← Chapters

အခန်း (၂၂၂၆-၂၂၃၀)

Vol. 115 Ch. 2226-2230

အခန်း (၂၂၂၆-၂၂၃၀)

Vol. 115 Ch. 2226-2230

Chapter 2226

"သခင်လေးထျန်း...ငါတို့ကို ကယ်ပါအုံး"

"ငါတို့က မင်းရဲ့နောက်ကိုလိုက်ပြီး မင်းခိုင်းသမျှအရာအားလုံး လုပ်ပေးခဲ့တာလေ...ကျေးဇူးပြုပြီးတော့ ငါတို့ကို ကယ်ပါအုံး"

လူငယ်ကျင့်ကြံသူများသည် စတင်၍ အသနားခံတောင်းပန်နေကြ၏။

သူတို့သည် သခင်လေးထျန်း၏နောက်သို့ လိုက်ခဲ့ရသည့်အကြောင်းအရင်းမှာ သူ၏အဆင့်အတန်းကြောင့်ပင်။

သခင်လေးထျန်းသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော် လက်ထောက်ကျောင်းအုပ်၏တူဖြစ်သည်။

ထိုအဆင့်အတန်းကြောင့် သူတို့သည် သခင်လေးထျန်းအား ကူညီထောက်ပံပေးနေသရွေ့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ဝင်ခွင့်ရနိုင်မည့် သူတို့၏အခွင့်အရေးများ ပို၍မြင့်တက်လာနိုင်သည်။

ထို့ပြင် သူတို့သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်ပြီးနောက်တွင် အကျိုးအမြတ်များစွာ ပို၍ရရှိနိုင်ပေ၏။

ထိုလူငယ်တစ်စုအသနားခံတောင်းပန်နေသည်ကိုကြည့်ပြီး သခင်လေးထျန်းသည် စိတ်ရှုပ်ထွေးလာသကဲ့သို့ ခံစားနေရသည်။သူက ကူကယ်ရာမဲ့စွာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြစမ်း...မင်းတို့ သေသေရှင်ရှင် ငါနဲ့ဘာဆိုင်လို့လဲ...အစိမ်းရောင်ကြာမဟာနတ်ဘုရားအတွက် ယဇ်ပူဇော်ခံဖြစ်ရတာ မင်းတို့ ရှစ်ဘဝပြောင်းလဲသွားရင်တောင် မရနိုင်တဲ့ ဂုဏ်ကျက်သရေမျိုးပဲ"

သခင်လေးထျန်း၏သရုပ်သကန် လွန်စွာပြောင်းလဲသွားပေ၏။လူရိုင်းများ၏လက်အတွင်းသို့ကျရောက်ပြီးနောက် သူသည် နောက်ထပ်မျက်နှာတစ်မျိုးသို့ ချက်ချင်းပြောင်းလဲသွားသည်။သူသည် လူရိုင်းများ စိတ်ကျေနပ်မှုရရှိစေရန် အကောင်းဆုံးကြိုးစားနေလေသည်။

ဧရာမဝက်ဝံကြီးပေါ်တွင်ထိုင်နေသောလူရိုင်းသည် ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်၏။

"မင်းပြောတာ မှန်တယ်...အစိမ်းရောင်ကြာနတ်ဘုရားအတွက် ယဇ်ပူဇော်ခံဖြစ်ရတာ သူတို့ကို ကောင်းချီးပေးခံရတာပဲ...မင်းက မဆိုးဘူး...တကယ်လို့ မင်းရဲ့ဦးလေးကို ငါတို့ရဲ့အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းနဲ့ပူးပေါင်းဖို့ သွေးဆောင်ဖျားယောင်းပေးနိုင်ရင်...ငါ မင်းကို ဂိုဏ်းရဲ့ခေါင်းဆောင်ငယ်တစ်ယောက်ဖြစ်ဖို့ ထောက်ခံပေးမယ်"

"ကျေးဇူးတင်ပါတယ် အရှင်...ကျေးဇူးအရမ်းတင်ပါတယ်"

သခင်လေးထျန်းက ချက်ချင်းဆိုသလိုပင် ဒူးထောက်ကာ လူရိုင်းများကို ဦးညွှတ်၍အရိုအသေပြုလေသည်။

သူ၏အပြုအမူကြောင့် ယခုလက်ရှိနေရာတွင်ရှိနေသော လူငယ်ကျင့်ကြံသူများအားလုံး အထင်သေးစက်ဆုပ်သွားကြသည်။

ဤသည်က သူတို့ လမ်းတလျှောက်လုံး ချီးမွမ်းမြှောက်ပင့်နေခဲ့သည့် လူငယ်ပါရမီရှင် ဟုတ်ပါသလော....

သူတို့အားလုံး အန္တရာယ်အတွင်းသို့ ရောက်ရှိနေစဥ်တွင် သခင်လေးထျန်းသည် သူတို့အား အကာအကွယ်မပေးရုံသာမက လူရိုင်းများရှေ့တွင် ဒူးထောက်ကာ ဦးညွှတ်၍အရိုအသေပြုနေသည်။

"ငါ တကယ်ကို မျက်စေ့ကန်းခဲ့မိတာပဲ...ဒီလိုကောင်မျိုးကို တလမ်းလုံးချီးမွမ်းနေခဲ့မိတယ်"

"ဒါက အမှန်ပဲ...အစကတည်းက သူက အရည်အချင်းရှိတဲ့ကောင်မှမဟုတ်တာ...သူ့ရဲ့မိုးပြာနဂါးဓားနည်းစနစ်က ဟာကွက်တွေနဲ့ပြည့်နေတာ...တကယ်လို့ ငါ သူ့နဲ့တိုက်ခိုက်ရင်တောင် အနိုင်ယူနိုင်လိမ့်မယ်"

လူငယ်ကျင့်ကြံသူများအားလုံးသည် ဤတစ်ကြိမ်တွင် သူတို့သေဆုံးရတော့မည်ကို သိရှိပြီးဖြစ်သဖြင့် သခင်လေးထျန်း၏နောက်ခံအဆင့်အတန်းကို ထိတ်လန့်ကြောက်ရွံခြင်း မရှိကြတော့ချေ။

ယခင်က သူ၏အမိန့်ကိုနာခံခဲ့ကြသူများထံမှ ထိုကဲ့သို့စကားများ ထွက်ပေါ်လာသည်ကို ကြားချိန်တွင် သခင်လေးထျန်းသည် သူ၏သဘောထားသေးသိမ်သော စိတ်နှလုံးသားကို ထပ်မံ၍ထိန်းချုပ်မထားနိုင်တော့သဖြင့် သူ၏မျက်နှာတပြင်လုံး နီမြန်းသွားသည်။

