အဆင့်ထိုးဖောက်ခြင်း !!! ဒုတိယအဆင့် !!! ၃
Vol. 19 Ch. 279
နဝမအဆင့်ပညာရှင်တစ်ဦးဆီမှ မူလစွမ်းအင်သည် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးနေခဲ့ပြီး၊ ငွေသားဘီလီယံပေါင်းများစွာဖြင့်ပင် ၎င်းကို ဝယ်ယူနိုင်လိမ့်မည် မဟုတ်ပေ၊ သို့သော်ယခု၌ ဒုတိယအဆင့် ပညာရှင်တစ်ဦးအတွက် ၎င်းတို့ကို သုံးစွဲနေခဲ့သည်။
ထိုအချိန်တွင် ချန်းရှန်၏ စိတ်ဝိညာဥ်သည် ပြန်လည်ရှင်သန်ထမြောက်လာခဲ့ပြီး၊ သူမခန္ဓာကိုယ်အတွင်းရှိ စွမ်းအားမှာလည်း မျက်စိတစ်မှိတ်အတွင်းမှာပင် အမြင့်တစ်နေရာတစ်ခုအထိ ရောက်ရှိလာခဲ့သည်။
သူမ၏မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာတစ်ခုဖြစ်တည်လာခဲ့သည်၊ သူမ၏ဒဏ်ရာများက အပြည့်အဝ သက်သာပျောက်ကင်းသွားရုံတင်မဟုတ်ဘဲ သူမ၏နယ်ပယ်ကပါ သိသိသာသာ တိုးတက်လာခဲ့သည်။
ကွေ့မူမှ သူ၏လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်ရာ အဆိုပါ အစိမ်းရောင်အလင်းတန်းများ ချက်ချင်း ပျောက်ကွယ်သွားပြီး၊ သူ၏မျက်နှာပေါ်တွင် ဖြူဖျော့သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ချန်းရှင်သည် သူမ၏ကျေးဇူးတင်စိတ်ကို လျင်မြန်စွာ ပြသလိုက်သည် “ ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ “
သူမသည် အကြီးအကဲကွေ့က ဤအရာအတွက် ကြီးမားသော တန်ကြေးတစ်ခု ပေးချခဲ့ရကြောင်းကို သတိပြုမိနေခဲ့သည်။
ကွေ့မူမှ လက်ဝေ့ယမ်းပြလာခဲ့ကာ ရှုကျိုးကို ကြည့်လာတော့သည် “ ငါသူမကို ကုပေးလိုက်ပြီ၊ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ကြတာပေါ့၊ သဘောတူလား? “
“ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ “ ရှုကျိုးမှ လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။
“ အင်း “ ကွေ့မူမှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့၏၊ သူသည် မြေပြင်ပေါ်ရှိ ဒဏ်ရာအပြင်းအထန် ရရှိထားသော ဝမ်ခိုင်ကို လုံးဝလျစ်လျူရှုထားခဲ့သည်။
ဝမ်ခိုင်၏ ဒဏ်ရာများသည် သူ့ဆေးသူပြန်မိခြင်းသာ ဖြစ်သည့်အတွက် ကွေ့မူသည် မူလစွမ်းအင်များကို သူ့အတွက် သုံးစွဲပေးမည် မဟုတ်ပေ။
ရှုကျိုး သံသယဖြစ်နေခဲ့သည့်အတိုင်းပင် အဆိုပါ လှုပ်ရှားမှုသည် သူ့အတွက် ကောင်းပြပေးခြင်းဖြစ်သည်။
ကွေ့မူသည် ရှုကျိုးကို ကြည့်ကာ ပြုံးပြလာခဲ့သည် “ ရှုကျိုး၊ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ……. သွေးကြောမှတ် အခု၃၆၀ရှိနေတာလား? “
၎င်းကို ကြားလိုက်ရသောအခါတွင် ဝုချင်းရှန်နှင့် ချီဟောက်တို့မှာလည်း ရှုကျိုးကို လှည့်ကြည့်လာကြသည်။
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ဟုတ်ပါတယ် “
“ အစစ်အမှန် သိုင်းပညာဌာနဆီကနေ ငါကြားထားတာကတော့ သွေးကြောမှတ် အလုံအလောက် ဖွင့်နိုင်ခဲ့မယ်ဆိုရင် ဒဏ္ဍာရီလာ သွေးကြောမှတ်လည်ပတ်မှုကို ဖွင့်နိုင်တယ်တဲ့ “
ကွေ့မူသည် ရှုကျိုးကို အာရုံစူးစိုက်၍ ကြည့်လာခဲ့သည် “ သူငယ်ချင်းလေး၊ မင်းက သွေးကြာမှတ် လည်ပတ်မှုကို ဖွင့်ပြီးသွားပြီလား? “
ရှုကျိုးသည် ဖုံးကွယ်မထားခဲ့ဘဲ ခေါင်းငြိမ့်ပြလိုက်သည် “ ကျွန်တော်က အဲ့တာတွေကို ဖွင့်ထားပါတယ်၊ ထူးခြားတဲ့ စွမ်းရည်တွေအတွက်ကတော့ မနက်ဖြန်ပြိုင်ပွဲမှာ တွေ့ရပါလိမ့်မယ် “
“ မနက်ဖြန် ပြိုင်ပွဲလား? “ ကွေ့မူသည် အနည်းငယ် အံ့ဩသွားတော့သည်။
မနက်ဖြန်ပြိုင်ပွဲက ဒုတိယအဆင့်တွေအတွက်လေ၊ ရှုကျိုးနဲ့ ဘာဆိုင်လို့လဲ?
