အသက်သွေးကြောကို ထိုးဖောက်သွားသည့် ဓားချက်တစ်ခု
Vol. 19 Ch. 272
“ သောက်ကောင်မ!! ငါနင့်ကို သတ်မယ် “
သူသည် အော်ငေါက်ကာ စင်ပေါ်သို့ ထပ်တက်လာရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်၌ ဝုချင်းရှန်မှ လက်ဝေ့ယမ်းလာခဲ့ပြီး၊ ကျိုမင်းလျန်ကို နေရာမှာပင် ချုပ်နှောင်ထားလိုက်သည်။
“ ကျောက်ဟုန်ရင် အနိုင်ရတယ် “
ဝုချင်းရှန်မှ ကြေညာလာခဲ့ပြီဖြစ်သောကြောင့် တိုက်ပွဲပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
နှစ်သင်းစလုံး၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားတော့သည်။
ဒါကြီးက ဖြစ်ကောဖြစ်နိုင်ရဲ့လား?
ကြည့်ရတာတော့ စင်ပေါ်ကနေ မောင်းချနိုင်သရွေ့ အနိုင်လို့ သတ်မှတ်ပေးထားတဲ့ပုံပဲ။
စင်မြင့်ထက်တွင်
ရလဒ်ကို ကြားလိုက်ရသောအခါ၌ ကျောက်ဟုန်ရင်၏ မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်၊ ထို့နောက်တွင် သူမသည် ရုတ်တရက် ပြိုလဲသွားတော့သည်။
ရှန့်ဝမ်ချန်းသည် စင်ပေါ်သို့ အမြန်တက်လာခဲ့ကာ သူမကို အဝေးသို့ သယ်ဆောင်သွားတော့သည်။
သူမသည် ကျိုမင်းလျန်၏ တိုက်ကွက်သုံးခုကို တိုက်ရိုက်ခံယူခဲ့ရသောကြောင့် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားခဲ့သည်။
သို့သော် ဒဏ်ရာအခြေအနေကို နှိုင်းယှဥ်လိုက်မည်ဆိုပါက ကျောက်ဟုန်ရင်သည် အပြည့်အဝ ပြန်လည်သက်သာ ကောင်းမွန်လာရန် အခွင့်အရေး ရှိနေစဲပင်ဖြစ်သည်၊ သို့သော် ကျိုမင်းလျန်အတွက်ကမူ ………….. မရေရာ မသေချာလှပေ။
ရှန့်ဝမ်ချန်းမှ ကျောက်ဟုန်ရင်ကို စင်ပေါ်မှ သယ်ဆောင်လာခဲ့သည့် အချိန်တွင် ဆေးဝန်ထမ်းတစ်ဦးသည် သူမဆီသို့ ချက်ချင်းရောက်လာခဲ့ကာ ဒဏ်ရာများကို စတင်၍ ကုသပေးနေတော့သည်။
လူတိုင်း စုဝေးလာကြသည်။
“ ဒေါက်တာ၊ သူမ ဘယ်လိုနေသေးလဲ? “ ဟုရှုကျိုးမှ မေးမြန်းလိုက်သည်။
“ အသက်အန္တရာယ်တော့ မရှိဘူး၊ ဒါပင်မဲ့ အတွင်းပိုင်း ဒဏ်ရာတွေကတော့ ပြင်းတယ်။ တကယ်လို့ ဆက်ပြီးတော့ တိုက်ခိုက်နေမယ်ဆိုရင် သူမရဲ့ ခွန်အား အပြည့်အဝ ထုတ်သုံးနိုင်မှာ မဟုတ်ဘူး “
ဆရာဝန်သည် ခေါင်းခါပြလာခဲ့ပြီး ကျောက်ဟုန်ရင်ကို ဆက်၍ကုသပေးနေတော့သည်။
မကြာခင်မှာပင် ကျောက်ဟုန်ရင်သည် ဖြည်းညှင်းစွာ သတိပြန်လည်လာခဲ့သည်။
