နှောင်းပိုင်း ဒုတိယအဆင့် ၃
Vol. 19 Ch. 282
အလယ်အလတ်အဆင့် နတ်သားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ဒုတိယအဆင့် အဆင့်၅ သားရဲကောင်သည် နတ်နဂါးသားရဲကြီးက ကိုင်တွယ်ဖြေရှင်းနိုင်သည့် အရာမဟုတ်ပေ။
၎င်းမှာ ဒုတိယအဆင့် အဆင့်၃တွင်သာ ရှိနေသေးသည်။
“ ဝေါင်းးးး !!! “
အဝေးရှိ သိုးဦးချိုကျားသားရဲကြီးမှ ထပ်မံ၍ ဟိန်းဟောက်လာခဲ့သည်၊ ဤတစ်ကြိမ်တွင်မူ ခြိမ်းခြောက်နေသည့် အရိပ်အငွေ့များပင် ပါရှိနေခဲ့သည်။
“ ထူးဆန်းတယ်၊ ဒီလိုနတ်သားရဲသွေးမျိုးဆက်နဲ့ဆိုရင် အဲ့ကောင်ရဲ့ ပိုင်နက်ကာကွယ်လိုစိတ်က တော်တော်ကြီးကို အားကောင်းနေသင့်တယ်လေ။ အခုလောက်နီးနေရင် ငါ့ကို တိုက်ခိုက်လာသင့်နေပြီ “
ဒါပင်မဲ့ ဘာလို့ နှစ်ကြိမ်တိတိ ဟိန်းဟောက်နေရုံပဲ လုပ်လာရတာလဲဟ?
တစ်ခုခုကို စိုးရိမ်နေလို့များလား?
နတ်နဂါးသားရဲကြီး၏ မျက်လုံးများ လှုပ်ခတ်သွားတော့သည်၊ ထို့နောက်တွင် လှည့်ပြန်ကာ အဝေးသို့ ပျံသန်းသွားတော့သည်။
မေ့လိုက်တော့၊ အသက်ရှင်နေဖို့က ပိုအရေးကြီးတယ်။
သို့ရာတွင် ၎င်းသည် အဆိုပါ တည်နေရာကို စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားထားခဲ့သည်။
နောက်ရက်အနည်းငယ်အတွင်းတွင် ပိုသန်မာအားကောင်းလာခဲ့ပါက လက်စားချေရန်အတွက် ပြန်လာမည်ဖြစ်သည်။
အကယ်၍ အလယ်အလတ်အဆင့် နတ်သားရဲသွေးမျိုးဆက်ကို စားသောက်နိုင်ခဲ့မည်ဆိုပါက၊ အံ့ဖွယ်ကောင်းသည့် တိုးတက်မှုများ ရရှိလာလိမ့်မည် ဖြစ်သည်။
…
နတ်နဂါးသားရဲကြီးက အဝေးသို့ ပျံသန်းသွားသည့်နောက်၌
မြေပြင်ပေါ်ရှိ သိုးဦးချိုကျားသားရဲသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်၊ ၎င်းသည် ဖောင်းကားနေသည့် သူမ၏ဝမ်းဗိုက်ကိုကြည့်နေရင်းဖြင့် အကြည့်များ စူးရှထက်မြိလာခဲ့သည်။
“ ဒုတိယအဆင့် အဆင့်၃၊ အဆင့်နိမ့် သွေးမျိုးဆက် သားရဲကောင်လေးက ငါ့နယ်မြေထဲကို ကျူးကျော်ရဲတယ်ပေါ့လေ။ ငါ့ကိုယ်ဝန်ကြောင့်သာ မဟုတ်ဘူးဆိုရင် ………. “
ကျားသားရဲသည် နတ်နဂါးသားရဲကြီး ပျံသန်းသွားသည့်ဘက်သို့ အေးစက်စွာ စိုက်ကြည့်နေရင်းဖြင့် အငြှိုးအတေးထားနေတော့သည်။
သူမသည် မြင့်မြတ်သော ထောင်းထျဲ့မျိုးနွယ်စုမှ ဆင်းသက်လာခြင်းဖြစ်သည်။
အလယ်အလတ်အဆင့် သွေးမျိုးဆက်ကိုသာ ပိုင်ဆိုင်ထားသော်လည်း၊ အဆင့်နိမ့်သားရဲကောင်၏ စော်ကားမှုကို သည်းခံနေလိမ့်မည် မဟုတ်ပေ။
မီးဖွားပြီးသည့်နောက်တွင် သူမသည် သေချာပေါက် လက်စားချေမည် ဖြစ်သည် !!!
