အခန်း (၃၃၅၇-၃၃၅၈)
Vol. 220 Ch. 3357-3358
အခန်း ၃၃၅၇ - ရွေးချယ်မှု
သူတော်စင်အရှင်လေဟာနယ်အချိန်၊ တောင်အကြီးအကဲ၊ ဆိုးယုတ်အမျိုးသမီး၊ သူတော်စင်အရှင်ထွက်ရပ်လမ်းနှင့် သူတော်စင်အရှင်ကစဉ့်ကလျားစကြဝဠာတို့ကြား တိုက်ပွဲသည် မဟာကမ္ဘာတစ်ထောင်လောကမှာ ကြီးကြီးမားမား ရုတ်ရုတ်သဲသဲအခြေအနေတစ်ခု ဖြစ်သွားလေသည်။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် မဟာကမ္ဘာတစ်ထောင်လောကက နောက်ထပ်ဝရုန်းသုန်းကားအခြေအနေတစ်ခုနှင့် ရင်ဆိုင်ရတော့မည်ကို သိရှိလိုက်ကြ၏။ သို့သော်လည်း ဤတိုက်ပွဲ၏ နောက်ဆုံးရလဒ်ကို မည်သူကမှ ကြိုတင်မခန့်မှန်းနိုင်ကြပေ။
သူတော်စင်အရှင်ငါးဦးထဲမှာ မတိုက်ခိုက်ရသေးသည့် လူတချို့ကျန်ရှိနေဆဲဖြစ်၏။
လမ်းလေးသွယ်မှ အရှင်များကတော့ ဆိုးယုတ်အမျိုးသမီးတစ်ဦးသာ ပေါ်ထွက်လာသေးလေသည်။
ထွက်ရပ်လမ်းအထွတ်အမြတ်ခိုလှုံရာ၏အထက်မှာ အစိမ်းရောင်အလင်းတစ်ခုဖြာထွက်လာမှသာ နောက်ဆုံးရလဒ်ကို အမှန်တကယ်အဆုံးအဖြတ်ပေးနိုင်သည့် လူတစ်ယောက် ပေါ်ထွက်လာပြီကို မျိုးနွယ်စုတစ်သောင်းမှ ပညာရှင်များက ခပ်ရေးရေးအာရုံခံမိလိုက်ကြ၏။
ဝုန်း…
ကျယ်လောင်သောမြည်ဟည်းသံထွက်ပေါ်လာ၏။
မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာကျဆင်းပြီး ကြီးမားသောတွင်းချိုင့်တစ်ခုဖြစ်ပေါ်သွားသည်။
သူတော်စင်အရှင်ထွက်ရပ်လမ်းသည် သူတော်စင်သတ်ဖြတ်ခြင်းလှံကို ပိုင်ဆိုင်ထားလေသည်။ ယခုအချိန်ထိ တောင့်ခံထားနိုင်သည်ကပင် သူ၏ အကန့်အသတ် ဖြစ်နေလေပြီ။
မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာသည် ကြိုးစားရုန်းကန်၍ တွင်းချိုင့်ထဲကနေ မတ်တတ်ထရပ်လိုက်၏။
သူ၏ ခန္ဓာကိုယ်က ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သူက အလွန်တရာအားနည်းနေပြီဖြစ်၏။ သူ၏ မဟာတာအိုက ကြေမွပျက်စီးပြီး သူ့မှာ တိုက်ခိုက်ရည်ခွန်အား များစွာမကျန်ရှိတော့ပေ။
သို့သော်လည်း သူ၏ လက်တစ်ဖက်ကိုဆုပ်ကာ ထိခိုက်မှုများအားလုံးကနေ မျောက်ကိုကာကွယ်ပေးထားဆဲဖြစ်၏။
“ကစဉ့်ကလျားစကြဝဠာ… သေလိုက်တော့”
ဖျတ်ခနဲဆို သူတော်စင်အရှင်ထွက်ရပ်လမ်းသည် မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာရှေ့သို့ ရောက်ရှိလာလေသည်။ သူတော်စင်သတ်ဖြတ်ခြင်းလှံက တစီစီအော်မြည်၍ တုန်ခါကာ မဟာတာအိုကို ဖျက်ဆီးပစ်နိုင်သည့် အော်ရာတစ်ခုထုတ်ဖော်ပြီး ထိုးစိုက်ကျဆင်းလာ၏။
သူတော်စင်သတ်ဖြတ်ခြင်းလှံရောက်ရှိမလာခင်မှာ ဘေးပတ်ဝန်းကျင်လေဟာနယ်က ကြေမွပျက်စီးသွားပြီဖြစ်၏။
သူတော်စင်အရှင်ထွက်ရပ်လမ်းသည် ထွက်ရပ်လမ်းအထွတ်အမြတ်ခိုလှုံရာမှာ ဖြစ်ပျက်နေသည့်အရာကို အာရုံခံမိနေပြီဖြစ်၏။
သို့သော်လည်း သူက ယခုအချိန်မှာ မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာကို မသတ်ဖြတ်ဘဲ ယခုချက်ချင်းလှည့်ပြန်သွားမည်ဆိုလျှင်တောင် နောက်ကျသွားပေလိမ့်မည်။
သူသည် အထီးကျန်သိုင်းသခင်ကို သွားရောက်မသတ်ဖြတ်ခင် မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာကို အရင်သတ်ဖြတ်ရတော့မည်ဖြစ်သည်။
ရုတ်တရက်ဆိုသလို…
အစိမ်းရောင်ပုံရိပ်တစ်ခုက မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာ၏ ရှေ့ ကြေမွနေသောလေဟာနယ်ထဲမှာ ပေါ်ထွက်လာ၏။ သူ၏ သွေးချီက ပစ်လွင့်ထွက်ပေါ်ပြီး ကစဉ့်ကလျားချီက လေထဲမှာ ပျံ့နှံ့လာ၏။ သူက ဓားနှစ်လက်ကိုကိုင်ဆွဲပြီး သူတော်စင်သတ်ဖြတ်ခြင်းလှံရှိရာသို့ ခုတ်ပိုင်းချလိုက်၏။
ဆူဇီမို ရောက်ရှိလာပြီဖြစ်သည်။
ချွင်…
လှံနှင့်ဓားများက ထိတွေ့ရိုက်ခတ်ပြီး မီးပွားများလွင့်စင်ထွက်ကာ ကျယ်လောင်ခက်ထန်သောအသံတစ်သံ ဖြာထွက်လာသည်။ ဆူဇီမိုက ဆတ်ခနဲတုန်ယင်ပြီး အဝီစိဓားနှင့် တမလွန်ဓားကို လွတ်ကျလုမတတ်ဖြစ်ကာ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ရ၏။
