အခန်း (၂၂၁၆-၂၂၂၀)
Vol. 114 Ch. 2216-2220
Chapter 2216
ဘန်း...
တုတ်ခိုင်သန်မာသောလူငယ်သည် ရုတ်တရက် သူ၏ညီမဖြစ်သူကိုချီမကာ သူ၏နောက်သို့ပို့၍ ကာကွယ်ပေးလိုက်သည်။ထို့နောက် တခြားလက်တစ်ဖက်ဖြင့် သံတုတ်ကိုကောက်ကိုင်ကာ ဝက်သိုးဘုရင်ကြီး၏ခေါင်းကို ရိုက်နှက်လိုက်၏။
ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ ဝက်သိုးဘုရင်ကြီးသည် မူလလမ်းကြောင်းမှ ရုတ်တရက်သွေဖည်သွားသည်။သူ၏ဦးခေါင်းသည် မြေပြင်အတွင်းသို့စိုက်ဝင်သွားကာ မြောက်မြားစွာသောမြေစမြေနများ လွင့်စင်သွားပေ၏။
တုတ်ခိုင်သန်မာသောလူငယ်က ထိုဝက်သုံးဘုရင်ကြီး၏ခေါင်းသည် အလွန်မာကြောမည်ဟု မျှော်လင့်ထားမိပုံမရချေ။
ထိုသံတုတ်မှနေ၍ ပြင်းထန်သောအားလှိုင်းတစ်ရပ်က တိုးဝင်လာသည်။တုတ်ခိုင်သန်မာသောလူငယ်သည် သူ၏လက်ထုံကျင်လာခြင်းကိုခံစားရပြီးနောက် သူ့လက်အတွင်းမှသံတုတ် လွင့်ထွက်သွားပေ၏။
ထိုမြင်ကွင်းကိုကြည့်ပြီး တုတ်ခိုင်သန်မာသောလူငယ်၏စိတ်နှလုံးသားတစ်ခုလုံး လေးလံသွားသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ဝက်သိုးဘုရင်ကြီးသည် မှန်ကန်သောဦးတည်ချက်ကို တွေ့ရှိသွားပုံဖြင့် တုတ်ခိုင်သန်မာသောလူငယ်ကို စူးစိုက်၍ကြည့်လိုက်သည်။
ထိုမြင်ကွင်းကိုကြည့်ပြီး တုတ်ခိုင်သန်မာသောလူငယ်က သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။သူတို့မိသားစု၏ကံကြမ္မာသည် အစုန်အဆန်များစွာဖြင့် ရင်ဆိုင်နေရသည်။ထို့ကြောင့် သူတို့မောင်နှမနှစ်ယောက်သည် ရုန်းထွက်နိုင်ရန် စီစဥ်နေကြ၏။မမျှော်လင့်ဘဲ သူတို့သည် ဤကဲ့သို့အခက်အခဲမျိုးနှင့် ထပ်မံ၍ရင်ဆိုင်တွေ့နေရသည်။
ဤတစ်ကြိမ်တွင် သူတို့သည် သေခြင်းတရားအောက်မှ လွတ်မြောက်နိုင်တော့မည့်ပုံမရချေ။
သူတို့၏နောက်ရှိ လူငယ်များသည် မတော်တဆဆုံတွေ့ခဲ့ရသော လူစိမ်းများသာဖြစ်သည်။ထိုလူငယ်များသည် ဤကဲ့သို့အစွမ်းထက်သောမှော်သားရဲများဖြင့် ရင်ဆိုင်တွေ့ချိန်တွင် အလျှင်အမြန် ကိုယ်လွတ်ရုန်းသွားကြပေမည်။သူတို့အား မည်သည့်နည်းနှင့်မျှ ထိုလူငယ်များ လာရောက်ကူညီမည်မဟုတ်ချေ။
အကယ်၍ ယခင်ကသာ သူတို့အားလုံး အတူပူးပေါင်း၍တိုက်ခိုက်ပါက ထိုနတ်ဆိုးမှော်သားရဲကို အနိုင်ယူနိုင်သည့် အခွင့်အရေးရှိနိုင်သည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ သူတို့နှစ်ယောက်သာ စတေးခံများဖြစ်မည်ကို သူ စိုးရွံမိပေ၏။
မျှော်လင့်ထားသကဲ့သို့ပင် ဝက်သိုးဘုရင်ကြီးသည် သူ၏ပစ်မှတ် ထပ်မံ၍ရှာတွေ့သွားသည်ကိုမြင်ချိန်တွင် သူက ရုတ်တရက်အော်ဟစ်လိုက်သည်။
"သွားကြစို့"
ရုတ်ချည်းဆိုသလိုပင် ထိုလူငယ်တစ်စုသည် တခြားနေရာသို့ဦးတည်၍ ထွက်ပြေးကြတော့သည်။
"အရူးတွေ...ဒီနတ်ဆိုးသားရဲရဲ့ခွန်အားက နတ်ဆိုးစစ်ဗိုလ်ချုပ်ခွန်အားနှင့် နီးကပ်နေပြီ...တကယ်လို့ မင်းတို့ထွက်ပြေးသွားရင်တောင် မင်းတို့ရဲ့အငွေ့အသက်က ကျန်ခဲ့မှာပဲ...တကယ်လို့ သူက မင်းတို့ကို ဖမ်းချင်တယ်ဆိုရင် ဒါက အရမ်းလွယ်ကူတဲ့ကိစ္စပဲ"
တုတ်ခိုင်သန်မာသောလူငယ်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
သူသည် သေခြင်းတရားနှင့်ဆုံတွေ့ရန် အဆင်သင့်ဖြစ်နေသော်လည်း ဝက်သိုးဘုရင်ကြီး၏ပြင်းထန်သောတိုက်ခိုက်မှုက သူ့ထံသို့ရောက်ရှိလာခြင်းမရှိချေ။
ထို့နောက် အနီးအနားရှိသစ်ပင်များမှနေ၍ ပွတ်တိုက်သံများ ထွက်ပေါ်လာသည်။
လုယွီသည် နောက်ဆုံး၌ မတ်တတ်ထရပ်လိုက်ပြီး ချုံပုတ်များအကြားမှ တိုးထွက်လိုက်သည်။
သူသည် ထိုလူငယ်တစ်စုကို စောင့်ကြည့်နေရင်းဖြင့် သူ၏မှော်စွမ်းအားများကို တိတ်တဆိတ် ပြန်လည်စုစည်းနေသည်။နောက်ဆုံး၌ သူ၏မှော်စွမ်းအားတချို့ကို ပြန်လည်ရရှိလာလေပြီ။
တခြားသူများ၏အမြင်၌ လုယွီ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်မှော်စွမ်းအင်လှုပ်ခတ်မှုလှိုင်းမျိုးမျှရှိမနေသဖြင့် သူသည် သာမာန်သေမျိုးတစ်ယောက်ပင်။သို့ရာတွင် ဤသည်က လုယွီအတွက် အကောင်းဆုံးအခြေအနေတစ်ရပ်ဖြစ်သည်။
လုယွီက ဝက်သိုးဘုရင်ထံသို့လျှောက်လှမ်းသွားကာ သူ့အား အေးစက်စက်မျက်လုံးများဖြင့် ကြည့်လိုက်၏။
"ထွက်သွားစမ်း"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
ထိုမြင်ကွင်းကိုမြင်ချိန်တွင် တုတ်ခိုင်သန်မာသောလူငယ်က လုယွီကို ထွက်ခွါသွားစေလိုခဲ့သည်။
သို့ရာတွင် နောက်ထပ်ဖြစ်လာသော ကိစ္စရပ်များသည် သူ၏မျက်စိသူငယ်အိမ်ကို ကျဥ်းမြောင်းသွားစေ၏။
အစွမ်းထက်သောဝက်သိုးဘုရင်သည် သူ၏ခေါင်းကိုငုံ၍ ညည်းတွားကာ နောက်သို့ပြန်လှည့်၍ ထွက်ခွါသွားတော့သည်။
ထိုဝက်သိုးဘုရင်ကြီးသည် အလျင်စလို ထွက်ပြေးသွားကာ ထိတ်လန့်နေပုံဖြင့် လမ်းတလျှောက်လုံး မရေမတွက်နိုင်သောသစ်ပင်များကို ဝင်တိုက်သွားသည်။
မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် ဝက်သိုးဘုရင်ကြီး၏ကြီးမားသောခန္ဓာကိုယ်ကြီး ပျောက်ကွယ်သွားလေ၏။
ဤအတိုင်းထွက်ခွါသွားခဲ့သလော....