…
နတ်နဂါးသားရဲကြီးကမူ ကျားမကြီး၏ အတွေးများကို မသိပေ။
ထိုအချိန်၌ ၎င်းသည် ဦးတည်ချက် ပြောင်းလဲရင်းဖြင့် တစ်ခြားသော ဒုတိယအဆင့် အဆင့်၅ သားရဲကောင်ကြီးနှင့် ထပ်မံ၍ ရင်ဆိုင်ရပြန်သည်။
ဤတစ်ကြိမ်တွင် ရှုကျိုး၏ ကံတရားမှာ ကောင်းမွန်နေခဲ့သည်၊ ၎င်းမှာ အဆင့်နိမ့် နတ်သားရဲသွေးမျိုးဆက် ဖြစ်နေခဲ့သည်။
“ ဝေါင်းးး !! “
နတ်နဂါးသားရဲကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်၍ တိုက်ခိုက်မှုကို အစပျိုးလိုက်သည်။
“ ဝေါင်းးးး ! “
တစ်ဖက်ရှိ သားရဲကြီးမှာလည်း ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းတို့၏ ကြီးမားသော ပုံရိပ်များသည် ပြင်းထန်စွာ ပွတ်တိုက်နေကြတော့သည်။
ချက်ချင်းဆိုသလိုပင် ကြီးမားသော သားရဲကြီးနှစ်ကောင်သည် အကြိမ်ပေါင်းများစွာ ရှေ့တိုးနောက်ဆုတ် လုပ်နေခဲ့ကြပြီး၊ သွေးများကို နေရာအနှံ့ ပတ်ဖြန်းနေခဲ့သည်။
၎င်းတို့သည် ဟိန်းဟောက်ရင်းဖြင့် တစ်ဖက်ဖက်က သေဆုံးသွားမှသာ ပြီးဆုံးသွားမည့် ရက်စက်ကြမ်းတမ်းသော ရှေးဦးတိုက်ပွဲတစ်ခုကို ဆင်နွှဲနေတော့သည်။
…
တစ်နာရီကြာခဲ့ပြီးသည့်နောက်၌
“ ဝုန်းးးး !!! “
နတ်နဂါးသားရဲကြီးသည် ထက်မြိသော ဓားတစ်လက်ကဲ့သို့ ရုတ်တရက် ပစ်လွှတ်ကာ ၎င်း၏ ပြိုင်ဘက်ကို ထိုးဖောက်လိုက်သည်။
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ပူဆွေးတကြီး အော်ဟစ်လိုက်သည့် အသံတစ်သံသည် ကမ္ဘာမြေတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ကောင်းကင်ယံ၌ သွေးမိုးများ ရွာချလာခဲ့သည်။
ကြီးမားသော ပုံရိပ်ကြီးသည် မြေပြင်ပေါ်သို့ လဲပြိုလာခဲ့ကာ၊ ဤတိုက်ပွဲမှာလည်း ပြီးဆုံးသွားခဲ့သည်။
သွေးတို့ဖြင့် ဖုံးလွှမ်းနေသည့် နတ်နဂါးသားရဲကြီးသည် စစ်ပွဲအနိုင်တိုက်ကာ ပြန်လာခဲ့သည့် သူရဲကောင်းတစ်ဦးကဲ့သို့ မားမားမတ်မတ် ရပ်တည်နေလျက်ရှိသည်၊ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် သားရဲသွေးများသည် ဂုဏ်ပြုဆုတံဆိပ်နှင့် တူညီနေခဲ့သည်။
