← Chapters

အဆင့်ထိုးဖောက်ခြင်း !!! ဒုတိယအဆင့် !!!

Vol. 19 Ch. 277

အဆင့်ထိုးဖောက်ခြင်း !!! ဒုတိယအဆင့် !!!

Vol. 19 Ch. 277

“ မင်းဘာပြောလိုက်တာလဲ? “

ဝမ်ခိုင်သည် သူနားကြားမှားသွားသည်ဟုထင်သွားကာ ရယ်ရယ်မောမောဖြင့် လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ရှုကျိုး၊ ဝမ်ချောင်ခုန်းကို နိုင်သွားတာလောက်နဲ့ မင်းကိုယ်မင်း ဒုတိယအဆင့်မှာပါ ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား? “

ချန်းရှင်သည် ရှုကျိုး၏လက်ကို အမြန်ဆွဲကာ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ဂျူနီယာမောင်လေး၊ မဆင်မခြင်မလုပ်နဲ့၊ အရင်ပြန်ကြရအောင် “

“ အဆင်ပြေပါတယ်၊ ကျွန်‌တော်ကလည်း သူတို့ကို ရှာဖို့စီစဥ်ထားခဲ့တာလေ “ ရှုကျိုးမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည်။

ထိုလူများသည် ချန်းရှင်ကို ပြဿနာရှာချင်နေကြခြင်းဖြစ်ပြီး၊ သူကလည်း သူတို့ကို ရှာနေသည်ဆိုသည်ကို မည်သူမှ မသိကြပေ။

အစစ်အမှန် သိုင်းပညာဌာန၏ ပထမအဆင့်နယ်ပယ်မှာ လုံခြုံသွားခဲ့ပြီဖြစ်သည်၊ သို့သော် ဒုတိယအဆင့်နှင့် တတိယအဆင့်နယ်ပယ်များကမူ အန္တရာယ်များ ပတ်လည်ဝိုင်းနေလျက်ရှိသည်။

ဤပြိုင်ပွဲမှာ ပထမအဆင့်နယ်ပယ်တို့၏ တိုက်ပွဲများသပ်သပ်သာလျှင် မဟုတ်ပေ။ ဒုတိယအဆင့်နှင့် တတိယအဆင့်နယ်ပယ်တို့က ရှုံးနိမ့်သွားသည်နှင့်တစ်ပြိုင်နက် အစစ်အမှန် သိုင်းပညာဌာနပါ ဖျက်သိမ်းလိုက်ရမည် ဖြစ်သည်။

ထို့ကြောင့် ရှုကျိုးတွေးမိခဲ့သည့် အကောင်းဆုံးသော ဖြေရှင်းနည်းမှာ မနက်ဖြန် ပြိုင်ပွဲမတိုင်ခင် အချိန်တွင် ယန်တျန်ဒုံနှင့်အဖွဲ့ကို ဒဏ်ရာအပြင်းအထန် ရရှိသွားအောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။

သူတို့ကသာ မသန်စွမ်းဖြစ်သွားသည်နှင့်တစ်ပြိုင်နက် သူတို့သည် ချန်းရှင်နှင့် တစ်ခြားလူများကို အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။

သို့ရာ၌ ရှုကျိုးမထင်ထားခဲ့သည့် အရာမှာ သူလိုက်မရှာခင် အချိန်မှာပင် ဝမ်ခိုင်တို့လူတစ်စုသည် သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာခဲ့ခြင်းဖြစ်သည်။

ရှုကျိုးသည် ဝမ်ခိုင်ကို လှည့်ကြည့်ကာ ပြောလိုက်သည် “ ဘာလဲ၊ စီနီယာတို့က ပထမအဆင့်နယ်ပယ်က လူတစ်ယောက်ရဲ့ စိန်ခေါ်မှုကိုတောင် လက်မခံရဲဘူးလား? “

ဝမ်ခိုင်မှ လှောင်‌ပြောင်လာခဲ့သည် “ ငါက လက်မခံရဲတာ မဟုတ်ဘူး “

“ တကယ်လို့ ငါက မင်းကို ဆုတ်ဖြဲမိသွားရင် ကျောင်းအုပ်ကြီးက ငါ့ကို အပြစ်ပေးမှာကိုပဲ ကြောက်တာ “

“ ငါက မင်းကို ကိုယ့်သဘောဆန္ဒအရ စိန်ခေါ်တာ၊ ရလဒ်က ကျောင်းအုပ်ကြီးနဲ့ ဘာမှ မဆိုင်ဘူး “ ဟုရှုကျိုးမှ အာမခံလိုက်သည်။

၎င်းကို ကြားလိုက်ရသောအခါတွင် ဝမ်ခိုင်၏မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်။

