အခန်း (၃၃၄၉-၃၃၅၀)
Vol. 220 Ch. 3349-3350
အခန်း ၃၃၄၉ - သူတော်စင်များကို ချေမှုန်းသုတ်သင်ရမည်
ဤအကြောင်းအရာများသည် မျိုးနွယ်စုတစ်သောင်း၏ မူလဇာစ်မြစ်များကိုပင် ခြေရာကောက်နိုင်သည့် ကမ္ဘာတစ်ထောင်သုံးဆင့်လောက၏ ရှေးအကျဆုံးလျှို့ဝျက်ချက်များဖြစ်လေသည်။ သို့သော်လည်း ထိုစကားများကို အနက်ရောင်ဝတ်အမျိုးသား ပြောဆိုနေသည့်အခါ ထိုအကြောင်းအရာများသည် နေ့စဉ် သာမန်ဖြစ်ရိုးဖြစ်စဉ်များဖြစ်သည့်အလား သူ၏ လေသံက အလွန်တရာပေါ့ပါးစွာဖြင့် ရှိနေ၏။
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။
“လူသားတွေက မွေးရာပါအားနည်းကြတယ်.. သူတို့မှာ သာမန်ကိုယ်ကာယနဲ့ မျိုးဆက်သွေးပဲရှိတယ်… သူတို့မှာ ကြမ်းကြုတ်တောကောင်တွေရဲ့လက်သည်းတွေမရှိဘူး… နဂါးတွေ ဆင်တွေရဲ့ နတ်ဘုရားခွန်အားမရှိဘူး”
“သူတို့ကို ပထမဆုံးဖန်တီးတဲ့အချိန်မှာ သူတို့က မျိုးနွယ်စုတစ်သောင်းရဲ့အောက်ဆုံးမှာ ရပ်တည်ခဲ့ကြတယ်… သူတို့က မြင့်မြင့်မားမား သတ်မှတ်မခံခဲ့ရဘူး… ဒါပေမဲ့ လူသားမျိုးနွယ်ရဲ့ ပါရမီအလားအလာက အဆုံးမဲ့တယ်… သူတို့ရဲ့ စမှတ်က နိမ့်ကျပေမယ့် သူတို့ရဲ့ နောက်ဆုံးအောင်မြင်ထွန်းပေါက်မှုက မျိုးနွယ်စုတစ်သောင်းက ပညာရှင်တွေကို မကြာခဏ ကျော်တက်သွားလေ့ရှိတယ်… ရလဒ်အနေနဲ့ သူတို့ရဲ့အထွတ်အထိပ်အချိန်မှာ လူသားသူတော်စင်သုံးထောင်အထိရှိလာခဲ့တယ်”
“နောက်ပြီး လူသားမျိုးနွယ်မှာ နောက်ထပ် ထူးခြားတဲ့ဝိသေသ လက္ခဏာတစ်ခုရှိတယ်… သူတို့ရဲ့မျိုးဆက်သွေးက ပင်ကိုယ်ထူးခြားမှုမရှိတဲ့အတွက် အဲဒါက တခြားမျိုးနွယ်တွေနဲ့ ပြီးပြည့်စုံစွာပေါင်းစည်းနိုင်တယ်… သူတို့က မျိုးနွယ်စုအသစ်တွေကို ဖန်တီးနိုင်ကြတယ်… မီးတောက်မျိုးနွယ်က သူတို့ထဲက တစ်ခုပဲ”
မျိုးနွယ်စုတစ်သောင်းထဲမှာ နတ်ဘုရားမျိုးနွယ်… မိုးကြိုးမျိုးနွယ်နဲ့ အဆုံးစွန်ယင်မျိုးနွယ်လို မျိုးနွယ်စုတွေရဲ့ထက်ဝက်က လူသားသွင်ပြင်မှာရှိကြတယ်… မင်းက သူတို့ရဲ့မူလဇာစ်မြစ်ကို ခြေရာကောက်ကြည့်မယ်ဆိုရင် သူတို့တွေက လူသားတစ်ပိုင်းတွေပဲ”
သိုင်းတာအိုပင်မခန္ဓာက တုန်လှုပ်သွားသည်။
ဤမျိုးနွယ်များ၏ မူလဇာစ်မြစ်က ဤကဲ့သို့ဖြစ်နေလေသည်။
တစ်နည်းအားဖြင့်ဆိုသော် လူသားမျိုးနွယ်သည် မဟာကမ္ဘာတစ်ထောင်လောကတွင် သူတို့၏ အထွတ်အထိပ်မှာရှိခဲ့စဉ်က သူတော်စင်သုံးထောင်အပြင် လူသားမျိုးနွယ်နှင့် ပတ်သက်ဆက်စပ်နေသော အခြားမျိုးနွယ်များရှိခဲ့လေသည်။
လူသားမျိုးနွယ်သည် မျိုးနွယ်စုတစ်သောင်းသက်ရှိများ၏ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်အပေါ် နက်နက်ရှိုင်းရှိုင်းပါဝင်သက်ရောက်ခဲ့လေသည်။
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“အရင်တုန်းက မဟာကမ္ဘာတစ်ထောင်လောကမှာ လူသားမျိုးနွယ်တွေ သိပ်မရှိဘူးလို့ ကျုပ်ကြားဖူးတယ်… သူတို့တွေက အခုလိုမျိုး ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ ဖြန့်ကြက်ထားတဲ့အရေအတွက်ထက် အများကြီးနိမ့်ကျနေခဲ့တယ်”
“အဲဒါကြောင့်လည်း လူသားမျိုးနွယ်က သူ့ကို စိတ်ပျက်စေခဲ့တာပဲ”
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။
“သူက သန်မာတဲ့လူက အားနည်းတဲ့လူကို အမဲလိုက်တဲ့ ရက်စက်ကြမ်းတမ်းတဲ့ဒီလောကကို ပြောင်းလဲဖို့အတွက် ပြီးပြည့်စုံတဲ့ မျိုးနွယ်တစ်စုကို ဖန်တီးချင်ခဲ့တာ… သူက သက်ရှိတွေအားလုံးကို တန်းတူရည်တူဖြစ်စေချင်ခဲ့တယ်.. အားအနည်းဆုံး သက်ရှိပုံစံတွေကတောင်မှ ရှင်သန်ဖို့အတွက် ဂုဏ်သိက္ခာရှိရမယ်”