လူတိုင်းက သူမအနားတွင် စုဝေးနေသည်ကို မြင်လိုက်ရသောအခါတွင် သူမ၏စိတ်ထဲတွင် နွေးထွေးသွားတော့သည် “ အားလုံးကို ကျေးဇူးတင်ပါတယ် “
“ ဟုန်ရင်၊ နင်က အံ့ဩစရာပဲဟေ့ “
ကျိုးယွမ်မှ ပျော်ပျော်ရွှင်ရွှင် ပြောလာခဲ့သည် “ ငါကြားတာတော့ ကျိုမင်းလျန်က အပြည့်အဝ ပြန်မကောင်းနိုင်တော့ဘူးတဲ့၊ သူက အဲ့ဒီဟာကို တစ်သက်လုံး အသုံးမချနိုင်လောက်တော့ဘူး “
ကျောက်ဟုန်ရင် ရှက်သွေးဖြာသွားခဲ့ပြီး၊ ရှုကျိုးကို လှည့်ကြည့်လာခဲ့သည်။
ရှုကျိုးမှ ငြင်သာစွာ ပြုံးပြလိုက်သည် “ လုပ်တာ ကောင်းတယ် “
ကျောက်ဟုန်ရင်မှ ပြောလာခဲ့သည် “ ငါဆက်တိုက်လို့ရလား? “
“ အခုတော့ နားနေလိုက်ဦး၊ နောက်ပိုင်းကတော့ ငါတို့နဲ့ပဲဆိုင်တယ် “ ရှုကျိုးမှ သူမကို နှစ်သိမ့်ပေးလိုက်သည်။
…
ဤတိုက်ပွဲသည် အသေးအမွှားကိစ္စတစ်ခုမျှသာ ဖြစ်ပြီး၊ ပြိုင်ပွဲကြီး၏ စည်းချက်ကို မထိခိုက်စေခဲ့ပေ။
သို့သော် နောက်တိုက်ပွဲများတွင်မူ နှစ်ဖက်စလုံးမှ အဖွဲ့သားတို့သည် ပြိုင်ဘက်၏ အားနည်းချက်ကို တိုက်ခိုက်ရန်အတွက် အစကတည်းက သူတို့၏ အစွမ်းဆုံးသော တိုက်ကွက်များကိုသာ ထုတ်သုံးလာခဲ့ကြသည်။
တတိယမြောက်ပွဲစဥ်၌ အစစ်အမှန် သိုင်းပညာဌာနမှ ပြိုင်ပွဲဝင်သည် ယဲ့ချင်ချင်ဟု အမည်ရသည့် နောက်ထပ်အမျိုသမီးတစ်ဦး ဖြစ်နေခဲ့သည်၊ သူမသည် ပေ့ဟိုင်သိုင်းပညာ တက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်သည်။
စင်ပေါ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ယဲ့ချင်ချင်သည် ပြိုင်ဘက်၏ အရေးကြီးအဂ်ါအစိတ်အပိုင်းတို့ကိုသာ တိုက်ရိုက်ပစ်မှတ်ထားလာခဲ့သည်။
သူမသည် ခြေထောက်နည်းစနစ်ကို လေ့ကျင့်ထားခဲ့သည်၊ သူမ၏ တိုက်ခိုက်မှုပုံစံသည် ကျောက်ဟုန်ရင်ထပ်ပင် ပို၍ ရူးသွပ်နေခဲ့ကာ ဒဏ်ရာအတွက် ဒဏ်ရာနှင့် လဲလှယ်ရန်အတွက်ပင် ဆန္ဒရှိနေခဲ့သည်၊ အဆုံးတွင် လက်မောင်းတစ်ဖက်ကို ပေးဆပ်ခဲ့ရပြီး၊ ပြိုင်ဘက်၏ အောက်ပိုင်းကို ချေမွနိုင်ခဲ့သည်။
အဆုံးတွင် ဤတိုက်ပွဲသည် ယဲ့ချင်ချင်၏ ကျဥ်းမြောင်းသော အနိုင်ရလဒ်နှင့်အတူ အဆုံးသတ်သွားခဲ့သည်။
နတ်သိုင်းဌာနမှ လူများ၏ အမူအရာများ မည်းမှောင်သွားကြသည်။
ဤကဲ့သို့သော တိုက်ခိုက်ရေး နည်းစနစ်များသည် လွန်စွာအရှက်မဲ့လွန်းသည်၊ မည်သူက တစ်ခြားလူတစ်ဦး၏ အရေးကြီး အဂ်ါအစိတ်အပိုင်းများကို ပစ်မှတ်ထားတိုက်ခိုက်ကြသနည်း?
