← Chapters

အခန်း (၂၂၁၁-၂၂၁၅)

Vol. 114 Ch. 2211-2215

အခန်း (၂၂၁၁-၂၂၁၅)

Vol. 114 Ch. 2211-2215

Chapter 2211

"နဂါးအစောင့်တပ်လား"

ထိုနာမည်ကိုကြားသည်နှင့် ရှဖုန်း၏နံဘေးပတ်ဝန်းကျင်ရှိ အစွမ်းထက်ကျင့်ကြံသူများ၏မျက်နှာအမူအယာများ သိသိသာသာ ပြောင်းလဲသွားသည်။

မူလက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသော အစွမ်းထက်ကျင့်ကြံသူတချို့ပင်လျှင် ဤအချိန်အခိုက်အတန့်၌ တွေဝေတုံ့ဆိုင်းသွားကြ၏။

သူတို့၏ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ရှဖုန်းအသက်ရှင်နိုင်မည်မဟုတ်ဟု သူတို့ကိုယ်သူတို့ အခိုင်အမာ ယုံကြည်ချက်ရှိသည်။

သို့ရာတွင် သူတို့သည် တော်ဝင်မြို့တော်၏အနီးဝန်းကျင်၌ ရှိနေဆဲပင်။အကယ်၍ သူတို့သည် ဧကရာဇ်အဆင့်မှော်ရတနာကို အောင်မြင်စွာလုယက်နိုင်လျှင်ပင် အနီးအနားရှိနဂါးအစောင့်တပ်၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရပေမည်။

ရှဖုန်းက ထိုလူစုကို တစ်ချက်ကြည့်လိုက်၏။သူသည် ထိုလူများနှင့် အချိန်ဖြုန်းလိုခြင်းမရှိချေ။ထိုအစား သူက လုယွီကို ရှာဖွေရန်အတွက် လေထုအတွင်းသို့ ပျံသန်းလိုက်သည်။

သူ ထွက်ခွါသွားသည်နှင့် ဤနေရာတွင်ရှိနေသော ရွှယ်အင်မော်တယ်များသည် သူတို့အချင်းချင်း နတ်ဘုရားစိတ်အာရုံများဖြင့် စတင်၍ဆက်သွယ်ပြောဆိုနေကြ၏။

"ဧကရာဇ်အဆင့်မှော်လက်နက်က တကယ့်ကို ရှမိသားစုလက်ထဲရောက်သွားပြီပဲ...ဒါက နည်းနည်းတော့ အခက်တွေ့နိုင်တယ်"

"ရှမိသားစုဆီမှာ ဧကရာဇ်အဆင့်မှော်လက်နက်တစ်ခုရှိပြီးသားလေ...ဒါတောင် သူတို့က နောက်ထပ်ဧကရာဇ်အဆင့်မှော်ရတနာတစ်ခုကို လုယက်ယူလိုက်သေးတယ်...ဒါကို မိုးကောင်းကင်ကတောင် လက်သင့်ခံမှာမဟုတ်ဘူး"

ရွှယ်အင်မော်တယ်များသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။သူတို့အားလုံး၏မျက်လုံးများအတွင်း၌ လောဘအရိပ်အယောင်များဖြင့် တောက်ပနေသည်။

ချမ်းသာကြွယ်ဝမှုများသည် အန္တရာယ်မှလာပေ၏။

"နဂါးအစောင့်တပ် ဒီနေရာမှာရှိနေရင်ရော ငါတို့က ဘာလုပ်ရမှာလဲ...ရှဖုန်း...မင်းက စွမ်းအားကြီးတာကို အခွင့်ကောင်းယူပြီး အားနည်းတဲ့သူကို အနိုင်ကျင့်တယ်...ငါတို့က ရပ်ကြည့်မနေနိုင်ဘူး"

"ဒီခွေးအရာရှိကို သတ်ကြစို့"

ရုတ်ချည်းဆိုသလိုပင် ထိုကျင့်ကြံသူများအားလုံးသည် သဘောတူညီချက်တစ်ခုရရှိသွားပုံဖြင့် ရှေ့သို့တရကြမ်းတိုးဝင်လိုက်ကြ၏။

သူတို့ ဤမျှထိ စကားကြီးစကားကျယ်များ ပြောနေသော်လည်း သူတို့၏ပစ်မှတ်သည် ရှဖုန်း၏လက်အတွင်းမှ ဧကရာဇ်အဆင့်မှော်လက်နက်ဖြစ်နေမည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

သူ၏နောက်သို့ တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါများ ချဥ်းကပ်လာသည်ကိုခံစားမိသဖြင့် ရှဖုန်းက ကပျာကယာ နောက်သို့လှည့်ကာ တုံ့ပြန်တိုက်ခိုက်လိုက်သည်။

သူသည် အစွမ်းထက်သူတစ်ယောက်ဖြစ်သော်လည်း သူနှင့်ကျင့်ကြံဆင့်နယ်ပယ်တူ ကျင့်ကြံသူအမြောက်အများ၏ဝိုင်းရံတိုက်ခိုက်မှုကို ခံနေရသဖြင့် သူ့ဘက်မှ အရေးမလှသောအခြေအနေသို့ ရောက်ရှိနေလေပြီ။

"မင်းတို့ သေချင်နေတာလား...တော်ဝင်နန်းတွင်းက အရာရှိတစ်ယောက်ကိုတောင် မင်းတို့က တိုက်ခိုက်ရဲတာလား...မင်းတို့ရဲ့ ဆွေစဥ်မျိုးဆက်ကိုးဆက်လုံး အမြစ်ပြတ်သုတ်သင်ခံရတာကို မြင်ချင်နေတာလား"

ရှဖုန်းသည် အလွန်ဒေါသထွက်နေသဖြင့် သူက ချောင်းတဟွတ်ဟွတ်ဆိုးကာ သူ၏ပါးစပ်မှသွေးများ အန်ထွက်လာသည်။

အကယ်၍ သူ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကိုသာ အမှန်တကယ်ရရှိခဲ့ပါက ဤသို့ဖြစ်နေမည်မဟုတ်ချေ။

ပြဿနာမှာ ထိုရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်သည် သူ၏လက်အတွင်း၌ ရှိမနေခြင်းပင်။

ကံအကြောင်းမလှစွာဖြင့် သူ မည်မျှပင်ပြောဆိုသည်ဖြစ်စေ ထိုလူများသည် ယုံကြည်ခြင်းမရှိချေ။ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏တိုက်ခိုက်မှုများ တစတစ ပို၍ရက်စက်ကြမ်းကြုတ်လာသည်။

ထိုလူစုအားဦးဆောင်သော ကျင့်ကြံသူက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

"ရှဖုန်း...မင်း ဘာလုပ်ခဲ့တယ်ဆိုတာ ငါတို့မသိဘူးလို့ မင်း မထင်နဲ့...မင်းက ဗိုလ်ချုပ်လုဆီက မှော်ရတနာကို အတင်းအကြပ်လုယူခဲ့တယ်...ငါတို့က ဗိုလ်ချုပ်လုအတွက် တရားမျှတမှုကို ယူပေးရမယ်"

