နှောင်းပိုင်း ဒုတိယအဆင့် ၂
Vol. 19 Ch. 281
“ လောစရာ မလိုပါဘူး “ ရှုကျိုးသည် လျင်မြန်စွာ စိတ်တည်ငြိမ်သွားခဲ့သည်။
ဒုတိယအဆင့်သို့ ထိုးဖောက်လာခဲ့ပြီးသည့်နောက်တွင် သူသည် ဒုံးပျံတစ်စင်းကို စီးနင်းနေရသကဲ့သို့ နှောင်းပိုင်း ဒုတိယအဆင့်အထိ တက်လှမ်းလာခဲ့သည်၊ ထိုကဲ့သို့သော အမြန်နှုန်းသည် သာမန်လူသားများက မမျှော်မှန်းနိုင်သည့် အရာတစ်ခုဖြစ်သည်။
ယခုတွင် သူသည် ဒုတိယအဆင့် အထွတ်အထိပ်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာလျှင် လိုတော့သောကြောင့် လောနေရန် မလိုအပ်ပေ။
ထို့အပြင် သူ၏ကိုယ်ပွားမှာလည်း ချီ-သွေးထောက်ပံ့မှုများကို ဆက်တိုက်ပေးပို့နေမည်ဖြစ်သောကြောင့် အနှေးနှင့်အမြန်ဆိုသလိုပင် ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ရှုကျိုးသည် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းကာ၊ အရှေ့ဘက်သို့ လက်သီးထိုးချက်တစ်ခု ပစ်လွှတ်လိုက်သည်။
“ ဝုန်းးး !!! “
လက်သီးထိုးချက်သည် အားပါပြင်းထန်နေခဲ့ပြီး၊ ကျယ်လောင်သော အသံတစ်သံပေါ်ထွက်စေခဲ့ကာ ၁၀မီတာအကွာရှိ နံရံပေါ်တွင် နက်ရှိုင်းသော လက်သီးရာတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။
အဆိုပါ လက်သီးချက်၏ စွမ်းအားကို ကိုင်တွယ်ရခြင်းသည် ဒုတိယအဆင့် အထွတ်အထိပ်ပညာရှင်အတွက်ပင် ခက်ခဲနေလိမ့်မည် ဖြစ်သည်။
“ ဒါက နှောင်းပိုင်း ဒုတိယအဆင့်လား? “
ရှုကျိုး၏ မျက်လုံးများ တလက်လက်တောက်ပသွားပြီး၊ တအံ့တဩ ရေရွတ်ပြောဆိုနေတော့သည် “ ရိုးရိုးရှင်းရှင်းလက်သီးချက်တစ်ခုလေးက ပထမအဆင့်မှာတုန်းက ငါ့ရဲ့ခွန်အားအပြည့် တိုက်ခိုက်မှုထပ်တောင် အားကောင်းနေသေးတယ် “
“ ငါ့ရဲ့အခုလက်ရှိ ခွန်အားနဲ့ဆိုရင် ဝမ်ခိုင်ကို အေးအေးဆေးဆေး အမှောက်သိပ်လို့ရပြီ “
သူသည် သွေးကြောမှတ်၏ လျှို့ဝှက်စွမ်းအား(သို့) မည်သည့်နည်းစနစ်ကိုမှ အသုံးမပြုခဲ့ပေ။
ရိုးရှင်းသော လက်သီးထိုးချက်တစ်ခုလေးထဲတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် အင်အားများ ပါဝင်နေခဲ့သည်။
အကယ်၍ သူကသာ ခွန်အားကို အကုန်အစင် ထုတ်သုံးလိုက်မည်ဆိုပါက တတိယအဆင့်ပညာရှင်ကပင် သူ့ကို ယှဥ်နိုင်တော့မည် မဟုတ်ပေ။
“ ဒါပင်မဲ့ မြန်မြန်ဆန်ဆန် အဆင့်တက်လိုက်တာကြောင့် ငါ့ရဲ့ခွန်အားက မတည်ငြိမ်သေးဘူး “
ရှုကျိုးမှ တွေးတောဆင်ခြင်နေတော့သည် “ တည်ငြိမ်သွားတာနဲ့ ငါ့ရဲ့ခွန်အားက နောက်ထပ်အဆင့်တစ်ခုအထိ ရောက်သွားနိုင်တယ် “
ပထမအဆင့်နယ်ပယ်တွင် သူသည် သွေးကြောမှတ် အခု၃၆၀ ဖွင့်ခဲ့ပြီး၊ အလွန်ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ခဲ့သည်၊ ထို့ကြောင့် ဒုတိယအဆင့်သို့ ထိုးဖောက်လာခဲ့ပြီးသည့်နောက်တွင် နယ်ပယ်အသေးနှစ်ခုတိတိ တိုက်ရိုက်ထိုးဖောက်နိုင်ခဲ့သည်။
