အခန်း (၂၂၃၁-၂၂၃၅)
Vol. 115 Ch. 2231-2235
Chapter 2231
"ထျန်းမိသားစုကလား"
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်သည် အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။သူသည် ထျန်းမိသားစုကိုသိရှိခြင်းမှာ သိသာထင်ရှားလှ၏။
"ဘာလဲ..သခင်လေးထျန်းက ဒီနေရာကိုလာဖို့ အချိန်ရှိသေးတာလား"
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က သူ၏ဒေါသများကို ပြန်ရုတ်သိမ်းလိုက်သည်။
ထျန်းမိသားစုသည် ထိပ်တန်းမိသားစုကြီးရှစ်ခုစာရင်းတွင်မပါဝင်သော်လည်း မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေအတွင်း၌ မိသားစုကြီးတစ်ခုဖြစ်သည်။
ထျန်းမိသားစုသည် ဤနေရာ၌ အခြေချနေထိုင်ခြင်းဖြစ်သဖြင့် မြောက်ပိုင်းဝါးမျိုခြင်းတိုက်ကြီးမှလူများ၏ နေထိုင်မှုပုံစံနှင့် များစွာရင်းနှီးကျွမ်းဝင်သည်။ထို့ကြောင့် အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် မိသားစုကြီးတစ်ခုနှင့် ရန်သူဖြစ်လိုခြင်းမရှိချေ။
"ညီအကိုတို့အားလုံးက အရမ်းအလုပ်ကြိုးစားတာပဲ...ဒါက ညီအကိုတို့ ဝိုင်အရက်သောက်ဖို့ မပြောပလောက်တဲ့ ငွေလေးနည်းနည်းပါ...ကျေးဇူးပြုပြီး ဒါလေးကို လက်ခံပေးကြပါ"
သခင်လေးထျန်းက ငွေလက်မှတ်တစ်ရွက်ကို အပြုံးနှင့် လက်ကမ်းပေးလိုက်သည်။
အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် ထိုငွေလက်မှတ်ပေါ်ရှိ အင်မော်တယ်ကျောက်တုံးအရေအတွက်ကို တစ်ချက်ကြည့်ပြီးနောက် သူ၏မျက်နှာပေါ်၌ အပြုံးများ ဝေဆာလာတော့သည်။
"သေချာတာပေါ့...သေချာတာပေါ့"
အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က အပြုံးနှင့်ပြောဆိုသည်။
သခင်လေးထျန်းသည် အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်များအားလုံးကို အတိုချုပ်၍ ရှင်းပြလေ၏။
အမှန်အားဖြင့် သူ၏ပါးစပ်မှထွက်လာသော စကားလုံးများသည် တခြားဖြစ်ရပ်တစ်ခုသို့ ပြောင်းလဲသွားသည်။
သခင်လေးထျန်း၏ဖော်ပြချက်အရ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ဓမ္မစောင့်ရှောက်သူ သေဆုံးသွားခဲ့သောကိစ္စတွင် သူသည် အလစ်အငိုက်ဖမ်း၍တိုက်ခိုက်ရန် ရည်ရွယ်ထားသော်လည်း လုယွီက သူ၏အောင်မြင်မှုများကို ခိုးယူသွားခဲ့သည်။
ဤသည်က အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ဓမ္မစောင့်ရှောက်သူသည် သူ၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရသည့်အလားပင်။
"အရှက်မဲ့လိုက်တာ"
မူလင်းက ဒေါသတကြီး အော်ဟစ်လိုက်၏။
တခြားကျင့်ကြံသူများသည်လည်း မူလင်းကဲ့သို့ပင် သခင်လေးထျန်းကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။
သူတို့အားလုံးသည် အစစ်အမှန်အခြေအနေကို သူတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်တွေ့ခဲ့ရသဖြင့် မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်ခဲ့သည်ကို ကောင်းစွာသိရှိကြ၏။