"ခွေးမသားတွေ...မင်းတို့ကောင်တွေလည်း ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို လိုချင်လို့ အဲ့ဒီကောင်လေးနောက်ကို လိုက်ဖမ်းနေတာမဟုတ်ဘူးလား"

ရှဖုန်းက ဒေါသတကြီးအော်ဟစ်ကြုံးဝါးလိုက်၏။မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် မြောက်များစွာသောမှော်မန္တန်များက သူ့ထံသို့ ကျရောက်လာသည်။

"ငါတို့က မင်းနဲ့အတူတူလို့ မင်း ထင်နေတာလား"

"မင်းက တော်ဝင်စစ်ရေးဌာနရဲ့လက်ထောက်အမတ်ကြီးဖြစ်နေတာတောင် မြို့တော်ထဲမှာ ဗိုလ်ချုပ်တစ်ယောက်ကို လုယက်ဝံ့တယ်...ငါတို့က ဒါကို သည်းမခံနိုင်ဘူး"

ပတ်ဝန်းကျင်ရှိကျင့်ကြံသူများသည် အကြောင်းပြချက်အမျိုးမျိုးဖြင့် ရှဖုန်းကို စွပ်စွဲပြစ်တင်နေကြ၏။

တော်ဝင်နန်းတွင်း၏အဆင့်မြင့်အရာရှိတစ်ယောက်ကို တိုက်ခိုက်ခြင်းမှာ ကြီးလေးသောရာဇဝတ်မှုကြီးဖြစ်သည်။အကယ်၍ သူတို့သည် ဤအကြောင်းပြချက်ကိုသာ အသုံးပြုထားပါက နောင်တစ်ချိန်တွင် တော်ဝင်နန်းတွင်းမှ ဖမ်းဆီးခြင်းကိုခံရလျှင်ပင် သူတို့သည် လုယွီအတွက် တရားမျှတမှုယူပေးခြင်းဖြစ်ကာ ရှေးဟောင်းဧကရာဇ်အဆင့်မှော်ရတနာကို လိုချင်တပ်မက်၍မဟုတ်ကြောင်း ပြောဆိုနိုင်ပေမည်။

ရှဖုန်းသည် သူ၏ရင်ဘတ်တစ်ခုလုံး မွန်းကျပ်လာသည်ကိုခံစားမိပြီး သူ၏ပါးစပ်မှ သွေးများအန်ထွက်လုမတက်ပင်။

သူသည် ကြက်ကိုခိုးယူရန်ကြိုးပမ်းခဲ့သော်လည်း ထမင်းကိုပင် မစားရတော့ချေ။

ဤအချိန်မှစ၍ လူတိုင်း၏စိတ်အာရုံသည် သူ့ထံသို့ ကျရောက်နေလေပြီ။လုယွီအား လုယက်လိုသော မည်သူမဆို သူ့ထံသို့ အာရုံပြောင်းလဲလာကြပေမည်။

ရှဖုန်းသည် လုယွီထံမှ ဧကရာဇ်အဆင့်မှော်လက်နက်ကို လုမယူနိုင်ခဲ့သည့်အပြင် တခြားသူများ၏ လုယွီအပေါ် အာရုံစူးစိုက်နေမှုများကို ဖယ်ရှားရန် ကူညီပေးသကဲ့သို့ဖြစ်သွားသည်။

"မင်းတို့အားလုံးက သေလမ်းလာရှာကြတာပဲ"

ရှဖုန်းက ဒေါသတကြီး အော်ဟစ်ကြုံးဝါးကာ သူ၏အင်္ကျီလက်မောင်းကြားမှ ပန်းချီကားလိပ်ကိုထုတ်ယူ၍ ဖြည်လိုက်၏။

စာလိပ်ပေါ်၌ ရေးဆွဲထားသော အဖိုးအို၏ရုပ်ပုံသည် အသက်ဝင်သွားသည့်အလား ရုတ်တရက် သူ၏မျက်လုံးများပွင့်လာသည်။

ထိုအဖိုးအို၏လက်အတွင်း၌ တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ပန်းချီကားအတွင်းမှနေ၍ အဖိုးအိုသည် သူ၏လက်အတွင်းမှ တောင်ဝှေးဖြင့် ရှေ့သို့ညင်သာစွာ ညွှန်ပြလိုက်၏။

ရုတ်ချည်းဆိုသလိုပင် ပန်းချီကားအရှေ့ရှိ လေဟာနယ်အတွင်း၌ လှိုင်းဂယက်များထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

တုန်လှုပ်ချောက်ချားဖွယ်အားလှိုင်းတစ်ရပ်သည် ပန်းချီကားအတွင်း၌ စတင်၍သိပ်သည်းသွားကာ ရှေ့ရှိလေဟာနယ်တစ်ခုလုံးကို အေးခဲသွားစေလိုသည့်အလားပင်။

ယခင်က ရှေ့သို့တရကြမ်းတိုးဝင်လာသော ကျင့်ကြံသူများ၏မောက်မာဝံ့ကြွားနေမှုများသည် ထိတ်လန့်ကြောက်ရွံမှုသို့ ပြောင်းလဲသွားကာ သူတို့၏အမြင်အာရုံတစ်ခုလုံးကို အလင်းတန်းတစ်တန်းက လွှမ်းခြုံသွားတော့သည်။

Chapter 2212

တောက်ပသောအဖြူရောင်အလင်းတန်းက ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေပြင်အကြားကို လွှမ်းခြုံသွားသည်။

ထိုအဖြူရောင်အလင်းတန်းသည် မိုးကုပ်စက်ဝိုင်းတစ်နေရာမှ ထွက်ပေါ်လာခြင်းဖြစ်ကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး ဤနေရာပတ်ဝန်းကျင်ရှိ လူများအားလုံးနှင့် အရာအားလုံးကို ဖုံးလွှမ်းသွားပေ၏။

ရှဖုန်းအား တိုက်ခိုက်နေသော ကျင့်ကြံသူများအားလုံးသည် လေထုအတွင်းမှာပင် တောင့်တင်းနေပြီး မလှုပ်ရှားနိုင်ကြတော့ချေ။

သူတို့၏မျက်နှာအမူအယာများသည် တောင့်တင်းနေဆဲဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ လေဟာနယ်လှိုင်းဂယက်များနှင့်အတူ သူတို့အားလုံး ပျောက်ကွယ်သွားတော့သည်။

သူတို့သည် ယခင်က မရှိခဲ့ဖူးသည့်အလားပင်။

ရှဖုန်း၏အနီးပတ်လည် တစ်မိုင်ဝန်းကျင်ရှိ လူများအားလုံးသည် ပါးလွှာသောလေထုအတွင်း၌ အငွေ့ပျံသွားသကဲ့သို့ သူတို့အားလုံး အရိပ်အယောင်ပင်မကျန်ရှိဘဲ ပျောက်ကွယ်သွားပေ၏။

ဤှသည်က တာအိုသခင်နာမ်ဝိညာဥ်မှော်ရတနာ၏စွမ်းအားပင်။

မည်သည့်အဆင့်သို့ရောက်နေသော ကျင့်ကြံသူဖြစ်နေပါစေ ဤတာအိုသခင်နာမ်ဝိညာဥ်ရတနာ၏တိုက်ခိုက်မှုတစ်ခုကိုပင် ခုခံနိုင်ခြင်းမရှိချေ။

