အခန်း (၃၃၄၇-၃၃၄၈)
Vol. 220 Ch. 3347-3348
အခန်း ၃၃၄၇ - သက်ရှိများအားလုံးအတွက် မတိုင်းတာနိုင်သော ကပ်ဘေး
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားသည်။
သူသည် အရင်က သူတော်စင်အရှင်ပြန်ဝင်စားခြင်းနှင့် တွေ့ဆုံခဲ့ဖူးရုံသာမက သူနှင့်ပင် တိုက်ခိုက်ခဲ့ဖူးသည်ဆိုပါလား…။
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ ပုံရိပ်များစွာ တဖျပ်ဖျပ်ပေါ်ထွက်လာပြီး နောက်ဆုံး လူတစ်ယောက်ထံမှာ ရပ်တန့်သွားသည်။
“ဖုန့်တူ”
သိုင်းတာအိုပင်မခန္ဓာက ဖြည်းဖြည်းချင်းပြောလိုက်သည်။
ဖုန့်တူသည် တမလွန်ဘုံ၏ အရှင်ဖြစ်ပြီး တမလွန်ဘုံမှာ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ် ရှိလေသည်။
အရင်က သိုင်းတာအိုပင်မခန္ဓာနှင့် ထိတွေ့ဆက်ဆံဖူးသည့် ပညာရှင်များကြားမှာ သူသာလျှင် သူတော်စင်အရှင်ပြန်ဝင်စားခြင်း ဖြစ်နိုင်လေသည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ ပို၍ပင်ကြီးမားသော သံသယတစ်ခု ပေါ်ထွက်လာသည်။
ဖုန့်တူသည် သူတော်စင်အရှင်ပြန်ဝင်စားခြင်း ဖြစ်မည်ဆိုလျှင် သူက ထာဝရအသက်ကို ရရှိထားခြင်းမှာ အံ့အားသင့်စရာမရှိပေ။
သို့သော်လည်း ထိုအဆင့်အတန်းနှင့်အတူ အလယ်အလတ်ကမ္ဘာတစ်တစ်ထောင်လောကမှာ သူ၏ အောင်မြင်ပေါက်မြောက်မှုသည် မိစ္ဆာအရှင်နှင့် အခြားသူများထက် နိမ့်ကျနေ၏။ သူက ဘာကြောင့် မဟာဧကရာဇ်တစ်ပါး ဖြစ်မလာနိုင်ရတာလဲ။
မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် အခြားသူများသည် မဟာကမ္ဘာတစ်တစ်ထောင်လောကသို့ တက်လှမ်းဖို့ ရွေးချယ်သွားခဲ့ကြ၏။ ဖုန့်တူသည် ဘာကြောင့် တမလွန်ဘုံမှာ ကျန်ရှိနေခဲ့တာလဲ။
တစ်နည်းအားဖြင့်ဆိုသော် သူတော်စင်အရှင်ဘဝအပြင် သူတော်စင်အရှင်ပြန်ဝင်စားခြင်းကလည်း အရင်တုန်းက မသေဆုံးခဲ့ဘူးလား။
ဖုန့်တူသည် အနက်ရောင်ဝတ်အမျိုးသား သန့်စင်မွမ်းမံထားသည့် သေခြင်းရှင်ခြင်းစာအုပ်ကို တစ်ချိန်လုံး ဆောင်ထားခဲ့လေသည်။
သူတို့သည် တူညီသော ဘက်မှာရှိပြီး ဆက်သွယ်မှုတစ်ခုရှိထားသည်မှာ သိသာနေ၏။
သိုင်းတာအိုပင်မခန္ဓာသည် တစ်ခါက ဖုန့်တူကို ဖိနှိမ်ခဲ့သော်လည်း အနက်ရောင်ဝတ်အမျိုးသားသည် သူ့အပေါ် မည်သည့်ရန်လိုစိတ်ကိုမှ မထုတ်ဖော်ခဲ့ပေ။ ဒါက ဘာသဘောလဲ…။
ဖုန့်တူသည် သူတော်စင်အရှင်ပြန်ဝင်စားခြင်း ဖြစ်မည်ဆိုလျှင် အနက်ရောင်ဝတ်အမျိုးသား၏ အဆင့်အတန်းက ဘာဖြစ်မလဲ…။
မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်၊ ဗြဟ္မာတစ္ဆေမိခင်၊ ငရဲအရှင်နှင့် အနက်ရောင်ဝတ်အမျိုးသားတို့ကြား ဆက်ဆံရေးက ဘာဖြစ်မလဲ…။
အနက်ရောင်ဝတ်အမျိုးသားက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဖုန့်တူက အရင်တုန်းက တကယ်ပဲ သူတော်စင်အရှင်ပြန်ဝင်စားခြင်း ဖြစ်ခဲ့တယ်... ဒါပေမဲ့ လက်ရှိသူက အရင်တုန်းကသူရဲ့ ဝိညာဉ်တစ်စပဲ”
“အရင်တုန်းက သူတော်စင်အရှင်ပြန်ဝင်စားခြင်းရဲ့ ခန္ဓာကိုယ်က ဖျက်ဆီးခံရတုန်းက သူရဲ့ဝိညာဉ်တစ်စပဲ ကျန်ခဲ့တယ်”
သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်သွား၏။
လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဘီလီယံကျော်က မဟာကမ္ဘာတစ်ထောင်လောက၏ ကြီးမားသော ဝရုန်းသုန်းကားအခြေအနေအတွင်း တောင်အကြီးအကဲ၏ ကျင့်ကြံမှုနယ်ပယ်က ကျဆင်းသွားသော်လည်း အနည်းဆုံး သူသည် ရှင်သန်နိုင်ခဲ့ပြီး သူ၏အထွတ်အထိပ်အခြေအနေကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်၏။
သို့သော်လည်း သူတော်စင်အရှင်ပြန်ဝင်စားခြင်းမှာ ဝိညာဉ်တစ်စသာ ကျန်ရစ်ခဲ့ပြီး ၎င်းသည် တမလွန်ဘုံကို အုပ်စိုးနေသည့် ဖုန့်တူဖြစ်လာခဲ့သည်။
“ဖုန့်တူ လုပ်ခဲ့တဲ့ လုပ်ရပ်တွေအားလုံးကို ခင်ဗျား သွေးထိုးလှုံ့ဆော်ပေးခဲ့တာမလား”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် မေးလိုက်သည်။