လုယွီကိုကြည့်ပြီး တုတ်ခိုင်သန်မာသောလူငယ်ကအံ့အားသင့်သွားသည်။
"မင်းက...."
တုတ်ခိုင်သန်မာသောလူငယ်သည် အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ ပြောဆိုနိုင်ခြင်းမရှိချေ။
စကားတစ်ခွန်းမျှဖြင့် နတ်ဆိုးစစ်ဗိုလ်ချုပ်အဆင့်မှော်သားရဲကို နောက်ဆုတ်သွားစေသည်မှာ မည်ကဲ့သို့စွမ်းအားမျိုးဖြစ်သနည်း။
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"အသံကျယ်ကျယ်မပြောနဲ့...ငါက လှည့်ကွက်တချို့သုံးပြီး အဲ့ဒီနတ်ဆိုးသားရဲကို ခြောက်ထုတ်လိုက်တာ....ကြည့်ရတာတော့ မင်းလည်း ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို သွားမယ့်ပုံပဲ...ငါတို့ အတူတူသွားကြမလား"
တုတ်ခိုင်သန်မာသောလူငယ်က ချက်ချင်းဆိုသလို အသိစိတ်ပြန်ဝင်လာကာ လုယွီအသုံးပြုလိုက်သောနည်းလမ်းကို မှန်းဆလိုက်၏။
ဖြစ်နိုင်သည်မှာ လုယွီထံတွင် ဝက်သိုးဘုရင်အား ခြောက်လှန့်နိုင်သော အဆင့်မြင့်နတ်ဆိုးသားရဲဆေးလုံးရှိနေနိုင်သည်။
အကယ်၍ ထိုဆေးလုံးကိုပြုလုပ်ခဲ့သူမှာ လုယွီသာဖြစ်နေပါက အလွန်ပင်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းပေ၏။
"မင်းရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်...ငါက မူချင်းရှန်...ဒါက ငါ့ရဲ့ညီမ မူလင်းပါ"
တုတ်ခိုင်သန်မာသောလူငယ်က သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ပြောဆိုသည်။
Chapter 2217
"တကယ်လို့ မင်းသာမကူညီရင် ငါတို့မောင်နှမနှစ်ယောက် ဒီနေရာမှာပဲ သေသွားလိမ့်မယ်"
အစောပိုင်းက တုန်လှုပ်ချောက်ချားဖွယ်အချိန်အခိုက်အတန့်ကို ပြန်လည်တွေးတောမိချိန်တွင် မူချင်းရှန်၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများ ရစ်ဝဲနေဆဲပင်။
မူလင်းက သိချင်စိတ်ပြင်းပြသောအကြည့်ဖြင့် လုယွီကိုကြည့်လိုက်၏။ကြည့်ရသည်မှာ လုယွီသည် သူမနှင့်သက်တူရွယ်တူခန့်သာရှိသော်လည်း ဝက်သိုးဘုရင်ကြီးအား စကားတစ်ခွန်းတည်းဖြင့် နောက်ဆုတ်သွားစေရန် သူ မည်ကဲ့သို့ပြုလုပ်လိုက်သည်ကို သူမ မသိရှိချေ။
"ငါက ဒီနေရာကို ဖြတ်သွားရုံသက်သက်ပါ...ဒါက တိုက်ဆိုင်မှုတစ်ခုပဲ"
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
သူ၏စိတ်ဝိညာဥ်မှ ထိန်းချုပ်ဟန့်တားနိုင်စွမ်းဖြင့် နတ်ဆိုးဘုရင်အဆင့်ကိုပင် အညံ့ခံစေနိုင်ရာ နတ်ဆိုးစစ်ဗိုလ်ချုပ်အဆင့်သားရဲကို ဆိုဖွယ်ရာပင်မရှိတော့ချေ။
လုယွီကိုကြည့်ပြီး မူချင်းရှန်က ရုတ်တရက်မေးမြန်းသည်။
"ဒီညီလေးကိုကြည့်ရတာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ဝင်ခွင့်စာမေးပွဲကို ဝင်ပြီးဖြေဆိုဖို့များလား"
လုယွီက အံ့အားသင့်စွာဖြင့် တုံ့ပြန်မေးမြန်းလိုက်၏။
"မင်း ဒါကို ဘယ်လိုလုပ်ပြီးသိတာလဲ"
"ဟား ဟား ဟား...မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေရဲ့ နေရာအနှံ့အပြားမှာ လူရိုင်းတွေပဲရှိနေတာ...တော်ဝင်စစ်တပ်နဲ့ကုန်သည်တွေအပြင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို သွားမယ့်လူတွေပဲ ဒီနေရာကိုလာကြတယ်"
မူချင်းရှန်က လုယွီကိုကြည့်၍ ဆက်လက်ပြောဆိုသည်။
"မင်းက အရမ်းငယ်သေးတယ်...ဒါကြောင့် မင်းက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုမယ့်လူလို့ ငါ ထင်လိုက်တာ...ငါတို့ အတူတူသွားကြမလား"
လုယွီသည် ထိုအကြံပေးမှုကို သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။
လမ်းတလျှောက်၌ လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရန်သွားနေကြသော လူငယ်အမြောက်အများကို တွေ့မြင်မိသည်။
သူတို့သည် လမ်းတဝက်၍ မတော်တဆတွေ့ဆုံခဲ့ကြပြီးနောက် တောအုပ်ကိုဖြတ်သန်း၍ အတူတကွ ခရီးဆက်ခဲ့ကြသည်။
မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေသည် လူရိုင်းများနေထိုင်သောနေရာဖြစ်ပေ၏။တချို့လူရိုင်းမျိုးနွယ်များသည် အသားစိမ်းစားခြင်းနှင့်သွေးသောက်ခြင်းဟူသော လူနေမှုပုံစံများကို ဆက်လက်၍ထိန်းသိမ်းထားဆဲပင်။ဤကုန်းမြေ၏နေရာအများစုကို ထူထပ်သိပ်သည်းသောတောအုပ်များက လွှမ်းခြုံထားကာ အတွင်း၌မရေမတွက်နိုင်သော အစွမ်းထက်မှော်သားရဲများ ပုန်းအောင်းနေသည်။ဤနေရာအား လူသားများအတွက် တားမြစ်နယ်မြေဟုပင် ခေါ်ဆိုနိုင်သည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏အလယ်ဗဟိုတွင် တည်ရှိပေ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့သွားလိုပါက လမ်းတလျှောက်လုံး ထူထပ်သိပ်သည်းသည့်တောအုပ်များကို ဖြတ်သန်းရပေမည်။
"မင်း ရှိနေမှတော့...ငါတို့ ဒီတောအုပ်ကို အောင်အောင်မြင်မြင်ဖြတ်သန်းသွားနိုင်မယ့် အခွင့်အရေးက ပိုပြီးမြင့်တက်လာပြီ"
မူချင်းရှန်က ရုတ်တရက် သူ့နဖူး သူပြန်ရိုက်ကာ မေးမြန်းလိုက်၏။
"စကားမစပ်...ငါ ခုထိ မင်းရဲ့နာမည်ကို မမေးမိသေးဘူး"
"ငါ့ရဲ့မျိုးရိုးနာမည်က လု"
လုယွီက တုံ့ပြန်ပြောဆိုသည်။
မူချင်းရှန်၏မျက်စိသူငယ်အိမ် ကျဥ်းမြောင်းသွားသည်။
"မင်းက တော်ဝင်မြို့တော်ရဲ့လုမိသားစုကလား"
လုယွီက သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။
"မဟုတ်ဘူး"
"အံ့အားသင့်စရာတော့ မရှိပါဘူး...တကယ်လို့ မင်းက လုမိသားစုဝင်သာဆိုရင် မြင့်မြတ်နေမင်းကျောင်းတော်ကိုပဲ သွားတော့မှာပေါ့"
မူချင်းရှန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
လုမိသားစုသည် တော်ဝင်မြို့တော်ရှိမိသားစုကြီးရှစ်ခုအနက်မှ တစ်ခုဖြစ်သည်။
လုမိသားစုဘိုးဘေးသည် သူတော်စင်တစ်ယောက်ဖြစ်သည်။သို့ရာတွင် သူသည် စာပေသူတော်စင်မဟုတ်ဘဲ စစ်သူတော်စင်တစ်ယောက်ဖြစ်ပေ၏။
ရှေးဟောင်းအလယ်ခေတ်အတွင်းတွင် ကောင်းကင်ဘုံနယ်မြေ၌ မြောက်မြားစွာသော ကျင့်ကြံနည်းစနစ်များရှိခဲ့သည်။ထိုကျင့်ကြံနည်းစနစ်များအကြား၌ စစ်တပ်မိသားစုများမှ ကျင့်ကြံသူများသည် တိုက်ခိုက်ရေးပညာရပ်များ၌ ပို၍ထူးချွန်ကြသည်။စစ်တပ်မှကျင့်ကြံသူများသည် သူတို့၏စွမ်းအားများ တိုးတက်စေရန်အလို့ငှါ မရေမတွက်နိုင်သော တိုက်ပွဲများကို ဖြတ်ကျော်ရသည်။ထို့ကြောင့် သူတို့၏တိုက်ခိုက်မှုစွမ်းအားသည် နယ်ပယ်တူကျင့်ကြံသူများအကြား၌ အားအကောင်းဆုံးဖြစ်ပေ၏။
သို့ရာတွင် ရှေးဟောင်းအလယ်ခေတ် အဆုံးသတ်ပြီးနောက် ကျင့်ကြံသူများအကြား၌ ကွဲပြားခြားနားချက်မရှိတော့ချေ။ကျင့်ကြံသူများသည် ကွန်ဖြူးရှပ်ကျောင်းတော်များမှ သမာဓိချီကျင့်ကြံနည်းစနစ်များကိုသာမက စစ်ရေးပညာရှင်များ၏ တိုက်ခိုက်ရေးမှော်နည်းစနစ်များကိုလည်း ကျင့်ကြံနိုင်ကြသည်။ဤှသည်က ကောင်းကင်ဘုံနယ်မြေအတွင်း၌ အလွန်သမားရိုးကျဆန်သော ကိစ္စရပ်များပင်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် နက်နဲသိမ်မွေ့သော ကျင့်ကြံနည်းစနစ်များကိုမူ အမွေအနှစ်များမှတဆင့်သာ ရရှိနိုင်သည်။
တချို့ရှေးဟောင်းဂိုဏ်းများသည် မိသားစုကြီးများ သို့မဟုတ် မြင့်မြတ်နယ်မြေများအဖြစ် ဆင့်ကဲပြောင်းလဲလာကြ၏။ထိုအင်အားစုများသည် အတိတ်တွင်ရှိနေစဥ်အချိန်ကဲ့သို့ အစွမ်းထက်ခြင်းမရှိသော်လည်း သူတို့၏အခြေခံအုတ်မြစ်သည် အလွန်ခိုင်မာသဖြင့် ယခုမှမြင့်တက်လာသောအင်အားစုများ ယှဥ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။
လုမိသားစု၏စစ်သူတော်စင် ကြွေလွင့်သွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာညောင်းခဲ့ပြီဖြစ်သော်လည်း အမွေအနှစ်အမြောက်အများ ချန်ရစ်ထားခဲ့သဖြင့် လုမိသားစုသည် ထိပ်တန်းမိသားစုကြီးရှစ်ခုစာရင်း၌ ရပ်တည်နေနိုင်ဆဲပင်။
မြင့်မြတ်နေမင်းကျောင်းတော်သည် လုမိသားစု၏စစ်သူတော်စင်မှ တည်ထောင်ခဲ့သော ကျောင်းတော်ဖြစ်သည်။
ထိုကျောင်းတော်တွင် စစ်တပ်မိသားစုများမှကျင့်ကြံသူများသည် တိမ်တိုက်များကဲ့သို့ ပေါများပေ၏။မြင့်မြတ်နေမင်းကျောင်းတော်သည် စစ်တပ်မိသားစုမှ ကျင့်ကြံသူများအတွက် မြင့်မြတ်နယ်မြေဟုပင် ခေါ်ဆိုနိုင်သည်။