လာမည့်ခွန်အားတည်ငြိမ်စေခြင်း ဖြစ်ရပ်သည် အချိန်များစွာမယူရသင့်ပေ။
ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၅၂၄၅.၅ ကယ်လိုရီ
စိတ်ဝိညာဥ်စွမ်းအား : 225 Hz
ကိုယ်ပွား : မသေမျိုး နတ်နဂါးသားရဲ
အဆင့် : ဒုတိယအဆင့် အဆင့်၃ ( ၃၀%)
အသားတင် အလေးချိန် : ၁၅၅၂၈.၅ ကီလိုဂရမ်
စွမ်းရည် : နေ့စဥ် ကီလိုဂရမ် ၃၀၀ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံးကို ဝါးမျိုးခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း(ac)၊ ခုန်ဆင်းခြင်း(pas)၊ ဟင်းလင်းပြင်၊ အင်မော်တယ်
ဆင့်ကဲ ပြောင်းမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်
ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ် : ကုဗမီတာ ၁သန်း
…
“ ဒုတိယအဆင့်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ ချီ-သွေးစွမ်းအားက နှစ်ဆနီးပါး တိုးတက်လာတာပဲ “
ရှုကျိုးသည် စဥ်းစားခန်းဖွင့်နေတော့သည် “ ဒါပင်မဲ့ ကိုယ်ပွားရဲ့ အခုလက်ရှိအဆင့် တိုးတက်နှုန်းက နည်းနည်းလေးတော့ နှေးသွားတယ်၊ ကြည့်ရတာတော့ ငါက အဆင့်မြန်မြန်တက်အောင် လုပ်ရမဲ့ပုံပဲ “
ကိုယ်ပွားကမူ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် နတ်သားရဲသွေးမျိုးဆက် ပိုင်ဆိုင်ထားသည့် သားရဲကောင်များကို လိုက်လံရှာဖွေနေလျက်ရှိသည်။
နတ်သားရဲသွေးမျိုးဆက်များကသာလျှင် ကြီးမားသော မြှင့်တင်ပေးမှုကို ယူဆောင်ပေးလာမည်ဖြစ်သည်။
အကယ်၍ သာမန်သားရဲကောင်များကို စားသောက်မည်ဆိုပါက တစ်နေ့လျှင် ၁၀%မျှသာ ကြီးထွားတိုးတက်လာမည်ဖြစ်သည်။
သို့သော် အဆင့်နိမ့် နတ်သားရဲသွေးမျိုးဆက်များကို စားသောက်မည်ဆိုပါက အနည်းဆုံးအနေဖြင့် ၂၅%အထိ နေ့စဥ်တိုးတက်နေလိမ့်မည် ဖြစ်သည်။
သို့ရာတွင် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေမှာ အလွန်ကျယ်ဝန်းလှသောကြောင့် နတ်သားရဲသွေးမျိုးဆက်ကို ရှာဖွေခြင်းသည် လွယ်ကူသော အလုပ်တစ်ခု ဖြစ်မနေခဲ့ပေ။
“ ကိုယ်ပွားက ငါဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်သွားအောင် ကူညီပေးနိုင်မလားဆိုတာကို သိချင်မိတယ် “
…
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ
“ ဝှစ် !!! “
ကြီးမားသော ရွှေနက်ရောင်ပုံရိပ်တစ်ခုသည် ကောင်းကင်ယံတွင် ပြေးလွှားနေလျက်ရှိသည်။
နတ်နဂါးသားရဲကြီးသည် အောက်သို့ ငုံ့ကြည့်နေခဲ့သည်၊ ၎င်း၏ အမြင်အာရုံသည် အတော်လေး စူးရှထက်မြက်နေခဲ့ပြီး၊ မိုင်ဒါဇင်နှင့်ချီသော အကွာအဝေးတစ်ခုအတွင်းရှိ မည်သည့်လှုပ်ရှားမှုမျိုးကိုမဆို မြင်တွေ့နေနိုင်ပြီဖြစ်သည်။
