ဗိုလ်လုပွဲ !! ဒုတိယအဆင့်နယ်ပယ်၏ အစွမ်းအထက်ဆုံးလူ !!!
Vol. 19 Ch. 283
ရှုကျိုးသည် မေးမြန်းစုံစမ်းရန်သာ လာခဲ့ခြင်းဖြစ်ပြီး၊ ဌာနမှူးထံတွင် နည်းလမ်းတစ်ခု အမှန်တကယ် ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထိုအချိန်တွင် ရှုကျိုးမှ အလောတကြီး မေးမြန်းလိုက်သည် “ ဆရာဘိုးဘိုး၊ ကျွန်တော့်ကို ပြောပြပါ “
ရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည် “ မင်းပြောခဲ့တဲ့ ရွှေရောင်အတားအဆီးက ဘယ်နေရာမှာ ရှိနေတာလဲ? ငါကို ပြကြည့် “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ ထို့နောက်၌ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အလင်းတန်းတစ်ခု ပေါ်ထွန်းလာခဲ့သည်။
သန့်စင်သော အဖြူရောင်ကြာပန်းတစ်ခု ပေါ်ထွက်လာကာ တိတ်တဆိတ် လည်ပတ်နေတော့သည်၊ ယင်ယန်ငါး၏ အပေါ်ဘက်၌ ရွှေရောင်အတားအဆီးတစ်ခု တည်ရှိနေခဲ့သည်။
၎င်းအား သာမန်မျက်လုံးများဖြင့် မြင်နိုင်မည် မဟုတ်ပေ။
ရှန့်ဝမ်ချန်းမှ အထူးနည်းလမ်းတစ်ခုကို အသုံးပြုလိုက်ရာ သူ၏မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်၊ ထို့နောက်တွင် သူသည် သူ၏အကြည့်ကို လျင်မြန်စွာ ရုတ်သိမ်းသွားခဲ့သည်။
သူသည် ရှုကျိုးကို ကြည့်ကာ ဖြည်းဖြည်းချင်းပြောလာခဲ့သည် “ အဲ့တာက မင်းရဲ့ဟာပဲ၊ စွမ်းအင်တစ်မျိုးဆိုလည်း ဟုတ်တယ်။ အဲ့တာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု တကယ်ရှိတယ် “
“ ဘာနည်းလမ်းလဲဗျ? “
ရှန့်ဝမ်ချန်းသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားပြီးမှ ပြောလာခဲ့သည် “ ငါသိရသလောက်ဆိုရင်တော့ ဒီကောင်းကင်ကို ထိုးဖောက်နိုင်ပြီးတော့ အပြင်ဘက် အာကာသထဲကို အရောက်သွားနိုင်တဲ့ ထူးဆန်းတဲ့ပစ္စည်းတစ်ခုရှိတယ် “
“ ထူးဆန်းတဲ့ ပစ္စည်းလား? “ ရှုကျိုး၏မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်သွားသည့် အရိပ်အငွေ့တစ်ခု ဖြစ်တည်လာခဲ့သည် “ အဲ့တာနဲ့ ဒီအတားအဆီးကို ဖြေရှင်းတာက ဘာဆိုင်လို့လဲဗျ? “
“ ဒီကောင်းကင်အတုက စွမ်းအင်တစ်မျိုးမျိုးဆီကနေ ဖြစ်ပေါ်လာခဲ့တာ “ ရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည် “ အဲ့ဒီထူးဆန်းတဲ့ ပစ္စည်းကတော့ စွမ်းအင်အမျိုးမျိုးကို သန့်စင်နိုင်တယ်၊ ကောင်းကင်ရဲ့ စွမ်းအင်ကလည်း အဲ့တာတွေထဲက တစ်ခုပဲ “
“ ဒါပင်မဲ့ အဲ့တာက ငါ့ရဲ့ ထင်မြင်ယူဆချက်တစ်ခုပဲ။ အလုပ်ဖြစ်၊ မဖြစ်ဆိုတာကတော့ တကယ်စမ်းလုပ်ကြည့်မှ သိမှာ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုး၏မျက်လုံးများ တောက်ပသွားတော့သည် “ အဲ့ပစ္စည်းက ဘယ်နေရာမှာလဲဗျ? “
“လနတ်ဘုရားဂိုဏ်းမှာ “
“ လနတ်ဘုရားဂိုဏ်းလား? “ ရှုကျိုးမှင်သက်သွားတော့သည်။
ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြ၍ ပြောလာခဲ့သည် “ အဲ့တာက လနတ်ဘုရားဂိုဏ်းသားတွေက လနတ်ဘုရားမနဲ့ ဆက်သွယ်ဖို့ အသုံးပြုတဲ့ ရတနာပစ္စည်းပဲ။ အဲ့တာက ကောင်းကင်ကို ထိုးဖောက်ပြီးတော့ လနတ်ဘုရားမရဲ့ ကိုယ်ပွားကို ဆင့်ခေါ်ပေးနိုင်တယ် “
ရှုကျိုးဆွံ့အသွားတော့လေသည်။
လနတ်ဘုရားဂိုဏ်းနဲ့ ဘယ်လိုလုပ် ဆိုင်သွားရတာလဲဟ?
