← Chapters

ပထမအဆင့်နယ်ပယ်၏ ချန်ပီယံ

Vol. 19 Ch. 274

ပထမအဆင့်နယ်ပယ်၏ ချန်ပီယံ

Vol. 19 Ch. 274

ကောင်းကင်ယံ၌ အာရုဏ်ဦးအလင်းတန်းကဲ့သို့သော အဖြူရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အဆိုပါ အဖြူရောင်အလင်းတန်းသည် ရုတ်တရက် ကြီးမားလာခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ဖွင့်လှစ်သည့် အလင်းတန်းကဲ့သို့ အသွင်ပြောင်းသွားကာ အောက်ဘက်သို့ ကျဆင်းလာခဲ့သည်။

ဆေဘာအလင်းတန်း ရောက်မလာခင်အချိန်တွင် ရင်ပြင်တစ်ခုလုံးသည် မိုးကြိုးအပစ်ခံရသကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားခဲ့သည်။

“ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းလား? “

“ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းရဲ့ ပဥ္စမအဆင့် !! “

စင်အောက်ရှိ လူတော်တော်များများသည် ၎င်းကို မှတ်မိနေခဲ့သည်။

အထူးသဖြင့် ရှားဟောက်ချန်းပင် ဖြစ်သည် “ ရှုကျိုးက ပဥ္စမအဆင့်ထိတောင် ရောက်သွားပြီလားဟ? “

သူသည် ရှားမိသားစု၏ အဆိုပါလျှို့ဝှက်နည်းစနစ်အား ဒုတိယအဆင့်အထိသာ တတ်မြောက်ထားခဲ့သည်၊ ရှေ့ဆက်တိုးတက်ခြင်းမှာ ကောင်းကင်ဘုံပေါ်ကို တက်လှမ်းရသကဲ့သို့ ခက်ခဲနေခဲ့သည်။

သို့သော် ရှုကျိုးကမူ တစ်နှစ်မပြည့်ခင် အချိန်မှာပင် ပဥ္စမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ပရိတ်သတ်ထဲရှိ အဠမအဆင့် ပညာရှင်တစ်ချို့၏ မျက်နှာများပေါ်မှာပင် တအံ့တဩဖြစ်သွားသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းအား အဆင့်ကိုးဆင့်ခွဲခြားထားသည်၊ စတုတ္ထအဆင့်အောက်တွင်မူ ၎င်းအား ထိပ်တန်းအဆင့် တိုက်ခိုက်ရေး နည်းစနစ်တစ်ခုအဖြစ် သတ်မှတ်၍ ရပေသည်။

ပထမအဆင့်သုံးခုသည် ပထမအဆင့်နယ်ပယ်အတွက် သင့်တော်နေခဲ့သည်၊ အလယ်သုံးဆင့်ကမူ ဒုတိယအဆင့်နယ်ပယ်အတွက် အသုံးတည့်နေခဲ့ပြီး၊ နောက်ဆုံးသုံးဆင့်ကမူ တတိယအဆင့်နယ်ပယ်အတွက် ဖြစ်သည်။

၎င်းမှာ ရှားမိသားစု၏ ဘိုးဘေးကြီးမှ သတ်မှတ်ထားသော စံနှုန်းဖြစ်သည်၊ အမှန်တိုင်းပြောရမည်ဆိုပါက အဆိုပါ သိုင်းပညာ၏ ခက်ခဲမှုကြောင့် တတိယအဆင့် ပညာရှင်များကပင် ပဥ္စမအဆင့်သို့ ရောက်သည်အထိ မလေ့ကျင့်နိုင်ခဲ့ပေ။

ရှုကျိုးကမူ ပထမအဆင့်နယ်ပယ်တွင်သာ ရှိနေခဲ့သော်လည်း ပဥ္စမအဆင့်အထိ ကျွမ်းကျင်တတ်မြောက်ထားခဲ့ပြီဖြစ်သည်။

ကွေ့မူ၏ မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည် “ ဒီစွမ်းအားက၊ တစ်ခုခုမှားနေပြီ !!! “

ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ ပဥ္စမအဆင့်ဆိုလျှင်တောင်မှ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည် မဟုတ်ပေ၊ ဆေဘာအလင်းတန်း ကျရောက်မလာခင် အချိန်မှာပင် ရင်ပြင်တစ်ခုလုံး လှုပ်ခါနေခဲ့သည်။

အရေးအကြီးအရာမှာ ရှုကျိုးသည် မည်သည့်သွေးကြောမှတ်ကိုမှ အသက်မသွင်းရသေးခြင်းပင် ဖြစ်သည်။