အဝီစိဓားနှင့် တမလွန်ဓားကတော့ သူတို့သည် ခပ်ထိုင်းထိုင်းအသံများကို ထုတ်ဖော်လိုက်ကြ၏။ သူတို့၏ ကိုယ်ထည်များက အဆက်မပြတ် တုန်ခါ၍ သူတော်စင်သတ်ဖြတ်ခြင်းလှံ၏ ထိတွေ့ရိုက်ခတ်မှုကိုချေဖျက်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေကြ၏။
အဝီစိဓားနှင့်တမလွန်ဓား မွေးဖွားပေါ်ထွက်လာပြီးကတည်းက သူတို့သည် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရာမှာ အမြဲတမ်းအောင်မြင်ပြီး အရာရာတိုင်းကို ဖျက်ဆီးပစ်ခဲ့၏။
သို့သော်လည်း ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်တစ်ခုနှင့် ရင်ဆိုင်ရချိန်မှာ အဝီစိဓားနှင့်တမလွန်ဓားသည် နောက်ဆုံးမှာတော့ အနည်းငယ်နိမ့်ကျနေဆဲဖြစ်၏။
တကယ်တော့ ဓားနှစ်လက်သည် သူတော်စင်လက်နက်များထက် များစွာပိုမိုသန်မာနေဆဲဖြစ်၏။
ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်နှင့် ထိပ်တိုက်ရင်ဆိုင်မိလျှင်တောင် သူတို့က ကြေမွသွားခြင်း သို့မဟုတ် ပျက်စီးထိခိုက်သွားခြင်း မရှိပေ။
“မင်းရောက်လာတာ အချိန်မှန်ပဲ”
သူတော်စင်အရှင်ထွက်ရပ်လမ်း၏ အကြည့်က အေးစက်၍ ကြမ်းကြုတ်ခက်ထန်လာ၏။
“အထီးကျန်သိုင်းသခင် … မီးပဒေသာနဲ့ တမလွန်မီးရောင်ကို ထုတ်ပေးလိုက်… ငါမင်းရဲ့အလောင်းကို ပုံမပျက်ထားပေးမယ်”
သူတော်စင်အရှင်ယင်ယန်၏ အသံက ထွက်ပေါ်လာ၏။
သူတော်စင်အရှင်နှစ်ပါး.. ဤနေရာကို ရောက်ရှိလာလေပြီ။
“မင်း… တောင့်ခံထားနိုင်တာလား”
ထိုသည်ကိုတွေ့မြင်သောအခါ မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာက တိတ်တဆိတ်ဆွံ့အသွားပြီး အသံတစ်ခုကို ပို့လွှတ်လိုက်၏။
“မင်း… ကောင်းကင်ဘုံ ၃၃ခုကို ထွက်ပြေးပါလား… အဲဒီနေရာမှာဆိုရင် သူတို့ရဲ့ တိုက်ခိုက်ရည်ခွန်အားက ကန့်သတ်ခံထားရလိမ့်မယ်”
မဟာသူတော်စင် ကစဉ့်ကလျားစကြဝဠာသည် ဆူဇီမိုက စောစောက သူတော်စင်အရှင်ထွက်ရပ်လမ်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ပုံကို တွေ့မြင်ခဲ့၏။
သူ၏ အကဲဖြတ်မှုအရ ဆူဇီမိုအနေဖြင့် သူတော်စင်အရှင်ထွက်ရပ်လမ်းကို ဆက်လက်ရင်ဆိုင်ဖို့ မလွယ်ကူပေ။
ဆူဇီမိုသည် သူတော်စင်နယ်ပယ်သို့ မတက်လှမ်းရသေးပေ။ သူသည် သူတော်စင်အရှင်ထွက်ရပ်လမ်းနှင့် စောစောက ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့သည်မှာ သူသည် ကစဉ့်ကလျားသူတော်စင်ခန္ဓာကို ရရှိထားပြီး တမလွန်ဓားနှင့် အဝီစိဓား၏ အကူအညီကြောင့်သက်သက် ဖြစ်လေသည်။
ဆူဇီမိုသည် သူတော်စင်အရှင်နှစ်ပါးနှင့် ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်နှစ်ခုနှင့် ရင်ဆိုင်ရာမှာ အနိုင်ရဖို့အခွင့်အရေးမရှိပေ။
သူတော်စင်အရှင် ထွက်ရပ်လမ်းနှင့် သူတော်စင်အရှင် ယင်ယန်က ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက်များကို ကိုင်ဆွဲထားပြီး ဆူဇီမို၏ ထွက်လမ်းကို ပိတ်ဆို့ဖြတ်တောက်လိုက်ကြ၏။
ယနေ့သည် ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်သည်ကို သူတော်စင်အရှင်နှစ်ပါးက သိရှိထား၏။
ယနေ့မှာ သူတို့သည် ဤအခွင့်အရေးကို လွဲချော်သွားမည်ဆိုလျှင် နောက်မှာ နောင်တကြီးစွာရရပေလိမ့်မည်။
ဆူဇီမိုအတွက်တော့ လက်ရှိအခြေအနေသည် စောစောက လေဟာနယ်အချိန်တားမြစ်ကုန်းမြေမှာ တောင်အကြီးအကဲ ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေထက်ပင် ပို၍အန္တရာယ်များလွန်းနေ၏။
တောင်အကြီးအကဲသည် သူတော်စင်အရှင်နှစ်ပါးနှင့်ရင်ဆိုင်ခဲ့ရစဉ်က သူ့မှာ လူသားစာအုပ်နှင့် ဆိုးယုတ်အမျိုးသမီး၏ အကူအညီ ရှိနေခဲ့၏။
