← Chapters

အခန်း (၃၃၄၅-၃၃၄၆)

Vol. 220 Ch. 3345-3346

အခန်း (၃၃၄၅-၃၃၄၆)

Vol. 220 Ch. 3345-3346

အခန်း ၃၃၄၅ - လူသားတာအို၏ အရှင်

ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်နှစ်ခု၏ ဆင်းသက်လာမှုသည် အခြေအနေကို ချက်ချင်းပင်ပြောင်းလဲပြီး ရလဒ်ကို ဆုံးဖြတ်ပေးလိုက်၏။

ဘာ့ကြောင့်ရယ်မသိ ဆူဇီမိုသည် ရင်တလှပ်လှပ်ဖြစ်လာခြင်းအပြင် ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်နှစ်ခုသည် သူ့ကို အလွန်တရာ ရွံရှာစက်ဆုပ်မှု ခံစားရစေသည်။

ထိုရွံရှာစက်ဆုပ်မှုသည် ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ မျိုးဆက်မှတ်ဉာဏ်များကနေ လာခြင်းဖြစ်လေသည်။

သူသည် ဖန်တီးခြင်းကြာပန်း၊ ကြမ္မာမီးကြာပန်းနှင့် ကုသိုလ်ကြာပန်းတို့နှင့်သာ ပေါင်းစည်းထားရသေးသည်။ မျိုးဆက်သွေးမှတ်ဉာဏ်များသည် ပြီးပြည့်စုံမှုမရှိသေးဘဲ သူသည် အရင်တုန်းက ဖြစ်ပျက်ခဲ့သည့်အရာကို မတွေ့မြင်နိုင်ပေ။

သို့သော်လည်း ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ ဖျက်ဆီးခံရမှုသည် ကောင်းကင်ဘုံသူတော်စင်လက်နက်နှစ်ခုနှင့် ပတ်သက်ဆက်စပ်နေနိုင်လေသည်။

နောက်ထပ်ထူးဆန်းသည့်အရာတစ်ခု သူ့ထံမှာ ဖြစ်ပွားလာသည်။ သူတော်စင်အရှင်လေဟာနယ်အချိန်နှင့် သူတော်စင်ယင်ယန်တို့ ဆင်းသက်လာခဲ့စဉ်မှာပင် တမလွန်မီးရောင်ကျောက်တုံးနှင့် မီးပဒေသာဂမ္ဘီရကျောက်တုံးတို့က အဆင်ပြေနေခဲ့၏။ သို့သော်လည်း ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်နှစ်ခုဆင်းသက်လာပြီးနောက် မီးပဒေသာနှင့် တမလွန်မီးရောင်ဂမ္ဘီရကျောက်တုံးများသည် တစ်စုံတစ်ရာကို အာရုံခံမိသွာပုံရပြိး ရုတ်တရက် သူတို့၏ အော်ရာများကို ရုပ်သိမ်းလိုက်လေသည်။

ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ၎င်းကို အသက်သွင်းဖို့ ကြိုးစားကြည့်လျှင်တောင် ဂမ္ဘီရကျောက်တုံးနှစ်တုံးထံမှ မည်သည့်တုံ့ပြန်မှုမှ ရှိမလာတော့ပေ။

မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလာပြီးနောက် ဂမ္ဘီရကျောက်တုံးနှစ်တုံးသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာတုန်းနှင့် ကွဲပြားခြားနားသော အခြေအနေတစ်ခုမှာ သိသိသာသာ ရောက်ရှိလာ၏။

တကယ်ဆို သူတို့သည် အသိစိတ်ကို ရရှိပြီး သူတို့ဘာသာသူတို့ပင် ကျင့်ကြံလာနိုင်သည်။ ထို့ကြောင့်ပင် မီးပဒေသာနှင့် တမလွန်မီးရောင်ဂမ္ဘီရကျောက်တုံးများသည် မဟာကမ္ဘာတစ်ထောင်လောကကနေ လာခြင်းဖြစ်လောက်သည်ဟု ဆူဇီမိုက ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု ကောင်းကင်ဘုံတာအို သူတော်စင်လက်နက်နှစ်ခု၏ ခြိမ်းခြောက်မှုအောက်မှာ ဂမ္ဘီရကျောက်တုံးနှစ်တုံးက ပုန်းကွယ်နေကြလေသည်။

ဆူဇီမိုသည် တောင်အကြီးအကဲနှင့် ဆိုးယုတ်အမျိုးသမီးကို စိုးရိမ်ပူပန်နေသောအမူအရာဖြင့် ကြည့်လိုက်၏။

တောင်အကြီးအကဲ၏ သူတော်စင်ပိုင်နက်နယ်မြေသည် ထိုက်ကျိကားချပ်ဖြင့် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ကြေမွပျက်စီးကာ သူက ဒဏ်ရာအပြင်းအထန်ရရှိထားပြီဖြစ်၏။

ဆိုးယုတ်အမျိုးသမီးကတော့ သူမသည် သူတော်စင်အရှင်နှစ်ပါးကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး မိုးမြေနက်ဝါစေတီကြောင့် ဖိနှိမ်ခံထားရသည်။ သူမ၏ အခြေအနေက ပို၍ပင် ဆိုးရွားပြီး သူမသည် နောက်ထပ်တိုက်ခိုက်မှုတစ်ရပ်မှာ အသက်ရှင်နိုင်ပါ့မလားပင် မသေချာပေ။

ဤတစ်ခေါက် လေဟာနယ်အချိန်တားမြစ်ကုန်းမြေ၏ အခွင့်အလမ်းဆိုသည့်အရာမှာ မဟာသူတော်စင်နှစ်ပါးကို ဝန်ပိစေပြီး သူတို့က သတ်ဖြတ်ခြင်းပင်ခံရနိုင်သည်။