သခင်လေးထျန်းသည် အစကတည်းက ခုခံကာကွယ်ခြင်းပင်မရှိဘဲ လူရိုင်းများထံတွင် အညံခံခဲ့သည်။
ယခုချိန်၌ သူသည် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း၏ ဓမ္မစောင့်ရှောက်သူကို အလစ်အငိုက်ဖမ်း၍တိုက်ခိုက်ရန် စီစဥ်ခဲ့ကြောင်း လိမ်လည်၍ပြောဆိုနေသည်။
"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ဓမ္မအစောင့်အရှောက်လား...သူက ဘယ်နေရာမှာလဲ"
အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် အံ့အားသင့်သွားကာ အလျှင်အမြန်သွားရောက်၍ စစ်ဆေးလိုက်၏။
မကြာမီမှာပင် စစ်သားတစ်ယောက်သည် နံဘေးတစ်နေရာ၌ကျနေသော အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်း ဓမ္မစောင့်ရှောက်သူ၏ဦးခေါင်းပြတ်ကြီးကို ကောက်ယူလိုက်သည်။
လူရိုင်းခေါင်းဆောင်၏ဦးခေါင်းပြတ်ရှိ မျက်နှာပေါ်တွင် သူမသေဆုံးမီအချိန်၌ ထင်ဟပ်ခဲ့သော မယုံကြည်နိုင်သော မျက်နှာအမူအယာမျိုးရှိနေသည်။
"ဒါက ဓမ္မစောင့်ရှောက်သူ ကျန်းရှုံးပဲ...သူက ဒီနေရာမှာ သေဆုံးသွားခဲ့တာလား"
အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က အံ့အားတသင့် ရေရွတ်လိုက်၏။
ဤသည်က တော်ဝင်စစ်တပ်မှ ဝရမ်းထုတ်ထားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော ပုန်ကန်သူတစ်ယောက်ပင်။
ယခင်က အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းဝင်များသည် တော်ဝင်စစ်တပ်၏စစ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဦးဆောင်လာသူမှာ ယခုသေဆုံးသွားသော ဓမ္မစောင့်ရှောက်သူကျန်းရှုံးဖြစ်သည်။
"မဟုတ်သေးဘူး...ဓမ္မစောင့်ရှောက်သူကျန်းရှုံးရဲ့ သက်သေခံတံဆိပ်ပြားက ဘယ်ရောက်သွားတာလဲ"
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်သည် လူရိုင်းခေါင်းဆောင်၏ခန္ဓာကိုယ်အနှံ့ကို ရှာဖွေလိုက်သော်လည်း တံဆိပ်ပြားကိုမတွေ့ရှိခဲ့ချေ။
အောင်မြင်မှုများကို လိမ်လည်ရယူခြင်းမှ ကာကွယ်တားဆီးရန်အလို့ငှါ တော်ဝင်စစ်တပ်သည် သက်သေခံတံဆိပ်ပြားများဖြင့်သာ တိုက်ပွဲအကျိုးဆောင်ရမှတ်များကို လဲလှယ်နိုင်ကြောင်း အမိန့်ထုတ်ပြန်ထားသည်။
သခင်လေးထျန်းက ဒေါသတကြီး ပြောဆိုလိုက်၏။
"အဲ့ဒီအချိန်တုန်းက ကျွန်တော် အောင်မြင်လုနီးနီးပဲ...ဒါပေမယ့် ဒီကောင်လေးက လမ်းတစ်ဝက်ကနေဖြတ်ပြီးတိုက်ခိုက်မယ်လို့ ကျွန်တော် မျှော်လင့်မထားမိဘူး...သူက ဘာနည်းလမ်းကိုအသုံးပြုပြီး အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ ဓမ္မအစောင့်အရှောက်ကိုသတ်လိုက်တယ်ဆိုတာ ကျွန်တော်မသိဘူး....ဒါပေမယ့် အဲ့ဒီဓမ္မအစောင့်အရှောက်ကိုသတ်တာက ကျွန်တော်ပဲဖြစ်သင့်တယ်"
လူတိုင်းသည် သူတို့၏ကျောရိုးများတလျှောက် ချမ်းစိမ့်သွားခြင်းကို ခံစားလိုက်ရသည်။
