← Chapters

ညီအစ်ကို ကျုပ်ရဲ့နောက်ဆုံးခရီးကို လိုက်ပို့ပေးဖို့ ရောက်လာတာလား

Vol. 19 Ch. 262

ညီအစ်ကို ကျုပ်ရဲ့နောက်ဆုံးခရီးကို လိုက်ပို့ပေးဖို့ ရောက်လာတာလား

Vol. 19 Ch. 262

အခန်း (၂၆၂) ညီအစ်ကို ကျုပ်ရဲ့နောက်ဆုံ ခရီးကို လိုက်ပို့ပေးဖို့ ရောက်လာတာလား

ကျန်းလန်စကားကိုကြားသည့်အခါ ရှောင်ယွိက မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်ဖြင့် ကျန်းလန်ကို ကြည့်လသည်။

ထို့နောက် သူမက အလွန်တရာ ရက်ရောသူတစ်ယောက်ပါပမာ ဟန်ဆောင်လိုက်ရင်း…

"ဒါဖြင့်… ဒီကိစ္စကတော့ ရှိစေတော့"

ဟု ပြောလိုက်၏။

ခဏနေပြီးမှ သူမက တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့်…

"ဒါဖြင့် နောက်ဆို ဆရာဆူတာခံရရင် ငိုစရာမလိုတော့ဘူးပေါ့နော်"

ဒီ ဂိုဏ်းတူအစ်မလေးကတော့ အသေးအဖွဲကိစ္စတွေကို ပြောနေပြန်ပါပြီ။

ကျန်းလန် သူမမေးသည့် မေးခွန်းကို ပြန်မဖြေခဲ့ပေ။ ထို့နောက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

ကြယ်စင်များစုံလင်နေသည့် ကောင်းကင်ပြင်သည် သူနှင့်အလွန်နီးကပ်နေသလို ခံစားရသည်။

ကြယ်စင်ကောင်းကင်ကြီးက ဒီလောက်တောင် တောက်ပလေသလား။ ကျန်းလန် အံ့အားသင့်နေမိသည်။

သူ ကောင်းကင်ကြီးကို ယခုလို မော့မကြည့်မိသည်မှာ ဘယ်လောက်တောင် အချိန်ကြာခဲ့ပြီလဲ။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ မဟုတ်လား။

တစ်ချိန်တည်းမှာပင် ဘဝတွင် သူ စွန့်လွှတ်ခဲ့ရသည့်အရာများကို ပြန်လည်သတိရလာမိသည်။

ကောင်းကင်ကြီးကိုမော့ကြည့်ရင်း ၊ တောင်နှင့်မြစ်ရေများ၏ အလှတရားကို ခံစားရင်း ရင်ထဲတွင် မျှော်လင့်ချက်တို့ တစ်ဖန်တောက်ပလာခဲ့ပြန်သည်။

"မလှဘူးလားဟင်…"

ရှောင်ယွိ အသံလေး ထွက်ပေါ်လာသည်။

"ကျွန်မ ညဘက်တွေ မကျင့်ကြံဘူးဆိုရင် ကြယ်စင်ကောင်းကင်ကြီးကို ငေးကြည့်နေတတ်တယ် ၊ အရမ်းကို အေးချမ်းတယ်နော်"

ကျန်းလန်က ခေါင်းညိတ်ရင်း…

"အင်း… အရမ်းကို အေးချမ်းတယ်"

ကြယ်များစုံလင်စွာဖြင့် ကောင်းကင်ကြီးက တောက်ပနေသည်။

ထိုကောင်းကင်ကြီးကိုကြည့်ပြီး သူက ဘာမှမဟုတ်တော့သလို ကျန်းလန် ခံစားလိုက်ရသည်။

သို့သော် ကျယ်ပြောလှသည့်လောကကြီးထဲတွင် သူက အခြားသူများနှင့်မတူကွဲပြားသူတစ်ယောက် ဖြစ်သည်။ ကောင်းကင်ကြီး မည်မျှကျယ်ပြန့်ပါစေ သူ၏စိတ်ကို ချဲ့ထွင်ကြည့်မြင်နိုင်မည် ဖြစ်သည်။

***

"အင်း…"