"မင်းက တိုက်ခိုက်ရေးပညာရပ်တွေကို ကျင့်ကြံတယ်လို့ ငါ မြင်မိတယ်...မင်းက ကျင့်ကြံဖို့အတွက် ဘာလို့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ရွေးချယ်ခဲ့တာလဲ"
လုယွီက မေးမြန်းသည်။
Chapter 2218
လုယွီ၏စကားကိုကြားချိန်တွင် မူချင်းရှန်၏မျက်နှာပေါ်၌ ရှက်ရွံသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
"ငါတို့မူမိသားစုက အရင်တုန်းကတော့ မိသားစုကြီးတစ်စုပဲ...ဒါပေမယ့် ကံဆိုးချင်တော့ ငါတို့မိသားစု နိမ့်ပါးလာခဲ့တယ်...ဒါကြောင့် ငါတို့မောင်နှမနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်မှီခိုပြီးနေနေရတာ...ငါတို့က....မြင့်မြတ်နေမင်းကျောင်းတော်ရဲ့စာသင်စရိတ်ကို မတက်နိုင်ဘူး"
မူချင်းရှန်က ရှက်ရွံသောလေသံဖြင့်ပြောဆိုကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။သူ၏မျက်နှာပေါ်တွင် ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။
စစ်ရေးပညာရပ်များကိုကျင့်ကြံသော ကျင့်ကြံသူများအတွက် မြင့်မြတ်နေမင်းကျောင်းတော်သည် သံသယဖြစ်ဖွယ်မရှိ အကောင်းဆုံးရွေးချယ်မှုဖြစ်ပေ၏။
သို့ရာတွင် တော်ဝင်မြို့တော်အတွင်းရှိ ကျောင်းတော်ငါးခုအနက် မြင့်မြတ်နေမင်းကျောင်းတော်၏စာသင်စရိတ်မှာ အမြင့်မားဆုံးဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် မြင့်မြတ်နေမင်းကျောင်းတော်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ပါက တစ်နှစ်အတွက် အင်မော်တယ်ကျောက်တုံးသုံးသန်းခန့် အနည်းဆုံးကုန်ကျပေမည်။
ထို့ပြင် နေရာထိုင်ခင်း ကျင့်ကြံခြင်းနှင့် စီနီယာများထံမှလမ်းညွှန်မှုကိုခံယူခြင်းများအတွက် အင်မော်တယ်ကျောက်တုံးအမြောက်အများလိုအပ်သည်။မြင့်မြတ်နေမင်းကျောင်းတော်၏ သာမာန်တပည့်တစ်ယောက်သည် တစ်နှစ်တာစရိတ်စကအဖြစ် အနည်းဆုံး အင်မော်တယ်ကျောက်တုံးငါးသန်းခန့် အသုံးပြုရပေမည်။
တာယွီတော်ဝင်စစ်တပ်အတွင်းရှိ သာမာန်စစ်သားတစ်ယောက်သည် တစ်နှစ်တာလစာအဖြစ် အင်မော်တယ်ကျောက်တုံးနှစ်သန်းရရှိသည်။ကျင့်ကြံသူအများစုအတွက် ဤသည်က အလွန်များပြားသောငွေကြေးပမာဏပင်။
မိသားစုကြီးများ၏ထောက်ပံမှုမရှိသော လေလွင့်ကျင့်ကြံသူအများစုသည် အကယ်၍ သူတို့ထံ၌ အင်မော်တယ်ကျောက်တုံးများရှိနေလျှင်ပင် မှော်လက်နက်များနှင့်ဆေးလုံးများကို အလိုရှိသည့်အချိန်တိုင်းဝယ်ယူ၍မရချေ။
ထို့ကြောင့် မြင့်မြတ်နေမင်းကျောင်းတော်ကို တက်ရောက်နိုင်သူအများစုမှာ ချမ်းသာကြွယ်ဝသောမိသားစုကြီးများမှ လူငယ်များဖြစ်သည်။သာမာန်လေလွင့်ကျင့်ကြံသူများသည် ကျောင်းတော်၏စာသင်စရိတ်ကို တက်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် တစ်ခုတည်းသောချွင်းချက်မှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ပင်။
စာပေသူတော်စင်ယီဟန်သည် စာပေသင်ကြားပေးရာ၌ ကန့်သတ်ချက်များထားရှိခွင့်မပြုချေ။ဆင်းရဲသူဖြစ်စေ နိမ့်ကျသူဖြစ်စေ သူတို့ထံ၌ ကျင့်ကြံရန်အခွင့်အရေးရှိသည်။ယီယန်သည် မဟာဆရာသခင်တစ်ယောက်ရရှိသောလစာငွေများအနက်မှ နှစ်စဥ်နှစ်တိုင်း ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ခွဲဝေပေးပို့လေ့ရှိသည်။
ထို့ကြောင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏စာသင်စရိတ်သည် အလွန်နိမ့်ပါးကာ လူတန်းစားအမျိုးမျိုးကို လက်ခံနိုင်သည်။
အကယ်၍ ထိုလူများသည် ခြူးတပြားမျှမရှိသောလူဆင်းရဲများဖြစ်နေလျှင်ပင် သူတို့ထံ၌ သင့်လျော်သောအရည်အချင်းရှိသရွေ့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်နိုင်ပေ၏
အကျိုးဆက်အနေဖြင့် နှစ်စဥ်နှစ်တိုင်း ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုသောလူဦးရေမှာ လွန်စွာများပြားကာ တော်ဝင်ကျောင်းတော်အား ဝင်ခွင့်လျှောက်ထားသူဦးရေထက်ပင် ကျော်လွန်နေသည်။ထို့ပြင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ လူတန်းစားအမျိုးမျိုး ရောနှောနေသည်။