“ ဒီဒုတိယအဆင့် အဆင့်၅ သားရဲကောင်က အဆင့်နိမ့် သွေးမျိုးဆက် သားရဲကောင်တွေထဲမှာတောင်မှ တော်တော်လေးကို ထူးချွန်တယ်လို့ ပြောလို့ရတယ် “
“ အသေသတ်နိုင်အောင် တစ်နာရီအထိ တိုက်ယူခဲ့ရတယ် “
နတ်နဂါးသားရဲကြီးသည် သူ့ကိုယ်သူ စစ်ဆေးကြည့်ရှုနေတော့သည်။
ဒဏ်ရာများက ပြင်းထန်နေခဲ့သော်လည်း၊ ၎င်းသည် ပျော်ရွှင်တက်ကြွနေခဲ့သည်။
ဤတိုက်ပွဲသည် သူ၏စွမ်းအားက အဆင့်နိမ့်သွေးမျိုးဆက် သားရဲကောင်တို့၏ အားကောင်းသော တည်ရှိမှုများနှင့်ပင် ယှဥ်နေနိုင်ပြီဟု သွယ်ဝိုက်၍ သက်သေပြနေခဲ့သည်။
“ ဒီအသားတွေက ငါ့ကို ဘယ်လောက်တောင် တိုးတက်သွားစေမလဲဆိုတာကို တော်တော်လေး သိချင်နေပြီ “
နတ်နဂါးသားရဲကြီးသည် အတော်လေး မျှော်လင့်မိနေတော့သည်၊ သူသည် အဆင့်နိမ့် သွေးမျိုးဆက်သားရဲထဲမှာပင် အားကောင်းသည့် တည်ရှိုမှုတစ်ခုကို ပထမဦးဆုံးအကြိမ်အဖြစ် အမဲလိုက်ဖူးခြင်းဖြစ်သည်။
အကျိုးအမြတ်များက ယခင်ကထပ် ပိုနေမည်မှာ သေချာလှပေသည်။
နတ်နဂါးသားရဲကြီးသည် ကြီးမားသော အလောင်းကြီးထံသို့ ချဥ်းကပ်သွားကာ စတင်၍ စားသောက်နေတော့သည်။
“ ဂျွတ် ဂျွတ် …… “
နာရီဝက်ကြာခဲ့ပြီးသည့်နောက်၌
[ အလေးချိန် + ၃၀၀ ကီလိုဂရမ် ]
[ အဆင့် + ၄၀% ]
အဆင့် : ဒုတိယအဆင့် အဆင့်၃ ( ၇၀% )
နတ်နဂါးသားရဲကြီးသည် အသာအယာ ပြုံးမိသွားသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဤတစ်ကြိမ် တိုးတက်မှုသည် ယခင်ကထပ် ပိုများနေခဲ့သည်။
တစ်နပ်တည်းနဲ့ အဆင့်က ၄၀%အထိ တိုးလာခဲ့တယ် !!!
ရှယ်ဘဲဟေ့ !!
နတ်နဂါးသားရဲကြီးသည် ခေါင်းကိုမော့ကာ ထောင်းထျဲ့တည်ရှိရာဘက်သို့ ငေးကြည့်လိုက်သည်။
“ အလယ်အလတ်အဆင့် သွေးမျိုးဆက် …….. “ နတ်နဂါးသားရဲကြီးသည် မျှော်လင့်နေသည့် အမူအရာဖြင့် နှုတ်ခမ်းတသပ်သပ် ဖြစ်သွားတော့သည်။
တကယ်လို့ အဲ့ကောင်ကိုသာ စားလိုက်ရရင်တော့ ……………..
