နှောင်းပိုင်း ဒုတိယအဆင့်
Vol. 19 Ch. 280
ဗွီ !!
အားကောင်းကာ ပြိုင်ဘက်ကင်းသည့် ဖိအားတစ်ခုသည် စံအိမ်ထဲတွင် ပျံ့နှံ့သွားခဲ့သည်။
အကယ်၍ တစ်စုံတစ်ဦးကသာ စံအိမ်အပြင်ဘက်တွင် ရပ်နေမည်ဆိုပါက အဆိုပါ အရှိန်အဝါကြောင့် မှင်သက်သွားမည် ဖြစ်သည်၊ ဒုတိယအဆင့်သို့ ရောက်ခါစသာ ဖြစ်နေခဲ့သော်လည်း အဆိုပါဖိအားသည် တတိယအဆင့်နယ်ပယ်၏ ဖိအားလောက်နီးနီး အားကောင်းပြင်းထန်နေခဲ့သည်။
ရှုကျိုးမှ သူ၏လက်ကို အသာအယာ မြှောက်လိုက်ရာ၊ ၎င်းနှင့်အတူ တောင်အသေးစားလေးတစ်လုံးကို ဖျက်ဆီးနိုင်ပုံရသည့် ခွန်အားတစ်ခုကို ခံစားသွားရတော့သည်။
“ ငါက ဝမ်ခိုင်နဲ့ အခုတိုက်ရမယ်ဆိုရင်၊ သွေးကြောမှတ်တွေကို မဖွင့်ဘဲနဲ့ သူ့ကို အလွယ်တကူ အမှောက်သိပ်လို့ရနေပြီ “ ဟုရှုကျိုးမှ တွေးတောနေတော့သည်။
သို့ရာ၌ သူ့ထံတွင် ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါစွမ်းအားကို အရသာခံနေရန် အချိန်မရှိပေ။
ရှုကျိုးမှ သူ၏ခန္ဓာကိုယ်ကို ကြည့်လိုက်ရာ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်တောက်နေသည့် အကြေးခွံလေးများ ပေါ်လာသည်ကို မြင်တွေ့သွားခဲ့သည်။
သူအနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်၊ သူ့စိတ်ထဲရှိ ဆိုးရွားသော ခံစားချက်တစ်ခုမှာလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
ဒီဟာတွေက ငါ့ကိုယ်ပေါ်မှာ ဘာလို့ပေါ်လာရတာလဲဟ?
သူသည် လက်ဆန့်ထုတ်၍ ၎င်းကို ထိကြည့်လိုက်ရာ သတ္တုတစ်ခုကို ထိလိုက်ရသကဲ့သို့ ခံစားသွားခဲ့ရသည်။
၎င်းမှာ ခိုင်ခံ့သော အပေါ်ယံအလွှာတစ်ခု ရှိနေသကဲ့သို့ပင်။
“ ဒါက ငါ့ရဲ့ သားရဲစွမ်းရည်ကြောင့်လား? “
ငါက တကယ်ကြီးကို နဂါးတစ်ကောင်ဖြစ်သွားမှာလား?
ရှုကျိုးသည် အနည်းငယ် ထိတ်လန့်သွားတော့သည်၊ သူသည် လူသားတစ်ဦးဖြစ်ရခြင်းက အတော်လေးကောင်းသည်ဟု ထင်နေခဲ့ပြီး၊ ယခုလက်ရှိအချိန်တွင် လူသားဆက်မဖြစ်လိုတော့သည့် ရည်ရွယ်ချက် မရှိပေ။
ထပ် ထပ် !!!
