အခန်း (၂၂၀၆-၂၂၁၀)
Vol. 114 Ch. 2206-2210
Chapter 2206
ရှဖုန်း၏ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများသည် တစတစ ပို၍ပြင်းထန်လာသော်လည်း လုယွီက ကြောက်ရွံခြင်းမရှိချေ။
အစောပိုင်းက ရှဖုန်း၏တိုက်ခိုက်မှုတွင် လုယွီက သူ၏ခွန်အားကို အကြမ်းဖျင်းသိနားလည်သွားခဲ့သည်။
ရှဖုန်းသည် အလယ်အလတ်အဆင့်ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်ကာ သူ၏ခွန်အားသည် ရှုရာဧကရာဇ်ရှစ်ဖန့်ထက် ပို၍အားကောင်းပေ၏။
လုယွီ၏လက်အောက်ခံလူများအနက် ဖေးထျန်ကွမ်းသာလျှင် ရှဖုန်းနှင့်ယှဥ်ပြိုင်တိုက်ခိုက်နိုင်ပေမည်။
"ကောင်းပြီလေ...ကျုပ်ကလည်း ကျုပ်ရဲ့လက်ရှိခွန်အားကိုစမ်းသပ်ချင်တာနဲ့အတော်ပဲ"
လုယွီ၏မျက်လုံးအတွင်း၌ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ထင်ဟပ်လာသည်။
သူသည် လောကီအင်မော်တယ်တစ်ယောက်သာဖြစ်သော်လည်း သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် သူ၏ကျင့်ကြံဆင့်နယ်ပယ်ထက် ကျော်လွန်နေလေပြီ။
သာမာန်ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူများသည် ကျင့်ကြံဆင့်နယ်ပယ်တူအတွင်းတွင် တခြားသူများထက် ပို၍အစွမ်းထက်ပေ၏။သို့ရာတွင် သူတို့သည် ကျင့်ကြံဆင့်နယ်ပယ်ကျော်၍ တိုက်ခိုက်ရန်မှာမူ လွန်စွာခက်ခဲပေမည်။ကျင့်ကြံသူအများစုသည် သူတို့၏ကျင့်ကြံဆင့်နယ်ပယ်များကိုချိုးဖျက်နိုင်ရန်သာ အဓိကအရေးပေး၍ ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းကိုမူ အရန်အဖြစ်သာထားရှိကြသည်။
လောကီအင်မော်တယ်တစ်ယောက်သည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်နိုင်သည်မှာ အကန့်အသတ်ပင်။အကယ်၍ ထိုလူသည် ရွှယ်အင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်လိုပါက အရူးတစ်ယောက်၏အိမ်မက်ဖြစ်သွားလေပြီ။
ရှဖုန်းသည် လုယွီ၏စကားကိုကြားချိန်တွင် သူကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ လှောင်ပြောင်ရယ်မောလိုက်၏။
ထိုကောင်လေးသည် ရှုရာဧကရာဇ်တစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် သူ့ကဲ့သို့ ရွှယ်အင်မော်တယ်တစ်ယောက်ရှေ့တွင် မောက်မာဝံ့ကြွားနိုင်ပြီဟု အမှန်တကယ်တွေးထင်နေသလော....
"ကောင်းပြီလေ...မင်းမသေခင် ငါကလည်း မင်းအမြင်ကျယ်အောင် ပြပေးရတာပေါ့"
ရှဖုန်း၏စကားဆုံးသည်နှင့် သူ၏မျက်ခုံးနှစ်ခုကြားမှနေ၍ ပို၍ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်လာသည်။
သူ၏အရှိန်အဝါတစ်ခုလုံး ပြောင်းလဲသွားပေ၏။ဤသည်က တစ်စုံတစ်ယောက်ကို ဝါးမျိုရန်ရည်ရွယ်ချက်ဖြင့် ငရဲမှတွားသွားတက်လာသော ကြောက်မက်ဖွယ်သရဲတစ္ဆေတစ်ကောင်အလားပင်။
သူ့အားကြည့်မိသော မည်သူမဆို တုန်လှုပ်ချောက်ချားဖွယ်သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ခံစားရပေမည်။
ဤသည်က လူတစ်ယောက်ကို ရင်ဆိုင်နေရသည်နှင့်မတူညီဘဲ တစ်ဖက်ရန်သူ၏နှလုံးသားကို အချိန်မရွေးထိုးစိုက်ရန် အဆင်သင့်ဖြစ်နေသည့် ထက်ရှသောဓားမြှောင်တစ်လက်နှင့် တူညီနေသည်။
ရှမိသားစုကဲ့သို့ ထိပ်တန်းမိသားစုကြီးများ၌ စည်းမျဥ်းများအလွန်တင်းကြပ်သည်။မိသားစုအတွင်းမှ လူငယ်သခင်လေးများသည် ငယ်ရွယ်စဥ်အချိန်ကပင် တင်းကြပ်သောလေ့ကျင့်ပေးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။
ထို့ပြင် မိသားစုကြီးများမှလူငယ်များသည် သူတို့၏နောက်ခံအင်အားကောင်းမွန်မှုကြောင့် ကျင့်ကြံခြင်းအရင်းအမြစ်များလုံလောက်စွာရရှိရုံသာမက အစွမ်းထက်သောအကြီးအကဲများ၏လမ်းညွှန်မှုအောက်တွင်လည်း ပြင်းပြင်းထန်ထန်လေ့ကျင့်ခွင့်ရသည်။ထိုလူငယ်များသည် ဆွေးမြည့်နေသောသစ်သားတုံးကဲ့သို့ တုံးအနေသူမဟုတ်သရွေ့ ကောင်းမွန်သောခွန်အားကို ပိုင်ဆိုင်နိုင်ပေ၏။
ရှဖုန်းသည် ဤကဲ့သို့ပတ်ဝန်းကျင်မျိုး၌ ကြီးပြင်းလာခဲ့ခြင်းပင်။