ရှုကျိုးမှ ပြန်ပြောလာခဲ့သည် “ ကျွန်တော်က ဒုတိယအဆင့်နယ်ပယ် ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လျှောက်လွှာတင်မှာလေ “
အဆိုပါ စကားလုံးကို ကြားလိုက်ရသောအခါတွင် ကွေ့မူနှင့် တစ်ခြားလူများ အံ့အားသင့်သွားကြသည်။
အကယ် ကြောက်မက်ဖွယ်ကောင်းသည့် ရှုကျိုးကသာ ဒုတိယအဆင့်နယ်ပယ်ပြိုင်ပွဲထဲကို ရောက်လာခဲ့မည်ဆိုပါက၊ နတ်သိုင်းဌာနဘက်မှ ရေစက်ချလို့ရပြီဖြစ်သည်။
ချီဟောက်မှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ဒုတိယအဆင့်နယ်ပယ် ပြိုင်ပွဲအတွက် စည်းမျဥ်းစည်းကမ်းအရ ဒုတိယအဆင့်ကို ရောက်နေတဲ့လူတွေပဲ ဝင်ပြိုင်လို့ရတယ်။ မင်းက အဆင့်မှီဖို့အတွက် ဒုတိယအဆင့်ကို ရောက်နေဖို့ လိုအပ်တယ် “
“ ပြဿနာမရှိပါဘူး “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ အိမ်ပြန်ပြီးတော့ ညကျရင် အဆင့်တက်လိုက်မယ်လေ “
ဝုချင်းရှန်နှင့် တစ်ခြားလူများသည် အကြည့်များ ဖလှယ်မိသွားကြတော့သည်၊ ဒီကလေးက ဒုတိယအဆင့်နယ်ပယ်ပြိုင်ပွဲကို တကယ်ကြီးဝင်ပြိုင်ချင်နေတာလားဟ?
သို့ရာ၌ အကယ်၍ သူကသာ အမှန်တကယ် အဆင့်တက်နိုင်မည်ဆိုပါက သူသည် ဒုတိယအဆင့်နယ်ပယ် ပြိုင်ပွဲတွင် ယာယီအားဖြင့် အမှန်တကယ် ပါဝင်ယှဥ်ပြိုင်နိုင်လိမ့်မည် ဖြစ်သည်။
“ ကောင်းပြီလေ၊ တကယ်လို့ မင်းက ဒီနေ့မှာ အဆင့်တက်သွားမယ်ဆိုရင်၊ မနက်ကျရင် ဝင်ပြိုင်လို့ရတယ် “
ဝုချင်းရှန်မှ စကားဝင်ပြောလာခဲ့သည် “ ဒါပင်မဲ့ ဒုတိယအဆင့်ကို တက်ရတာက ရိုးရှင်းတဲ့ ကိစ္စလေးတစ်ခု မဟုတ်ဘူးနော်၊ ရက်ပေါင်းများစွာ အချိန်ယူပြီးတော့ တံခါးပိတ်ကျင့်ကြံရနိုင်တယ် “
သူသည် အဓိပ္ပါယ်တစ်မျိုး ပါဝင်နေသည့် အကြည့်ဖြင့် ရှုကျိုးကို ကြည့်လိုက်သည်။
အမှန်တိုင်းပြောရမည်ဆိုပါက အကယ်၍ ရှုကျိုးကသာ ဒုတိယအဆင့်နယ်ပယ်တို့၏ ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်မည်ဆိုပါက သွေးကြောမှတ် လည်ပတ်မှုဟု ခေါ်ဆိုနေကြသည့် အရာက မည်ကဲ့သို့သော စွမ်းရည်များကို ပြသလာမလဲဆိုသည်ကို သူသည်လည်း အလွန်မြင်တွေ့ချင်နေမိသည်။
သူ့ဘေးနားရှိ ကွေ့မူသည် ရှုကျိုးကို နက်နက်နဲနဲ ကြည့်ရှုနေခဲ့သည်၊ သူသည် ရှုကျိုးထံတွင် သားရည်အမျိုးအစား စွမ်းရည်ရှိသည်ကို သိနေခဲ့သည်။
လူသားတို့၏ သမိုင်းကြောင်း၌ မည်သည့်သားရဲအမျိုးအစား စွမ်းရည်ကမှ ဒုတိယအဆင့်သို့ မတက်လှမ်းနိုင်ခဲ့ကြပေ။
သားရဲစွမ်းရည် နိုးထခဲ့သူအားလုံးသည် ပထမအဆင့်နယ်ပယ်တွင်သာ တစ်သက်လုံး ပိတ်မိနေခဲ့ကြသည်။
ရှုကျိုးက ချွင်းချက်တစ်ခု ဖြစ်လာမှာလား?