"မင်းတို့ကောင်တွေ ငါ့ကိုမလေးမစားလုပ်တဲ့အတွက်...အနှေးနဲ့အမြန် တန်ကြေးပေးဆပ်ရမယ်"

သခင်လေးထျန်း၏မျက်လုံးအတွင်း၌ ရန်ငြိုးမုန်းတီးမှုအရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။

ထိုအချိန်မှာပင် ရုတ်တရက် တောအုပ်အတွင်းမှနေ၍ ခရာသံတစ်သံထွက်ပေါ်လာသည်။

ထိုခရာသံကိုကြားသည်နှင့် ဧရာမဝက်ဝံကြီးပေါ်၌ထိုင်နေသော လူရိုင်းခေါင်းဆောင်၏မျက်နှာအမူအယာ ရုတ်တရက် ပျက်ယွင်းသွားသည်။

"မကောင်းတော့ဘူး...တော်ဝင်စစ်တပ်ရဲ့ သိမ်းငှက်ခွေးတွေရောက်လာတာ ဘာလို့ ဒီလောက်ထိမြန်နေတာလဲ"

လူရိုင်းခေါင်းဆောင်က ဒေါသတကြီးကျိန်ဆဲလိုက်၏။ထို့နောက် သူက နံဘေးပတ်လည်တွင်ရှိနေသော လူရိုင်းများကိုကြည့်ကာ ပြောဆိုလိုက်သည်။

"မင်းတို့ကောင်တွေ...ဒီလူတွေကို မြန်မြန်သတ်ကြစမ်း...ပြီးတာနဲ့ သူတို့ရဲ့အလောင်းတွေကို လှည်းပေါ်ဆွဲတင်လိုက်ကြတော့"

"ဟုတ်ကဲ့"

လူရိုင်းတစ်စုသည် ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာများဖြင့် လူငယ်ကျင့်ကြံသူများထံသို့ လျှောက်လှမ်းသွားလေသည်။

ထိုအချိန်မှာပင် ရုတ်တရက် လုယွီက ပြောဆိုလိုက်သည်။

"အခုချိန်မှာ မင်းတို့ရဲ့အစိမ်းရောင်ကြာမဟာနတ်ဘုရားက ကြာပွင့်ဘယ်လောက်များများထိ ကျင့်ကြံပြီးပြီလဲ"

လူရိုင်းများအားလုံး သူတို့ရောက်နေသောနေရာမှာပင် ရပ်တန့်လိုက်ကြကာ သူတို့က လုယွီကို စူးစူးဝါးဝါးစိုက်ကြည့်နေကြ၏။

ဧရာမဝက်ဝံကြီးပေါ်တွင်ထိုင်နေသော လူရိုင်းခေါင်းဆောင်ကလည်း လုယွီကို စူးစိုက်၍ကြည့်လိုက်သည်။

"ကောင်လေး...မင်း ဘာပြောတာလဲ"

"ကြာပွင့်တွေကို ဘယ်နေရာမှာရှာတွေ့နိုင်မလဲ...လောကကြီးက ပျက်သုဥ်းနေပြီ"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး ဆက်လက်ပြောဆိုသည်။

"ဒါက အချိန်အတော်ကြာညောင်းခဲ့ပြီ...သူက ခုထိ သင်ခန်းစာမရသေးတာလား...ဘယ်လိုသတ္တိမျိုးနဲ့ သူက ပြန်လာဝံ့တာလဲ"

လုယွီ၏ကံကြမ္မာဟောကိန်းကိုကြားချိန်တွင် လူရိုင်းခေါင်းဆောင်၏မျက်စိသူငယ်အိမ် ရုတ်တရက်ကျုံသွားကာ သူက ဒေါသတကြီးအော်ဟစ်လိုက်၏။

"မဖြစ်နိုင်ဘူး...ငါတို့ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ ပင်မတပည့်တွေပဲ ဒီကိစ္စကိုသိနိုင်တာ...မင်းက ဘယ်သူလဲ"

"ကြည့်ရတာတော့ ဒီလိုပဲဖြစ်မယ်...နှစ်တွေအကြာကြီးရှည်ကြာလာချိန်မှာ အရင်တုန်းက သူရခဲ့တဲ့ သင်ခန်းစာတွေက လုံလောက်တော့ပုံမရဘူး...ဘာလဲ...သူက တာယွီအင်ပါယာကို ပြန်လာဖို့ကြံစည်နေတာလား"

လုယွီက ယခုလက်ရှိနေရာတွင်ရှိနေသော လူရိုင်းများအားလုံးကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

"မင်းတို့ရဲ့လက်တွေမှာ သွေးတွေအများကြီးစွန်းထင်းနေတာကို ငါ အာရုံခံမိတယ်...ဒီနေ့ မင်းတို့ကောင်တွေအားလုံး ဒီနေရာကနေ အသက်ရှင်ရက်ထွက်သွားဖို့ စိတ်မကူးကြနဲ့"

Chapter 2227

လုယွီ၏စကားကိုကြားချိန်တွင် လူရိုင်းများအားလုံး၏မျက်နှာများပေါ်၌ သရော်တော်တော် အရိပ်အယောင်များ ထင်ဟပ်နေသည်။

သူတို့၏ရှေ့ရှိကောင်လေးကို ကြည့်ရသည်မှာ သေမျိုးတစ်ယောက်နှင့် များစွာကွဲပြားခြားနားခြင်းမရှိချေ။အစကတည်းက လူတိုင်း သူ့ကို လျစ်လျူရှုထားကြ၏။

သို့ရာတွင် ဤှသာမာန်ဆန်သောကောင်လေးသည် အလွန်ကြီးကျယ်သောစကားမျိုးကို ပြောဆိုမည်ဟု မည်သူတစ်ဦးတစ်ယောက်ကမျှ တွေးထင်မထားကြပေ။

လူရိုင်းခေါင်းဆောင်သည် ဧရာမဝက်ဝံကြီးပေါ်မှခုန်ဆင်းကာ ယုတ်မာကောက်ကျစ်သောအပြုံးနှင့်ပြောဆိုသည်။

"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး...မင်းကိုငါအသေသတ်မယ်...ဒါဆိုရင် နောက်ထပ် ပေါက်ကရစကားတွေ မင်း ထပ်ပြောနိုင်မှာ မဟုတ်တော့ဘူး"

စကားဆုံးသည်နှင့် လူရိုင်းခေါင်းဆောင်၏မျက်လုံးသူငယ်အိမ် ကျုံဝင်သွားသည်။

သူ၏မျက်နှာပေါ်၌ ဆေးခြယ်ထားသော အမှတ်အသားများ ရုတ်တရက် အသက်ဝင်လာပုံရကာ အပြောင်းအလဲများ ဆက်တိုက်ဆိုသလိုပင် ဖြစ်ပွါးလာပေ၏။