သူသည် တခြားသူများ စိတ်ကူးပင်ယဥ်ကြည့်ဖူးမည်မဟုတ်သော ကြီးကျယ်ခမ်းနားသောဘဝကို ပိုင်ဆိုင်ခဲ့ရုံသာမက အလွန်ခက်ခဲသောယှဥ်ပြိုင်မှုများနှင့်အခက်အခဲများကိုလည်း ဖြတ်ကျော်ခဲ့ရသည်။အကယ်၍ သူသာ သတိလက်လွတ်နေမိပါက မိသားစုအတွင်းမှ တခြားလူငယ်များ၏တွန်းချခြင်းကိုခံရကာ နောက်တွင်ကျန်နေရစ်ပေမည်။
ကံကောင်းထောက်မစွာဖြင့် ရှဖုန်း၏ပါရမီအရည်အချင်းသည် အလွန်အမင်းထူးချွန်ပေ၏။သူသည် စစ်ပွဲအတွင်း၌ များစွာသောအောင်မြင်မှုများကိုရရှိခဲ့ကာ ခိုင်မာတောင့်တင်းသောမိသားစုနောက်ခံအင်အားရှိနေသဖြင့် အဆင့်မြင့်မားသောရာထူးကို ရရှိခဲ့သည်။
သို့ရာတွင် ရှဖုန်းသည် ဤရာထူးအဆင့်၌ ရပ်တန့်နေလိုခြင်းမရှိချေ။
အကယ်၍ သူသည် ယခုထက်ပို၍ ရာထူးအဆင့်မြင့်မားလိုပါက လုံလောက်သောတိုက်ပွဲအကျိုးဆောင်ရမှတ်များရှိရန်လိုအပ်သည်။သူသည် တော်ဝင်မြို့တော်၌ ဆက်လက်၍နေနေပါက မည်သည့်တိုက်ပွဲအကျိုးဆောင်ရမှတ်မျှ ရရှိမည်မဟုတ်ချေ။
ဤကိစ္စများကိုဖြေရှင်းပြီးသည်နှင့် သူ့အား နတ်ဆိုးမျိုးနွယ်များနှင့်တိုက်ခိုက်နေသော ရှေ့တန်းစစ်မျက်နှာစာသို့ ပြောင်းရွှေ့ပေးမည်ဟု နတ်ဘုရားအမတ်ကြီးရှက ပြောဆိုထားခဲ့သည်။
"ကောင်းပြီလေ...မင်း အခု သေလို့ရပြီ"
ဤအချိန်အခိုက်အတန့်တွင် ရှဖုန်း၏မှော်စွမ်းအားများ ပွင့်အံထွက်လာကာ လုယွီထံသို့ ချက်ချင်းရောက်ရှိလာပေ၏။
သူ၏လက်အတွင်း၌ မည်သည့်နေရာမှထွက်ပေါ်လာမှန်းမသိသော ဆေဘာဓားရှည်တစ်လက်ရောက်ရှိနေကာ သူက ပြင်းပြင်းထန်ထန်ခုတ်ပိုင်းလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ထိုဆေဘာဓားရှည်မှနေ၍ တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းများ ပေါက်ကွဲထွက်လာကာ သွေးနီရောင်လခြမ်းပုံသဏ္ဌာန်ဓားချီအဖြစ်ပြောင်းလဲသွားပြီး လုယွီထံသို့ ကျရောက်သွားပေ၏။
"ဒါဆို ခင်ဗျားကလည်း ဆေဘာကိုအသုံးပြုတာပေါ့...ကောင်းတယ်"
လုယွီ၏လက်အတွင်း၌ ခေါင်းဖြတ်ဓား ထွက်ပေါ်လာသည်။
ဒေါင်....
ဆေဘာဓားနှစ်လက် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားသည်။လုယွီ၏ခန္ဓာကိုယ်အတွင်းမှ နဂါးတစ်ကောင်၏ဟိန်းသံထွက်ပေါ်လာကာ ရှဖုန်း၏တိုက်ခိုက်မှုကို အပြည့်အဝခံယူလိုက်၏။
"အမ်...ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
နောက်ဆုံး၌ ရှဖုန်း၏မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သောအရိပ်အယောင်များ ထင်ဟပ်စပြုလာသည်။
အစောပိုင်းက သူ၏တိုက်ခိုက်မှုတွင် ရွှယ်အင်မော်တယ်တစ်ယောက်၏စွမ်းအားကို ဖြန့်ကျက်ထားခဲ့သည်။ရှဖုန်းသည် သူ၏ခွန်အားနှင့်ပတ်သက်၍ ယုံကြည်မှုရှိသည်။လောကီအင်မော်တယ်အဆင့်သာရှိသောလူငယ်တစ်ယောက်ကို ပိုက်ကွန်ထဲမှငါးတစ်ကောင်အလား သူ၏ဓားတစ်ချက်တည်းဖြင့် အသေသတ်နိုင်ပေမည်။
သို့ရာတွင် လက်တွေ့တွင်မူ လုယွီသည် သူ၏ဓားချက်ကို တည်ငြိမ်စွာခံယူခဲ့ကာ သေဆုံးသွားခြင်းမရှိချေ။
"ငါက မင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့ လျှို့ဝှက်ချက်တွေကို ပိုပြီးသိချင်လာမိတယ်"
ရှဖုန်းသည် အချိန်တခဏကြာ ထိတ်လန့်တုန်လှုပ်သွားပြီးနောက် သူ၏စိတ်ကိုတည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းလိုက်၏။သူ၏မျက်လုံးအတွင်း၌ စိတ်လှုပ်ရှားသောအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
Chapter 2207
လုယွီသည် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကိုအသုံးပြု၍ ရှဖုန်း၏တိုက်ခိုက်မှုကို တည်ငြိမ်စွာခုခံနိုင်လိုက်၏။
"ကြည့်ရတာတော့ အခုချိန်မှာ ငါက ဘာမှော်စွမ်းအားကိုမှ အသုံးမပြုရင်တောင် သာမာန်ရွှယ်အင်မော်တယ်တစ်ယောက်က ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"
လုယွီနှင့်ရှဖုန်းသည် တိုက်ကွက်ပေါင်းဆယ်နှင့်ချီ၍ ဖလှယ်ခဲ့ကြသည်။
ရှဖုန်းထံတွင် တော်ဝင်စစ်ရေးဌာန၏လက်ထောက်အမတ်ကြီးဟူသောရာထူးနှင့် သင့်တော်သည့်ပုံပန်းသွင်ပြင်မျိုးမရှိတော့ချေ။သူ၏တိုက်ခိုက်မှုများသည် ကြမ်းတမ်းပြီးကောက်ကျစ်စဥ်းလဲကာ တိုက်ခိုက်မှုတစ်ခုစီတိုင်းတွင် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပါဝင်နေသည်။
ဒေါင်...ဒေါင်...ဒေါင်...