အရိုးသားဆုံး ပြောရမည်ဆိုပါက ပထမအဆင့်နယ်ပယ်မှ လူတစ်ဦး၏ စိန်ခေါ်ခြင်းကို ခံခဲ့ရခြင်းသည် သူ့အား မပျော်မရွှင် ဖြစ်သွားစေခဲ့သည်၊ သို့သော် ရှုကျိုး၏ ယုံကြည်မှုသည် သူ့အား အနည်းငယ် သံသယဖြစ်သွားစေခဲ့သည်။

ဒီကောင်လေးက ဒုတိယအဆင့် အထွတ်အထိပ် ပညာရှင်တွေကိုပါ ကိုင်တွယ်နိုင်တာတော့ မဟုတ်ဘူးမလား?

သို့သော် ဝမ်ခိုင်သည် မကြာခင် အချိန်မှာပင် ထိုအတွေးကို ပယ်ချလိုက်သည်။

ဝမ်ချောင်ခုန်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလယ်အလတ် ဒုတိယအဆင့်ပညာရှင်နှင့်သာ ညီမျှသည်။

သူနှင့် သူ့လူများကမူ Sအဆင့် စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် ဒုတိယအဆင့် အထွတ်အထိပ် ပညာရှင်များဖြစ်သည်။

ဒုတိယအဆင့် အထွတ်အထိပ် ပညာရှင်များကြားမှာပင် ကွာဟချက်များ ရှိနေသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

သွေးကြောမှတ်များကို တစ်ကြိမ်ပေါင်းစပ်ခြင်းမှာ ဒုတိယအဆင့် အထွတ်အထိပ်ဖြစ်သည်၊ နှစ်ကြိမ်နှင့် သုံးကြိမ်တိတိ ပေါင်းစပ်ခြင်းမှာလည်း ဒုတိယအဆင့် အထွတ်အထိပ်ပင် ဖြစ်သည်။

သို့သော် ထိုလူများကြားရှိ တိုက်ခိုက်ရေးစွမ်းအားကမူ ချောက်နက်တစ်ခုကဲ့သို့ ကွာခြားနေမည်ဖြစ်သည်။

သုံးကြိမ်ခွဲတိတိ ပေါင်းစပ်ထားသည့် ဝမ်ခိုင်ကမူ သာမန် Sအဆင့်စွမ်းရည်ပိုင်ရှင် ဒုတိယအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး၏ တိုက်ခိုက်ရေး စွမ်းအားထပ် ဆယ်ဆသာလွန်နေမည် ဖြစ်သည်။

“ ကောင်းပြီလေ၊ မင်းရဲ့ စိန်ခေါ်မှုကို ငါလက်ခံတယ် “

တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် ဝမ်ခိုင်သည် ရက်စက်သော အပြုံးတစ်ခုကို ဖော်ထုတ်ကာ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ကောင်လေး၊ မင်းခွန်အားက ဘယ်လောက်ရှိလဲဆိုတာကို ငါ့ကို ပြစမ်းပါဦး၊ ငါ့ရဲ့ ပထမဦးဆုံး တိုက်ကွက်မှာတင် လဲကျမသွားစေနဲ့နော် “

ရှုကျိုးမှ အသာအယာ ပြုံးပြလိုက်ပြီး၊ ချန်းရှင်ကို လှည့်ကြည့်လာခဲ့သည် “ စီနီယာအစ်မ၊ နောက်ဆုတ်နေ “

“ ဂျူနီယာမောင်လေး …… “

စိုးရိမ်ပူပန်မှု အရိပ်အငွေ့များသည် ချန်းရှင်၏ မျက်လုံးများထဲတွင် ဖြစ်ပေါ်လာခဲ့သည်၊ သို့သော် အခြေအနေက ဤအထိ ရောက်လာခဲ့ပြီဖြစ်သောကြောင့် သူမသည် သူ့ကို ဖြောင်းဖြနိုင်တော့မည် မဟုတ်ပေ။

သူမသည် နာနာခံခံဖြင့် နောက်ဆုတ်သွားခဲ့ကာ စိတ်ထဲတွင် ရှုကျိုးကို တိတ်တဆိတ် အားပေးနေကာ အချိန်မရွေးဝင်ပါနိုင်ရန် အသင့်ပြင်ထားခဲ့သည်။

ရှုကျိုးသည် ဝမ်ခိုင်နှင့် တစ်ခြားလူများကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည် “ စလိုက်ကြတာပေါ့ “