ဤနာမ်ဝိညာဥ်မှော်ရတနာနှင့် အဝေးတွင်ရှိနေသော ကျင့်ကြံသူများသည် ထိုမြင်ကွင်းကိုမြင်လိုက်ရချိန်တွင် သူတို့က သရဲတစ္ဆေကိုမြင်တွေ့ရသကဲ့သို့ ထိတ်လန့်ကြောက်ရွံသွားကြသည်။

သူတို့က အချိန်တခဏကြာ ကြက်သေသေနေကြပြီးနောက် အလျှင်အမြန် ထွက်ပြေးကြတော့သည်။

ရှဖုန်းသည် သူ့ရှေ့ရှိကျင့်ကြံသူများအားလုံးကို ထိတ်လန့်ကြောက်ရွံစေခဲ့သော်လည်း သူသည် ဒဏ်ရာတချို့ ရရှိခဲ့ပေ၏။

"သေသင့်တဲ့ကောင်လေး...ငါ မင်းကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်"

ရှဖုန်း၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ ဤအချိန်အခိုက်အတန့်၌ သူ အန္တရာယ်မရှိတော့လျှင်ပင် သူသည် ဧကရာဇ်အဆင့်မှော်လက်နက်ကို ပိုင်ဆိုင်ထားသည်ဟု သံသယဝင်ခံနေရသရွေ့ ပြဿနာများစွာဖြင့် ကြုံတွေ့ရမည်ကို သူ ကောင်းစွာသိရှိထားသည်။

သူ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို ရှမိသားစုထံသို့ ပွင့်လင်းမြင်သာစွာ ပေးအပ်နိုင်ပါက ပြဿနာမရှိချေ။ရှမိသားစု၏နောက်ခံအင်အားဖြင့်ဆိုပါက မည်သူမျှ ပြဿနာရှာဝံ့မည်မဟုတ်ချေ။

သို့ရာတွင် သူ့ထံ၌ ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ရှိမနေချေ။

"ငါက တွေးတောနေခဲ့တာ...တော်ဝင်မြို့တော်ထဲမှာ ဒီလိုမျိုးအစွမ်းထက်တဲ့ မှော်ရတနာမျိုးကို ဘယ်သူက အသုံးပြုဝံ့တာလဲဆိုတာကို...လက်စသတ်တော့ အမတ်ကြီးရှ ဖြစ်နေတာကိုး...ဘာကိစ္စက အမတ်ကြီးရှကို ဒီလောက်ထိဒေါသထွက်စေတာလဲဆိုတာ ငါ သိချင်မိတယ်"

ရုတ်တရက် သရော်တော်တော်ပြောဆိုသံတစ်သံက ရှဖုန်း၏နောက်မှ ထွက်ပေါ်လာသည်။

ရှဖုန်းက နောက်သို့လှည့်ကြည့်လိုက်ရာ သူ့နောက်၌ ငွေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်တစ်ယောက် မတ်တတ်ရပ်နေပြီး သူ့အားသရော်တော်တော်အကြည့်ဖြင့်ကြည့်နေခြင်းကို တွေ့မြင်မိသည်။

"နဂါးအစောင့်တွေလား"

ရှဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်၏။

"ငါ တိုက်ခိုက်ခံနေရတာကို မြင်နေတာတောင်...မင်းတို့က ဘာလို့ လာပြီးမကူညီတာလဲ"

"ဟား ဟား ဟား...အမတ်ကြီးရှက နားလည်မှုလွဲမှားနေပြီ...ကျွန်တော်တို့နဂါးအစောင့်တွေရဲ့လေ့ကျင့်မှုက အရမ်းတင်းကြပ်တယ်...အပြင်မှာ ဘာတွေဖြစ်နေတာလဲဆိုတာကို ဂရုစိုက်ဖို့ ကျွန်တော်တို့မှာ ဘယ်လိုလုပ်ပြီးအချိန်ရှိမှာလဲ"

ငွေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က ခပ်ဖျော့ဖျော့အပြုံးနှင့် ဆက်လက်ပြောဆိုသည်။

"ဒါ့ပြင်...ကျွန်တော်တို့ နဂါးအစောင့်တပ်ရဲ့တာဝန်က တော်ဝင်နန်းတော်ကို ကာကွယ်စောင့်ရှောက်ဖို့လေ...တကယ်လို့ အမတ်ကြီးရှ သေသွားရင်တောင်...ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ"

ရှဖုန်းသည် အလွန်အမင်းဒေါသထွက်နေသော်လည်း သူ ချေပပြောဆိုနိုင်ခြင်းမရှိချေ။

"အမတ်ကြီးရှက ဗိုလ်ချုပ်လုရဲ့ဧကရာဇ်အဆင့်မှော်ရတနာကို တကယ်ပဲလုယူခဲ့တာလား"

ငွေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏အသံက အေးစက်တင်းမာစပြုလာသည်။

ရှဖုန်းက ထိုစကားကိုကြားချိန်တွင် အေးစက်စက်လေသံဖြင့် တုံ့ပြန်ပြောဆိုသည်။

"ဘာလဲ...ငါက မင်းကို သတင်းပို့ဖို့ လိုသေးလို့လား"

သူတို့နှစ်ယောက်လုံးသည် တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသူများဖြစ်သဖြင့် သူတို့၏အရှိန်အဝါများ တပြိုင်နက်တည်း ပွင့်အံထွက်လာသည်။ရုတ်ချည်းဆိုသလိုပင် ကြီးကျယ်ခမ်းနားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒနှစ်ခုက လေဟာနယ်အတွင်း၌ ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားပေ၏။

ငွေရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က ရုတ်တရက် အပြုံးနှင့်ပြောဆိုသည်။

"ကျွန်တော်က အမတ်ကြီးရှကို ရယ်စရာပြောနေတာပါ...ကျွန်တော်က သိချင်ရုံသက်သက်ပါပဲ...အမတ်ကြီးရှက အလုပ်များနေမှတော့ ကျွန်တော်က ထပ်ပြီးမနှောက်ယှက်တော့ဘူး"

ရုတ်ချည်းဆိုသလိုပင် ငွေရောင်သံချပ်ကာစစ်ဗိုလ်ချူပ်၏ တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါ ပျောက်ကွယ်သွားတော့သည်။

ရှဖုန်းက ငွေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်၏။သာမာန်အချိန်မျိုး၌ သူ၏နောက်တွင် ရှမိသားစုရှိနေသဖြင့် မည်သူက သူ့ကို ဤကဲ့သို့အပြုအမူမျိုးနှင့် စကားပြောဆိုဝံ့မည်နည်း။

သို့ရာတွင် ဧကရာဇ်အဆင့်မှော်လက်နက်နှင့် ပတ်သက်လာချိန်တွင် လူတိုင်း အကြောက်အလန့်ကင်းမဲ့နေကြသည်။

ရှဖုန်းက အေးစက်စက်နှာတစ်ချက်မှုတ်ပြီး လုယွီထွက်ခွါသွားသောဘက်သို့ ဦးတည်၍ ပျံသန်းသွားသည်။

ရှဖုန်း ထွက်ခွါသွားချိန်တွင် ငွေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏မျက်နှာပေါ်မှအပြုံး တစတစ ပျောက်ကွယ်သွားလေ၏။