ဤသခင်လေးထျန်းသည် အရေအလွန်ထူပေ၏။
အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် သခင်လေးထျန်း၏စကားများကို ယုံကြည်လက်ခံပုံဖြင့် လုယွီဘက်သို့ လှည့်ကြည့်လိုက်သည်။
လုယွီ၏လက်အတွင်းရှိတံဆိပ်ပြားကိုမြင်ချိန်တွင် သူ၏မျက်လုံးများ တောက်ပသွားသည်။
"ကောင်လေး...ငါတို့က အဲ့ဒီတံဆိပ်ပြားကို သိမ်းဆည်းထားဖို့ လိုအပ်တယ်...မြန်မြန်လက်လွှဲပေးစမ်း"
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်သည် အချိန်ဖြုန်းခြင်းမရှိဘဲ လုယွီထံမှ တံဆိပ်ပြားကို တိုက်ရိုက်တောင်းယူလေ၏။
ထိုမြင်ကွင်းကိုမြင်ချိန်တွင် လူငယ်ကျင့်ကြံသူများအားလုံးသည် သူတို့ထံသို့ ဖိအားအရှိန်အဝါတစ်ရပ်သက်ရောက်လာခြင်းကို ခံစားမိသည်။
အကယ်၍ လူရိုင်းများသည် သူတို့အားသတ်ဖြတ်မည်ဆိုပါက သူတို့အားလုံး အစွမ်းကုန်သုံး၍ ခုခံတိုက်ခိုက်နိုင်ပေမည်။သို့ရာတွင် အကယ်၍ သူတို့သည် တော်ဝင်စစ်တပ်ကို ခုခံတိုက်ခိုက်မိပါက ကောင်းကင်ဘုံနယ်မြေ၏ဝရမ်းပြေးများအဖြစ်သို့ ရောက်ရှိသွားနိုင်သည်။အဆုံးသတ်၌ သူတို့သည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ တစ်လက်မမျှပင် လှုပ်ရှားသွားလာနိုင်တော့မည် မဟုတ်ချေ။
"မင်း ဒီကိစ္စကို ဘာလို့သေချာမစစ်ဆေးဘဲ ထင်ရာမြင်ရာဆုံးဖြတ်ချက် ချနေတာလဲ"
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။သူသည် အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်ကို အနည်းငယ်မျှပင် ဂရုစိုက်ပုံမပေါ်ချေ။
ထိုမြင်ကွင်းကိုမြင်ချိန်တွင် သခင်လေးထျန်းက ထပ်မံ၍ မီးလောင်ရာ လေပင့်လိုက်သည်။
"ဗိုလ်ချုပ်...အဲ့ဒီကောင်လေးကိုကြည့်ရတာ တော်ဝင်စစ်တပ်ကို နည်းနည်းလေးတောင် သူ့မျက်စိထဲထည့်ပုံမရဘူး...သူက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းနဲ့ တစ်ခုခုဆက်စပ်နေတယ်လို့ ကျွန်တော် သံသယရှိတယ်...မဟုတ်ရင် သူ့ရဲ့ခွန်အားနဲ့ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ဓမ္မစောင့်ရှောက်သူကို လွယ်လွယ်ကူကူသတ်နိုင်မှာမဟုတ်ဘူး"
Chapter 2232
"ကောင်လေး...ကိစ္စကဒီလိုဆိုမှတော့...ငါ မင်းကို အလွယ်တကူ လွှတ်မပေးနိုင်ဘူး...ငါတို့နဲ့အတူ လိုက်ခဲ့စမ်း"
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က မှုန်တေတေမျက်နှာအမူအယာနှင့် ပြောဆိုသည်။
သခင်လေးထျန်းသည် အလွန်ပင် စိတ်ကျေနပ်နေကာ သူက အထင်အမြင်သေးသောအကြည့်ဖြင့် လုယွီကို ကြည့်ကာ သူ၏စိတ်အတွင်းမှ ရေရွတ်နေလေ၏။
'တကယ်လို့ မင်းမှာ အရည်အချင်းတချို့ရှိနေတယ်ဆိုရင်တောင် မင်း ဘာတက်နိုင်သေးလဲ....ဘယ်နေရာမှာပဲဖြစ်ဖြစ် အဆက်အသွယ်နဲ့နောက်ခံအင်အားရှိဖို့လိုအပ်တယ်...မင်းလို ဘယ်နေရာက ရောက်လာမှန်းမသိတဲ့ ကောင်တစ်ကောင်က ငါ့ကို တိုက်ခိုက်ချင်တာလား...'