…
ထိုအချိန် စံအိမ်အတွင်း၌
ရှုကျိုးသည် သူ၏စွမ်းအားကို တည်ငြိမ်အောင် ပြုလုပ်နေခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် သူသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည့် စွမ်းအားတစ်ခုကို အာရုံခံမိသွားသည်။
ကိုယ်ပွား၏ ထောက်ပံ့မှု ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ကြွယ်ဝသော စွမ်းအင်များသည် ရှုကျိုး၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးကာ သူ၏အရှိန်အဝါကို ပို၍ အားကောင်းလာစေခဲ့သည်။
ဒုတိယအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ချီ-သွေးစွမ်းအားသည် လူတစ်ဦး၏ အစစစ်အမှန် စွမ်းအားကို ကိုယ်စားမပြုနိုင်တော့ပေ၊ သို့သော် ၎င်းက အရေးပါနေစဲပင်ဖြစ်သည်။
သူသည် သူ၏စွမ်းအားက တဖြည်းဖြည်းတိုးတက်လာနေသည်ကို ခံစားနေခဲ့ရသည်။
“ ဒုတိယအဆင့်ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ ကိုယ်ပွားရဲ့ ထောက်ပံ့မှုက ချီ-သွေးတစ်ခုတည်း မဟုတ်တော့ဘဲ၊ သွေးကြောမှတ် လျှို့ဝှက်စွမ်းအားပါ ပါလာပြီ ”
ရှုကျိုးမှ တွေးတောစဥ်းစားနေတော့သည် “ အဲ့တာတွေက ငါ့ကို ဒုတိယအဆင့် အထွတ်အထိပ်ကို ရောက်သွားစေမလားပဲ? “
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် အဆိုပါ စွမ်းအင်ကို ထိန်းချုပ်ကာ ကြာပန်းဆီသို့ လမ်းညွှန်ပေးလိုက်သည်။
“ ဗွီ !! “
ကြာပန်းထဲသို့ စွမ်းအင်များ ရောက်ရှိလာသည်နှင့်အမျှ ၎င်းသည် ကြာပန်းကို ချက်ချင်း လောင်ကျွမ်းသွားစေသည့်ပုံပင်။
ကြာပန်းသည် အနည်းငယ် တုန်ခါသွားခဲ့ပြီး၊ ပန်းပွင့်ဆယ့်နှစ်ခုမှာလည်း ငြင်ငြင်သာသာ ယိမ်းထိုးသွားခဲ့သည်။
သို့ရာတွင် ကြာပန်း၏ အလယ်ဗဟိုတွင် ဒုတိယအဆင့် အထွတ်အထိပ်ကို ပိတ်ဆို့ထားသည့် ရွှေရောင်အတားအဆီးသည် မပြောင်းမလဲ တည်ငြိမ်နေခဲ့သည်။
“ အဲ့လိုကြီးတော့ မဖြစ်သင့်ပါဘူးကွာ “
ရှုကျိုးသည် မည်သို့မျှ လက်မလျှော့ဘဲ အဆိုပါ အတားအဆီးကို ဆက်လက်၍ တိုက်ခိုက်နေတော့သည်။
ချီ-သွေးနှင့် သွေးကြောမှတ် လျှို့ဝှက်စွမ်းအားတို့က ကြီးမားများပြားနေခဲ့သောကြောင့်၊ သူသည် ၎င်းအား မလှုပ်ခါနိုင်ဘူးဆိုသည်ကို မယုံကြည်ပေ။
“ ဝုန်းး !! “
“ ဝုန်းး !! “
“ ဝုန်းး !! “
ရှုကျိုးသည် ကိုယ်ပွားမှ ထောက်ပံ့ပေးလာခဲ့သည့် စွမ်းအားကို ဆက်တိုက်ထိန်းချုပ်ကာ ရွှေရောင်အတားအဆီးကို ထပ်ခါတလဲလဲ တိုက်ခိုက်နေခဲ့သည်။
“ ငါ့အတွက် ချိုးဖျက်လိုက်စမ်း “
ရှုကျိုးသည် သူ၏စွမ်းအားကို အကုန်အစင် စုစည်းလိုက်ပြီး၊ အားပါပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်သည်။