"ဧကရာဇ်အဆင့်မှော်လက်နက်က မင်းရဲ့လက်ထဲကလွဲလို့ ဘယ်သူဆီမှာရှိနိုင်မှာလဲ...တကယ်လို့ မင်းကသာ ဒီမှော်လက်နက်ကို ရှမိသားစုဆီအပ်လိုက်မယ်ဆိုရင် ငါ ဘာမှတက်နိုင်မှာမဟုတ်ဘူး...ဒါပေမယ့် မင်းက ဒါကို ရှမိသားစုဆီပြန်အပ်ဖို့ ဆန္ဒမရှိဘူးဆိုတာ ငါ မျှော်လင့်မထားမိဘူး"

ငွေရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အမူအယာမျိုးရှိနေသည်။

ရှဖုန်းက သူသည် အရှုပ်တော်ပုံတစ်ခုအတွင်းသို့ ကျရောက်သွားပြီဖြစ်ကြောင်းကို သိရှိမည်မဟုတ်ချေ။ပြင်ပလောကတွင်ဖြစ်စေ တော်ဝင်နန်းတွင်းတွင်ဖြစ်စေ သူ့အားသေစေလိုသော လူအမြောက်အများရှိနေသည်။

ယခုလက်ရှိချိန်တွင် ရှဖုန်း၏စိတ်နှလုံးသားတစ်ခုလုံးကို ဒေါသများကသာ ကြီးစိုးနေသည်။သူသည် လုယွီကိုရှာဖွေကာ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်လိုပေ၏။

Chapter 2213

တော်ဝင်မြို့တော်၏နယ်မြေအတိုင်းအတာသည် အလွန်ကျယ်ဝန်းသဖြင့် သေမျိုးလောကတွင် လုယွီနေထိုင်ခဲ့သော တာလျန့်အင်ပါယာ၏ပိုင်နက်နယ်မြေနှင့်ပင် နှိုင်းယှဥ်နိုင်သည်။

တော်ဝင်မြို့တော်တည်ရှိသော ကုန်းမြေကို နဂါးကိုးကောင်တိုက်ကြီးဟုခေါ်ဆိုသည်။

နဂါးကိုးကောင်တိုက်ကြီး၏အောက်တွင် နဂါးသွေးကြောတစ်ခု ကိန်းအောင်းနေကာ စိတ်ဝိညာဥ်စွမ်းအင်များ လွန်စွာပေါကြွယ်ဝသည်။ထို့ကြောင့် မရေမတွက်နိုင်သောကျင့်ကြံသူများ လာရောက်ကျင့်ကြံရန် ဆွဲဆောင်နိုင်ပေ၏။

နဂါးကိုးကောင်တိုက်ကြီး၏အရပ်မျက်နှာလေးဘက်တွင် သေးငယ်သောကုန်းမြေရှစ်ခုရှိသည်။ထိုကုန်းမြေရှစ်ခုသည် တော်ဝင်မြို့တော်၏နံဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲနေကာ မြို့တော်အား ကာကွယ်ပေးထားသော အကာအကွယ်ဝင်္ကပါကြီးအဖြစ် ဖွဲ့စည်းသွားသည်။

ထိုကုန်းမြေရှစ်ခုအနက် မြောက်ဘက်အစွန်ဆုံးကုန်းမြေသည် အနီးစပ်ဆုံးဖြစ်ကာ ထိုနေရာရှိကြယ်နယ်မြေများအားလုံးကိုစုပေါင်း၍ မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေဟု ခေါ်ဆိုသည်။

မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေပေါ်၌ နေထိုင်သူအများစုမှာ လူရိုင်းများဖြစ်ပေ၏။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် တော်ဝင်မြို့တော်ကိုတည်ထောင်စဥ်၌ ဒေသခံလူရိုင်းများအားလုံးကို အမြစ်ပြတ်သုတ်သင်ခြင်းမပြုဘဲ ဤနေရာသို့ ပြောင်းရွှေ့ထားရန် ဆုံးဖြတ်ခဲ့သည်။ဤသည်က ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ စိတ်သဘောထားကြီးမှုကို ပြသနေခြင်းပင်။

တစ်ချိန်တုန်းက မြောက်ပိုင်းဝါးမျိူခြင်းကုန်းမြေသည် အလွန်အမင်းအေးစက်ပေ၏။ထိုနေရာကို တစ်နှစ်ပတ်လုံး ရေခဲများနှင့်ဆီးနှင်းများက လွှမ်းခြုံထားသည်။နောက်ပိုင်း၌ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် သူ၏နတ်ဘုရားစွမ်းရည်ကိုအသုံးပြုကာ ဤနေရာရှိရာသီဥတုအခြေအနေကို ပြောင်းလဲခဲ့သဖြင့် ကြမ်းတမ်ပြီးပြင်းထန်သော ဆောင်းရာသီမျိုး ထပ်မံ၍မရှိတော့ချေ။နောက်ဆုံး၌ ထိုလူရိုင်းများသည် ဤနေရာ၌ သက်တောင့်သက်သာရှိသောဘဝမျိုးနှင့် အသက်ရှင်နေထိုင်နိုင်ခဲ့ပေ၏။

လုယွီသည် တော်ဝင်မြို့တော်မှ ထွက်ခွါခဲ့ပြီးနောက် ကျယ်ပြန့်သောပင်လယ်သမုဒ္ဒရာအတွင်းသို့ ခုန်ချလိုက်သည်။ပင်လယ်အတွင်း၌ လီပေါင်းသုံးထောင်ခန့်ဖြတ်သန်းပြီးချိန်တွင် နောက်ဆုံး၌ သူ မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေသို့ ရောက်ရှိခဲ့သည်။

ပင်လယ်ကြမ်းပြင်၌ရှိနေစဥ်တွင် လုယွီသည် အထက်၌ ရှေ့နောက်ဝေ့ဝိုက်ကာ အာရုံခံနေသော နတ်ဘုရားစိတ်အာရုံတစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။

ထိုနတ်ဘုရားစိတ်အာရုံအတွင်း၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒလည်း ရောယှက်နေသည်။ဤသည်က သူ့အားသတ်ဖြတ်ရန်လိုက်လာသော ရှဖုန်းဖြစ်မည်မှာ သိသာထင်ရှားလှ၏။

"သူက ဇွဲတော့ကောင်းသားပဲ...ဝိုင်းပြီးတိုက်ခိုက်ခံနေရတဲ့ အကျပ်အတည်းကတောင် မြန်မြန်ရုန်းထွက်လာနိုင်တယ်"

လုယွီက ညည်းတွားလိုက်သည်။

သို့ရာတွင် လုယွီထံ၌ သူ၏အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်သော ရှေးဟောင်းကျင့်ကြံနည်းစနစ်များရှိနေသည်။ထို့ပြင် ပင်လယ်သမုဒ္ဒရာ၏အကာအကွယ်ဖြင့် သူ့အား ရှဖုန်းတွေ့ရှိနိုင်ရန်မှာ လွန်စွာခက်ခဲပေမည်။