…
မကြာခင်မှာပင် ပညာရှင်သုံးဦးသည် အလောတကြီး ထွက်ခွာသွားကြသည်။
ဝမ်ခိုင်၏ အသင်းဖော်များမှာလည်း ကြာကြာဆက်မနေရဲကြတော့ဘဲ ဝမ်ခိုင်ကို သယ်ဆောင်၍ စိတ်ပျက်လက်ပျက်ဖြစ်နေသော အမူအရာများဖြင့် ထွက်သွားရုံသာ လုပ်နိုင်ကြသည်။
သူတို့ထွက်သွားသည့်နောက်တွင် ရှုကျိုးသည် ချန်းရှင်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။
ချန်းရှင်သည် သူ့ကို ကြည့်ကာ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ နင်က ဒုတိယအဆင့်နယ်ပယ်ပြိုင်ပွဲမှာ တကယ်ကြီး ဝင်ပြိုင်မလို့လား? “
သူမ၏ ဖြူဝင်းသော ဘဲဥပုံသဏ္ဍာန် မျက်နှာလေးသည် သတိလွတ်နေသကဲ့သို့ အနည်းငယ် မိန်းမောနေလျက်ရှိသည်။
ဤဂျူနီယာမောင်လေးသည် လပိုင်းအတွင်းမှာပင် လွန်စွာအစွမ်းထက်လာခဲ့လေသည်။
“ ဒါပေါ့ “ ရှုကျိုးသည် ခေါင်းငြိမ့်ပြကာ နွေးနွေးထွေးထွေး ပြုံးပြလိုက်သည် “ အချိန်ကျလာရင် ကျွန်တော်က ယန်တျန်ဒုံကို တာဝန်ယူမယ်၊ ဘယ်သူကမှ နင့်ကို မနာကျင်စေရဘူး “
ချန်းရှင်သည် ဘာပြောရမှန်းမသိတော့ဘဲ မျက်ဝန်းများ အနည်းငယ် စိုစွတ်သွားရတော့သည်။
ထိုအချိန်၌ ရုတ်တရက်ဆိုသလိုပင် သူမသည် ဤကမ္ဘာကြီးထဲတွင် ဤဂျူနီယာမောင်လေးတစ်ဦးတည်းသာ ရှိနေသကဲ့သို့ နက်နက်ရှိုင်းရှိုင်း ခံစားသွားခဲ့ရသည်။
ဆွစ်ရှ် !!!
