ထီးကလေးအောက်က မိန်းမလှလေး ( ၁ )
Vol. 7 Ch. 100
ရွှီချင်းက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် သက်လတ်ပိုင်းကျင့်ကြံသူ၏ သွေးစွန်းအိတ်ကို ကောက်ယူလိုက်သည်။ ထို့နောက် အလောင်းပေါ်သို့ အလောင်းဖျောက်ဆေးမှုန့်များ ပက်လိုက်ရာ အလောင်း၏ အသွေးအသားများက သွေးရေများအဖြစ် ပြောင်းလဲသွားပြီး မိုးရေများနှင့်အတူ စီးဆင်းသွားသည်။
ပြီးသည်နှင့် ရွှီချင်းက မှော်လှေထဲ ပြန်သွားကာ အခန်းငယ်ထဲဝင်၍ တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ထိုလူ၏အိတ်ကို သူ ဖွင့်ကြည့်ကာ မွှေနှောက်ရှာဖွေလိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ အိတ်ထဲတွင် တိုလီမိုလီပစ္စည်းများမှလွဲ၍ ဝိညာဉ်ကျောက်တုံးများနှင့် ကျင့်ကြံခြင်းအရင်းအမြစ်များလည်း ရှိမနေချေ။
မှော်လှေလည်း မရှိဘဲ သွေးရောင်ကျောက်စိမ်းပေလွှာတစ်ခုနှင့် ဂိုဏ်းတံဆိပ်ပြားသာ ရှိသည်။ သို့သော်လည်း ထိုလူ သေဆုံးသွားပြီဖြစ်၍ ဂိုဏ်းတံဆိပ်ပြားက အရောင်အဆင်းမှေးမှိန်နေပြီ ဖြစ်သည်။ ဂိုဏ်းတံဆိပ်ပြားထဲတွင် ရှိနေသော စွမ်းဆောင်မှုရမှတ်အတိအကျကို သူ မမြင်ရတော့သလို သူ လွှဲပြောင်းမယူနိုင်တော့ချေ။
ထိုပစ္စည်းထံမှ စွမ်းဆောင်မှုရမှတ်များယူရန် အသက်သွင်းပေးရန် လိုအပ်သည်။
“ သူ့ပစ္စည်းတွေကို လက်စဖျောက်ပစ်ရမယ် ”
ရွှီချင်း သက်ပြင်းချလိုက်သည်။ ယခင်က သူ တိုက်ခိုက်သည့်အခါ အသေသတ်ပစ်လေ့ရှိသည်။ ထို့ကြောင့် တခြားလူထံမှ စွမ်းဆောင်မှုရမှတ်များကို သူ လွှဲပြောင်းယူနိုင်ရန် အလွန် ခက်ခဲသွားရသည်။
“ နောက်တစ်ခေါက် ကြုံလာရင် အရင်ဆုံး သေလုမျောပါးဖြစ်အောင် လုပ်မယ် ”
ရွှီချင်းက တွေးတောလိုက်ပြီး ထိုသို့လုပ်ခြင်းသည်လည်း အန္တရာယ်ရှိနိုင်သေးကြောင်း ခံစားလိုက်ရသည်။ သူက သွေးရောင်ကျောက်စိမ်းပေလွှာကိုသာ ကောက်ယူလိုက်ပြီး စစ်ဆေးကြည့်လိုက်ရာ မျက်လုံးများ ဝင်းလက်သွားသည်။
“ အလိုရှိသည် ဆိုပါလား ”
ယင်းက သာမန်ဝရမ်းကျောက်စိမ်းပေလွှာမဟုတ်ပေ။ ပို၍ လျှို့ဝှက်သောပေလွှာတစ်ခုဖြစ်ပြီး အထဲတွင် သတ်ရမည့်စာရင်း ပါဝင်သည်။ ထိုစာရင်းထဲရှိ လူများအားလုံး ချီရွှဲ့ထုံဂိုဏ်းသားများ ဖြစ်ကြပြီး နောက်ကျောတွင် ဈေးနှုန်းကိုပင် ရေးထားသည်။
ထိုစာရင်းထဲတွင် ရွှီချင်း၏နာမည်လည်း ပါနေပြီး ဘေးတွင် ရတနာမုဆိုးစခန်းတုန်းက သူ၏နာမည်ပြောင်ကိုပင် ရေးထားသည်။ နောက်ကျောတွင် ဝိညာဉ်ကျောက်တုံးငါးဆယ် ထွင်းထား၏။