မဟာသူတော်စင်ကစဉ့်ကလျားစကြဝဠာကတော့ သူ၏ တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးထားပြီဖြစ်ကာ သူက များစွာကူညီပေးနိုင်တော့မည် မဟုတ်ပေ။
ဆူဇီမိုသည် သူတော်စင်အရှင်နှစ်ပါးနှင့် တစ်ယောက်တည်းရင်ဆိုင်ရတော့မည်ဟု ဆိုလိုသည်။
ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာမှာ။
အပြင်ဘက်ရှိ မဟာသူတော်စင်များကြားတိုက်ပွဲက ကမ္ဘာတုန်လောက်ဖွယ်ရာဖြစ်သော်လည်း သူတော်စင်အရှင်ဘိုးဘေးမီးသည် သူ၏ ရင်ထဲရှိ သိပ်သည်းလေးလံမှုဖြင့် တိတ်ဆိတ်ငြိမ်သက်သောခြံဝန်းတစ်ခုရှေ့မှာ မတ်တတ်ရပ်ပြီး တွေဝေတုံ့ဆိုင်းနေ၏။
ဤတစ်ခေါက် မဟာကမ္ဘာတစ်ထောင်လောက၏ ဝရုန်းသုန်းကားအခြေအနေသည် သူ့ကို မအီမသာခံစားရစေ၏။
ကျရောက်လာတော့မည့်အရာကို သူက ကြိုတင်ခန့်မှန်းမိနေသောကြောင့်ဖြစ်ကောင်းဖြစ်ပေမည်။ သူ့မှာ ခြံဝန်းထဲရှိလူများကို ပြောစရာစကားများရှိနေ၏။
သူသည် အနာဂတ်မှာ ထိုစကားများကိုပြောဆိုဖို့ အခွင့်အရေးမရတော့မည်ကို စိုးရိမ်နေ၏။
“ကူယောင်…”
ခဏနေပြီးနောက် သူတော်စင်အရှင်ဘိုးဘေးမီးက အသံနှိမ့်ကာ ပြောလိုက်၏။
“ငါ စောစောက စိတ်မထိန်းနိုင်ဘဲ မင်းကိုရိုက်ခဲ့မိတယ်… အဲဒါက ငါ့အမှားပါ… ကျေးဇူးပြုပြီး ငါ့ကိုအပြစ်မတင်ပါနဲ့”
ကူယောင်ခြံဝန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်တုံ့ပြန်မှုမှရှိမလာပေ။
သူတော်စင်အရှင်ဘိုးဘေးမီးက ညင်သာစွာသက်ပြင်းချလိုက်၏။
“မင်းက အရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အရာနဲ့ပတ်သက်ပြီး အငြိုးအတေးတစ်ခု ထားနေတုန်းပဲဆိုတာ ငါသိပါတယ်”
“ယန်ကျိက သေဆုံးသွားပေမယ့် သူက ဒီဘက်မျိုးဆက်မှာ ပြန်ဝင်စားလာခဲ့ပြီ… မင်းတို့နှစ်ယောက် ပြန်လည်ပေါင်းဆုံနိုင်ကြပြီ”
“မင်းအမေကတော့… သူ.. သူက အဲလောက်ထိ အလျှော့မပေးတတ်ဘဲ ပြတ်သားနေလိမ့်မယ်လို့ ငါထင်မထားခဲ့ဘူး… သူ့ရဲ့သေဆုံးမှုက အခြားဘယ်အရာထက်မဆို ငါ့ကိုပိုပြီးတော့ နာကျင်စေခဲ့တယ်”
“အစ်မနဲ့ကျွန်မက ရှင်ပြောတာကို ယုံပါတယ်”
အသံတစ်သံ ထွက်ပေါ်လာ၏။
ထိုအသံသည် လှောင်ပြောင်သရော်မှုအငွေ့အသက်တစ်ခုနှင့်အတူ ကြွပ်ဆတ်ဆတ်နှင့် သာယာနာပျော်ဖွယ်ကောင်းနေ၏။
“ရှင့်ရဲ့မောင်းမဆောင်ထဲက ဟို ကြင်ယာတော်တွေနဲ့ တာအိုလက်တွဲဖော်တွေလိုမျိုးပဲပေါ့.. သူတို့သေဆုံးသွားတဲ့အခါမှာလည်း ရှင်အဲလိုပဲ ဝမ်းနည်းရတယ်မလား”
သူတော်စင်အရှင်ဘိုးဘေးမီးက အထစ်ထစ်အငေါ့ငေါ့ပြောလိုက်၏။
“မင်း… မင်းအမေက သူတို့နဲ့သေချာပေါက်မတူဘူး”
“ဘာမတူတာလဲ… ကျွန်မ မမြင်ရပါလား”
အသံက နောက်တစ်ဖန်ထွက်ပေါ်လာပြီး လှောင်ပြောင်ထေ့ငေါ့လိုက်၏။
“အရင်တုန်းက ကျွန်မတို့ ကြီးပြင်းလာတဲ့တစ်လျှောက် ကျွန်မတို့ကို အဖော်ပြုပေးခဲ့တာက… အမေနဲ့ ဦးလေးကူပဲ… ရှင်ကတော့ အဲဒီကြင်ယာတော်တွေ… တာအိုလက်တွဲဖော်တွေတစ်အုပ်စုနဲ့ သောက်စားပျော်ပါးနေခဲ့တာပဲ… ကျွန်မတို့ကိုတောင်မှ မေ့ထားခဲ့တာမလား”
“ယန်ကျိ… မင်း…”
သူတော်စင်အရှင်ဘိုးဘေးမီးက ခဏမျှဆွံ့အသွားလေသည်။
ခဏနေပြီးနောက် သူက ပြောလိုက်၏။
“သူတော်စင်အရှင်ဘိုးဘေးမီးအနေနဲ့ ငါ့မှာထာဝရဘဝသက်တမ်းရှိတယ်… ငါ့အနေနဲ့ ဇနီးမယားတစ်ယောက်မကထားပြီး ကြင်ယာတော်တချို့ရှိနေတာ ပုံမှန်ပါပဲ”
ယန်ကျိက ပြောလိုက်၏။
“ဟုတ်ပါတယ်… ရှင်က ရှင့်ရဲ့အဆင့်အတန်းနဲ့ ရှင့်မှာရှိတဲ့အရာရာတိုင်းကို ဘယ်စွန့်လွှတ်နိုင်ပါ့မလဲ.. အဲဒါကြောင့်လဲ အရင်တုန်းက အထွတ်အမြတ်ခိုလှုံရာသုံးခုကို ဖိနှိမ်ဖို့အတွက် အမေနဲ့သံယောဇဉ်ဖြတ်တောက်ဖို့ ရွေးချယ်ခဲ့တာပေါ့”
“အဲဒီတုန်းက ဖြစ်ပျက်ခဲ့တဲ့အရာမှာ ငါ့အတွက် ရွေးချယ်စရာမရှိခဲ့ဘူး”
သူတော်စင်အရှင်ဘိုးဘေးမီးက ပြောလိုက်၏။