ထိုဆေးရောင်ခြယ်အမှတ်အသားများသည် တစတစ ပြန့်ကားလာကာ တဖြည်းဖြည်း လူရိုင်းခေါင်းဆောင်၏ခန္ဓာကိုယ်တစ်ခုလုံးကို နေရာယူသွားသည်။

ဤသည်က ခန္ဓာကိုယ်တစ်ခုလုံးတွင် ဆေးမင်ကြောင်များထိုးထားသူတစ်ယောက်နှင့်တူညီကာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာပင်။

ထိုဆေးရောင်ခြယ်အမှတ်အသားများ ထွက်ပေါ်လာမှုနှင့်အတူ လူရိုင်းခေါင်းဆောင်၏ခန္ဓာကိုယ်မှ ကြွက်သားများ ဖောင်းကြွလာသည်။

ကြောက်မက်ဖွယ်အရှိန်အဝါတစ်ရပ်က ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။သူသည် တောနက်ကြီးအတွင်းမှထွက်လာပြီး ရှေ့ရှိအရာအားလုံးကို ဝါးမျိုမည့် ရက်စက်ကြမ်းကြုတ်သောကျားတစ်ကောင်နှင့် တူညီနေသည်။

ဤအချိန်အခိုက်အတန့်တွင် ယခင်က ထွက်ပြေးရန်ပြင်ဆင်နေကြသော လူငယ်ကျင့်ကြံသူများ၏မျက်နှာများ ဖြူရော်သွားပေ၏။

သူတို့သည် သာမာန်လူရိုင်းများကိုပင် အနိုင်မယူနိုင်လေရာ လျှို့ဝှက်ဆန်းကြယ်သောလူရိုင်းခေါင်းဆောင်ဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။

"မင်းလိုမျိုးဥာဏ်ကောင်းတဲ့ကောင်တွေရဲ့ လည်ပင်းကို လိမ်ချိုးရတာ ငါ အနှစ်သက်ဆုံးကိစ္စပဲ"

လူရိုင်းခေါင်းဆောင်က ယုတ်မာကောက်ကျစ်သောအပြုံးမျိုးပြုံးလိုက်သည်။

ထိုအပြုံးကိုမြင်ချိန်တွင် လူငယ်ကျင့်ကြံသူများအားလုံး၏ခန္ဓာကိုယ်များ တုန်ရီသွားသည်။

မူချင်းရှန်က လုယွီ၏ရှေ့၌ အလျှင်အမြန်မတ်တတ်ရပ်ကာ ပြောဆိုလိုက်၏။

"ညီလေးလု...ငါ မင်းနဲ့အတူ တိုက်ခိုက်မယ်"

မူလင်းသည် ထိတ်လန့်ကြောက်ရွံနေသော်လည်း သူမက ရှေ့သို့လျှောက်လှမ်းကာ ပြောဆိုသည်။

"ငါ့ကိုလည်း ထည့်တွက်လိုက်"

လုယွီက ထိုစကားများကိုကြားချိန်တွင် မသိမသာ ခေါင်းညိတ်လိုက်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် အားကောင်းသောရန်သူနှင့် ဆုံတွေ့ရချိန်တွင် ထိတ်လန့်ကြောက်ရွံပြီး နောက်၌ပုန်းအောင်းနေပါက သူ အမှန်တကယ်ကို အထင်သေးမိပေမည်။

ဤမောင်နှမနှစ်ယောက်ကမူ တစ်ဖက်လူအား သူတို့ယှဥ်ပြိုင်နိုင်မည်မဟုတ်ကြောင်းသိရှိသော်လည်း သူတို့ထံ၌ တိုက်ခိုက်ဝံ့သည့်သတ္တိမျိုးရှိနေဆဲပင်။ထိုသတ္တိမျိုးသည် လူတိုင်းပိုင်ဆိုင်နိုင်သည့်အရာမျိုး မဟုတ်ချေ။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ကိစ္စမရှိဘူး...သူက ငါ့ကို နာကျင်အောင်လုပ်နိုင်မှာမဟုတ်ဘူး...တကယ်လို့ သူတို့ရဲ့ အစိမ်းရောင်ကြာမဟာနတ်ဘုရားကိုယ်တိုင် ရောက်လာရင်တောင် သူက ငါ့ကို ကြောက်ရွံနေရလိမ့်မယ်"

လုယွီ၏စကားလုံးများအတွင်း၌ အကန့်အသတ်မရှိသော ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်များဖြင့် ပြည့်နှက်နေကာ လူအများအား သူ့အပေါ် ယုံကြည်လက်ခံအောင်ပြုလုပ်နိုင်စွမ်းရှိသည်။

"အတင့်ရဲလိုက်တာ...မင်းလို သေမျိုးတစ်ယောက်ကများ...ဘယ်လိုသတ္တိမျိုးနဲ့ ငါတို့ရဲ့အစိမ်းရောင်ကြာမဟာနတ်ဘုရားကို သွားပုပ်လေလွင့်စကားမျိုး ပြောဝံ့တာလဲ"

လူရိုင်းခေါင်းဆောင်သည် ဒေါသတကြီးဖြင့် အော်ဟစ်ကြုံးဝါးကာ လုယွီထံသို့ တဟုန်ထိုးပြေးဝင်၍ တိုက်ခိုက်တော့သည်။

ဤတိုက်ခိုက်မှုသည် တောင်ပေါ်မှဆင်းသက်လာသော ကြောက်မက်ဖွယ်ကျားတစ်ကောင်နှင့်တူညီကာ ပတ်ဝန်းကျင်ရှိလေထုကိုပင် တုန်ခါသွားစေလေ၏။

ဧရာမအနက်ရောင်ကျားတစ်ကောင်၏ပုံရိပ်ယောင်က ဤနေရာပတ်ဝန်းကျင်ရှိ ကောင်းကင်ယံတခွင်လုံးကို လွှမ်းခြုံသွားသည်။ထိုပုံရိပ်ယောင်ကြီးသည် ကြီးမားသောလက်သည်းများကိုဆန့်ထုတ်ကာ လုယွီထံဦးတည်၍ ကုတ်ဆွဲလိုက်သည်။

ထိုအနက်ရောင်ကျားပုံရိပ်ယောင်ကြီး၏ရှေ့တွင် လူများကိုကြည့်ရသည်မှာ အလွန်အမင်းသေးငယ်နေပုံရသည်။

"ဒါက...မြေကမ္ဘာအင်မော်တယ်နယ်ပယ် အစွမ်းထက်ကျင့်ကြံသူပဲ"

