုက် ခုန်ကူးနိုင်ပြီး အောက်ခြေရှိ လူများက မြို့ရိုးကို တူးဆွဖျက်ဆီးကြသည်။ ဤလှည်းကြီးများ မြို့ရိုးသို့ ရောက်လာပါက မဟာတံတိုင်းကြီး ကျဆုံးသွားနိုင်ပေသည်။
"မီးရှို့ကြ" ချန်ဆန်းရှီက အေးဆေးစွာ အမိန့်ပေးလိုက်သည်။
လေးသည်တော်များက မီးမြှားများဖြင့် ပစ်ခတ်ကြသော်လည်း ရန်သူများကလည်း အသင့်ပြင်ထားသည်။ ရေတင်လှည်းများက မီးများကို ချက်ချင်း ငြှိမ်းသတ်ကြသည်။ သို့သော် မြှားမိုးများအောက်တွင် နောက်ဆုံး၌ လှည်း ၂ စင်းကို မီးရှို့နိုင်ခဲ့သည်။
ထိုအချိန်တွင် ဝေးလံသောနေရာမှ ကျောက်တုံးပစ်စက်များက ကျောက်တုံးကြီးများဖြင့် ပစ်ခတ်လိုက်ရာ နှစ်ပေါင်းရာချီ တည်ရှိခဲ့သော မြို့ရိုးတွင် အပေါက်ကြီး ဖြစ်သွားသည်။ သိုင်းပညာ အဆင့်အတန်းမြင့်သူမှလွဲ၍ ကျန်သူများမှာ ကျောက်တုံးမှန်ပါက အသားစိုင်များအဖြစ် ကြေမွသွားပေလိမ့်မည်။
ထိုရှုပ်ထွေးမှုများကြားမှ လှည်းတစ်စင်းမှာ မြို့ရိုးရှေ့တွင် ဆိုက်ကပ်မိသွားသည်။ လူရိုင်းစစ်သားများ ပိုးစိုးပက်စက် ထွက်လာကြသော်လည်း
ချန်ဆန်းရှီ၏ လှံရှည်အောက်တွင် အတုံးအရုံး သေကြေကြရသည်။
"တက်ကြ အားလုံးတက်ကြ"
"သူက တစ်ယောက်တည်းပဲ ရှိတာ"
"မြို့ရိုးပေါ် အရင်ဆုံးတက်နိုင်တဲ့သူက အကြီးကျယ်ဆုံး ဂုဏ်ပြုခံရမယ်"
ချန်ဆန်းရှီနှင့်အတူ ပါလာသော စစ်သားများသည် လှေကားများမှ တက်လာသူများကို ကာကွယ်နေရသဖြင့် မြို့သိမ်းလှည်းရှေ့တွင် ချန်ဆန်းရှီတစ်ယောက်တည်းသာ ရှိတော့သည်။
ချန်ဆန်းရှီသည် လှည်းရှေ့တွင် တစ်ကိုယ်တည်း ရပ်တည်နေသည်။ သူ၏ လှံရှည်မှာ လေထဲ၌ မြွေဟောက်များ ကသကဲ့သို့ လျင်မြန်လှသည်။ ၅ မိနစ်ခန့် ပြင်းထန်သော တိုက်ခိုက်မှုအပြီးတွင် လှည်းထွက်ပေါက်၌ အလောင်းများ ပုံသွားကာ မည်သည့်ရန်သူမျှ မြို့ရိုးပေါ်တွင် ၂ စက္ကန့်ထက် ပိုမရပ်နိုင်ခဲ့ပေ။
"အားလုံး ဖယ်ကြစမ်း"
လှည်းထဲမှ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး လူကောင်ကြီးတစ်ဦးက သူ၏စစ်သားများကို ဒိုင်းသဖွယ် အသုံးပြုကာ အပြင်သို့ ပြေးထွက်လာသည်။ သူသည် ဝံပုလွေစွယ်တူ ကို ကိုင်ဆောင်ကာ ချန်ဆန်းရှီကို ရိုက်နှက်ရန် ပြင်လိုက်သည်။
"ချလွမ်း—"
ချန်ဆန်းရှီ၏ ခါးမှ ကျန်းယွဲ့ဓား လျှပ်စီးကဲ့သို့ ထွက်ပေါ်လာသည်။ အေးစက်သော အလင်းတန်းတစ်ခုကိုသာ လူတိုင်း မြင်လိုက်ရပြီး "အရိုးဖွဲ့စည်းခြင်း" အဆင့်ရှိသော ထိုလူကောင်ကြီး၏ ခေါင်းမှာ မြေပေါ်သို့ လိမ့်ကျသွားသည်။ သူသည် ချန်ဆန်းရှီ၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
လှည်းထဲမှ လူရိုင်းများသည် ရေအေးဖြင့် အလောင်းခံလိုက်ရသကဲ့သို့ ငြိမ်ကျသွားကြသည်။ သူတို့၏ ရဲစွမ်းသတ္တိများ ပျောက်ဆုံးသွားပြီး အသက်ရှင်လိုစိတ်များသာ ကျန်တော့သည်။ လူတစ်ရာကျော်မှာ ချန်ဆန်းရှီကို ကြည့်ကာ မည်သူမျှ ရှေ့သို့ မတိုးရဲတော့ပေ။
ထိုသို့မဟုတ်ဘဲ ချန်ဆန်းရှီက လူအုပ်ထဲသို့ အရင်တိုးဝင်သွားသည်။ ညာဘက်လက်မှ လှံက ဝေ့ယမ်းတိုက်ခိုက်နေပြီး ဘယ်ဘက်လက်မှ ဓားက လွတ်သွားသူများကို ခုတ်ပိုင်းနေသည်။
"ဆုတ်... ဆုတ်ကြဟေ့"
တစ်ယောက်ယောက်က အော်ဟစ်လိုက်ပြီး အားလုံးမှာ လှည်းပေါ်မှ ကမန်းကတန်း ခုန်ချကြသည်။ အချို့မှာ ခြေထောက်ကျိုး၊ အချို့မှာ ဒဏ်ရာရကာ လှည်းအတွင်း၌ သွေးများဖြင့် ရဲရဲနီသွားတော့သည်။
ထိုအချိန်တွင်ပင် မဟာတံတိုင်း၏ အပြင်ဘက်မှ ဆုတ်ခွာရန် အချက်ပေး ခရာသံများနှင့် မောင်းသံများ ထွက်ပေါ်လာတော့သည်။