← Chapters

အခန်း (၂၂၂၁-၂၂၂၅)

Vol. 114 Ch. 2221-2225

အခန်း (၂၂၂၁-၂၂၂၅)

Vol. 114 Ch. 2221-2225

Chapter 2221

မူချင်းရှန်က ခေါင်းညိတ်ပြလိုက်၏။

"ငါ ဒီအကြောင်းနဲ့ပတ်သက်ပြီး စဥ်းစားလိုက်အုံးမယ်"

မည်သို့ပင်ဆိုစေကာမူ ကျင့်ကြံသူတစ်ယောက်အတွက် ယခင်က ကျင့်ကြံခဲ့သမျှ အရာအားလုံးကိုစွန့်လွှက်ပြီး တခြားတစ်ခုနှင့် အစားထိုးရမည်ဆိုသည်မှာ အလွန်ခက်ခဲစွာဆုံးဖြတ်ချက်ချရမည့် ကိစ္စတစ်ရပ်ပင်။

"ဟွန့်...အကို...သူက အရမ်းငယ်သေးတယ်...သူက ဘာသိမှာမလို့လဲ"

မူလင်းသည် အနည်းငယ်မျှပင် ယုံကြည်လက်ခံနိုင်ခြင်းမရှိသေးချေ။

လုယွီသည် သူမနှင့်သက်တူရွယ်တူလူငယ်တစ်ယောက်ဖြစ်နေသဖြင့် မူလင်း ယုံကြည်လက်ခံနိုင်ခြင်းမရှိသည်မှာ သိသာထင်ရှားလှ၏။

အကယ်၍ လုယွီနေရာတွင် ဘဝ၏ကံကြမ္မာအပြောင်းအလဲများကို ဖြတ်ကျော်ခဲ့ပြီးသော လူအိုကြီးတစ်ယောက်သာ ဖြစ်နေပါက သူမ ယုံကြည်မိပေမည်။သို့ရာတွင် ထိုစကားလုံးများသည် လူငယ်တစ်ယောက်၏နှုတ်မှထွက်လာသဖြင့် သူမ ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။

သူတို့သုံးယောက်သည် အတူတကွဆက်လက်၍ လျှောက်လှမ်းခဲ့ကြသော်လည်း အမှန်အားဖြင့် မူမောင်နှမနှစ်ယောက်သည် လုယွီ၏နောက်သို့လိုက်နေခြင်းဖြစ်သည်။

လုယွီကမည်ကဲ့သို့ လမ်းကြောင်းရွေးချယ်သည်ကို သူတို့နှစ်ယောက်လုံး မသိရှိချေ။သူတို့၏ရှေ့ရှိလမ်းကြောင်းသည် ကြမ်းတမ်းသော်လည်း နတ်ဆိုးသားရဲများကြီးစိုးထားသောနေရာများကို အပြည့်အဝရှောင်ကွင်းနိုင်ခဲ့သည်။

ဤနေရာရှိ နတ်ဆိုးမှော်သားရဲများသည် လုယွီအား ခြိမ်းခြောက်နိုင်စွမ်းမရှိချေ။သို့ရာတွင် ရှဖုန်းသည် သူ့အားလှည့်ပတ်၍ရှာဖွေနေဆဲပင်။လုယွီသည် ရှဖုန်းအား ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်သော်လည်း သူ၏လက်အတွင်းရှိ တာအိုသခင်နာမ်ဝိညာဥ်ရတနာကို ထည့်တွက်နေရ၏။

ရှောင်မိသားစုဘိုးဘေးအား သူ အနိုင်ယူနိုင်ခဲ့သည့်အကြောင်းအရင်းမှာ သူ့ထံ၌ နတ်ဘုရားသွေးစက် ရှိနေခဲ့ခြင်းကြောင့်ပင်။သို့ရာတွင် နတ်ဘုရားသွေးစက်ကဲ့သို့အရာမျိုးမှာ အလွန်အဖိုးတန်ရှားပါးသည်။လောကကြီးအတွင်းတွင်ရှိသော နတ်ဘုရားသွေးစက်အရေအတွက်ကို လက်ချိုးရေ၍ပင်ရနိုင်သည်။

အမှန်အားဖြင့် လုယွီသည် တချို့နည်းလမ်းများကိုအသုံးပြု၍ တာအိုသခင်နာမ်ဝိညာဥ်ရတနာ၏စွမ်းအားကိုခုခံကာကွယ်နိုင်ပေ၏။သို့ရာတွင် သူသည် နောက်ဆုံးအခြေအနေမျိုးသို့ မရောက်သေးသရွေ့ ထိုနည်းလမ်းများကို ထုတ်ဖော်အသုံးပြုလိုခြင်းမရှိချေ။

သူတို့သုံးယောက်သည် အချိန်အတော်ကြာ ဆက်လက်၍လျှောက်လှမ်းခဲ့ကြသည်။ရုတ်တရက် သူတို့၏ရှေ့မှနေ၍ မှော်သားရဲတစ်ကောင်၏ဒေါသတကြီးဟိန်းဟောက်သံကို ကြားလိုက်ရသည်။

ဝုန်း....

အဝေးတနေရာတွင် မှော်သားရဲများ၏ဒေါသတကြီးဟိန်းဟောက်သံနှင့်အတူ တောင်များအားလုံး တုန်ခါစပြုလာကာ တော်လဲသံကြီးများ မြည်ဟီးလာပေ၏။

"ဒါက သခင်လေးထျန်းတို့လူစုပဲ"

မူချင်းရှန်က​ ပြောဆိုသည်။

မူချင်းရှန်သည် ထိုလူစုနှင့်လမ်းခွဲခဲ့သော်လည်း ထိုအချိန်တုန်းက သူတို့အသုံးပြုခဲ့သော မှော်မန္တန်များကို အမှတ်ရနေဆဲပင်။

"ညီလေးလု...မြန်မြန်ထွက်သွားကြစို့"

မူချင်းရှန်က ပြောဆိုလိုက်၏။

ဝက်သိုးဘုရင်ကြီးနှင့် ရင်ဆိုင်ခဲ့ရသည့်အချိန်တွင် ထိုလူငယ်များသည် ကိုယ်လွတ်ရုန်း၍ ထွက်ပြေးသွားခဲ့သည်ကို သူ အမှတ်ရနေဆဲပင်။

သူသည် လူကောင်းတစ်ယောက်မဟုတ်ချေ။ထိုလူစုသည် သေရေးရှင်ရေးအခြေအနေမျိုး၌ ထွက်ပြေးသွားခဲ့သဖြင့် သူ ထိုလူများအား ဂရုစိုက်နေမည်မဟုတ်ပေ။

လုယွီက ခေါင်းညိတ်ပြလိုက်သည်။မူချင်းရှန်ထံ၌ ကူညီရန်ဆန္ဒမရှိသဖြင့် သူသည်လည်း ထိုလူငယ်များအားကယ်တင်ပေးရန် စိတ်မဝင်စားချေ။