"ငါတို့ သေရတော့မှာပဲ"

လူငယ်ကျင့်ကြံသူများအားလုံး၏စိတ်အတွင်း၌ ထိုကဲ့သို့အတွေးများ ထင်ဟပ်လာသည်။

ထိုအချိန်မှာပင် မြေပြင်ပေါ်၌ မတ်တတ်ရပ်နေသောလုယွီသည် လူသူအများ၏ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာပေ၏။

လုယွီနှင့်အနီးဆုံးနေရာ၌ရှိနေသော မူချင်းရှန်ပင်လျှင် သူ မည်ကဲ့သို့လှုပ်ရှားလိုက်သည်ကို မသိရှိချေ။

ရုတ်ချည်းဆိုသလိုပင် သူတို့အားလုံးသည် အနက်ရောင်အရိပ်တစ်ရိပ် ဖြတ်သန်းသွားသည်ကိုသာ တွေ့မြင်မိပြီး လုယွီက ဧရာမဝက်ဝံကြီးပေါ်သို့ ခုန်တက်သွားခဲ့သည်။

ဘန်း...

ဧရာမဝက်ဝံကြီး၏ခြေလက်လေးချောင်းလုံး မြေပြင်အတွင်းသို့နစ်ဝင်သွားကာ သူ၏ကြီးမားသောခန္ဓာကိုယ်ကြီး​ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။သူ၏ခန္ဓာကိုယ်ရှိ အရိုးများနှင့်ကြွက်သားများမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။

ဧရာမဝက်ဝံကြီး၏ပါးစပ်သည် ကျယ်လောင်စွာပွင့်ဟနေကာ သူ၏မျက်လုံးများက ပြူးကျယ်နေသည်။လုယွီ၏အစွမ်းထက်သောခွန်အားသည် သူ၏သားမွှေးကိုထွင်းဖောက်၍ သူ၏နှလုံးအထိ ပျံ့နှံ့သွားကာ ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးပေါက်ကွဲကာ သေဆုံးသွားလေ၏။

ထိုဧရာမဝက်ဝံကြီးသည် လူငယ်ကျင့်ကြံသူများ၏အမြင်တွင် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်သော်လည်း လုယွီ ခြေတစ်ချက်ဆောင့်နင်းရုံဖြင့် သေဆုံးသွားခဲ့ရသည်။

"ငါ့ အနှစ်သက်ဆုံးကိစ္စက သေလမ်းလာရှာတဲ့ကောင်တွေရဲ့ခေါင်းတွေကို ဖျက်ဆီးပစ်တာပဲ"

လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။

Chapter 2228

ထို့နောက် လူတိုင်းသည် ထူးဆန်းသောမြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။

အစောပိုင်းက ရန်လိုစိတ်ပြင်းထန်နေသော လူရိုင်းခေါင်းဆောင်သည် လေထုအတွင်းမှနေ၍ အစွမ်းအစမဲ့စွာဖြင့် မြေပြင်ပေါ်သို့ ရုတ်တရက်ပြုတ်ကျလာသည်။

သူ၏မျက်လုံးအကြည့်သည် လုယွီထံတွင်သာ အခိုင်အမာကျရောက်နေကာ သူ၏မျက်လုံးအတွင်း၌ မယုံကြည်နိုင်သောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

"မင်း...."

ထိုစကားတစ်လုံးပြောဆိုပြီးသည်နှင့် လူရိုင်းခေါင်းဆောင်၏ခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။သူ၏ခေါင်းသည် သူ၏ခန္ဓာကိုယ်နှင့် ကင်းကွာသွားလေပြီ။

လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော သူ၏ကြီးမားသောခန္ဓာကိုယ်ကြီးသည် နောက်ဆုံး၌ မြေပြင်ပေါ်သို့ ပြိုလဲကျသွားပေ၏။

ပတ်ဝန်းကျင်နေရာတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားသည်။လူတိုင်းက မျက်တောင်မခတ်ဘဲ သူတို့ရှေ့ရှိမြင်ကွင်းကို စူးစိုက်၍ကြည့်နေကြသည်။

အစောပိုင်းက လူရိုင်းခေါင်းဆောင် တိုက်ခိုက်လိုက်သောမြင်ကွင်းသည် သူတို့၏စိတ်အတွင်း၌ ထင်ဟပ်နေဆဲပင်။မည်သည်ကြောင့် သူ ရုတ်တရက်ကြီး သေဆုံးသွားရသနည်း။

ဤသည်က မြေကမ္ဘာအင်မော်တယ်အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။

ထို့ပြင် ပို၍အံ့အားသင့်ဖွယ်အကောင်းဆုံးအချက်မှာ လုယွီ မည်ကဲ့သို့တိုက်ခိုက်လိုက်သည်ကို သူတို့အားလုံး မသိရှိချေ။

"အဲ့ဒီကောင်လေးကို သတ်ကြစမ်း"

ပတ်ဝန်းကျင်ရှိ လူရိုင်းများအားလုံးသည် ရူးသွပ်သွားသည့်အလား လုယွီထံသို့ တဟုန်ထိုးပြေးဝင်ကာ တိုက်ခိုက်ကြ၏။

ထိုလူရိုင်းများ၏ခွန်အားသည် သာမာန်ထက်သာလွန်ကာ တချို့လူရိုင်းများဆိုလျှင် ခွန်အားအလွန်ကောင်းမွန်သည်။မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် သူတို့က လုယွီ၏နောက်သို့ ရောက်ရှိလာကြသည်။

"သေပေတော့"

လူရိုင်းများသည် သူတို့၏လက်များအတွင်းရှိ တံစဥ်များကိုကိုင်မြှောက်ကာ လုယွီကို ခုတ်ပိုင်းလိုက်ကြ၏။

လုယွီက နောက်သို့ပြန်လှည့်ကြည့်ခြင်းပင် မရှိချေ။သူက လေဟာနယ်အတွင်းသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် လုယွီကိုဗဟိုပြု၍ ပြင်းထန်သော လက်ဝါးအားလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ဘန်း...ဘန်း...ဘန်း...