“ငါက အထွတ်အမြတ်ခိုလှုံရာသုံးခုနဲ့ ပူးပေါင်းဖို့ရွေးချယ်မယ်ဆိုရင်တောင် နောက်ဆုံးရလဒ်ကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး… ငါက အသတ်ခံရမယ်… ဘိုးဘေးမီးအထွတ်အမြတ်ခိုလှုံရာကလည်း ဖျက်ဆီးခံရမယ်… သူတော်စင်အရှင်တစ်ပါးအနေနဲ့တောင် ငါက အခြေအနေတစ်ရပ်လုံးကို ပြောင်းလဲမပေးနိုင်ခဲ့ဘူး”
“ကူယောင်… ယန်ကျိ… အရင်တုန်းက ငါမင်းတို့တွေကို စိတ်ပျက်စေခဲ့ပြီးပြီ”
သူတော်စင်အရှင် ဘိုးဘေးမီး၏ မျက်လုံးထဲတွင် မလုံမလဲအကြည့်တစ်ခု ပေါ်ထွက်လာ၏။
“နောက်ကျရင် ငါ အဲဒီအမှားကို ဖာထေးနိုင်ဖို့ မျှော်လင့်တယ်… မင်းတို့တွေ ငါ့ကို ခွင့်လွှတ်လာနိုင်ဖို့ မျှော်လင့်တယ်”
အပြင်လူများရှေ့မှာ သူသည် မျိုးနွယ်စုတစ်သောင်းက ကြည်ညိုလေးစားခံရသော အမြင့်မှာ စွမ်းပကားကြီးမားစွာရှိနေသည့် သူတော်စင်အရှင်ဖြစ်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူက အဖေတစ်ယောက်ဖြစ်ချင်ရုံသာပင်။
ကူယောင်ခြံဝန်း၏ တံခါးက ရုတ်တရက်ပွင့်သွား၏။
တံခါးရှေ့မှာ သူတော်စင်ကူယောင်နှင့် ယန်ကျိက မတ်တတ်ရပ်နေလေသည်။
ယန်ကျိသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ နတ်ဆိုးမိကျိပင်ဖြစ်လေသည်။
ထိုအခိုက်အတန့်မှာ သူတော်စင်အရှင်ဘိုးဘေးမီးအပေါ် နတ်ဆိုးမကျိ၏ အမူအရာက အလွန်တရာရန်လိုနေ၏။
တစ်ဘက်မှာတော့ သူတော်စင်ကူယောင်၏ အမူအရာက တည်ငြိမ်နေလေသည်။
“အဖေ… ကျေးဇူးပြုပြီး သွားပါတော့”
ရုတ်တရက် သူတော်စင်ကူယောင်က စကားပြောလိုက်သည်။
“ကူယောင်… မင်း… မင်း ငါ့ကို နောက်ဆုံး အဖေလို့ခေါ်ပြီပေါ့”
သူတော်စင်အရှင်ဘိုးဘေးမီးက ကျေနပ်နှစ်ခြိုက်သွားပြီး ထိုစကားကိုခဏကြာသည်အထိ မယုံနိုင်ပေ။
ရွှမ်ဖျင်သေဆုံးသွားပြီးကတည်းက သူတော်စင်ကူယောင်သည် သူ့ကို အရင်စတင်လာရောက်တွေ့ဆုံခြင်း သို့မဟုတ် သူ့ကိုအဖေဟု ခေါ်ဆိုခြင်း မရှိတော့ပေ။
“မင်း… မင်း ငါ့ကို ခွင့်လွှတ်ပေးမှာလား”
သူတော်စင်အရှင်ဘိုးဘေးမီးက အလောတကြီးမေးလိုက်၏။
သူတော်စင်ကူယောင်က သူတော်စင်အရှင်ဘိုးဘေးမီးကို မှင်သေသေအကြည့်ဖြင့်ကြည့်ပြီး တည်ငြိမ်စွာပြေလိုက်၏။
“ကျွန်မ… ဆက်ပြီးတော့ အပြစ်မတင်တော့ဘူး… အငြိုးအတေးတွေကိုလည်း ဆုပ်ကိုင်မထားတော့ဘူး… အဲဒီအတွက် ခွင့်လွှတ်စရာလည်း မလိုတော့ဘူး”
သူတော်စင်အရှင်ဘိုးဘေးမီးသည် သူတော်စင်ကူယောင်ကို ဤကဲ့သို့သောပုံစံဖြင့် တွေ့မြင်ရသောအခါ သူက တစ်စုံတစ်ရာကိုတွေးမိသွားပုံရပြီး သူကရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။
“မင်း…. အဲဒီအဆင့်ကို တက်လှမ်းတော့မှာလား”
သူတော်စင်တစ်ဦးအနေဖြင့် ရှေ့သို့ထပ်မံ၍ တက်လှမ်းဖို့က ကောင်းကင်ဘုံကိုတက်လှမ်းရသလောက် ခက်ခဲလေသည်။
အထူးသဖြင့် သူတော်စင်များစွာ သေဆုံးခဲ့သော ကြီးမားသည့် ဝရုန်းသုန်းကားအခြေအနေအပြီးမှာ ဖြစ်လေသည်။ ထိုအချိန်မှစ၍ မဟာကမ္ဘာတစ်ထောင်လောကမှာ မည်သည့်သူတော်စင်ကမှ မဟာသူတော်စင်တစ်ပါးအဖြစ် မတက်လှမ်းနိုင်ကြတော့ပေ။
သို့သော်လည်း တစ်ယောက်ယောက်က မဟာသူတော်စင်တစ်ပါးဖြစ်လာနိုင်မည်ဆိုလျှင် ကူယောင်သည် သူတို့ထဲမှတစ်ယောက်ဖြစ်လိမ့်မည်ကို သူတော်စင်အရှင်ဘိုးဘေးမီးက သိရှိထား၏။
ယခု ကူယောင်သည် ထိုအဆင့်ကို တက်လှမ်းတော့မည်ဖြစ်၏။ သူတို့၏ အဖေနှင့်သမီးဆက်ဆံရေးကလည်း ထာဝရပြတ်တောက်သွားတော့မည်ဟု ဆိုလိုလေသည်။
သူတော်စင်ကူယောင်က ပြောလိုက်၏။
“လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ဘီလီယံကျော်က ရှင့်မှာလည်း ရှင့်အခက်အခဲရှိခဲ့တယ်… ရှင့်ရဲ့ရွေးချယ်မှုကို ရှင်ပြုလုပ်ခဲ့တယ်… အခုချိန်မှာ ကျွန်မလည်း အတူတူပဲ”
“ဒါ… ကျွန်မရှင့်ကို အဖေလို့ခေါ်တာ နောက်ဆုံးအကြိမ်ပဲ”
ထိုသို့ပြောရင်း ကူယောင်၏ ခြံဝန်းတံခါးက နောက်တစ်ဖန်ပိတ်သွားလေသည်။