လုယွီသည် အေးဆေးတည်ငြိမ်နေဆဲဖြစ်ကာ တံဆိပ်ပြားကို သူ၏အင်္ကျီလက်မောင်းကြားသို့ထည့်၍ သိမ်းဆည်းလိုက်သည်။
ထိုမြင်ကွင်းကိုမြင်ချိန်တွင် အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က ဒေါသတကြီး အော်ဟစ်လေသည်။
"အတင့်ရဲလှချည်လား...မင်း ငါ ပြောတာကို မကြားဘူးလား"
သာမာန်အားဖြင့် ကျင့်ကြံသူများသည် တော်ဝင်စစ်တပ်နှင့် ရင်ဆိုင်တွေ့ချိန်တွင် သူတို့သည် အနည်းငယ်မျှပင် ခုခံကာကွယ်ခြင်းမပြုဝံ့ကြချေ။
သို့ရာတွင် ယနေ့တွင်မူ လုယွီသည် ချွင်းချက်တစ်ခု ဖြစ်လာလေပြီ။
"ဗိုလ်ချုပ်...ဒါတွေအားလုံးက နားလည်မှုလွဲမှားတာပါ....အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ဓမ္မစောင့်ရှောက်သူကို ညီလေးလုသတ်လိုက်တာ အသိသာကြီးလေ"
"အမှန်ပဲ...ကျွန်တော်တို့အားလုံး ဒါကို သက်သေခံနိုင်တယ်"
"ဒီထျန်မျိုးနွယ်က အစကတည်းက လူရိုင်းတွေဆီမှာ အညံခံခဲ့တာ...အခုကျမှ သူက စကားအမျိုးမျိုးပြောနေတယ်...ဒါက မလုပ်သင့်တဲ့ကိစ္စပဲ"
ယခုလက်ရှိနေရာတွင်ရှိနေသူများအနက်မှ သမာဓိရှိပြီး မခံမရပ်နိုင်ဖြစ်နေကြသူများသည် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပြောဆိုလိုက်ကြ၏။
သခင်လေးထျန်၏မျက်နှာအမူအယာ ပျက်ယွင်းသွားကာ သူက အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်ကို မသိမသာခိုးကြည့်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်သည် သခင်လေးထျန်းထံမှ ငွေလက်မှတ်ကို လက်ခံထားသဖြင့် သူ၏မျက်နှာတွင် အေးဆေးတည်ငြိမ်သောအမူအယာမျိုးသာရှိနေသည်။
"မင်းတို့ ဘာမှ ထပ်ပြောစရာမလိုတော့ဘူး...သခင်လေးထျန်းပြောသွားသမျှက အမှန်တွေလို့ ငါ မပြောသေးဘူး"
ထိုစကားဆုံးသည်နှင့် အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်က လုယွီကိုကြည့်၍ ဆက်လက်ပြောဆိုသည်။
"ငါက မင်းဆီက ဓမ္မအစောင့်အရှောက်တံဆိပ်ပြားကို ယာယီပဲထိန်းသိမ်းထားမှာ...ငါတို့ ဒီကိစ္စကို စစ်ဆေးပြီးတဲ့အချိန်ကျရင်...တကယ်လို့ ကျင်းရှုံးကို မင်းသာ အမှန်တကယ်သတ်ခဲ့တယ်ဆိုရင်...မင်းဆီ ဒီတံဆိပ်ပြားကို အပွန်းအပဲ့မရှိပြန်ပေးမယ်"
ဤှစကားသည် ကျိုးကြောင်းဆီလျော်ပေ၏။
သို့ရာတွင် မည်သည့်ကိစ္စများ ဆက်ဖြစ်မည်ကို လူတိုင်းနီးပါး သိရှိထားကြသည်။
မူချင်းရှန်က ရှက်ရွံနေသောမျက်နှာအမူအယာဖြင့် လုယွီကို ကြည့်လိုက်၏။
"ညီလေးလု...ငါတို့က တော်ဝင်စစ်တပ်ကလူတွေနဲ့ အတိုက်အခံမလုပ်တာ ပိုကောင်းလိမ့်မယ်"