စတုတ္ထမြောက်ပွဲတွင်မူ အစစ်အမှန် သိုင်းပညာဌာနသည် တူညီသော နည်းစနစ်ကို အသုံးပြုရန် ကြိုးပမ်းခဲ့သည်၊ သို့သော် နတ်သိုင်းဌာနသည် အပြည့်အဝ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ အောက်ပိုင်းကို တင်းကြပ်စွာ ကာကွယ်ထားခဲ့ပြီး၊ မည်သည့်အခွင့်အရေးမှ မပေးခဲ့ချေ။
ထိုကဲ့သို့သော အခြေအနေမျိုးအောက်တွင် အစစ်အမှန် သိုင်းပညာဌာနသည် နည်းဗျူဟာ မရှိတော့သောကြောင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကိုသာ ပြုလုပ်လိုက်ရတော့သည်။
အစစ်အမှန် သိုင်းပညာဌာနဘက်တွင်မူ ရှုကျိုးမှအပ တစ်ခြားလူအားလုံးသည် သွေးကြောမှတ် ၁၂၀သာ ဖွင့်ထားကြသောကြောင့် ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက နတ်သိုင်းဌာနမှလူများကို အနိုင်ယူနိုင်ရန် အခက်တွေ့နေခဲ့ရသည်။
ဤကဲ့သို့ပင် စတုတ္ထမြောက်ပွဲစဥ်၌ နတ်သိုင်းဌာနဘက်မှ အနိုင်ရသွားခဲ့သည်။
ပဥ္စမမြောက်ပြိုင်ပွဲဝင်ကမူ ဝမ်ချောင်ခုန်းဖြစ်ပြီး၊ စင်ပေါ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် အစစ်အမှန် သိုင်းပညာဌာနမှလူကို အပြတ်အသတ်ချေမှုန်းကာ နတ်သိုင်းဌာနအတွက် အနိုင်ရလဒ် ဆောင်ကြဥ်းပေးသွားခဲ့သည်။
…
“ ပထမအဆင့်နယ်ပယ်ရဲ့ မကျေပွဲတွေ ပြီးပါပြီ၊ အမှတ်ကတော့ ၃ : ၂ပါ “
ဝုချင်းရှန်မှ ကျယ်လောင်စွာ ကြေညာလာခဲ့သည် “ လက်ရှိအချိန်မှာတော့ အစစ်အမှန် သိုင်းပညာဌာနဲ့ နတ်သိုင်းဌာနကြားက စုစုပေါင်းရမှတ်က ၈ : ၇ဖြစ်နေပါတယ် “
ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် ပရိတ်သတ်တစ်အုပ်လုံးသည် အသာအယာ ရေရွတ်ပြောဆိုနေတော့သည်။
တိုက်ပွဲက ဤအခြေအနေအထိ ရောက်ရှိလာခဲ့ပြီး၊ အစစ်အမှန် သိုင်းပညာဌာနက ဦးဆောင်နေလိမ့်မည်ဟု မည်သူကမှ မထင်မှတ်ထားခဲ့ချေ။
၎င်းမှာ သေးငယ်သော အားသာချက်တစ်ခုသာ ဖြစ်နေခဲ့သော်လည်း၊ ၎င်းသည် အစစ်အမှန် သိုင်းပညာဌာ၏ စွမ်းအားက အပြောသပ်သပ် မဟုတ်ဘူးဆိုသည်ကို သက်သေပြရန် လုံလောက်နေခဲ့သည်။
