အသက်သွေးကြောကို ထိုးဖောက်သွားသည့် ဓားချက်တစ်ခု ၃
Vol. 19 Ch. 273
“ ပထမအဆင့်နယ်ပယ်ရဲ့ ဆီးမီးဖိုင်နယ် ပွဲစဥ်တွေ စတင်ပါပြီ “
ဝုချင်းရှန်၏ အသံသည် ရင်ပြင်တစ်ခုလုံးတွင် ဟိန်းထွက်နေခဲ့သည် “ နံပါတ်၁ ပြိုင်ပွဲဝင်တွေ စင်ပေါ်မှာ နေရာယူကြပါ “
ကျောက်ဟုန်ရင်နှင့် ယဲ့ချင်ချင်တို့သည် စင်ပေါ်မှ ဆင်းသွားကြသည်။
ရှုကျိုးတစ်ဦးတည်းသာ ကျန်နေခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် အားလုံး၏ အမူအရာများ တက်ကြွလာကြသည်။
“ ရှုကျိုးနဲ့ ဝမ်ချောင်ခုန်းလား? “
“ နောက်ဆုံးတော့ ဒီနှစ်ယောက် တွေ့ကြပြီပေါ့၊ ပြပွဲကောင်းလေးတစ်ခုတော့ ဖြစ်လာတော့မယ် “
“ ရှုကျိုးလား၊ ဒါမှမဟုတ် ဝမ်ချောင်ခုန်းလား? ဘယ်သူက ပိုစွမ်းလဲဆိုတာကို ငါသိချင်နေပြီ “
ထိုအချိန်၌ လူတိုင်း အာရုံစူးစိုက်လာကြသည်။
တတိယအဆင့်နှင့် စတုတ္ထအဆင့်မှ ပညာရှင်များကပင် လန်းဆန်းတက်ကြွလာကြသည်။
ရှုကျိုးနှင့် ဝမ်ချောင်ခုန်းတို့သည် ပထမအဆင့်နယ်ပယ်တွင် အထူးချွန်ဆုံးသော ပါရမီရှင်များဖြစ်ပြီး၊ သက်ဆိုင်ရာဌာနများ၏ အထွတ်အထိပ်ကို ကိုယ်စားပြုနေခဲ့သည်။
မည်သူက အောင်နိုင်သူ ဖြစ်လာမည်နည်း?
အဖြေကား မကြာခင်အချိန်မှာပင် ပေါ်ထွက်လာတော့မည် ဖြစ်သည် !!!
ထိုင်ခုံများဘက်၌
ကွေ့မူသည် ရုတ်တရက် ပြုံးသွားကာ သူ့ဘေးနားရှိ ကျုံးချန်ကို ကြည့်လိုက်သည် “ ဝမ်ချောင်ခုန်းက သေချာပေါက်နိုင်လိမ့်မယ်လို့ ထင်နေတုန်းပဲလား? “
ကျုံးချန်သည် တစ်ခဏခန့် အတွေးနက်သွားတော့သည်၊ ယခင်က ရှုကျိုးနှင့် လင်းတုန်တို့၏ တိုက်ပွဲသည် သူ့အား အတော်အတန် အံ့အားသင့်သွားစေခဲ့သည်။
ထို့နောက်တွင် သူသည် ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ တကယ်လို့ စင်ပေါ်ကို ရောက်တာနဲ့ ဝမ်ချောင်ခုန်းက သူ့ရဲ့တိုက်ခိုက်ရေး စွမ်းအားကို အသက်သွင်းလိုက်မယ်ဆိုရင် ရှုကျိုးက သေချာပေါက် ရှုံးသွားလိမ့်မယ် “
၎င်းသည် ဝမ်ချောင်းခုန်းကသာ ရိုးရှင်းသော နည်းလမ်းဖြင့် တိုက်ခိုက်မည်ဆိုပါက ဤတိုက်ပွဲက ခက်ခဲသွားလိမ့်မည်ဟု ဆိုလိုနေခြင်းဖြစ်သည်။