လေထုအတွင်း၌ ဆေဘာဓားချီအလင်းတန်းများဖြင့် ပြည့်နှက်နေပေ၏။
နံဘေးပတ်ဝန်းကျင်တွင် ယခင်က သစ်ပင်ကြီးတချို့ရှိနေသော်လည်း ဆေဘာဓားချီအလင်းတန်းများ၏ဖြတ်ပိုင်းခြင်းကို ခံလိုက်ရသည်။ထိုသစ်ပင်ကြီးများသည် အလယ်မှနေ၍ ပြတ်တောက်သွားကာ ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
အဆုံးသတ်၌ သူတို့နှစ်ယောက်၏လှုပ်ရှားမှုများ အလွန်လျှင်မြန်လာလေရာ ပုံရိပ်ယောင်များအဖြစ်သာ တွေ့မြင်နိုင်သည်။တခြားသူများသည် သာမာန်မျက်စေ့ဖြင့်ကြည့်ပါက သူတို့၏ပုံရိပ်ကို တွေ့မြင်နိုင်ရန်ပင် လွန်စွာခက်ခဲပေမည်။
ရှဖုန်းသည် သူ၏ဆေဘာဓားကိုမြှောက်၍ တိုက်ခိုက်နေသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ လှိုင်းထန်နေပေ၏။
လုယွီသည် အံ့အားသင့်တုန်လှုပ်ဖွယ် တိုက်ပွဲအောင်မြင်မှုများကိုရရှိခဲ့ခြင်းမှာ လှည့်စားမှုတချို့ကို အသုံးပြုခဲ့ခြင်းကြောင့်ဟု သူ မူလက တွေးထင်ထားခဲ့သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီထံတွင် အလွန်အစွမ်းထက်သောခွန်အားမျိုးရှိနေကြောင်း သူ သိရှိလိုက်ရသည်။
ခွန်အားအရသက်သက်ဆိုပါက လုယွီ ထုတ်ဖော်အသုံးပြုထားသောခွန်အားသည် ရွှယ်အင်မော်တယ်တစ်ယောက်ဖြင့်ပင် နှိုင်းယှဥ်နိုင်ပေမည်။
"ကြည့်ရတာတော့ ရှုရာဧကရာဇ်ရှစ်ဖန့်က သူ့ရဲ့လက်ထဲမှာ အမှန်တကယ် သေဆုံးခဲ့ပုံရတယ်"
ထိုသို့တွေးတောမိသည်နှင့် ရှဖုန်း၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပို၍ပြင်းထန်လာပေ၏။
လုယွီသည် ယခုလက်ရှိချိန်၌ လောကီအင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် ဤကဲ့သို့ခွန်အားမျိုးကို ပိုင်ဆိုင်ထားသည်။အကယ်၍ နောင်အနာဂတ်တွင် လုယွီ ပို၍အားကောင်းလာပါက သူတို့၏ရှမိသားစုအတွက် ဘေးကပ်ဆိုးတစ်ခု ဖြစ်သွားနိုင်သည်။
"အင်္သချေလှိုင်းထန်ခြင်းသတ်ဖြတ်မှုလမ်းကြောင်း...ခုတ်ပိုင်းစမ်း"
ရှဖုန်းက ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချလိုက်၏။သူ၏မှော်စွမ်းအားများကို ဆေဘာဓားရှည်အတွင်းသို့ ထည့်သွင်းလိုက်သည်။ရုတ်ချည်းဆိုသလိုပင် ဆေဘာဓားရှည်သည် ပြင်းပြင်းထန်ထန်တုန်ခါသွားကာ အရွယ်အစားနှစ်ဆကြီးမားလာပြီး ဧရာမဓားကြီးတစ်လက်အသွင်သို့ ပြောင်းလဲသွားတော့သည်။
ရှဖုန်းသည် ဧရာမဆေဘာဓားရှည်ကြီးကို ဝှေ့ယမ်းကာ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်၏။
ထောင်သောင်းချီသော ဆေဘာဓားချီများသည် ဗိုလ်ချုပ်တစ်ယောက်၏အမိန့်ကို နာခံနေသည့်အလား အရပ်မျက်နှာအဘက်ဘက်မှနေ၍ လုယွီထံသို့ ကျရောက်လာသည်။
လုယွီက သူ၏ဆေဘာဓားကိုဝှေ့ယမ်းကာ သူထံသို့ကျရောက်လာသော ထောင်သောင်းချီသည့်ဓားချီများကို ပိတ်ဆို့ဟန့်တားလိုက်သည်။သို့ရာတွင် မမျှော်လင့်ဘဲ မြောက်မြားစွာသောဓားချီများ သူ့နောက်၌ ထပ်မံ၍ထွက်ပေါ်လာပေ၏။မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ထိုဓားချီများသည် လုယွီအား လွှမ်းခြုံသွားတော့သည်။
"ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်"
လုယွီက ကျယ်လောင်စွာအော်ငေါက်လိုက်ရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မီးတောက်များပွင့်အံထွက်လာပြီး သူ့အား ချက်ချင်းဆိုသလိုပင် ဖုံးလွှမ်းသွားသည်။
မြင့်မားသောမီးနတ်ဘုရားပုံရိပ်ယောင်ကြီးက လုယွီ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ထိုပုံရိပ်ယောင်ကြီးသည် မြင့်မားပြီး တည်ကြည်လေးနက်သောအသွင်အပြင်ရှိကာ သူ၏မျက်လုံးအတွင်း၌ မြင့်မြတ်သောအရိပ်အယောင်များ ထင်ဟပ်နေသည်။ထိုပုံရိပ်ယောင်ကြီးကို မြင်တွေ့မိသောမည်သူမဆို ဝတ်ပြုကိုးကွယ်လိုစိတ်ကို ခံစားရပေမည်။
ကျူးရုံအစစ်အမှန်ခန္ဓာကိုယ်၏ ကူညီထောက်ပံပေးမှုနှင့်အတူ လုယွီ၏စွမ်းအားများ မြင့်တက်လာကာ သူ၏အရှိန်အဝါ ထပ်မံ၍ပွင့်အံထွက်လာပေ၏။
လုယွီ၏ထိန်းချုပ်မှုအောက်တွင် မီးနတ်ဘုရားပုံရိပ်ယောင်ကြီးသည် ရှဖုန်းထံဦးတည်၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်၏။
"ဒါက ဘယ်လိုလျှို့ဝှက်နည်းစနစ်မျိုးလဲ"
ရှဖုန်းက အနည်းငယ်အံ့အားသင့်သွားသည်။သူ၏ရှေ့မှောက်၌ရှိနေသော လုယွီသည် ကွဲပြားခြားနားသောလူတစ်ယောက်အဖြစ်သို့ အပြည့်အဝပြောင်းလဲသွားခြင်းကို သူ ခံစားမိသည်။မီးနတ်ဘုရားပုံရိပ်ယောင်ကြီးတွင် ကောင်းကင်နှင့်မြေပြင်အကြားမှ စွမ်းအားများရှိနေပုံရကာ သူ၏ကျောရိုးများတလျှောက် ချမ်းစိမ့်လာပေ၏။