နံနက်ခင်းရောက်သည့်အခါ ရှောင်ယွိက ပျင်းကြောတစ်ချက်ဆန့်ရင်း အိပ်ယာမှ နိုးလာ၏။

"ဂိုဏ်းတူမောင်လေး ဘယ်အချိန်လောက်ရှိပြီလဲဟင်"

ကျန်းလန်က ရှောင်ယွိရှေ့တွင် ထိုင်လျှက်ရှိသည်။

သူက ရှောင်ယွိ ပျင်းကြောဆန့်နေသည်ကို တစ်ချက်ကြည့်လိုက်ရင်း နူးညံ့စွာပင် ဆိုလိုက်သည်။

"အရုဏ်တက်နေပြီ"

သူ့လက်ထဲတွင် သစ်သားဓားလေးကိုကိုင်ထားပြီး နဂါးသုတ်သင်ဓားဝိညာဉ်ကို ထည့်သွင်းပေးနေ၏။

ရှောင်ယွိက ပျင်းကြောဆန့်ခြင်းကို ရပ်လိုက်ပြီး လက်ကိုအသာပြန်ချကာ ကျန်းလန်ကို ကြည့်လိုက်သည်။ သူမ၏ ဂိုဏ်းတူမောင်လေးက ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်ပင်ရှိပြီး ဘာပြဿနာမှ ရှိဟန် မတူပေ။

သူမသာ လုန်ယွိကဲ့သို့ အရွယ်ရောက်ပြီး မိန်းမပျိုပုံစံဖြင့် ပျင်းကြောဆန့်မိမည်ဆိုလျှင် ကျန်းလန် ထိုမျှတည်ငြိမ်နိုင်ပါမည်လား။

ရှောင်ယွိ ဆက်မတွေးရဲတော့ဘဲ မျက်နှာလေးက ရှက်သွေးဖြာသွားရသည်။

သို့ပေသိ နောက်တစ်ကြိမ်ဆိုလျှင်တော့ သူမ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကျန်းလန်က အိပ်ချင်မူးတူးဖြစ်နေသည့် ရှောင်ယွိကို လှမ်းကြည့်လိုက်ရင်း…

"ဂိုဏ်းတူအစ်မ… တောင်အောက် ဘယ်တော့သွားမှာလဲ"

ကျန်းလန်ကတော့ ညဘက် အိပ်စက်လေ့ မရှိပေ။

ဤနှစ်များတစ်လျှောက်လုံး သူက ညပိုင်းအချိန်များကို ကျင့်ကြံခြင်းဖြင့် ကုန်ဆုံးစေခဲ့သည်။ မကျင့်ကြံပါကလည်း စာဖတ်နေသည်ကများသည်။

ဤသို့ နိုးနိုးကြားကြားရှိနေခြင်းက သူ့ကိုပိုပြီး အန္တရယ်ကင်းစေသည်ဟု ခံစားရသည်။

သို့သော် သူက မည်သည့်အရာကိုမှ အလွန်အကျွံတော့လုပ်လေ့မရှိသလို ဘယ်တော့မှလည်း ကိုယ့်ကိုယ်ကိုယ် ဖိအားပေးလေ့ မရှိပေ။ ထိုသို့ဖြင့် သူသည်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုတန်ခိုးစွမ်းအားမြင့်မားလာခဲ့သည်။

ရှောင်ယွိက အိပ်ချင်မပြေသေးသဖြင့် သူမမျက်နှာလေးကို လက်ဖြင့်အသာပွတ်သပ်လိုက်သည်။

"အခုသွားရင် စောနေမလား"

"လမ်းလျှောက်ပြီးသွားမယ်ဆိုရင်တော့ မစောလောက်ဘူး"

တောင်ခြေသို့ လမ်းလျှောက်သွားမည်ဆိုလျှင် အနည်းငယ် အချိန်ယူရမည် ဖြစ်သည်။

ကျန်းလန်က ရှောင်ယွိကို တစ်ချက်လှမ်းကြည့်လိုက်ရင်း တစ်စုံတစ်ခုကို ပြောရန် စဉ်းစားနေ၏။

ပြီးမှ…

"ကိုယ်က သဘာဝတာအိုမန္တန်ဖြစ်တဲ့ အထီးကျန်မန္တန်ကို အသုံးပြုမလို့ ၊ ဂိုဏ်းတူအစ်မလည်း ကိုယ့်အနားရှိနေမယ်ဆိုရင် တခြားလူတွေက သတိထားမိမှာ မဟုတ်တော့ဘူး"

ရှောင်ယွိက မတ်တတ်ရပ်လိုက်ရင်း...