“ ဇွီ !! “
ရွှေရောင်အတားအဆီးသည် အနည်းငယ် လှုပ်ခါသွားခဲ့သည်၊ ထို့နောက်တွင် လှိုင်းလုံးတစ်ခုကို ထုတ်လွှင့်ကာ ချီ-သွေးနှင့် သွေးကြောမှတ် လျှို့ဝှက်စွမ်းအား အကုန်လုံးကို ချက်ချင်းစုပ်ယူသွားတော့သည်။
ချက်ချင်းဆိုသလိုပင် ရွှေရောင်အတားအဆီးသည် ပို၍လင်းလက်တောက်ပလာခဲ့ကာ ပို၍ခိုင်မာတောင့်တင်းသွားပုံရသည်။
“ ဘာကြီး !!! “ ရှုကျိုးအံ့ဩတုန်လှုပ်သွားရတော့သည်။
သူသည် အဆိုပါအတားအဆီးကို အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့သည်၊ သို့သော် ၎င်းက မည်သို့မျှ မကျိုးပဲ့မပျက်စီးသွားဘဲ၊ ပို၍ပင် ခိုင်ခံ့သွားသည့်ပုံပင်။
“ ဒါက …… “
ရှုကျိုးသည် သူ၏လေ့ကျင့်မှုကို ရပ်ဆိုင်းကာ နက်နက်နဲနဲ မျက်မှောင်ကြုတ်သွားတော့သည်။
ငါက ဒုတိယအဆင့်မှာပဲ တကယ်ကြီး ပိတ်မိနေတော့မှာလားဟ?
အဆိုပါ ရွှေရောင်စွမ်းအင် တည်ရှိနေမည်ဆိုပါက သူသည် သွေးကြောမှတ်များကို မည်သို့မျှ ပေါင်းစပ်နိုင်လိမ့်မည် မဟုတ်ပေ။
“ ဒီရွှေရောင်အတားအဆီးက အရင်က ရွှေရောင်စွမ်းအားဆီကနေ ဖြစ်လာတာပဲ၊ အဲ့တာက ငါ့ရဲ့ သားရဲစွမ်းရည်ကြောင့်ပဲ၊ အဲ့ကောင်က ငါ့ကို နဂါးမျိုးနွယ်စုဝင်တစ်ကောင် ဖြစ်သွားစေချင်နေတာ “
“ နောက်တော့ သွေးကြောမှတ် လည်ပတ်မှုက အဲ့ဒီဟာကို လာတားပေးခဲ့တယ် “
ရှုကျိုးသည် ယခင်ကဖြစ်ရပ်များကို ပြန်လည်ဆင်ခြင်တွေးတောနေတော့သည်။
“ တကယ်လို့ ငါက ဒီအတားအဆီးကို ချိုးဖျက်နိုင်ခဲ့မယ်ဆိုရင်တောင်မှ၊ ဒီကောင်က ငါ့ကို နဂါးအဖြစ် ထပ်ပြောင်းလာဦးမယ် “
“ ငါက ဒါကြီးကို ဘာမှမလုပ်ဘဲ နေရတော့မှာလား? “
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် ချက်ချင်းမတ်တပ်ထရပ်ကာ အပြင်သို့ ထွက်သွားတော့သည်။
သူသည် အဖြေကို မရှာနိုင်သောကြောင့် ဌာနမှူးဆီသို့ သွားကာ အကြံဉာဏ်တောင်းရတော့မည် ဖြစ်သည်။
…
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌
ဌာနမှူးရုံးခန်းအတွင်း၌
ရှုကျိုး၏စကားကို ကြားလိုက်ရပြီးသည့်နောက်တွင် ရှန့်ဝမ်ချန်းသည် တအံ့တဩဖြစ်သွားခဲ့သည် “ မင်းက ဒုတိယအဆင့်ကို ရောက်သွားပြီလား? “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလာခဲ့သည်ကို မြင်လိုက်ရသောအခါ၌ ရှန့်ဝမ်ချန်း၏ မျက်နှာပေါ်တွင် အံ့ဩတကြီးဖြစ်သွားသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သားရဲစွမ်းရည်ပိုင်ရှင်တွေက ဒုတိယအဆင့်ကို မရောက်နိုင်ဘူးလေ၊ ရှုကျိုးက သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီလားဟ?