နောက်ပိုင်းတွင် ထိုအခြေအနေကို ကန့်သတ်နိုင်ရန်အလို့ငှါ ကျောက်စိမ်းပြားထောက်ခံချက်ရရှိသူများကိုသာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုခွင့်ပြုတော့သည်။
နှစ်စဥ်နှစ်တိုင်း ထိုထောက်ခံချက်ကျောက်စိမ်းပြားများကို အထူးသီးသန့်အရေအတွက်ဖြင့် ကြယ်မြစ်များအတွင်းမှ အရာရှိများထံ ဖြန့်ဝေထားသည်။ထိုအရာရှိများ၏ထောက်ခံချက်ကို ရရှိသော လူငယ်ပါရမီရှင်များသာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်နိုင်ပေ၏။
ထိုထောက်ခံချက်ကျောက်စိမ်းပြားကို ရရှိသူများသည် အမျိုးမျိုးသောစစ်ဆေးစမ်းသပ်မှုများကို ဖြတ်ကျော်ပြီးမှသာ နောက်ဆုံး၌ သူတို့သည် ဝင်ခွင့်စာမေးပွဲကိုဖြေဆိုနိုင်ရန် အရည်အချင်းရှိသူများဟု သတ်မှတ်ခံရသည်။
တစ်ချိန်တည်းမှာပင် ကျောက်စိမ်းဆေးမီးဖို၏စာသင်စရိတ်သည် မြင့်မားခြင်းမရှိသော်လည်း ဝင်ခွင့်အရည်အချင်းသတ်မှတ်မှုမှာ အလွန်မြင့်မားသည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ဝင်ခွင့်စာမေးပွဲကို လာရောက်ဖြေဆိုသူမှာ လွန်စွာများပြားလေ၏။အကယ်၍ ထိုလူများသည် ကောင်းကင်ဘုံ၏ချီးမြှောက်ခံပါရမီရှင်များဖြစ်လျှင်ပင် သူတို့အနက်မှတချို့သည် သေဆုံးရမည့်ကံကြမ္မာမှ ရှောင်လွှဲနိုင်ခြင်းမရှိချေ။
"ငါ သိပြီ"
လုယွီက ခေါင်းညိတ်ပြလိုက်၏။
မုချင်းရှန်၏အရည်အချင်းသည် မြင့်မားခြင်းမရှိကြောင်း လုယွီက အကြည့်တစ်ချက်ဖြင့်ပင် တွေ့မြင်နိုင်သည်။လုယွီ ယခင်ကမြင်တွေ့ဖူးသော လူငယ်ပါရမီရှင်များနှင့် နှိုင်းယှဥ်ပါက မူချင်းရှန်၏ပါရမီအရည်အချင်းမှာ များစွာပို၍နိမ့်ပါးသည်။
သို့ရာတွင် မူချင်းရှန်သည် အလွန်ကြိုးစားအားထုတ်သူဖြစ်ခြင်းမှာ သိသာထင်ရှားလှ၏။အစောပိုင်းက သူ အသုံးပြုခဲ့သော တုတ်နည်းစနစ်အရဖြစ်စေ သူ၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော အရှိန်အဝါများအရဖြစ်စေ မည်သူမဆို မူချင်းရှန်၏ခွန်အားကောင်းပုံကို တွေ့မြင်နိုင်သည်။
"ကောင်းပြီလေ...ငါတို့တူတူသွားကြတာပေါ့...သူ့ရဲ့အရည်အချင်းကိုကြည့်ရတာ မဆိုးဘူး...ဘာလို့ သူက စိတ်ဝိညာဥ်နယ်ပယ်မှာပဲ ရှိနေတာလဲ"
လုယွီက မူလင်းကိုတစ်ချက်ကြည့်ကာ မေးမြန်းလိုက်သည်။
သူ၏အမြင်အာရုံသည် အလွန်စူးရှသဖြင့် မူလင်း၏အခြေအနေကို အကြည့်တစ်ချက်ဖြင့်ပင် တွေ့မြင်နိုင်သည်။
မူချင်းရှန်က အနည်းငယ်အံ့အားသင့်သွားပေ၏။
"ညီလေးလု...ရယ်စရာတွေမပြောပါနဲ့...ငါ့ရဲ့ညီမက ကျင့်ကြံဖို့အတွက် မသင့်လျော်ဘူး...သူ အပြင်လောကမှာ တစ်ယောက်တည်းဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်...ဒါကြောင့် ငါက အရင်ဆုံး ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ဝင်ခွင့်စာမေးပွဲကို ဝင်ဖြေဖို့ဆုံးဖြတ်ခဲ့တယ်...တကယ်လို့ ငါက ကျောင်းတော်ကို အောင်အောင်မြင်မြင်ဝင်ခွင့်ရမယ်ဆိုရင် သူ့ကို ကျောင်းတော်ရဲ့အပြင်စည်းနေရာမှာထားနိုင်လိမ့်မယ်...ဒါက သူ့အတွက် လုံခြုံစိတ်ချနိုင်တဲ့နည်းလမ်းပဲ"
လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
"သူ အရင်တုန်းက ဘာကျင့်ကြံနည်းစနစ်ကိုမှ မကျင့်ကြံဖူးဘူးလား"
မူလင်းသည် လုယွီအားစူးစိုက်ကြည့်နေကာ အနည်းငယ်စိတ်ရှုပ်ထွေးလာသကဲ့သို့ ခံစားနေရသည်။သူမရှေ့ရှိလူငယ်သည် သူမနှင့်သက်တူရွယ်တူခန့်သာဖြစ်သော်လည်း လူအိုကြီးတစ်ယောက်၏လေသံမျိုးဖြင့် စကားပြောဆိုနေပေ၏။
Chapter 2219
"ငါက ကျင့်ကြံနည်းစနစ်တွေ ကျင့်ကြံတာပေါ့...ပြီးတော့ ငါ ကျင့်ကြံခဲ့တာက ငါတို့မူမိသားစုရဲ့အစွမ်းထက်ဆုံး ကျင့်ကြံနည်းစနစ်ပဲ...နင်ကအသက်အရမ်းငယ်သေးတော့ ဒါကအရမ်းသာလွန်ထူးကဲတဲ့ ကျင့်ကြံနည်းစနစ်ဆိုတာကို မြင်နိုင်မှာမဟုတ်ဘူး"
မူလင်းက မကျေမချမ်းဖြင့် ဆောင့်ကြီးအောင့်ကြီး ပြောဆိုလိုက်၏။
"လင်းအာ...."