ကွေ့မူမှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်၊ အကယ်၍ ဝမ်ချောင်ခုန်းကသာ စင်ပေါ်သို့ ရောက်လျှင်ရောက်ချင်း သူ၏ပွဲသိမ်းတိုက်ကွက်ကို ထုတ်သုံးလိုက်မည်ဆိုပါက ရှုကျိုးသည် အချိန်မှီ ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ပေ။
ရှုကျိုးက အားကောင်းလွန်းလှသော တိုက်ခိုက်ရေးစွမ်းအားကို ပြသခဲ့သော်လည်း၊ ၎င်းက ထိန်းချုပ်ကိုင်တွယ်၍ရသည့် အတိုင်းအတာထဲတွင် ရှိနေသေးသည်။
ဝမ်ချောင်ခုန်းကို အထင်မသေးသင့်ပေ၊ သူက သူ၏တိုက်ခိုက်ရေးစွမ်းအားကို အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏စွမ်းအားသည် အလယ်အလတ် ဒုတိယအဆင့်အထိ မြင့်တက်သွားလိမ့်မည် ဖြစ်သည်။
Sအဆင့်စွမ်းရည်ပိုင်ရှင် အလယ်အလတ် ဒုတိယအဆင့် ပညာရှင် !!!
အကယ်၍ ရှုကျိုးကသာ ပေါ့ဆနေမည်ဆိုပါက ဝမ်ချောင်ခုန်းမှ သူ့အား တိုက်ကွက်တစ်ကွက်တည်းဖြင့် ဖြုတ်ချသွားနိုင်လေသည်။
“ သူတို့က ဘယ်လိုတိုက်မလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ “ ကွေ့မူသည် သိလိုစိတ်များဖြင့် စောင့်ကြည့်နေတော့သည်။
သူသည် ရှုကျိုးနှင့် ပတ်သက်သည့် မည်သည့်အကြောင်းကိုမှ မပြောပြလိုက်ပေ။
ဤသည်မှာ ပြိုင်ပွဲတစ်ခုဖြစ်သောကြောင့်၊ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ သူတို့၏ ကိုယ်ပိုင်စွမ်းရည်များအပေါ်တွင်သာ မူတည်နေလိမ့်မည် ဖြစ်သည်။
သူသည် သိလိုစိတ်များနေရုံသာလျှင် ဖြစ်သည်။
တကယ်လို့ ဝမ်ချောင်ခုန်းကသာ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ချက်ချင်း အသက်သွင်းလာခဲ့မယ်ဆိုရင်၊ ရှုကျိုးက ဘယ်လိုတုံ့ပြန်လာမှာလဲ??
…
စင်အောက်၌
လင်းရွှယ်သည် လှောင်ပြောင်နေသောအကြည့်ဖြင့် ဝမ်ချောင်ခုန်းကို ငေးကြည့်နေခဲ့သည်။
ဝမ်ချောင်ခုန်းသည် သူမ၏ အကြည့်ကို အာရုံခံမိသွားပုံရပြီး၊ နောက်သို့လှည့်ကာ အေးအေးဆေးဆေး ပြောလာခဲ့သည် “ နင်မနိုင်ခဲ့တဲ့ ရန်သူက ငါ့ခြေထောက်အောက်ကို ဘယ်လိုရောက်လာမလဲဆိုတာကို သေချာစောင့်ကြည့်နေလိုက် “
သူသည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ၊ စင်ပေါ်သို့ တက်သွားတော့သည်။
ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး၊ ဓားကဲ့သို့သော မျက်ခုံးများနှင့် ကြယ်ရောင်စုံမျက်လုံးများ ပိုင်ဆိုင်ထားသည့် ဝမ်ချောင်ခုန်းသည် ဇာတ်လမ်းများထဲမှ ဇာတ်လိုက်မင်းသားကဲ့သို့သော အသွင်အပြင်မျိုး ရှိနေခဲ့သည်။
သူသည် ရှုကျိုး၏ ရှေ့တည့်တည့်တွင် မတ်တပ်ရပ်နေတော့သည်။
“ ဧကရာဇ်ရဲ့ ကောင်းချီးကို ရခဲ့တဲ့လူက မင်းပဲ၊ ဟုတ်တယ်မလား? “
“ ဟုတ်တယ်လေ “
ရှုကျိုးသည် မည်သို့မျှ မဖုံးကွယ်ထားခဲ့ပေ၊ မကြာခင်မှာပင် သူ၏စွမ်းအားကို လူတိုင်းသိသွားကြတော့မည် ဖြစ်သည်။
“ ဆိုတော့ တကယ်ကြီးကို သူဖြစ်နေတာပေါ့ !!! “
“ ပထမအဆင့်နယ်ပယ်ရဲ့ အကန့်အသတ်၊ ဧကရာဇ်ရဲ့ကောင်းချီး၊ သူက သွေးကြောမှတ် ၁၆၁ခုအထိ ဖွင့်နိုင်ခဲ့တဲ့ ပထမဦးလူလား? “
စင်အောက်ရှိ ပရိတ်သတ်များ အံ့ဩမှင်သက်သွားကြတော့သည်။
ဧကရာဇ်၏ ကောင်းချီးကိစ္စသည် အတော်လေး ဂယက်ထသွားခဲ့ပြီး၊ သုံးရက်အတွင်းမှာပင် အရှေ့ပိုင်းပြည်နယ်တစ်ခုလုံးသည် အဆိုပါ သတင်းကို ကြားသိသွားခဲ့သည်။
ဧကရာဇ်၏ ကောင်းချီးက ဒဏ္ဍာရီလာ ပုံပြင်တစ်ခုအဖြစ်သာရှိနေခဲ့သော်လည်း၊ ယခုတွင် အစစ်အမှန် ဖြစ်လာခဲ့ပြီဖြစ်သည်။
အဆိုပါ ကိစ္စကပင် တစ်စုံတစ်ဦးက ပထမအဆင့်နယ်ပယ်၏ အကန့်အသတ်ကို ချိုးဖျက်သွားခြင်းထပ် ပို၍အံ့ဩတုန်လှုပ်ဖွယ်ကောင်းနေခဲ့သည်။
လူတော်တော်များများသည် ရှုကျိုးကို မနာလိုအားကျဖြစ်သွားကြပြီး၊ သူတို့က မည်သည့်အတွက်ကြောင့် ထိုကဲ့သို့သော အခွင့်အရေးမျိုး မရရလဲဆိုသည်ကို တွေးတောစဥ်းစားနေကြတော့သည်။
၎င်းတို့ထဲတွင် ဝမ်ချောင်ခုန်းလည်း ပါဝင်ပေသည်။
စင်ပေါ်၌
ဝမ်ချောင်ခုန်းသည် ရှုကျိုးကို အေးစက်စွာ စိုက်ကြည့်၍ စကားပြောလာခဲ့သည် “ ဧကရာဇ်ရဲ့ ကောင်းချီးက ငါ့အတွက် ဘာမှမဟုတ်ဘူး “
“ သွေးကြောမှတ် ၁၆၁ခု၊ ငါက နည်းနည်းလေးပဲ လိုတော့တာ “
ရှုကျိုးသည် ဇဝေဇဝါဖြစ်သွားသော အမူအရာဖြင့် သူ့ကိုကြည့်လိုက်သည်၊ အဲ့ကိစ္စက ငါနဲ့ဘာဆိုင်လို့လဲဟ?
ပြီးတော့ ဒီကောင်က သွေးကြောမှတ် ၁၆၁ခုတည်းနဲ့ ဧကရာဇ်ရဲ့ကောင်းချီးကို ရလိမ့်မယ်လို့ ထင်နေတာလားဟ?
နုံလိုက်တဲ့ကောင်ကွာ !!