ကောင်းကင်ဘုံကိုးလွှာသည် အလယ်လတ်ကမ္ဘာတစ်ထောင်လောကမှာရှိသော သက်ရှိများအားလုံးအတွက် ကံဆိုးမိုးမှောင်ကျလာခြင်း၏ အရင်းအမြစ် မလွဲမသွေဖြစ်ခဲ့လေသည်။
နှစ်ပေါင်းမရေမတွက်နိုင်အောင် ဖုန့်တူသည်လည်း အလယ်လတ်ကမ္ဘာတစ်ထောင်လောကမှာ မရေမတွက်နိုင်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန်ခဲ့လေသည်။
“ဟဲဟဲ”
ရုတ်တရက် အနက်ရောင်ဝတ်အမျိုးသားက လှောင်ပြောင်သရော်၍ အထင်အမြင်သေးသော အမူအရာဖြင့် ပြောလိုက်၏။
“ဖုန့်တူသတ်ခဲ့တဲ့ သက်ရှိတွေရဲ့အရေအတွက်က အရမ်းကိုများပြားနေပြီလို့ မင်းထင်တယ်ပေါ့… ဖုန့်တူထက် အဆတစ်ရာ ဒါမှမဟုတ် အဆတစ်ထောင် ပိုပြီးတော့ ရက်စက်ကြမ်းတမ်းတဲ့အရာတွေကို ပြုလုပ်ခဲ့တဲ့ သက်ရှိတွေရှိတယ်... သူတို့ကိုရော ဘယ်လိုလုပ်မလဲ... သူတို့ကို ဘယ်သူက ဘာလုပ်နိုင်မှာလဲ”
“သူတို့က ဘယ်သူတွေလဲ”
သိုင်းတာအိုပင်မခန္ဓာက ချက်ချင်းပင် မေးလိုက်၏။
“အရင်တုန်းက မဟာကမ္ဘာတစ်ထောင်လောကမှာ ဖြစ်ပျက်ခဲ့တဲ့ ဝရုန်းသုန်းကားအခြေအနေက ဘာလဲ... ခင်ဗျားကရော ဘယ်သူလဲ”
“လောကရဲ့ ကစဉ့်ကလျားမှာ သူ့ကိုယ်ပိုင်ဥပဒေသတွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ လည်ပတ်မှုပုံစံတွေရှိတယ်... ဘီလီယံနဲ့ချီတဲ့ ကမ္ဘာငယ်တစ်တစ်ထောင်လောကပဲဖြစ်ဖြစ်… အလယ်လတ်ကမ္ဘာတစ်ထောင်လောကပဲဖြစ်ဖြစ်… ဒါမှမဟုတ် မဟာကမ္ဘာတစ်ထောင်လောကမှာတောင်မှ ကပ်ဘေးပေါင်းစုံက အမြဲတမ်းရှိနေတယ်”
အနက်ရောင်ဝတ်အမျိုးသားက သူ့မေးခွန်းကို ပြန်မဖြေဘဲ ဆက်ပြောလိုက်၏။
“မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေ ကျင့်ကြံကြတဲ့အခါ အဲ့ဒါက ရှင်သန်ဖို့အတွက် ဖြစ်ချင်ဖြစ်မယ်… စွမ်းအားအတွက် ဖြစ်ချင်ဖြစ်မယ်… ဒါမှမဟုတ် အသက်ရှည်ရှည်နေရဖို့အတွက် ဖြစ်ချင်ဖြစ်မယ်... ကံကြမ္မာတွေ ရောထွေးယှက်ဖြာသွားတဲ့အခါ မရေမတွက်နိုင်တဲ့ ကံအကြောင်းတရားတွေ ဖြစ်ပေါ်လာလိမ့်မယ်”
“ဒီဖြစ်စဉ်အတွင်းမှာ မျိုးနွယ်စုတစ်သောင်းသက်ရှိတွေကြား တိုက်ခိုက်ခြင်းနဲ့ သတ်ဖြတ်ခြင်းပေါင်းစုံတွေ သေချာပေါက်ရှိလာလိမ့်မယ်... အဲ့ဒါတွေက ပိုပြီးတော့ ပြင်းထန်ကြမ်းတမ်းလာပြီး တိကျတဲ့ဆုံမှတ်တစ်ခုကို ရောက်တဲ့အချိန်မှာ ကပ်ဘေးတစ်ခုက နောက်ဆုံးမှာ ပေါ်ထွက်လာလိမ့်မယ်”
“အဲ့ဒီမှာ ကပ်ဘေးငယ်တွေနဲ့ ကပ်ဘေးကြီးတွေ ရှိတယ်... ဒါပေမဲ့ သူတို့တွေက အတော်အတန် ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိနေတယ်... သူတို့ကို တိုင်းတာနိုင်တဲ့ ကပ်ဘေးတွေလို့ ခေါ်တယ်”
သိုင်းတာအိုပင်မခန္ဓာသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဖြစ်ပျက်ခဲ့သည့် ကပ်ဘေးများစွာကို ပြန်လည်အမှတ်ရသွား၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှာ သက်ရှိများအားလုံးကို သွေးမျိုးနွယ်အဖြစ် သွတ်သွင်းသန့်စင်ဖို့အတွက် တာအိုအရှင်သွေးမိစ္ဆာတစ်ယောက်တည်းကပင် ကပ်ဘေးများစွာကို ဖြစ်ပေါ်စေခဲ့၏။
ကမ္ဘာဦးခေတ်မှာ နတ်ဘုရားမျိုးနွယ်၏ ကျူးကျော်ဝင်ရောက်မှုပင် ရှိခဲ့၏။
သည်ဘက်မျိုးဆက်မှာ မျိုးနွယ်စုတစ်သောင်းကို ဖိနှိမ်ဖို့အတွက် ပူးပေါင်းခဲ့ကြသော ကမ္ဘာဦးမျိုးနွယ်များ ရှိခဲ့လေသည်။
အဲ့ဒီမှာ မရေမတွက်နိုင်သော ကပ်ဘေးငယ်များနှင့် ကပ်ဘေးကြီးများ ရှိခဲ့သည်။
သို့သော်လည်း ထိုဖြစ်ရပ်များသည် အနက်ရောင်ဝတ်အမျိုးသားပြောသည့်အတိုင်း ဖြစ်ခဲ့လေသည်။ သူနှင့် ကိုယ်တော်တာမင်းလိုလူများ ပေါ်ထွက်လာခြင်းကြောင့် ဤကပ်ဘေးများကို ဖြေရှင်းနိုင်ခဲ့၏။
အနက်ရောင်ဝတ်အမျိုးသားပြောပုံအရ ဤကပ်ဘေးများကို တိုင်းတာနိုင်သောကပ်ဘေးများဟုသာ ခေါ်ဆိုရမည်ဖြစ်သည်။
အနက်ရောင်ဝတ် အမျိုးသားက ဆက်ပြောလိုက်၏။