သူတို့ကဲ့သို့ သာမာန်ကျင့်ကြံသူများအတွက် တော်ဝင်စစ်တပ်ဟူသည်မှာ ဧရာမလူဘီလူးကြီးတစ်ကောင်နှင့်တူညီသည်။ထိုလူဘီလူးကြီး၏လက်ချောင်းတစ်ချောင်းကို လှုပ်ခတ်လိုက်ရုံဖြင့် သူတို့အားလုံးကို လွယ်လင့်တကူ ဖျက်ဆီးနိုင်ပေမည်။
လုယွီက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုသည်။
"တော်ဝင်စစ်တပ်ကလူတွေက သာမာန်လူတွေထက်ပိုပြီး ကျိုးကြောင်းဆီလျော်သင့်တယ်...တော်ဝင်စစ်တပ်ကလူတွေက တခြားသူရထားတဲ့ အကျိုးအမြတ်ကို ဖိအားပေးပြီး လုယူလို့ရတယ်ဆိုတာမျိုးကို ငါ မကြားဖူးဘူး"
လုယွီက အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်ကို စောင်းငဲ့၍ ကြည့်လိုက်၏။
"ပြီးတော့ မင်းက တခြားသူပေးတဲ့ငွေကို လူအများရှေ့မှာတောင် လက်ခံဝံ့တယ်...မင်းက တော်တော်သတ္တိကောင်းတာပဲ"
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်သည် လုယွီ၏စွပ်စွဲပြောဆိုနေမှုများကိုကြားသော်လည်း အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံပုံမရချေ။
"ကောင်လေး...ငါ မင်းကို အခွင့်အရေးတစ်ခုထပ်ပေးမယ်...တံဆိပ်ပြား ငါ့ကို မြန်မြန်ပေးစမ်း...မဟုတ်လို့ကတော့ မင်းက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကလူတွေနဲ့ အတူတူပဲလို့ယူဆပြီး ငါ မင်းကို အပြစ်ပေးရလိမ့်မယ်"
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က ယုတ်မာကောက်ကျစ်သောအပြုံးနှင့်ပြောဆိုသည်။
သူတို့၏သည် တော်ဝင်မြို့တော်၏ပြင်ပ၌ စခန်းချနေခြင်းဖြစ်သဖြင့် အမြဲတစေ ထင်ရာစိုင်းနေလေ့ရှိသည်။မည်သည့်နည်းဖြင့် အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် လုယွီ၏စကားကို အလေးအနက်ထားမည်နည်း။
"အဲ့ဒီလိုလား...မင်း ငါ့ကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ငါ ကြည့်အုံးမယ်"
လုယွီ၏မျက်နှာအမူအယာမှာ တည်ငြိမ်အေးဆေးနေဆဲပင်။
လုယွီသည် တော်ဝင်စစ်တပ်မှလူများကို ဆန့်ကျင်တိုက်ခိုက်ဝံ့သည်ကိုမြင်ချိန်တွင် မူချင်းရှန်၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။
"အကို...မြန်မြန် သူ့ကိုနားချပါအုံး...ကျွန်မတို့က တော်ဝင်စစ်တပ်ကလူတွေနဲ့ တိုက်ခိုက်လို့မဖြစ်ဘူးလေ"
မူလင်းသည် အလွန်စိုးရိမ်ပူပန်နေပေ၏။