“ ကျွန်တော်တို့က အဲ့ပစ္စည်းကို ရခဲ့ဖူးတယ် မဟုတ်ဘူးလားဗျ? “ ရှုကျိုးမှ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
“ တကယ် ရခဲ့ဖူးတယ် “ ရှန့်ဝမ်ချန်းမှ ခေါင်းခါ၍ ပြောလာခဲ့သည် “ အများစုက အဖျက်စီးခံလိုက်ရပြီ၊ အဲ့ပစ္စည်းက တော်တော်လေးကို ကြောက်ဖို့ကောင်းတယ်၊ သေချာမကိုင်တွယ်ဘူးဆိုရင် လနတ်ဘုရားမရဲ့ ကိုယ်ပွားကို ဆင့်ခေါ်မိသွားနိုင်တယ်၊ အဲ့တာကြောင့် အဆင့်မြင့်အရာရှိတွေက အဲ့တာတွေကို မထိန်းသိမ်းထားဖို့ ဆုံးဖြတ်ခဲ့ကြတယ် “
“ အဲ့လိုကိုး “ ရှုကျိုးမှ ကူရာကယ်ရာမဲ့စွာ ပြောလိုက်သည် “ အဲ့လိုဆိုရင်တော့ ကျွန်တော်တို့က အဲ့တာကို လနတ်ဘုရားဂိုဏ်းမှာပဲ သွားရှာရတော့မှာပါ့?? “
ရုတ်တရက်ဆိုသလိုပင် ရှုကျိုးသည် တစ်စုံတစ်ခုကို တွေးမိသွားကာ ပြောလာခဲ့သည် “ ဆရာဘိုးဘိုး၊ လနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းခွဲမှာရော အဲ့လိုပစ္စည်းမျိုးရှိလား? “
ပြိုင်ပွဲပြီးဆုံးသွားသည့်နောက်တွင် လနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းခွဲကို တိုက်ခိုက်ချေမှုန်းရမည့် မစ်ရှင်တစ်ခု ရှိနေခဲ့သည်။
“ လနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းခွဲ …… “ ရှန့်ဝမ်ချန်းသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားပြီးမှ ပြောလာခဲ့သည် “ မသေချာဘူး၊ အဲ့ဒီပစ္စည်းက လနတ်ဘုရားဂိုဏ်းအတွက် တော်တော်လေးကိုအရေးပါတယ်၊ အဲ့တာကို အမြဲလိုလို နေရာပြောင်းပြီးတော့ ဖွက်ထားတတ်တယ် “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုချလိုက်လေသည်။
ထိုနေရာတွင် ရှိရှိ၊ မရှိရှိ ၎င်းသည် သူ့အတွက် အတော်လေးအရေးပါနေခဲ့သည်။
သူက ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်၊ မရောက်ဆိုသည်မှာ အဆိုပါပစ္စည်းအပေါ်တွင် မူတည်နေလျက်ရှိသည်။
ရှန့်ဝမ်ချန်းသည် သူ့ကို ကြည့်ကာ စကားဆက်ပြောလာခဲ့သည် “ မင်းရဲ့မျှော်လင့်ချက်တွေအားလုံးကို အဲ့ဒီပစ္စည်းဆီမှာပဲ စုပြုံထားဖို့ မလိုပါဘူး၊ ပြိုင်ပွဲပြီးသွားရင် မင်းရဲ့အခြေအနေကို နဝမအဆင့်က ပညာရှင်တစ်ချို့ဆီ တင်ပြပြီးတော့ အဖြေရှိ၊ မရှိဆိုတာကို မေးကြည့်ပေးမယ် “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ကျေးဇူးတင်ပါတယ်၊ ဆရာဘိုးဘိုး “
ရှန့်ဝမ်ချန်းထံမှ ထိုစကားကို ကြားလိုက်ရသောအခါတွင် သူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
အမှန်တိုင်း ပြောရမည်ဆိုပါက သူသည် ဒုတိယအဆင့်အထွတ်အထိပ်သို့ အဆင့်မတက်နိုင်မှာကို စိုးရိမ်ပူပန်နေခြင်း မဟုတ်ဘဲ၊ အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေရုံသာလျှင်ဖြစ်သည်။