ထိုအချိန်တွင် သူ၏ကျောရိုးထံမှ အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
ကျောရိုးသည် နဂါးတစ်ကောင်ကဲ့သို့ တွန့်လိမ်ကောက်ကွေးနေတော့သည်၊ အရိုးအဆစ်တစ်ခုချင်းစီတိုင်းမှာလည်း ကြမ်းကြမ်းတမ်းတမ်း ကျိုးကြေသွားခဲ့သည်၊ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်အတွင်းပိုင်းတွင် ရွှေရောင်စွမ်းအင်တစ်ခု မွေးဖွားလာခဲ့ပြီး၊ ၎င်းသည် သူ၏အရိုးများနှင့် ခြေလက်များဆီသို့ တိုးဝင်သွားတော့သည်။
လျှို့ဝှက်ဆန်းကြယ်သည့် အဆိုပါ စွမ်းအင်ကြောင့် သူ့ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အကြေးခွံများ ပိုမိုပေါ်ပေါက်လာတော့လေသည်။
သူ၏မျက်နှာမှာပင် ရွှေရောင် ပုံစံကွက်များ ဖြစ်ပေါ်လာခဲ့ပြီး၊ သူ၏မျက်လုံးများမှာလည်း စတင်၍ ရွှေရောင်သမ်းလာခဲ့သည်။
“ မကောင်းတော့ဘူး “ ရှုကျိုးသည် တိတ်တဆိတ် အော်ပြောမိသွားတော့သည်။
သူသည် အဆိုပါစွမ်းရည်က နဂါးအသွင်ပြောင်းခြင်း စွမ်းရည်ထံမှ မွေးဖွားလာကြောင်းကို နားလည်သွားခဲ့သည်။
ယခုတွင် ၎င်းသည် သူ့အား နဂါးမျိုးနွယ်စုအဖြစ် အသွင်ပြောင်းပေးနေခဲ့ပြီဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ပွင့်ဖတ်ဆယ့်နှစ်ခုဖြင့် ဖွဲ့စည်းထားသည့် အဖြူရောင်ကြာပန်းမှာ စတင်၍ လည်ပတ်လာခဲ့သည်။
ဇွီ !!!
ယင်ယန်ငါးနှစ်ကောင်၏ လည်ပတ်မှုအောက်တွင် အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်သွားပြီး၊ ပြိုင်ဘက်ကင်း စွမ်းအင်တစ်ခုအဖြစ် အသွင်ပြောင်းသွားကာ အဆိုပါ ရွှေရောင်စွမ်းအင်ကို ဖိနှိပ်နေတော့သည်။
စွမ်းအင်နှစ်ခုသည် ရေနှင့်မီးကဲ့သို့ ဖြစ်နေခဲ့ကာ ခန္ဓာကိုယ် ထိန်းချုပ်မှုကို ပိုင်ဆိုင်ရရန်အတွက် ပြိုင်ဆိုင်နေကြတော့သည်။
အဆုံးတွင် ကြာပန်းကသာ အောင်ပွဲရသွားခဲ့သည်။
ရှုကျိုးခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အကြေးခွံများသည် စတင်၍ ပျောက်ကွယ်သွားပြီး၊ အရေပြားအောက်တွင် ပုန်းကွယ်နေကြတော့သည်။
သို့ရာတွင် ကြာပန်း၏ လျှို့ဝှက်စွမ်းအင်သည် မည်သို့မျှ မပျောက်ကွယ်သွားဘဲ၊ အဆုံးမဲ့ စွမ်းအားများကို ရရှိသွားသကဲ့သို့ ရုတ်တရက် တောက်ပလာခဲ့သည်။
“ ဖူးးး ~~~ “ ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းကာ မျက်လုံးများ တောက်ပသွားခဲ့သည် “ ဒုတိယအဆင့်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ၊ ကြာပန်းဆီမှာလည်း လျှို့ဝှက်စွမ်းအားအသစ် ဖြစ်လာတာလား? “
လျှို့ဝှက်စွမ်းအားဟု ခေါ်ဆိုနေကြသော အရာသည် ခန္ဓာကိုယ်ထဲရှိ ရတနာများဆီမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လွန်းနေခဲ့သည်။
ယခုလက်ရှိ အချိန်အထိ ရှုကျိုးသိထားသည့် လျှို့ဝှက်စွမ်းအားမှာ သွေးကြောမှတ်များနှင့် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားတို့ပင် ဖြစ်သည်။
သို့သော် ယခုတွင် ပေါ်ထွက်လာခဲ့သည့် လျှို့ဝှက်စွမ်းအားမှာ အဆိုပါနှစ်ခုနှင့် လုံးဝကွဲပြားနေခဲ့သည်။
ကြာပန်း၏ လျှို့ဝှက်စွမ်းအား !!!