အမှန်အားဖြင့် ရှဖုန်းထံတွင် သူ့အားသတ်ဖြတ်နိုင်သော အရည်အချင်းမျိုးမရှိချေ။သို့ရာတွင် ရှဖုန်း၏လက်အတွင်းရှိ တာအိုသခင်၏နာမ်ဝိညာဥ်မှော်ရတနာသည် သူ့အား ခြိမ်းခြောက်နိုင်စွမ်းရှိပေ၏။

အကယ်၍ ရှဖုန်းသည် မဆင်မခြင်ဖြင့် တာအိုသခင်နာမ်ဝိညာဥ်မှော်ရတနာ၏စွမ်းအားကိုသာ ထုတ်ဖော်အသုံးပြုလိုက်ပါက အရာအားလုံးအဆုံးသတ်သွားပေမည်။

ရှဖုန်းသည် အလွန်အမင်း ဒေါသထွက်နေသောကြောင့် သူသည် နေရာတစ်ခုကို စူးစမ်းရှာဖွေပြီးနောက် ချက်ချင်းဆိုသလိုပင် နောက်ထပ်နေရာများကို သွားရောက်၍ရှာဖွေသည်။

ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ လုယွီက ပင်လယ်ရေအတွင်းမှခုန်တက်ကာ သစ်ပင်များအကြားသို့ပြေးဝင်လိုက်သည်။မည်သူကမျှ သူ့အား ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ချေ။

"နတ်ဘုရားလမ်းကြောင်းနည်းစနစ်ကို အသုံးပြုတာက ငါ့ရဲ့မှော်စွမ်းအားတွေကို တော်တော်ကုန်ဆုံးသွားစေတာပဲ...ငါ့ရဲ့လက်ရှိကျင့်ကြံခြင်းနယ်ပယ်နဲ့ သီရှားရဲ့ပြောင်းလဲမှုပုံစံခုနစ်ဆယ့်နှစ်မျိုးကို အသုံးပြုနိုင်ဖို့ဆိုတာ ခက်ခဲနေတုန်းပဲ"

လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။ထို့နောက် သူ၏အင်္ကျီလက်မောင်းကြားမှ ဆေးလုံးများကိုထုတ်ယူ၍ သူ၏ပါးစပ်အတွင်းသို့ပစ်သွင်းကာ အလျှင်အမြန်သန့်စင်လိုက်သည်။

ဆေးစွမ်းအားများ သူ၏ခန္ဓာကိုယ်အတွင်းသို့ တလိမ့်လိမ့်စီးဝင်လာမှုနှင့်အတူ နောက်ဆုံး၌ သူ၏မှော်စွမ်းအားတချို့ ပြန်လည်ရရှိလာခဲ့သည်။

"ဒီနေရာမှာ လူနည်းစုပဲနေထိုင်ကြတာ...တကယ်လို့ ငါ တစ်ယောက်တည်း လှုပ်ရှားသွားလာနေမယ်ဆိုရင် ငါ့ကို ရှဖုန်းက အလွယ်တကူရှာတွေ့သွားနိုင်တယ်...ငါ လူများတဲ့နေရာတစ်နေရာကို ရှာရလိမ့်မယ်"

လုယွီက ပတ်ဝန်းကျင်ကို စတင်၍စူးစမ်းလေ့လာလိုက်၏။သူ၏အမြင်အာရုံနှင့်အကြားအာရုံသည် လွန်စွာအားကောင်းသဖြင့် မကြာမီမှာပင် တောအုပ်အတွင်း၌ ဂရုတစိုက်လျှောက်လှမ်းနေသော လူတစ်စုကို ရှာဖွေတွေ့ရှိသွားသည်။

ထိုလူစုတွင် လူဆယ်ယောက်ကျော်ပါဝင်ပြီး သူတို့အားလုံးမှာ လူငယ်များဖြစ်သည်။ထိုလူငယ်များအနက်မှ အားအနည်းဆုံးလူပင်လျှင် စိတ်ဝိညာဥ်နယ်ပယ်ကျင့်ကြံဆင့်ရှိသည်။

အကယ်၍ သူတို့ကို ပြင်ပလောကတွင်သာ ထားလိုက်ပါက သူတို့၏ခွန်အားကြောင့် ပါရမီရှင်များအဖြစ် မြေတောင်မြှောက်ပေးခြင်းကိုခံရပေမည်။

ကြည့်ရသည်မှာ ထိုလူငယ်တစ်စုသည် ပြဿနာတချို့နှင့်ရင်ဆိုင်နေရပုံရှိသည်။

သူတို့၏ရှေ့၌ ဧရာမဝက်သိုးဘုရင်ကြီးတစ်ကောင် ရှိနေလေ၏။ထိုဝက်သိုးဘုရင်ကြီး၏အနက်ရောင်သားမွှေးများသည် ထောင်မတ်နေကာ သူ၏ခန္ဓာကိုယ်မှာ ရထားလုံးတစ်စီးစာမျှကြီးမားသည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အားကောင်းသောကြွက်သားများရှိနေကာ ပြင်းထန်သောနတ်ဆိုးအငွေ့အသက်များက သူ့ထံမှထွက်ပေါ်နေသည်။

ထိုဝက်သိုးဘုရင်၏သွားစွယ်နှစ်ချောင်းသည် အထက်သို့ထောင်မတ်နေကာ ထိုအရာများပေါ်တွင် သွေးစသွေးနများ စွန်းထင်းနေသဖြင့် သူ့ကြောင့် တစ်စုံတစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်မှာ သိသာထင်ရှားလှ၏။

လုယွီက ထိုလူငယ်အုပ်စုအတွင်းမှ အားအကောင်းဆုံးလူသည် အရပ်မြင့်မားပြီးတုတ်ခိုင်သန်မာသော လူငယ်တစ်ယောက်ဖြစ်ခြင်းကို သတိပြုမိသည်။

သူ၏ကျင့်ကြံဆင့်သည် လေလွင့်အင်မော်တယ်နယ်ပယ်ဖြစ်သော်လည်း ထိခိုက်ဒဏ်ရာရရှိထားသဖြင့် သိုင်းသူတော်စင်နယ်ပယ်သို့ လျော့ကျနေလေပြီ။

သို့ရာတွင် ထိုလူငယ်သည် သူ၏အစွမ်းထက်သော တိုက်ခိုက်မှုစွမ်းအားကို ထိန်းသိမ်းထားဆဲပင်။

သူသည် ရှည်လျားသောတုတ်တစ်ချောင်းကို လေပြင်းတိုက်ခတ်သကဲ့သို့ ဝှေ့ယမ်းအသုံးပြုနေကာ ဝက်သိုးဘုရင်ကြီး၏တိုက်ခိုက်မှုတိုင်းကို ပိတ်ဆို့ဟန့်တားနေသည်။

Chapter 2214

ဘန်း...ဘန်း...ဘန်း...