နောက်ဆုံး ဤနေ့မှာတော့ ဆူဇီမိုတို့အုပ်စုသည် သေးငယ်သော ယင်ကောင်များကဲ့သို့ဖြစ်နေ၏။ တကယ်ဆို သူတော်စင်အရှင်နှစ်ဦးသည် သူတို့ကို လုံးဝပင် အတည်အတံ့မမှတ်ယူခဲ့ပေ။

မဟာသူတော်စင်များသည်သာ အထွတ်အမြတ်ခိုလှုံရာငါးခု၏ အစစ်အမှန်ပစ်မှတ်များဖြစ်လေသည်။

သူတော်စင်အရှင်ယင်ယန်မှာ ထိုက်ကျိကားချပ်ရှိပြီး သူ၏ အော်ရာက စီးပိုးခြယ်လှယ်နိုင်နေ၏။ သူသည် တောင်အကြီးအကဲကို အေးစက်နေသောအမူအရာဖြင့် ငုံ့ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“ကူချန်…. မင်းက လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ဘီလီယံကျော်ကတည်းက သေသွားခဲ့ရမှာ…”

“မင်းက ဒီနေ့ထိ အသက်ရှင်နိုင်ခဲ့တာပဲ ကျေနပ်သင့်နေပြီ”

သူတော်စင်အရှင်လေဟာနယ်အချိန်က သူ့လက်ထဲမှာ မိုးမြေနက်ဝါစေတီကို ကိုင်ဆွဲပြီး တိုက်ခိုက်ဖို့ကိုအလောတကြီးရှိမနေပေ။ သူက စောင့်ဆိုင်းနေဆဲဖြစ်၏။

မိစ္ဆာအရှင်နှင့် အခြားသူများ ပေါ်ထွက်လာမလားဟု သူက စောင့်ကြည့်နေခြင်းဖြစ်နိုင်သည်။

ကံဆိုးစွာနှင့်ပင် မိစ္ဆာအရှင်နှင့် အခြားသူများသည် တစ်ချိန်လုံး ပေါ်ထွက်မလာခဲ့ပေ။

သူတော်စင်အရှင်လေဟာနယ်အချိန်က ဆိုးယုတ်အမျိုးသမီးကို သနားနေသောအကြည့်ဖြင့်ကြည့်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။

“ဟိုသုံးယောက်က တကယ့်ကို နှလုံးသားကင်းမဲ့တာပဲ… မင်းက မင်းကိုယ်မင်းအဆုံးစီရင်ဖို့ ဒီကိုရောက်လာတာကို သူတို့တွေက လုံးဝဂရုမစိုက်ဘဲ စောင့်ကြည့်နေကြတယ်”

ဆိုးယုတ်အမျိုးသမီးက ပြန်မဖြေဘဲ တစ်ဘက်မှာရှိသော တောင်အကြီးအကဲကိုသာကြည့်ကာ အမူအရာကင်းမဲ့စွာဖြင့်ပြောလိုက်၏။

“ရှင့်အနေနဲ့ ဒီဘက်မျိုးဆက်မှာ ရွေးချယ်မှုတစ်ခုပြုလုပ်ဖို့ အချိန်တန်ပြီ”

“ရှင်က လောကမှာ မွေးဖွားလာတဲ့ ပထမဆုံးလူသားပဲ… ရှင်က လူသားမဟာတာအိုကို ကျင့်ကြံခဲ့တယ်… ရှင်က သူတော်စင်အရှင်ဘဝဖြစ်ရုံတင်မကဘူး… ရှင်က လူသားတာအိုရဲ့အရှင်လည်းဖြစ်တယ်”

လူတိုင်းက ရုတ်ရုတ်သဲသဲဖြစ်သွားကြ၏။

ဆူဇီမိုနှင့် တျဲယွဲ့ကလည်း တုန်လှုပ်သွားကြ၏။

သူတို့သည် အကြည့်ချင်းဖလှယ်ပြီး တစ်ချိန်တည်းမှာ တစ်စုံတစ်ရာကို တွေးမိသွားကြ၏။

အရင်တုန်းက တျဲယွဲ့သည် ဒဏ်ရာအပြင်းအထန်ရရှိပြီး တမလွန်ဘုံ၏ လက်ခြောက်သွယ်ချောက်နက်မှာ လူသားတာအိုသို့ ခုန်ဝင်ခဲ့တုန်းက သူမသည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ကျဆင်းလာခဲ့လေသည်။

တစ်ချိန်တည်းမှာပင် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ထူးဆန်းသောအရာများစွာရှိနေသည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ အမျိုးမျိုးသော မျိုးနွယ်စုများရှိနေသည်ကို အသာထား…။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ ပေါ်ထွက်လာသည့်် ရတနာများစွာကပင် တုန်လှုပ်စရာကောင်းလွန်းနေပြီဖြစ်၏။

မီးပဒေသာနှင့် တမလွန်မီးရောင်ဂမ္ဘီရကျောက်တုံးများကဲ့သို့ မဟာကမ္ဘာတစ်ထောင်လောကမှ ပစ္စည်းများပင်လျှင် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ပေါ်ထွက်လာခဲ့၏။

ထျန်ဟွမ်ကုန်းမြေတိုက်သည် သူတော်စင်အရှင်ဘဝကျင့်ကြံသော လူသားတာအိုအပိုင်းအစတစ်ခုကနေ ဆင့်ကဲပြောင်းလဲလာခြင်းဖြစ်မည်ဆိုလျှင် အရာရာတိုင်းကို ရှင်းပြနိုင်မည်ဖြစ်သည်။

ထျန်ဟွမ်ကုန်းမြေတိုက်၏ မွေးဖွားလာမှုသည် အစကတည်းက မဟာကမ္ဘာတစ်ထောင်လောကနှင့် ပတ်သက်ဆက်စပ်နေသောကြောင့်ဖြစ်သည်။