သူ့စကား မဆုံးခင်အချိန်မှာပင် ဝမ်ခိုင်၏ အရှိန်အဝါ ပေါက်ထွက်လာခဲ့သည်။

အပေါ်ယံတွင် သူသည် ရှုကျိုးကို အထင်တသေး ဖြစ်နေပုံရသော်လည်း၊ သူ၏စိတ်ထဲတွင်မူ ဤကိစ္စကို အလေးအနက်ထားနေခဲ့သည်၊ ရှုကျိုးမှ ဝမ်ချောင်ခုန်းကို ချက်ချင်း အနိုင်ယူခဲ့ခြင်းသည် ဒုတိယအဆင့် နယ်ပယ်မှ အကောင်ကြီးများကိုပင် တုန်လှုပ်သွားစေခဲ့သည်။

ဝမ်ခိုင့် ခန္ဓာကိုယ်ထဲရှိ သွေးကြောမှတ် ၁၅ခု လင်းလက်လာခဲ့သည်၊ ၎င်းတို့မှာ သူပေါင်းစပ်ထားသည့် သွေးကြောမှတ်များကို ကိုယ်စားပြုနေလျက်ရှိသည်။

အဆိုပါ သွေးကြောမှတ်များသည် ပထမအဆင့်နယ်ပယ်၏ သွေးကြောမှတ်များနှင့် မတူဘဲ၊ ကလေးတစ်ဦး၏ လက်သီးဆုပ်အရွယ်မျှရှိကာ လင်းလက်တောက်ပနေခဲ့သည်။

ထိုအချိန်၌ သူ၏အရှိန်အဝါသည် နိုးထလာသည့် နဂါးတစ်ကောင်ကဲ့သို့ မြင့်မားနေခဲ့သည်။

အံ့ဖွယ်ကောင်းသည့် ဖိအားတစ်ခုသည် ရှုကျိုးကို ဖိချလာခဲ့သည်။

“ ဒုတိယအဆင့် အထွတ်အထိပ်ဆိုတာက ဒါလား? “

ရှုကျိုး၏ မျက်လုံးများ ကျဥ်းမြောင်းသွားကာ အေးအေးဆေးဆေး ပြောလိုက်သည် “ အဲ့လောက်လည်း မဟုတ်ပါဘူး “

ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်ထဲရှိ သွေးကြောမှတ် အခု၃၆၀လုံး တစ်ပြိုင်နက် လင်းလက်တောက်ပလာခဲ့သည်။

“ ဝုန်းးးး !!! “

နျူကလီးယား ဗုံးတစ်လုံးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်တစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ တုန်ခါမှု လှိုင်းလုံးများသည် နေရာအနှံ့ပျံ့နှံ့သွားခဲ့သည်။

၎င်းသည် ဝမ်ခိုင်၏ အရှိန်အဝါကိုပင် ချေဖျက်သွားခဲ့သည်။

“ ဘာကြီး !!! “

ဝမ်ခိုင်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

သွေးကြောမှတ် ဘယ်နှစ်ခုတောင်လဲ?

ငါအမြင်မှားသွားတာတော့ မဟုတ်ဘူးမလား?

…

ထိုအချိန်

အဆင့်မြင့် အစည်းအဝေးအခန်း တစ်ခုအတွင်း၌

ဝုချင်းရှန်သည် ကွေ့မူ၊ ချီဟောက်အပါအဝင် တစ်ခြားလူများနှင့်အတူ ပထမအဆင့်နယ်ပယ်ပြိုင်ပွဲ၏ ရလဒ်အကြောင်းကို ဆွေးနွေးပြောဆိုနေလျက်ရှိသည်။

“ ငါ့အမြင်မှာတော့ ပထမအဆင့်နယ်ပယ်ရဲ့ အမှတ်တွေကို လျှော့သင့်တယ်လို့ ငါထင်တယ် “

ချီဟောက်မှ ပြောလာခဲ့သည် “ ပထမအဆင့်နယ်ပယ်က ဌာနခုကြားက ကွာဟချက်ကို ပိုင်းခြားဖို့အတွက် စွမ်းအား မလုံလောက်ဘူး။ ဒုတိယအဆင့်နဲ့ တတိယအဆင့်နယ်ပယ်တွေကပဲ အစစ်အမှန် သိုင်းပညာဌာနနဲ့ နတ်သိုင်းဌာနကြားက ကွာဟချက်ကို ထင်ရှားစေမှာ “

“ အဲ့လိုတော့ ပြောလို့မရဘူးလေ “ ဝုချင်းရှန်မှ ချေပပြောဆိုလာခဲ့သည် “ ပထမအဆင့်က အုတ်မြစ်တစ်ခုပဲလေ၊ ဘယ်လိုလုပ် မခွဲခြားနိုင်ရမှာလဲ? “