သို့သော် ရှုကျိုးပြုလုပ်ခဲ့သည့် အံ့ဖွယ်ဖြစ်ရပ်များကို ပြန်၍ အမှတ်ရသွားသောအခါတွင် ရှန့်ဝမ်ချန်းသည် ထပ်မံ၍ အံ့ဩမနေတော့ပေ။
ဒီကလေးက သိကြားမင်းသားဝင်စားတာထင်တယ်၊ ပုံမှန်အတိုင်းကို သတ်မှတ်လိုက်လို့မရဘူး။
သူစိတ်တည်ငြိမ်သွားသည့်အချိန်တွင် ရှုကျိုးမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ဆရာဘိုးဘိုး၊ ကျွန်တော်က နှောင်းပိုင်း ဒုတိယအဆင့်ကို ရောက်နေပြီ၊ ဒါပင်မဲ့ အထွတ်အထိပ်အထိ အဆင့်တက်လို့မရဘူး ဖြစ်နေတယ် “
“ နှောင်းပိုင်း ဒုတိယအဆင့်ကိုပါ ရောက်နေတာလား? “
ရှန့်ဝမ်ချန်းသည် ရုတ်တရက် မတ်တပ်ထရပ်မိသွားတော့သည်။
ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ကာ၊ သူ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
“ ဒါက …. “
ရှန့်ဝမ်ချန်းသည် လုံးလုံးလျားလျား အံ့ဩသွားတော့သည်။
သူသည် ရှုကျိုးက အစောပိုင်း ဒုတိယအဆင့်အထိ ရောက်ရှိသွားမည်ဟု မှန်းဆထားခဲ့သည်၊ သို့သော် ရှုကျိုးကမူ နှောင်းပိုင်း ဒုတိယအဆင့်အထိ တိုက်ရိုက်ထိုးတက်သွားသည်။
လူတစ်ယောက်ရဲ့ ကျင့်ကြံရေးက ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲဟ?
ပြီးတော့ ဒုတိယအဆင့် အထွတ်အထိပ်ကို မရောက်လို့ မကျေမနပ် ဖြစ်နေတယ်ပေါ့?
ပထမအဆင့်ကနေ တတိယအဆင့်ကို တစ်ရက်တည်းနဲ့ ရောက်ချင်နေတာလားဟ?
အဲ့တာက လူစကားရော ဟုတ်သေးရဲ့လားဟ?