အရင်တုန်းက သူတော်စင်အရှင်ဘဝသည ဒဏ်ရာအပြင်းအထန်ရရှိပြီး လူသားတာအိုက ကြေမွပျက်စီးသွားခဲ့၏။ အပိုင်းတစ်ခုသည် ကမ္ဘာငယ်ထောင်ချီလောကသို့ လွင့်မျောကျဆင်းပြီး နောက်ပိုင်းမှာ ထျန်ဟွမ်ကုန်းမြေတိုက်အဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။

တျဲယွဲ့က ပြောလိုက်၏။

“အရင်တုန်းက ထျန်ဟွမ်ကုန်းမြေတိုက်မှာ လူသားအတော်များများက စိတ်ဝိညာဉ်ရင်းမြစ်မရှိတာ ထူးဆန်းတယ်လို့ ကျွန်မရှင့်ကို ပြောခဲ့ဖူးတယ်”

“အခု အဲဒါကို ပြန်ပြီးတော့ စဉ်းစားကြည့်စမ်း… ထျန်ဟွမ်ကုန်းမြေတိုက်က လူသားတာအိုရဲ့ အပိုင်းအစတစ်ခုကနေ ဆင့်ကဲပြောင်းလဲလာတာဆိုရင် အဲဒါကို နားလည်ဖို့ မခက်ခဲတော့ဘူး”

ထိုအခိုက်အတန့်မှာ ဆူဇီမို၏ စိတ်ထဲရှိ မေးခွန်းတချို့က အဖြေရရှိလာ၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် လမ်းလေးသွယ်သာရှိပြီး ကောင်းကင်ဘုံတာအိုနှင့် လူသားတာအိုမရှိသည်မှာ မထူးဆန်းတော့ပေ။

လူသားတာအို၏ အရှင်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ လုံးဝရှိမနေခဲ့သောကြောင့်ဖြစ်သည်။

ဆူဇီမိုသည် ကြိတ်၍ သက်ပြင်းချပြီး ဆံဖြူအဖိုးအိုကို ကြည့်လိုက်၏။

ခါးသီးသောအမူအရာနှင့် ရွှမ်ဖျင်တောင်ကို တစ်ချိန်လုံးစောင့်ကြပ်နေသည့် ဤအဖိုးအိုသည် သူတော်စင်အရှင်ဘဝဖြစ်ရုံသာမက သူသည် လူသားတာအိုအရှင်လည်းဖြစ်နေလေသည်။

သို့သော်လည်း လူသားတာအို၏ အရှင်နှင့် လမ်းလေးသွယ်ကြား ဆက်ဆံရေးသည် သိပ်ပြီးရင်းနှီးမှုရှိပုံမရပေ။

“သူက လူသားတာအိုက အရှင်ဖြစ်တယ်ဆိုတော့ရော ဘာဖြစ်လဲ”

သူတော်စင်အရှင်ယင်ယန်က လှောင်ရယ်လိုက်၏။

“မင်းရဲ့ဘဝသက်တမ်းက ကုန်ဆုံးနေပြီ… သူတော်စင်အရှင်တဲ့လား… လူသားတာအိုရဲ့အရှင်တဲ့လား… အဲဒီဘွဲ့တွေက မင်းကိုကယ်နိုင်မှာ မဟုတ်တော့ဘူး”

ထိုစဉ်မှာပင် တောင်အကြီးအကဲက သူ၏ အင်္ကျီရင်ဘတ်ကြားထဲသို့ လက်ထည့်ပြီး ဟောင်းနွမ်းစုတ်ပြတ်နေသော စာအုပ်တစ်အုပ်ကို ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်၏။

“ဟမ်…”

ဆူဇီမိုက ဟောင်းနွမ်းစုတ်ပြတ်နေသောစာအုပ်ကို တွေ့မြင်သောအခါ ရင်တစ်ချက်ထိတ်သွား၏။

သူသည် ရွှမ်ဖျင်တောင်မှာ နှစ်အတော်အတန်ကြာ နေထိုင်ခဲ့လေသည်။ သူသည် တောင်အကြီးအကဲကို တွေ့မြင်သည့်အချိန်တိုင်းမှာ ထိုသူသည် သူ့ဘေးမှာ ဟောင်းနွမ်းစုတ်ပြတ်နေသော စာအုပ်တစ်အုပ်ကို အမြဲတမ်းထားရှိလေသည်။

တစ်ခါတစ်ရံမှာ သူသည် စာအုပ်ကို ဖွင့်ကြည့်နေတတ်၏။ တစ်ခါတစ်ရံမှာ သူသည် နေ့ခင်းနေ့လယ်တစ်ရေးတစ်မောအိပ်သည့်အချိန်မှာ သူ၏ မျက်နှာကို စာအုပ်ဖြင့် အုပ်ထားတတ်လေသည်။

တစ်ခါတစ်ရံမှာ သူသည် စာအုပ်ကို ဘေးမှာ သာမန်ကာလျှံကာ ချထားတတ်သည်။

စာအုပ်သည် အလွန်တရာဟောင်းနွမ်းစုတ်ပြတ်နေပြီး ဆူဇီမိုက ဂရုမစိုက်ခဲ့ပေ။

သို့သော်လည်း တောင်အကြီးအကဲသည် ထိုအခိုက်အတန့်မှာ ဟောင်းနွမ်းစုတ်ပြတ်နေသောစာအုပ်ကို ထုတ်ယူလိုက်သောအခါ…။

သူတော်စင်အရှင်ယင်ယန်၏ အကြည့်က ရွေ့လျားသွားပြီး ဟောင်းနွမ်းစုတ်ပြတ်နေသောစာအုပ်ပေါ် ဆင်းသက်ရောက်ရှိသွား၏။ ရုတ်တရက် သူက ရယ်မောကာ ပြောလိုက်၏။

“မင်းကတခြားဘယ်အရာကို အားကိုးမလို့လဲလို့ ငါတွေးနေတာ… လက်စသတ်တော့ ဒီလူသားစာအုပ်လား”

“ဟုတ်တယ်”