တစ်ချို့သော လှည့်ကွက်များကို အသုံးပြုခဲ့သော်လည်း၊ လုံလောက်သော ခွန်အားသာမရှိဘူးဆိုပါက အောင်မြင်မှုရရှိလိမ့်မည် မဟုတ်ပေ။
စင်မြင့်ပေါ်ရှိ ဝုချင်းရှန်သည် နောက်လာမည့်ပွဲစဥ်များကို ချက်ချင်း မကြေညာခဲ့ဘဲ၊ သူ့ဘေးနားရှိ အစွမ်းထက် ပုဂ္ဂိုလ်များနှင့်သာ တိတ်တဆိတ် ဆွေးနွေးနေခဲ့သည်၊ နောက်လာမည့် တိုက်ပွဲများ၏ ယှဥ်ပြိုင်မှုပုံစံကို ဆွေးနွေးနေကြသည့်ပုံပင်။
စင်အောက်ရှိ ရှုကျိုးမှာလည်း သိလိုစိတ်များ ဖြစ်သွားခဲ့သည်။
“ နောက်ပွဲတွေကို ဘယ်လိုလုပ်မလဲဆိုတာကို ငါသိချင်မိတယ် “
သူသည် သူ့ဘေးနားရှိ ကျောက်ဟုန်ရင်နှင့် ယဲ့ချင်ချင်တို့ကို ငေးကြည့်လိုက်သည်၊ အမျိုးသမီးနှစ်ဦးစလုံးသည် ပြင်းထန်သော ဒဏ်ရာများ ရရှိထားကြသည်၊ သူသည် ထိုနှစ်ဦးအတွက် အစားထိုး ဝင်ပြိုင်ပေး၍ မရပေ။
ဤပြိုင်ပွဲသည် လူတစ်ဦးတစ်ယောက်တည်း၏ စွမ်းအားက မည်မျှ သန်မာလဲဆိုသည်ကို ကြည့်နေခြင်းမဟုတ်ဘဲ၊ အဖွဲ့တစ်ခုလုံးက မည်မျှသန်မာလဲဆိုသည်ကို ကြည့်နေခြင်းပင် ဖြစ်သည်။
မကြာခင်မှာပင် ဝုချင်းရှန်သည် စင်မြင့်ထက်မှ ကြေညာလာခဲ့သည်။
“ ပထမအဆင့်တွေရဲ့ ဆီမီးဖိုင်နယ် ပွဲစဥ်တွေ စပါမယ် “
“ ဒီတစ်ခါမှာလည်း မဲခွဲပြီးတော့ ဆုံးဖြတ်ဦးမှာပဲ ဖြစ်ပါတယ်။ နတ်သိုင်းဌာနက ဝမ်ချောင်ခုန်းက မဲနံပါတ် ၁ဖြစ်ပြီးတော့ ဝမ်တျယ်ကတော့ မဲနံပါတ်၂ပါ “
ပြောနေရင်းဖြင့် သူသည် စင်ပေါ်သို့ အနက်ရောင်သေတ္တာတစ်လုံးကို တင်လာခဲ့သည်။
ဤတစ်ကြိမ်၌ သံသေတ္တာတစ်လုံးသာလျှင် ရှိနေခဲ့သည်။
“ သေတ္တာထဲမှာက တုတ်ချောင်းလေးခုရှိပါတယ်၊ နံပါတ်တွေကတော့ ၁၊ ၁၊ ၂၊ ၂ပါ “
“ အစစ်အမှန် သိုင်းပညာဌာနရဲ့ ပြိုင်ပွဲဝင်တွေ မဲနှိုက်ဖို့အတွက် စင်ပေါ်ကို တက်လာကြပါ “
ဝုချင်းရှန်၏ စကားများကို ကြားလိုက်ရပြီးသည့်နောက်တွင် ပရိတ်သတ်အားလုံးသည် စည်းမျဥ်းစည်းကမ်းများကို နားလည်သွားကြသည်။