“အဲလိုနဲ့ ရဲစွမ်းသတ္တိ၊ သမာဓိ၊ ကြင်နာမှု၊ သနားညှာတာမှု၊ ချစ်ခင်မြတ်နိုးမှု၊ ဇွဲနပဲကြီးမှု၊ လုံ့လဝီရိယရှိမှု၊ ခွင့်လွှတ်သည်းခံမှု… စတဲ့ ပြီးပြည့်စုံတဲ့ စရိုက်လက္ခဏာတွေကို လူသားမျိုးနွယ်အပေါ် သွန်းလောင်းပေးခဲ့တယ်”
“ဒါပေမဲ့ … သူက အဲဒီသက်ရှိတွေကို လုံးဝမထိန်းချုပ်နိုင်ဘူဆိုတာကို နားလည်သွားခဲ့တယ်”
“လူသားမျိုးနွယ်ရဲ့ ပထမဆုံးမျိုးဆက်မှာတင် သတ္တိကြောင်မှု၊ မနာလိုမှု၊ မာန်မာနကြီးမှု၊ ပျင်းရိမှုနဲ့ လောဘရမ္မက်လို စရိုက်လက္ခဏာတွေက ပေါ်ထွက်လာခဲ့ပြီ… အဆက်မပြတ် မျိုးပွားခြင်းကနေ ဖြစ်ပေါ်လာတဲ့ နောက်ပိုင်းမျိုးဆက်တွေကိုဆို ထည့်ပြောနေစရာမလိုတော့ဘူး”
“အချိန်အများစုမှာ လူသားတွေက မျိုးနွယ်စုတစ်သောင်းနဲ့ ကွဲပြားမှုမရှိကြဘူး… သူတို့မှာ စိတ်ခံစားချက်ခုနှစ်မျိုးနဲ့ အာရုံခြောက်ပါးရှိကြတယ်… လူသားနှလုံးသားကို ကြိုတင်ခန့်မှန်းလို့မရနိုင်ဘူး… ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတွေနဲ့ စစ်ပွဲတွေက နေစဉ်နဲ့အမျှဖြစ်ပွားနေပြီး လောကက သူတို့နဲ့ဆိုရင်လည်း ပိုကောင်းတဲ့နေရာတစ်ခုအဖြစ် ပြောင်းလဲသွားမှာမဟုတ်ဘူး”
သိုင်းတာအိုပင်မခန္ဓာက တိတ်ဆိတ်ငြိမ်သက်နေ၏။
ဤကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်၏ မူလရည်ရွယ်ချက်များက တကယ့်ကို ကောင်းမွန်ခဲ့လေသည်။
သို့သော်လည်း သူမသည် ထိုအဆင့်ထိ ကျင့်ကြံခဲ့ပြီးလျှင်တောင် သူမသည် လောကကိုမပြောင်းလဲနိုင်ဘဲ သူမ မထိန်းချုပ်နိုင်သည့် အရာများစွာရှိနေခဲ့၏။
“အဲဒီလူသားတာအို သူတော်စင်ဧကရာဇ်က…”
အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် သိုင်းတာအိုပင်မခန္ဓာက တွေဝေရှုပ်ထွေးစွာဖြင့်မေးလိုက်၏။
“သူသေသွားပြီ”
သိုင်းတာအိုပင်မခန္ဓာမေးချင်သည့်အရာကို သိရှိသည့်အလား အနက်ရောင်ဝတ်အမျိုးသားက ညင်သာစွာပြောလိုက်၏။
သူ၏ လေသံက တည်ငြိမ်နေပြီး သူက အမူအရာကင်းမဲ့နေ၏။ သူ၏ မျက်လုံးများက မည်သည့်ခံစားချက်အတက်အကျမှမရှိဘဲ ရှေးဟောင်းရေတွင်းတစ်တွင်းကဲ့သို့ဖြစ်နေ၏။
သို့သော်လည်း တည်ငြိမ်သောအမူအရာအောက်မှာ သိုင်းတာအိုပင်မခန္ဓာသည် ကြီးမားသော ဝမ်းနည်းမှုတစ်ခုကို အာရုံခံမိနိုင်ဆဲဖြစ်၏။
တကယ်ဆို ထိုဝမ်းနည်းမှုသည် အနက်ရောင်ဝတ်အမျိုးသား၏ အထီးကျန်အဖော်မဲ့မှုထက်ပင် ကျော်လွန်နေ၏။
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။
“သူ သေသွားပြီးတဲ့နောက် သူ့ရဲ့အသွေးအသားက ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ ပျံ့နှံ့သွားခဲ့တယ်… အဲဒါက ရွှံ့မြေနဲ့ရောနှောပြီး သူ့ရဲ့နောက်ဆုံးလက်ကျန်ခွန်အားနဲ့ လူသားပေါင်းသန်းချီအဖြစ် ဆင့်ကဲပြောင်းလဲစေခဲ့တယ်”
ဘာ့ကြောင့်ရယ်မသိ ထိုစကားကိုကြားသောအခါ သိုင်းတာအိုပင်မခန္ဓာသည် သူ၏ နှလုံးသားက တစ်စုံတစ်ရာဖြင့် ထိခတ်ခံလိုက်ရသည့်အလား ခံစားလိုက်ရလေသည်။
အနက်ရောင်ဝတ်အမျိုးသား၏ လွှမ်းမိုးမှု သို့မဟုတ် တခြားတစ်စုံတစ်ရာကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ သူသည်လည်းပဲ ဝမ်းနည်းမှုကို ခံစားလာရ၏။
ထို့ကြောင့်ပင် ကြီးမားသော ထိုဝရုန်းသုန်းကားအခြေအနေအပြီးမှာ လူသားမျိုးနွယ်၏ အရေအတွက်သည် ဆပွားမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
သူတော်စင်ဧကရာဇ်ဘဝက လူသားမျိုးနွယ်ကို ဖန်တီးပြီးနောက် သူမသည် စိတ်ပျက်မှုနှင့် တွေဝေတုံ့ဆိုင်းမှုဖြစ်ခဲ့လေသည်။
သို့သော်လည်း သူမဘဝ၏ နောက်ဆုံးအခိုက်အတန့်မှာ သူမသည် လူသားများစွာအဖြစ် အဆက်မပြတ်ဆင့်ကဲပြောင်းလဲစေဖို့ ရွေးချယ်ခဲ့ဆဲဖြစ်၏။