တောင်အကြီးအကဲက ခေါင်းညိတ်ပြီး တွေဝေရှုပ်ထွေးသောအမူအရာနှင့်အတူ သူ့လက်ထဲရှိ ဟောင်းနွမ်းစုတ်ပြတ်နေသောစာအုပ်ကို ကြည့်လိုက်၏။

သူတော်စင်အရှင်လေဟာနယ်အချိန်က သူ၏ ခေါင်းကိုခါယမ်းပြီး ပြုံး၍ ပြောလိုက်၏။

“လူသားစာအုပ်ကလည်း အရင်တုန်းက ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်တစ်ခုဖြစ်ခဲ့တာပဲ… ကံဆိုးစွာနဲ့ပဲ အဲဒါက ချို့ယွင်းပျက်စီးသွားပြီ”

“မင်းတို့တွေ အဲဒါကို တစ်ချက်လောက် စမ်းမကြည့်ချင်ဘူးလား”

တောင်အကြီးအကဲက ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။

“ဒါဆိုလည်း မင်းဆန္ဒကို ငါဖြည့်ပေးရတာပေါ့”

သူတော်စင်အရှင်ယင်ယန်က ဆက်လက်၍ အချိန်ဖြုန်းမနေဘဲ ထိုက်ကျိကားချပ်ကို နောက်တစ်ဖန်ဆင့်ခေါ်ကာ တောင်အကြီးအကဲရှိရာဘက်သို့ ဖိချလိုက်၏၊

သူတော်စင်အရှင်လေဟာနယ်အချိန်ကလည်း ဆိုးယုတ်အမျိုးသမီးကို မိုးမြေနက်ဝါစေတီဖြင့် ပစ်ပေါက်လိုက်၏။

ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်နှစ်ခုသည် ဆင်းသက်လာပြီး မြေပြင်က လှုပ်ခါသွားလေသည်။

ရုတ်တရက် တောင်အကြီးအကဲသည် သူ့လက်ထဲရှိလူသားစာအုပ်ကို လေထဲသို့မြှောက်တင်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်လိုက်၏။

ဝုန်း…

တစ်ချိန်တည်းမှာပင် လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာရှိနေသည့် အသက်ဓာတ်ကျောက်တုံးသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး မြေပြင်ကနေ ရုတ်တရက်ကြွတက်ကာ လူသားစာအုပ်ထဲသို့ ပျော်ဝင်ပေါင်းစည်းသွား၏။

လူသားစာအုပ်က ဝင်းလက်တောက်ပလာလေသည်။

အစက ပျက်စီးနေသော စာရွက်များသည် အသက်ဓာတ်ကျောက်တုံးနှင့် ပေါင်းစည်းပြီးနောက် လျင်မြန်စွာပြန်လည်ကောင်းမွန်လာနေ၏။

လူသားစာအုပ်၏ စွမ်းအားက အဆက်မပြတ်မြင့်တက်လာလေသည်။

လေထဲရှိ လူသားစာအုပ်၏ စာမျက်နှာများက အဆက်မပြတ် တဖျပ်ဖျပ်လန်နေ၏။ စာရွက်တစ်ရွက်ချင်းစီသည် လေဟာနယ်မှာ ဝဲဂယက်ဖြာနေသည့် အဆုံးမဲ့စွမ်းပကားတစ်ခုနှင့်အတူ ကျိန်းစပ်နေသောအလင်းရောင်တစ်ခုကို ထုတ်ဖော်ပြီး ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်နှစ်ခု၏ စွမ်းအားကို ခုခံနေ၏။

ဘုန်း… ဘုန်း… ဘုန်း…

ကျယ်လောင်သော ပေါက်ကွဲသံများနှင့်အတူ လူသားစာအုပ်ကနေ ဖြာထွက်နေသောအလင်းရောင်က တဖျပ်ဖျပ်ဖြစ်သွားပြီး ၎င်း၏အော်ရာက လုံးလုံးလျားလျား ဖိနှိမ်ခံလိုက်ရ၏။

ဟမ့်…

သူတော်စင်အရှင်ယင်ယန်က အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။

“ပြီးပြည့်စုံတဲ့ လူသားစာအုပ်ကတောင်မှ ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်နှစ်ခုရဲ့စွမ်းအားကို ခုခံနိုင်မှာမဟုတ်ဘူး… မင်းက ဒီပြီးပြည့်စုံမှုမရှိတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ မင်းရဲ့စာအုပ်နဲ့ ကောင်းကင်ဘုံသူတော်စင်လက်နက်နှစ်ခုကို တိုက်ခိုက်ချင်တယ်ပေါ့လေ”

တောင်အကြီးအကဲကလည်း ထိုအချက်ကို သိရှိထား၏။ သို့သော်လည်း သူ့မှာ ရွေးချယ်စရာမရှိပေ။

ဆိုးယုတ်အမျိုးသမီးက အလွန်တရာဆိုးဆိုးရွားရွားအခြေအနေမှာရှိနေပြီး မိုးမြေနက်ဝါစေတီထံမှ နောက်ထပ်တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ပေ။

သူသည် ရွေးချယ်စရာမရှိတော့ဘဲ လူသားစာအုပ်ကိုဆင့်ခေါ်ပြီး လောလောဆယ်မှာ ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်နှစ်ခုကို တားဆီးထားရသည်။

ဆူဇီမိုက လေထဲရှိ လူသားစာအုပ်ကိုကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

အသက်ဓာတ်ကျောက်တုံးနှင့်ပေါင်းစည်းပြီးနောက် အစက ပျက်စီးထိခိုက်ထားသော လူသားစာအုပ်၏ စာရွက်များက ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်၏။ သို့သော်လည်း ၎င်းသည် အစစ်အမှန် ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်တစ်ခုအဖြစ် ရောက်ရှိဖို့ အနည်းငယ်လိုအပ်နေပုံရလေသည်။