လေထုအတွင်း၌ မမြင်နိုင်သောလက်ဝါးအားလှိုင်းများထွက်ပေါ်လာကာ လုယွီအား တိုက်ခိုက်ရန်ပြေးဝင်လာသော လူရိုင်းများအားလုံးကို နောက်သို့လွင့်ထွက်သွားစေသည်။

ယခုလက်ရှိ လုယွီ၏ခွန်အားဖြင့် ထိုလူရိုင်းများကို အနိုင်ယူရန်မှာ သူ၏လက်ဖဝါးကို လှန်လိုက်သကဲ့သို့ လွယ်ကူပေ၏။

ရုတ်ချည်းဆိုသလိုပင် လုယွီထံပြေးဝင်လာသော လူရိုင်းများအားလုံး လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျရောက်လာသည်။

လူရိုင်းများ၏ခန္ဓာကိုယ်များပေါ်တွင် သိသာထင်ရှားသော ဒဏ်ရာများမရှိသော်လည်း လုယွီ၏လက်ဝါးအားလှိုင်းသည် သူတို့၏ခန္ဓာကိုယ်အရေပြားနှင့်အသားကိုထွင်းဖောက်သွားကာ အရေးကြီးခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများကို ရိုက်ခတ်သွားပြီး သူတို့၏အသက်များကို ဆုံးရှုံးသွားစေသည်။

အလောင်းများက မြေပြင်တပြင်လုံးအနှံ့ ပြန့်ကျဲနေပေရာ အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောမြင်ကွင်းပင်။

ဤအချိန်အခိုက်အတန့်တွင် အစောပိုင်းက မောက်မာဝံ့ကြွားပြီး လွှမ်းမိုးချုပ်ကိုင်နေသော လူရိုင်းများအားလုံး လူသေလောင်းများဘဝသို့ ပြောင်းလဲသွားလေပြီ။

အချိန်အတော်ကြာမှသာ မူချင်းရှန်က အံ့အားတသင့် မေးမြန်းလိုက်သည်။

"ညီလေးလု...ဒါတွေအားလုံးကို မင်း လုပ်လိုက်တာလား"

လုယွီသည် အဆင့်မြင့်မှော်သားရဲတစ်ကောင်၏အမြူတေကို အမှီပြု၍ ဝက်သိုးဘုရင်ကြီးကို မောင်းထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ယခင်က သူ တွေးထင်ထားမိလေ၏။

လုယွီသည် သူ၏ကိုယ်ပိုင်စွမ်းအားပေါ်တွင်သာ အပြည့်အဝ မှီခိုထားမည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။

"ဒါက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ခွေးလေခွေးလွင့်တစ်သိုက်လေးပဲလေ"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

လုယွီ အလွန်တည်ငြိမ်စွာပြောဆိုနေသည်ကိုကြားချိန်တွင် မူချင်းရှန်က ထိတ်လန့်တုန်လှုပ်သွားသည်။

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းနှင့် ပတ်သက်၍ သူ ရှင်းရှင်းလင်းလင်း သိရှိထားသည်။ဤသည်က လူရိုင်းမျိုးနွယ်များကြား၌ ရုတ်တရက်ထွက်ပေါ်လာသော ဂိုဏ်းတစ်ဂိုဏ်းပင်။ထိုလူရိုင်းများသည် အစိမ်းရောင်ကြာနတ်ဘုရားကို ယုံကြည်ကိုးကွယ်ကြကာ အလွန်အမင်းလျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပေ၏။

ထို့ပြင် သူတို့၏အင်အားကို မှန်းဆ၍မရချေ။မကြာသေးမီကပင် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေရှိ တော်ဝင်စစ်တပ်၏စစ်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့သည်။

မူချင်းရှန်က သူ အလွန်ကံကောင်းသည်ဟု ခံစားနေရ၏။လူငယ်ကျင့်ကြံသူများသည်လည်း အလွန်ပျော်ရွှင်နေကြသည်။

မူလက သူတို့အားလုံး၏စိတ်ဓာတ်များ ပြိုလဲပျက်စီးနေလေပြီ။သို့ရာတွင် ယခင်က သူတို့ ပြက်ရယ်ပြုလှောင်ပြောင်ခဲ့သောလုယွီသည် သူတို့၏အသက်ကိုကယ်တင်မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။

"စီနီယာ...ကျွန်တော်တို့က မျက်လုံးကန်းပြီး ထိုက်တောင်ကြီးကို မမြင်မိဘူး...ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ခွင့်လွှက်ပေးပါ"

ယခင်က လုယွီအား လှောင်ပြောင်သရော်ခဲ့ကြသူများအားလုံးသည် သူရှေ့၌ ဒူးထောက်လိုက်ကြ၏။သူတို့၏မျက်နှာများပေါ်၌ ချွေးစေးများဖြင့် စိုရွှဲနေသည်။

လုယွီက ထိုလူငယ်များကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်သည်။

"ငါ မင်းတို့ကို ထွက်သွားဖို့ ကြိုသတိပေးခဲ့တယ်...ဒါပေမယ့် မင်းတို့က နားမထောင်ကြဘူး...အခုချိန်ကစပြီး အပြင်လောကမှာ မင်းတို့ထက် သာလွန်တဲ့သူတွေ အမြဲတမ်းရှိနေနိုင်တယ်ဆိုတာ မင်းတို့ မှတ်ထားကြတော့"

ထို့နောက် လုယွီက မလှမ်းမကမ်းအကွာအဝေးရှိ အလောင်းများပြည့်နှက်နေသောလှည်းကို တစ်ချက်ကြည့်လိုက်သည်။

"အဲ့ဒီအလောင်းတွေကို မြေမြုပ်ပေးလိုက်စမ်း"

လူငယ်ကျင့်ကြံသူများသည် လုယွီ၏ခွင့်လွှက်မှုကို ရရှိသွားသည်နှင့် သူတို့က သူ့ကို အရိုအသေပြုလိုက်၏။ထို့နောက် သူတို့က နောက်သို့ပြန်လှည့်၍ ထွက်ခွါခဲ့ကြကာ အလုပ်ရှုပ်နေတော့သည်။

သူတို့၏စိတ်နှလုံးအတွင်း၌ လုယွီနှင့်ပတ်သက်၍ အလွန်သိချင်စိတ် ပြင်းပြနေကြသည်။

သူတို့သည် လူရိုင်းများကိုပင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိရာ သူတို့ရှေ့မှ လုယွီဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ချေ။

လုယွီထံတွင် မည်ကဲ့သို့ နောက်ခံဇစ်မြစ်မျိုးရှိနေသနည်း။သူ၏အသက်သည် အလွန်ငယ်ရွယ်သေးပုံရသော်လည်း မည်သည်ကြောင့် ဤကဲ့သို့အစွမ်းထက်သောခွန်အားမျိုးကို ပိုင်ဆိုင်ထားသနည်း။

Chapter 2229

"အဲ့ဒီလူက တကယ်တော့ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ဓမ္မစောင့်ရှောက်သူပါလား"

မူချင်းရှန်သည် ထိုလူရိုင်းခေါင်းဆောင်၏ခန္ဓာကိုယ်ပေါ်မှနေ၍ ကြေးနီတံဆိပ်ပြားတစ်ခုကို ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်သည်။