ထိုသည်မှာ မျိုးနွယ်စုတစ်သောင်းအတွက် အခြားသောသူတော်စင်များနှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့သော သူတော်စင်သုံးထောင်၏ စွန့်လွှတ်အနစ်နာခံ စိတ်ဝိညာဉ်များသည် သူမကို ယုံကြည်မှုပြန်ရစေခဲ့တာ ဖြစ်ကောင်းဖြစ်ပေမည်။ လူသားမျိုးနွယ်၏ ပေါ်ထွက်လာမှုသည် လောကကို လုံးလုံးလျားလျား ပြောင်းလဲနိုင်လိမ့်မည် မဟုတ်လျှင်တောင် ၎င်းသည် ကမ္ဘာတစ်ထောင်သုံးဆင့်လောကကို ပိုမိုကောင်းမွန်သောနေရာတစ်ခု ဖြစ်လာစေခဲ့ဆဲပင်။
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“သက်ရှိတွေအားလုံးအတွက် မတိုင်းတာနိုင်မယ့်ကပ်ဘေးကို ဖြေရှင်းနိုင်မယ့် တခြားနည်းလမ်းမရှိဘူးလား”
အနက်ရောင်ဝတ်အမျိုးသားပြောပုံအရ သက်ရှိများအားလုံးအတွက် မတိုင်းတာနိုင်သောကပ်ဘေးက တစ်နေ့မှာ ကျရောက်လာဦးမည်ဖြစ်၏။
“တကယ်တော့ ရှိတယ်”
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။
“အဲဒါ ဘာနည်းလမ်းလဲ”
သိုင်းတာအိုပင်မခန္ဓာက မေးလိုက်သည်။
“လောကက မျှတမှုရှိတယ်လို့ မင်းထင်လား”
ခဏနေပြီးနောက် အနက်ရောင်ဝတ်အမျိုးသားက ပြန်မဖြေဘဲ ထူးဆန်းသောမေးခွန်းကို မေးလိုက်လေသည်။
သိုင်းတာအိုပင်မခန္ဓာက ပြန်မဖြေခင် အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။
“လူတချို့က ချမ်းသာကြွယ်ဝစွာနဲ့ မွေးဖွားလာကြတယ်… သူတို့မှာ အစားအစာနဲ့ အဝတ်အစားအတွက် စိုးရိမ်ပူပန်စရာမလိုဘူး… တချို့လူတွေကတော့ ဆင်းရဲနွမ်းပါးစွာနဲ့ မွေးဖွားလာခဲ့ကြတယ်… သူတို့ရဲ့ရှေ့မှာ ခုလုတ်ကန်သင်းတွေပြည့်နှက်နေတဲ့ လမ်းတစ်ခုပဲရှိတယ်”
“တချို့တွေက ပါရမီအရည်အချင်းရှိကြတယ်… တချို့တွေက နှေးနှေးနဲ့ ကို့ရို့ကားယားနိုင်တယ်.. တချို့က ရုပ်ဆိုးအကျည်းတန်စွာနဲ့ မွေးဖွားလာပြီး တချို့ကတော့ ချောမောလှပစွာနဲ့ မွေးဖွားလာကြတယ်”
“ဒီလောကက မျှတမှုရှိလား”
အနက်ရောင်ဝတ်အမျိုးသားက မေးလိုက်သည်။
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
လူတိုင်းသည် တန်းတူရည်တူ ဉာဏ်ထိုင်းစွာ သို့မဟုတ် လိမ္မာပါးနပ်စွာဖြင့် မွေးဖွားလာမှသာ လောကက မျှတမှုရှိမှာလား။
လူတိုင်းသည် တူညီသော ရုပ်ရည်သွင်ပြင်နှင့် မွေးဖွားလာမှသာ လောကက မျှတမှုရှိမှာလား။
မျှတမှုမရှိဟု အနက်ရောင်ဝတ်အမျိုးသားပြောသည့် အရာများသည် ပင်ကိုယ်သဘာဝအလျောက်ဖြစ်ပျက်လာခဲ့ပြီး သူတို့ကို ပြောင်းလဲ၍ မရနိုင်ပေ။
သို့သော်လည်း လူတစ်ယောက်က ချမ်းသာကြွယ်ဝစွာဖြင့် မွေးဖွားလာလျှင်တောင် သူတို့သည် တစ်နေ့မှာ သူတို့၏ကြွယ်ဝမှုကို ဆုံးရှံးရနိုင်သည်။ တချို့က ဆင်းရဲနွမ်းပါးစွာဖြင့် သူတောင်းစားလို မွေးဖွားလာလျှင်တောင် သူတို့သည် တစ်နေ့မှာ ကြီးကြယ်မြင့်မြတ်သောနေရာကို တက်လှမ်းနိုင်ခွင့် ရှိကြလေသည်။
“မင်းက ပိုးဖလံတစ်ကောင်အဖြစ်မွေးဖွားလာမယ်ဆိုရင် မင်းက ဘာမကောင်းမှုကိုမှ မပြုလုပ်ဘူးဆိုရင်တောင် မင်းရဲ့ဘဝသက်တမ်းက တစ်ရက်ပဲရှိမယ်… သူတော်စင်တွေရဲ့လက်ထဲမှာ အခြားသူတွေရဲ့သွေးတွေက ပြည့်နှက်နေတယ်… ဒါပေမယ့် သူတို့တွေက ထာဝရရှင်သန်နိုင်ကြတယ်”
“သူတော်စင်တွေမှာ သူတို့ရဲ့မျိုးဆက်သွေးကို ချဲ့ထွင်ဖို့အတွက် အဆုံးမဲ့ဘဝသက်တမ်းတွေရှိကြတယ်… သူတို့ရဲ့ မိသားစုမျိုးနွယ်ဝင်တွေကို သန်မာတောင့်တင်းတဲ့အမွေအနှစ်တွေရရှိအောင် လုပ်ပေးနိုင်တယ်… အဲလိုနဲ့ သူတို့တွေက အခြားအရင်းအမြစ်တွေကို ပိုပိုပြီးတော့ အပိုင်စီးလာနိုင်တယ်… နောက်ပိုင်းမှ ရောက်လာတဲ့သက်ရှိတွေကတော့ ရှင်သန်နေထိုင်ဖို့အတွက် ပိုပိုပြီးတော့ ခက်ခဲလာမယ်… ဒါပေမဲ့ သူတို့တွေက တစ်စုံတစ်ရာကိုပြောင်းလဲပစ်ဖို့ စွမ်းအားမဲ့နေကြတယ်”