သူသည် ပြိုင်ပွဲနှင့် လနတ်ဘုရား ဂိုဏ်းခွဲတို့၏ မစ်ရှင်ပြီးဆုံးသွားသည့်နောက်တွင် ကွမ်ဟန်သို့ သွားရနိုင်သည်ဆိုသည်ကို သိနေခဲ့သည်၊ ထို့ကြောင့် သူသည် သူ၏ခွန်အားကို အတတ်နိုင်ဆုံး မြှင့်တင်ထားရမည် ဖြစ်သည်။
ထို့အပြင် လနတ်ဘုရားဂိုဏ်းခွဲကို ရှင်းလင်းသည့် မစ်ရှင်တွင် ပါဝင်နိုင်ရန်အတွက် သူသည် လာမည့်ပြိုင်ပွဲတွင် အနိုင်ရအောင် ကြိုးစားရဦးမည် ဖြစ်သည်။
အကယ်၍ ထိုပြိုင်ပွဲတွင် အစစ်အမှန် သိုင်းပညာဌာနကသာ အနိုင်ရခဲ့မည်ဆိုပါက သူတို့သည် လနတ်ဘုရားဂိုဏ်းခွဲကို ရှင်းလင်းသည့် စစ်ဆေးရေးတွင် ပါဝင်ရန် အဆင့်မှီသွားကြမည် ဖြစ်သည်။
၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် အမှတ်ရသွားကာ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ ဆရာဘိုးဘိုး၊ ဆရာက ကွမ်ဟန်မှာပဲ ရှိနေသေးတာလား? “
ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည် “ ဒီလိုအရေးကြီးတဲ့ ပြိုင်ပွဲအတွက်တောင် ဆရာက ပြန်လာလို့ မရဘူးလား? “
“ လျူချင်းယွမ်က ကွမ်ဟန်က နယ်စပ်ကို သွားနေရတယ်၊ အဲ့ဒီမှာ ကိစ္စလေးတစ်ချို့ ရှိနေတဲ့ပုံပဲ “ ရှုကျိုး၏ အမူအရာ တင်းကြပ်သွားသည်ကို မြင်လိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းမှ ထပ်ဖြည့်ပြောလာခဲ့သည် “ ဒါပင်မဲ့ ဘာကိစ္စကြီးမှ မရှိလောက်ပါဘူး၊ လျူချင်းယွမ်က အဲ့ကိုသွားရဲတယ်ဆိုမှတော့ ယုံကြည်ချက်ရှိလို့ပဲပေါ့ “
၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ရှန့်ဝမ်ချန်းသည် ထိုအကြောင်းကို ဆက်မပြောလာတော့ဘဲ၊ နောက်တစ်နေ့တွင် ပြုလုပ်မည့် ပြိုင်ပွဲအကြောင်းကို ပြောင်းပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက ဒုတိယအဆင့်ကို ရောက်သွားပြီဆိုတော့၊ မနက်ဖြန်ပြိုင်ပွဲအတွက် တစ်ယောက်ယောက်နဲ့ အစားထိုး ဝင်ပြိုင်လို့ရပြီ …… “
…
ရှန့်ဝမ်ချန်းမှ ရှုကျိုးအား ပြိုင်ပွဲကိစ္စများကို ရှင်းပြပေးနေသည့် အချိန်တွင်
ကွမ်ဟန်နယ်စပ်၌
အဆုံးမဲ့အေးခဲနေသော ကမ္ဘာတစ်ခုအထက်၌ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်၊ အဆိုပါ ပုံရိပ်၏ အနောက်ဘက်တွင် အနက်ရောင်မြူမှုန်များသည် ကောင်းကင်ဘုံကို ဖုံးလွှမ်းနေခဲ့သည်။
“ မဂ္ဂ !!! “
အနက်ရောင်မြူမှုန်အတွင်းမှ ကျယ်လောင်သော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြီးမားသော အနက်ရောင်လက်တစ်ဖက်သည် အနက်ရောင်မြူမှုန်ထဲမှ ပေါ်ထွက်လာခဲ့ကာ အဆိုပါပုံရိပ်ကို ဖမ်းဆုပ်လာခဲ့သည်။
လျူချင်းယွမ်မှ သူ့နောက်ကျောဘက်သို့ လက်ဝါးရိုက်ချက်တစ်ခု စေလွှတ်လိုက်ရာ၊ များပြားသော ချီ-သွေးစွမ်းအင်များသည် ကြီးမားသော လက်တစ်ဖက်အဖြစ် ပြောင်းလဲသွားကာ လက်မည်းကြီးနှင့် တိုက်မိသွားခဲ့သည်။
ခရက် !!!