အခန်း ၃၃၅၈ - တာအိုပေါင်းစည်းခြင်း
နတ်ဘုရားအပြစ်ဒဏ် အထွတ်အမြတ်ခိုလှုံရာမှာ…
သူတော်စင်အရှင် နတ်ဘုရားအပြစ်ဒဏ်သည် ခန်းမထဲမှာ ထိုင်ပြီး သူနှင့် မလှမ်းမကမ်း လေထဲမှာ တဇီဇီအော်မြည်၍ တုန်ခါနေသော ဧရာမဓားတစ်လက်ကို သုန်မှုန်နေသော အမူအရာဖြင့် စိုက်ကြည့်နေ၏။
ဧရာမဓားသည် လူ့အရပ်လောက် ရှည်လျားပြီး ဓားသွားက တုတ်ခိုင်နေသည်။ ၎င်းကို လျှပ်စီးလျှပ်ပန်းများက လွှမ်းခြုံထားပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခု ဖြာထုတ်ပေးနေ၏။
ဤသည်မှာ နတ်ဘုရားအပြစ်ဒဏ် အထွတ်အမြတ်ခိုလှုံရာ၏ ကောင်းကင်ဘုံတာအိုသူတော်စင်လက်နက် နတ်ဘုရားအပြစ်ဒဏ်ဓား ဖြစ်သည်။
သူတော်စင်အရှင် နတ်ဘုရားအပြစ်ဒဏ်က တစ်ချိန်လုံး ပေါ်ထွက်မလာသည်မှာ သူသည် ယာယီအားဖြင့် နတ်ဘုရားအပြစ်ဒဏ်ဓားကို ထိန်းချုပ်နိုင်စွမ်း လွတ်သွားသောကြောင့်ဖြစ်၏။
ယခင်က အော်ရာတစ်ခုသည် မဟာကမ္ဘာတစ်ထောင်လောကသို့ ရုတ်တရက် ဆင်းသက်ရောက်ရှိလာပြီး နေရာတိုင်းကို အုန်းအုန်းကျက်ကျက် ဖြစ်သွားစေခဲ့၏။ နတ်ဘုရားအပြစ်ဒဏ်ဓားကပင်လျှင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ကို ခံစားလိုက်ရပြီး ဓားအိမ်ထဲကနေ သူ့ဘာသာသူ ထွက်လာခဲ့၏။
သို့သော်လည်း ထို့နောက် ထိုအော်ရာက ပျောက်ကွယ်သွားခဲ့၏။
နတ်ဘုရားအပြစ်ဒဏ်ဓားကလည်း ငြိမ်သက်သွားခဲ့လေသည်။
သူတော်စင်အရှင် နတ်ဘုရားအပြစ်ဒဏ်က ဓားကိုကိုင်စွဲဖို့ အပြင်ဘက်သို့ ထွက်လာသည့်အချိန်မှာပင် နတ်ဘုရားအပြစ်ဒဏ်ဓားသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး ပြင်းထန်ကြမ်းတမ်းသော အခြေအနေသို့ နောက်တစ်ဖန် ကျဆင်းသွားလေသည်။ သူပင်လျှင် ၎င်းကို မဖိနှိမ်နိုင်တော့ပေ။
သို့သော်လည်း ဤတစ်ခေါက် နတ်ဘုရားအပြစ်ဒဏ်ဓား၏ ပစ်မှတ်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဖြစ်ပုံရလေသည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကလား…
သူတော်စင်အရှင် နတ်ဘုရားအပြစ်ဒဏ်က စဉ်းစားရခက်သွား၏။
လမ်းလေးသွယ်၏ အရှင်များက တက်လှမ်းလာကြပြီဖြစ်၏။
ထိုလူက အသက်ရှင်နေဦးမည်ဆိုလျှင်တောင် သူသည် စောစောက မဟာကမ္ဘာတစ်ထောင်လောကကို ပြန်လည်ရောက်ရှိလာလောက်လေပြီ။
နတ်ဘုရားအပြစ်ဒဏ်ဓားကို ဤမျှအထိ မအီမသာခံစားရစေနိုင်သောအရာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တခြားဘာရှိနေသေးတာလဲ။
တကယ်ဆို နတ်ဘုရားအပြစ်ဒဏ်ဓားသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိရာသို့ သူ့သဘောနှင့်သူ နတ်ဘုရားအပြစ်ဒဏ်စီးကြောင်းများစွာကိုပင် ပို့လွှတ်လိုက်လေသည်။ သို့သော်လည်း သူတို့သည် ပင်လယ်ထဲသို့ ကျဆင်းသွားသော ကျောက်တုံးများကဲ့သို့ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။
နတ်ဘုရားအပြစ်ဒဏ်ဓားသည် ဤမျှအထိ ဒေါသူပုန်ထခဲ့သည့် နောက်ဆုံးအချိန်မှာ ကောင်းကင်ဘုံကိုးလွှာ ကျိုးပေါက်သွားခဲ့စဉ်က ဖြစ်၏။
၎င်းသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား နတ်ဘုရားအပြစ်ဒဏ်ဓားသည် ရုတ်တရက် နိုးထလာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပစ်မှတ်ထားသည့် နတ်ဘုရားအပြစ်ဒဏ်ကို ပို့လွှတ်လိုက်လေသည်။
အဆက်မပြတ် တုန်ခါနေသော နတ်ဘုရားအပြစ်ဒဏ်ဓားကို ကြည့်ပြီး သူတော်စင်အရှင် နတ်ဘုရားအပြစ်ဒဏ်က တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်၏။
နတ်ဘုရားအပြစ်ဒဏ်ဓား မပါဘဲ သူက အပြင်ဘက်မှာ ပေါ်ထွက်လာမည်ဆိုလျှင်တောင် မည်သည့်အရာကိုမှ ပြောင်းလဲပေးနိုင်မည် မဟုတ်ပေ။
ထိုအစား သူ၏ ဟာကွက်များက ဖော်ထုတ်ခံရပြီး မိစ္ဆာအရှင်၊ တစ္ဆေမိခင်နှင့် အခြားသူများက အခွင့်အလမ်းကို ချိန်ဆလာနိုင်၏။
လေထဲမှာ...