“ဒီလောကက မျှတမှုရှိရဲ့လား”
အနက်ရောင်ဝတ်အမျိုးသားက ထပ်မေးလိုက်သည်။
သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေ၏။
အနက်ရောင်ဝတ်အမျိုးသားက ထပ်မေးလိုက်၏။
“သက်ရှိတွေအားလုံးက တန်းတူရည်တူရှိရဲ့လား”
သိုင်းတာအိုပင်မခန္ဓာက ခေါင်းခါလိုက်၏။
“ကျယ်ပြန့်တဲ့မြက်ခင်းပြင်က နွားတွေသိုးတွေအစားခံရဖို့ ကံပါလာပြိးသားပဲ… နွားတွေ သိုးတွေကတော့ ကျားတွေ ကျားသစ်တွေရဲ့ အမဲလိုက်ခြင်းကို မလွဲမသွေခံရမှာပဲ”
“အဲဒီသက်ရှိတွေကိုမပြောနဲ့.. တူညီတဲ့ မျိုးနွယ်တွေအတွင်းမှာတောင် သူတို့တွေက သူတို့ရဲ့နောက်ခံနဲ့အဆင့်အတန်းအရ မကြာခဏအဆင့်ခွဲခြားသတ်မှတ်ခံရလိမ့်မယ်… သက်ရှိတွေအားလုံးအတွက် တန်းတူရည်တူရရှိမှုဆိုတာ ဘယ်လိုလုပ်လွယ်ကူနိုင်ပါ့မလဲ”
အနက်ရောင်ဝတ်အမျိုးသားပြောပုံအရ သက်ရှိတွေအားလုံးအတွက် တန်းတူရည်တူဖြစ်မှုသည် တစ်ခါက သူတော်စင်ဧကရာဇ်ဘဝမျှော်လင့်ထားခဲ့သောအရာဖြစ်ပေမည်။ သို့သော်လည်း ထိုသို့ပြုလုပ်နိုင်ဖို့က အင်မတန်ခဲယဉ်းလေသည်။
“မှန်တယ်…”
အနက်ရောင်ဝတ်အမျိုးသားက မှင်သေသေဖြင့်ပြောလိုက်၏။
“လောကမှာ မမျှတမှုပေါင်းစုံရှိတယ်… သက်ရှိတွေအားလုံးက မတူကွဲပြားစွာနဲ့ မွေးဖွားလာကြတယ်… ဒါပေမဲ့ ကမ္ဘာတစ်ထောင်သုံးဆင့်လောကက ဒီထက်ပိုပြီးတော့ မျှတသင့်တယ်… သက်ရှိတွေအားလုံးက ပိုပြီးတော့ တန်းတူရည်တူဖြစ်သင့်တယ်”
“ခင်ဗျားက ဘာလုပ်မလို့လဲ”
သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
အနက်ရောင်ဝတ်အမျိုးသား၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခုဖျတ်ခနဲလက်လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။
“မင်းက သူဌေးသားအဖြစ် မွေးဖွားလာလား… ဆင်းရဲသားအဖြစ်မွေးဖွားလာလား… ကိစ္စမရှိဘူး… မင်းက ရုပ်ဆိုးအကျည်းတန်လား ချောမောလား.. ကိစ္စမရှိဘူး… မင်းက ဉာဏ်ကောင်းလား ဉာဏ်ထိုင်းလား… ကိစ္စမရှိဘူး… မင်းက ပိုးပျံတစ်ကောင်လား သူတော်စင်တစ်ပါးလား… ကိစ္စမရှိဘူး… ဘယ်သူမှမလွတ်မြောက်နိုင်မယ့် တစ်ခုတည်းသောအရာက သေခြင်းတရားဖြစ်ရမယ်”
“သေခြင်းတရားကပဲ… အကြီးမားဆုံးမျှတမှုနဲ့ နောက်ဆုံးတန်းတူရည်တူဖြစ်မှုပဲ”
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။
အနက်ရောင်ဝတ်အမျိုးသားပြုလုပ်ချင်နေသည့်အရာကို သူက နောက်ဆုံးမှာ နားလည်သဘောပေါက်သွားသည်။
သက်ရှိများအားလုံးအတွက် မတိုင်းတာနိုင်သောကပ်ဘေးကို ဖြေရှင်းဖို့အတွက် အနက်ရောင်ဝတ်အမျိုးသား ဆိုလိုသည့်အရာကို သူနောက်ဆုံးနားလည်သဘောပေါက်သွားသည်။
သူတော်စင်များကို ချေမှုန်းသုတ်သင်ခြင်း…။
သက်ရှိများအားလုံးအတွက် မတိုင်းတာနိုင်သောကပ်ဘေး၏ အရင်းအမြစ်သည် သူတော်စင်များ၏ ထာဝရအသက်ဖြစ်ပြီး ၎င်းသည် စကြဝဠာ၏စွမ်းအားကို ဟန်ချက်မညီဖြစ်စေသည်ဆိုမှတော့ သူသည် သူတော်စင်များအားလုံးကို သတ်ဖြတ်ပေလိမ့်မည်။
သူတော်စင်များသည် စွမ်းအားကြီးမားပြီး သက်ရှိများအားလုံး၏ အထက်မှာ မောက်မာတင်စီးစွာဖြင့် ရှိနေသော်လည်း သူတို့သည် ပိုးပျံကောင်များကဲ့သို့ သတ်ဖြတ်ခံရတော့မည်ဖြစ်သည်။
အနက်ရောင်ဝတ်အမျိုးသားက အေးစက်စွာပြောလိုက်၏။
“မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေအားလုံးက သေခြင်းတရားကို တွေ့ကြုံခံစားပြီး ပြန်ဝင်စားခြင်းဆီ ဝင်ရောက်ရမယ်”