“ ဂိုဏ်းစောင့်ဘိုးဘိုး ”
ရွှီချင်း၏မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။ သူ၏အကြောင်းကို သိနေပြီး ဝိညာဉ်ကျောက်တုံးငါးဆယ်ပေးနိုင်သည့်လူမှာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတစ်ယောက်သာ ရှိသည်။
တစ်ဖက်လူက သူ၏သဲလွန်စများကို တွေ့သွားပြီး ချီရွှဲ့ထုံဂိုဏ်းထဲရှိ သူ့အကြောင်းများကို သိသွားသည်မှာ သိသာသည်။
လုကျောက်မြို့က ချီရွှဲ့ထုံဂိုဏ်း၏ မြို့ခွဲတစ်မြို့ဖြစ်ပါသော်လည်း ထိုမြို့၌ ကျင်းကန်းဂိုဏ်း၏ အဆက်အသွယ်များ ရှိနေနိုင်သည်မဟုတ်ပါလား။ ထို့ကြောင့် ရွှီချင်းအကြောင်း စုံစမ်းရန်မှာ သူတို့ ခက်ခဲနေမည် မဟုတ်ချေ။
“ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ငါ့အကြောင်းကို ဒီလောက်မြန်မြန် သိသွားတယ်ဆိုတော့ ချီရွှဲ့ထုံဂိုဏ်းမှာ သူ့အဆက်အသွယ်တွေ တော်တော်များများ ရှိနေတယ်ဆိုတဲ့ သဘောပဲ ”
“ ဒါပေမဲ့ ချီရွှဲ့ထုံဂိုဏ်းက စည်းမျဉ်းတွေအရတော့ သူကိုယ်တိုင် လုပ်ဝံ့မှာ မဟုတ်ဘူး။ ဒါကြောင့် သူ ဆုကြေး ထုတ်လိုက်တာ ”
ရွှီချင်းက စဉ်းစားတွေးတောလိုက်ပြီး သွေးရောင်ကျောက်စိမ်းပေလွှာကို ကြည့်လိုက်သည်။
“ ငါ မြန်မြန်အဆင့်တက်အောင် လုပ်ရမယ်။ ပြီးရင် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အမြန်ဆုံး သတ်ပစ်ရမယ် ”
မျက်တောင်တစ်ချက်ခတ်အတွင်း ရက်ပေါင်းများစွာ ကုန်လွန်သွားသည်။
မိုးက လေးရက်တိုင်တိုင် ရွာသွန်းနေခဲ့သည်။
သုံးရက်မြောက်နေ့တွင် လေပြင်းမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး လှိုင်းလုံးကြီးများက ဆိပ်ကမ်းတစ်ခုလုံးကို ရိုက်ခတ်လာခဲ့သည်။
သို့သော်လည်း ပင်မမြို့ကြီး၏ မန္တန်အစီအရင်ဖိအားကြောင့် မည်မျှပင် ပြင်းထန်သော မိုးသက်မုန်တိုင်းဖြစ်စေကာမူ ဆိပ်ကမ်းက ကျောက်စိုင်ကျောက်သားပမာ မြဲမြံခိုင်မာစွာ ရှိနေခဲ့သည်။ ငါးရက်မြောက်နေ့မနက်ခင်း၌ ပျက်စီးကြေမွသွားအောင် မစွမ်းဆောင်နိုင်ခဲ့သော မိုးသက်မုန်တိုင်းက အားမတန်မာန်လျော့၍ နောက်ဆုတ်ရန် ရွေးချယ်သွားခဲ့ပြီး လေနှင့်မိုးသည်လည်း တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။