ဝမ်ချောင်ခုန်းမှ အေးစက်စွာ ဆက်ပြောလာခဲ့သည် “ ဒါပင်မဲ့ မင်းက သွေးကြောမှတ် ၁၆၁ခုအထိ ဖွင့်နိုင်ခဲ့ပြီးတော့ ဧကရာဇ်ရဲ့ ကောင်းချီးကို ရခဲ့အတွက် ငါမင်းကို လေးစားပါတယ်။ ဘာလို့လဲဆိုတော့ အဲ့အဆင့်အထိ ရောက်ဖို့ဆိုတာက ဘယ်လောက်ခက်လဲဆိုတာကို ငါသိနေလို့ပဲ “
“ မင်းက ငါနဲ့တိုက်ဖို့ အဆင့်မှီတဲ့ အစစ်အမှန် သိုင်းပညာဌာနက တစ်ဦးတည်းသော လူပဲ၊ ပြီးတော့ မင်းက ငါအမျှော်လင့်မိဆုံး လူတစ်ယောက်ပဲ “
“ မင်းက ငါ့ခြေနင်းတုံးဖြစ်ဖို့အတွက် ကောင်းကောင်းကြီး သင့်တော်တယ် “
ရှုကျိုး၏ မျက်မှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်၊ ထို့နောက်တွင် သူသည် အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည် “ ဒါဆိုရင်လည်း စကားတွေကို ကျော်ပြီးတော့ ပွဲလေးကို စလိုက်ကြတာပေါ့။ ငါကလည်း နတ်သိုင်းဌာနက ပထမအဆင့်နယ်ပယ်ရဲ့ အထူးချွန်ဆုံး ပါရမီရှင်က ဘယ်နှကွက်လောက် တောင့်ခံနိုင်မလဲဆိုတာကို သိရဖို့အတွက် တော်တော်လေး စိတ်အားထက်သန်နေပြီ “
ဝမ်ချောင်ခုန်း၏ မျက်လုံး ရုတ်တရက် စူးရှသွားတော့သည် “ မင်းဆန္ဒအတိုင်းပဲ “
“ ဝုန်းးးး “
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် စည်းတံဆိပ်တစ်ခု ပြေလျော့သွားသကဲ့သို့ ကျယ်လောင်သော အသံတစ်သံ ဟိန်းထွက်လာခဲ့ပြီး၊ ကြောက်မက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါသည် သူ၏ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ချီ-သွေးစွမ်းအင်များသည် မီးခိုးငွေ့များကဲ့သို့ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့သည်။
“ ဟမ်? “ ရှုကျိုး၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
၎င်းမှာ ပထမအဆင့်နယ်ပယ်၏ အရှိန်အဝါမဟုတ်ဘဲ ဒုတိယအဆင့်နယ်ပယ်၏ အရှိန်အဝါဖြစ်နေခဲ့သည်။
၎င်းသည် ဝမ်ချောင်ခုန်းက သူ၏တိုက်ခိုက်ရေးစွမ်းအားကို အသက်သွင်းလိုက်ပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
ဝမ်ချောင်ခုန်း၏ စွမ်းရည်သည် ကျန်းချွမ်၏ စွမ်းရည်နှင့် အနည်းငယ် တူညီနေခဲ့ပြီး၊ အသက်သွင်းလိုက်မည်ဆိုပါက နယ်ပယ်ကြီးတစ်ခုအထိ တိုးမြှင့်ပေးနိုင်လေသည်။
ဝမ်ချောင်ခုန်း၏ စွမ်းရည်သည် ကျန်းချွမ်၏စွမ်းရည်ထပ်ပင် ပို၍သာလွန်နေခဲ့ကာ၊ သူ့အား အလယ်အလတ်ဒုတိယအဆင့်အထိ ရောက်ရှိသွားစေခဲ့သည်။
သူ၏ယခုလက်ရှိ စွမ်းအား သာမန်ဒုတိယအဆင့် နှောင်းပိုင်းပညာရှင်တစ်ဦးနှင့်ပင် ရင်ဆိုင်နေနိုင်ပြီဖြစ်သည်။
ခုံတန်းရှိ ကျုံးချန်၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ ဒီကလေးက သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ချက်ချင်း အသက်သွင်းလိုက်တာပဲ !!! “
ထို့ကြောင့် ဝမ်ချောင်ခုန်း အနိုင်ရနိုင်သည့် အခွင့်အလမ်းသည် အနည်းဆုံးအနေဖြင့် ၅၀%အထိ ရှိလာခဲ့ပြီဖြစ်သည်။
ထပ်၊ ထပ် ထပ် !!!