“ ဟမ်? “
ရုတ်တရက်ဆိုသလိုပင် နတ်နဂါးသားရဲကြီး၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။
အရှေ့ဘက်တွင် မိုင်တစ်ရာအကွာတွင် ကြီးမားသော ပုံရိပ်တစ်ခုသည် ဟိုဟိုဒီဒီ ယိမ်းနွဲ့နေခဲ့သည်။
နတ်နဂါးသားရဲကြီးသည် ၎င်း၏ အမြန်နှုန်းကို လျှော့ချလိုက်ကာ၊ လေးနက်နေသော အမူအရာဖြင့် ဂရုတစိုက်ကြည့်ရှုနေတော့သည်။
အကယ်၍ ၎င်းကသာ တတိယအဆင့် သားရဲတစ်ကောင်ဖြစ်နေမည်ဆိုပါက ထွက်ပြေးခြင်းကသာလျှင် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်နေလိမ့်မည် ဖြစ်သည်။
သို့သော် မကြာခင်မှာပင် နတ်နဂါးသားရဲကြီးသည် ၎င်းက တတိယအဆင့် ဗီဇပြောင်းသားရဲမဟုတ်ဘူးဆိုသည်ကို အာရုံခံမိသွား၏၊ ၎င်း၏ အငွေ့အသက်ကို အကဲခတ်ကြည့်ရသလောက်သာဆိုပါက ၎င်းသည် ဒုတိယအဆင့် အဆင့်၅သားရဲကောင် ဖြစ်နေသင့်သည်။
“ ဒုတိယအဆင့် အဆင့်၅ …… ငါတိုက်နိုင်တယ် “
နတ်နဂါးသားရဲကြီးသည် မြန်မြန်ဆန်ဆန်တွေးတောစဥ်းစားကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ဝှစ် !!!
နတ်နဂါးသားရဲကြီးသည် ၎င်း၏ အမြန်နှုန်းကို ပြန်မြှင့်လိုက်ကာ အရှေ့ဘက်သို့ ပျံသန်းသွားသည်၊ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် လေထုကိုဖိနှိပ်ကာ လမ်းတစ်လျှောက်လုံးတွင် ကျယ်လောင်သော လေတိုးသံများကို ဖန်တီးနေတော့သည်။
မိုင်တစ်ရာအကွာ၌
ကျားပုံစံနှင့် ဦးချိုတစ်စုံပါဝင်သည့် ကြီးမားသော သားရဲကြီးတစ်ကောင်သည် တောင်ပေါ် တောအုပ်ထဲတွင် လှဲလျောင်းအနားယူနေလျက်ရှိသည်။
“ ဟမ်? “
ရုတ်တရက်ဆိုသလိုပင် ၎င်းသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး၊ ခေါင်းကိုမော့ကာ ကောင်းကင်ယံသို့ သံသယအပြည့်ဖြင့် မော့ကြည့်လာခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သိုးဦးချိုကျားသားရဲသည် ကောင်းကင်ထက်သို့ ဟိန်းဟောက်လာခဲ့သည်။
အဆိုပါ ဟိန်းဟောက်သံထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် အသံလှိုင်းလုံးများ ပါဝင်နေခဲ့သည်၊ ၎င်းတို့သည် လေထုကိုပင် တွန့်ခေါက်သွားစေခဲ့ကာ လေဟာနယ်လှိုဏ်ခေါင်းများအဖြစ် ပြောင်းလဲသွားပြီး၊ နတ်နဂါးသားရဲကြီးထံသို့ ပြေးဝင်လာခဲ့သည်။
“ ဟမ်? …… ဘာကြီးလဲဟ?? “
မိုင်ပေါင်းများစွာအကွာရှိ နတ်နဂါးသားရဲကြီးသည် အဆိုပါ ဟိန်းဟောက်သံကို ကြားသွားကာ တစ်ခဏခန့် ရပ်တန့်သွားခဲ့သည်။
ထောင်းထျဲ့လား??
နတ်နဂါးသားရဲကြီး၏ အကြည့်များ လေးနက်သွားတော့သည်၊ အဆိုပါ အသံသည် ထောင်းထျဲ့နှင့် လွန်စွာတူညီနေလျက်ရှိသည်၊ ထောင်းထျဲ့က ဒီနေရာမှာ ဘယ်လိုလုပ်ပေါ်လာရတာလဲဟ?