ဒီအရှိန်အဝါက သူ့ရဲ့ တကယ့်စွမ်းအား မဟုတ်လောက်ဘူး။

…

စင်မြင့်ထက်၌

ဆေဘာအလင်းတန်းသည် လှံအလင်းတန်းနှင့် တိုက်မိသွားခဲ့သည်။

“ ဝုန်းးးး !!! “

ထိတွေ့မှုကြောင့် ချီ-သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့ပြီး၊ ရင်ပြင်တစ်ခုလုံးကို ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားစေခဲ့သည်။

ဝမ်ချောင်ခုန်း၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားတော့သည်၊ အဖြူရောင် အလင်းတန်းကို မြင်လိုက်ရသည့်အချိန်တွင် သူသည် တစ်စုံတစ်ခု မှားနေပြီဟု ခံစားခဲ့ရကာ ဦးရေပြားပင် ထုံကျင်သွားခဲ့သည်။

အဖြူရောင် အလင်းတန်းက နှင်းဖြူရောင် ဆေဘာအလင်းတန်းအဖြစ် ပြောင်းလဲသွားခဲ့သည့် အချိန်တွင် သူ၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

“ မင်းရဲ့ ချီ-သွေးက …….. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ !!! “

သူသည် အံ့ဩတကြီးဖြင့် အော်ပြောမိသွားခဲ့သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် အားကောင်းပြင်းထန်သော ဆေဘာအရှိန်အဝါတစ်ခု ဆင်းသက်လာခဲ့ပြီး၊ သူ့အား နောက်သို့ လွင့်ထွက်သွားစေသာကြောင့် သူသည် စင်မြင့်၏ အစွန်းဘက်အထိပင် ရောက်ရှိသွားခဲ့သည်။

“ ခရက် “

ကြောက်မက်ဖွယ်ကောင်းသည့် ဆေဘာအရှိန်အဝါကြောင့် သူ၏ ရွှေရောင် ချပ်ဝတ်တန်ဆာသည် ချက်ချင်း ကွဲအက်ပျက်စီးသွားခဲ့သည်။

“ ဖူး ~~~ “

သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားကာ သွေးတစ်လုပ် အန်လိုက်ရသည်။

သို့သော် ဝမ်ချောင်ခုန်းသည် ၎င်းကို လျစ်လျူရှုထားပြီး၊ အံ့ဩတကြီး ဖြစ်နေသော မျက်လုံးများဖြင့် ရှုကျိုးကိုသာ စိုက်ကြည့်နေခဲ့သည်။

ရှုကျိုး၏ ချီ-သွေးစွမ်းအားသည် သူ့ထပ်အဆပေါင်းများစွာပိုအားကောင်းနေခဲ့သည်။

အရေးအကြီးဆုံးအရာမှာ ရှုကျိုးက သွေးကြောမှတ်တို့၏ လျှို့ဝှက်စွမ်းအားကို လုံးဝအသုံးမပြုထားခြင်းပင် ဖြစ်သည်။

သူသည် သူ၏တိုက်ခိုက်ရေးစွမ်းအားကို အသက်သွင်းထားကာ အလယ်အလတ် ဒုတိယအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်၊ သို့သော် သူ၏ချီ-သွေးစွမ်းအားသည် ရှုကျိုး၏ချီ-သွေးစွမ်းအားကို မယှဥ်နိုင်သေးပေ။ ထို့အပြင် ရှုကျိုးသည် စွမ်းအားကို အပြည့်အဝ အသုံးပြုထားပုံမပေါ်ချေ။

ရှုကျိုး၏၏ အမူအရာကမူ အေးဆေးတည်ငြိမ်နေစဲပင်ဖြစ်သည်၊ လွန်ခဲ့သော နှစ်လအတွင်းတွင် သူ၏နယ်ပယ်သာ တိုးတက်လာခဲ့ခြင်း မဟုတ်ဘဲ၊ သူ၏ဆေဘာနည်းစနစ်ကပါ စတုတ္ထအဆင့်ကို ကျော်လွန်ကာ ပဥ္စမအဆင့်အထိ ရောက်ရှိသွားခဲ့သည်။

ယခုလက်ရှိ သူ၏စွမ်းအားနှင့်သာဆိုပါက သူသည် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ စွမ်းအားတစ်ခုတည်းဖြင့်ပင် နှောင်းပိုင်း ဒုတိယအဆင့်ပညာရှင်များကိုပင် ယှဥ်တိုက်နိုင်မည် ဖြစ်သည်။