“ဒါပေမဲ့ တိုင်းတာနိုင်တဲ့ကပ်ဘေးတွေရဲ့အထက်မှာ သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ ကပ်ဘေးတစ်ခု ရှိလာတယ်... အဲ့ဒီကပ်ဘေးဖြစ်ပွားလာတာနဲ့ အဲ့ဒါကို ထိန်းချုပ်လို့မရတော့ဘူး... ပြန်ပြီးတော့ အဖတ်ဆယ်လို့မရတော့ဘူး”
“ကမ္ဘာတစ်ထောင်သုံးဆင့်လောကက ကစဉ့်ကလျားအဖြစ် ပြောင်းလဲပြီး သက်ရှိတွေအားလုံးက သေကြေပျက်စီးရလိမ့်မယ်... မဟာကမ္ဘာတစ်ထောင်လောကမှာတောင် ရှင်သန်ကျန်ရစ်မယ့်သူ အနည်းငယ်ပဲရှိလိမ့်မယ်”
“သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ ကပ်ဘေးလား”
သိုင်းတာအိုပင်မခန္ဓာသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်ပြီး စဉ်းစားရခက်သွား၏။
အနက်ရောင်ဝတ်အမျိုးသား၏ စကားလုံးများကနေ ထွက်ပေါ်လာသော သတင်းအချက်အလက်သည် သူ၏ ကျင့်ကြံမှုနယ်ပယ်နှင့် လောကနှင့်စကြဝဠာ၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်၏။
“သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေးက ဘာကြောင့်ဖြစ်လာတာလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်သည်။
“မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေက မျိုးပွားကြ၊ ကျင့်ကြံကြတဲ့အခါ သူတို့ရဲ့ကျင့်ကြံမှုနယ်ပယ်က ပိုပြီးမြင့်မားလေ… သူတို့ သုံးစွဲရတဲ့အရင်းအမြစ်တွေကလည်း ပိုပြီးတော့ များပြားလာလေပဲ”
“ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝသက်တမ်း မြင့်တက်လာတာနဲ့ သူတို့ခန္ဓာကိုယ်ထဲမှာ စုဆောင်းထားတဲ့ စွမ်းအင်တွေကလည်း တိုးမြင့်လာလိမ့်မယ်… အဲ့ဒါက ထာဝရအသက်ကို ရရှိလာတာနဲ့ သူ့ရဲ့အထွတ်အထိပ်ကို ရောက်ရှိသွားလိမ့်မယ်”
“လောကနဲ့ စကြဝဠာမှာရှိတဲ့ စွမ်းအင်က အဆုံးမဲ့နေတာ မဟုတ်ဘူး... တစ်ခုခုပြန်ထုတ်ပေးတာမရှိဘဲ အဆက်မပြတ် စုပ်ယူနေမယ်ဆိုရင် စကြဝဠာက ခမ်းခြောက်ပြီး ပျက်စီးခြင်းဆီကို ဦးတည်တဲ့ တစ်နေ့ကို ရောက်လာလိမ့်မယ်”
သိုင်းတာအိုပင်မခန္ဓာက အလေးအနက် စဉ်းစားတွေးတောလိုက်၏။
အရင်တုန်းက မိစ္ဆာအရှင်ကလည်း ဆင်တူသော တစ်စုံတစ်ရာကို ပြောခဲ့ဖူးလေသည်။
“မော်တယ်တွေမှာ ဘဝသက်တမ်း နှစ်တစ်ရာထက် ပိုမရှိဘူး… သူတို့ သေဆုံးသွားတဲ့အခါ သူတို့ရဲ့ဝိညာဉ်က လောကဆီ ပြန်ရောက်ပြီး သူတို့ရဲ့အသွေးအသားတွေက ပျက်ပြယ်သွားလိမ့်မယ်… စွမ်းအင်တွေအားလုံးက သဘာဝဆီ ပြန်သွားလိမ့်မယ်… တချို့က စုပ်ယူခံရပြီး တချို့ကို ပြန်ထုတ်ပေးလိမ့်မယ်… အဲ့ဒါက လောကရဲ့မျှခြေကို ချိုးဖျက်မှာ မဟုတ်ဘူး”
“ဒါပေမဲ့ ကျင့်ကြံသူတွေရဲ့ တည်ရှိမှုက အဲ့ဒီမျှခြေကို ချိုးဖျက်လိုက်တယ်”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်လိုက်သည်။
“သက်ရှိတွေအားလုံးအတွက် တိုင်းတာမရတဲ့ ကပ်ဘေးရဲ့အရင်းအမြစ်က လောကမှာရှိတဲ့ ကျင့်ကြံသူတွေဖြစ်တယ်လို့ ခင်ဗျားပြောတာလား”
“ဒါပေါ့”
အနက်ရောင်ဝတ်အမျိုးသားက ခေါင်းခါယမ်းလိုက်၏။
“ကောင်းကင်ဘုံတွေက သန်မာကြတယ်... သူတို့က သူတို့ကိုယ်သူတို့ ပြန်ပြီးအားဖြည့်နိုင်တယ်... တကယ်ဆို သက်ရှိတွေရဲ့ ကျင့်ကြံမှုက အစတုန်းက လောကရဲ့ ဥပဒေသတွေနဲ့ လည်ပတ်မှုစက်ဝန်းထဲမှာ ရှိနေခဲ့တယ်… ဒါပေမဲ့ အဲ့ဒီမျှခြေကို တကယ်တမ်းချိုးဖျက်ပြီး သက်ရှိတွေအားလုံးအတွက် တိုင်းတာမရတဲ့ ကပ်ဘေးကို နှိုးဆွပေးခဲ့တဲ့ အရင်းအမြစ်က ထာဝရသက်ရှိတွေရဲ့ တည်ရှိမှုပဲ”
“ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်ပဲ သန်မာပါစေ... သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ စုဆောင်းထားတဲ့စွမ်းအင်က အကန့်အသတ်ရှိနေရမယ်… နောက်ပြီး သူတို့တွေက တစ်နေ့မှာသေပြီး စွမ်းအင်က လောကဆီကို ပြန်သွားရလိမ့်မယ်”
“ဒါပေမဲ့ ထာဝရသက်ရှိတွေကတော့ အဲ့လိုမဟုတ်ဘူး... သူတို့မှာ ရည်ရွယ်ချက်တွေ ရှိကြတယ်... သူတို့မှာ စိတ်ခံစားချက်ခုနစ်မျိုးနဲ့ အာရုံခြောက်ပါး ရှိကြတယ်... သူတို့က ထာဝရအသက်ကို ပိုင်ဆိုင်ထားကြတယ်”