သူတော်စင်အရှင် ယင်ယန်၊ သူတော်စင်အရှင် ထွက်ရပ်လမ်းနှင့် သူတို့၏ တာအိုသူတော်စင်လက်နက်များနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး နောက်ဆုတ်ဖို့ စိတ်ကူးမရှိပေ။
ယခုအချိန်မှာ သူသည် သူတော်စင်အရှင်နှစ်ပါးနှင့် တိုက်ခိုက်ရာမှာ အနိုင်ရဖို့ အခွင့်အရေးမရှိပေ။
သူ့မှာ ကစဉ့်ကလျားသူတော်စင်ခန္ဓာ ရှိနေသည်ဆိုလျှင်တောင် မရပေ။
မည်သို့ပင်ဆိုစေ… သူ၏ ကျင့်ကြံမှုနယ်ပယ်သည် နှစ်ကြိမ်ဆက်တိုက် ချိုးဖျက်တက်လှမ်းခဲ့ပြီးလျှင်တောင် သူသည် ပကတိတာအိုကြီးစိုးမှုနယ်ပယ်မှာသာ ရှိနေသေး၏။
သို့သော်လည်း ကမ္ဘာပျက်အနက်ရောင်ကြာပန်းကို ရရှိခြင်းသည် သူ၏ ကျင့်ကြံမှုနယ်ပယ်ကိုသာ မြှင့်တင်ပေးခဲ့ခြင်း မဟုတ်ပေ။
ပို၍အရေးပါသည်မှာ ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းသည် လုံးဝ ချို့ယွင်းချက်မရှိသောပုံစံဖြင့် သူ့ထံမှာ ပြန်လည်ပေါ်ထွက်လာ၏။
ဤသည်မှာ သူ့အတွက် နောက်ထပ်အရေးကြီးသော အခွင့်အလမ်းတစ်ခုကို ဆောင်ကြဉ်းပေးလာ၏။
သူတော်စင်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနိုင်မည့် အခွင့်အရေး…
သဘောတရားအရ ပကတိတာအိုကြီးစိုးမှုနယ်ပယ်အထိ ကျင့်ကြံထားသော မည်သည့်အဓိပတိသာလွန်သူမဆို တာအိုနှင့်အတူပေါင်းစည်း၍ သူတော်စင်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းဖို့ ကြိုးပမ်းနိုင်ကြသည်။
သို့သော်လည်း တကယ်တမ်းမှာ ထိုအဆင့်ကို တက်လှမ်းရဲသော အဓိပတိသာလွန်သူ အနည်းအကျဉ်းသာ ရှိလေသည်။ ဒါ့အပြင် သူတို့က အလွန်တရာ စိုးရိမ်ကာသတိထားရ၏။
ပထမအချက်… မဟာတာအိုသူတော်စင်နေရာများက အကန့်အသတ်ရှိနေ၏။
ဒုတိယအချက်… သူတော်စင်နယ်ပယ်ကို ချိုးဖျက်တက်လှမ်းရသည်က အလွန်တရာ အန္တရာယ်များလေသည်။
သူတို့ကျရှုံးသွားသည်နှင့် သူတို့က သေဆုံးရလိမ့်မည်ဖြစ်ပြီး သူတို့၏ တာအိုများက ပျက်ပြယ်သွားပေလိမ့်မည်။
သူတို့သည် ပကတိတာအိုကြီးစိုးမှုနယ်ပယ်မှာ ဆက်နေမည်ဆိုလျှင် အနည်းဆုံးတော့ သူတို့သည် ရှည်လျားသည့် ဘဝသက်တမ်း နှစ်ပေါင်းဆယ်ဘီလီယံကို ပိုင်ဆိုင်ထားဦးမည်ဖြစ်သည်။
သို့သော်လည်း ဆူဇီမို၏ အခြေအနေသည် အခြားသော အဓိပတိသာလွန်သူများနှင့် ကွဲပြားခြားနားလေသည်။
သူ၏ ယခင်ဘဝမှာ သူသည် မူလအမြုတေစိတ်ဝိညာဉ်ခြောက်ခုထဲမှတစ်ခု ကစဉ့်ကလျားအစိမ်းရောင်ကြာပန်း ဖြစ်ခဲ့သည်။
သူသည် ကစဉ့်ကလျားမဟာတာအိုအတွက် မွေးဖွားပေါ်ထွက်လာသော တည်ရှိမှုဖြစ်သည်ဟုဆိုလျှင် ချဲ့ကားရာကျလိမ့်မည် မဟုတ်ပေ။
ကမ္ဘာပျက်အနက်ရောင်ကြာပန်းနှင့် ပေါင်းစည်းခဲ့ခြင်းမရှိလျှင် ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းမှာ အားနည်းချက်တစ်ခု ရှိနေပြီး သူသည် သူတော်စင်နယ်ပယ်သို့ အတင်းအကျပ် ချိုးဖျက်တက်လှမ်းမည်ဆိုလျှင် တာအိုနှင့်ပေါင်းစည်းရာမှာ ကျရှုံးသွားဖို့ ဖြစ်နိုင်ခြေရှိလေသည်။
ယခုအချိန်မှာ ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းသည် ပြီးပြည့်စုံနေပြီး ဆူဇီမိုသည် တာအိုနှင့်ပေါင်းစည်း၍ သူတော်စင်တစ်ပါး ဖြစ်လာဖို့ ထိုအဆင့်ကို အချိန်မရွေး တက်လှမ်းနိုင်လေသည်။
သူ့အနေဖြင့် တစ်စုံတစ်ရာကို နားလည်ဆင်ခြင်နေစရာ မလိုအပ်တော့ပေ။
ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းကနေ ဆောင်ကြဉ်းပေးလာသည့် မျိုးဆက်မှတ်ဉာဏ်များသည် ကစဉ့်ကလျားမဟာတာအိုအတွက် အကောင်းဆုံး အသိအမြင်များ ဖြစ်လေသည်။
သူ့အတွက်တော့ ကစဉ့်ကလျားမဟာတာအိုနှင့် ပေါင်းစည်းခြင်းသည် ယခုအချိန်မှာ ရွေးချယ်ရမည့် ကိစ္စတစ်ခုသာ ဖြစ်သည်။
သူသည် သူတော်စင်နယ်ပယ်သို့ ဝင်ရောက်သည်နှင့် သူ၏ တိုက်ခိုက်ရည်ခွန်အားက နောက်တစ်ဆင့်ကို မြင့်တက်လာပေလိမ့်မည်။