“ကောင်းမှုကိုပြုလုပ်ထားတဲ့သူတွေက အမြင့်တာအိုသုံးခုဖြစ်တဲ့ ကောင်းကင်ဘုံတာအို၊ လူသားတာအိုနဲ့ အဆူရာ(အသူရာ)တာအိုဆီ ဝင်ရောက်ရမယ်… မကောင်းမှုကိုပြုလုပ်ထားတဲ့သူတွေက အနိမ့်တာအိုသုံးခုဖြစ်တဲ့ တစ္ဆေတာအို၊ တောကောင်တာအိုနဲ့ ငရဲတာအိုဆီ ဝင်ရောက်ရလိမ့်မယ်… သူတော်စင်တွေလည်း ခြွင်းချက်မရှိဘူး… သူတော်စင်တွေက မကောင်းမှုကိုပြုလုပ်မယ်ဆိုရင် သူတို့တွေလည်း အနိမ့်တာအိုသုံးခုဆီ ဝင်ရောက်ပြီး ပြန်ဝင်စားခြင်းရဲ့နာကြင်မှုကို တွေ့ကြုံခံစားရမယ်”
“လူသားနှလုံးသားက တကယ့်ကို ထူးခြားအံ့မခန်းပဲ… ဒါပေမဲ့ နတ်ဘုရားကစောင့်ကြည့်နေတယ်… ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က စောင့်ကြည့်နေတဲ့ အဲဒီနတ်ဘုရားဖြစ်လာမယ်… နတ်ဘုရားတွေရဲ့စောင့်ကြည့်မှုအောက်မှာ ဘယ်သူက မကောင်းမှုကို ပြုလုပ်ရဲမလဲ။”
အခန်း ၃၃၅၀ - ပြန်ဝင်စားခန္ဓာ
ဘယ်လောက်တောင် ရည်မှန်းချက်ကြီးမားလိုက်လဲ။
ဘယ်လောက်တောင် ရဲဝံ့လိုက်သလဲ။
အနက်ရောင်ဝတ်အမျိုးသားသည် သူလိုချင်သည့်အရာကို ရရှိနိုင်မည်ဆိုလျှင် ဤလောကမှာ တန်းတည်ရည်တူပုံစံတစ်ခု တကယ်ပင် တည်ရှိလာမည်ဖြစ်၏။
သေဆုံးခြင်း…။
သက်ရှိများအားလုံးသည် သေဆုံးပြီး ပြန်ဝင်စားခြင်းသို့ ဝင်ရောက်ရပေလိမ့်မည်။
သင်က ဘယ်လောက်ပင် ချမ်းသာကြွယ်ဝပြီး စွမ်းအားကြီးမားသည်ဖြစ်စေ၊ သင်က မိုင်ပေါင်းထောင်ချီကိုအုပ်စိုးပြီး မောင်းမပေါင်းများစွာရှိသည်ဆိုလျှင်တောင် သို့မဟုတ် သင်သည် သူတော်စင်တစ်ပါးဖြစ်လာပြီး လောကကို အထက်စီးကနေကြည့်နိုင်သည်ဆိုလျှင်တောင် သင်သည် သေဆုံးခြင်းကို တွေ့ကြုံခံစားပြီး နောက်ဆုံးမှာ ပြန်ဝင်စားခြင်းသို့ ဝင်ရောက်ရဦးမည်ဖြစ်သည်။
သေဆုံးခြင်းနှင့် ရင်ဆိုင်ရချိန်မှာ ချမ်းသာကြွယ်ဝခြင်းနှင့် နိမ့်ကျခြင်းကဲ့သို့အရာမျိုး မရှိပေ။ သက်ရှိများအားလုံးက အတူတူပင် ဖြစ်လာပေမည်။
တကယ်တော့ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သည် လောကရှိ ဆိုးယုတ်မှုများအားလုံးကို ဖြတ်တောက်ပေးနိုင်မည် မဟုတ်ပေ။
သို့သော်လည်း တစ်ယောက်ယောက်သည် မကောင်းမှုဒုစရိုက်ကို ကျူးလွန်လိုသည်နှင့် သူတို့သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို စိုးရိမ်ပူပန်လာရပြီး သူတို့ကိုယ်သူတို့ ချုပ်တည်းလာရပေလိမ့်မည်။
တကယ်တမ်းမှာ ဆိုးယုတ်အမျိုးသမီးတွင်လည်း အနက်ရောင်ဝတ်အမျိုးသားလို တူညီသောစိတ်ကူးရှိခဲ့သည်။
ဆိုးယုတ်အမျိုးသမီးသည် ဆိုးယုတ်မှုကို သူမ၏ ရန်သူဖြစ်သည့်အလား ရွံရှာစက်ဆုပ်လေသည်။ သူမသည် အပြစ်သားများကို ဒဏ်ခတ်ဖို့အတွက် တောကောင်တာအိုကို တာဝန်ယူထားလေသည်။
အနက်ရောင်ဝတ်အမျိုးသားကတော့ သူ၏ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သည် ရှေ့သို့နောက်ထပ်တစ်ဆင့်တိုးပြီး ကောင်းသောအမှုများကို ပြုလုပ်ထားသည့် ထိုသူများကို ကောင်းမွန်သောအဆုံးသတ်တစ်ခုပေးရန် ကောင်းကင်ဘုံတာအို၊ လူသားတာအိုနှင့် အဆူရာတာအိုများဆီသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။
တိုက်ရိုက်မေးမြန်းခြင်းမရှိသော်လည်း သိုင်းတာအိုပင်မခန္ဓာသည် သူ့ရှေ့မှ အနက်ရောင်ဝတ်အမျိုးသား၏ သရုပ်သကန်ကို ခန့်မှန်းမိသွားပြီဖြစ်၏။
သိုင်းတာအိုပင်မခန္ဓာက ခဏမျှနှုတ်ဆိတ်ပြီးနောက် မေးလိုက်၏။
“ဒါဆိုရင် မိစ္ဆာအရှင်၊ ဆိုးယုတ်အမျိုးသမီး၊ ဗြဟ္မာတစ္ဆေမိခင်နဲ့ ငရဲအရှင်တို့က ခင်ဗျားရဲ့အမိန့်ကို နာခံကြတာလား”
“သူတို့က ငါ့ရဲ့အမိန့်ကို အတိအကျမနာခံဘူး…”
အနက်ရောင်ဝတ်အမျိုးသားက မှင်သေသေဖြင့် ပြောလိုက်၏။
“ငါတို့တွေမှာ တူညီတဲ့ ရည်မှန်းချက်ရှိနေရုံပဲ… ငါက မိစ္ဆာအရှင်… ဗြဟ္မာတစ္ဆေမိခင်နဲ့ ငရဲအရှင်တို့ကို အတတ်ပညာတချို့သင်ကြားပေးခဲ့တယ်… ဆိုးယုတ်အမျိုးသမီးကတော့….”