ရုတ်ချည်းဆိုသလိုပင် တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းတစ်ရပ်က ရှဖုန်း၏ရှေ့၌ ထွက်ပေါ်လာသည်။
ရှဖုန်းသည် ပင်ကိုအသိစိတ်အလျောက် ခုခံရန် ကြိုးပမ်းလိုက်၏။ရုတ်တရက် လေဟာနယ်အတွင်းတွင် ကျယ်လောင်သောပေါက်ကွဲသံကြီး မြည်ဟီးလာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဤတိုက်ခိုက်မှုမှာ အမှန်တကယ်ကိုပင် လက်ရည်တူနေကြသည်။
လုယွီက ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ နောက်ဆုတ်လိုက်ရာ ရှဖုန်းနှင့် မီတာလေး ငါးဆယ်ခန့်ကွာဝေးသောနေရာသို့ ရောက်ရှိသွားပေ၏။
"ဘယ်လိုတောင် အစွမ်းထက်တဲ့ လျှို့ဝှက်နည်းစနစ်မျိုးလဲ...ဒီအရင်က သူ့မှာ ငါနဲ့တူညီတဲ့ ရုပ်ခန္ဓာကိုယ်ခွန်အားပဲရှိတာ....ဒါပေမယ့် ဒီလျှို့ဝှက်နည်းစနစ်ကို အသုံးပြုလိုက်တဲ့အချိန်မှာ သူ့ရဲ့မှော်စွမ်းအားတွေကပါ ငါနဲ့တူညီနေပြီ"
ရှဖုန်း၏မျက်လုံးအတွင်း၌ လောဘအလင်းရောင်များ တောက်ပလာသည်။
အကယ်၍ သူ ထိုလျှို့ဝှက်နည်းစနစ်ကိုသာ အရယူနိုင်ပါက သူ၏စွမ်းအားများ အလျှင်အမြန်တိုးတက်သွားမည်မှာ တိကျသေချာလှ၏။
အထူးသဖြင့် တခြားရန်သူများနှင့်တိုက်ခိုက်စဥ်တွင် ဤလျှို့ဝှက်နည်းစနစ်ကိုသာ ထုတ်ဖော်အသုံးပြုလိုက်ပါက တစ်ဖက်လူများ သတိလက်လွတ်ဖြစ်သွားချိန်တွင် သူ အနိုင်ယူနိုင်ပေမည်။
Chapter 2208
"မင်းက ငါ့ကို အံ့အားသင့်စရာအကြီးကြီး ပေးလိုက်တာပဲ"
ရှဖုန်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက် သူ၏မျက်လုံးများအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"ငါ မင်းကို သတ်မှရမယ်...ဒါက ကောင်းကင်ရဲ့အလိုဆန္ဒအရပဲ...မင်းရဲ့ပစ္စည်းတွေအားလုံးက ငါ့ရဲ့အပိုင််ဖြစ်လာလိမ့်မယ်"
လုယွီက တည်ငြိမ်စွာတုံ့ပြန်ပြောဆိုသည်။
"အမတ်ကြီးရှ...ခင်ဗျား ကျုပ်ကိုသတ်ဖို့ဆိုတာ လွယ်ကူမှာတော့မဟုတ်ဘူး"
သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် အလယ်အလတ်အဆင့်ရွှယ်အင်မော်တယ်တစ်ယောက်ကို လက်ရည်တူယှဥ်ပြိုင်နိုင်စွမ်းရှိသည်။ထို့ကြောင့် တစ်ဖက်ရန်သူသည် သူ့အားသတ်ဖြတ်နိုင်ရန်မှာ လွယ်ကူမည်မဟုတ်ချေ။
ထို့ပြင် အစောပိုင်းက သူတို့၏တိုက်ပွဲတွင် ကြီးမားသောရုန်းရင်းဆန်ခတ်မှုကြီးကို ဖြစ်ပွါးစေခဲ့သည်။ထို့ကြောင့် ရှဖုန်းသည် သူ့အား တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်နိုင်မည်မဟုတ်ပေ။
"မဟုတ်ဘူး...လေလွင့်ကျင့်ကြံသူအဆင့်လောက်ပဲရှိတဲ့ မင်းက...မင်းနဲ့ငါတို့မိသားစုကြီးတွေကြားက ကွာဟချက်ကို သိမှာမဟုတ်ဘူး"
စကားဆုံးသည်နှင့် ရှဖုန်းက သူ၏အင်္ကျီလက်မောင်းကြားမှနေ၍ စာလိပ်တစ်ခုကို ထုတ်ယူလိုက်၏။
ထိုစာလိပ်သည် သိုးရေစက္ကူလိပ်တစ်ခုဖြစ်ကာ ရှဖုန်းက သူ၏အင်္ကျီလက်မောင်းကြား၌ သိုဝှက်ထားခဲ့သည်။ထိုအရာအား အလွန်လုံခြုံစွာသိမ်းဆည်းထားသဖြင့် ရှာဖွေတွေ့ရန်ပင် လွန်စွာခက်ခဲပေမည်။
"မင်းအတွက်...ငါ ရင်းနှီးမြှုပ်နှံဖို့ထိုက်တန်တယ်"
မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ ရှဖုန်းက စာလိပ်ကိုဖြည်လိုက်သည်။
ထိုစာလိပ် တဖြည်းဖြည်းပြေသွားချိန်တွင် အတွင်းမှနေ၍ ရှေးဆန်သောအရှိန်အဝါတစ်ရပ် ထွက်ပေါ်လာသည်။
ဤသည်က ပန်းချီကားချပ်တစ်ခုပင်။
ထိုပန်းချီကားချပ်ပေါ်၌ ကြိမ်ကုလားထိုင်တစ်လုံးပေါ်တွင် အဖိုးအိုတစ်ယောက် ထိုင်နေသည့်ပုံကို ရေးဆွဲထားပေ၏။ထိုအဖိုးအိုကိုကြည့်ရသည်မှာ နှစ်ခြိုက်စွာအိပ်မောကျနေပုံရသည်။
သို့ရာတွင် ထိုပန်းချီကားချပ်ကိုဖြည်ချလိုက်သည့် အချိန်အခိုက်အတန့်တွင် ပန်းချီကားအတွင်းမှအဖိုးအိုက ချက်ချင်းဆိုသလိုပင် နိုးထလာခဲ့သည်။ထိုအဖိုးအို၏မျက်လုံးအကြည့်သည် ဓားတစ်စင်းအလား လုယွီ၏စိတ်နှလုံးသားကို ထွင်းဖောက်သွားသည်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏ခန္ဓာကိုယ်အား လျှပ်စီးဖြင့်ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရကာ သူ၏လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားလေ၏။
"ဒါက တာအိုသခင်ရဲ့နာမ်ဝိညာဥ်မှော်ရတနာလား"
လုယွီ၏စိတ်နှလုံးသားတစ်ခုလုံး လေးလံသွားသည်။
သူသည် ဤမှော်ရတနာမျိုးနှင့် အစိမ်းသက်သက်မဟုတ်ချေ။
တာအိုသခင်၏နာမ်ဝိညာဥ်မှော်ရတနာသည် အနိမ့်ဆုံးအနေဖြင့် ခြေလှမ်းတစ်ဝက်တာအိုသခင်အဆင့် စွမ်းအားရှိသူမှ သန့်စင်ထားသော တစ်ခါသုံးမှော်လက်နက်တစ်ခုဖြစ်သည်။