ညဝိညာဉ်၏ မျက်လုံးက ထက်ရှပြီး သူက ရုတ်တရက်ပြောလိုက်၏။

“အဲဒီလူသားစာအုပ်ရဲ့အလယ်မှာ စာရွက်တစ်ရွက် ဆုတ်ဖြဲခံထားရတယ်”

ဆူဇီမိုက ခဏမျှငေးငိုင်သွားပြီးနောက် သူ၏ စိတ်ထဲမှာ အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။

အခန်း ၃၃၄၆ - သေခြင်းရှင်ခြင်းစာအုပ်

ဆူဇီမှာ သေခြင်းရှင်ခြင်းစာအုပ်ဟု ခေါ်ဆိုသည့် အနက်ရောင်စာရွက်တစ်ရွက်တကယ်ပင် ရှိနေသည်။ အရင်းတုန်းက သူသည် ထိုအနက်ရောင်စာရွက်ကို တမလွန်ဘုံအရှင်ထံကနေ လုယူပြီး သိမ်းထားခဲ့လေသည်။ သို့သော်လည်း သူသည် နှစ်ပေါင်းများစွာလေ့လာပြီးနောက် ၎င်းကနေ မည်သည့်အရာကိုမှ မရရှိနိုင်ခဲ့ပေ။

တောင်အကြီးအကဲက ဟောင်းနွမ်းစုတ်ပြတ်နေသောစာအုပ်ကိုင်ဆွဲထားသည်ကို ကြိမ်ဖန်များစွာ သူတွေ့မြင်ခဲ့ဖူးသော်လည်း သေခြင်းရှင်ခြင်းစာအုပ်နှင့် ထိုစာအုပ်ကို ဘယ်တုန်းကမှ မဆက်စပ်မိခဲ့ပေ။

ဟောင်းနွမ်းစုတ်ပြတ်နေသောစာအုပ်သည် သိသာထင်ရှားမှုမရှိဘဲ သူ့လက်ထဲရှိ သေခြင်းရှင်ခြင်းစာအုပ်နှင့် အလွန်တရာကွဲပြားခြားနားသည့်ပုံပေါ်နေ၏။

တောင်အကြီးအကဲ၏ လက်ထဲရှိ လူသားစာအုပ်သည် အနည်းငယ်ဝါနေပြီး သာမန်စက္ကူများနှင့် မကွာခြားပေ။

သေခြင်းရှင်ခြင်းစာအုပ်ကတော့ ၎င်းသည် မကောင်းဆိုးဝါးဆန်၍ ထူးဆန်းသော အနက်ရောင်စာရွက်ပိုင်းတစ်ပိုင်းဖြစ်လေသည်။

ဆူဇီမိုသည် သေခြင်းရှင်ခြင်းစာအုပ်ကို အလိုလိုထုတ်ယူလိုက်၏။

အစက အနက်ရောင်စာရွက်သည် တိတ်ဆိတ်ငြိမ်သက်နေ၏။ သို့သော်လည်း ၎င်းသည် လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ ပေါ်ထွက်လာသောအခါ တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ရုတ်တရက် နက်မှောင်နေသောအလင်းလုံးတစ်လုံးကို ထုတ်လွှတ်လိုက်၏။

ချက်ချင်းပင် တစ်လောကလုံးက မှေးမှိန်သွားသည်။

လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ မျိုးနွယ်စုတစ်သောင်း ကျင့်ကြံသူများသည် အနက်ရောင်အလင်းလွှမ်းခြုံလာသည်ကို တွေ့မြင်သောအခါ ရင်တထိတ်ထိတ်ခံစားလာရ၏။ ၎င်းသည် တစ်မူထူးခြားစွာ တင်းကျပ်လေးလံလွန်းလေသည်။

ကောင်းကင်ဘုံအရှင်ကိုးဦးပင်လျှင် ချမ်းသာရာ မရပေ။

“ဟမ့်…”

သူတော်စင်အရှင်လေဟာနယ်အချိန်နှင့် သူတော်စင်အရှင်ယင်ယန်တို့၏ အမူအရာများက ပြောင်းလဲသွားကြသည် သူတို့သည် ဆူဇီမို၏ လက်ထဲရှိ အနက်ရောင်စာရွက်ကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။ သူတို့သည် ၎င်းထဲမှာရှိသောစွမ်းအားကို ထွင်းဖောက်မြင်လိုသည့်အလားပင်။

ရုတ်တရက်ဆိုသလို…။

သူတို့နှစ်ယောက်သည် မကောင်းဆိုးဝါးဆန်သောအော်ရာတစ်ခုကို ခံစားမိလိုက်ပြီး ခပ်သဲ့သဲ့ညည်းတွားကာ တုန်ယင်သွားကြ၏။

သူတော်စင်အရှင်နှစ်ဦးသည် တုန်လှုပ်သွားပြီး တောင်အကြီးအကဲကို တိုက်ခိုက်နေသည့် ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်နှစ်ခုကို အလောတကြီးပြန်လည်ရုပ်သိမ်းလိုက်ကြ၏။

ဇီ…

ကောင်းကင်ဘုံတာအိုလက်နက်နှစ်ခုကလည်း တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရသည် သူတို့သည် ညင်သာစွာတုန်ခါ၍ လေဟာနယ်ကိုလှုပ်ခါကာ အနက်ရောင်စာရွက်ကနေ ယူဆောင်လာသည့် အေးစက်နေသောအော်ရာကို ပျက်ပြယ်စေချင်သည့်အလား စွမ်းအားကြီးမားသော ဝဲဂယက်တစ်ခုကို ဖြာထုတ်လိုက်၏။

နောက်ခဏ၌ တောင်အကြီးအကဲက ဆူဇီမို၏ လက်ထဲရှိ အနက်ရောင်စာရွက်ကို တွေဝေရှုပ်ထွေးသောအမူအရာဖြင့် လှည့်ကြည့်ပြီး လေးတွဲစွာ သက်ပြင်းချလိုက်၏။