လူငယ်၏တုတ်နည်းစနစ်သည် အလွန်ပရိယာယ်များပေ၏။ဝက်သိုးဘုရင်ကြီးသည် ရက်စက်ကြမ်းကြုတ်ပြီး အညှာအတာကင်းမဲ့သော်လည်း သူ၏တိုက်ခိုက်မှုတိုင်းကို လူငယ်က တုတ်နည်းစနစ်ဖြင့် ပိတ်ဆို့ဟန့်တားနိုင်သည်။

ထို့ပြင် ထိုလူငယ်၏နောက်ရှိလူငယ်ဆယ်ယောက်ကျော်သည် ဝက်သိုးဘုရင်ကြီးကို ဝိုင်းရံ၍တိုက်ခိုက်နေကြသော်လည်း သူတစ်ယောက်တည်းကသာ ဝက်သိုးဘုရင်ကြီးကို ထိခိုက်ဒဏ်ရာရရှိစေသည်။

"သခင်လေးထျန်းက အရမ်းတော်တာပဲ"

"သခင်လေးထျန်းသာရှိနေရင် ဒီနတ်ဆိုးသားရဲတွေက ငါတို့ကိုနာကျင်အောင်လုပ်နိုင်မှာမဟုတ်ဘူး"

သို့ရာတွင် လူတိုင်းက တခြားအဖြူရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်ကိုသာ မြှောက်ပင့်ချီးမွမ်းနေကြ၏။

ထိုသခင်လေးထျန်းဆိုသူတွင် ရှည်လျားသောဆံပင်များနှင့် ချောမောခန့်ညားသောရုပ်ရည်ရှိကာ သူ၏လက်အတွင်း၌ ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသည်။သူ၏ဓားကိုဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ဓားချီလှိုင်းများပျံသန်းထွက်လာကာ ဝက်သိုးဘုရင်ကြီး၏ခေါင်းကိုထွင်းဖောက်သွားပြီး သွေးများယိုစီးကျလာစေသည်။

လူငယ်များ၏ချီးမွမ်းမြှောက်ပင့်သံများကိုကြားချိန်တွင် သခင်လေးထျန်း၏မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားသောအပြုံးမျိုး ထင်ဟပ်လာသည်။

"ဒါက နတ်ဆိုးသားရဲလေးတစ်ကောင်ပါပဲ...မင်းတို့အားလုံး မလှုပ်ရှားကြနဲ့...ငါ သူ့ကို ဓားချက်တစ်ချက်တည်းနဲ့ အသေသတ်ပြမယ်"

သခင်လေးထျန်းက သူ၏ခေါင်းကိုမော့၍ မောက်မာဝံ့ကြွားစွာ ပြောဆိုလိုက်၏။

တခြားလူငယ်များသည် သခင်လေးထျန်း၏စကားကိုကြားချိန်တွင် စိတ်တည်ငြိမ်အေးချမ်းသွားသည်။

လုယွီက ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

ဝက်သိုးဘုရင်ကြီးသည် လျှို့ဝှက်ဆန်းကြယ်သော အားလှိုင်းတစ်ရပ်၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပုံဖြင့် သူ၏စွမ်းအားများကို လက်ရှိအခြေအနေမျိုးထိ ဖိနှိပ်ခြင်းခံထားရသည်။

လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်သာ ဝက်သိုးဘုရင်ကြီးကို ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိအောင် ရင်ဆိုင်တိုက်ခိုက်နိုင်ပေမည်။

ထိုလူငယ်အုပ်စု ယခုလက်ရှိအချိန်ထိ တောင့်ခံနိုင်သောအကြောင်းအရင်းမှာ တုတ်ခိုင်သန်မာသောလူငယ်၏တုတ်နည်းစနစ်သည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေကာ ဝက်သိုးဘုရင်ကြီး၏ဟာကွက်နေရာများကို တိုက်ခိုက်နိုင်ခြင်းကြောင့်ဖြစ်သည်။

လူငယ်များအားလုံး၏ချီးမွမ်းမှုကို ရရှိထားသော အဖြူရောင်ဝတ်စုံဝတ်လူငယ်၏ဓားရေးသည် ကြီးကျယ်ခမ်းနားသော်လည်း သူ၏ဓားချက်များသည် ဝက်သိုးဘုရင်ကို ထိခိုက်ဒဏ်ရာတချို့ရရှိစေသည်ကလွဲ၍ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်စွမ်းမရှိချေ။

ဤသည်က တစ်စုံတစ်ယောက်ကို ခြင်ကိုက်လိုက်သကဲ့သို့ပင်။ထိုအရာသည် လူများကို ကသိကအောက်ဖြစ်စေသော်လည်း အသက်အန္တရာယ်ကျရောက်နိုင်စေခြင်းမရှိပေ။

အကယ်၍ တုတ်ခိုင်သန်မာသောလူငယ်၏ တိုက်ခိုက်မှုကြောင့်သာမဟုတ်ပါက ယခုလက်ရှိနေရာတွင်ရှိနေသော လူငယ်များအားလုံး သတ်ဖြတ်ခံရပြီးဖြစ်ပေမည်။

သို့ရာတွင် လက်ရှိနေရာ၌ရှိနေသော လူငယ်များအားလုံးသည် ထိုအချက်ကိုနားမလည်ကြသည်မှာ သိသာထင်ရှားလှ၏။

သခင်လေးထျန်းက သူကိုယ်တိုင်တိုက်ခိုက်လိုသည်ဟုဆိုလာချိန်တွင် လူငယ်များအားလုံးက သူတို့၏တိုက်ခိုက်မှုများကိုရပ်တန့်ကာ နံဘေးဘက်မှစောင့်ကြည့်လိုက်ကြသည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ...ဘာလို့ အတူပူးပေါင်းပြီး မတိုက်ခိုက်ကြတာလဲ"

တုတ်ခိုင်သန်မာသောလူငယ်သည် ရုတ်တရက် ဖိအားနှစ်ဆတိုးလာသည်ကို ခံစားမိသဖြင့် ကူကယ်ရာမဲ့စွာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

သူ၏နံဘေး၌ အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်ရှိနေသည်။ထိုမြင်ကွင်းကို မြင်သည်နှင့် သူမက ထိတ်လန့်တကြား သတိပေးလေ၏။

"အကို...ဂရုစိုက်အုံး"

လူငယ်များအားလုံး၏ထိန်းချုပ်ဟန့်တားထားခြင်း မရှိတော့သဖြင့် ဝက်သိုးဘုရင်ကြီး၏စွမ်းအားများ ပို၍အားကောင်းလာသည်။

သူ၏လက်သည်းများကိုဆန့်ထုတ်ပြီး ရှေ့သို့ကုတ်ဆွဲလိုက်ရာ ရုတ်တရက် ပြင်းထန်သောလေပြင်းတစ်ရပ်က မြင့်တက်လာပေ၏။

တုတ်ခိုင်သန်မာသောလူငယ်၏ခေါင်းရှိ ဆံပင်များ ထောင်မတ်သွားကာ သူ၏တုတ်ကိုအလျှင်အမြန်ဝှေ့ယမ်း၍ ပိတ်ဆို့ဟန့်တားလိုက်သည်။

ဘုန်း...