"ဂိုဏ်းတူမောင်လေး... ရှင်ကအတော်လေး သီးသန့်ဆန်လွန်းတာပဲ ၊ အပြင်ထွက်တာကို ဘာလို့ ဒီလိုမန္တန်မျိုး အသုံးပြုရတာလဲ"

ကျန်းလန်က စကားပြန်မပြောသည့်အတွက် သူမက သက်ပြင်းချလိုက်ရင်း…

"ဒါဖြင့်လည်း ပြီးရောလေ ၊ ဒီနေ့တော့ ဂိုဏ်းတူမောင်လေး ကျွန်မကိုကာကွယ်ပေးတာကို ခွင့်ပြုလိုက်မယ်"

ထို့နောက် ရှောင်ယွိက ကျန်းလန်အနားလျှောက်သွားလိုက်ပြီး ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။ ရှောင်ယွိ တဖြည်းဖြည်း အရပ်မြင့်လာပြီး လုန်ယွိပုံစံ အရွယ်ရောက်သူမိန်းမပျိုတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

မကြာမီ ချောမောလှပလွန်းသည့် မိန်းမပျိုလေးလုန်ယွိသည် ကျန်းလန်ရှေ့တွင် မတ်တတ်ရပ်လျှက် ရှိတော့သည်။

လုန်ယွိပုံစံပြောင်းသွားသည်နှင့် သူမ၏ အပြုအမူ ၊ အပြောအဆိုများက ရှောင်ယွိနှင့် အတော်လေး ခြားနားသွားသည်။ သူမပုံစံက ချက်ချင်း တည်ငြိမ်အေးစက်သွား၏။

"ဂိုဏ်းတူမောင်လေး... အခု သွားကြတော့မလား"

ကျန်းလန်က လုန်ယွိဘေးနားတွင်ရပ်ရင်း အထီးကျန်မန္တန်ကို အသက်သွင်းလိုက်သည်။

ဤမန္တန်က လူတစ်ယောက်ကို အတော်လေး အထီးကျန်ဆန်စေသည်။

သို့သော်....

လုန်ယွိရှိနေသောကြောင့် သူ သိပ်ပြီးအထီးကျန်းသလို မခံစားရတော့ပေ။

ကျန်းလန်က သိမ်မွေ့စွာဖြင့်...

"အင်း… ဂိုဏ်းတူအစ်မ ၊ သွားကြရအောင်"

လုန်ယွိခေါင်းညိတ်လိုက်ပြီး ကျန်းလန်နှင့်အတူ နဝမတောင်ထွတ်မှ ဆင်းလာခဲ့သည်။

"ဂိုဏ်းတူမောင်လေး... လုန်မန်အတွက် လက်ဆောင်တစ်ခုခု ယူသွားရဦးမလား"

နဝမတောင်ထွတ်မှ ထွက်ခွာလာစဉ် လုန်ယွိက ကျန်းလန်ကို မေးသည်။

သူမအသံက တည်ငြိမ်နေပြီး ရှောင်ယွိကဲ့သို့ အသက်ဝင်ရွှင်ပျနေခြင်း မရှိပေ။ သို့သော် လူအများ ကြောက်လန့်သွားရလောက်အောင် အေးစက်သည့်ပုံစံမျိုးတော့ မဟုတ်ပြန်ပေ။

ကျန်းလန်က...

"မလိုဘူးထင်တာပဲ..."

အစ်မတစ်ယောက်က မောင်ငယ်ဖြစ်သူကို သွားတွေ့ခြင်းမှာ ထိုမျှလောက် မခက်ခဲသင့်ပေ။

လုန်ယွိက ခေါင်းညိတ်လိုက်သည်။

အတန်ကြာလမ်းလျှောက်လာပြီးနောက် လုန်ယွိက မေးလိုက်သည်။

"ဂိုဏ်းတူမောင်လေး... ကျွန်မရဲ့ ဒီပုံစံကို သဘောကျလား ၊ ရှောင်ယွိလို ငယ်သွားတဲ့ပုံစံမျိုးကို သဘောကျလား"

ကျန်းလန်က...