မူချင်းရှန်က သူ၏ညီမဖြစ်သူကို သူ၏စိတ်အတွင်းမှဆူပူကြိမ်းမောင်းနေကာ သူ့လက်နှစ်ဖက်ကိုပူးဆုပ်၍ပြောဆိုသည်။
"ညီလေးလု...ငါ့ရဲ့ညီမက ရိုင်းပျမိသွားတယ်"
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလေသည်။
"တကယ်လို့ ငါမမှားဘူးဆိုရင် မင်းက ရေဒြပ်စင်အထူးပြုကျင့်ကြံနည်းစနစ်တစ်ခုကို ကျင့်ကြံတာမလား"
"နင်...နင် ဘယ်လိုလုပ်ပြီးသိတာလဲ"
မူလင်းက ခေါင်းမော့ကာ အံ့အားသင့်တုန်လှုပ်စွာဖြင့် လုယွီကိုကြည့်လိုက်၏။
အစောပိုင်းက ဝက်သိုးဘုရင်ကြီးနှင့်တိုက်ခိုက်ကြစဥ်တွင် မူလင်း၏ကျင့်ကြံဆင့်သည် မြင့်မားခြင်းမရှိသဖြင့် သူမက နံဘေးဘက်မှသာစောင့်ကြည့်နေခဲ့ရသည်။
မူလင်းသည် တိုက်ခိုက်ခဲ့ခြင်းမရှိသော်လည်း လုယွီက အကြည့်တစ်ချက်ဖြင့်ပင် သူမ၏ကျင့်ကြံနည်းစနစ်ကို ထွင်းဖောက်မြင်နိုင်သည်။
"ရေကိုကြားခံအဖြစ်အသုံးပြုတာက လောကကြီးထဲမှာရှိတဲ့ ဘယ်စွမ်းအားကိုမဆို ပျော်ဝင်စေနိုင်တယ်...ဒီကျင့်ကြံနည်းစနစ်ရဲ့ အဓိကအချက်က တစ်ဖက်ရန်သူ အားကောင်းလေလေ မင်းပိုပြီး အားကောင်းသန်မာလာလေလေပဲ...ခုခံကာကွယ်တဲ့နေရာမှာ ဒါက အကောင်းဆုံးနည်းစနစ်ပဲ...ငါ ထင်တာတော့ မင်းတို့မိသားစုထဲက ဒီကျင့်ကြံနည်းစနစ်ကိုကျင့်ကြံတဲ့ တခြားနောက်တစ်ယောက်ရှိသေးပုံရတယ်...မင်းက ဒီကျင့်ကြံနည်းစနစ်ကြောင့် အခက်အခဲတွေ့နေရတာပဲ"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် မူချင်းရှန်နှင့်မူလင်းက ကြက်သေသေနေသောအမူအယာဖြင့် လုယွီကိုကြည့်နေကြသည်။
သူတို့၏မူမိသားစုသည် ဘေးကပ်ဆိုးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခံ့ရပြီးနောက် အရာအားလုံး ပြာမှုန်များကဲ့သို့ လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။
သူတို့နှစ်ယောက်သာလျှင် မူမိသားစု၏လျှို့ဝှက်ချက်များကို သိရှိတော့သည်။
သို့ရာတွင် ဝေးလံခေါင်သီသောတောအုပ်အတွင်း၌ ဆုံတွေ့ခဲ့ရသော လူငယ်တစ်ယောက်သည် သူတို့၏ကျင့်ကြံနည်းစနစ်များကို ထွင်းဖောက်မြင်နိုင်မည်ဟု သူတို့နှစ်ယောက် မျှော်လင့်မထားမိချေ။
ဤလူငယ်သည် မည်သူဖြစ်သနည်း....
"မဖြစ်နိုင်ဘူး"
မူချင်းရှန်က ရုတ်တရက် အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"ငါတို့မူမိသားစုရဲ့အကြီးအကဲတွေကလွဲလို့ ဘယ်သူကမှ ဒီကျင့်ကြံနည်းစနစ်ကို မသိနိုင်ဘူး...မင်း ဒါကို ဘယ်လိုနည်းနဲ့မှ ထွင်းဖောက်မြင်နိုင်မှာမဟုတ်ဘူး"
အရာအားလုံးသည် မယုံကြည်နိုင်စရာကောင်းသည်အထိ အံ့အားသင့်ဖွယ်ပင်။
သူ ယုံကြည်နိုင်ရန် လွန်စွာခက်ခဲနေပေ၏။
လုယွီက ပြောဆိုသည်။
"အဲ့ဒီလိုလား...ငါ ပြောနိုင်တာကတော့ မင်းညီမရဲ့ကျင့်ကြံမှုအရှိန်နှုန်းက အစပိုင်းမှာ အရမ်းလျှင်မြန်တယ်မဟုတ်လား...ဒါပေမယ့် သူက ဒီကျင့်ကြံနည်းစနစ်ကို ကျင့်ကြံတဲ့အချိန်ကတည်းက သူ့ရဲ့ကျင့်ကြံဆင့်နယ်ပယ် ရပ်တန့်သွားလိမ့်မယ်...သူ ဘယ်နည်းလမ်းကိုပဲ အသုံးပြုနေပါစေ သူ့ရဲ့မှော်စွမ်းအားတွေကို သိပ်သည်းနိုင်မှုမရှိတော့ဘူး...ငါ ပြောတာမှန်ရဲ့လား"
ထိုစကားများကိုကြားလိုက်ရချိန်တွင် မူချင်းရှန်သည် လျှပ်စီးဖြင့်ရိုက်ခတ်ခံရသကဲ့သို့ ခံစားလိုက်ရ၏။
သူသည် မိသားစုအတွင်း၌ မူလင်း ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့ချိန်ကို အမှတ်ရနေဆဲပင်။
မိသားစုအတွင်းမှ ထူးချွန်သောလူငယ်ပါရမီရှင်များပင် မူလင်း၏ကျင့်ကြံမှုအရှိန်နှုန်းကို အမှီလိုက်နိုင်ခြင်းမရှိချေ။ထိုအချိန်တုန်းက မူလင်း၏ကျင့်ကြံဆင့်နယ်ပယ်များ ခုန်ပျံကျော်လွှား၍တိုးတက်နေမှုကို သူပင်လျှင် မော့ကြည့်နေခဲ့ရ၏။
သို့ရာတွင် မူလင်းသည် မိသားစု၏ကျင့်ကြံခြင်းခန်းမသို့ဝင်ရောက်ကာ ဤကျင့်ကြံနည်းစနစ်ကို ကျင့်ကြံချိန်မှစ၍ သူမ၏ ကျင့်ကြံမှုတွင် အခက်အခဲများရှိလာခဲ့သည်။
နောက်ပိုင်းတွင် သူမနှင့်သက်တူရွယ်တူ လူငယ်များ တစ်ယောက်ပြီးတစ်ယောက် ကျင့်ကြံဆင့်နယ်ပယ် မြင့်တက်သွားသည့်တိုင် မူလင်းသည် ယခင်အတိုင်းရှိနေဆဲပင်။
မူလင်းသည် သူမ၏ကျင့်ကြံဆင့်၌ အတားအဆီးတချို့နှင့် ကြုံတွေ့နေရသည်ဟု လူတိုင်းက တွေးထင်ခဲ့ကြ၏။ကြည့်ရသည်မှာ သူမသည် အစကတည်းက ကျင့်ကြံခြင်း၌ပါရမီရှိပုံမရချေ။အဆုံးသတ်၌ မိသားစုတစ်စုလုံး မူလင်းအား လက်လျှော့လိုက်တော့သည်။
"နင် ဘယ်လိုလုပ်ပြီး ဒါကိုသိနေတာလဲ...ဖြစ်နိုင်တာတော့ နင်က ကျန်းမိသားစု..ဝူး...ဝူး..."