“ထာဝရသက်ရှိတွေ ပိုပြီးတော့ များပြားလာလေ… သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေး ကျရောက်လာဖို့က ပိုပြီးတော့ မြန်ဆန်လာလေပဲ”
သိုင်းတာအိုပင်မခန္ဓာက ခဏမျှ နှုတ်ဆိတ်ပြီးနောက် မေးလိုက်၏။
“အရင်တုန်းက မဟာကမ္ဘာတစ်ထောင်လောကရဲ့ ကြီးမားတဲ့ ဝရုန်းသုန်းကားအခြေအနေနဲ့ သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ ကပ်ဘေးကြား ချိတ်ဆက်မှုက ဘယ်လိုရှိလဲ”
သက်ရှိများအားလုံးအတွက် မတိုင်းတာနိုင်သော ကပ်ဘေးသည် သေချာပေါက် ဖြစ်ပွားမလာခဲ့ပေ။ မဟုတ်ပါက ကမ္ဘာတစ်ထောင်သုံးဆင့်လောကသည် ဖျက်ဆီးခံရပြီး သူတို့ထဲ မည်သူကမှ ယခုအချိန်တွင် တည်ရှိနေကြလိမ့်မည် မဟုတ်ပေ။
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။
“သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ကပ်ဘေး ဆင်းသက်ပြီး သူတို့ကိုယ်တိုင်ပါ အန္တရာယ်ကျရောက်မှာကို သူတော်စင်တချို့က စိုးရိမ်ပူပန်ခဲ့ကြတယ်... အဲ့ဒါကြောင့် သူတို့တွေက စကြဝဠာမှာရှိတဲ့ သက်ရှိတွေအားလုံးကို ကြိုတင်သတ်ဖြတ်ပြီး သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ ကပ်ဘေးကို အချိန်ဆွဲထားချင်ခဲ့ကြတယ်”
“သူတို့ရဲ့ ရှည်လျားလွန်းတဲ့ ဘဝသက်တမ်းမှာ သူတို့က အဲ့ဒါကို တစ်ကြိမ်မက လုပ်ခဲ့ပြီးပြီ... သူတို့က အဲ့ဒီလုပ်ရပ်နဲ့ ရင်းနှီးကျွမ်းဝင်မှုတောင် ရှိနေပြီ”
အနက်ရောင်ဝတ်အမျိုးသားက ထိုစကားကို တည်ငြိမ်စွာ ပြောဆိုလိုက်သော်လည်း သိုင်းတာအိုပင်မခန္ဓာက ကြီးမားစွာ တုန်လှုပ်သွားလေသည်။
သူတော်စင်နယ်ပယ်အောက်မှာရှိသော လူတိုင်းက ပုရွက်ဆိတ်များသာဖြစ်၏။ ထိုစကားက သေချာပေါက် အလိမ်အညာတစ်ခု မဟုတ်ပေ။
စကြဝဠာမှာရှိသော သက်ရှိများအားလုံးကို သတ်ဖြတ်ခြင်းသည် သူတော်စင်များကလွဲလျှင် လောကမှာရှိသော သက်ရှိများအားလုံး သေဆုံးသွားရလိမ့်မည်ဟု ဆိုလိုလေသည်။ ဘီလီယံနှင့်ချီသည့် ကမ္ဘာငယ်တစ်တစ်ထောင်လောက၊ အလယ်လတ်ကမ္ဘာတစ်ထောင်လောကနှင့် မဟာကမ္ဘာတစ်ထောင်လောကမှာရှိသော သက်ရှိများအားလုံးက အမြစ်ဖြတ် ရှင်းလင်းခံရပေလိမ့်မည်။
ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးလဲ။
ထိုဖြစ်ရပ်နှင့်ယှဉ်လျှင် ဖုန့်တူ၏ အပြုအမူများက တကယ်ပင် ဘာမှမဟုတ်ပေ။
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။
“ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဘီလီယံကျော်တုန်းက သက်ရှိတွေအားလုံး သေကြေပျက်စီးမှာကို မကြည့်ရက်နိုင်တဲ့ သူတော်စင်တစ်စု ရှိလာခဲ့တယ်... အဲ့ဒါကြောင့် သူတို့တွေက ရှေ့ကိုထွက်ပြီး အဲ့ဒီလုပ်ရပ်ကို တားဆီးဖို့ အတတ်နိုင်ဆုံး ကြိုးစားလာကြတယ်... အဲ့ဒီအချိန်မှာ နှစ်ဦးနှစ်ဖက်ကြား သူတော်စင်တွေရဲ့တိုက်ပွဲ ပေါ်ထွက်လာခဲ့တယ်... အဲ့ဒါက ကြီးမားတဲ့ ဝရုန်းသုန်းကားအခြေအနေရဲ့ မူလဇာစ်မြစ်ပဲ”
ထိုကြီးမားသော ဝရုန်းသုန်းကားအခြေအနေ၏ ရလဒ်သည် သူတော်စင်များစွာ၏ သေဆုံးမှုနှင့် အထွတ်အမြတ်ခိုလှုံရာသုံးခု၏ ပျက်စီးမှုကို ဖြစ်စေခဲ့လေသည်။
သူတော်စင်များစွာ၏ အပြီးတိုင်သေဆုံးမှုကြောင့် မဟာတာအိုသူတော်စင်နေရာများမှာ လစ်လပ်မှုများရှိလာပြီး စွမ်းအင်က စကြဝဠာထံ ပြန်လည်ရောက်ရှိသွားလေသည်။ တစ်နည်းအားဖြင့် ၎င်းသည် သက်ရှိများအားလုံးအတွက် မတိုင်းတာနိုင်သော ကပ်ဘေးကို ကြန့်ကြာစေပြီး သုံးဘုံလောကမှ သက်ရှိများအားလုံး သတ်ဖြတ်သုတ်သင်ခံရမည့်ဘေးမှ တားဆီးနိုင်ခဲ့လေသည်။
အနက်ရောင်ဝတ်အမျိုးသားက သူ၏ အောက်ဘက်မှာရှိသော အပျက်အစီးပုံများကို လက်ညှိုးထိုးပြလိုက်၏။
“အဲ့ဒီတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ သူတော်စင်တွေကို ဒီနေရာမှာ မြှုပ်နှံထားတယ်”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