ဤနာမ်ဝိညာဥ်မှော်ရတနာကိုဖန်တီးခဲ့သော အစွမ်းထက်ကျင့်ကြံသူသည် ထိုအရာအတွင်း၌ မှော်မန္တန်တစ်ပုဒ်ကို ဖုံးကွယ်ထားသည်။ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးတွင် ကျင့်ကြံသူတစ်ယောက်သည် ထိုနာမ်ဝိညာဥ်မှော်ရတနာကိုဖျက်ဆီး၍ အတွင်း၌ဖုံးကွယ်ထားသော မှော်ရတနာကို ထုတ်လွှက်နိုင်သည်။
ဤပန်းချီကားအတွင်း၌ အစွမ်းထက်သောမှော်နည်းစနစ်တစ်ခုကို ဖုံးကွယ်ထားပေ၏။ဤကဲ့သို့သော နာမ်ဝိညာဥ်မှော်ရတနာမျိုးကို သန့်စင်ခဲ့သူတွင် အလွန်မြင့်မားသောကျင့်ကြံဆင့်ရှိမည်မှာ သိသာထင်ရှားသည်။
မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် လုယွီသည် ပန်းချီကား၏ထိန်းချုပ်ခြင်းကိုခံလိုက်ရကာ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ချေ။
"ဒါက မိသားစုခေါင်းဆောင်ကိုယ်တိုင်သန့်စင်ထားတဲ့ မှော်လက်နက်ပဲ...မင်းအတွက် ငါက အင်အားအများကြီးစိုက်ထုတ်ထားခဲ့တာ...တကယ်လို့ မင်း သေဆုံးသွားမယ်ဆိုရင်တောင် ဂုဏ်ယူသင့်တယ်"
ရှဖုန်းက လုယွီ၏ရှေ့သို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာသည်။
ကြည့်ရသည်မှာ လုယွီသည် နာမ်ဝိညာဥ်မှော်ရတနာအတွင်းမှပုံတူကြောင့် ထိန်းချုပ်ဟန့်တားခံထားရပြီး မလှုပ်ရှားနိုင်ဖြစ်နေပုံရသည်။
ဤသည်က ရှဖုန်း အစကဏဦးကတည်းက စီစဥ်ထားသော အကြံအစည်ပင်။
တာအိုသခင်၏နာမ်ဝိညာဥ်မှော်ရတနာကို တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် ကြီးမားသောအုတ်အော်သောင်းနင်းမှုကြီးကို ဖြစ်ပွါးစေမည်ဖြစ်ရာ မြောက်မြားစွာသောအစွမ်းထက်ကျင့်ကြံသူများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်မည်မှာ တိကျသေချာလှ၏။
သူသည် လုယွီကို တိတ်တဆိတ်သာသတ်ဖြတ်လိုကာ မြောက်မြားစွာသောအာရုံစူးစိုက်မှုများကို ခံယူလိုခြင်းမရှိချေ။မည်သို့ပင်ဆိုစေကာမူ အကယ်၍ တော်ဝင်စစ်ရေးဌာနအုပ်ချုပ်ရေးရုံးအတွင်းတွင်သာ တိုက်ခိုက်လိုက်ပါက လုယွီနှင့်ရှုရာရုပ်သေးကို သတ်ဖြတ်နိုင်ပေမည်။
သို့ရာတွင် မျက်မြင်သက်သေအမြောက်အများရှိသော နေရာတစ်ခုတွင် တော်ဝင်နန်းတွင်းမှစစ်ဗိုလ်ချုပ်တစ်ယောက်ကို သတ်ဖြတ်လိုက်ပါက သူ ပြဿနာများစွာနှင့် ရင်ဆိုင်ရနိုင်သည်။
အရေးအကြီးဆုံးအချက်မှာ တာအိုသခင်၏နာမ်ဝိညာဥ်မှော်ရတနာသည် သူ၏အသက်ကယ်မှော်လက်နက်တစ်ခုပင်။
သူ၏အသက်ကို ခြိမ်းခြောက်နိုင်စွမ်းရှိသောအန္တရာယ်နှင့်ကြုံတွေ့မှသာ ရှဖုန်းသည် ထိုအရာအား ထုတ်ယူ၍အသုံးပြုပေမည်။
အကယ်၍သာ သူသည် လုယွီအပေါ်၌ ထိုမှော်တနာကို အသုံးပြုလိုက်ပါက သားသတ်သမား၏ဓားဖြင့် ကြက်တစ်ကောင်ကိုသတ်ဖြတ်သည်နှင့် တူညီပေလိမ့်မည်။
တာအိုသခင်၏နာမ်ဝိညာဥ်မှော်ရတနာသည် ရှမိသားစုခေါင်းဆောင်ကိုယ်တိုင် ရေးဆွဲထားခြင်းဖြစ်သည်။
ထိုစာလိပ်ကိုဖြည်လိုက်သည်နှင့် အတွင်း၌ပါရှိသော အစွမ်းထက်ကျင့်ကြံသူ၏စိတ်ဆန္ဒကြောင့် ထိုပန်းချီကားကိုမြင်မိသော မည်သူမဆို ထိန်းချုပ်ဟန့်တားခြင်းခံရပြီး လှုပ်ရှားနိုင်မည်မဟုတ်ချေ။
"အဆုံးသတ်ကြတော့...ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာက ငါ့ရဲ့လက်ထဲကိုရောက်လာပြီ"
ရှဖုန်းက လုယွီ၏သိုလှောင်အိတ်ကို ယူဆောင်လိုက်၏။
သို့ရာတွင် သူ၏လက် သိုလှောင်အိတ်အား ထိတွေ့မိလုဆဲဆဲအချိန်မှာပင် သန်မာအားကောင်းသော လက်တစ်ဖက်က ရုတ်တရက် ရှဖုန်း၏လက်ကို မြဲမြံစွာ ဖမ်းဆုပ်ထားလေသည်။
"အမတ်ကြီးရှ...ခင်ဗျားက တော်ဝင်စစ်ရေးဌာနရဲ့လက်ထောက်အမတ်ကြီးရာထူးကို မလိုချင်တော့ဘဲနဲ့ ..အဲ့ဒီအစား သူခိုးတစ်ယောက်ဖြစ်ချင်နေပုံပဲ"
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်သည်။
Chapter 2209
လုယွီ၏အသံကိုကြားချိန်တွင် ရှဖုန်းသည် မကြုံစဖူးအန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။
ရှဖုန်း မတုံ့ပြန်နိုင်သေးမီမှာပင် လုယွီ၏လက်ယာဘက်လက်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ သူ့ပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်လာသည်။
ရှေးဟောင်းသိုင်းပညာနည်းစနစ်...ထိုက်ယွမ်လက်ဝါး...
ဤသည်က အနီးကပ်တိုက်ခိုက်မှုတစ်ခုပင်။
တာအိုသခင်၏နာမ်ဝိညာဥ်မှော်ရတနာ ထိန်းချုပ်မှုအောက်သို့ကျရောက်နေသော လုယွီ၏အသိစိတ် ကြည်လင်နေအုံးမည်ဟု ရှဖုန်းကမျှော်လင့်မထားမိချေ။
ရလဒ်အနေဖြင့် သူထံ၌ တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။
ဘုန်း...