ရွှီချင်းက အပြင်ဘက်ရှိ မိုးသားကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ မနက်ခင်း ဝေလီဝေလင်းအချိန်သာ ရှိသေးသော်လည်း ကောင်းကင်ကြီး မည်းမှောင်နေပြီး စိတ်ညစ်ညူးအောင် ပြုလုပ်နေပေသည်။
သူက ဆေးလုံးများကို နေရာတကျ ထားလိုက်ပြီးနောက် မှော်လှေကလေးအပြင်ဘက်ကို ထွက်လာသည်။ သူ ဆိပ်ကမ်းပေါ် ရောက်သည်နှင့် အပြင်ဘက်ရှိ မိုးဖွဲလေးများနှင့် ပင်လယ်အငွေ့အသက်များ ရောယှက်နေသော လေနုအေးများကို ကြုံတွေ့လိုက်ရသည်။ ထိုလေပြေထဲတွင် သွေးညှီနံ့အနည်းငယ်လည်း မသိမသာ ပါဝင်နေ၏။
ပြီးခဲ့သော လေးရက်က မုန်တိုင်းထန်နေခဲ့ပါသော်ငြား လူဆိုးထိန်းဌာနတွင် နေပူပူ၊ မိုးရွာရွာ တာဝန်ထမ်းဆောင်ရသည်။ သို့သော်လည်း နေ့တိုင်း ညဉ့်ငှက်အဖွဲ့၏ သဲလွန်စများကို ရှာဖွေရခြင်းအပြင် တခြားတာဝန်တစ်ခုလည်း တိုးလာခဲ့သည်။
ယင်းတာဝန်က ရာဇဝတ်ကောင်များကို ဖမ်းဆီးခြင်း ဖြစ်သည်။
ချီရွှဲ့ထုံဂိုဏ်း၌ မုန်တိုင်းတစ်ခု ဝင်ရောက်လာတိုင်း ဆိုးဝါးသောရာသီဥတုနှင့် ဌာနအသီးသီးက ပိတ်ထားကြပြီး ကျင့်ကြံသူအများစုကလည်း အပြင်မထွက်ကြသောကြောင့် တစ်ယောက်ကိုတစ်ယောက် လုပ်ကြံသတ်ဖြတ်သည့်ကိစ္စများ မြင့်တက်လာတတ်သည်။
လေးရက်တာအတောအတွင်း သတ္တမမြောက်တောင်ထိပ်၏ လူဆိုးထိန်းဌာနမှ ရခဲ့သော စာရင်းများအရ ဆိပ်ကမ်းတွင် သေဆုံးခဲ့သော ဂိုဏ်းသားပေါင်း ရှစ်ဆယ်ကျော်ရှိသည်။ ထိုဂိုဏ်းသားများအနက် လူဆိုးထိန်းဌာနမှဂိုဏ်းသားခုနစ်ဦး သေဆုံးသွားခဲ့သည်။
တခြားနယ်မြေခြောက်ခု၌လည်း လူမည်မျှ သေသွားကြောင်း အပြင်လူများ မသိနိုင်ပါသော်ငြား လူအနည်းငယ်သာ မဟုတ်ကြောင်း သိသာသည်။
မုန်တိုင်းထဲ၌ သဲလွန်စများကို ရှာဖွေရန် အလွန် ခက်ခဲသည်။ ထို့ပြင် ထိုကဲ့သို့ ကိစ္စများကို ချီရွှဲ့ထုံဂိုဏ်း၌ ရေးကြီးခွင်ကျယ်လုပ်မနေဘဲ များစွာ အာရုံမစိုက်ကြပေ။ လူဆိုးထိန်းဌာနသည်လည်း ထိုသည်ကို အသားကျနေပြီး အပေါ်ယံသာ ရှာဖွေစစ်ဆေးခဲ့သည်။
အမှတ်ခြောက်အသင်း၏အဖွဲ့ဝင်ဟောင်းတစ်ယောက် သေသွားခဲ့ပါသော်လည်း တစ်ယောက်မှ ထိုအကြောင်းနှင့်ပတ်သက်ပြီး မမေးကြပေ။
ပြီးခဲ့သည့်ရက်များက ပန်းချွမ်လမ်းက တည်းခိုခန်းပိုင်ရှင်အဘိုးအိုနှင့်ပတ်သက်ပြီး သူ ခေါင်းဆောင်ကို မေးခွင့်ကြုံခဲ့သည်။ ထိုအဘိုးအိုက လူသားမဟုတ်ဘဲ ပထမမြောက်တောင်ထိပ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေ၍ မြို့ထဲတွင် နေထိုင်ခွင့် ရထားကြောင်း သူ သိခဲ့ရသည်။