ပြင်းထန်သော ထိတွေ့မှုအောက်တွင် လျူချင်းယွမ်သည် တွန်းကန်အားကို အသုံးပြုကာ အနက်ရောင်မြူမှုန်များနှင့် ဝေးရာအရပ်ဆီသို့ ရှောင်တိမ်းလိုက်သည်။
“ ဒီတစ်ခါက တော်တော်လေးကို အန္တရာယ်များတယ်၊ ကွမ်ဟန်နယ်မြေရဲ့ အပြင်ဘက်က အန္တရာယ်တွေနဲ့ တကယ်ပြည့်နှက်နေတာပဲ “
လျူချင်းယွမ်သည် နောက်ဘက်သို့ ဖျတ်ခနဲ လှည့်ကြည့်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ ဒါပင်မဲ့ ဒီတစ်ခါ ရိတ်သိမ်းမှုက တော်တော်လေးကိုများတယ်၊ ငါပြန်ရောက်သွားတာနဲ့၊ အဲ့ကလေးရှုကျိုးဆီမှာ ကျင့်ကြံရေး အရင်းအမြစ်တွေ ပြတ်လပ်နေမှာ မဟုတ်တော့ဘူး “
“ အခုချိန်လောက်ဆိုရင် ပြိုင်ပွဲစသင့်နေပြီလေ၊ ဟုတ်တယ်မလား? အဲ့ကလေးက ဘာတွေလုပ်နေမလဲဆိုတာကို ငါသိချင်မိတယ်၊ သူက သွေးကြောမှတ် ၁၂၀အထိ ဖွင့်နိုင်ခဲ့ပြီလား? “
လျူချင်းယွမ်သည် မျှော်လင့်တကြီးဖြစ်နေသော အမူအရာဖြင့် တိတ်တဆိတ် ရေရွတ်ပြောဆိုနေခဲ့သည်။
“ ဝေါင်းးး ~~ “
အဆုံးမဲ့ မြူနက်ထု၏ အနောက်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းဟောက်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။
အနက်ရောင် မြူများသည် မမြင်ရသော အကာအရံတစ်ခု၏ ပိတ်ဆို့တားဆီးခြင်းကို ခံထားရပုံပေါ်ပြီး၊ ရှေ့ဆက်တိုးမလာနိုင်ခဲ့ပေ။
အနက်ရောင်မြူထုအတွင်း၌ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းတစ်စုံရှိနေခဲ့သည်။
“ ဆက်မလိုက်တော့ဘူးလား? “
လျူချင်းယွမ်သည် အနောက်သို့ ပြန်ကြည့်ကာ လှောင်ပြုံးပြုံး၍ ကျယ်လောင်စွာ အော်ပြောလိုက်သည် “ ဘိုးဘိုးသွားတော့မယ်၊ လွမ်းမနေနဲ့နော် ငါ့မြေးရေ “
သူသည် သူ၏တင်ပါးကို ပုတ်ပြကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ထိုနေရာမှ လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
…
နတ်သိုင်းဌာနဘက်တွင်ကား
ယန်တျန်ဒုံသည် ကြမ်းပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။
သူသည် ဖုန်းကို ကောက်ယူကြည့်လိုက်ပြီး၊ ဝမ်ခိုင်ထံမှ မည်သည့်ပြန်စာမှ မရသေးဘူးဆိုသည်ကို မြင်တွေ့လိုက်ရသောအခါတွင် အမူအရာ မှုန်မှိုင်းသွားတော့သည်။
“ ဒီသောက်ရူးကတော့၊ အဲ့ကိစ္စလေးကို မဖြေရှင်းနိုင်သေးဘူးလား? “
ယန်တျန်ဒုံသည် ဆိုးရွားသော ကိစ္စတစ်ခုခုဖြစ်လာတော့မည်ဟု ခံစားနေခဲ့ရပြီး၊ အဆိုပါ ခံစားချက်ကို မည်သို့မျှ ခါမချနိုင်ခဲ့ပေ။