လုယွီသည် သူ၏မှော်စွမ်းအင်များကိုဖုံးကွယ်ရာ၌ အလွန်ထူးချွန်သည်။လုယွီထက် အဆင့်များစွာမြင့်မားသော ကျင့်ကြံသူမဟုတ်သရွေ့ သူ၏အစစ်အမှန်ကျင့်ကြံဆင့်နယ်ပယ်ကို ထွင်းဖောက်မြင်နိုင်မည်မဟုတ်ပေ။

ယခုချိန်တွင် သူသည် မူမောင်နှမနှစ်ယောက်နှင့်အတူရှိနေသဖြင့် သူ၏အရှိန်အဝါများ ရှုပ်ထွေးနေသည်။ရှဖုန်း၏အရည်အချင်းဖြင့် သူ့အားရှာဖွေတွေ့နိုင်မည်မဟုတ်ချေ။

"ကောင်းပြီလေ...သွားကြစို့"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

သူတို့သုံးယောက်ထွက်ခွါလုဆဲဆဲအချိန်မှာပင် စူးရှကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် သူတို့၏ရှေ့ရှိသစ်ပင်များကြားမှနေ၍ ဝံပုလွေတစ်ကောင် ပြေးထွက်လာသည်။

ထိုဝံပုလွေသည် အလွန်ကြီးမားပြီး အပြာရောင်နှင့်ခရမ်းရောင်သားမွှေးများရှိသည်။ဝံပုလွေကြီး၏မျက်လုံးတစ်စုံသည် နီမြန်းနေကာ သူ၏ခန္ဓာကိုယ်မှနေ၍ တုန်လှုပ်ချောက်ချားဖွယ်အရှိန်အဝါကို ထုတ်လွှက်နေသည်။

ဤသည်က အစောပိုင်းက ဝက်သိုးဘုရင်နှင့်နှိုင်းယှဥ်နိုင်သော နတ်ဆိုးစစ်ဗိုလ်ချုပ်အဆင့်သားရဲတစ်ကောင်ဖြစ်သော်လည်း အနည်းငယ်ကွဲပြားခြားနားနေသည်။အရှိန်အဝါအရဖြစ်စေ ခန္ဓာကိုယ်အရွယ်အစားအရဖြစ်စေ ဤဝံပုလွေကြီးသည် အနည်းငယ်အားနည်းနေပေ၏။

"ခရမ်းလျှပ်စီးဝံပုလွေ..."

ထိုဝံပုလွေကြီးကိုမြင်သည်နှင့် မူချင်းရှန်က သူ၏ညီမဖြစ်သူကို သူ့နောက်သို့ပို့ကာ ကာကွယ်ပေးလိုက်သည်။

ထိုခရမ်းလျှပ်စီးဝံပုလွေ၏ခေါင်းတွင် သွေးများအိုင်ထွန်းနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါ်၌ ဒဏ်ရာများဖြင့်ပြည့်နှက်နေသည်။ထိုဝံပုလွေသည် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်း ခံခဲ့ရသည်မှာ သိသာထင်ရှားလှ၏။

ခရမ်းလျှပ်စီးဝံပုလွေသည် သခင်လေးထျန်းတို့လူစုကို ထပ်မံ၍ခုခံတိုက်ခိုက်နိုင်စွမ်း မရှိတော့သဖြင့် အလျင်စလိုထွက်ပြေးလာပုံရသည်။

လုယွီက လမ်းပိတ်ထားသည်ကိုကြည့်ပြီး ထိုဝံပုလွေသည် ပြေးဝင်တိုက်ခိုက်လိုပုံ မြင်နေရ၏။သို့ရာတွင် လုယွီ၏အကြည့်ကိုမြင်ချိန်၌ ခရမ်းလျှပ်စီးဝံပုလွေ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

ဝူး....

ခရမ်းလျှပ်စီးဝံပုလွေသည် ခေါင်းငုံ၍ ညည်းတွားသံသဲ့သဲ့ပြုကာ လုယွီကို ထပ်မံ၍မော့မကြည့်ဝံ့တော့ချေ။

သူ့အားဖျက်ဆီးပစ်နိုင်သော အရှိန်အဝါမျိုးကို လုယွီ၏ခန္ဓာကိုယ်မှနေ၍ သူ အာရုံခံမိနေသည်။

လုယွီက ထိုဝံပုလွေကိုတစ်ချက်ကြည့်ကာ သူ၏အင်္ကျီလက်မောင်းကြားမှ ဆေးလုံးတစ်လုံးကိုထုတ်ယူ၍ ပစ်ပေးလိုက်သည်။

"မင်း ထွက်သွားတော့"

Chapter 2222

ခရမ်းလျှပ်စီးဝံပုလွေသည် ဆေးလုံးကို သူ၏ပါးစပ်ဖြင့်ငုံထားကာ လုယွီကို ထပ်ခါတလဲလဲ အရိုအသေပြုပြီးနောက် ထွက်ခွါသွားတော့သည်။

အရာအားလုံး ရုတ်တရက်ဆန်စွာ ဖြစ်ပွါးခဲ့သဖြင့် မူမောင်နှမနှစ်ယောက်လုံး ကြက်သေသေနေသည်။

"ညီလေးလု...အဲ့ဒီနတ်ဆိုးမှော်သားရဲကို ဘာလို့ ဆေးလုံးပေးလိုက်တာလဲ"

မူချင်းရှန်က အံ့အားသင့်နေသောလေသံဖြင့် မေးမြန်းလိုက်၏။

လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

"ခရမ်းဝံပုလွေတွေက အမြဲတမ်းအုပ်စုဖွဲ့ပြီး နေလေ့ရှိတယ်...သင်းကွဲဝံပုလွေဆိုလို့ အနည်းစုပဲရှိတာ...ဒီနေရာမှာ တစ်ကောင်တည်းထွက်ပေါ်လာတာကိုကြည့်ပြီးတော့...ဒါက ဝံပုလွေအုပ်ကြီးထဲက စွန့်ပစ်ခံလိုက်ရတဲ့ကောင်ဆိုတာ သိသာနေပြီ"

"ပြီးတော့ ဒါက ဝံပုလွေမတစ်ကောင်ပဲ...သူက ကိုယ်ဝန်ဆောင်ထားတယ်...ငါ မြင်ရသလောက်တော့ သူ့ရဲ့ခန္ဓာကိုယ်ထဲက နတ်ဆိုးအမြူတေကလည်း ပျက်စီးနေတယ်...သာမာန်ဝံပုလွေတစ်ကောင်သာ သူနေရာမှာဆိုရင် သေဆုံးသွားလောက်ပြီ....ဒါပေမယ့် သူ့ရဲ့ဗိုက်ထဲက ဝံပုလွေပေါက်လေးတွေအတွက်နဲ့ သူ့ရဲ့စိတ်ကိုသန်မာအောင်အားတင်းပြီး တောင့်ခံနေတာပဲ"