“ ရှုကျိုး၊ ငါမင်းကို ဖိနှိပ်မယ် “

ဝမ်ချောင်ခုန်းသည် မြေပြင်ပေါ်မှ ထရပ်လာခဲ့သည်၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ချီ-သွေးစွမ်းအားသည် ရုတ်တရက် မြင့်တက်လာခဲ့သည်။

“ ရွှေနဂါးလှံ !!! “

တိုးညှင်းစွာ ရွတ်ဆိုသံတစ်ခုနှင့်အတူ ဝမ်ချောင်ခုန်းလက်ထဲရှိ လှံရှည်သည် ရုတ်တရက် တုန်ခါလာခဲ့သည်၊ ဖျော့တော့သော ရွှေရောင်အလင်းတန်းတစ်ခုသည် လှံရှည်ကို ဖုံးလွှမ်းလာခဲ့ပြီး၊ ကြောက်မက်ဖွယ်လှိုင်းလုံးများကို ပျံ့လွင့်သွားစေခဲ့သည်။

အဆိုပါ လှိုင်းလုံးများသည် ပရိတ်သတ်တစ်အုပ်လုံး၏ အမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။

“ ဝမ်ချောင်ခုန်းရဲ့ ပွဲသိမ်းတိုက်ကွက်၊ ရွှေနဂါးလှံ “

“ ဒီလိုချီ-သွေးစွမ်းအင်လှိုင်းမျိုးက နှောင်းပိုင်း ဒုတိယအဆင့်ကိုတောင် ရောက်နေလောက်တယ်မလား? “

ကျောင်းသူကျောင်းသားတော်တော်များများ၏ အမူအရာများ ပြောင်းလဲသွားတော့သည်၊ ကျောက်ဟုန်ရင်နှင့် ယဲ့ချင်ချင်တို့၏ အမူအရာများသည် ပို၍ပင် ပြောင်းလဲသွားခဲ့သည် “ ခေါင်းဆောင် သတိထား !!! “

“ သေ !!!!! “

ကျယ်လောင်သော ကြုံးဝါးသံနှင့်အတူ ဝမ်ချောင်ခုန်းသည် သူ၏လှံဖြင့် အင်ပြည့်အားပြည့် ထိုးသွင်းလာခဲ့သည်။

လှံအလင်းတန်းသည် မိုးကြိုးတစ်ခုကဲ့သို့ လေဟာနယ်ကိုပင် ခုတ်ပိုင်းသွားခဲ့သည်၊ ၎င်းဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်လုံးတွင် လေထုသည် ကြမ်းကြမ်းတမ်းတမ်း ခါယမ်းသွားခဲ့ပြီး၊ တဝီဝီအော်မြည်သံများပင် ထွက်ပေါ်သွားခဲ့ရသည်။

အဆိုပါလှံရှည်သည် ရှုကျိုး၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ် တိုးဝင်လာခဲ့သည်။

ရှုကျိုး၏ မျက်နှာပေါ်တွင် အံ့ဩသွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်၊ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းကို ခံခဲ့ရပြီးတဲ့အချိန်မှာတောင် ဒီကောင်က ဆက်တိုက်နေနိုင်သေးတယ်ပေါ့?

သူသည် ပြိုင်ဘက်ဖြစ်သူက နောက်ဆုံးသောစွမ်းအင်များကို သုံးစွဲကာ သူ့အား အတူတကွ ပျက်စီးသွားစေရန် ကြံရွယ်နေကြောင်း မြင်နေနိုင်ခဲ့သည်။

“ သနားစရာပဲ ……. “

ရှုကျိုးသည် ခေါင်းတခါခါ ဖြစ်သွားတော့လေသည်၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ခရမ်းရောင်အလင်းတန်းတစ်ခုသည် သူ၏မျက်လုံးများထဲမှ ပြေးထွက်လာခဲ့သည်။

၎င်းသည် ချန်းရှင်မှ သူ့ကိုပေးထားခဲ့သည့် စိတ်ဝိညာဥ်တိုက်ခိုက်မှု နည်းစနစ်ဖြစ်သည်၊ သူသည် ၎င်းကိုလည်း ကျွမ်းကျင်နေပြီဖြစ်သည်။

“ ဇွီ !! “

ခရမ်းရောင်အလင်းတန်းသည် ရုတ်တရက် တောက်ပလာခဲ့ပြီး၊ ကျယ်လောင်သော အသံတစ်သံနှင့်အတူ ဝမ်ချောင်ခုန်း၏ စိတ်ကို ဖြိုခွင်းနေတော့သည်။