“ဒီနေရာမှာ အလောင်းသုံးထောင်ရှိတယ်... သူတို့တွေအားလုံးက လူသားမျိုးနွယ်တွေပါပဲ”
သူသည် ဤနေရာမှာ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက် ထိုအချက်ကို သတိထားမိနေခဲ့ပြီဖြစ်၏။
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။
“အရင်တုန်းက ရှေ့ကိုထွက်ပြီး တားဆီးခဲ့ကြတဲ့ သူတော်စင်အုပ်စုက လူသားမျိုးနွယ်က သူတော်စင်သုံးထောင်ပဲ။”
သိုင်းတာအိုပင်မခန္ဓာက ရင်ထဲမှာ လှုပ်ရှားသွားလေသည်။
အခန်း ၃၃၄၈ - မူလအမြုတေစိတ်ဝိညာဉ်များ
လူသားသူတော်စင်သုံးထောင်မှာ အဆုံးမဲ့ဘဝသက်တမ်းများ ရှိနေပြီဖြစ်ပြီး သူတို့သည် သေခြင်းတရားကို ရှောင်လွှဲနိုင်ခဲ့သည်။
သူတို့သည် စကြာဝဠာထဲရှိ သက်ရှိများအားလုံးကို သတ်ဖြတ်ဖို့အတွက် အခြားသော သူတော်စင်များ၏ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်ပါမည်ဆိုလျှင် သူတို့သည် သက်ရှိများအားလုံးအတွက် မတားဆီးနိုင်သော ကပ်ဘေးကို အောင်အောင်မြင်မြင် အချိန်ဆွဲပြီး သုံးဘုံလောကကို ဆက်လက်၍ အုပ်စိုးနိုင်မည်ဖြစ်သည်။
သို့သော်လည်း ဤသူတော်စင်များသည် အခြားသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
ထိုသည်ကား ဝမ်းနည်းချောက်ချားစရာကောင်းသော ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့သည်။
ဘေးပတ်ဝန်းကျင်မှာရှိသော သွေးပင်လယ်နှင့် သူ၏ ခြေဖဝါးအောက်မှာရှိသော သူတော်စင်များ၏ အလောင်းများသည် ထိုသမိုင်း၏ သက်သေဖြစ်ခဲ့သည်။
တကယ်တမ်းမှာ ထိုလုပ်ရပ်သည် လောကရှိ သက်ရှိများအားလုံးကို အသက်ရှင်ခွင့်ပေးခဲ့သော လူသားသူတော်စင်သုံးထောင်၏ စွန့်လွှတ်အနစ်နာခံမှု ဖြစ်ခဲ့လေသည်။
မဟုတ်ပါက လွန်ခဲ့သည့် နှစ်ပေါင်းခြောက်ဘီလီယံကျော်က ကမ္ဘာတစ်ထောင်သုံးဆင့်လောက၏ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် အမျိုးမျိုးသော ကောင်းကင်ဘုံများမှ သူတော်စင်များ၏ သတ်ဖြတ်ခြင်း ခံခဲ့ရပေလိမ့်မည်။
ဤအချက်ကြောင့်ပင် ကြီးမားသော ဝရုန်းသုန်းကား အခြေအနေအပြီး၌ ယနေ့အချိန်ထိကို အထွတ်အမြတ်ခိုလှုံရာငါးခုသည် လူသားမျိုးနွယ်ကို ဖိနှိမ်ထားခဲ့ခြင်း ဖြစ်သည်။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“ကျုပ်သိရသလောက်ဆိုရင် အရင်တုန်းက လူသားတွေအများကြီး မရှိခဲ့ဘူး.. သူတို့မှာ သူတော်စင်သုံးထောင်တောင် ဘယ်လိုလုပ်ရှိလာတာလဲ”
ကမ္ဘာတစ်ထောင်သုံးဆင့်လောကတစ်ခုလုံးမှာပင် သူတော်စင်တစ်သောင်းခန့်သာ ရှိပေလိမ့်မည်။
မျိုးနွယ်စုတစ်သောင်းက တည်ရှိနေကြ၏။ သို့သော်လည်း လူသားမျိုးနွယ်မှာပင် သူတော်စင်သုံးထောင် ရှိခဲ့လေသည်။ ထိုအချက်က ဘယ်လောက်တောင် ကြောက်စရာကောင်းခဲ့လဲ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာတုန်းက ဆူဇီမိုသည် လူသားမျိုးနွယ်က အလွန်တရာ ထူးခြားသော တည်ရှိမှုဖြစ်သည်ဟု ခပ်ရေးရေး အာရုံခံမိခဲ့သည်။
သူတို့သည် မွေးရာပါအားနည်းပြီး အခြားသောမျိုးနွယ်များနှင့် မယှဉ်နိုင်သော်လည်း သူတို့မှာ အကန့်အသတ်မဲ့သော ပါရမီအလားအလာ ရှိနေကြသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပေါ်ထွက်ခဲ့သော မဟာဧကရာဇ်အများစုသည် လူသားမျိုးနွယ်မှ ဖြစ်ကြသည်။
အနက်ရောင်ဝတ်အမျိုးသားက အတန်ကြာအောင် နှုတ်ဆိတ်ပြီးမှ သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမှုအရာတစ်ခု ပေါ်ထွက်လာသည်။ သူက အတိတ်ကို အောက်မေ့သတိရပြီး ဂုဏ်ယူဝင့်ကြွားနေသည့်အလားပင်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဘာလို့လဲဆိုတော့ လူသားမျိုးနွယ်က သူမ ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ပြီး ဖန်တီးထားခဲ့တဲ့ မျိုးနွယ်ဖြစ်နေလို့ပဲ”
သူမလား...