ထိုကြေးနီတံဆိပ်ပြားပေါ်တွင် အစိမ်းရောင်ကြာပန်းတစ်ပွင့်ပုံစံကို ရေးထွင်းထားသည်။ထိုအရာသည် လူရိုင်းခေါင်းဆောင်၏လက်မောင်းပေါ်တွင်ရှိနေသော အစိမ်းရောင်ကြာပန်းအမှတ်အသားနှင့် တထပ်တည်းတူညီပေ၏။

"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ ဓမ္မစောင့်ရှောက်သူ...ဒါက သူတို့ဂိုဏ်းရဲ့ရာထူးအဆင့်အတန်းကို ပြောတာလား"

မူချင်းရှန်က ပြောဆိုသည်။

"အမှန်ပဲ...အဲ့ဒီဂိုဏ်းရဲ့ရာထူးအဆင့်အတန်းတွေကို ဘယ်လိုခွဲခြားထားသလဲဆိုတာတော့ ငါ မသိဘူး...ဒါပေမယ့် ဓမ္မအစောင့်အရှောက်တွေက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ ထိပ်တန်းအဆင့်မှာရှိတာသေချာတယ်....အဲ့ဒီဂိုဏ်းရဲ့တပည့်တွေ အပြင်ကိုထွက်လာရင် အားအကောင်းဆုံးကျင့်ကြံသူက ဓမ္မစောင့်ရှောက်သူပဲ"

ထို့နောက် မူချင်းရှန်က တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် စိတ်လှုပ်ရှားစွာ ပြောဆိုလေသည်။

"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ တစ်စုံတစ်ယောက်က ဒီတံဆိပ်ပြားတွေကို အထူးသီးသန့်ဝယ်ယူတယ်လို့ ငါ ကြားထားတယ်...ဒီတံဆိပ်ပြားကို ဆုလာဘ်တွေအများကြီးနဲ့ လဲလှယ်လို့ရတယ်....ညီလေးလု ဒါကအခွင့်အရေးကောင်းတစ်ခုပဲ"

"အင်း...ဒါက မမျှော်လင့်ဘဲရတဲ့ အခွင့်အရေးတစ်ခုပဲ"

လုယွီက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"ခဏနေဦး...တကယ်လို့ မင်း ငါ့ကို တံဆိပ်ပြားပေးမယ်ဆိုရင်...ငါ မင်းကို ဆုလာဘ်တွေအများကြီးပေးမယ်"

ရုတ်တရက် စူးရှသောအသံတစ်သံက ထွက်ပေါ်လာသည်။

ထိုစကားအား ပြောဆိုလိုက်သူမှာ အစောပိုင်းက လူရိုင်းများထံတွင် အရှုံးပေးအညံခံခဲ့သော သခင်လေးထျန်းဖြစ်နေသည်။

ယခင်က သခင်လေးထျန်း၏အမိန့်ကိုနာခံခဲ့သူများအားလုံးက သူ့ကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်ကြ၏။သူတို့က သခင်လေးထျန်းကို အပြည့်အဝ လျစ်လျှူရှုထားကြသည်။

ဤသည်က သခင်လေးထျန်း၏စိတ်နှလုံးသားအတွင်းမှ မောက်မာဝံ့ကြွားနေမှုများကို ပြင်းပြင်းထန်ထန် ဖျက်ဆီးလိုက်သည်။မည်သို့ပင်ဆိုစေကာမူ ယခုချိန်၌ သခင်လေးထျန်းသည် အထက်စီးနေရာတွင်ရှိမနေနိုင်တော့သဖြင့် အလွန်အမင်းဒေါသထွက်နေသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌သာ မြိုသိပ်ထားရသည်။

သခင်လေးထျန်းသည် မူလက ဤအချိန်အခိုက်အတန့်တွင် သည်းခံ၍နေရန် ကြံရွယ်ထားသော်လည်း လုယွီ၏လက်အတွင်းရှိ တံဆိပ်ပြားကိုမြင်ချိန်တွင် သူ၏စိတ်နှလုံးသားအတွင်းမှ လောဘများ မြင့်တက်လာသည်။

ဤနေရာတွင် ထိုတံဆိပ်ပြား၏လုပ်ဆောင်ချက်ကို သူ့ထက်ပို၍ သိရှိသူမရှိနိုင်ချေ။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကို အလွန်အမင်းမုန်းတီးသူတစ်ယောက်ရှိသည်။သူသည် ထိုလူထံသို့ ဤတံဆိပ်ပြားကိုသာ ပို့ဆောင်နိုင်ပါက အလွန်ကြီးကျယ်ခမ်းနားသော ဆုလာဘ်မျိုးကို ရရှိပေမည်။

"မင်း ဘယ်လိုသဘောရလဲ ..ငါက မင်းကို အင်မော်တယ်ကျောက်တုံးတစ်သန်းပေးမယ်...မင်းက ငါ့ကို ဒီတံဆိပ်ပြားပေးလေ"

သခင်လေးထျန်းက လုယွီကို စိတ်ရှည်လက်ရှည် သွေးဆောင်ဖြားယောင်းနေပေ၏။

သူသည် ကောင်းမွန်စွာဖုံးကွယ်ထားသော်လည်း သူ၏မျက်လုံးများအတွင်း၌ ထင်ဟပ်နေသော လောဘအရိပ်အယောင်များသည် လုယွီ၏အမြင်အာရုံအောက်မှ လွတ်မြောက်နိုင်ခြင်းမရှိချေ။

လုယွီ၏စိတ်နှလုံးသား လှုပ်ရှားသွားသည်။ဤတံဆိပ်ပြားသည် သူတွေးထင်ထားသကဲ့သို့ ရိုးရှင်းမှုမရှိကြောင်း နားလည်သဘောပေါက်သွားပေ၏။

"အခုချိန်က မင်း စကားဝင်ပြောရမယ့်အချိန်မျိုးလား"

လုယွီက အေးစက်တင်းမာသောလေသံဖြင့် ပြောဆိုသည်။

လုယွီ၏အကြည့်ဖြင့် ရင်ဆိုင်မိချိန်တွင် သခင်လေးထျန်းသည် ရက်စက်ကြမ်းကြုတ်သောဝံပုလွေတစ်ကောင်၏စူးစိုက်ကြည့်မှုကို ခံနေရသည့်အလား သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။

သို့ရာတွင် ယခုလက်ရှိချိန်တွင် လူရိုင်းများအားလုံး သေဆုံးသွားပြီဖြစ်ရာ သူ၏ ယခင်ယုံကြည်ချက်များ ပြန်လည်ရရှိလာသည်။