"ပုံစံနှစ်မျိုးလုံးကို သဘောမကျတာ မရှိပါဘူးဗျာ"

ထို့နောက် လုန်ယွိက ကျန်းလန်ကိုကြည့်လိုက်ပြီး တစ်စုံတစ်ခုတောင်းယူသည့်နှယ် လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်သည်။

ကျန်းလန် စိတ်ရှုတ်ထွေးသွား၏။

ဂိုဏ်းတူအစ်မက ဘာများလိုချင်ပြန်တာလဲ။

လုန်ယွိက...

"ကျွန်မရဲ့ သစ်သားဓားလေး..."

ကျန်းလန် သဘောပေါက်သွားပြီး သစ်သားဓားလေးကို သူမထံပြန်ပေးလိုက်တော့ လုန်ယွိက ဓားလေးကို သိမ်းဆည်းလိုက်သည်။

သူမက…

"နောက်ထပ်နှစ်ပေါင်း (၃၀၀) ဆိုရင် ကျွန်မတို့ ဂိုဏ်းထဲရောက်တာ နှစ်ပေါင်း (၆၀၀) လောက် ရှိပြီနော်..."

"အင်း... အဲဒီအချိန်ကျ ကိုယ်လည်း အင်မော်တယ် ဖြစ်နေလောက်ပြီ"

"ကျွန်မက ရှင့်ထက် အချိန်နည်းနည်းစောပြီး အင်မော်တယ် အရင်ဖြစ်မှာ..."

ကျန်းလန်က တိတ်ဆိတ်နေရင်း သူတို့ရှေ့မှလမ်းလျှောက်လာကြသည့် တပည့်များကို လှမ်းကြည့်လိုက်သည်။

သူတို့ (၂)ယောက်ကို မည်သူမှ သတိထားမိဟန် မရှိပေ။

နောက်ထပ်နှစ်ပေါင်း (၃၀၀) ဆိုလျှင် သူက မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်နေလောက်ပြီ ဖြစ်သည်။ ထို့ထက်အဆင့်မြင့်ချင်လည်း မြင့်နေပေလိမ့်မည်။

အကြမ်းဖျင်းဆိုလျှင် လုန်ရဲ့ကဲ့သို့ အဆင့်မျိုးရောက်နေမည် ဖြစ်သည်။

သို့သော် ခွန်လွန်တောင်မှ တောင်သခင်များအလယ်တွင်တော့ လုန်ရဲ့က အနိုင်ကျင့်ခံရသူသက်သက်မျှသာပင်။

သို့ဖြစ်ရာ မိုးကောင်းကင်အင်မော်တယ်အဆင့်ဆိုသည်က တောင်သခင်များနှင့်ယှဉ်လျှင် တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိသေးပေ။

***

အတန်ကြာပြီးနောက်...

ကျန်းလန်နှင့်လုန်ယွိ သေရည်ဆိုင်သို့ ရောက်လာသည်။

ဆိုင်သန့်ရှင်းရေးလုပ်နေသည့် ကလေးငယ်က ကျန်းလန်ကိုတွေ့သည်နှင့် မေးလိုက်သည်။

"အစ်ကိုကြီး... ဒီနေ့လည်း အကောင်းစားသေရည် ဝယ်မလို့လား"

ဟုန်ယာကလည်း ကလေးငယ်ကို ကူညီပြီး သန့်ရှင်းရေးလုပ်ပေးနေ၏။

သေရည်ဆိုင်တွင် မိန်းကလေးငယ်တစ်ယောက်ကို တွေ့လိုက်ရသဖြင့် လုန်ယွိက အံ့အားသင့်သွားသည်။

ဇာမဏီမျိုးနွယ် မိန်းကလေးငယ်တစ်ယောက်လား။

သေရည်ဆိုင်တွင် ဝူထုန်တောင်မှ မိန်းကလေးငယ်တစ်ယောက်ရောက်နေသည့်သတင်းကိုတော့ သူမ ကြားဖူးထားခဲ့ပြီး ဖြစ်သည်။ သို့သော် ယနေ့မှ သူမကို တွေ့မြင်ဖူးခြင်း ဖြစ်၏။

ကျန်းလန်က...

"မဟုတ်ဘူး... အဋ္ဌမမင်းသားကို လာရှာတာ"

ကောင်ငယ်လေးက...