ထိုတုတ်ထံမှတဆင့် ပြင်းထန်သောတုန်ခါမှုလှိုင်းတစ်လှိုင်းက ပျံ့နှံ့လာသည်။

တုတ်ခိုင်သန်မာသောလူငယ်သည် သူ၏လက်ဖဝါး ထုံကျင်လာမှုကိုသာ ခံစားလိုက်ရ၏။သူသည် ပြင်းထန်သောအားလှိုင်းတစ်ရပ်၏ ရိုက်ခတ်မှုကိုခံလိုက်ရကာ နောက်သို့လွင့်ထွက်သွားပြီး ကျောက်တုံးကြီးတစ်တုံးနှင့် ပြင်းပြင်းထန်ထန် ဆောင့်မိသွားတော့သည်။

ကြီးမားသောတုန်ခါမှုလှိုင်းသည် တုတ်ခိုင်သန်မာသောလူငယ်၏ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာသဖြင့် သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။

"အကို...အဆင်ပြေရဲ့လား"

အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် အပြေးအလွှားလာ၍ တုတ်ခိုင်သန်မာသောလူငယ်ကို တွဲထူပေးလိုက်၏။

တုတ်ခိုင်သန်မာသောလူငယ်သည် စကားတုံ့ပြန်ပြောဆိုခြင်းမရှိသော်လည်း သူ အပြင်းအထန်ဒဏ်ရာရရှိသွားခြင်းမှာ သိသာထင်ရှားသည်။

"ဟမ့်...မင်းက ဘာလုပ်ရမယ်ဆိုတာကိုတောင် မသိတဲ့ကောင်ပဲ"

သခင်လေးထျန်းက သရော်တော်တော်ပြောဆိုကာ သူ၏မျက်နှာပေါ်၌ ပြက်ရယ်ပြုလှောင်ပြောင်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် ဝမ်းနည်းကြေကွဲမှုနှင့်ခံပြင်းဒေါသထွက်မှုများ ရောယှက်နေသောအသံဖြင့် တုံ့ပြန်ပြောဆိုလေ၏။

"နင်က တခြားလူတွေကို နောက်ဆုတ်ဖို့အမိန့်ပေးခဲ့တာလေ...ဒါကြောင့် ငါ့ရဲ့အကို ဒဏ်ရာရသွားခဲ့တာ"

သို့ရာတွင် သခင်လေးထျန်းကမူ ထိုသို့တွေးတောပုံမရချေ။

"ဒါက သူ အသုံးမကျလို့လေ...တကယ်လို့ သူ့မှာအရည်အချင်းမရှိရင်လည်း နောက်ဆုတ်လိုက်ပါလား...သူ ဒဏ်ရာရသွားတာက သူနဲ့ထိုက်တန်တယ်"

"နင်...."

အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးက အလွန်အမင်းဒေါသထွက်သွားသည်။

"ဒါက အမှန်ပဲ...သခင်လေးထျန်း ဒီနေရာမှာရှိနေမှတော့ သူ တိုက်ခိုက်ဖို့လိုအပ်လို့လား"

"သခင်လေးထျန်းရဲ့လှုပ်ရှားမှုကို နှောင့်နှေးအောင်လုပ်တဲ့သူက အကျိုးဆက်ကို ခံယူရတာပဲလေ...သူက သူ့ခွန်အားကိုမှ သူ မချင့်ချိန်တက်တာ"

ပတ်ဝန်းကျင်ရှိလူငယ်များသည် ထိုမောင်နှမနှစ်ယောက်ကို ပြစ်တင်ပြောဆိုနေကြကာ တုတ်ခိုင်သန်မာသောလူငယ်သည် အစောပိုင်းက သူတို့အားကာကွယ်ပေးခဲ့သည်ဟူသောအချက်ကို လျစ်လျှူရှုထားကြ၏။

Chapter 2215

ထိုလူငယ်များ၏ချီးမွမ်းမြှောက်ပင့်မှုကိုကြားချိန်တွင် သခင်လေးထျန်း၏မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားသောအပြုံးမျိုး ထင်ဟပ်လာသည်။

"အရင်က ငါ့ရဲ့အစစ်အမှန်ခွန်အားကို အသုံးမပြုခဲ့တာက မင်းရဲ့အရည်အချင်းကို ငါ ကြည့်ချင်လို့ပဲ..ဒါပေမယ့် ကံဆိုးချင်တော့ မင်းတို့ကောင်တွေအားလုံးက အတူတူပဲ"

သခင်လေးထျန်းက သူ၏ခေါင်းကို ကူကယ်ရာမဲ့စွာဖြင့် ခါယမ်းလိုက်၏။

"ကောင်းပြီလေ...အစစ်အမှန်ပါရမီရှင်တစ်ယောက်က ဘယ်လိုမျိုးလဲဆိုတာ မင်းတို့သိအောင် ငါပြမယ်"

စကားဆုံးသည်နှင့် သခင်လေးထျန်းက အခိုင်အမာယုံကြည်ချက်ရှိပုံဖြင့် သူ၏ဓားကို ကိုင်မြှောက်ကာ ဝက်သိုးဘုရင်ကြီးထံသို့ လျှောက်လှမ်းသွားလေသည်။

"ယုတ်ညံတဲ့သားရဲကောင်...ငါ ဒီနေ့ မင်းကို အလွတ်မပေးနိုင်ဘူး...သေစမ်း"

သခင်လေးထျန်းက သူ၏မှော်စွမ်းအားများကိုစုစည်းကာ သူ၏လက်အတွင်းရှိဓားရှည်အတွင်းသို့ ထည့်သွင်းလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ထိုဓားရှည်မှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။ထိုဓားရှည်တွင် အေးစက်စက်အငွေ့အသက်များနှင့်အတူ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေသည်။

"မိုးပြာနဂါးရဲ့ပထမဓားချက်"

သခင်လေးထျန်းက သူ၏ဓားကို ဝှေ့ယမ်းလိုက်၏။ရုတ်ချည်းဆိုသလိုပင် ဓားချီများမှနေ၍ မိုးပြာရောင်နဂါးတစ်ကောင် ထွက်ပေါ်လာကာ ပါးစပ်ကြီးကိုဖွင့်ဟ၍ ဝက်သိုးဘုရင်ကို ဝါးမျိုလိုက်သည်။

ထိုဓားချီများမှဖြစ်တည်လာသော မိုးပြာနဂါးသည် သက်ရှိတစ်ကောင်နှင့်တူညီကာ လူတိုင်းအား ကြောက်ရွံစေသောခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။

"သခင်လေးထျန်းရဲ့ဓားနည်းစနစ်က အရင်ထက်ပိုပြီး အားကောင်းလာတယ်"

"သူ့ရဲ့ဦးလေးက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ လက်ထောက်ကျောင်းအုပ်လို့ ငါ ကြားထားတယ်...သူက ကလေးဘဝကနေစပြီးတော့ အဖိုးတန်ရှားပါးတဲ့ကျင့်ကြံနည်းစနစ်တွေကို ကျင့်ကြံခဲ့ရတယ်...သူက ငါတို့ထက် ပိုပြီးထူးချွန်တာ သဘာဝကျပါတယ်"

"ငါ မနာလိုလိုက်တာ...ငါ့မှာလည်း ဒီလိုခွန်အားမျိုးရှိရင် အရမ်းကောင်းမှာပဲ"

လူငယ်များသည် သူတို့နှင့်လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေသော အန္တရာယ်ကို သတိမပြုမိဘဲ စကားပြောဆိုနေကြ၏။