ခဏမျှနှုတ်ဆိတ်ပြီးနောက် တောင်အကြီးအကဲက လက်ယပ်ခေါ်လိုက်၏။

၎င်းသည် စွမ်းအားတချို့ဖြင့် ဆင့်ခေါ်ခြင်းခံရသည့်အလား အနက်ရောင်စာရွက်သည် အနက်ရောင်အလင်းစီးကြောင်းတစ်ခုအဖြစ် အသွင်ပြောင်းလဲပြီး ရုတ်တရက် တောင်အကြီးအကဲ၏ လက်ထဲရှိ လူသားစာအုပ်ရှိရာသို့ ပျံသန်းသွားလေသည်။

တစ်ခဏချင်းမှာပင် အနက်ရောင်စာရွက်သည် လူသားစာအုပ်၏ အလယ်ရှိ အကြားအလှပ်ထဲသို့ ဝင်ရောက်ပြီး ပျောက်ဆုံးနေသောစာရွက်ကို ပြီးပြည့်စုံစွာ အစားထိုးလိုက်လေသည်။

ဆုတ်ဖြဲခံထားရသော အနားစပ်များကပင် ပြီးပြည့်စုံစွာ ကိုက်ညီမှုရှိနေ၏။

ကြည့်ရသည်မှာ အနက်ရောင်စာရွက်သည် တကယ်ပင် လူသားစာအုပ်မှ ဆုတ်ဖြဲခံထားရခြင်းဖြစ်ပုံရလေသည်။

သို့သော်လည်း အနက်ရောင်စာရွက်သည် အနည်းငယ်အဝါရောင်သန်းနေသော လူသားစာအုပ်၏ စာရွက်များကြား ရောက်ရှိသွားပြီးနောက် ၎င်းသည် အလွန်တရာကွဲလွဲဆန့်ကျင်လာပုံရသည်။

သိပ်မကြာခင် လူသားစာအုပ်က ပြောင်းလဲသွားလေသည်။

အနက်ရောင်စာရွက်ကနေ ဖြာထုတ်ထားသည့် နက်မှောင်နေသောအလင်းရောင်သည် မင်များကဲ့သို့ လူသားစာအုပ်၏ စာရွက်များကို တစ်လွှာပြီးတစ်လွှာ အရောင်ဆိုးသွားလေသည်။

နောက်ခဏ၌ လူသားစာအုပ်သည် ပိန်းပိတ်အောင် နက်မှောင်နေသော ရှေးဟောင်းစာအုပ်တစ်အုပ်အဖြစ် ပြောင်းလဲသွား၏။

ထိုအခိုက်အတန့်မှာ လူသားစာအုပ်၏ အော်ရာသည် နောက်ဆုံးမှာ ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်နှစ်ခုနှင့် ယှဉ်နိုင်သောအဆင့်ထိ ရောက်ရှိလာသည်။

နောက်ထပ် ကောင်းကင်ဘုံသူတော်စင်လက်နက်တစ်ခု…။

တောင်အကြီးအကဲ၏ မျက်နှာပေါ်တွင် မည်သည့်ဝမ်းသာပျော်ရွှင်မှုမှ ရှိမလာပေ။ ဆူဇီမိုက ထိုသည်ကိုတွေ့မြင်သောအခါ သူက စိတ်ပျက်လက်ပျက်ခံစားချက်တစ်ခုကို ရရှိလိုက်၏။

လူသားစာအုပ်သည် လုံးလုံး ပြန်လည်ကောင်းမွန်ပြီး ၎င်း၏ အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိလာသည်။

သို့သော်လည်း ၎င်း၏ အော်ရာသည် စစချင်းအော်ရာနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသွားသည်။

အစက လူသားစာအုပ်သည် ဟောင်းနွမ်းစုတ်ပြတ်နေသော်လည်း ၎င်းသည် ကျယ်ပြော၍ နွေးထွေးပြီး အားလုံးကို ခြုံငုံမိသော စွမ်းအားတစ်ခုကို ထုတ်ဖော်ထား၏။

ထိုအခိုက်အတန့်မှာ လူသားစာအုပ်သည် သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်၍ မကောင်းဆိုးဝါးဆန်ပြီး ရန်လိုခက်ထန်လာ၏။

တစ်ချိန်တည်းမှာပင်။

တမလွန်သွေးပင်လယ်၊ သူတော်စင်အပျက်အစီးနယ်မြေမှာ။

အစက သွေးပင်လယ်ဘေးမှာ စိတ်ပျက်လက်ပျက်ထိုင်နေသာ အနက်ရောင်ဝတ်အမျိုးသား၏ အော်ရာက ပြောင်းလဲသွားပြီး သူက ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။

ဓမ္မတာအိုကို ကောက်ချက်ချနေသည့် သိုင်းတာအိုကိုပင်မခန္ဓာသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သူကလည်း သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။

ဤနှစ်များမှာ သူသည် သူတော်စင်အပျက်အစီးနယ်မြေတွင် ကျန်ရစ်ခဲ့သည့် မဟာတာအိုများအားလုံးကို နားလည်ဆင်ခြင်ထားပြီဖြစ်၏။

သူသည် မဟာတာအိုများကို ပထမဆုံးနားလည်ဆင်ခြင်စဉ်က အတော်လေးအချိန်ပေးရလေသည်။

သို့သော်လည်း သူသည် သတ္တုမဟာတာအို သို့မဟုတ် ရေမဟာတာအိုကဲ့သို့ တချို့တလေကို နားလည်ဆင်ခြင်မိသည်နှင့် ဤမဟာတာအိုများကနေ ဆင်းသက်လာသည့် မဟာတာအိုများကို နားလည်ဆင်ခြင်ဖို့အတွက် သူ့အနေနှင့် အားထုတ်မှုတစ်ဝက်သာလိုတော့လေသည်။