ဖန်တီးခဲ့တာလား…
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲတွင် အံ့အားသင့်မှု အကြည့်တစ်ခု ပေါ်ထွက်လာ၏။
“မင်း အံ့ဩသွားလား”
အနက်ရောင်ဝတ်အမျိုးသားက မှင်သေသေဖြင့် ပြောလိုက်၏။
“လူသားမျိုးနွယ်တင် မဟုတ်ဘူး... မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေရဲ့ မွေးဖွားပေါ်ထွက်လာမှုက ဘယ်တုန်းကမှ တိုက်ဆိုင်မှုတစ်ခု မဟုတ်ခဲ့ဘူး... သူတို့တွေအားလုံးကို ဖန်တီးထားတာပဲ”
“ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းကို အပင်မျိုးနွယ်နတ်ဘုရားလို့ ခေါ်ဆိုတယ်ဆိုတာ ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာရှိတဲ့ ဒေသပေါက်ပင်တွေအားလုံးကို ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းက ဖန်တီးခဲ့တာမို့လို့ပဲ”
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။
အစကတော့ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် လောကမှာ သဘာဝအလျောက် မွေးဖွားပေါ်ထွက်လာခဲ့သည်ဟု သူက တွေးထင်ခဲ့၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို တစ်ယောက်ယောက်က ဖန်တီးထားခြင်းဖြစ်သည်ကို သူက ယခုမှသာ သိရှိလိုက်လေသည်။
ထိုသို့ဆိုလျှင် ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းက အပင်မျိုးနွယ်သက်ရှိများအားလုံးကို ဖိနှိမ်နိုင်သည့် အကြောင်းရင်းကို ရှင်းပြနိုင်ပေလိမ့်မည်။
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။
“ကမ္ဘာတစ်ထောင်သုံးဆင့်လောက ဖြစ်ပေါ်မလာခင် ကစဉ့်ကလျားလောက မတိုင်ခင်က ဒီစကြာဝဠာက အကြမ်းဖျင်း ကနဦးပုံစံတစ်ခုမှာပဲ ရှိခဲ့တယ်... အဲ့ဒီမှာ သက်ရှိတွေ အရေးကိစ္စတွေ မပြောနဲ့… မဟာတာအိုတွေတောင်မှ မရှိခဲ့ဘူး”
“အချိန်ကြာလာတာနဲ့ ဒီလောကမှာ မူလအမြုတေစိတ်ဝိညာဉ်ခြောက်ခု မွေးဖွားပေါ်ထွက်လာခဲ့တယ်... ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းက သူတို့ထဲက တစ်ခုပဲ”
ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းမှာ ဤကဲ့သို့ စွမ်းအားကြီးမားသော နောက်ခံတစ်ခု ရှိနေလေသည်။ သိုင်းတာအိုပင်မခန္ဓာက တိတ်တဆိတ် ထိတ်လန့်သွား၏။
“အဲဒီ မူလအမြုတေစိတ်ဝိညာဉ်ခြောက်ခုက ကောင်းကင်ဘုံတာအိုခြောက်ခုကို သိမ်းပိုက်ပြီး မိုးနဲ့မြေကို တည်ဆောက်ခဲ့တယ်... သူတို့က သက်ရှိတွေကို ဆင့်ကဲပြောင်းလဲစေပြီး အရာရာတိုင်းကို ဖန်တီးခဲ့ကြတယ်... မဟာတာအိုသုံးထောင်က တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး တာအိုကို ပထမဆုံး အောင်မြင်ရရှိခဲ့တဲ့သူတွေက ကစဉ့်ကလျားအထွတ်အမြတ်စိတ်ဝိညာဉ် ကိုးခုပဲ”
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။
“ကစဉ့်ကလျားအထွတ်အမြတ်စိတ်ဝိညာဉ် ကိုးခုလား”
မဟာကမ္ဘာတစ်ထောင်လောကမှာ အထွတ်အမြတ်စိတ်ဝိညာဉ် ငါးခုရှိသည်ကို မျောက်ထံမှ သူကြားဖူးထားလေသည်။
သူတို့တွေက ထိုကိုးခုထဲက ငါးခုလား...။
ဒါဆို အခြားသော လေးခုက ဘယ်သူတွေလဲ…။
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။
“ကစဉ့်ကလျားအထွတ်အမြတ်စိတ်ဝိညာဉ် ကိုးခုထဲက ငါးခုက အထွတ်အမြတ်ခိုလှုံရာငါးခုရဲ့ လက်ရှိအရှင်တွေပဲ”
တကယ်ပင်…
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်လိုက်၏။
အနက်ရောင်ဝတ်အမျိုးသားက ဆက်ပြောလိုက်၏။
“ကျန်တဲ့လေးခုကတော့ ဟိုမျောက်ရယ်… ကြီးမားတဲ့ ဝရုန်းသုန်းကားမှာ သေဆုံးခဲ့တဲ့ ယင်အထွတ်အမြတ်စိတ်ဝိညာဉ်ရယ်... ယန်အထွတ်အမြတ်စိတ်ဝိညာဉ်ရယ်... ဖန်တီးခြင်းအထွတ်အမြတ်စိတ်ဝိညာဉ်ရယ်ပဲ”