“ ဒီကြာပန်းလျှို့ဝှက်စွမ်းအားက ရွှေရောင်စွမ်းအားကို ဖိနှိပ်နိုင်တယ် …….. ဒါပင်မဲ့ ဖိနှိပ်တာလေးပဲ၊ နှိမ်နင်းတာ မဟုတ်ဘူး “
မကြာခင်မှာပင် ရှုကျိုးသည် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။
“ ဒီစွမ်းအားက ငါ့ကို အဆင့်တက်သွားစေမှာတာလား? “
ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထပ်မံ၍ တင်ပျဥ်ခွေထိုင်ကာ၊ အဆိုပါကြာပန်းစွမ်းအားကို ထိန်းချုပ်ကာ ပန်းပွင့်ဆယ့်နှစ်ခုကို ပေါင်းစည်းနေတော့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှ အကြာတွင် ကြာပန်း၏ လျှို့ဝှက်စွမ်းအား ပေါက်ကွဲထွက်လာခဲ့သည်။
ဝုန်းးးး !!
ပန်းပွင့်ဆယ့်နှစ်ခု ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားခဲ့သည်။
ရှုကျိုး၏ အံ့ဩတကြီးဖြစ်နေသော အကြည့်အောက်မှာပင် ပန်းပွင့်ဆယ့်နှစ်ခုသည် ဖြည်းညှင်းစွာ ပေါင်းစည်းလာခဲ့ပြီး၊ ယင်ယန်ငါးဆီသို့ တိုးဝင်သွားကြသည်။
ထို့နောက်၌ ရှုကျိုးသည် သူ၏ကိုယ်တွင်းအဂ်ါများက လှုပ်ခါလာသည်ကို ခံစားလိုက်ရသည်။
ယခင်က ထူထဲသော ချီ-သွေးစွမ်းအင်များသည် ကြာပန်း၏ လမ်းညွှန်မှုအောက်တွင် မရီဒန်များ၊ ကိုယ်တွင်းအဂ်ါငါးခုနှင့် ကလီစာများဆီသို့ ဒလဟော တိုးဝင်သွားကြသည်။
အညစ်အကြေးများသည် သူ၏ ချွေးပေါက်များမှတစ်ဆင့် အပြင်ဘက်သို့ တိုးထွက်လာကြသည်။
တစ်ချိန်တည်းမှာပင် ပန်းပွင့်ဆယ့်နှစ်ခုသည် ဖြည်းဖြည်းချင်း တွန့်ခေါက်လာခဲ့ကာ သွေးကြောမှတ် လည်ပတ်မှုနှင့် စတင်၍ ပေါင်းစည်းသွားတော့သည်။
၁၀%
၂၀%
၃၀%
ရှုကျိုး၏ အရှိန်အဝါသည် အံ့ဖွယ်ကောင်းအောင် မြင့်တက်လာခဲ့သည်။
နာရီဝက်မျှ ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် အလယ်အလတ် ဒုတိယအဆင့်သို့ ရောက်ရှိလာခဲ့သည်။
သို့သော် ၎င်းမှာ အဆုံးသတ် မဟုတ်သေးပေ။
ကြာပန်းသည် လျှို့ဝှက်စွမ်းအားကို ဆက်တိုက်ထုတ်ပေးနေခဲ့ပြီး၊ ပန်းပွင့်ဆယ့်နှစ်ခုမှာလည်း ဖြည်းဖြည်းချင်း ပေါင်းစည်းနေလျက်ရှိသည်။
၄၀%
၅၀%
၆၀%
နှောင်းပိုင်း ဒုတိယအဆင့်သို့ပင် ရောက်ရှိလာခဲ့သည် !!!
ရှုကျိုး၏ စိတ်နှလုံးသားပင် လှုပ်ခါသွားတော့သည်၊ ငါက နှောင်းပိုင်း ဒုတိယအဆင့်အထိ တကယ်ကြီး ရောက်လာခဲ့တာလား?