ထိုအခိုက်အတန့်မှာ အမြုတေသိုင်းလောကထဲတွင် မဟာတာအိုထောင်ချီရှိနေပြီဖြစ်၏၊ သူတို့သည် သိပ်သည်းများပြားပြီး ရောထွေးယှက်ဖြာကာ တစ်မူထူးခြားသော ဥပဒေသဖွဲ့စည်းပုံစနစ်တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲလာ၏။

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာသည် တာအိုနှင့်အတူ ပေါင်းစည်းနိုင်ခြင်းမရှိသေးပေ။

အမြုတေသိုင်းလောကထဲမှာ မဟာတာအိုများ၏ အရေအတွက်က တိုးလာသည်နှင့်အမျှ တာအိုနှင့်ပေါင်းစည်းခြင်းကနေတစ်ဆင့် သူတော်စင်တစ်ပါးဖြစ်လာဖို့ သူ၏ အခွင့်အရေးက ပို၍လျော့ကျလာနေ၏။

တာအိုပေါင်းစည်းခြင်းကနေတစ်ဆင့် သူတော်စင်တစ်ပါးဖြစ်လာမည့် လမ်းကြောင်းသည် သူ့အတွက် ဖြတ်တောက်ခံထားရပြီကို သိုင်းတာအိုပင်မခန္ဓာက သေချာသိရှိထားလေသည်။

ဤနှစ်များအားလုံးမှာ သူသည် နောက်တစ်ဆင့်ကို ဘယ်လိုတက်လှမ်းရမလဲ တီထွင်ကြံဆနေခဲ့သော်လည်း အကောင်အထည်ပေါ်မလာခဲ့ပေ။

ထိုအခိုက်အတန့်မှာ သူသည် အနက်ရောင်ဝတ်အမျိုးသားထံမှ မူမမှန်မှုကို အာရုံခံမိသောအခါ သိုင်းတာအိုပင်မခန္ဓာက သူ၏ ကောက်ချတ်ချမှုကို ရပ်တန့်ပြီး အတွေးနက်စွာဖြင့် အနက်ရောင်ဝတ်အမျိုးသားကို လှည့်ကြည့်လိုက်၏။

အနက်ရောင်ဝတ်အမျိုးသားသည် အရင်ကထက် သိသိသာသာများစွာပိုမိုကြောက်စရာကောင်းပြီး ထူးခြားအံ့မခန်းဖြစ်လာလေသည်။

ဒါ့အပြင် လူသားစာအုပ်က အနက်ရောင်စာရွက်နှင့်ပေါင်းစည်းပြီး ၎င်း၏ အသွင်ပြောင်းလဲမှုကို ပြီးမြောက်ခါစမှာ သူက ဤကဲ့သို့ပြုမူလာခြင်းသည် တိုက်ဆိုင်လွန်းနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် အနက်ရောင်ဝတ်အမျိုးသားထွက်ခွာသွားတော့မည်ကို သိရှိနေ၏။

သိုင်းတာအိုပင်မခန္ဓာက ခဏမျှစဉ်းစားပြီး ရုတ်တရက်ပြောလိုက်၏။

“ခင်ဗျား… ဒီအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့တာမလား”

ဤနှစ်များမှာသိုင်းတာအိုပင်မခန္ဓာသည် အနက်ရောင်ဝတ်အမျိုးသားနှင့် ဆက်သွယ်ဖို့ကြိုးစားကြည့်ခဲ့သော်လည်း ထိုလူက တုံ့ပြန်မှုရှိမလာခဲ့ပေ။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ဓမ္မတာအိုများကို ကောက်ချတ်ချနေစဉ် အနက်ရောင်ဝတ်အမျိုးသားသည် ရံဖန်ရံခါမှာ သူ့ဘက်ကိုလှည့်ပြီး ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေတတ်၏။

ထိုအခိုက်အတန့်မှာ သူသည် သိုင်းတာအိုပင်မခန္ဓာထံမှ မေးခွန်းကိုကြားသောအခါ အနက်ရောင်ဝတ်အမျိုးသားက သူ့ဘက်သို့ပြန်လှည့်လျှောက်လာပြီး သူ့ရှေ့မှာထိုင်လိုက်၏။

“မင်းက မင်းရဲ့ဓမ္မတာအိုကို ဆက်ပြီးကောက်ချတ်ချနိုင်မှာမဟုတ်တော့ဘူး”

အနက်ရောင်ဝတ်အမျိုးသားသည် သိုင်းတာအိုပင်မခန္ဓာ၏ စကားကို တိုက်ရိုက်ပြန်ဖြေခြင်းမရှိဘဲ ပြုံးစစဖြင့်ပြောလိုက်၏။

အစက သူ၏ နဖူးကိုဖုံးအုပ်ထားသည့် ဆံပင်ရှည်က လေမတိုက်ဘဲလှုပ်ရှားပြီး သူ၏ဦးခေါင်းနောက်ဘက်သို့ တဖြည်းဖြည်းရုပ်သိမ်းကာ တစ်မူထူးခြားစွာ ကြည့်ကောင်းသော မျက်နှာတစ်ခုကို ပေါ်ထွက်လာစေ၏။

သူသည် သိုင်းတာအိုပင်မခန္ဓာတွေးထင်ထားသည်ထက်ပင် ပိုမိုငယ်ရွယ်သည့်ပုံပေါ်နေ၏။

သူ၏မျက်လုံးများက ချောက်နက်တစ်ခုကဲ့သို့ နက်ရှိုင်းပြီး လောကဓံ၊ အထီးကျန်မှုနှင့် ညှိုးငယ်ထိုင်းမှိုင်းမှု၏ တစ်စွန်းတစ်စကို ရံဖန်ရံခါ ထုတ်ဖော်တတ်လေသည်။

အနက်ရောင်ဝတ်အမျိုးသားသည် တစ်လောကလုံးနှင့် ပိုင်းခြားခံထားရသည့်အလား အထီးကျန်အဖော်မဲ့နေသည့် ခံစားချက်တစ်ခုကို ထုတ်ဖော်ထား၏။