ချန်းရှင်သည် ရှေ့သို့တက်လာခဲ့ပြီး၊ ရှုကျိုးကို တင်းတင်းကြပ်ကြပ် ဖက်လာတော့၏။
“ ဂျူနီယာမောင်လေး၊ ကျေးဇူးတင်ပါတယ် …… “ ချန်းရှင်သည် တိုးညှင်းစွာ ငိုရှိုက်နေတော့သည်။
ရင်ဘတ်ထဲရှိ နူးညံ့ပျော့ပျောင်းသော ခန္ဓာကိုယ်လေးတစ်ခုနှင့် သင်းပျံ့သော မွှေးရနံ့လေးတစ်ခုတို့ကို ခံစားလိုက်ရသောအခါ၌ ရှုကျိုးသည် တစ်ခဏခန့် မှင်သက်သွားခဲ့ပြီးမှ ကူရာကယ်ရာမဲ့စွာဖြင့် ပြုံးကာ သူ၏ခန္ဓာကိုယ်ကို ဖြေလျော့လိုက်ပြီး ချန်းရှင်၏ကျောလေးကို ညင်သာစွာ ပုတ်ပေးနေတော့သည်။
“ စီနီယာအစ်မ၊ အခုဆိုရင် အဆင်ပြေသွားပြီနော် ……… “
…
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ ရှုကျိုး သူ၏စံအိမ်ထံသို့ ပြန်ရောက်လာခဲ့သည်။
သူသည် သူနှင့် ချန်းရှင်တို့ကြားရှိ ဆက်ဆံရေးက နက်ရှိုင်းနေပြီဆိုသည်ကို နားလည်သွားခဲ့သည်၊ စီနီယာအစ်မသည် သူထင်ထားသလောက် တစ်သီးတစ်သန့်ဆန်မနေခဲ့ပေ၊ အနည်းဆုံးအနေဖြင့် သူနှင့် စကားပြောသည့်အချိန်တွင် ထိုကဲ့သို့ ဖြစ်မနေခဲ့ချေ။
ချန်းရှင်သည် ကလေးဘဝကတည်းက တစ်ကိုယ်တည်း ကြီးပျင်းလာခဲ့ရသောကြောင့်၊ သူမ၏ ဘာသိဘာသာနေတတ်မှုသည် သူမကိုယ်သူမ ကာကွယ်နေသည့် နည်းလမ်းတစ်ခုဖြစ်သည်။
သိပ်မကြာခင်မှာပင် ရှုကျိုးသည် တွေးတောနေခြင်းကို ရပ်တန့်လိုက်သည်။
“ ဒုတိယအဆင့်နယ်ပယ် ………. “ သူသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ တင်ပျဥ်ခွေထိုင်လိုက်သည်။
ယနေ့တွင် သူသည် သူ့စွမ်းအား၏ အလားအလာကို အပြည့်အဝ မြင်တွေ့ခဲ့ရသည်။
ဒုတိယအဆင့် အထွတ်အထိပ် ပညာရှင်များကပင် သူ့ကို မယှဥ်နိုင်တော့ပေ။
အရေးအကြီးဆုံး အရာမှာ ရှုကျိုးက ဝမ်ခိုင်ကို အနိုင်ယူခဲ့သည့် အချိန်တွင် သွေးကြောမှတ်တို့၏ လျှို့ဝှက်စွမ်းအားကို လုံးဝအသုံးမပြုခဲ့ခြင်းပင် ဖြစ်သည်။
အကယ်၍ သူကသာ ၎င်းကို အသက်သွင်းလိုက်မည်ဆိုပါက၊ သူ၏စွမ်းအားက မည်ကဲ့သို့သော အဆင့်မျိုးအထိ ရောက်ရှိသွားမလဲဆိုသည်ကို မည်သူမှ မသိကြပေ။
ရှုကျိုးသည် သူ၏ခွန်အားနှင့် ပတ်သက်၍ အတော်လေး စိတ်ကျေနပ်နေတော့သည်။
“ ဒုတိယအဆင့်နယ်ပယ်က ဘယ်လိုမျိုးလဲဆိုတာကို ငါသိချင်မိတယ် “ ရှုကျိုး၏ မျက်လုံးများထဲတွင် မျှော်လင့်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ငါက ဒုတိယအဆင့်ကို ထိုးဖောက်နိုင်တာနဲ့၊ ဒုတိယအဆင့် အထွတ်အထိပ်ကို တန်းရောက်သွားမှာလား? “
ရှုကျိုးမှ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်လိုက်ရာ၊ မှိန်ဖျော့ဖျော့ တောက်ပနေသည့် တာအိုပန်းပွင့်ဆယ့်နှစ်ခုက ကြည်လင်သော ကြာပန်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်ကို မြင်တွေ့သွားခဲ့သည်။
ယင်ယန်ငါးနှစ်ကောင်က လှုပ်ရှားလွန့်လူးလာသည်နှင့်အမျှ ကြာပန်းသည် အနည်းငယ် လှုပ်ခါလာခဲ့ပြီး၊ ပွင့်ဖတ် ဆယ့်နှစ်ခုမှာလည်း ပွင့်လိုက်ပိတ်လိုက်ဖြစ်နေကာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတော့မည့် လက္ခဏာရပ်များ ပြသလာခဲ့သည်။
“ စကြတာပေါ့ကွာ “
ရှုကျိုးသည် မျက်လုံးများကို မှိတ်ကာ ဒုတိယအဆင့်သို့ စတင်၍ ထိုးဖောက်နေတော့သည်။
ဇွီ !!!