မူလင်း၏စကားမဆုံးမီမှာပင် သူမအကိုဖြစ်သူက သူမပါးစပ်ကိုပိတ်၍ ဟန့်တားလိုက်သည်။
မူချင်းရှန်က ခြေတစ်လှမ်းရှေ့တိုး၍ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုလိုက်၏။
"ညီလေးလုက...ကျေးဇူးပြုပြီး အကြံပေးပါအုံး"
လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ဘာလဲ...မင်းက ငါ့ရဲ့သရုပ်မှန်ကို သံသယမရှိဘူးလား"
"တကယ်တော့ ငါ သံသယမရှိဘူး...မင်းသာ ငါတို့ရဲ့ရန်သူဆိုရင် ငါတို့သေနေလောက်ပြီ...ဘာလို့ ဒီလောက်ထိ စကားတွေအများကြီး ပြောနေတော့မှာလဲ"
မူချင်းရှန်က တည်ငြိမ်အေးဆေးစွာ တုံ့ပြန်ပြောဆိုသည်။
သူတို့မောင်နှမနှစ်ယောက်သည် အချင်းချင်းအမှီသဟဲပြု၍ နေထိုင်ခဲ့ကြရ၏။သူတို့ထံတွင် ဆုံးရှုံးစရာ မကျန်ရှိသဖြင့် သေဆုံးရမည်ကိုလည်း မကြောက်ရွံကြတော့ချေ။။
လုယွီက အပြုံးဖြင့်ပြောဆိုသည်။
"ကောင်းပြီလေ...ငါတို့က ကံကြမ္မာအရဆုံတွေ့ခဲ့ရမှတော့...ကောင်မလေး...မင်းရဲ့လက်ကိုပေးစမ်း"
မူချင်းရှန်က နောက်သို့လှည့်ကာ မူလင်းကို မျက်စပစ်လိုက်၏။
"အကို"
မူလင်းသည် မလိုလားသော်လည်း သူမအကို၏စကားကို နားထောင်သည့်အနေဖြင့် သူမက လုယွီထံ လက်ကမ်းလိုက်သည်။
Chapter 2220
လုယွီသည် မူလင်း၏ဖြူဖွေးနူးညံသောလက်ကောက်ဝတ်ကိုကိုင်ကာ အချိန်တခဏကြာအာရုံခံပြီးနောက် ပြန်လွှက်ပေးလိုက်သည်။
"ဒါက ငါ မျှော်လင့်ထားသလိုပါပဲလား"
လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။
မူလင်းသည် မူကျင်းရှန်၏နောက်၌ပုန်းကွယ်ကာ သတိကြီးစွာထားသောအကြည့်ဖြင့် လုယွီကို စောင့်ကြည့်နေသည်။
မူကျင်းရှန်က စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။
"ညီလေးလု...ကျေးဇူးပြုပြီး မင်း ငါ့ကို အကြံပေးနိုင်မလား"
"ဒီမိန်းကလေးက ရေဒြပ်စင်အထူးပြုကျင့်ကြံနည်းစနစ်ကို ကျင့်ကြံနိုင်မယ်လို့ မင်းတို့ ထင်နေကြတာလား"
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ မူလင်းအား လက်ညှိုးညွှန်လိုက်၏။
"သူ့ဆီမှာ နေကိုးစင်းသူတော်စင်ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိနေတယ်...သူက ယန်ဓာတ်ပြင်းထန်တဲ့ ကျင့်ကြံနည်းစနစ်တွေကိုပဲ ကျင့်ကြံနိုင်လိမ့်မယ်...အဲ့ဒီနည်းလမ်းနဲ့ပဲ သူ ကျင့်ကြံဆင့်ချိုးဖျက်နိုင်မယ်"
"နေကိုးစင်းသူတော်စင်ခန္ဓာကိုယ်ဖွဲ့စည်းပုံ...အဲ့ဒါက ဘာလဲ"
မူချင်းရှန်က အနည်းငယ် ကြက်သေသေသွားသည်။သူ၏စိတ်အတွင်း၌ရှိနေသော မှတ်ဥာဏ်များအားလုံးအတွင်း၌ နေကိုးစင်းသူတော်စင်ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့်ပတ်သတ်၍ မည်သည့်အရာကိုမျှ ရှာဖွေတွေ့ရှိခြင်းမရှိချေ။
သူ ထိုအကြောင်းကို မသိရှိသည်မှာ အံ့အားသင့်ဖွယ်မရှိပေ။ရှေးဟောင်းအလယ်ခေတ်၏ဘေးကပ်ဆိုးကို ကြုံတွေ့ရပြီးနောက် ကောင်းကင်ဘုံနယ်မြေအတွင်း၌ မရေမတွက်နိုင်သောကျင့်ကြံနည်းစနစ်များနှင့် ရှေးဟောင်းမှတ်တမ်းစာအုပ်များ ပျောက်ကွယ်ခဲ့သည်။မြင့်မြတ်သောထိပ်သီးတာအိုသခင်များပင်လျှင် စမ်းတဝါးဝါးလျှောက်လှမ်းနေရကာ သူတို့ကျင့်ကြံရန်အတွင် ပြီးပြည့်စုံသောမဟာတာအိုလမ်းကြောင်းမရှိချေ။
ရှေးဟောင်းအချိန်ကာလများအတွင်း၌ နေကိုးစင်းသူတော်စင်ခန္ဓာကိုယ်ဖွဲ့စည်းပုံပိုင်ဆိုင်သူကို အင်အားစုပေါင်းများစွာမှ ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်ထားကြသည်။ရှေးဟောင်းအလယ်ခေတ်တွင်ပင် ဤခန္ဓာကိုယ်ဖွဲ့စည်းပုံသည် အလွန်ကျော်ကြားပေ၏။
နေကိုးစင်းသူတော်စင်ခန္ဓာကိုယ်ဖွဲ့စည်းပုံ၏ အစွမ်းထက်ဆုံးအစိတ်အပိုင်းမှာ မွေးရာပါနတ်ဘုရားစွမ်းအားရှိရုံသာမက အလွန်အမင်းအားကောင်းသောရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
လုယွီသည် ရှေးဟောင်းခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံရာမှ သူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ကိုရရှိခဲ့ကာ အဆိပ်များအားလုံးကိုပျက်ပြယ်စေပြီး ရေနှင့်မီးကြောင့် ထိခိုက်နာကျင်ရမည်မဟုတ်ချေ။နေကိုးစင်းသူတော်စင်ခန္ဓာကိုယ်ကမူ မွေးရာပါသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်ရှိနေလေ၏။