နတ်သားရဲမျိုးဆက်ပဲ !!!
ဤရက်ပိုင်းအတွင်းတွင် နတ်နဂါးသားရဲကြီးသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေထဲတွင် လှည့်လည်သွားလာနေခဲ့ပြီး၊ နတ်သားရဲသွေးမျိုးဆက်များနှင့် သာမန်ဗီဇပြောင်း သားရဲတို့ကြားရှိ ခြားနားချက်များကို သိရှိသွားခဲ့သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲရှိ သားရဲအများစုသည် သွေးနှောသားရဲအများသာလျှင် ဖြစ်သည်။
စစ်မှန်သည့် နတ်သားရဲသွေးမျိုးဆက်များကမူ တားမြစ်နယ်မြေ၏ အဝေးတစ်နေရာတွင်သာ အခြေချနေထိုင်လေ့ရှိကြသည်။
အဆိုပါ တားမြစ်နယ်မြေသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူမဟုတ်ဘဲ၊ သားရဲမျိုးနွယ်စုမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ၏ နယ်မြေသာဖြစ်သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူဆိုသည်မှာ လူသားတို့က သတ်မှတ်ထားခဲ့သည့် ကန့်သတ်နယ်မြေတစ်ခုသာဖြစ်သည်၊ သို့သော် သားရဲမျိုးနွယ်စုများအတွက်မူ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် စွန့်ပစ်နယ်မြေတစ်ခုဖြစ်ပြီး၊ တကယ့်သားရဲမျိုးနွယ်စုများ၏ နယ်မြေသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ မြောက်ဘက် ကီလိုမီတာ ထောင်ပေါင်းများစွာအကွာတွင် တည်ရှိသည်။
အဆိုပါ တားမြစ်နယ်မြေသည် အလွန်တရာကြီးမားလှသည်၊ စတုရန်းကီလိုမီတာ ဘီလီယံဆယ်နှင့်ချီ၍ ဖုံးလွှမ်းထားကာ၊ ကျယ်ဝန်းပြီး အကန့်အသတ် မရှိပေ။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူသည် အဆိုပါ တားမြစ်နယ်မြေ၏ အစွန်ဘက်ရှိ နယ်မြေသေးသေးလေး တစ်ခုမျှသာ ဖြစ်သည်။
ယခုလက်ရှိ အချိန်၌ နတ်သားရဲသွေးမျိုးဆက်များသည် တစ်ချို့သော အကြောင်းပြချက်များကြောင့် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် ရုတ်တရက် ပေါ်ပေါက်လာကြသည်။
သို့သော် ၎င်းတို့အားလုံးမှာ အဆင့်နိမ့် နတ်သားရဲသွေးမျိုးဆက်များသာဖြစ်သည်။
“ နတ်သားရဲသွေးမျိုးဆက်တွေထဲမှာ အဆင့်နိမ့်နဲ့ အဆင့်မြင့် သားရဲတွေကို အလွယ်တကူ ခွဲခြားလို့ရတယ်၊ အသံကို နားထောင်ပြီးတော့ ပြောလို့ရတယ် “
၎င်းမှာ သားရဲမျိုးနွယ်စု၏ ပင်ကိုယ် အသိစိတ်ဖြစ်ပေသည်။
အကယ်၍ ရှုကျိုး၏ မူလကိုယ်ကသာ ဤနေရာတွင် ရှိနေမည်ဆိုပါက၊ သူသည် ၎င်းကို ခွဲခြားနိုင်လိမ့်မည် မဟုတ်ပေ၊ သို့သော် နတ်နဂါးသားရဲကြီးကမူ ၎င်းကို အလွယ်တကူခွဲခြားနိုင်လေသည်။
“ အဲ့ဒီထောင်းထျဲ့က သာမန်အဆင့်နိမ့် သားရဲကောင် မဟုတ်လောက်ဘူး၊ ဒါပင်မဲ့ အဆင့်မြင့်သားရဲလည်း မဟုတ်ပြန်ဘူး “
အဆင့်နိမ့်နဲ့ အဆင့်မြင့် သွေးမျိုးဆက်တွေ ရောထားတဲ့ အလယ်အလတ်အဆင့် သားရဲကောင်များလား?
အကယ်၍ ထိုကဲ့သို့သာ ဖြစ်နေမည်ဆိုပါက ၎င်းကိုရန်သွားမစခြင်းကသာလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။