ခဏမျှရပ်တန့်ပြီးနောက် အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။
“သူတော်စင်ဧကရာဇ်ဘဝ အသက်ရှင်တုန်းက သူ့မှာ တပည့်နှစ်ယောက်ရှိခဲ့တယ်… သူတို့ထဲကတစ်ယောက်က ဆိုးယုတ်အမျိုးသမီးပဲ… နောက်တစ်ယောက်ကိုတော့ မင်းလည်းသိပါတယ်”
သိုင်းတာအိုပင်မခန္ဓာက ခဏမျှစဉ်းစားပြီးနောက် သူ၏ စိတ်ထဲမှာ အတွေးတစ်ခုကို ဖျတ်ခနဲရရှိသွား၏။ သူက လွှတ်ခနဲပြောလိုက်သည်။
“သူတော်စင်ကူယောင်…”
သူတော်စင်ကူယောင်သည် သူနှင့် တွေ့ဆုံခဲ့စဉ်က လူတစ်ယောက်တည်းကနေ ပေးထားသည့် အိပ်မက်တံဆိပ်ပြား စုစုပေါင်းနှစ်ခုရှိပြီး သူမနှင့် အာရှဲ့မှာ တစ်ယောက်တစ်ခုစီ ရှိသည်ဟုပြောခဲ့လေသည်။
ကြည့်ရသည်မှာ ဤလူက သူတော်စင်ဧကရာဇ်ဘဝဖြစ်ပေမည်။
“ဟုတ်တယ်”
အနက်ရောင်ဝတ်အမျိုးသားက ခေါင်းညိတ်လိုက်သည်။
“ရွှမ်ဖျင်က သူဖန်တီးခဲ့တဲ့ ပထမဆုံးလူသားအမျိုးသမီးပဲ… အဲလိုနဲ့ သူက ရွှမ်ဖျင်အပေါ်မှာ အရမ်းကိုထူးခြားတဲ့ စိတ်ခံစားချက်တွေရှိတယ်”
“နောက်ပြီး ကူယောင်ကိုရွှမ်ဖျင်က မွေးဖွားပေးခဲ့တာပဲ… ရွှမ်ဖျင်ရဲ့ အသနားခံတောင်းပန်မှုမှာ သူက မငြင်းပယ်ဘဲ ကူယောင်ကို သူ့ရဲ့တပည့်အဖြစ်လက်ခံခဲ့တယ်”
သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေ၏။
သူတော်စင်ကူယောင်နှင့် သူတော်စင်အရှင်ဘိုးဘေးမီးကြား စိတ်ဝမ်းကွဲမှုသည် သူတော်စင်ရွှမ်ဖျင်၏ သေဆုံးမှုကြောင့်သာလျှင်မဟုတ်ဘဲ သူတော်စင်ဧကရာဇ်ဘဝနှင့် သူမကြား ဆရာတပည့်ဆက်ဆံရေးကြောင့်လည်း ဖြစ်လေသည်။
ကြားညှပ်ခဲ့သော သူတော်စင်ကူယောင်ခံစားခဲ့ရသည့် ညှင်းပန်းနှိပ်စက်မှုနှင့် နာကျင်မှုတို့ကို စဉ်းစားကြည့်နိုင်သည်။
အရင်တုန်းက သူမ၏ မိခင် သူတော်စင်ရွှမ်ဖျင်အနေဖြင့်လည်း တူညီစွာ ခံစားခဲ့ရပေလိမ့်မည်။
တစ်ဘက်မှာတော့ သူတော်စင်ဧကရာဇ်ဘဝက သူမ၏ ဘဝဖြစ်တည်မှုကို ပေးခဲ့လေသည်။
အခြားတစ်ဘက်မှာတော့ သူမသည် သူတော်စင်အရှင်ဘိုးဘေးမီး၏ တာအိုလက်တွဲဖော်ဖြစ်နေလေသည်။
“အရင်တုန်းက သူတော်စင်ရွှမ်ဖျင် သေဆုံးခဲ့တုန်းက…”
သိုင်းတာအိုပင်မခန္ဓာက တွေဝေတုံ့ဆိုင်းစွာဖြင့် မေးလိုက်၏။
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်သည်။
“အရင်တုန်းက အထွတ်အမြတ်ခိုလှုံရာသုံးခု ဖျက်ဆီးခံရဖို့က မြေကြီးလက်ခတ်မလွဲဖြစ်ခဲ့တယ်.. ရွှမ်ဖျင်က ဟင်္သပဒါးငှက်ရဲ့ တာအိုလက်တွဲဖော်ဆိုပေမယ့် သူက ကူရှန်နဲ့ ဘဝအထွတ်အမြတ်ခိုလှုံရာအပေါ် ကွဲပြားတဲ့ စိတ်ခံစားချက်တွေ ရှိနေတုန်းပဲ”
“နောက်ဆုံးမှာတော့ သူက ဟင်္သပဒါးငှက်နဲ့ တခြားသူတော်စင်တွေရဲ့ရှေ့မှာ သူ့ကိုယ်သူအဆုံးစီရင်ခဲ့တယ်… သူက ကူရှန်အသက်ရှင်ဖို့အတွက် သူ့ရဲ့ဘဝကို စွန့်လွှတ်စတေးခဲ့တယ်”
သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုအကြည့်တစ်ခုပေါ်ထွက်လာ၏။
သူက ညင်သာစွာ သက်ပြင်းချလိုက်လေသည်။
ကူရှန်နှင့် ရွှမ်ဖျင်သည် လောကမှ ပထမဆုံးမွေးဖွားပေါ်ထွက်ခဲ့သော လူသားအမျိုးသားနှင့် အမျိုးသမီး ဖြစ်ခဲ့လေသည်။
သူတို့သည် အတူတကွရှိနေသင့်လေသည်။
သူတော်စင်ဧကရာဇ်ဘဝသည်လည်း သူတို့ကို ဖန်တီးခဲ့စဉ်က ထိုသို့ဖြစ်လာဖို့ စိတ်ကူးရှိခဲ့ပေလိမ့်မည်။
ကံဆိုးစွာနှင့်ပင် ကံကြမ္မာ၏ မျက်နှာပြောင်တိုက်မှုက အကန့်အသတ်မရှိပေ။
မည်သို့ပင်ဆိုစေ ထိုကဲ့သို့သောဆက်ဆံရေးများကို အတင်းအကျပ်လုပ်ယူ၍ မရနိုင်ပေ။
သူတော်စင်ရွှမ်ဖျင်မှာလည်း တောင်အကြီးအကဲပေါ် မလုံမလဲရောထွေးနေသောခံစားချက်များ ရှိခဲ့ပေလိမ့်မည်။
ထို့ကြောင့်ပင် သူမသည် သူမ၏ နောက်ဆုံးဆုံးဖြတ်ချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပေမည်။
ဆူဇီမိုငယ်ရွယ်စဉ်က သူသည် စာအုပ်တစ်အုပ်၏ အဆုံးမှာ မေးခွန်းတစ်ခုကို တစ်ခါဖတ်ခဲ့ဖူးသည်။