လုယွီက ထိုဓားချက်ကိုမြင်ချိန်တွင် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ယခင်က ထိုသခင်လေးထျန်းဆိုသူသည် အချိန်တခဏကြာ ထိန်းချုပ်၍တိုက်ခိုက်နိုင်အုံးမည်ဟု သူ တွေးတောခဲ့သည်။သို့ရာတွင် သေရေးရှင်ရေးအခြေအနေမျိုး၌ သခင်လေးထျန်းအသုံးပြုခဲ့သော ဓားချက်သည် လွန်စွာအားနည်းနေပေ၏။

လုယွီ၏အတွေ့အကြုံအရ သခင်လေးထျန်း၏ဓားနည်းစနစ်သည် အတော်အသင့်အစွမ်းထက်သောနည်းစနစ်တစ်ခုဖြစ်ကြောင်း အတပ်ပြောနိုင်သည်။အကယ်၍ သခင်လေးထျန်းသာ ထိုဓားနည်းစနစ်ကို ဂရုတစိုက်လေ့ကျင့်ပါက တုတ်ခိုင်သန်မာသောလူငယ်၏တုတ်နည်းစနစ်ထက် ပို၍ကောင်းမွန်ပေမည်။

သို့ရာတွင် သခင်လေးထျန်းသည် သူ၏ကျင့်ကြံဆင့်အခြေခံအုတ်မြစ်ကို လျစ်လျှူရှုထားသည်မှာ သိသာထင်ရှားလှ၏။

သူသည် ယခင်ကအစွမ်းထက်သော ဓားနည်းစနစ်တစ်ခုကို ရှုပ်ထွေးအောင်ပြုလုပ်ခဲ့သည်။အဆုံးသတ်၌ သူ၏ဓားနည်းစနစ်တွင် အနှစ်သာရကင်းမဲ့သွားတော့သည်။

ဤဓားနည်းစနစ်ကိုကြည့်ရသည်မှာ ယခင်ထက်ပို၍ လှပသွားသော်လည်း ဖျက်ဆီးမှုစွမ်းအား ပြင်းထန်ခြင်းမရှိတော့ချေ။

မျှော်လင့်ထားသကဲ့သို့ပင် ဝက်သိုးဘုရင်ကြီးသည် ကျယ်လောင်စွာဟိန်းဟောက်၍ သူ၏လက်သည်းများကို ဆန့်တန်းကာ သူ့အားလွှမ်းခြုံထားသော ဓားချီကိုဆုတ်ဖြဲလိုက်၏။

အရှိန်အဟုန်များပြည့်နှက်နေပုံရသော မိုးပြာနဂါးဓားချီသည် ဝက်သိုးဘုရင်ကြီး၏လက်သည်းများကို ခုခံနိုင်စွမ်းမရှိဘဲ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။

ဘာ...

သခင်လေးထျန်းသည် ထိုမြင်ကွင်းကိုမြင်ချိန်တွင် လျှပ်စီးဖြင့်ရိုက်ခတ်ခံရသည့်အလား ခံစားလိုက်ရသည်။

ဤှသည်က သူ ဂုဏ်ယူအားအထားရဆုံး ဓားနည်းစနစ်ပင်။

သူ၏မိသားစုအတွင်း၌ မည်ကဲ့သို့သောပြိုင်ဘက်မျိုးနှင့် တွေ့ရသည်ဖြစ်စေ ထိုဓားနည်းစနစ်ကိုအသုံးပြုလိုက်သည်နှင့် မည်သူကမျှ သူ့အား ယှဥ်ပြိုင်နိုင်ခြင်းမရှိချေ။

သို့ရာတွင် သခင်လေးထျန်းက သူသည် မိသားစုကြီးတစ်ခုမှ သခင်လေးတစ်ယောက်ဖြစ်သည့်အပြင် မောက်မာဝံ့ကြွားသူဖြစ်သဖြင့် သူ၏ကျင့်ကြံနည်းစနစ်များမှ ဟာကွက်များကို ထောက်ပြခြင်းမခံခဲ့ရကြောင်း သိရှိမည်မဟုတ်ချေ။

သာမာန်လူများသည် သခင်လေးထျန်းနှင့် တိုက်ခိုက်ကြရာတွင် အရင်ဆုံးအနေဖြင့် သူ လက်စားပြန်ချေမည်ကို စိုးရိမ်ကြရာ သူတို့ကအလျှော့ပေး၍တိုက်ခိုက်ကြသည်။

ထိုကြောင့် သူ၏ဓားနည်းစနစ်မှဟာကွက်များအားလုံးကို တခြားသူများအားလုံး တွေ့မြင်ကြသော်လည်း သခင်လေးထျန်း သိရှိခြင်းမရှိချေ။

"မြန်မြန်...ရှောင်ရမယ်"

ဝက်သိုးဘုရင်ကြီး ချဥ်းကပ်လာသည်ကိုမြင်ချိန်တွင် သခင်လေးထျန်းသည် မကြုံစဖူးအန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။

သူက အလျှင်အမြန်မတ်တတ်ထရပ်ပြီး နံဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။

ဝက်သိုးဘုရင်ကြီးသည် သူ၏ပစ်မှတ်ပျောက်ဆုံးသွားသဖြင့် သူ၏မျက်လုံးအကြည့်က တုတ်ခိုက်သန်မာသောလူငယ်ထံသို့ အခိုင်အမာကျရောက်သွားသည်။

အစောပိုင်းက ထိုတုတ်ခိုင်သန်မာသောလူငယ်၏လက်အတွင်းမှတုတ်သည် သူ့အား အခက်အခဲများစွာတွေ့စေခဲ့ပေ၏။

ဝေါင်း...

ဝက်သိုးဘုရင်ကြီးသည် ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။ထို့နောက် သူ၏သွားစွယ်နှစ်ချောင်းကိုဖြဲဟ၍ သူ့၏ခွါလေးချောင်းကို မြေပြင်ပေါ်၌ ကဆုန်စိုင်းခုန်ပေါက်လိုက်သည်။

"အကို...ဂရုစိုက်ပါ"

ထိုမြင်ကွင်းကိုမြင်သည်နှင့် အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် တုတ်ခိုင်သန်မာသောလူငယ်၏ရှေ့၌ အလျှင်အမြန် မတ်တတ်ထရပ်လိုက်၏။

တုတ်ခိုင်သန်မာသောလူငယ်က အံ့အားသင့်တုန်လှုပ်သွားသည်။

သို့ရာတွင် အရာအားလုံးသည် အလွန်ရုတ်တရက်ဆန်စွာ ဖြစ်ပျက်သွားလေ၏။

လူငယ်များအားလုံးသည် ဝက်သိုးဘုရင်ကြီး ကဆုန်စိုင်းပြေးဝင်လာသည်ကိုမြင်ချိန်တွင် တကွဲတပြားစီထွက်ပြေးသွားကြကာ မည်သူကမျှ ဤနေရာတွင် ဆက်မနေဝံ့ကြချေ။

ကြည့်နေရင်းမှပင် ဝက်သိုးဘုရင်ကြီး၏သွားစွယ်များက အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးနှင့် တုတ်ခိုင်သန်မာသောလူငယ်ပေါ်သို့ ကျရောက်လုဆဲဆဲ အခြေအနေမျိုး ရောက်ရှိလာခဲ့သည်။

All Chapters