ထူးဆန်းသော လှိုင်းဂယက်တစ်ခုသည် သူ၏ခန္ဓာကိုယ်အတွင်းပိုင်းတွင် ဖြစ်ပေါ်လာခဲ့သည်။
ရှုကျိုး၏ မျက်လုံးများသည် တင်းတင်းကြပ်ကြပ် ပိတ်နှောင်ထားလျက်ရှိပြီး၊ သူ၏ အရှိန်အဝါမှာလည်း ကြမ်းတမ်းသော ရေစီးကြောင်းတစ်ခုကဲ့သို့ မြင့်တက်လာခဲ့သည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးကြောမှတ်များသည် တစ်ခုပြီးတစ်ခု လင်းလက်တောက်ပလာခဲ့သည်။
ထိုအချိန်၌ ဖျော့တော့သော ရွှေရောင်အလင်းလွှာတစ်ခုသည် သူ၏ပတ်ပတ်လည်တွင် တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်၊ ကြိုးတန်းများကဲ့သို့သော အလင်းတန်းများသည် ငြင်သာစွာ စုပေါင်းလာခဲ့ပြီး၊ ရှုကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းလာခဲ့သည်။
“ သွေးကြောမှတ်တွေကို ပေါင်းစည်းတာက ဒုတိယအဆင့်ကို ထိုးဖောက်တာပဲ “
“ ဆိုတော့ သွေးကြောမှတ်တွေက သူ့ဘာသာ အလိုအလျောက် ပေါင်းစည်းသွားမှာပဲ “
ရှုကျိုးသည် ယခင်က ရှန့်ဝမ်ချန်းပြောပြခဲ့ဖူးသည့် စကားများကို အမှတ်ရသွားကာ တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။
သူသည် ရုတ်တရက် ဉာဏ်အလင်းရသွားခဲ့ပြီး၊ သူ၏ခေါင်းပေါ်တွင် ဂိတ်တံခါးဝတစ်ခုရှိနေသည်ဟု ဝေဝါးဝါး ခံစားလာခဲ့ရသည်၊ သူ၏အရှိန်အဝါကသာ အဆိုပါ တံခါးဝကို ချိုးဖျက်နိုင်သရွေ့ သူသည် ဒုတိယအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
“ ဟူးးးး “
ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ခွန်ပန်နည်းစနစ်ကို လျင်မြန်စွာ အသက်သွင်းလိုက်သည်။
အဆိုပါ နည်းစနစ်က တစ်ကြိမ်တစ်ခါလည်ပတ်သည့် အချိန်တိုင်းတွင် သူ၏အရှိန်အဝါသည် ဆက်လက်၍ မြင့်တက်လာခဲ့သည်။
တစ်ပြိုင်နက်ဆိုသလိုပင် ရှုကျိုး လေ့ကျင့်နေသည်နှင့်အမျှ တာအိုပွင့်ဖတ် ဆယ့်နှစ်ခုသည် ပန်းများအဖြစ်သို့ ဖြည်းဖြည်းချင်း ပွင့်လန်းလာခဲ့သည်။
“ ခလပ် !! “
မကြာခင်မှာပင် ပန်းပွင့်ဆယ့်နှစ်ခုလုံး အပြည့်အဝ ပွင့်လန်းလာခဲ့ပြီး၊ သန့်စင်သော အဖြူရောင် ကြာပန်းဆီမှ အစွမ်းထက် အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ရှုကျိုး၏ အရှိန်အဝါသည် တဟုန်ထိုး မြင့်တက်လာတော့သည်။
“ ထပ် ထပ် !!! “
ထိုအချိန်တွင် အချုပ်အနှောင်များ ပြိုကွဲသွားခဲ့သည်။
ရှုကျိုးသည် ဒုတိယအဆင့်နယ်ပယ်၏ တံခါးဝထဲသို့ ခြေချနိုင်ခဲ့ပြီဖြစ်ပြီး၊ သူ၏ခန္ဓာကိုယ်မှာလည်း ဓာတ်လိုက်နေသကဲ့သို့ အကြမ်းပတမ်း လှုပ်ခါနေတော့သည်။
ဒုတိယအဆင့်သို့ ထိုးဖောက်ခြင်း !!!
ထိုအချိန်တွင် အပြောင်းအလဲများ စတင်၍ ဖြစ်ပေါ်လာခဲ့သည်။
ရှုကျိုး၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော အကြေးခွံများ စတင်၍ ပေါ်ပေါက်လာခဲ့သည်။