“ တစ်ခုခုတော့ မဟုတ်သေးပါဘူး “ ရှန့်ဝမ်ချန်းမှ မျက်မှောင်ကြုတ်၍ ပြောလာခဲ့သည် “ သွေးကြောမှတ်တွေကို ပေါင်းစပ်ရတာက တော်တော်ခက်တယ်လေ၊ ဆေးလုံးတွေရဲ့ အကူအညီလည်း ယူရတယ်လေ။ မင်းက ဘယ်လိုလုပ် ဒီလောက်မြန်မြန်ဆန်ဆန်ကြီး အဆင့်တက်လာရတာလဲ? “
“ ဆေးလုံးတွေရဲ့ အကူအညီကို လိုအပ်တာလား? “ ရှုကျိုး အံ့ဩသွားတော့သည်။
“ အရင်က ငါပြောခဲ့ဖူးတယ်လေ၊ သွေးကြောမှတ်တွေက လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပြင်ပပစ္စည်းတွေ ဖြစ်ပြီးတော့၊ ပေါင်းစည်းဖို့ခက်တယ်၊ အဲ့တာကြောင့် ဆေးလုံးတွေရဲ့ အကူအညီကို လိုအပ်တယ် “
ရှန့်ဝမ်ချန်းမှ ရှင်းပြလာခဲ့သည် “ နတ်သိုင်းဌာနကတော့ သားရဲသွေးကို သုံးတယ်၊ ငါတို့ အစစ်အမှန် သိုင်းပညာဌာနကတော့ မရီဒန်ပေါင်းစည်းရေး ဆေးလုံးကို သုံးတယ်၊ သွေးကြောမှတ်တွေ ပေါင်းစပ်တာက တော်တော်လေးကို အန္တရာယ်များတယ်၊ ဒီလောက်မြန်မြန်ဆန်ဆန်ကြီး တိုးတက်လာဖို့ဆိုတာက မဖြစ်နိုင်ဘူး “
ရှုကျိုး ဆွံ့အသွားတော့သည်။
သူသည် ထိုမျှလောက် များစွာ မပြင်ဆင်ခဲ့ရဘဲ၊ ကြာပန်း၏ လျှို့ဝှက်စွမ်းအားကို အားကိုးကာ သွေးကြောမှတ်များကို အလွယ်တကူ ပေါင်းစည်းနိုင်ခဲ့ပြီး၊ နှောင်းပိုင်း ဒုတိယအဆင့်အထိ ရောက်ရှိလာခဲ့သည်။
“ အဲ့တာက သွေးကြောမှတ်လည်ပတ်မှုကို အသက်သွင်းလိုက်တာကြောင့်လို့ ကျွန်တော်ထင်တယ် “ ရှုကျိုးမှ ထင်ကြေပေးခန့်မှန်းလာခဲ့သည်။
ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည်၊ ထို့နောက်တွင် သူသည် တစ်စုံတစ်ခုကို မှတ်မိသွားပုံရပြီး၊ ရုတ်တရက် မေးမြန်းလာခဲ့သည် “ ခုနတုန်းက ဒုတိယအဆင့် အထွတ်အထိပ်ကို တက်လို့မရဘူးလို့ မင်းပြောခဲ့တယ်လေ၊ အဲ့တာက ဘာလဲ? “
“ အဲ့တာက ဒီလိုပါ၊ ကျွန်တော့် ခန္ဓာကိုယ်ထဲမှာ ရွှေရောင်အတားအဆီးတစ်ခု ပေါ်လာခဲ့တယ် ………… “
ရှုကျိုးမှ သူ၏အခြေအနေကို ရှင်းပြလိုက်သည်။
သူ၏စကားပြောဆိုမှု ပြီးဆုံးသွားသည့်နောက်တွင် ရှန့်ဝမ်ချန်းသည် မနေနိုင်တော့ဘဲ မျက်မှောင်ကြုတ်သွားခဲ့သည် “ နဂါးအသွင်ပြောင်းခြင်းလား? မင်းရဲ့ကိစ္စက တကယ်ကို ရှားတယ် ….. “
“ ဆရာဘိုးဘိုး၊ အဖြေတစ်ခုခု ရှိလားဗျ? “ ရှုကျိုးသည် သူ့အား မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။
တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်၍ ပြောပြလာခဲ့သည် “ ငါသိရသလောက်ဆိုရင်တော့ နည်းလမ်းတစ်ခု တကယ် ရှိတယ် “
ရှုကျိုး၏မျက်လုံးများ တောက်ပသွားတော့သည်။