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ကြီးမားသောမှော်စွမ်းအင်များက ရှဖုန်း၏ခန္ဓာကိုယ်ကို ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွားကာ သူ့အား တင်းတင်းကျပ်ကျပ်ရစ်ပတ်ထားလေ၏။
ထိုမှော်စွမ်းအင်များ အတူတကွစုဝေးလာပြီးနောက် အသက်ရှုချိန်တစ်ကြိမ်စာအတွင်းမှာပင် အလွန်အမင်းမာကြောသော သံချပ်ကာဝတ်စုံတစ်ခုအဖြစ် သိပ်သည်းသွားသည်။
ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးက ထိုသံချပ်ကာဝတ်စုံပေါ်သို့ ပြင်းပြင်းထန်ထန်ရိုက်ခတ်မိသွားသည်။သံချပ်ကာဝတ်စုံတစ်စုံလုံး ပြင်းထန်စွာတုန်ခါသွားပြီး ထိုအရာပေါ်၌ အက်ကွဲကြောင်းကြီးတစ်ကြောင်း ထွက်ပေါ်လာပေ၏။
ရှဖုန်းက နောက်သို့ အလျှင်အမြန်ဆုတ်ကာ ပြောဆိုသည်။
"ဘယ်လိုလုပ်ပြီး မင်းမှာ အသိစိတ်ရှိနေသေးတာလဲ"
အကယ်၍ သူပင်လျှင် တာအိုသခင်နာမ်ဝိညာဥ်ရတနာ၏သက်ရောက်မှုခံရပါက ချိုးဖျက်နိုင်မည်မဟုတ်ဘဲ အချိန်တိုအတွင်းလှုပ်ရှားနိုင်မည်မဟုတ်ချေ။
သူရှေ့ရှိကောင်လေးသည် လူငယ်မျိုးဆက်သစ်တစ်ယောက်ပင်။မည်သည်ကြောင့် ထိုကောင်လေး၏အသိစိတ် နိုးထနေရသနည်း။
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"ကျုပ်က ခင်ဗျားကို ရှင်းပြဖို့လိုအပ်လို့လား"
အကယ်၍ ခြေလှမ်းတစ်ဝက်တာအိုသခင်တစ်ယောက်၏ တိုက်ခိုက်မှုကိုသာ သူ အမှန်တကယ်ရင်ဆိုင်ရပါက သူ အပြင်းအထန်ဒဏ်ရာရရှိသွားနိုင်သည့်အပြင် သူ၏အသက်ကိုပင်ဆုံးရှုံးသွားနိုင်သည်။
ကံအကြောင်းမလှစွာဖြင့် ရှဖုန်းသည် တာအိုသခင်၏နာမ်ဝိညာဥ်မှော်ရတနာကို ထိန်းသိမ်းထားနိုင်ရန်အလိုငှါ ထိုတိုက်ခိုက်မှုကို ထုတ်လွှက်ခြင်းမရှိချေ။ထိုအစား သူသည် လုယွီအား ထိန်းချုပ်ဟန့်တားနိုင်ရန်ရည်ရွယ်၍ ပန်းချီကား၏အရှိန်အဝါသက်သက်ကိုသာ အသုံးပြုခဲ့သည်။
သို့ရာတွင် ထိုအရှိန်အဝါသည် တခြားသူများအပေါ်၌ ကောင်းစွာသက်ရောက်နိုင်သော်လည်း လုယွီကိုမူ တစိုးတစိမျှပင် သက်ရောက်စေခြင်းမရှိချေ။
အတိတ်ဘဝတွင် လုယွီသည် ကောင်းကင်ဘုံနယ်မြေ၏အစွမ်းထက်ဆုံးတာအိုသခင်ဖြစ်ခဲ့သူပင်။
အကယ်၍ အစစ်အမှန်တာအိုသခင်တစ်ယောက် ဤနေရာ၌ရှိနေလျှင်ပင် သူ၏အရှိန်အဝါသက်သက်ဖြင့် လုယွီအားဖိနှိပ်ရန်မှာ မဖြစ်နိုင်ချေ။
"မင်းမှာ ဘာနည်းလမ်းတွေပဲရှိနေပါစေ...ငါ မင်းကိုသတ်ရမယ်"
ရှဖုန်း၏မျက်လုံးများပြူးကျယ်နေပြီး သူက ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချလိုက်၏။
လုယွီ၏နည်းစနစ်များ မည်မျှထိအံ့အားသင့်ဖွယ်ကောင်းနေပါစေ သူ လုယွီအား အသက်ရှင်ရက်လွှက်ပေးရန်မှာ မဖြစ်နိုင်ချေ။
သူ တက်နိုင်သမျှ အမြန်ဆုံးနည်းဖြင့် လုယွီကို သတ်ဖြတ်ရပေမည်။
"သေစမ်း"
ရှဖုန်းက သူ၏လက်အတွင်းမှပန်းချီကားကို အသုံးပြုရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် မမျှော်လင့်ဘဲ ထိုအချိန်မှာပင် အနက်ရောင်အရိပ်တစ်ရိပ် ပြေးဝင်လာကာ ရှဖုန်း၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်ဝင်ဆောင့်လိုက်၏။
ထိုတိုက်ခိုက်မှုသည် အလွန်ပြင်းထန်သဖြင့် ရှဖုန်းက နောက်သို့လွင့်ထွက်သွားသည်။သို့ရာတွင် သူသည် လေထုအတွင်း၌ သူကိုယ်သူတည်ငြိမ်အောင် ပြန်လည်ထိန်းသိမ်းလိုက်ကာ လေဟာနယ်အတွင်း၌ တဖန်ပြန်၍ မတ်တတ်ရပ်လိုက်သည်။
ထိုကိစ္စမှာ လမ်းတလျှောက်လုံး ဤနေရာသို့တရကြမ်းပြေးလာသော လုရှင်းသည် ရှဖုန်းကိုမြင်သည်နှင့် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ ပြေးဝင်တိုက်ခိုက်ခြင်းပင်။
လုရှင်းရောက်လာသည်ကိုမြင်ချိန်တွင် ရှဖုန်းသည် သူ၏လက်ဝါးကို အလျှင်အမြန်ရိုက်ထုတ်၍ လုရှင်းအား နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွါသွားစေရန် ဖိအားပေးနိုင်ခဲ့သည်။
သို့သော် ဤအချိန်အခိုက်အတန့်မှာပင် မူလက ပန်းချီကားအနီး၌စုဝေးနေသော မှော်စွမ်းအားများ အပြည့်အဝပျောက်ကွယ်သွားလေ၏။
"ရှုရာရုပ်သေးပါလား...မကောင်းတော့ဘူး"
ရှဖုန်း၏မျက်လုံးများ ပြူးကျယ်နေကာ သူက လုရှင်း၏နောက်သို့ အလျင်စလိုကြည့်လိုက်သည်။
လုယွီ၏နောက်၌ အစွမ်းထက်သောအရှိန်အဝါများ ထပ်ချပ်မကွာ ကပ်ပါလာခြင်းကို သူ မြင်တွေ့မိသည်။
လုရှင်းသည် လုယွီ၏ရုပ်သေးဖြစ်ကြောင်း လူတိုင်း သိရှိထားပေ၏။
လုရှင်း၏နောက်သို့ ခြေရာခံလိုက်ပါက သူတို့သည် လုယွီရှိသည့်နေရာကို ရှာဖွေတွေ့ရှိသွားမည်မှာ တိကျသေချာသည်။
ရှဖုန်း စဥ်းစားတွေဝေနေသောအချိန်အခိုက်အတန့်မှာပင် လုယွီက သူ၏ရုပ်သေးကို ပြန်ရုတ်သိမ်းလိုက်သည်။
"ကျေးဇူးတင်ပါတယ် အမတ်ကြီးရှ...ကျန်တဲ့ကိစ္စတွေကို ခင်ဗျားနဲ့ပဲထားခဲ့တော့မယ်"
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
ကျေးဇူးတင်ပါတယ်ဟု ဆိုလိုက်သလော....