ဤအထီးကျန်အဖော်မဲ့မှုခံစားချက်သည် သူ၏ မျက်နှာနှင့် ပေါင်းစည်းပြီး သူ့မှာ တစ်မူထူးခြားသည့်အော်ရာတစ်ခု ဖြစ်ပေါ်လာစေ၏။

သိုင်းတာအိုပင်မခန္ဓာသည် တစ်ယောက်ယောက်ထံမှ ဤကဲ့သို့သောအော်ရာကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။

ဤကဲ့သို့သောအော်ရာတစ်ခုကို တစ်ကြိမ်တွေ့မြင်ရသည်နှင့် ဘယ်တော့မှ မေ့ပျောက်သွားတော့မည် မဟုတ်ပေ။

သိုင်းတာအိုပင်မခန္ဓာက အနက်ရောင်ဝတ်အမျိုးသား၏ စကားကို ပြန်မဖြေဘဲ ဆက်ပြောလိုက်၏။

“ကျုပ်ထင်တာမမှားဘူးဆိုရင် ခင်ဗျားက ပြန်ဝင်စားခြင်းအထွတ်အမြတ်ခိုလှုံရာရဲ့အရှင်ဘဲ”

“ခင်ဗျားရဲ့ ပြန်ဝင်စားခြင်းမဟာတာအိုရဲ့ ချို့ယွင်းချက်တွေရဲ့ မပြီးပြည့်စုံမှုတွေက ကောင်းကင်ဘုံတာအိုနဲ့ လူသားတာအိုက ခင်ဗျားရဲ့ထိန်းချုပ်မှုက လွတ်ထွက်နေတဲ့အချက်ကနေလာတာပဲ”

“အခုချိန်မှာ ခင်ဗျားက လူသားတာအိုကိုအသုံးချပြီး လူသားတာအိုကိုနောက်ဆုံးမှာ ထိန်းချုပ်လာနိုင်မယ်”

သေခြင်းရှင်ခြင်းစာအုပ်သည် လူသားစာအုပ်၏ စာရွက်တစ်ရွက် တကယ်ပင်ဖြစ်ခဲ့လေသည်။ သို့သော်လည်း အနက်ရောင်ဝတ်အမျိုးသားသည် ၎င်းကို နောက်ထပ်သူတော်စင်လက်နက်တစ်ခုအဖြစ် သန့်စင်မွမ်းမံထားခဲ့၏။

ဤသူတော်စင်လက်နက်သည် လူသားစာအုပ်နှင့် ပေါင်းစည်းပြီးနောက် ၎င်းသည် လူသားစာအုပ်ကို ပူးကပ်သိမ်းပိုက်လိုက်ပေလိမ့်မည်။

အနက်ရောင်ဝတ်အမျိုးသားသည် ဤအခွင့်အလမ်းကို အသုံးချပြီး လူသားစာအုပ်ကို ထိန်းချုပ်ကာ ၎င်းကနေတစ်ဆင့် လူသားမဟာတာအိုကိုပင် ထိန်းချုပ်နိုင်ပေမည်။

ထို့ကြောင့်ပင် တောင်အကြီးအကဲသည် ထိုသို့ပြုလုပ်ဖို့ အမြဲတမ်းငြင်းဆန်နေခဲ့ခြင်းဖြစ်၏။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် သေခြင်းရှင်ခြင်းစာအုပ်နှင့်အတူ ရွှမ်ဖျင်တောင်သို့ရောက်ရှိလာပြီးနောက် တောင်အကြီးအကဲသည် သေခြင်းရှင်ခြင်းစာအုပ်၏ တည်ရှိမှုကို အာရုံခံမိခဲ့မည်ဟု သိုင်းတာအိုပင်မခန္ဓာက ယုံကြည်လေသည်။

သို့သော်လည်း တောင်အကြီးအကဲသည် ထိုအကြောင်းကို ဘယ်တုန်းကမှ ထုတ်ဖော်မပြောဆိုခဲ့ပေ။

သူတော်စင်အရှင်လေဟာနယ်အချိန်နှင့် သူတော်စင်အရှင်ယင်ယန်သည် သူနှင့်ဆိုးယုတ်အမျိုးသမီးကို မရမက သတ်ဖြတ်လိုလာခြင်းကြောင့်မဟုတ်လျှင် သူသည် လူသားစာအုပ်ကို ပြန်လည်ပြင်ဆင်ပြီး ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်တစ်ခု၏ အဆင့်ကို ပြန်လည်ရောက်ရှိလာဖို့အတွက် သေခြင်းရှင်ခြင်းစာအုပ်ကို အသုံးချလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုအပြုအမူတွင် အကြီးမားဆုံး အကျိုးအမြတ်ရရှိသူမှာ သိုင်းတာအိုပင်မခန္ဓာရှေ့တွင်ထိုင်နေသော သူတော်စင်အရှင်ပြန်ဝင်စားခြင်း ဖြစ်ကောင်းဖြစ်ပေမည်။

“မင်းပြောတာတစ်ဝက်ပဲမှန်တယ်”

အနက်ရောင်ဝတ်အမျိုးသားက ညင်သာစွာပြုံးလိုက်၏။

“ငါက သူတော်စင်အရှင်ပြန်ဝင်စာခြင်း မဟုတ်ဘူး”

ခဏမျှရပ်တန့်ပြီးနောက် အနက်ရောင်ဝတ်အမျိုးသားက ပြုံး၍ တုန်လှုပ်စရာကောင်းသော အမှန်တရားတစ်ခုကို ထုတ်ဖော်ပြောဆိုလိုက်၏။

“မင်းက အစစ်အမှန်သူတော်စင်အရှင်ပြန်ဝင်စားခြင်းကို မြင်ဖူးတယ်… မင်းက သူနဲ့တောင်မှ တိုက်ခိုက်ခဲ့ဖူးတယ်။”

All Chapters