"ခုဏကဟာက ငါ့ရဲ့ယာယီအစီအမံပဲ...ငါက လူရိုင်းတွေဆီမှာ တကယ်အညံခံတာမဟုတ်ဘူး...ငါလည်း လူတိုင်းကိုကယ်တင်နိုင်မယ့် အခွင့်ကောင်းကို စောင့်နေခဲ့တာပဲ...ပြီးတော့ ငါသာ အချိန်ဆွဲမထားဘူးဆိုရင် ငါတို့အားလုံးကို လူရိုင်းတွေသတ်ပြီးနေလောက်ပြီ...ငါပြောတာ ဟုတ်တယ်မလား"

သခင်လေးထျန်းက သူ့ကိုယ်သူ ကာကွယ်ပြောဆိုနေလေ၏။

သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့ကိုအာရုံစိုက်ခြင်းမရှိချေ။

အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကသာ မြေပြင်ပေါ်တံတွေးထွေး၍ အော်ငေါက်လိုက်သည်။

"အရှက်မရှိလိုက်တာ"

ရုတ်ချည်းဆိုသလိုပင် သခင်လေးထျန်း၏မျက်နှာအမူအယာ ညိုမည်းသွားသည်။

"အင်မော်တယ်ကျောက်တုံးနှစ်သန်းဆိုရင်ရော...မင်း သေသေချာချာ စဥ်းစားတာ ပိုကောင်းလိမ့်မယ်...မင်း နှစ်အနည်းငယ်လောက်စုဆောင်းရင်တောင် ဒီလိုအင်မော်တယ်ကျောက်တုံးပမာဏကို စုဆောင်းနိုင်မှာမဟုတ်ဘူး"

သခင်လေးထျန်းက လုယွီကို စူးစိုက်ကြည့်၍ ပြောဆိုသည်။

အင်မော်တယ်ကျောက်တုံးနှစ်သန်းဟူသည်မှာ ကျင့်ကြံသူအများစုအတွက် အတော်အသင့်များပြားသောပမာဏဖြစ်သည်။

သခင်လေးထျန်းသည် သူ လုယွီအား သွေးဆောင်နိုင်မည်ဟု အခိုင်အမာယုံကြည်ထားပေ၏။

လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။

"မင်းကိုကြည့်ရတာ မင်းရဲ့ချမ်းသာကြွယ်ဝမှုအပေါ် ယုံကြည်ချက်ရှိနေသလိုပဲ...ကောင်းပြီလေ...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်"

စကားဆုံးသည်နှင့် လုယွီက လက်သုံးချောင်းထောင်ပြလိုက်သည်။

"မင်းက အင်မော်တယ်ကျောက်တုံးသုံးသန်း လိုချင်တာလား...ကောင်းပြီလေ...ငါပေးမယ်"

သခင်လေးထျန်းက အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

လုယွီက ခေါင်းခါပြလေ၏။

"မင်းမှားနေပြီ...ငါက အင်မော်တယ်ကျောက်တုံးသန်းသုံးဆယ်လိုချင်တာ"

သခင်လေးထျန်းက နေရာမှာပင် ကြက်သေသေနေသည်။အချိန်တခဏကြာမှသာ သူက အော်ဟစ်လိုက်၏။

"မင်း ငါ့ကို လှည့်စားနေတာလား"

Chapter 2230

"ငါက မင်းနဲ့အချိန်ဖြုန်းချင်နေတယ်လို့ မင်း ထင်နေတာလား"

လုယွီ၏မျက်နှာက သုန်မှုန်နေသည်။

"အင်မော်တယ်ကျောက်တုံးသန်းလေးဆယ်...မင်း ယူမှာလား မယူဘူးလား"

သခင်လေးထျန်းထံမှ စကားသံထွက်ပေါ်လာခြင်း မရှိတော့ချေ။ထို့ပြင် ယခင်က သူ၏ပမာမခန့်အမူအယာမျိုးလည်း ထပ်မံ၍ မမြင်တွေ့ရတော့ပေ။

သူ၏မိသားစုသည် ချမ်းသာကြွယ်ဝသော်လည်း သန်းဆယ်ချီသော အင်မော်တယ်ကျောက်တုံးများသည် သူ့အတွက် အလွန်များပြားသောပမာဏဖြစ်နေဆဲပင်။

ထို့ကြောင့် လုယွီတောင်းဆိုသော အင်မော်တယ်ကျောက်တုံးပမာဏကို သူ ထုတ်ပေးနိုင်ခြင်းမရှိချေ။

"မင်းက ငွေမရှိဘဲနဲ့...လာပြီးကြွားဝါနေတာလား"

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုသည်။သူ့အတွက် အင်မော်တယ်ကျောက်တုံးဟူသည်မှာ ကိန်းဂဏန်းသက်သက်ပင်။

အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ဓမ္မစောင့်ရှောက်သူ တံဆိပ်ပြားကို သခင်လေးထျန်းမှ တန်ဖိုးမြင့်မားစွာပေးနေသဖြင့် ထိုအရာသည် သာမာန်ထက်သာလွန်ထူးကဲသော တစ်စုံတစ်ခုဖြစ်ပေမည်။

လူငယ်ကျင့်ကြံသူတစ်စု တိုက်ပွဲကွင်းပြင်အား အလျှင်အမြန်ရှင်းလင်းနေသောအချိန်မှာပင် သူတို့၏နံဘေးပတ်ဝန်းကျင်၌ အော်ရာတချို့ထွက်ပေါ်လာသည်။

ထို့နောက် သံချပ်ကာဝတ်စစ်သားများက သူတို့၏ရှေ့သို့ ရောက်ရှိလာသည်။

ထိုစစ်သားများထွက်ပေါ်လာသည်နှင့် တည်ကြည်လေးနက်သော သတ်ဖြတ်လိုခြင်း အငွေ့အသက်များက ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းခြုံသွားပေ၏။

"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ အကြွင်းအကျန်နတ်ဆိုးကောင်တွေ...မင်းတို့က နေ့ခင်းကြောင်တောင်မှာတောင် ထွက်လာဝံ့တာလား"

အော်ဟစ်ကြုံးဝါးသံတစ်သံနှင့်အတူ စစ်ဗိုလ်ချုပ်တစ်ယောက်က ကောင်းကင်ယံမှ ဆင်းသက်လာသည်။

ဘုန်းခနဲမြည်ဟီးသံနှင့်အတူ မြေပြင်တစ်ခုလုံး အကြိမ်အနည်းငယ်ခန့် တုန်ခါသွားသည်။ထိုမြင်ကွင်းကိုမြင်ချိန်တွင် လူငယ်ကျင့်ကြံသူတစ်စုသည် ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ဆုတ်လိုက်ကြ၏။

အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်တစ်ယောက်က လူအားလုံး၏ရှေ့၌ ထွက်ပေါ်လာသည်။သူ၏ခေါင်းအစခြေအဆုံးကို ထူထပ်သောသံချပ်ကာဝတ်စုံဖြင့် လွှမ်းခြုံထားကာ သူ့ရှေ့ရှိ လူများအားလုံးကို အေးစက်စက်မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသည်။

မူရှင်းရှန်က ရှေ့သို့ပြေးထွက်ကာ ပြောဆိုလေ၏။

"ဗိုလ်ချုပ်..ကျွန်တော်တို့က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ဝင်ခွင့်စာမေးပွဲကို သွားရောက်ဖြေဆိုမယ့် ကျောင်းတော်သားတွေပါ....ကျွန်တော်တို့က အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကလူရိုင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သူတို့အားလုံး သေဆုံးသွားပါပြီ"

အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။

"မင်း အဆင့်နဲ့လား"

စကားဆုံးသည်နှင့် သူ၏လက်အတွင်းမှလှံရှည်ဖြင့် မူချင်းရှန်ကို ထိုးစိုက်လိုက်၏။

ထိုလှံရှည်၏အရှိန်နှုန်းမှာ လျှပ်ပြက်သကဲ့သို့ လျှင်မြန်သည်။မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် လှံရှည်သည် မူချင်းရှန်၏ရှေ့သို့ရောက်ရှိလာကာ သူ့ကို အနည်းငယ်မျှပင် တောင့်ခံနိုင်သောအခွင့်အရေးမပေးချေ။

လုယွီက နံဘေးဘက်မှနေ၍ ထိုတိုက်ခိုက်မှုကိုစောင်းငဲ့ကြည့်ကာ ပြောဆိုလိုက်သည်။

"ကောင်းကင်နေရာကိုခုခံ....သူ့ရဲ့ခွင်းနေရာကို တိုက်ခိုက်လိုက်"

ထိုအသံသည် ရုတ်တရက် မူချင်းရှန်၏နားအတွင်းသို့ ကျရောက်သွားပေ၏။

မူချင်းရှန်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားကာ မသိစိတ်မှနေ၍ လုယွီ၏လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်လိုက်သည်။

ဒေါင်...

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ လှံရှည်သည် မူချင်းရှန်၏ပိတ်ဆို့ဟန့်တားခြင်းကို ခံလိုက်ရတော့သည်။

မူချင်းရှန်၏လက်မောင်း ရုတ်တရက် ကွေးညွတ်သွားသည်။သူသည် ကြီးမားသောခွန်အားကို တောင့်ခံခဲ့ရခြင်းမှာ သိသာထင်ရှားလှ၏။

သို့ရာတွင် ကံကောင်းသည်မှာ မူချင်းရှန်သည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေခြင်းပင်။သူ၏ကျင့်ကြံဆင့်နယ်ပယ်နှင့်ခွန်အားသည် မြင့်မားခြင်းမရှိသော်လည်း သူ၏ရုပ်ခန္ဓာကိုယ်ကျင့်ကြံမှုမှာ သာမာန်ထက်သာလွန်ထူးကဲသည်။

သူသည် လှံရှည်ကို အမှန်တကယ်ကိုပင် ပိတ်ဆို့ဟန့်တားနိုင်ခဲ့လေပြီ။

မူချင်းရှန်သည် ကူကယ်ရာမဲ့ဖြစ်နေသော်လည်း ပျော်ရွှင်နေမိသည်။အစောပိုင်းက သူသည် အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ် မည်ကဲ့သို့လှုပ်ရှားလိုက်သည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ခြင်းမရှိချေ။

အကယ်၍ လုယွီသာ အနည်းငယ်နောက်ကျသွားပါက အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်၏လှံရှည်သည် သူ့အား ထိုးစိုက်ပြီးဖြစ်ပေမည်။

"ထာဝရကောင်းကင်ရိုက်ချက်"

မူချင်းရှန်သည် တိုက်ခိုက်မှုကို ပိတ်ဆို့ဟန့်တားပြီးနောက် လှံရှည်ကိုဖယ်ထုတ်လိုက်သည်။သူက ခွန်အားကုန်အသုံးပြု၍ သူ၏သံမဏိတုတ်ကိုလွှဲယမ်းကာ လှံရှည်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်၏။

ထိုသံမဏိတုတ် လေထုကိုဖြတ်သန်းသွားချိန်တွင် စူးရှသောလေတိုးသံများ ထွက်ပေါ်လာသည်။ထိုသံမဏိတုတ်သည် အမှန်တကယ်ကိုပင် အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏ သံချပ်ကာဝတ်စုံကို ရိုက်ခတ်မိသွားပေ၏။

ဒေါင်ခနဲမြည်ဟီးသံနှင့်အတူ အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် နောက်သို့ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်ရကာ မူချင်းရှန်ကို တင်းမာခက်ထန်သောမျက်နှာအမူအယာနှင့် စူးစိုက်၍ကြည့်နေသည်။

"ဗိုလ်ချုပ်...ကျေးဇူးပြုပြီး ကျွန်တော်တို့ရှင်းပြတာကို နားထောင်ပါအုံး...ကျွန်တော်တို့က အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့တပည့်တွေ မဟုတ်ပါဘူး"

မူချင်းရှန်က ပျာပျာသလဲ ရှင်းပြလေသည်။

သူသည် တော်ဝင်စစ်တပ်မှလူများနှင့် အငြင်းပွါးလိုခြင်းမရှိချေ။

သို့ရာတွင် အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် သူ၏ဖြေရှင်းချက်ကိုနားထောင်ရန် ရည်ရွယ်ချက်ရှိပုံမရချေ။သူက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုလိုက်သည်။

"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့လူရိုင်းကောင်တွေက ခုခံဝံ့တယ်...နတ်ဘုရားသုတ်သင်ခြင်းဒူးလေးနဲ့ သူတို့အားလုံးကို အမြစ်ပြတ်သုတ်သင်လိုက်စမ်း"

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိစစ်သားများအားလုံးသည် သူတို့၏မြှားများကို လေးကြိုးပေါ်တင်၍ လက်ရှိနေရာ၌ရှိနေသောကျင့်ကြံသူများကို ချိန်ရွယ်လိုက်၏။

"အရာရှိကြီး ခဏနေပါဦး...ကျွန်တော်က မြောက်ပိုင်းထျန်းမိသားစုဝင်တစ်ယောက်ပါ...ဒါက ကျွန်တော်ရဲ့စည်းတံဆိပ်ပါ"

သခင်လေးထျန်းက ရှေ့သို့ရုတ်တရက်ခုန်ထွက်ကာ အော်ဟစ်ပြောဆိုလေသည်။

All Chapters