ရှဖုန်းက အနည်းငယ်ကြက်သေသေသွားသည်။ထို့နောက် နိမိတ်မကောင်းသောခံစားချက်မျိုးက သူ၏စိတ်နှလုံးသားအတွင်းသို့ တိုးဝင်လာသည်။
"အမတ်ကြီးရှ...ဒီဧကရာဇ်အဆင့်မှော်ရတနာကို ခင်ဗျား အရင်ယူထားနှင့်ဦးပေါ့...ကျုပ်ကတော့ ဘယ်တော့မှ လက်လျှော့မှာမဟုတ်ဘူး...နောင်တစ်ချိန်ကျရင် အဲ့ဒီမှော်ရတနာကို ခင်ဗျားဆီကနေ ကျုပ် ရအောင်ပြန်ယူပြမယ်"
လုယွီ၏အသံက တောင်ကြားတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
သူသည် နတ်ဘုရားနဂါးဟိန်းသံနည်းစနစ်ကိုအသုံးပြု၍ သူ၏အသံကို ဖြန့်ကျက်လိုက်ခြင်းဖြစ်ပေ၏။
ဤအချိန်အခိုက်အတန့်တွင် တော်ဝင်မြို့တော်၏အထက်ရှိ ကောင်းကင်ယံတခွင်လုံး လုယွီ၏အသံက လွှမ်းခြုံသွားသည်။တော်ဝင်မြို့တော်အတွင်း၌ရှိနေသော လူများအားလုံး ထိုအသံကို ကြားလိုက်ရသည်။
Chapter 2210
"ဒီအသံက ဘယ်သူဆီက ထွက်လာတာလဲ"
"တော်တော်လွန်သွားပြီ...ဧကရာဇ်အဆင့်မှော်ရတနာကို ငါတို့ရှေ့ကနေ တစ်ယောက်ယောက်ကယူသွားပြီ"
"အဲ့ဒီကောင်လေးက ငါတို့ကို လှည့်စားခဲ့တယ်...ဒါပေမယ့် သူက ဒီနေရာမှာ လုယက်ခံလိုက်ရတာပဲဖြစ်မယ်...အမတ်ကြီးရှ ဟုတ်လား...အမတ်ကြီးရှဆိုတာ ဘယ်သူလဲ"
လုယွီနောက်သို့ လိုက်လံဖမ်းဆီးနေသော အစွမ်းထက်ကျင့်ကြံသူများသည် အံ့အားသင့်တုန်လှုပ်သွားကာ အလွန်ဒေါသထွက်သွားကြ၏။သူတို့သည် လုယွီအား လုယက်သတ်ဖြတ်ရန်ရည်ရွယ်၍ သူ ထွက်ပြေးသွားမည့်အချိန်ကို မိုးကောင်းကင်တာအိုတည်းခိုခန်း၏ပြင်ပ၌ စောင့်ဆိုင်းနေခဲ့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ သူတို့လိုက်လံဖမ်းဆီးချိန်တွင် လုယွီ၏ရုပ်သေးသည် အယောင်ဆောင်၍ သူတို့အားလှည့်စားသွားလေသည်။
ထို့ကြောင့် အစွမ်းထက်ကျင့်ကြံသူတစ်စုသည် လုယွီ၏အရိပ်အယောင်ကို စတင်၍ရှာဖွေခဲ့ကြ၏။သို့ရာတွင် သူတို့အနက်မှအများစုသည် လုယွီ၏ရုပ်သေးအပေါ်၌ အာရုံစူးစိုက်နေကြဆဲပင်။
လုယွီသည် ရွှယ်အင်မော်တယ်နယ်ပယ်ရုပ်သေးတစ်ရုပ်ကို ချန်ထားခဲ့မည်မဟုတ်ချေ။လုယွီသည် သူ၏ရုပ်သေးကို ပြန်ရုတ်သိမ်းသရွေ့ သူတို့သည် သူ့အားရှာဖွေတွေ့ရှိရန် အခွင့်အရေးရှိသည်။
တိကျသေချာစွာပင် လုရှင်းသည် လူအုပ်ကြီးနှင့် အချိန်တခဏကြာတိုက်ခိုက်ပြီးနောက် မြောက်ဘက်သို့ဦးတည်၍ တဟုန်ထိုးပြေးထွက်သွားခဲ့သည်။
ထိုအစွမ်းထက်ကျင့်ကြံသူများသည် အပျော်လွန်သွားကာ လုရှင်း၏နောက်သို့ ခြေရာခံလိုက်ကြတော့သည်။
လုယွီ၏ယခင်အစီအစဥ်မှာ လုရှင်းသည် ထိုလူများကို လှည့်ပတ်ခေါ်ဆောင်သွားကာ သူက ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ နောက်ယောင်ခံလိုက်မှုများအောက်မှ ဖောက်ထွက်မည်ဖြစ်ပေ၏။
သို့ရာတွင် ရှဖုန်းသည် သူ့ကိုယ်သူ လာရောက်ပို့ဆောင်နေသဖြင့် လုယွီ၏စိတ်အတွင်း၌ အစီအစဥ်တစ်ခုကို ချက်ချင်းဆိုသလိုပင် ဖွဲ့စည်းလိုက်သည်။
"နှုတ်ဆက်ခဲ့ပါတယ် အမတ်ကြီးရှ"
လုယွီက ခပ်ဖျော့ဖျော့ပြုံးပြီးနောက် ရုတ်တရက် သူ၏ပုံရိပ်က ပျောက်ကွယ်သွားတော့သည်။
"မင်းက သေလမ်းရှာနေတာလား"
ရှဖုန်းသည် သူ အသုံးချခံလိုက်ရသည်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွားပေ၏။သူက ရှက်ရွံမှုနှင့်ဒေါသထွက်မှုများခံစားနေရကာ လုယွီထံဦးတည်၍ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်သည်။
ကြီးမားသောမှော်စွမ်းအင်လက်ဝါးကြီး ရုတ်တရက် ကျရောက်လာသော်လည်း နှင်းလွှာများပေါ်သို့သာရိုက်ခတ်မိသွားကာ လုယွီကို အနည်းငယ်မျှပင် ထိခိုက်နာကျင်စေခြင်းမရှိချေ။
သီရှား၏ပြောင်းလဲမှုပုံစံခုနစ်ဆယ့်နှစ်မျိုး...နတ်ဘုရားလမ်းကြောင်း....