ထိုအချိန်မှာ သူသည် သူတော်စင်အရှင်နှစ်ပါးနှင့် သေချာပေါက် တိုက်ခိုက်နိုင်ပေလိမ့်မည်။
“သူတော်စင်အရှင် ထွက်ရပ်လမ်း... သူ့ကို လွှတ်ပေးလိုက်”
ဆူဇီမိုက သူတော်စင်အရှင် ထွက်ရပ်လမ်း အကျဉ်းချထားသည့် ညဝိညာဉ်ကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်သည်။
“မင်းက သူ့ကို လွှတ်ပေးစေချင်တယ်ပေါ့လေ”
သူတော်စင်အရှင် ထွက်ရပ်လမ်းက မှင်သေသေဖြင့် ပြန်မေးလိုက်၏။
ဇီ…
ဆူဇီမိုက သူ၏ လက်ချောင်းဖြင့် ညင်သာစွာ တောက်လိုက်၏။ အဝီစိဓား၏ ကိုယ်ထည်က ညင်သာစွာ တုန်ခါ၍ ဓားတေးသံတစ်သံ ထွက်ပေါ်လာလေသည်။
ဓားတေးသံထဲမှာ ခပ်ဖျော့ဖျော့ ညည်းတွားအော်ဟစ်သံများပင် ပါဝင်နေ၏။
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
“ဒီထဲမှာ မင်းရဲ့ ထွက်ရပ်လမ်းအထွတ်အမြတ်ခိုလှုံရာက အနည်းဆုံး သူတော်စင်တစ်ရာ ရှိနေတယ်... ညဝိညာဉ်ကို ထုတ်ပေး... ငါ ဒီသူတော်စင်တွေကို မသတ်ဘူး”
ညဝိညာဉ်အတွက် သူတော်စင်တစ်ရာနှင့် လဲလှယ်ရယူမည်ဖြစ်သည်။ သူတော်စင်အရှင် ထွက်ရပ်လမ်းအနေဖြင့် ထိုအပေးအယူကို ငြင်းဆန်စရာ အကြောင်းမရှိပေ။
သို့သော်လည်း ဆူဇီမိုသည် သူ့အပေါ်မှာ လုံးဝ ရိုသေလေးစားမှုမရှိပေ။ အမိန့်ပေးနေသလို ထိုလေသံက သူ့ကို ဒေါသချောင်းချောင်းထွက်စေပြီး သူ၏ သတ်ဖြတ်လိုစိတ်ကပင် တလိပ်လိပ်ထိုးတက်လာ၏။
“သူတို့ရဲ့ မဟာတာအိုက ဖျက်ဆီးမခံရသရွေ့ သူတော်စင်တွေက အမှန်တကယ် သေဆုံးသွားမှာ မဟုတ်ဘူး”
သူတော်စင်အရှင် ယင်ယန်က လှောင်ရယ်လိုက်၏။
“မင်းက အခုချိန်ထိ သူတော်စင်နယ်ပယ်ကို မရောက်သေးဘူး... မင်းမှာ မဟာတာအိုကို ဖျက်ဆီးဖို့ သူတော်စင်တစ်ပါးကို သတ်ဖြတ်ဖို့ စွမ်းအားမရှိဘူး”
“အဲ့လိုလား”
ဆူဇီမိုက ပြုံး၍ ပြောလိုက်၏။
“ဒါဆိုရင် ငါ မင်းကို သရုပ်ပြပေးရတာပေါ့”
သူ့စကားမဆုံးခင် အဝီစိဓားကနေ အမြုတေစိတ်ဝိညာဉ်နှစ်ခု ထွက်ပေါ်လာလေသည်။ ဆူဇီမိုက တမလွန်ဓားကို ထိန်းချုပ်ပြီး ခုတ်ပိုင်းချလိုက်၏။
ဘန်း… ဘန်း…
တမလွန်ဓားသည် အမြုတေစိတ်ဝိညာဉ်နှစ်ခုကို ထိခတ်သောအခါ ကြိုးများ ပြတ်တောက်သွားသလို ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာ၏။
သူတော်စင်အရှင် ယင်ယန်သည် ထိုအမြုတေစိတ်ဝိညာဉ်နှစ်ခုက သူတော်စင်အဆုံးစွန်ယင်နှင့် သူတော်စင်အဆုံးစွန်ယန် ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရ၏။
တမလွန်ဓားသည် သူတော်စင်နှစ်ဦး၏ အမြုတေစိတ်ဝိညာဉ်များကို နှစ်ပိုင်းလှီးဖြတ်လိုက်ပြီးနောက် ယင်မဟာတာအိုနှင့် ယန်မဟာတာအိုက ကြေမွပြီး ဖျက်ဆီးခံလိုက်ရလေသည်။
ထိုဓားခုတ်ချက်၏ စွမ်းအားသည် ယင်မဟာတာအိုနှင့် ယန်မဟာတာအိုကို ဖျက်ဆီးလိုက်နိုင်သည်။
သူတို့၏ မဟာတာအိုများ ဖျက်ဆီးခံရခြင်းနှင့်အတူ သူတော်စင်အဆုံးစွန်ယင်နှင့် သူတော်စင်အဆုံးစွန်ယန်က လုံးလုံးလျားလျား သေဆုံးသွားပြီဟု ဆိုလိုလေသည်။
ကစဉ့်ကလျားသူတော်စင်ခန္ဓာ၏ ပြီးပြည့်စုံမှုနှင့် သူ၏ မဟာသူတော်စင် အမြုတေစိတ်ဝိညာဉ်နှင့်အတူ တမလွန်ဓားကိုသုံးပြီး ဆူဇီမိုသည် မဟာတာအိုများကို ဖျက်ဆီး၍ သူတော်စင်များကို သတ်ဖြတ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်လာပြီဖြစ်သည်။
“မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ”
သူတော်စင်အရှင် ယင်ယန်က ဆူဇီမိုသည် သူ့ရှေ့မှာပင် သူတော်စင်အဆုံးစွန်ယင်နှင့် သူတော်စင်အဆုံးစွန်ယန်ကို အမှန်တကယ် သတ်ဖြတ်ရဲလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သူနားလည်သဘောပေါက်သွားသည့်အချိန်မှာ နောက်ကျသွားခဲ့ပြီဖြစ်၏။
သူတော်စင် ထွက်ရပ်လမ်းကလည်း မျက်ခုံးပင့်ပြီး အေးစက်စွာ ပြောလိုက်၏။