‘မင်း… နက်နက်ရှိုင်းရှိုင်းချစ်ခင်မြတ်နိုးရတဲ့လူတစ်ယောက်က အခြားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားမယ်ဆိုရင် မင်းဘာလုပ်နိုင်မလဲ’
တောင်အကြီးအကဲမှာ စိတ်ထိခိုက်ခံစားနေရသော အမူအရာတစ်ခုဘာ့ကြောင့် တစ်ချိန်လုံးရှိနေရသလဲ သိုင်းတာအိုပင်မခန္ဓာက နောက်ဆုံးနားလည်သဘောပေါက်သွားသည်။
သူသည် လူတိုင်း၏ ရှေ့မှာ ပြုံးနေလျှင်တောင် ထိုအပြုံး၏ နောက်ကွယ်မှာ အဆုံးမဲ့ဝမ်းနည်းမှုတစ်ခုရှိနေဆဲဖြစ်၏။
တောင်အကြီးအကဲ အသက်ရှင်နိုင်ခဲ့သည်။
သို့သော်လည်း သူ့အသက်ကို သူချစ်ခင်မြတ်နိုးရသောသူက သူ့အသက်နှင့်ရင်းပြီး ပေးအပ်ထားခဲ့ခြင်းဖြစ်လေသည်။
အဲဒါက သူ့အတွက် နက်ရှိုင်းလွန်းသော နာကျင်မှုတစ်ခု ဖြစ်ခဲ့သည်မဟုတ်လား။
အရင်တုန်းက အထွတ်အမြတ်ခိုလှုံရာသုံးခု ဖျက်ဆီးခံရဖို့က မလွဲမသွေဖြစ်ခဲ့သည်။ သူတော်စင်ရွှမ်ဖျင်သည် တောင်အကြီးအကဲ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည့်အချက်သည် ထိုစဉ်တုန်းက သူမ ပြုလုပ်ပေးနိုင်သည့် အကန့်အသတ်ဖြစ်လောက်လေသည်။
သူတော်စင်ရွှမ်ဖျင်သည် သူတော်စင်အရှင်ဘိုးဘေးမီး၏ တာအိုလက်တွဲဖော်ဖြစ်ရုံသာမက သူမသည် သူတော်စင်ဧကရာဇ်ဘဝဖန်တီးခဲ့သည့် ပထမဆုံးလူသားအမျိုးသမီးလည်းဖြစ်လေသည်။
ထိုထူးခြားသောသရုပ်သကန်ကြောင့်လည်း ထိုကဲ့သို့သော အခြေအနေများမှာပင် သူမသည် တောင်အကြီးအကဲကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပေမည်။
သူတော်စင်အရှင်ဖန်တီးခြင်းက သေဆုံးသွားခဲ့ပြီဖြစ်သည်။
သူတော်စင်အရှင်ပြန်ဝင်စားခြင်းမှာ အကြွင်းအကျန်ဝိညာဉ်တစ်ခုသာကျန်ရစ်ခဲ့ပြီး တမလွန်ဘုံမှာသာ နေထိုင်နိုင်လေသည်။
သူတော်စင်အရှင်သုံးဦးထဲမှာ တောင်အကြီးအကဲတစ်ဦးတည်းသာ အသက်ရှင်နေခြင်းဖြစ်သည်။ ဒါ့အပြင် သူသည် သည်ဘက်မျိုးဆက်မှာ မဟာသူတော်စင်တစ်ဦး နောက်တစ်ဖန်ဖြစ်လာခဲ့လေသည်။
သိုင်းတာအိုပင်မခန္ဓာသည် လွန်ခဲ့သည့်နှစ်ပေါင်းခြောက်ဘီလီယံကျော်က ရှေးဟောင်းလျှို့ဝှက်ချက်များကို စဉ်းစားတွေးတောရင်း သူ၏ စိတ်ကို အတန်ကြာသည့်အထိ မငြိမ်သက်စေနိုင်ပေ။
ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း ဖျက်ဆီးခံရ၍ သေဆုံးခဲ့ရပြီးနောက် ကြာပန်းလေးခုက ကျန်ရစ်ခဲ့လေသည်။
သူတော်စင်ဧကရာဇ်ဘဝသေဆုံးသည့်အခါ သူမသည် လူသားပေါင်းသန်းချီကို ဆင့်ကဲပြောင်းလဲစေခဲ့၏။
သဘောတရားအရ လူသားမျိုးနွယ် ဖျက်ဆီးမခံရသရွေ့ ကမ္ဘာတစ်ထောင်သုံးဆင့်လောကမှာ သူမ၏ အမှတ်အသားက အမြဲတမ်းတည်ရှိနေပေလိမ့်မည်။
ဤသည်မှာ ဘဝ၏ နောက်ထပ်ခရီးဆက်မှုတစ်ခု ဖြစ်ကောင်းဖြစ်ပေမည်။
“ငါသွားတော့မယ်”
အနက်ရောင်ဝတ်အမျိုးသားက ဖြည်းဖြည်းချင်းမတ်တတ်ထရပ်ပြီး မိုးကောင်းကင်ထက်ကို မော့ကြည့်လိုက်၏။ သူ၏ အကြည့်က အဆုံးမဲ့လေဟာနယ်များကိုထိုးဖောက်ပြီး မဟာကမ္ဘာတစ်ထောင်လောကသို့ ဆင်းသက်သွားပုံရလေသည်။
စောစောက အနက်ရောင်ဝတ်အမျိုးသား၏ အော်ရာသည် ဆပွားမြင့်တက်လာခဲ့စဉ်က ဤလူက ထွက်ခွာသွားတော့မည်ဟု သိုင်းတာအိုပင်မခန္ဓာက ခံစားနေခဲ့ရ၏။
မဟာကမ္ဘာတစ်လောကမှစွမ်းအားသည် သူ့ကိုဆက်လက်၍ မခြိမ်းခြောက်နိုင်တော့ပေ။
ထို့ကြောင့်လည်း အနက်ရောင်ဝတ်အမျိုးသားက သူ မသွားခင် ဤမျှအထိ စကားများစွာ ပြောဆိုနေခဲ့ခြင်းဖြစ်သည်။
အနက်ရောင်ဝတ်အမျိုးသားသည် သိုင်းတာအိုပင်မခန္ဓာကို လေးနက်စွာလှည့်ကြည့်လိုက်၏။
သူ၏ အကြည့်အောက်မှာ သိုင်းတာအိုပင်မခန္ဓာသည် သူ့တွင် မည်သည့်လျှို့ဝှက်ချက်မှမရှိတော့ဟု ခံစားလိုက်ရ၏။
အမြုတေသိုင်းလောက၏ တည်ရှိမှုကပင် အနက်ရောင်ဝတ်အမျိုးသား၏ မျက်လုံးထဲကနေ ဖုံးကွယ်မထားနိုင်သည့်အလားပင်။
တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ အနက်ရောင်ဝတ်အမျိုးသားက ရယ်မောလိုက်၏။
“မူလအမြုတေစိတ်ဝိညာဉ်တွေအပါအဝင် ကောင်းကင်ဘုံတာအိုသူတော်စင်ဧကရာဇ်တစ်ပါး သေဆုံးသွားမယ်ဆိုရင်တောင် အငွေ့အသက်တွေအားလုံးကို ဖျောက်ဖျက်ပစ်ဖို့မလွယ်ဘူး”
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။
“ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းသေဆုံးခဲ့တုန်းက သူ့ရဲ့အသွေးအသားက ကြာပန်းလေးခုအဖြစ်အသွင်ပြောင်းလဲသွားတဲ့အပြင် သူ့ရဲ့ဝိညာဉ်က သေဆုံးမသွားခဲ့ဘူး.. အဲဒါက ပြန်ဝင်စားခြင်းဆီ ဝင်ရောက်ပြီး ပြန်ဝင်မှုပေါင်းများစွာကို တွေ့ကြုံဖြတ်ကျော်ခဲ့တယ်”
“မင်းက အဲဒီပြန်ဝင်စားမှုတွေထဲက နှစ်ခုကို မြင်ခဲ့ဖူးတယ်”
“ဟမ်…”
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။
ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ ဝိညာဉ်သည် မပျက်ပြယ်ဘဲ ပြန်ဝင်စားခြင်းဆီသို့ ဝင်ရောက်သွားသည်ဆိုမှတော့ အနက်ရောင်ဝတ်အမျိုးသားက အရာရာကို သိရှိထားပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာက ထိုအချက်မှာ အံ့အားသင့်မသွားပေ။
သို့သော်လည်း သူသည် ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း၏ ပြန်ဝင်စားမှုနှစ်ခုကို မြင်တွေ့ခဲ့ဖူးလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သိုင်းတာအိုပင်မခန္ဓာသည် အတတ်နိုင်ဆုံး ပြန်လည်စဉ်းစားကြည့်သော်လည်း မည်သည့်အရာမှထွက်မလာပေ။
“သူတို့နှစ်ယောက်က ဘယ်သူတွေလဲ”
သိုင်းတာအိုပင်မခန္ဓာက မနေနိုင်ဘဲ မေးလိုက်၏။
အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်သည်။
“သူတို့ထဲကတစ်ခုက ကောင်းကင်ဘုံကိုးလွှာဆန်းကြယ်အပျိုစင်ပဲ.. နောက်တစ်ခုကတော့ တမလွန်ကိုးဘုံစင်ကြယ်အပျိုစင်ပဲ”
သိုင်းတာအိုပင်မခန္ဓာက နားလည်သဘောပေါက်သွား၏။
အိပ်မက်တံဆိပ်ပြားထဲမှာတုန်းက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ကောင်းကင်ဘုံကိုးလွှာဆန်းကြယ်အပျိုစင်နှင့် တမလွန်ကိုးဘုံစင်ကြယ်အပျိုစင်တို့ ကြည့်ရှုနေသည့်ပုံက ထူးဆန်းနေသည်မှာ အံ့ဩစရာမရှိတော့ပေ။
အနက်ရောင်ဝတ်အမျိုးသားက ဆက်ပြောလိုက်၏။
“ဒါပေမဲ့… ပြန်ဝင်စားမှုတိုင်းက ဝိညာဉ်ရဲ့စွမ်းအားကို သုံးစွဲရလိမ့်မယ်.. ပြန်ဝင်စားမှုပေါင်းများစွာ ပြုလုပ်ပြီးတဲ့နောက် ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းရဲ့ဝိညာဉ်က သူ့ရဲ့ပုံစံကို ဆက်ပြီးတော့ ထိန်းမထားနိုင်တော့ဘူး… အဲဒါက နောက်ဆုံးပျက်ပြယ်ခြင်းတစ်ခုကို ပြုလုပ်ခဲ့ပြီးပြီ”
“ဝိညာဉ်ရဲ့တစ်ပိုင်းက လူတစ်ယောက်ရဲ့အိပ်မက်နဲ့ ပေါင်းစည်းပြီး နောက်တစ်ပိုင်းကတော့ အခြားတစ်ယောက်ရဲ့ဝိညာဉ်နဲ့ပေါင်းစည်းသွားခဲ့တယ်… အဲလိုနဲ့ သူက လူနှစ်ယောက်အဖြစ် ပြန်ပြီးတော့ ဝင်စားလာခဲ့တယ်”
“မင်း.. အဲဒီလူနှစ်ယောက်ကိုလည်း အရင်က မြင်ခဲ့ဖူးတယ်”
သိုင်းတာအိုပင်မခန္ဓာက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး ရင်တစ်ချက်ထိတ်သွား၏။ သို့သော်လည်း သူက အလိုလိုမေးလိုက်ဆဲဖြစ်၏။
“သူတို့က ဘယ်သူတွေလဲ”
“ထျန်ဟွမ်ကုန်မြေတိုက်က ‘ကျိ’ညီအစ်မ”
ထိုသို့ပြောရင်း အနက်ရောင်ဝတ်အမျိုးသားက လေထဲသို့ပြန်တက်ပြီး သူ၏ လက်ဗလာဖြင့် ဧရာမအာကာသအက်ကွဲကြောင်းတစ်ခုအဖြစ် ဆုတ်ဖြဲကာ အထဲကို ဝင်ရောက်သွား၏။
ဝုန်း…
တမလွန်သွေးပင်လယ်၏ အထက်မှာ ပြင်းထန်ကြမ်းတမ်းသော တုန်ခါသံတစ်သံ ထွက်ပေါ်လာလေသည်။ တမလွန်ဘုံသည် အနက်ရောင်အလင်းတစ်စအဖြစ် ပြောင်းလဲပြီး အနက်ရောင်ဝတ်အမျိုးသားနှင့်အတူ အာကာသအက်ကွဲကြောင်းထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားလေသည်။