"ငါ ခုဏပေးလိုက်တဲ့ ဆေးလုံးက သူ့ရဲ့အသက်စွမ်းအားကို ယာယီထိန်းသိမ်းပေးနိုင်လိမ့်မယ်...ဒါပေမယ့် သူက ရက်အနည်းငယ်ပဲ တောင့်ခံနိုင်မှာ....သူက အနှေးနဲ့အမြန် သေဆုံးရမှာပဲ"

ထိုစကားကိုကြားချိန်တွင် မူမောင်နှမနှစ်ယောက်၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။

လုယွီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

"ဒီခရမ်းလျှပ်စီးဝံပုလွေက ကလေးမွေးဖွားတော့မယ့် သေရေးရှင်ရေးအခြေအနေမျိုးကို ရောက်နေပြီ...ယေဘုယျကျကျပြောရမယ်ဆိုရင် သူက လူသားတွေကို စတင်ပြီးတိုက်ခိုက်မှာမဟုတ်ဘူး...ဘယ်လိုလုပ်ပြီး သူက အပြင်းအထန်ဒဏ်ရာရလာရတာလဲ"

ထိုအချိန်မှာပင် လေထုအားဖြတ်သန်းလာသောအသံများက သူတို့၏နောက်မှ ထွက်ပေါ်လာသည်။

"မင်းတို့ကောင်တွေ ဘာလို့ ဒီနေရာကိုရောက်လာတာလဲ...မင်းက မသေသေးဘူးလား"

သခင်လေးထျန်း၏ မောက်မာဝံ့ကြွားသောအသံကြီး ထွက်ပေါ်လာပေ၏။

သူက အရင်ဆုံး မူချင်းရှန်ကိုစေ့စေ့စပ်စပ်ကြည့်လေသည်။တစ်ဖက်လူတွင် မည်သည့်ထိခိုက်ဒဏ်ရာမှ မရှိသည်ကိုမြင်ချိန်တွင် သူက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။

"မင်းက ကံတော့ကောင်းသားပဲ"

မူချင်းရှန်က အေးစက်တင်းမာသောအသံဖြင့် ပြောဆိုသည်။

"သခင်လေးထျန်းကိုကြည့်ရတာ...ငါ အသက်ရှင်နေတာကို ကြိုက်နှစ်သက်ပုံမရဘူး"

အစောပိုင်းက သူတို့သည် ဝက်သိုးဘုရင်ကြီး၏တိုက်ခိုက်မှုကို ခံခဲ့ရ၏။အကယ်၍ မူချင်းရှန်ကသာ အင်အားကုန်ထုတ်၍ ခုခံတိုက်ခိုက်ခြင်းမပြုပါက ထိုလူများအားလုံးအနက် တစ်ဦးတစ်ယောက်မျှ အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် မည်သူကမျှ မူချင်းရှန်ကို အာရုံစူးစိုက်ခြင်းမရှိကြပေ။

လူငယ်များအားလုံးက သခင်လေးထျန်းကိုသာ မြှောက်ပင့်ပြောဆိုနေကြသည်။အကယ်၍ အစောပိုင်းကသာ သခင်လေးထျန်း အမှားအယွင်းကျူးလွန်ခဲ့ခြင်းမရှိပါက ဝက်သိုးဘုရင်ကြီးကို အနိုင်ယူနိုင်ပေမည်။

သခင်လေးထျန်းက သရော်တော်တော် ပြောဆိုလိုက်၏။

"မင်းက ငါ့ရဲ့အာရုံစူးစိုက်မှုနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား...ငါ့ဆီမှာ မင်းနဲ့အပိုစကားတွေပြောနေဖို့ အချိန်မရှိဘူး...ခုဏက ခရမ်းလျှပ်စီးဝံပုလွေတစ်ကောင် ဒီဘက်ကိုပြေးသွားတယ်...မင်း မြင်လိုက်သေးလား"

"မြင်တယ်လေ...ငါနဲ့ဘာဆိုင်လို့လဲ"

မူချင်းရှန်က အသံနက်ကြီးဖြင့် ပြောဆိုသည်။

"အဲ့ဒီသားရဲကောင်က အကန့်အသတ်အခြေအနေကိုရောက်နေပြီ...သူက သေတော့မှာ...မင်း ဘာလို့ သူ့ကိုဟန့်တားမထားတာလဲ...အော်...ငါသိပြီ...မင်းက အရင်ကတည်းက အရည်အချင်းရှိတဲ့ကောင်မှမဟုတ်တာ...ဒီလိုမျိုးအဆင့်မြင့်မှော်သားရဲတစ်ကောင်ကိုမြင်တဲ့ချိန်မှာ မင်း ဘယ်လိုလုပ်ပြီး တိုက်ခိုက်ရဲမှာလဲ"

သခင်လေးထျန်းက ခနဲ့တဲ့တဲ့ ပြောဆိုလေသည်။

မူချင်းရှန်၏မျက်နှာအမူအယာသည် သုန်မှုန်နေသော်လည်း သူက စကားတစ်ခွန်းမျှ တုံ့ပြန်ပြောဆိုခြင်းမရှိချေ။

"နင် ဘာစကားပြောတာလဲ...ငါ့ရဲ့အကိုက နင့်ထက် အများကြီးပိုအစွမ်းထက်တယ်"

မူလင်းက သည်းမခံနိုင်တော့သဖြင့် ချေပပြောဆိုလိုက်၏။

သခင်လေးထျန်း၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။

"ကောင်မလေး...မင်း အဲ့ဒီစကားကို ထပ်ပြောလိုက်စမ်း"

"သခင်လေးထျန်း...ငါ့ရဲ့ညီမက အသက်ငယ်သေးတော့ ဘာမှနားမလည်သေးဘူး...ကျေးဇူးပြုပြီး မင်းကပဲ နားလည်ခွင့်လွှက်ပေးပါ"

မူချင်းရှန်က ချက်ချင်းဆိုသလိုပင် မူလင်းကို သူ၏နောက်သို့ပို့ကာ ကာကွယ်လိုက်သည်။

သူ၏မျက်နှာပေါ်တွင်လည်း ဒေါသအရိပ်အယောင်များရှိနေသည်။သူသည် ယခင်က သခင်လေးထျန်း၏လှောင်ပြောင်သရော်မှုများကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်မှာ သိသာထင်ရှားလှ၏။

"သူက နားမလည်ဘူးဆိုရင်လည်း မင်း သူ့ကို ကောင်းကောင်းသင်ပေးထားစမ်း...သူ့ပါးစပ်ကထွက်လာတဲ့စကားကို ဆင်ဆင်ခြင်ခြင်ပြောပါစေ"

သခင်လေးထျန်းက အေးစက်စက် နှာမှုတ်လိုက်သည်။

သို့ရာတွင် သခင်လေးထျန်း၏နံဘေးပတ်ဝန်းကျင်ရှိ လူငယ်များထံမှ မြှောက်ပင့်ပြောဆိုသံများက ရုတ်တရက် ထွက်ပေါ်လာသည်။