“မင်းက ငါတို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့ အဆင့်မမီဘူး”
သူ့စကားမဆုံးခင် သူတော်စင်အရှင်နှစ်ဦးက တစ်ချိန်တည်းမှာ တိုက်ခိုက်လာကြ၏။
သူတို့သည် တိတ်တဆိတ် အလိုလျောက်နားလည်မှုတစ်ခု ရရှိထားကြပြီဖြစ်၏။
သူတို့နှစ်ယောက် ပူးပေါင်းပြီး တိုက်ခိုက်လာသည်နှင့် သူတို့သည် ဆူဇီမိုကို အသက်ရှူခွင့်ပင် ပေးလိမ့်မည်မဟုတ်ပေ။
အဝီစိဓားသည် ထွက်ရပ်လမ်းအထွတ်အမြတ်ခိုလှုံရာမှ သူတော်စင်တစ်ရာကျော်ကို ဖိနှိမ်ထားသည်ဆိုလျှင်တောင် ဆူဇီမိုသည် သူတို့ကို သတ်ဖြတ်ခွင့်ရလိမ့်မည် မဟုတ်ပေ။
ထိုက်ကျိကားချပ်က ပေါ်ထွက်လာပြီး ကောင်းကင်ကို ဖုံးအုပ်ကာ လွှမ်းခြုံကျဆင်းလာ၏။
သူတော်စင်သတ်ဖြတ်ခြင်းလှံက လေထုကို ဆုတ်ဖြဲပြီး မဟာတာအိုကို ထိုးဖောက်လိုက်၏။
စောစောက သူတော်စင်ထွက်ရပ်လမ်းနှင့် စကားပြောဆိုနေစဉ် ဆူဇီမိုသည် သူ၏ ခွန်အားကို တိတ်တဆိတ် စုစည်းထားခဲ့ပြီဖြစ်၏။
သူတော်စင်နှစ်ဦး တိုက်ခိုက်လာသည့်အချိန်မှာ ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာ၏။ သူက မာန်သွင်းအော်ဟစ်ပြီး အလွန်တရာ အရေးကြီးသော ထိုအဆင့်ကို တက်လှမ်းလိုက်လေသည်။
တာအိုပေါင်းစည်းခြင်း…
ကစဉ့်ကလျားမဟာတာအိုက ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်၊ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဉ်တို့နှင့် ပေါင်းစည်းလိုက်၏။
မဟာတာအိုက ပဲ့တင်ထပ်ပြီး သုံးဘုံလောကက လှုပ်ခါသွားလေသည်။
ဝုန်း...
သူသည် အချုပ်အနှောင်တချို့ကို ချိုးဖြတ်ပြီး အဟန့်အတားများကို ဖြတ်ကျော်လာသည့်အလား ဆူဇီမို၏ ခန္ဓာကိုယ်ကနေ ကမ္ဘာတုန်လောက်ဖွယ်ရာ မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာပြီး သူ၏ အော်ရာက ဆပွားမြင့်တက်လာ၏။
နောက်ခဏ၌ ဆူဇီမို၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားလေသည်။
ထိုက်ကျိကားချပ်နှင့် သူတော်စင်သတ်ဖြတ်ခြင်းလှံက ဆင်းသက်လာသည့်ခဏမှာပင် ကစဉ့်ကလျားချီဖြင့် ပြည့်နှက်နေသော အစိမ်းရောင်ကြာပန်းတစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်ပြီး ဒီရေလှိုင်းများကို ဆန်တက်သွားလေသည်။
ကြာပန်း၏ ဘေးပတ်လည်မှာ အဝီစိဓားနှင့် တမလွန်ဓား ရှိနေ၏။
ချွင်... ချွင်...
အဝီစိဓားနှင့် တမလွန်ဓားသည် ထိုက်ကျိကားချပ်နှင့် သူတော်စင်သတ်ဖြတ်ခြင်းလှံနှင့်အတူ ထိတွေ့ရိုက်ခတ်သွား၏။
လောကက လှုပ်ခါ၍ လေဟာနယ်က ကြေမွပျက်စီးသွားသည်။
အဝီစိဓားနှင့် တမလွန်ဓားသည် ကစဉ့်ကလျားကြာခုံပေါ်သို့ ဆင်းသက်လာလေသည်။
ထိုက်ကျိကားချပ်နှင့် သူတော်စင်သတ်ဖြတ်ခြင်းလှံ၏ တိုက်ခိုက်မှုများကလည်း ရပ်တန့်သွားသည်။
လောကမှာ ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းက ညင်သာစွာ ယိမ်းနွဲ့သွားပြီး ကစဉ့်ကလျားချီက ဝဲဂယက်တစ်ခုအဖြစ် ဖြာထွက်ကာ သူတော်စင်နှစ်ဦးကို တိုက်ခတ်သွားလေသည်။
ဝုန်း... ဝုန်း...
ကျယ်လောင်သော မြည်ဟည်းသံနှစ်သံ ထွက်ပေါ်လာ၏။
သူတော်စင်အရှင်နှစ်ဦးသည် နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်လိုက်ရပြီး သူတို့၏ အမူအရာများက တုန်လှုပ်စွာဖြင့် ပြောင်းလဲသွားကြ၏။
နောက်ခဏ၌ ဆူဇီမို၏ ခန္ဓာကိုယ်က ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းပေါ်မှာ ပေါ်ထွက်လာ၏။ သူ၏အကြည့်က မီးမောင်းတစ်ခုကဲ့သို့ ဖြစ်ပြီး သူ၏ အနက်ရောင်ဆံပင်က ရူးသွပ်စွာ ကခုန်နေ၏။ သူက အဝီစိဓားနှင့် တမလွန်ဓားကို ကိုင်စွဲပြီး သူတော်စင်အရှင်နှစ်ဦးကို ငုံ့ကြည့်လိုက်လေသည်။
“ဘယ်လိုလဲ... ငါ အခု အဆင့်မီသွားပြီလား”
ဆူဇီမိုက မှင်သေသေဖြင့် မေးလိုက်၏။