အနက်ရောင်ဝတ်အမျိုးသား ရည်ညွှန်းပြောဆိုနေသည့် ဖန်တီးခြင်းအထွတ်အမြတ်စိတ်ဝိညာဉ်သည် တစ်ခါက သူတော်စင်အရှင်ကစဉ့်ကလျားဖြစ်ခဲ့သော ဖန်တီးခြင်းအစိမ်းရောင်ကြာပန်း ဖြစ်ပေမည်။
ယင်အထွတ်အမြတ်စိတ်ဝိညာဉ်နှင့် ယန်အထွတ်အမြတ်စိတ်ဝိညာဉ်ကတော့...။
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲ အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
ဖြစ်နိုင်တာက…
အနက်ရောင်ဝတ်အမျိုးသားက ဆက်ပြောလိုက်သည်။
“မူလအမြုတေစိတ်ဝိညာဉ် ခြောက်ခုက သက်ရှိတွေကို ဆက်လက်ပြီး ဖန်တီးခဲ့ကြတယ်... သူတို့ထဲက တစ်ခုက မြစ်ချောင်းတွေ၊ ရေကန်တွေနဲ့ ပင်လယ်တွေလိုမျိုး ရေအရင်းအမြစ်ရှိတဲ့ နေရာတွေမှာ ရှင်သန်နေထိုင်တဲ့ မျိုးနွယ်စုများစွာကို ဖန်တီးခဲ့တယ်”
“နောက်တစ်ဦးကတော့ ကြေးခွံနဲ့အတူ မွေးဖွားလာတဲ့ မျိုးနွယ်စုတွေကို ဖန်တီးခဲ့တယ်”
“တတိယတစ်ဦးကတော့ သန္ဓေပြောင်းတောကောင်တွေဖြစ်တဲ့ မျိုးနွယ်စုတွေကို ဖန်တီးခဲ့တယ်... ခေါင်းကိုးလုံးနတ်သူငယ်နဲ့ ခေါင်းကိုးလုံးငှက်လိုမျိုး သက်ရှိတွေက သူ့ဆီကနေ ဆင်းသက်လာခဲ့တာပဲ”
“စတုတ္ထတစ်ယောက်ကတော့ လောကမှာ ပျံသန်းနိုင်တဲ့ မျိုးနွယ်စုတွေကို ဖန်တီးခဲ့တယ်... သူ့ကို ငှက်တွေအားလုံးရဲ့ မိခင်လို့ ဆိုနိုင်တယ်”
“ပဉ္စမတစ်ယောက်ကတော့ ကုန်းနေတောကောင်တွေဖြစ်တဲ့ မျိုးနွယ်စုတွေကို ဖန်တီးခဲ့တယ်”
“ဆဋ္ဌမတစ်ယောက်ကတော့ အပင်မျိုးနွယ်ကို ဖန်တီးခဲ့တယ်”
ထိုနေရာအရောက်တွင် သိုင်းတာအိုပင်မခန္ဓာက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။
အနက်ရောင်ဝတ်အမျိုးသား၏ စကားလုံးများသည် စကြာဝဠာ၏ ကနဦးအစအပေါ် နားလည်သိမြင်မှုအသစ်တစ်ခု သူ့အား တကယ်ပင် ပေးလာခဲ့သည်။
“ဘိုးဘေးဗီဇမျိုးဆက်သွေး... ဘိုးဘေးဗီဇမျိုးဆက်သွေး…”
သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာ ရေရွတ်ပြီး နားလည်သဘောပေါက်စွာဖြင့် ပြောလိုက်၏။
“လက်စသတ်တော့ ဘိုးဘေးဗီဇရဲ့ အစစ်အမှန်အဓိပ္ပာယ်က ဒါကိုး”
မဟာကမ္ဘာတစ်ထောင်လောကမှာ ဘိုးဘေးဗီဇမျိုးဆက်သွေးရှိသော ထိုသူများကိုသာလျှင် သူတော်စင်မျိုးနွယ်များဟု ခေါ်ဆိုခံရဖို့ အဆင့်မီလေသည်။
ဒါ့အပြင် လူတစ်ယောက်မှာ ဘိုးဘေးဗီဇမျိုးဆက်သွေး ရှိလာသည်နှင့် သူတို့သည် တစ်မူထူးခြားစွာ စွမ်းအားကြီးမားလာပေလိမ့်မည်။
သို့သော်လည်း ဘိုးဘေးဗီဇမျိုးဆက်သွေးဟု ခေါ်ဆိုသောအရာ၏ ပိုမိုလေးနက်သော အဓိပ္ပာယ်ကို ဆူဇီမိုသည် ဘယ်တုန်းကမှ နားမလည်နိုင်ခဲ့ပေ။
ဘိုးဘေးဗီဇမျိုးဆက်သွေးဟု ခေါ်ဆိုသောအရာသည် မူလအမြုတေစိတ်ဝိညာဉ်တစ်ခု၏ မျိုးဆက်သွေးနိုးထလာခြင်းကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ထိုအခိုက်အတန့်မှသာ သူက နားလည်သဘောပေါက်သွား၏။
ထို့ကြောင့်ပင် သူတို့သည် တိုက်ခိုက်ရည်ခွန်အားမှာ ဆပွားမြင့်မားလာသော ခုန်ပေါက်တိုးတက်မှုနှင့်အတူ မွေးဖွားလာကြခြင်း ဖြစ်ပေလိမ့်မည်။
ကြာပန်းသုံးခုနှင့်သာ ပေါင်းစည်းထားသော အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကတော့ သူသည် ဘိုးဘေးဗီဇမျိုးဆက်သွေးရှိသော သူတော်စင်မျိုးနွယ်များကို ဖိနှိမ်ပြီး အသာစီးပင် ရရှိထားနိုင်သည်မှာ သူကိုယ်တိုင်က ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း ဖြစ်နေသောကြောင့်ပင်။
သူသည် ဘိုးဘေးဗီဇမျိုးဆက်သွေးကို မလိုအပ်ပေ။
သူကိုယ်တိုင်က ထိုမျိုးဆက်သွေး၏ မူလဇာစ်မြစ် ဖြစ်လေသည်။
အနက်ရောင်ဝတ်အမျိုးသားပြောဆိုသည့် သတင်းအချက်အလက်သည် ဆူဇီမို၏ သံသယများစွာကို ပြေလည်သွားစေ၏။
လေဟာနယ်အချိန် တားမြစ်ကုန်းမြေမှ သူတော်စင်အရှင် လေဟာနယ်အချိန်ဖြစ်စေ၊ သူတော်စင်အရှင် ယင်ယန်ဖြစ်စေ၊ သူတို့သည် လေဟာနယ်အချိန်မဟာတာအိုနှင့် ယင်ယန်မဟာတာအိုများ မဟုတ်ဘဲ မြေမဟာတာအိုနှင့် ရေမဟာတာအိုကိုသာ ထိန်းချုပ်ထားလေသည်။