"သခင်လေးထျန်းက ခုဏကတင် ဝံပုလွေတစ်ကောင်ရဲ့အသိုက်ကို ရှာတွေ့ခဲ့တယ်...သူက အဲ့ဒီဝံပုလွေကို သတ်နိုင်တော့မယ့်ဟာကို...မမျှော်လင့်ဘဲ အဲ့ဒီသားရဲက ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်"

"မင်း ခုဏက အရမ်းအစွမ်းထက်တယ်မဟုတ်လား..ဘာလို့ မင်း မလှုပ်ရှားတာလဲ...မင်း အချိန်ခဏလေးဟန့်တားထားရုံပဲလိုတာ...သခင်လေးထျန်းက အဲ့ဒီဝံပုလွေကို သတ်မှာပေါ့...ခရမ်းလျှပ်စီးဝံပုလွေရဲ့ဦးခေါင်းခွံကိုရောင်းရင် အင်မော်တယ်ကျောက်တုံး တော်တော်များများရနိုင်တယ်"

မူလင်းက အံ့တင်းတင်းကြိတ်ကာ ရေရွတ်လိုက်၏။

"ဒါဆို ဝံပုလွေရဲ့အသိုက်ကို တိုက်ခိုက်ခဲ့တဲ့လူက သူပေါ့"

သူမက သခင်လေးထျန်းကို ဒေါသတကြီးဖြင့် စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။သို့ရာတွင် သခင်လေးထျန်းသည် နောက်ခံအင်အားတောင့်တင်းကြောင်း သူမ ကောင်းစွာသိရှိထားသည်။အကယ်၍ သူမ စကားများစွာပြောဆိုမိပါက သူမ၏အကိုအတွက် အခက်အခဲများ ဖြစ်ပွါးစေပေလိမ့်မည်။

"ကောင်းပြီလေ...ငါ ဒီနေ့စိတ်ကောင်းဝင်နေတယ်...ဆက်သွားကြစို့...မူချင်းရှန် မင်း ရှေ့ကနေ ဦးဆောင်သွားစမ်း"

သခင်လေးထျန်းက စိတ်မရှည်သောလေသံဖြင့် ပြောဆိုသည်။

အစမှအဆုံးတိုင် သူသည် လုယွီအား ကြည့်ရှုခြင်းပင်မပြုချေ။

လုယွီထံတွင် မည်သည့်မှော်စွမ်းအင်လှုပ်ခတ်မှုမျိုးမျှ ရှိမနေသဖြင့် သူ စကားပြောဆိုရန် ထိုက်တန်ခြင်းမရှိပေ။

Chapter 2223

"ဘာလို့ ငါ့အကိုက ဦးဆောင်ပြီးလမ်းပြရမှာလဲ"

မူလင်းက ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် အော်ဟစ်လိုက်သည်။

သို့ရာတွင် သူမ၏စကားသံအဆုံးသတ်သွားသောအချိန်မှာပင် မူချင်းရှန်၏ဟန့်တားခြင်းကို ခံလိုက်ရ၏။

"ကောင်းပြီလေ...ငါ ရှေ့ကနေသွားမယ်"

မူချင်းရှန်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

မူချင်းရှန်က ခေါင်းငုံအရှုံးပေးလိုက်သည်ကိုမြင်ချိန်တွင် သခင်လေးထျန်း၏မျက်နှာပေါ်မှ မောက်မာဝံ့ကြွားသောအပြုံး ပို၍ပီပြင်ထင်ရှားလာသည်။အစောပိုင်းက ခရမ်းလျှပ်စီးဝံပုလွေ လွတ်မြောက်သွားခြင်းကြောင့် သူခံစားခဲ့ရသော စိတ်မကျေမနပ်ဖြစ်မှုများလည်း လွင့်ပြယ်သွားလေပြီ။

"ကောင်းပြီလေ...မူချင်းရှန် မင်း ရှေ့ကနေသွားတော့...ငါတို့ မြောက်ဘက်ကိုဦးတည်ပြီး ဆက်သွားကြမယ်"

သခင်လေးထျန်းက ပြောဆိုသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် မြောက်အရပ်၌ရှိကြောင်း လူတိုင်း သိရှိထားပြီးဖြစ်သည်။

မြောက်ဘက်ကို ဆက်၍သွားခြင်းဖြင့် မည်သည့်အမှားအယွင်းမျှ ကြုံတွေ့မည်မဟုတ်ချေ။

"ခဏနေကြဦး"

လုယွီက ရုတ်တရက် အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"တကယ်လို့ မင်းတို့ဆက်သွားမယ်ဆိုရင် မြောက်ဘက်ကိုမသွားဘဲနဲ့...ဒီတောင်ကိုပတ်ပြီး အရှေ့ဘက်ကိုသွားဖို့ ငါ အကြံပြုချင်တယ်"

သူတို့လူစု၏ရှေ့၌ မြင့်မားသောတောင်တစ်လုံးရှိနေသည်။

အကယ်၍ သူတို့သည် တောင်ကိုပတ်၍သွားလာမည်ဆိုပါက လမ်းခရီးပို၍ရှည်ကြာပေမည်။

"ဘယ်အချိန်ကတည်းကစပြီး မင်းလိုသေမျိုးတစ်ယောက်က ဒီနေရာမှာ စကားဝင်ပြောခွင့်ရှိသွားတာလဲ"

သခင်လေးထျန်းက လုယွီကိုစောင်းငဲ့ကြည့်ပြီး ဆက်လက်​ပြောဆိုသည်။

"မူချင်းရှန်...သူက ဘယ်သူလဲ...ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကိုရောက်ဖို့ လမ်းခရီးက အဝေးကြီးလိုသေးတယ်...ငါတို့က သေမျိုးတစ်ယောက်ကို ငါတို့နဲ့အတူ ခေါ်မသွားနိုင်ဘူး"

ဆန့်ကျင်ဘက်အနေဖြင့် မူချင်းရှန်က လုယွီကို ဂရုတစိုက်ကြည့်ကာ မေးမြန်းလိုက်၏။

"ညီလေးလု...ဘာလို့ အဲ့ဒီလိုသွားရမှာလဲ"

"မြောက်ဘက်မှာ အစွမ်းထက်တဲ့ရန်သူတစ်ယောက်ရှိနေတယ်...မင်းရဲ့လက်ရှိခွန်အားနဲ့ဆိုရင် မင်းက သူ့ရဲ့ပြိုင်ဖက်မဖြစ်နိုင်ဘူး"

လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

ထိုလူစုသည် အန္တရာယ်နှင့်လွန်စွာနီးကပ်နေပြီကို နားလည်သဘောပေါက်ခြင်းမရှိချေ။

သို့ရာတွင် လုယွီ၏အာရုံခံမှုအရ မြောက်ဘက်တွင် အလွန်အမင်းအစွမ်းထက်သော နတ်ဆိုးချီလှိုင်းများရှိနေသည်။

ထိုနတ်ဆိုးချီများ၏ရိုက်ခတ်မှုကြောင့် သူတို့၏မျက်နှာများပေါ်၌ စိတ်သက်တောင့်သက်သာမရှိသော အရိပ်အယောင်များ ထင်ဟပ်နေပေ၏။