လူနှစ်ဦး ငြင်းခုန်ပြောဆိုနေကြသည်။

ထိုအချိန်တွင် ပြင်းထန်သော လှိုင်းလုံးတစ်ခု ရောက်ရှိလာခဲ့ပြီး၊ အစည်းအဝေးအခန်း၏ ပြတင်းပေါက်များကိုပင် အနည်းငယ် လှုပ်ခါသွားစေခဲ့သည်။

“ ဟမ်? “

ဝုချင်းရှန်၏ မျက်ခုံးများ တွန့်ကွေးသွားတော့သည်၊ သူ၏ပုံရိပ်သည် ရုတ်တရက် ပျောက်ကွယ်သွားကာ လေပေါ်သို့ ရောက်ရှိသွားခဲ့သည်။

သူသည် နေရာတစ်နေရာကို ကြည့်ကာ မျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။

ဝှစ် !!!

ဝှစ် !!!

ကွေ့မူနှင့် ချီဟောက်တို့သည် ဇဝေဇဝါဖြစ်နေသော အမူအရာများဖြင့် သူ၏ဘေးဘက်တွင် ပေါ်လာခဲ့သည်။

“ ဒီချီ-သွေးစွမ်းအား အတက်အကျက …… အဲ့တာက ရှုကျိုးမလား? ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ? “

သူတို့သည် အဆိုပါ ချီ-သွေးစွမ်းအင် အတက်အကျက ပထမအဆင့်နယ်ပယ်ထပ် များစွာသာလွန်နေလျက်ရှိပြီး၊ ဒုတိယအဆင့် အထွတ်အထိပ်၏ အကန့်အသတ်များကိုပင် အနည်းငယ်ကျော်လွန်နေသည်ကို အာရုံခံမိသွားကြသည်။

“ အဲ့တာက ……. “

ရုတ်တရက်ဆိုသလိုပင် ဝုချင်းရှန်သည် တစ်စုံတစ်ခုကို မြင်တွေ့သွားခဲ့သည်၊ သူ၏ခန္ဓာကိုယ်သည် အပြင်းအထန် လှုပ်ခါသွားခဲ့သည်။

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ !!!! “

သူသည် အံ့ဩတကြီး အော်ပြောမိသွားခဲ့သည်။

ဝှစ် ဝှစ် !!!

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ပုံရိပ်အများအပြားသည် ကောင်းကင်ယံသို့ တက်လာခဲ့ကာ အဆိုပါ နေရာဆီသို့ ဦးတည်သွားတော့သည်။

…

ရှုကျိုး၏ ချီ-သွေးစွမ်းအားသည် မီးခိုးလှိုင်းကြီးတစ်ခုကဲ့သို့ ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။

သူသည် သူ၏ဓားကို ဆွဲထုတ်၍ လေပေါ်သို့ ခုန်တက်ကာ ဝမ်ခိုင်ထံသို့ ပြေးတက်လာခဲ့သည်။

ဓားရှည်သည် အလွန်တရာ အားကောင်းသော ချီ-သွေးစွမ်းအားကို သယ်ဆောင်ထားခဲ့သည်။

သွေးကြောမှတ် အခု၃၆၀လုံးသည် တစ်ပြိုင်နက် လည်ပတ်နေလျက်ရှိပြီး၊ သွေးကြောမှတ်တို့၏ လျှို့ဝှက်စွမ်းအားများကို အဆုံးမဲ့ ချီ-သွေးစွမ်းအင်များဖြင့် ပြောင်းလဲပေးကာ ၎င်းတို့အားလုံးသည် ဓားရှည်ထဲသို့ တိုးဝင်နေလျက်ရှိသည်။

“ ဒါက ငါ့ရဲ့ခွန်အားလား? တော်တော်ကြီးကို စွမ်းတာပဲ !!! “

ရှုကျိုးမှာလည်း သူ၏စွမ်းအားကို ပထမဦးဆုံးအကြိမ်အဖြစ် အကုန်အစင် ထုတ်သုံးဖူးခြင်းဖြစ်သည်။

ထိုအချိန်၌ သူသည် သူ့ခန္ဓာကိုယ်ထဲရှိ အဆုံးမဲ့စွမ်းအားများကို ခံစားမိကာ မျက်လုံးများ တောက်ပသွားခဲ့သည်။

သူသည် ဤမျှ လန်းဆန်းတက်ကြွနေခြင်းကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးပေ။

သွေးကြောမှတ် အခု၃၆၀လုံးသည် အရူးအမူး လည်ပတ်နေလျက်ရှိပြီး၊ အားကောင်းသော ချီ-သွေးစွမ်းအားတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝမ်ခိုင်ကို အလွယ်တကူ ဖိနှိပ်လိုက်သည်။

All Chapters