သူ၏ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအားများအားလုံးကိုအသုံးပြုပြီးနောက် မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် လုယွီသည် မိုင်တစ်ရာခန့်အကွာအဝေးသို့ရောက်ရှိသွားပေ၏။
လုယွီ ထွက်ခွါသွားသည်ကိုမြင်ချိန်တွင် ရှဖုန်း၏မျက်နှာပေါ်၌ ဒေါသထွက်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။
ယခုလက်ရှိချိန်တွင် သူ၏စိတ်နှလုံးသားအတွင်းရှိ ဒေါသများမှာ အဆုံးစွန်ဆုံးထိ ရောက်ရှိနေလေပြီ။
ရှဖုန်းသည် အဆင့်အတန်းမြင့်မားသော အရာရှိကြီးတစ်ယောက်ပင်။တာယွီအင်ပါယာ တော်ဝင်နန်းတွင်း၏အရာရှိအသိုင်းအဝိုင်းမှာပင် မည်သူကမျှ သူ့အားရန်မစဝံ့ကြချေ။
သို့ရာတွင် ယခုလက်ရှိချိန်တွင် သူသည် လုယွီကဲ့သို့ လူငယ်တစ်ယောက်၏လှည့်စားခြင်းကို ခံလိုက်ရသည်။
"မင်းက ထွက်သွားချင်သေးတာလား...ဘယ်နေရာကို မင်း ထွက်သွားနိုင်မှာမလို့လဲ"
ရှဖုန်းက ဒေါသတကြီး ရေရွတ်လိုက်၏။
ရှဖုန်းက လုယွီ၏နောက်သို့ လိုက်လံဖမ်းဆီးတော့မည့်အချိန်မှာပင် သူ့ရှေ့သို့ လူရိပ်အများအပြားရောက်ရှိလာသည်။
ထိုလူများသည် မတူညီသောဝတ်စုံများကို ဝတ်ဆင်ထားကာ တစ်ယောက်နှင့်တစ်ယောက် ခပ်ခွါခွါနေနေကြသည်။သူတို့သည် တစ်အုပ်စုတည်းမဟုတ်သည်မှာ သိသာထင်ရှားလှ၏။
"မင်းတို့က ဘာလုပ်ကြတာလဲ....ဒီနေရာက ထွက်သွားကြစမ်း"
ရှဖုန်းက ဒေါသတကြီးအော်ဟစ်လိုက်သည်။
ထိုလူများသည် ရှဖုန်း ဒေါသထွက်နေသည်ကိုမြင်သော်လည်း အနည်းငယ်မျှပင် ကြောက်ရွံပုံမရချေ။
"ဒါဆို မင်းက အမတ်ကြီးရှလား...ဗိုလ်ချုပ်လုဆီက ဧကရာဇ်အဆင့်မှော်ရတနာကို မင်းယူထားတယ်လို့ ငါ ကြားထားတယ်...ငါတို့က ဒါကို ရပ်မကြည့်စေချင်ဘူး...ငါတို့က မတရားမှုအတွက် ဆန့်ကျင်ပြီးတိုက်ခိုက်ရမယ်"
အကြောင်းပြချက်မှာ လွန်စွာကြီးကျယ်ခမ်းနားပေ၏။
ရှဖုန်း၏ရှေ့တွင် ရှိနေသူတိုင်း၏မျက်လုံးများအတွင်းမှ လောဘအရိပ်အယောင်များမှာ ဖုံးကွယ်ထား၍ပင်မရချေ။
သူတို့အားလုံးသည် ဤနေရာသို့ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်အတွက် လာရောက်ခဲ့ကြခြင်းပင်။လုယွီ၏အော်သံကိုကြားချိန်တွင် သူတို့က ဧကရာဇ်အဆင့်မှော်လက်နက်သည် ရှဖုန်း၏လက်အတွင်းသို့ ကျရောက်သွားပြီကို သိရှိလိုက်ကြ၏။
မည်သို့ပင်ဆိုစေကာမူ ရှဖုန်းသည် နာမည်ကျော်ကြားသော ရွှယ်အင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။အကယ်၍ သူသာ အလေးအနက်ထား၍တိုက်ခိုက်ပါက လုယွီ ခုခံနိုင်မည်မဟုတ်ချေ။
ရှဖုန်း၏ရှေ့၌ထွက်ပေါ်လာသူများသည်လည်း ရွှယ်အင်မော်တယ်များဖြစ်သည်။ထို့ကြောင့် သူတို့သည် ရှဖုန်းအား ကြောက်ရွံခြင်းမရှိကြချေ။
ဤနေရာနှင့်မလှမ်းမကမ်းတွင်လည်း ရှဖုန်းအား သားကောင်ချောင်းနေသော ကျားတစ်ကောင်၏မျက်လုံးအကြည့်မျိုးဖြင့် စူးစိုက်ကြည့်နေသော လောကီအင်မော်တယ်နှင့်မြေကမ္ဘာအင်မော်တယ်များ ရှိနေလေ၏။
ဤကဲ့သို့လူတစ်စု၏ဝိုင်းရံခြင်းကိုခံရသဖြင့် ရှဖုန်းက အလွန်အမင်းဒေါသထွက်နေသည်။
"တကယ်လို့ ဧကရာဇ်အဆင့်မှော်ရတနာက ငါ့ရဲ့လက်ထဲမှာမရှိဘူးလို့ ငါ ပြောရင်ရော...မင်းတို့ ယုံကြည်ကြမှာလား"
ရှဖုန်းက ဒေါသတကြီး ပြောဆိုလိုက်သည်။
သူ့ရှေ့ရှိ ရွှယ်အင်မော်တယ်တစ်ယောက်က ခပ်ဖျော့ဖျော့အပြုံးနှင့် တုံ့ပြန်ပြောဆိုသည်။
"အမတ်ကြီးရှက နားလည်မှုလွဲမှားနေပြီ...ငါတို့က ဒါကို ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာအတွက် လုပ်တာမဟုတ်ဘူး...ငါတို့က တော်ဝင်နန်းတွင်းရဲ့စည်းမျဥ်းတွေအတိုင်း မလိုက်နာတဲ့သူကို တရားမျှတမှုအတွက် တိုက်ခိုက်ပေးတာပဲ"
"မင်းတို့က တရားမျှတမှုအတွက် တိုက်ခိုက်ချင်တယ်...ဟား ဟား ဟား...မင်းတို့ အဆင့်နဲ့လား"
ရှဖုန်းက ဒေါသတကြီးဖြင့် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။
"အနီးဆုံးနဂါးအစောင့်တပ် စခန်းချတဲ့နေရာက ဒီနေရာကနေ မိုင်နှစ်ဆယ်အကွာမှာရှိတယ်...မင်းတို့ တိုက်ခိုက်ရဲလား...မင်းတို့အားလုံး ယုံချင်ယုံ မယုံချင်နေ...ဒီနေရာကနေ မင်းတို့ အသက်ရှင်ရက် ထွက်သွားနိုင်မှာမဟုတ်ဘူး"