သို့ရာတွင် ယခုလက်ရှိနေရာ၌ လူအမြောက်အများရှိနေသော်လည်း လုယွီတစ်ယောက်တည်းကသာ ထိုအရာကို အာရုံခံနိုင်သည်။

"ရယ်စရာကောင်းလိုက်တာ...ငါ ဒီနေရာမှာရှိနေမှတော့ ဘာပြဿနာမျိုးရှိနိုင်မှာလဲ"

သခင်လေးထျန်းက သရော်တော်တော် ပြောဆိုသည်။

အစောပိုင်းက ဝက်သိုးဘုရင်ကြီးနှင့် တိုက်ခိုက်ခဲ့ရသည့်တိုင် သူသည် သူ၏ဓားနည်းစနစ်အပေါ် အခိုင်အမာယုံကြည်ချက်ရှိနေဆဲပင်။

"ဒါက အမှန်ပဲ...သခင်လေးထျန်း ဒီနေရာမှာရှိနေမှတော့ ဘယ်လိုပြဿနာမျိုးကို ငါတို့က ကြောက်နေရမှာလဲ"

"မူချင်းရှန်...မင်း ဘယ်လိုလူမျိုးကို ဒီနေရာဆီခေါ်လာတာလဲ...မြန်မြန်ထွက်သွားခိုင်းလိုက်စမ်း...ပေါက်ကရစကားတွေ မပြောစေနဲ့"

တခြားလူငယ်များကလည်း သခင်လေးထျန်းကို မျက်နှာလုပ်ရန်ရည်ရွယ်ချက်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပြောဆိုကြ၏။

လုယွီက ထိုလူများ၏ဆူညံနေသောအသံများကို မကြားသည့်အလား သူ၏မျက်လုံးအကြည့်က အဝေးတစ်နေရာရှိ နက်ရှိုင်းသောတောအုပ်အတွင်းသို့ ကျရောက်နေသည်။

"မင်းတို့ ခုချိန်ထွက်ခွါသွားမယ်ဆိုရင်တောင် အရမ်းနောက်ကျသွားပြီ"

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

သို့ရာတွင် လုယွီ၏စကားကို တခြားသူများက လျစ်လျှူရှုထားကြ၏။

"မူချင်းရှန်...ရှေ့ကနေ မြန်မြန်လမ်းပြစမ်း...ဒီသေမျိုးက ရှည်လျားတဲ့လမ်းကို ရွေးချင်နေမှတော့ သူ့ကိုသွားခိုင်းလိုက်...ငါက ငနုံငအတစ်ယောက်နဲ့ အတူတူမသွားနိုင်ဘူး"

သခင်လေးထျန်း၏မျက်နှာပေါ်တွင် စိတ်မရှည်သောအရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။

မူချင်းရှန်၏မျက်နှာပေါ်၌ တွေဝေတုံ့ဆိုင်းသော အရိပ်အယောင်များ ထင်ဟပ်နေလေ၏။သူက ရုတ်တရက် အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။

"မဟုတ်ဘူး...ငါက ညီလေးလုနဲ့အတူသွားမယ်"

သခင်လေးထျန်း၏မျက်လုံးများ ပြူးကျယ်သွားသည်။

"မူချင်းရှန်...မင်းက ငါ့ရဲ့အမိန့်ကို မလိုက်နာတာလား"

လမ်းတလျှောက်လုံး၌ မူချင်းရှန်သည် သခင်လေးထျန်း၏အမိန့်ကို နာခံခဲ့ပြီး တစ်ကြိမ်တစ်ခါမျှ ကလန်ကဆန်လုပ်ခြင်းမရှိချေ။

သို့ရာတွင် ယခုလက်ရှိချိန်၌ မူချင်းရှန်သည် သေမျိုးတစ်ယောက်အတွက်ဖြင့် သူ၏အမိန့်ကို ငြင်းဆန်ဝံ့သလော....

မူချင်းရှန်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ငါက ဘယ်သူ့ရဲ့လက်အောက်ငယ်သားမှမဟုတ်ဘူး...သခင်လေးထျန်း စကားကိုဆင်ဆင်ခြင်ခြင်ပြောပါ"

"ကောင်းတယ်...ကောင်းတယ်..တကယ်လို့ မင်းထွက်သွားချင်တယ်ဆိုရင်လည်း ငါ မင်းကိုမတားဘူး...ငါ့ရဲ့ကာကွယ်ပေးမှုမရှိဘဲနဲ့ အစွမ်းထက်တဲ့မှော်သားရဲတွေပြည့်နေတဲ့ တောနက်ကြီးထဲမှာ မင်း ဘယ်လိုနည်းနဲ့ အသက်ရှင်သန်နိုင်မလဲဆိုတာ ငါ စောင့်ကြည့်ဦးမယ်"

သခင်လေးထျန်းက ခနဲ့တဲ့တဲ့ ပြောဆိုလိုက်၏။

လမ်းတလျှောက်လုံး၌ မူချင်းရှန်ကသာ လူတိုင်းကိုကာကွယ်ခဲ့သူဖြစ်ကြောင်း သိသာထင်ရှားသည်။

သို့ရာတွင် သခင်လေးထျန်းသည် သူ၏တည်ရှိမှုကြောင့်သာ လူတိုင်း ဘေးကင်းလုံခြုံနေခြင်းဖြစ်သည်ဟု စိတ်ကြီးဝင်နေပေ၏။

လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ဒါက နောက်ကျသွားပြီ..တစ်ဖက်လူက ငါတို့ကို ရှာတွေ့သွားပြီ"

သခင်လေးထျန်းက သရော်တော်တော် ရယ်မောလိုက်၏။

"မူချင်းရှန်...မင်း ဒီလိုလူမျိုးကို ဘယ်နေရာကရှာလာတာလဲ...ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်...တစ်ခုခုလာနေတယ်ဆိုတာ ငါ ဘာလို့ရှာမတွေ့တာလဲ...ဖြစ်နိုင်တာတော့ သူက နတ်ဆိုးသားရဲကိုတွေ့လို့ ကြောက်လန့်ပြီးရူးများသွားတာလား"

Chapter 2224

"ဒါက အမှန်ပဲ...တကယ်လို့ တစ်ခုခုရှိနေတယ်ဆိုရင် ဘာလို့ ငါတို့က မတွေ့ရတာလဲ"

"ခြောက်လုံးလှန့်လုံးတွေ...အမှိုက်ကောင်တစ်ကောင်က မိုးပြိုမှာကို ကြောက်နေလိုက်တာ...ဒါကို အလေးအနက်ထားတဲ့ကောင်ကရှိသေးတယ်"

လူငယ်များထံမှ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။

လုယွီသည် ထိုစကားလုံးများကို ကြားပုံမရချေ။သူက မူချင်းရှန်နှင့်မူလင်းကို လက်ယပ်ခေါ်လိုက်၏။