"ဪ... အဲဒီနဂါးက အပေါ်ထပ်မှာရှိတယ်"

"ကျေးဇူးပဲကွာ..."

ထို့နောက် ကျန်းလန်က လုန်ယွိကို ခေါ်ဆောင်ပြီး အပေါ်ထပ်သို့ တက်လာခဲ့သည်။

လုန်မန်တည်းခိုသည့် အခန်းတံခါးဝရောက်သည့်အချိန် ကျန်းလန်၏စိတ်အာရုံထဲတွင် အသံများထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

အော်သံလိုလို ခေါ်သံလိုလို အသံများဖြစ်၏။

သို့သော် ပုံရိပ်ယောင်များကိုတော့ တွေ့မြင်ရခြင်း မရှိပေ။ ထိုအသံများသည်လည်း ခဏအတွင်းမှာပင် ပျောက်ကွယ်သွားသည်။

"ဂိုဏ်းတူမောင်လေး... ဘာဖြစ်လို့လဲ"

လုန်ယွိက မေးလိုက်သည်။

ကျန်းလန် ခဏမျှတုံ့ခနဲ ဖြစ်သွားကြောင်း သူမ ရိပ်မိလိုက်သောကြောင့် ဖြစ်၏။

"အနားမယူလို့ထင်တယ်... ၊ နည်းနည်းထူးဆန်းတာတွေ ခံစားနေရတယ်..."

ကျန်းလန်က ဆက်ပြောသည်။

"ဆရာတော့ စစ်ဆေးကြည့်ပြီးပြီ ၊ ဘာမှမဖြစ်ဘူး ပြောတာပဲ"

လုန်ယွိက ကျန်းလန်နဖူးကို လက်ဖြင့်အသာစမ်းလိုက်သည်။ သူမ၏လက်ချောင်းများမှ ကြည်ပြာရောင်အလင်းတစ်ချက်ထွက်ပေါ်လာပြီးနောက် သူမက လက်ကိုပြန်လည်ရုတ်သိမ်းလိုက်သည်။

ကျန်းလန် နေမကောင်းဖြစ်နေခြင်းမရှိကြောင်း သူမ သိလိုက်လေသည်။

ကျန်းလန်ကတော့ စိုးထိတ်ခြင်း မဖြစ်မိပေ။

လုန်ယွိ၏ ကျင့်ကြံခြင်းအဆင့်က သူ့လောက် အဆင့်မြင့်မားခြင်းမရှိပေ။ ထို့ကြေင့် သူမ စမ်းသပ်ကြည့်မည်ဆိုလျှင်လည်း ကျန်းလန် ဘာဖြစ်နေကြောင်း နားလည်နိုင်မည် မဟုတ်ပေ။

"ဒေါက် ဒေါက်…"

ကျန်းလန် တံခါးခေါက်လိုက်သည်။

တံခါးပွင့်သွားပြီး အခန်းတံခါးဝတွင် လုန်မန် ထွက်ပေါ်လာ၏။

သူက လုန်ယွိကိုတွေ့သည်နှင့် ချက်ချင်းဒူးထောက်လိုက်ရင်း…

"အစ်မကို ဂါရဝပြုပါတယ်"

လုန်ယွိ ထိတ်လန့်သွားပြီး မသိမသာ ကျန်းလန်အနား တိုးကပ်သွားမိသည်။

သူမက တိုးလျသည့် လေသံဖြင့်…

"အမြန်ထပါ… တခြားလူတွေမြင်သွားရင် မကောင်းဘူး"

လုန်မန်က နဂါးမျိုးနွယ်မှ မွေးရာပါအင်မော်တယ်တစ်ပါး ဖြစ်သည်။ မကြာခဏဒူးထောက်နေခြင်းက နဂါးမျိုးနွယ်ကို သိက္ခာကျစေမည် ဖြစ်သည်။

နဂါးမျိုးနွယ်မှ တစ်စုံတစ်ယောက်သာ ဤမြင်ကွင်းကို တွေ့မြင်သွားပါက လုန်မန် သေချာပေါက် အပြစ်ပေးခံရမည်ပင်။

လုန်မန်က တည်ကြည်စွာဖြင့်…

"ကိုယ့်အစ်မကိုယ်ဂါရဝပြုတာ ဘာများသိက္ခာကျစရာရှိလို့လဲ"