ရှုကျိုး၊ ကျောက်ဟုန်ရင်နှင့် ယဲ့ချင်ချင်တို့သုံးဦးထဲမှ လူနှစ်ယောက်သည် ပြိုင်ဘက်တစ်ဦးကို အတူတကွ တိုက်ခိုက်ကြရမည် ဖြစ်သည်။
“ ခေါင်ဆောင် …… “ ကျောက်ဟုန်ရင်နှင့် ယဲ့ချင်ချင်တို့သည် တင်းမာနေသော မျက်လုံးများဖြင့် ရှုကျိုးကိုကြည့်လာကြသည်။
“ အဆင်ပြေပါတယ်၊ သွားကြတာပေါ့ “
ရှုကျိုးမှ သူတို့ကို နှစ်သိမ့်ပေးလိုက်ကာ၊ အမျိုးသမီးနှစ်ဦးကို စင်ပေါ်သို့ ဦးဆောင်ပေးသွားတော့သည်။
လူသုံးဦးသည် မဲများကို တစ်ဦးပြီးတစ်ဦးနှိုက်လိုက်ကြသည်။
“ နံပါတ်၁လား? “ မဲနံပါတ်ကို မြင်လိုက်ရသောအခါတွင် ကျောက်ဟုန်ရင်၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွားတော့သည်။
သူမသည် ဝမ်ချောင်ခုန်း၏ မဲနံပါတ်ကို ဆွဲမိသွားသည်။
“ မကြောက်ပါနဲ့ နင့်အရှေ့မှာ ငါရှိပါတယ် “ ရှုကျိုးမှ နှစ်သိမ့်ပေးလိုက်ကာ သူ၏မဲနံပါတ်ကို ပြလိုက်သည်။
သူသည်လည်း မဲနံပါတ်၁ကို ရရှိခဲ့လေသည်။
ရှုကျိုးသည် သူ၏မဲတုတ်ချောင်းနောက်ဘက်တွင် ရှိနေသည့် နောက်ပိုင်းဟူသော စာလုံးအား ကျောက်ဟုန်ရင်ကို ပြသလိုက်သည်။
( အများအားဖြင့် တုတ်ချောင်းလေးတွေပေါ်မှာ ဂဏန်းတွေ ရေးပြီးတော့ မဲလုပ်ကြတာ များပါတယ် )
ကျောက်ဟုန်ရင်မှာလည်း သူမ၏မဲတုတ်ချောင်းကို လှန်ကြည့်လိုက်ရာ နောက်ဘက်တွင် ရေးထိုးထားသည့် အစဟူသော စာလုံးကို မြင်တွေ့သွားခဲ့သည်။
၎င်းမှာ တိုက်ခိုက်ရမည့် အလှည့်ကို ညွှန်းဆိုနေခြင်းပင်ဖြစ်သည်။
ရှုကျိုးမှ ပြောလာခဲ့သည် “ ငါအရင်သွားပြီးတော့ သူ့ကို ဖြေရှင်းလိုက်မယ်၊ အဲ့တော့ နင်စင်ပေါ်ရောက်တဲ့အချိန်ကျရင် အပင်ပန်းခံနေစရာ မလိုတော့ဘူး “
ကျောက်ဟုန်ရင်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ခေါင်းဆောင်၊ ကံကောင်းပါစေ “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ ယဲ့ချင်ချင်မှာလည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
ရှုကျိုးနှင့် ကျောက်ဟုန်ရင်တို့သာ အနိုင်ရသွားသရွေ့၊ သူမ၏တိုက်ပွဲမှာ အရေးကြီးနေတော့မည် မဟုတ်ပေ။