"မင်းတို့နှစ်ယောက်...ငါ့ရဲ့နောက်မှာပဲနေကြ"

မူချင်းရှန်က မူလင်းကိုခေါ်ဆောင်၍ လုယွီ၏နောက်သို့ သွားလိုက်သည်။

ယခုချိန်တွင် လုယွီ၏ခန္ဓာကိုယ်၌ မည်သည့်မှော်စွမ်းအင်လှုပ်ခတ်မှုမျိုးမျှရှိမနေချေ။တခြားသူများ၏အမြင်တွင် သူသည် သေမျိုးတစ်ယောက်နှင့် ကွဲပြားခြားနားခြင်းမရှိပေ။

မည်သို့ပင်ဆိုစေကာမူ မူချင်းရှန်သည် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။သူသည် သေမျိုးတစ်ယောက်၏နောက်၌ ပုန်းအောင်းနေသည်ကို မည်သူကမျှ နားလည်သဘောပေါက်နိုင်ခြင်းမရှိချေ။

ထိုအချိန်မှာပင် လုယွီ၏အကြည့်က အဝေးရှိတောနက်ကြီး၏တစ်နေရာသို့ ကျရောက်သွားကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလိုက်သည်။

"ဒါက အရမ်းနောက်ကျသွားပြီ"

လုယွီ၏အသံအဆုံးသတ်သွားသောအချိန်မှာပင် သစ်ပင်များကြားမှနေ၍ တံစဥ်တစ်ချောင်းပျံဝဲလာကာ လူငယ်တစ်ယောက်၏ခန္ဓာကိုယ်အတွင်းသို့ ထွင်းဖောက်သွားသည်။

ဒုတ်...

ခပ်အုပ်အုပ်အသံတစ်သံနှင့်အတူ တံစဥ်၏အသွားသည် ထိုလူငယ်ကျင့်ကြံသူ၏ရင်ဘတ်အား စိုက်ဝင်သွားကာ သွေးများဖြာကျလာပေ၏။

ထိုလူငယ်၏မျက်လုံးများ ပြူးကျယ်နေပြီး သူ့ရှေ့ရှိမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့်ကြည့်နေသည်။သူ၏နှုတ်ခမ်း အနည်းငယ်လှုပ်ရှားသွားသော်လည်း အဆုံးသတ်၌ သူသည် အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။

သူ၏အလောင်း မြေပြင်ပေါ်သို့လဲကျသွားသော အချိန်အခိုက်အတန့်မှာပင် အမှောင်ထုအတွင်းမှနေ၍ သံကြိုးကြီးတစ်ချောင်း ပျံလွင့်လာသည်။ထိုသံကြိုးကြီးသည် လူငယ်ကျင့်ကြံသူ၏လက်ကောက်ဝတ်ကိုရစ်ပတ်သွားကာ သူ့အား အမှောင်ထုအတွင်းသို့ ဆွဲခေါ်သွားလေ၏။

ဂျွတ်...ဂျွတ်...ဂျွတ်...

အမှောင်ထုအတွင်းမှနေ၍ တစ်စုံတစ်ခုကိုဝါးစားနေသောအသံများ ထွက်ပေါ်လာသည်။အမှောင်ထုအတွင်းမှနေ၍ ဧရာမခေါင်းကြီးတစ်လုံးထွက်လာကာ ထိုလူငယ်ကျင့်ကြံသူ၏အလောင်းကို ဝါးမျိုနေလေ၏။

ဤသည်က ဧရာမဝက်ဝံကြီးတစ်ကောင်ဖြစ်ပြီး သူ၏မျက်လုံးများအတွင်းမှနေ၍ အစိမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည်။

ထိုဧရာမဝက်ဝံကြီး၏နောက်ကျောပေါ်၌ လူသုံး လေးယောက်ထိုင်နေသည်။သူတို့သည် သားရေခွံဝတ်စုံများကို ဝတ်ဆင်ထားကာ သူတို့၏မျက်နှာပေါ်၌ အမှတ်အသားတချို့ကို ဆေးရောင်ခြယ်ထားလေ၏။သူတို့အနက်မှတစ်ယောက်၏လက်အတွင်း၌ သွေးများစွန်းထင်းနေသော တံစဥ်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။

ထိုလူသည် အစောပိုင်းကတိုက်ခိုက်မှုကို ပြုလုပ်သူဖြစ်မည်မှာ သိသာထင်ရှားသည်။

ပတ်ဝန်းကျင်ရှိ သစ်ပင်များအကြားမှ ပွတ်တိုက်သံများကြားနေရခြင်းနှင့်အတူ လူထွားကြီးတစ်ယောက် ထွက်ပေါ်လာသည်။

ထိုလူတစ်စုကိုမြင်သည်နှင့် မောက်မာဝံ့ကြွားနေသော သခင်လေးထျန်း၏မျက်နှာအမူအယာ ချက်ချင်းဆိုသလိုပင် ပျက်ယွင်းသွားပေ၏။

"လူရိုင်းတွေ...မင်းတို့က ငါတို့ကို ဘယ်လိုသတ္တိမျိုးနဲ့ တိုက်ခိုက်ဝံ့တာလဲ"

သခင်လေးထျန်း၏အသံက တုန်ရီနေသည်။

မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်း၌ တော်ဝင်နန်းတွင်းမှအစောင့်အကြပ်တပ်တစ်တပ်ကို စခန်းချထားသည်။

ဤနေရာသည် တော်ဝင်မြို့တော်နှင့်နီးကပ်စွာ တည်ရှိသည်။အကယ်၍ လူရိုင်းများ ပုန်ကန်ဝံ့ပါက တော်ဝင်နန်းတွင်းမှတပ်များ ချက်ချင်းရောက်ရှိလာကာ သူတို့အား နှိမ်နင်းပေမည်။

လူရိုင်းများသည် ရက်စက်ကြမ်းကြုတ်သော်လည်း တော်ဝင်နန်းတွင်းမှနေ၍ သူတို့အားဖိနှိပ်ထားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ထို့ကြောင့် သူတို့သည် ဆူပူသောင်းကြမ်းဝံ့ခြင်းမရှိချေ။၊

ဥပမာအနေဖြင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ဝင်ခွင့်စာမေးပွဲကို ဖြေဆိုသည့်လူများသည် လမ်းခရီး၌ နတ်ဆိုးမှော်သားရဲများ၏ဘေးအန္တရာယ်ကို သတိထားရန်သာလိုအပ်သည်။သူတို့သည် လူရိုင်းများနှင့် ဆုံတွေ့ရသည့်တိုင် တိုက်ခိုက်ခံရမည်မဟုတ်ပေ။

သို့ရာတွင် ယခုလက်ရှိဖြစ်ရပ်မှာမှု သူတို့ စဥ်းစားတွေးတောထားသည်ထက် ကျော်လွန်နေပေ၏။

ထိုလူရိုင်းများသည် တော်ဝင်နန်းတွင်းမှ အစောင့်အကြပ်တပ်ကို ကြောက်ရွံခြင်းမရှိသလော...