ဝမ်ချောင်ခုန်း ခန္ဓာကိုယ်ထဲရှိ သွေးကြောမှတ် ၁၆၀လုံး လင်းလက်တောက်ပလာခဲ့သည်။
“ သတ် !!! “
သူသည် ကျယ်လောင်စွာ ကြုံးဝါး၍ လှံရှည်ကို ပစ်လွှတ်လာခဲ့သည်။
အံ့ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအင်များသည် ရှုကျိုး၏ မျက်နှာဆီသို့ တည့်တည့်ကြီး တိုးဝင်လာခဲ့သည်။
ရှုကျိုးသည် အေးဆေးတည်ငြိမ်နေစဲဖြစ်ပြီး၊ ချက်ချင်း လှုပ်ရှားလာတော့သည်။
တည်နေရာ ကူးပြောင်းခြင်းစွမ်းရည်နှင့် သူ၏ ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်း စတုတ္ထအဆင့် အထွတ်အထိပ်တို့ကို ပေါင်းစပ်လိုက်မည်ပါက၊ ရှုကျိုးသည် ပထမအဆင့်နယ်ပယ်တွင် ပြိုင်ဘက်တွေ့နိုင်တော့မည် မဟုတ်ပေ။
“ မင်းတစ်ယောက်တည်းကပဲ ခြေလှမ်းသိုင်းတတ်တယ်လို့ ထင်နေတာလား? “
လှောင်ပြောင်သံတစ်ခု ပျံ့လွင့်လာခဲ့ပြီး၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ဝမ်ချောင်ခုန်း၏ ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ဝှစ် !!!
တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေသော သူ၏ပုံရိပ်သည် ရှုကျိုးနောက်သို့ ချက်ချင်းလိုက်လာခဲ့ပြီး၊ လှံမှာလည်း နဂါးတစ်ကောင်ကဲ့သို့ ထိုးဖောက်လာခဲ့သည်။
ဝမ်ချောင်ခုန်းသည် ထိပ်တန်းအဆင့် ခြေလှမ်းသိုင်းနည်းစနစ်ကို ဒုတိယအဆင့်အထိ လေ့ကျင့်ထားခဲ့ပြီးပြီဖြစ်သည်။
ယခု၌ သူ၏တိုက်ခိုက်ရေး စွမ်းရည်၏ ထောက်ပံ့မှုကိုပါ ရထားသောကြောင့် သူ၏ အရှိန်သည် ရှုကျိုးနှင့် များစွာ ပြတ်ကျန်မနေခဲ့ပေ။
“ သေ !!! “
ဝမ်ချောင်ခုန်းမှ ကျယ်လောင်စွာ ကြုံးဝါးလာခဲ့သည်၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ လှံအလင်းသည် ရှုကျိုးကို ကြမ်းကြမ်းတမ်းတမ်း ထိမှန်လာခဲ့သည်။
“ ခွမ်း !!! “
ထိုအချိန်၌ ရှုကျိုး၏ ကျောဘက်တွင်ရှိနေသည့် ဆေဘာသည် ဓားအိမ်ထဲမှ ရုတ်တရက် ထွက်လာခဲ့သည်။
ဓားသည် အရှေ့ဘက်သို့ ခုတ်ပိုင်းလာခဲ့သည်၊ ချီ-သွေးစွမ်းအင်များ အရူးအမူး မြင့်တက်လာခဲ့ပြီး၊ ဖျော့တော့သော အဖြူရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကောင်းကင် ဖန်ဆင်းခြင်း !!!