သို့ရာတွင် ယခုလက်ရှိချိန်တွင် ဤမျှအဖိုးတန်ရှားပါးသောခန္ဓာကိုယ်ဖွဲ့စည်းပုံအကြောင်းကို သိရှိသူဟူ၍ အလွန်ရှားပါးသွားလေပြီ။
"ဒါပေမယ့် ငါတို့မိသားစုရဲ့ အရင်စမ်းသပ်မှုတွေအရ မူလင်းမှာ ရေအမျိုးအစားစိတ်ဝိညာဥ်အရင်းအမြစ်ရှိတယ်လို့ ပြသနေတယ်...ဒါကြောင့် ငါတို့က သူ့ကို ရေစွမ်းအင်အထူးပြုနည်းစနစ်တွေကို အာရုံစိုက်ပြီး ကျင့်ကြံခိုင်းခဲ့တယ်"
မူချင်းရှန်က တွေဝေတုံ့ဆိုင်းနေပေ၏။
ရေစွမ်းအင်အထူးပြုနည်းစနစ်များသည် ယင်ချီနှင့်နူးညံပျော့ပျောင်းမှုကို အဓိကထားသည်။
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"တကယ်လို့ ငါ ထင်တာမမှားဘူးဆိုရင်...မင်းတို့တွေ သူ့ရဲ့မှော်စွမ်းအင်အရင်းအမြစ်ကို မစစ်ဆေးခင်ကတည်းက သူက ရေစွမ်းအင်တစ်ခုကို ကျင့်ကြံထားခဲ့တယ်...ဟုတ်တယ်မလား"
မူချင်းရှန်က ကြက်သေသေသွားသည်။သူ ထိုအကြောင်းနှင့်ပတ်သတ်၍ စဥ်းစားတွေးတောမိခြင်းမရှိချေ။
"ဒါက အမှန်ပဲ...ငါ အရင်က မိသားစုရဲ့ကွေ့ရေဓားနည်းစနစ်ကို ကျင့်ကြံခဲ့တယ်"
မူလင်းက ပြောဆိုသည်။
အင်း...
လုယွီက မူလင်းကို ကြည့်လိုက်၏။
"နေကိုးစင်းသူတော်စင်ခန္ဓာကိုယ်မှာ လောကကြီးအတွင်းမှာရှိတဲ့ အထူးပြုစွမ်းအင်တွေအားလုံးပါဝင်တယ်....တကယ်လို့ သူက မီးစွမ်းအင်အထူးပြုကျင့်ကြံနည်းစနစ်ကို ကျင့်ကြံထားရင်လည်း ဒီလိုရလဒ်မျိုးပဲထွက်ပေါ်လာမှာပဲ"
မူချင်းရှန်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
"ညီလေးလု...ငါ့ညီမရဲ့အခြေအနေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ကျေးဇူးပြုပြီး ငါ့ကိုပြောပြနိုင်မလား"
လုယွီ ပြောဆိုသွားသည်များမှာ မယုံကြည်နိုင်ဖွယ်ဖြစ်သော်လည်း မူချင်းရှန်က လုယွီ၏စကားများမှာ အကြွင်းမဲ့မှန်ကန်သည်ဟု တွေးတောမိသည်။
"ဒါက အရမ်းရိုးရှင်းပါတယ်...သူ့ရဲ့အရင်ကျင့်ကြံနည်းစနစ်ကိုရပ်တန့်ပြီးတော့ အရိုးရှင်းဆုံးခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို စတင်ကျင့်ကြံရမယ်"
လုယွီက မူလင်းကိုကြည့်၍ ဆက်လက်ပြောဆိုသည်။
"မင်းရဲ့ကျင့်ကြံဆင့်နယ်ပယ် တစ်ဆို့နေရတဲ့အကြောင်းအရင်းက မင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့သွေးချီတွေက အရမ်းအားကောင်းနေတယ်...ဒါပေမယ့် ဒါတွေကို မင်းရဲ့ရေစွမ်းအင်အထူးပြုကျင့်ကြံနည်းစနစ်က ဖုံးကွယ်ထားတော့ မင်းက ဒီထက်မြင့်တဲ့ကျင့်ကြံဆင့်နယ်ပယ်ကို မရောက်နိုင်တော့ဘူး"
"တကယ်တော့ မင်းဆက်ပြီးကျင့်ကြံချင်တယ်ဆိုရင်...မင်း အခုကျင့်ကြံနေတဲ့ ရေစွမ်းအင်ကျင့်ကြံနည်းစနစ်ကိုရပ်တန့်ရမယ်...ပြီးတာနဲ့ ယန်ဓာတ်ပြင်းထန်တဲ့ နည်းစနစ်တစ်ခုကိုကျင့်ကြံလိုက်...ဒါဆိုရင် အဆင်ပြေသွားလိမ့်မယ်...ဒါပေမယ့် မင်းရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းကြောင်းကိုလျှောက်လှမ်းဖို့ အသင့်တော်ဆုံးပဲ...ဒီလမ်းကြောင်းကိုရွေးချယ်ရင် မင်းအတွက် နည်းနည်းတော့ ခက်ခဲလိမ့်မယ်...မင်း ဘယ်ဟာကိုရွေးချယ်မလဲဆိုတာ မင်းကိုယ်တိုင်ဆုံးဖြတ်ပါ"
မူလင်းက သူမ၏လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကာ ခေါင်းငုံ၍ တိတ်ဆိတ်ငြိမ်သက်နေသည်။
"ရုပ်ခန္ဓာကိုယ် ကျင့်ကြံရမှာလား"
မူချင်းရှန်၏မျက်နှာ ဖြူရော်သွားသည်။
သူသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းနေသူဖြစ်သဖြင့် ဤလမ်းကြောင်း မည်မျှထိခက်ခဲသည်ကို ကောင်းစွာသိရှိထားသည်။
သူသည် ငယ်ရွယ်စဥ်ကတည်းက မြောက်များစွာသော အခက်အခဲများနှင့်အန္တရာယ်များကို ဖြတ်ကျော်ပြီးမှသာ ယခုလက်ရှိအနေအထားသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မူလင်းကဲ့သို့ နူးညံသိမ်မွေ့ပြီး လှပချောမောသော မိန်းကလေးတစ်ယောက်သည် မည်သည့်နည်းဖြင့် ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းလမ်းကြောင်း၏ ခက်ခဲကြမ်းတမ်းမှုကို တောင့်ခံနိုင်မည်နည်း။
"မင်းတို့ ဆုံးဖြတ်ချက်စောဖို့ မလိုဘူး...ငါက အကြံပေးရုံသက်သက်ပဲ"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။