"မင်းတို့ ဘာလိုချင်တာလဲ...ငါ မင်းတို့ကို ပြောမယ်...တကယ်လို့ မင်းတို့က ငါတို့ကို သတ်မယ်ဆိုရင်...တော်ဝင်နန်းတော်က မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး"

သခင်လေးထျန်း စကားပြောဆိုနေစဥ်တွင် သူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုး ထင်ဟပ်နေသည်။

သို့ရာတွင် သူ၏ခြိမ်းခြောက်မှုသည် လူရိုင်းများ၏အမြင်၌ လှောင်ပြောင်ရယ်မောဖွယ်ရာကြီး ဖြစ်နေပုံရသည်။

"မင်းတို့က အစိမ်းရောင်ကြာမဟာနတ်ဘုရားအတွက် ယဇ်ပူဇော်ခံတွေဖြစ်သင့်တယ်"

လူရိုင်းများအနက်မှတစ်ယောက်က အက်ရှရှလေသံဖြင့်ပြောဆိုသည်။

ထိုစကားသံကိုကြားသည်နှင့် သခင်လေးထျန်းသည် တားမြစ်ကန့်သတ်ချက်တစ်ခုကို ရင်ဆိုင်ကြုံတွေ့ရပုံဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

သူက ဂရုတစိုက်ကြည့်လိုက်ရာ ယခုလက်ရှိနေရာတွင်ရှိနေသော လူရိုင်းများအားလုံး၏လက်မောင်းပေါ်၌ အစိမ်းရောင်ကြာပန်းအမှတ်အသားရှိနေသည်ကို မြင်တွေ့မိလေ၏။

ထိုကြာပန်းသည် ပွင့်လန်းနေကာ အသက်ဝင်လှသော်လည်း နတ်ဆိုးအငွေ့အသက်များကို ထုတ်လွှက်နေသည်။

"မင်းတို့က အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကလူတွေလား"

သခင်လေးထျန်း၏ခြေထောက်များ ပျော့ခွေသွားကာ သူက မြေပြင်ပေါ်သို့ ဒူးထောက်ရက်သား လဲကျသွားသည်။

ယခုလက်ရှိနေရာတွင်ရှိနေသော လူငယ်ကျင့်ကြံသူများအားလုံးထံမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

သူတို့သည် နေရာမှာပင်မတ်တတ်ရပ်နေကြကာ မည်ကဲ့သို့ဆက်လုပ်ရမည်ကို မသိကြတော့ချေ။သူတို့က နံဘေးပတ်လည်ရှိလူရိုင်းများကိုကြည့်ကာ ကြက်သေသေနေကြပြီး မည်သူမျှမလှုပ်ရှားဝံ့ချေ။

Chapter 2225

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဟူသော အသံကိုကြားချိန်တွင် မူချင်းရှန်၏မျက်နှာပင် ဖြူရော်သွားသည်။

"ညီလေးလု...ကျေးဇူးပြုပြီးတော့ ငါ့ရဲ့ညီမလေးကို မင်းနဲ့အတူခေါ်သွားပေးပါ...ငါ မင်းတို့အတွက် အချိန်ခဏဆွဲထားပေးမယ်"

မူချင်းရှန်က တီးတိုးပြောဆိုသည်။

"အကို..."

မူလင်းက အလွန်အမင်း ထိတ်လန့်ကြောက်ရွံနေပေ၏။

သို့ရာတွင် လုယွီက ခေါင်းခါပြလေသည်။

"မလိုဘူး...မင်းတို့ ငါ့နောက်မှာပဲနေ"

ဤလူတစ်စုအတွင်း၌ လုယွီတစ်ယောက်သာ တည်ငြိမ်အေးဆေးမှုကို ထိန်းသိမ်းထားနိုင်သည်။

မူချင်းရှန်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။လုယွီ မည်သည့်နေရာမှရောက်ရှိလာသည်ကို သူ မသိရှိသော်လည်း မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏အခြေအနေကို ထိုလူငယ်လေး မသိရှိသည်မှာ သိသာထင်ရှားလှ၏။

"လူကြီးမင်းတို့...ငါရဲ့ချမ်းသာကြွယ်ဝမှုတွေအားလုံး မင်းတို့ကို ငါ ပေးဖို့ဆန္ဒရှိပါတယ်..ကျေးဇူးပြုပြီး ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ"

သခင်လေးထျန်းသည် သူ၏သိုလှောင်အိတ်ကိုထုတ်ယူ၍ သူ့ရှေ့ရှိလူရိုင်းထံသို့ ရိုသေလေးစားစွာ လက်ကမ်းပေးလိုက်သည်။သူ၏မျက်နှာပေါ်တွင် ယခင်ကဲ့သို့ မောက်မာဝံ့ကြွားသောအမူအယာမျိုး မရှိတော့ချေ။

ဧရာမဝက်ဝံကြီး၏နောက်ကျောပေါ်၌ရှိနေသော လူရိုင်းတစ်ယောက်က သိုလှောင်အိတ်ကို ယူဆောင်လိုက်၏။သူက အချိန်တခဏကြာ ကြည့်ရှုပြီးနောက် သရော်တော်တော်အပြုံးနှင့်ပြောဆိုသည်။

"ကောင်းပြီလေ...သူ့ကို နောက်ဆုံးကျမှ သတ်ကြစမ်း"

တခြားလူရိုင်းများ၏မျက်နှာများပေါ်တွင်လည်း ယုတ်မာကောက်ကျစ်သောအပြုံးမျိုးရှိနေသည်။

သခင်လေးထျန်း၏မျက်နှာ ပို၍ဖြူရော်သွားပေ၏။

"ဖောက်ထွက်ကြမယ်"

ရုတ်တရက် လူငယ်ကျင့်ကြံသူတစ်ယောက်က အော်ဟစ်ကြုံးဝါးကာ လူရိုင်းများ၏ဝိုင်းရံထားမှုကို ဖောက်ထွက်နိုင်ရန် ကြိုးပမ်းလေသည်။

သို့ရာတွင် သူ လွတ်မြောက်လုဆဲဆဲအချိန်မှာပင် နံဘေးပတ်ဝန်းကျင်မှနေ၍ အနက်ရောင်အရိပ်များပျံသန်းလာကာ ထွက်ပြေးရန်ကြိုးပမ်းနေသော ကျင့်ကြံသူများအားလုံးကို သတ်ဖြတ်လိုက်၏။

ဤအချိန်အခိုက်အတန့်တွင် မြေပြင်တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွားတော့သည်။

တခြားလူငယ်ကျင့်ကြံသူများသည် ကြက်သေသေနေပြီးနောက် အလျင်စလိုဒူးထောက်လိုက်ကြကာ သူတို့ထံ၌ ခုခံဝံ့သောသတ္တိမျိုး မရှိတော့ချေ။