သို့သော် ရှုကျိုးက သူ၏သွေးကြောမှတ်များကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ရန် တွေးတောနေသည့်အချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
၎င်းမှာ ယင်ယန်ငါး၏ ဖမ်းဆီးခြင်းကို ခံထားရပုံပေါ်ပြီး၊ ပန်းပွင့်ဆယ့်နှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားမည်ကို တားဆီးလာခဲ့သည်။
“ ဟမ်? ဘာတွေ ဖြစ်နေတာလဲဟ? “
ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ ၎င်းမှာ ဒုတိယအဆင့်သို့ ရောက်ရှိသွားသောကြောင့် နဂါးအသွင်ပြောင်းခြင်း စွမ်းရည်ထံမှ မွေးဖွားလာခဲ့သည့် ရွှေရောင်စွမ်းအင်ဖြစ်သည်။
ယခု၌ အဆိုပါရွှေရောင်စွမ်းအင်သည် သူ၏အဆင့်ထိုးဖောက်မှုကို တားဆီးလာခဲ့သည်။
ရှုကျိုးသည် ဒေါသမထွက်သွားဘဲ၊ ကြာပန်း၏ လျှို့ဝှက်စွမ်းအားကို ဆက်၍ ထိန်းချုပ်ကာ အဆိုပါရွှေရောင်စွမ်းအင်ကို ဖြေရှင်းရန် ကြိုးပမ်းနေတော့သည်။
…
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်နာရီဝက်ပြီးဆုံးသွားခဲ့သည်။
ရှုကျိုးသည် စိတ်ရှုပ်ထွေးနေသော အမူအရာနှင့်အတူ မျက်လုံးများ ဖွင့်လာခဲ့သည်။
အဆိုပါ ရွှေရောင်စွမ်းအင်သည် အံ့ဖွယ်ကောင်းလောက်အောင် ခိုင်မာနေခဲ့သည်၊ ၎င်းမှာ စွမ်းအင်တစ်မျိုးမျိုး မဟုတ်ဘဲ၊ တာတစ်ခု (သို့) အချုပ်အနှောင်တစ်ခုနှင့် ပိုတူနေခဲ့သည်။
ရှုကျိုးမှ မည်မျှပင် ကြိုးစားခဲ့ပါစေ၊ ၎င်းသည် မည်သို့မျှ မကျိုးပျက်သွားဘဲ ထိုနေရာမှာပင် အခိုင်အမာ ရပ်တည်နေခဲ့သည်။
“ ဘာတွေ ဖြစ်နေတာလဲကွာ? “
ရှုကျိုးသည် နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားတော့သည်၊ အဲ့တာက ဘာကြီးမို့လို့ ကြာပန်းရဲ့ လျှို့ဝှက်စွမ်းအားကတောင် ဘာမှ မလုပ်နိုင်ရတာလဲဟ?
ငါ့ရဲ့ သားရဲစွမ်းရည်ကြောင့်ပဲလား?
တကယ်သာ အဲ့လိုကြီး ဖြစ်နေမယ်ဆိုရင်တော့၊ သောက်ဂွပဲ၊ ငါက ဒုတိယအဆင့် အထွတ်အထိပ်ကို ဘယ်လိုတက်ရမှာတုန်းဟ?
“ ဒါပင်မဲ့ သားရဲစွမ်းရည်ပိုင်ရှင်တွေက ဒုတိယအဆင့်ကိုတောင် မထိုးဖောက်နိုင်ခဲ့ကြဘူးလေ “
ရှုကျိုးမှာ စဥ်းစားခန်းဖွင့်နေတော့သည် “ ငါက သမိုင်းမှတ်တမ်းတစ်ခုကိုတောင် ချိုးဖျက်ခဲ့ပြီးပြီလေ၊ ဘာလို့ ထပ်ပြီးတော့ မချိုးဖျက်နိုင်ရမှာလဲ? “
ဒီအတိုင်းဆိုရင် သားရဲစွမ်းရည်ရဲ့ အကန့်အသတ်က ဒုတိယအဆင့်လား? ရှေ့ဆက်လျှောက်ရမဲ့လမ်းက ပျောက်သွားပြီလား?
အဲ့လိုတော့ မဖြစ်သင့်ဘူး။
သားရဲစွမ်းရည်ဆိုတာကလည်း ငါ့ရဲ့ကိုယ်ပိုင်စွမ်းရည်ပဲလေ၊ ဆိုတော့ ငါ့ကို ထိခိုက်အောင် မလုပ်သင့်ဘူး။
ဒါပင်မဲ့ အခုကျတော့ ငါအဆင့်တက်တာကို ဘာလို့ တားဆီးနေရတာလဲဟ?