တည်းခိုခန်းက အများအားဖြင့် အေးချမ်းနေခဲ့သည်။ တည်းခိုခန်းထဲရှိ ပုန်းအောင်းနေသော သတ္တဝါများနှင့် ပတ်သက်၍ ပထမမြောက်တောင်ထိပ်ကြောင့် စည်းမကျော်လာမချင်း လူဆိုးထိန်းဌာနက များစွာ ဂရုစိုက်နေမည် မဟုတ်ပေ။
ထို့ကြောင့် ဤလောကကြီးထဲ၌ လူသားမျိုးနွယ်တစ်ခုတည်းသာ ရှိနေခြင်း မဟုတ်ဘဲ တခြားလူသားမဟုတ်သော မျိုးနွယ်များလည်း ရှိနေကြောင်း ရွှီချင်း သိလာရသည်။
သို့သော် တည်းခိုခန်းထဲမှ အဘိုးအိုကို သူ တစ်ကြိမ် မြင်ခဲ့ဖူးပြီး ထိုကိစ္စကို သူ၏ရင်ထဲတွင် သိမ်းထားလိုက်သည်။
ယခုအချိန်၌ သူသည် လူဆိုးထိန်းဌာနကို သွား၍ သူ၏ပစ်မှတ်များကို မှတ်သားလာခဲ့ပြီး ထီးတစ်လက်ဆောင်းကာ လမ်းများထက် လျှောက်လာခဲ့သည်။
သူက ယမန်နေ့က ဖော်စပ်ခဲ့သော အဖြူရောင်ဆေးလုံးများကို ရောင်းချပြီး ဆေးပင်များ ထပ်ဝယ်ရန်အတွက် ဆေးဆိုင်ကို သွားရန် စီစဉ်ထားသည်။ သူ့မှာ အဖြူရောင်ဆေးလုံးအမြောက်အမြား ရှိနေသည်ဖြစ်၍လည်း သူ ပို၍ သတိထားနေ၏။
မိုးစဲလာသည့်အတွက်ကြောင့်ပေလော၊ မြို့ထဲတွင် တခြားနေ့များထက် ယနေ့ လူပိုများနေသည်။ မကြာခင် ရွှီချင်းသည် သတိကြီးကြီးထား၍ လျှောက်လာပြီးနောက် ဆေးဆိုင်ကို ရောက်သွားသည်။
ဆေးဆိုင်ထဲ၌ လူများစွာ ရှိမနေပါသော်ငြား ရင်းနှီးသောလူတစ်ယောက်ကို ရွှီချင်း မြင်လိုက်ရသည်။ ထိုလူက ဂိုဏ်းထဲကို သူနှင့်အတူ တစ်သုတ်တည်း ဝင်လာခဲ့သော ကျိုးချင်ဖုန်းဖြစ်သည်။
ကျိုးချင်ဖုန်းသည်လည်း ရွှီချင်းကို မြင်သွားသည်။ သူ တွေဝေသွားပါသော်လည်း ရွှီချင်းကို မမှတ်မိပေ။ သူ၏ရှေ့၌ရှိနေသော လူကို သူ ရင်းနှီးနေသလိုသာ ခံစားနေရသည်။ စစ်ဆေးပွဲနေ့၌ သူ တွေ့ခဲ့သော ရွှီချင်းက ညစ်ပတ်စုတ်ပြတ်နေသော ရတနာမုဆိုးအဝတ်အစားများကို ဝတ်ထားခဲ့သည် မဟုတ်ပါလား။
ရွှီချင်းက တစ်ခွန်းမှမပြောပေ။ ဘေးတွင်ရှိနေသော ဆိုင်ရှင်က ရွှီချင်းဝင်လာသည်ကို မြင်သောအခါ ပြုံးပြလိုက်သည်။ ရွှီချင်းကို သူ အတော်လေး အထင်ကြီးသည်။ ရွှီချင်းက ဒုတိယမြောက်တောင်ထိပ်မှ မဟုတ်ဘဲ ဆေးပင်များအကြောင်း အတော်များများ သိနေပေရာ ရှားပါးသည် မဟုတ်ပါလား။
“ အချိန်ကိုက်ကို လာတာပဲ။ ဒီနေ့ ဆိုင်ကို ပစ္စည်းကောင်းတစ်မျိုး ရောက်လာတယ်ကွ ”
ဆိုင်ရှင်က ပြုံး၍ သူ၏နောက်မှ သားရေအိတ်ကလေးကို ထုတ်လိုက်သည်။ သားရေအိတ်ကို ဖွင့်လိုက်သောအခါ ခြောက်ကပ်နေသော အပြာရောင်ပိုးကောင်ငါးကောင် ထွက်ပေါ်လာသည်။