သူတို့ဘက်၌ လူအမြောက်အများရှိနေသော်လည်း ဤကဲ့သို့ရက်စက်ကြမ်းကြုတ်သော လူရိုင်းများနှင့် ရင်ဆိုင်တွေ့ချိန်တွင် သူတို့၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒများ ပျောက်ကွယ်သွားခဲ့သည်။

"မင်းတို့ကောင်တွေအတွက်...အစိမ်းရောင်ကြာမဟာနတ်ဘုရားရဲ့ယဇ်ပူဇော်ခံဖြစ်ရတာ ဂုဏ်ယူစရာတစ်ခုပဲ...မင်းတို့ရဲ့မျက်နှာတွေက ဘာလို့ဝမ်းနည်းနေတဲ့ပုံ ပေါက်နေတာလဲ"

လူရိုင်းများ၏ခေါင်းဆောင်ဖြစ်သူက ဒေါသတကြီးဆူပူကြိမ်းမောင်းလိုက်၏။

ထိုအချိန်မှာပင် လူရိုင်းတစ်ယောက်က အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို လက်ညှိုးညွှန်လိုက်သည်။

"သူနဲ့စလိုက်ရအောင်"

"ကျွန်မကို မသတ်နဲ့..ကျွန်မကို မသတ်ပါနဲ့"

ထိုအမျိုးသမီးကျင့်ကြံသူသည် မြေပြင်ပေါ်သို့လဲကျသွားကာ တရွတ်ဆွဲ၍ အဆက်မပြတ်နောက်ဆုတ်နေသည်။

သို့ရာတွင် လူရိုင်းများသည် သူမ၏တောင်းပန်မှုကို အာရုံစိုက်ခြင်းမရှိချေ။လူရိုင်းတစ်ယောက်က သူမ၏ဆံပင်ကို လက်တစ်ဖက်ဖြင့်ဆောင့်ဆွဲထားကာ တခြားလူရိုင်းတစ်ယောက်က သူမ၏လည်ပင်းကိုဖြတ်လိုက်သည်။

သွေးများက သူမနံဘေးရှိ လူငယ်ကျင့်ကြံသူများပေါ်သို့ ဖြာကျသွားသည်။

ထိုမြင်ကွင်းကိုမြင်တွေ့ရချိန်တွင် ယခုလက်ရှိနေရာတွင်ရှိနေသော လူငယ်ကျင့်ကြံသူများသည် မကြုံစဖူးထိတ်လန့်ကြောက်ရွံမှုမျိုးကို ခံစားလိုက်ရ၏။

အစောပိုင်းက လုယွီအား လှောင်ပြောင်သရော်ခဲ့ကြသော လူငယ်ကျင့်ကြံသူများအားလုံး နောင်တကြီးစွာရနေကြသည်။

အကယ်၍ သူတို့သာ ကြိုသိခဲ့ပါက သူတို့သည် လုယွီ၏အကြံပေးချက်ကိုလိုက်နာကာ ဤနေရာမှ တက်နိုင်သမျှအမြန်ဆုံး ထွက်ခွါသွားခဲ့ပေမည်။

ယခုလက်ရှိချိန်၌ လုယွီပြောဆိုခဲ့သော အန္တရာယ်ဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်း သူတို့အားလုံး သိရှိသွားလေပြီ။

အကယ်၍ သူတို့သည် ယခုကဲ့သို့ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမည်ကို သိရှိခဲ့ပါက မည်သည့်တုံ့ဆိုင်းခြင်းမျှမရှိဘဲ နောက်သို့ပြန်လှည့်ကာ ထွက်ခွါခဲ့ပေမည်။သို့ရာတွင် ယခုလက်ရှိချိန်၌ အရာအားလုံး နောက်ကျသွားခဲ့လေပြီ။

အမျိုးသမီးကျင့်ကြံသူအား သတ်ဖြတ်ပြီးချိန်တွင် လူရိုင်းများသည် သူမ၏အလောင်းကို လှည်းတစ်စီးထံသို့ဆွဲသွားကာ အပေါ်သို့ပစ်တင်လိုက်၏။

ထိုလှည်းပေါ်တွင် အလောင်းများက တောင်ကုန်းငယ်တစ်လုံးကဲ့သို့ စုပုံနေကာ ပြင်းထန်သောသွေးညှီနံများက လေထုအတွင်း၌ ရစ်ဝဲနေသည်။

လူရိုင်းခေါင်းဆောင်က သခင်လေးထျန်းကိုလက်ညှိုးညွှန်၍ ပြောဆိုလိုက်သည်။

"နောက်တစ်ယောက်က သူပဲ"

သခင်လေးထျန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။သူ၏မျက်လုံးတစ်စုံဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ်၍ကြည့်လိုက်သော်လည်း အဆုံးသတ်၌ သူ ခုခံတိုက်ခိုက်ဝံ့ခြင်းမရှိချေ။

အကယ်၍ သူ ခုခံလိုက်ပါက သူ သေဆုံးရမည်မှာ တိကျသေချာသည်။

သို့ရာတွင် အကယ်၍ သူ ခုခံခြင်းမပြုပါကလည်း သေဆုံးရမည့်အချိန်ကို ထိုင်စောင့်နေရသကဲ့သို့ ဖြစ်နေပေမည်။

လက်ရှိနေရာတွင်ရှိနေသော လူငယ်ကျင့်ကြံသူများအားလုံးကလည်း ထိုကဲ့သို့ တွေးတောနေကြသည်။

"ငါ့ရဲ့ဦးလေးက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့လက်ထောက်ကျောင်းအုပ်ပဲ...ငါ့ကို မသတ်ပါနဲ့"

သူက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

"ရပ်လိုက်စမ်း"

လူရိုင်းခေါင်းဆောင်က ရုတ်တရက် ရှေ့သို့လျှောက်လှမ်းလာသည်။သူက သခင်လေးထျန်းကို ခြေဆုံးခေါင်းဆုံးကြည့်ကာ သူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုး ထင်ဟပ်လာပေ၏။

"ကောင်းတယ်...မင်း အချိန်ခဏလောက်တော့ အသက်ရှင်ခွင့်ရမယ်"

လူရိုင်းခေါင်းဆောင်သည် သခင်လေးထျန်းကိုဆုပ်ကိုင်ကာ ဧရာမဝက်ဝံကြီး၏ကျောပေါ်သို့ ပစ်တင်လိုက်သည်။

တခြားလူငယ်ကျင့်ကြံသူများ၏မျက်နှာအမူအယာများ ချက်ချင်းဆိုသလို ပျက်ယွင်းသွားသည်။

သခင်လေးထျန်းသည် ယခုလက်ရှိနေရာတွင်ရှိနေသူများအနက် အစွမ်းထက်ဆုံးကျင့်ကြံသူဖြစ်သည်။

အကယ်၍ သူပင်လျှင် ခုခံရန်ဆန္ဒမရှိပါက သူတို့အားလုံးသည် သေဆုံးရမည့်အချိန်ကို စောင့်မျှော်နေရုံသာ တက်နိုင်ပေမည်။

Thank For Reading.

All Chapters