ဆူဇီမိုက ထိုအချက်နှင့်ပတ်သက်၍ အနည်းငယ် ဒွိဟဖြစ်နေခဲ့၏။
ထိုအခိုက်အတန့်မှသာ အထွတ်အမြတ်ခိုလှုံရာခြောက်ခု၏ တည်ထောင်သူများသည် ဒဏ္ဍာရီလာ မူလအမြုတေစိတ်ဝိညာဉ်ခြောက်ခု ဖြစ်ခဲ့သည်ကို သူက နားလည်သိရှိသွား၏။
သူတို့သည် အထွတ်အမြတ်ခိုလှုံရာ ခြောက်ခု၏ အစစ်အမှန် ထိန်းချုပ်သူများ ဖြစ်ခဲ့ကြလေသည်။
လေဟာနယ်အချိန်၊ ယင်ယန်၊ နတ်ဘုရားအပြစ်ဒဏ်၊ ထွက်ရပ်လမ်း၊ ဘိုးဘေးမီးနှင့် ကစဉ့်ကလျား...။ ထိုသူများသည် အနက်ရောင်ဝတ်အမျိုးသား ပြောဆိုသည့် ကောင်းကင်ဘုံတာအိုခြောက်ခု ဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“အဲဒီ မူလအမြုတေစိတ်ဝိညာဉ်ခြောက်ခုက ကောင်းကင်ဘုံတာအိုတွေကို ထိန်းချုပ်ပြီး မိုးမြေကို ဖန်တီးခဲ့တယ်... သက်ရှိတွေကို ဆင့်ကဲပြောင်းလဲစေခဲ့တယ်... သူတို့က သူတော်စင်အရှင် ခြောက်ပါးကိုတောင်မှ ဖန်တီးခဲ့ကြတယ်... သူတို့ရဲ့ ကျင့်ကြံမှုက ဘယ်နယ်ပယ်မှာလဲ”
အနက်ရောင်ဝတ်အမျိုးသားက ပြုံး၍ ပြောလိုက်၏။
“ကျင့်ကြံမှုနယ်ပယ်တွေက သူတို့အတွက် အဓိပ္ပာယ်မရှိတော့ဘူး... သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်တဲ့ ကပ်ဘေးက အလွန်ကြောက်စရာကောင်းပေမယ့် သူတို့အတွက်တော့ အဲ့ဒါက ကပ်ဘေးလေးတစ်ခုပဲ... သူတော်စင်တွေအားလုံး သေဆုံးသွားမယ်ဆိုရင်တောင် သူတို့ကို ဘယ်အရာကမှ ဘာမှမလုပ်နိုင်ဘူး”
“အဲ့ဒီလူတွေက မဟာတာအိုတွေရဲ့ အထက်မှာရှိတဲ့ သူတော်စင်တွေရဲ့ အရှင်သခင်တွေပဲ… သူတို့ကို အမည်တစ်ခု သတ်မှတ်ပေးရမယ်ဆိုရင် သူတို့ကို ကောင်းကင်ဘုံတာအို သူတော်စင်ဧကရာဇ်တွေလို့ ခေါ်ဆိုရမယ်”
ကောင်းကင်ဘုံတာအို သူတော်စင်ဧကရာဇ်…
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။
“နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာပြီးတဲ့နောက် ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ ပညာရှင်တစ်ဦးက ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး အတားအဆီးတွေအများကြီးကို ဖြတ်ကျော်ခဲ့တယ်... သူက နောက်ဆုံးမှာ ဘဝကောင်းကင်ဘုံတာအိုကို ထိန်းချုပ်ပြီး မူလအမြုတေစိတ်ဝိညာဉ်ခြောက်ခုနဲ့ ယှဉ်နိုင်တဲ့ ကောင်းကင်ဘုံတာအို သူတော်စင်ဧကရာဇ်တစ်ပါး ဖြစ်လာခဲ့တယ်”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းညိတ်လိုက်၏။
ထိုသည်မှာ ဘဝအထွတ်အမြတ်ခိုလှုံရာ၏ မူလဇာစ်မြစ် ဖြစ်လေသည်။
လူသားမျိုးနွယ်ကြားတွင် ဘိုးဘေးဗီဇမျိုးဆက်သွေးဆိုသောအရာမျိုး မရှိသည်မှာ မထူးဆန်းတော့ပေ။
လူသားမျိုးနွယ်ကို ဖန်တီးခဲ့သော ကောင်းကင်ဘုံတာအို သူတော်စင်ဧကရာဇ်သည် သူ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုဖြင့် တာအိုကို အောင်မြင်ရရှိခဲ့ခြင်းဖြစ်ပြီး သူသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ ပထမဆုံး မွေးဖွားပေါ်ထွက်လာခဲ့သော မူလအမြုတေစိတ်ဝိညာဉ်ခြောက်ခုထဲတွင် မပါဝင်သောကြောင့်ဖြစ်သည်။
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။
“အဲဒီ သူတော်စင်ဧကရာဇ် ပထမဆုံးဖန်တီးခဲ့တဲ့ လူသားက နောက်ပိုင်းမှာ သူတော်စင်အရှင်ဘဝဖြစ်လာတဲ့ ကူရှန်ပဲ”
“ကူရှန်က တစ်ယောက်တည်း အထီးကျန်နေမှာကိုစိုးပြီး သူက ရွှမ်ဖျင်လို့ခေါ်တဲ့ ဒုတိယမြောက်လူသားကို ဖန်တီးပေးခဲ့တယ်”
ထိုနေရာအရောက်တွင် အနက်ရောင်ဝတ်အမျိုးသားက ပြုံး၍ ပြောလိုက်၏။
“ကံဆိုးစွာနဲ့ပဲ ကံကြမ္မာက မျက်နှာပြောင်တိုက်လွန်းတယ်... နောက်ဆုံးမှာ ရွှမ်ဖျင်က ဟင်္သပဒါးငှက်နဲ့ မြင်မြင်ချင်း ချစ်ကျွမ်းဝင်ပြီး လောကမှာ ပထမဆုံး မီးတောက်မျိုးနွယ်သက်ရှိကို မွေးဖွားပေးခဲ့တယ်။”