သူ ဆယ်စုနှစ်ပေါင်းများစွာ နတ်မိစ္ဆာများလက်မှ သေပြေးရှင်ပြေးပြေးခဲ့ရပြီးနောက် မည်သည့်အရာကို ကြောက်ရွံ့ရပါဦးမည်နည်း။

သူ့အတွက်တော့ အစ်မဖြစ်သူကို ဂရုစိုက်ရန်က ဂုဏ်သိက္ခာထက် ပိုအရေးကြီးသည်။ အစ်မရှိနေသရွေ့ ခွန်လွန်တောင်တွင် သူ အန္တရယ်ကင်းစွာ နေထိုင်နိုင်မည် ဖြစ်သည်။

လုန်ယွိက…

"ဦးလေးလုန်ရဲ့ရော…"

လုန်မန်က မတ်တတ်ရပ်လိုက်ရင်း…

"ဘေးခန်းမှာ…"

လုန်မန်က ဘေးခန်းတံခါးကို ဖွင့်လိုက်သည်။

"ခရက်…"

တံခါးပွင့်သွားသည်နှင့် သေရည်အနံ့များ တထောင်းထောင်းထ ထွက်ပေါ်လာ၏။

အခန်းထဲရှိ အိပ်ယာထက်တွင် လဲလျောင်းနေသည့် လုန်ရဲ့ကို ကျန်းလန် လှမ်းကြည့်လိုက်သည်။  သူ့အခြေအနေက အတော်လေး တည်ငြိမ်နေပြီဖြစ်၏။

ကျန်းလန်နှင့်လုန်ယွိ အခန်းထဲ လှမ်းဝင်လိုက်ကြသည်။

လုန်ရဲ့က သတိလစ်နေခြင်းမရှိတော့သော်လည်း အတော်လေး သေရည်မူးနေသည်။

"သေလုမျောပါး ဒဏ်ရာရထားတာတောင် သေရည်က သောက်နိုင်သေးသလား"

ကျန်းလန် တွေးလိုက်သည်။

လုန်ရဲ့က ကျန်းလန်ကို စိတ်မကောင်းခြင်းကြီးစွာဖြင့် လှမ်းကြည့်လိုက်ပြီး…

"ညီအစ်ကို… ညီအစ်ကို… ကျုပ်ရဲ့ နောက်ဆုံး ခရီးကို လိုက်ပို့ပေးဖို့ ရောက်လာတာလား ၊ မင်းနဲ့အတူ မြင်းသေးတွေအတူတူသောက်ပြီး ခွေးချေးတွေအတူစားခဲ့ကြတဲ့နေ့ရက်တွကို ပြန်စဉ်းစားကြည့်လိုက်ရင် မနေ့တစ်နေ့ကလိုပါပဲကွာ…"

ကျန်းလန် : "…………"

"ခွမ်း…"

စိတ်ရှုတ်ထွေးသွားဟန်ဖြင့် လုန်ရဲ့က လက်ထဲမှ သေရည်အိုးကို ကိုင်ပေါက်လိုက်သည်။

"ဒီအရည်တွေကလည်း မြင်းသေးတွေ ခွေးချေးတွေလိုပဲကွ…"

ကျန်းလန်က လုန်ရဲ့၏လုပ်ရပ်များကို စိတ်ထဲမထားပေ။

သို့သော် သူ့ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားလိုက်ရသည်။

သူ လှည့်ကြည့်လိုက်သည့်အခါ မျက်ဝန်းတောက်တောက်လေးများဖြင့် မယုံကြည်နိုင်စွာ သူ့ကိုစိုက်ကြည့်နေသော လုန်ယွိကို တွေ့လိုက်ရသည်။

လုန်ယွိမဟုတ်ဘဲ ရှောင်ယွိသာဆိုပါက ကျန်းလန်နံဘေးတွင် လှည့်ပတ်ခုန်ပေါက်ရင်း သူနှင့်လုန်ရဲ့ သေရည်အတူတူ သောက်ခဲ့ဖူးသည်လားဆိုသည့်အကြောင်းကို မေးမြန်းပေလိမ့်မည်။

ကျန်းလန် : "……………"

"ဒီကိစ္စကို ရှင်းပြနေရဦးမည်လား" ဟုသာ သူ တွေးလိုက်မိတော့၏။

All Chapters