ချက်ချင်းဆိုသလိုပင် စိတ်ရှုပ်ထွေးသွားသည့် အကြည့်တစ်ခုသည် ဝမ်ချောင်ခုန်း၏ မျက်နှာပေါ်တွင် ဖြစ်တည်လာခဲ့ပြီး၊ လက်ထဲမှ လှံရှည်မှာလည်း ဦးတည်ချက် ပျောက်ဆုံးသွားရတော့သည်။

“ ပြီးသွားပြီ “

ခြေတစ်လှမ်းနှင့်အတူ ရှုကျိုး၏ ပုံရိပ် လှုပ်ခတ်သွားခဲ့ပြီး၊ သူ၏ဆေဘာရှည်ဖြင့် ခုတ်ပိုင်းလာခဲ့သည်။

စိတ်ကြည်လင်သွားသည့် အမူအရာတစ်ခုသည် ဝမ်ချောင်ခုန်း၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာခဲ့သည်၊ ရှုကျိုးမှ သူ့အား ခုတ်ပိုင်းလာသည်ကို မြင်လိုက်ရသောအခါတွင် သူ၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး၊ လှံရှည်ကို မြှောက်ကာ ၎င်းကို ပိတ်ဆို့တားဆီးလိုက်သည်။

ဝုန်းးးး !!!!

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ဝမ်ချောင်ခုန်းသည် ဒူးတစ်ဖက် ထောက်သွားခဲ့ရသည်။

“ မဖြစ်နိုင်ဘူး ……. “

ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအားကို ခံစားလိုက်ရသောအခါတွင် ဝမ်ချောင်ခုန်း၏မျက်လုံးများ ကြီးမားလာခဲ့ပြီး အပြည့်အဝ သတိပြန်ဝင်လာခဲ့သည်၊ ထို့နောက်တွင် အထိတ်တလန့်ဖြစ်သွားခဲ့သည်။

သူသည် သူ၏စိတ်က မည်သည့်အတွက်ကြောင့် ဝေဝေဝါးဝါး ဖြစ်သွားလဲဆိုသည်ကိုပင် မတွေးတောနိုင်ခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် လှံမှတစ်ဆင့်ခံစားလိုက်ရသည့် စွမ်းအားက လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေသောကြောင့် ဖြစ်သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှ အကြာတွင် ရှုကျိုးမှ ထပ်မံ၍ ခုတ်ပိုင်းလာခဲ့သည်။

“ ဝုန်းးးးး !!!! “

ဝမ်ချောင်ခုန်း၏ ခြေထောက်များသည် အပြည့်အဝ ဒူးထောက်ကျသွားခဲ့ကာ၊ လက်မောင်းများ စုတ်ပြဲ၍ သွေးများပင် စီးကျလာခဲ့ပြီဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ချီ-သွေးစွမ်းအားသည် တောင်ကြီးတစ်တောင်ကဲ့သို့ ဖိချလာခဲ့ပြီး၊ ကြမ်းကြမ်းတမ်းတမ်း ထုရိုက်နေသကဲ့သို့ အဆီ၊ ကြွက်သားနှင့် အရွတ်များကို ပွင့်ထွက်သွားစေခဲ့ကာ အဖြူရောင် အရိုးလက်မောင်းနှစ်ခုအဖြစ်သာ ချန်ရစ်ထားခဲ့သည်။

“ ဆွစ် !!! “

ပထမအဆင့် နယ်ပယ်ကို ကျော်လွန်နေသည့် အစွမ်းထက် ချီ-သွေးစွမ်းအင်များ သယ်ဆောင်ထားသည့် ရိုးရှင်းသော ဓားချက်တစ်ချက်သည် ဝမ်ချောင်ခုန်း၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။

ထို့နောက်တွင် ရှုကျိုးသည် ကန်ချက်တစ်ချက်နှင့်အတူ ဝမ်ချောင်ခုန်းအား စင်မြင့်အောက်သို့ ဆင်းသက်သွားစေလိုက်သည်။

သူ၏ခန္ဓာကိုယ်သည် အကြိမ်အနည်းငယ်ခန့် လှုပ်ခတ်သွားခဲ့သော်လည်း၊ လုံးဝမတ်တပ်မရပ်နိုင်တော့ပေ။

ဝမ်ချောင်ခုန်းသည် အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။

…

လူတိုင်းမှင်သက်သွားတော့သည်။

ဝမ်ချောင်ခုန်းက ဒီလိုမျိုး ရှုံးသွားပြီလား???

All Chapters