အမှန်အားဖြင့် မူချင်းရှန်သည်လည်း ထိုကိစ္စကို ကောင်းစွာသိရှိထားသည်။သို့ရာတွင် လုယွီ၏အမူအယာကိုကြည့်ရသည်မှာ သူသည် တော်ဝင်စစ်တပ်မှ အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏ ရာထူးအဆင့်အတန်းကို အနည်းငယ်မျှပင် ကြောက်ရွံပုံမရချေ။
သခင်လေးထျန်းက ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ပို၍ပင်ပျော်ရွှင်ဝမ်းမြောက်သွားသည်။
'ဒါက အရမ်းကောင်းတယ်...မင်းက ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒမရှိမှတော့...တကယ်လို့ မင်းကို တော်ဝင်စစ်တပ်ကလူတွေ သတ်ပစ်လိုက်ရင်တောင် ဘယ်သူကမှ မင်းကို ဂရုစိုက်ကြမှာမဟုတ်ဘူး...အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ ဓမ္မအစောင့်အရှောက်တံဆိပ်ပြားကလည်း ငါ့ရဲ့အပိုင်ဖြစ်လာမှာပဲ'
သခင်လေးထျန်းသည် တံဆိပ်ပြားကို ပိုင်ဆိုင်ရတော့မည်အား တွေးတောမိချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားနေပေ၏။
အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် သူ၏အမိန့်ကိုဆန့်ကျင်ဝံ့သော တစ်စုံတစ်ယောက်ရှိနေမည်ဟု မမျှော်လင့်မိသဖြင့် အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။
"လာကြစမ်း...သူ့ကိုဖမ်းပြီး သတ်လိုက်ကြစမ်း"
အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် အနက်ရောင်သံချပ်ကာစစ်သားတစ်စုသည် ရှေ့သို့ပြေးထွက်ကာ လုယွီကို ဝိုင်းရံလိုက်ကြ၏။မှော်မန္တန်များက ချက်ချင်းဆိုသလိုပင် လုယွီ၏အထက်ရှိ ကောင်းကင်ယံကို လွှမ်းခြုံသွားသည်။
Chapter 2233
"မင်းတို့ရောက်လာတာ မြန်သားပဲ"
လုယွီသည် ထိုမှော်မန္တန်များကို အာရုံစူးစိုက်ခြင်းမရှိချေ။ထိုအစား သူ၏ခေါင်းကိုမော့၍ တခြားတစ်ဖက်ခြမ်းရှိ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
ဤနေရာသို့ ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ခု ချဥ်းကပ်လာသည်ကို မည်သူကမျှ သတိပြုမိမည်မဟုတ်ချေ။
ရှဖုန်းသည် ထိုနေရာမှနေ၍ စူးစမ်းလေ့လာနေသည်။
သူ၏နတ်ဘုရားစိတ်အာရုံဖြင့် လုယွီ ဤနေရာ၌ရှိနေသည်ကို သိရှိထားပြီးလေပြီ။
ကံအကြောင်းမလှစွာဖြင့် အကယ်၍ လုယွီသာ တစ်ယောက်တည်းရှိနေပါက သူ သေချာပေါက်လှုပ်ရှားရပေမည်။သို့ရာတွင် ဤနေရာ၌လူအမြောက်အများရှိနေသည့်အပြင် တော်ဝင်စစ်တပ်မှစစ်သားများလည်းရှိနေပေရာ သူ လှုပ်ရှားရန်အတွက် လွန်စွာခက်ခဲနေပေ၏။
ထို့ကြောင့် ရှဖုန်းသည် သစ်တောအုပ်၏ချောင်ကျသောနေရာတစ်ခုတွင် ပုန်းအောင်းနေကာ လှုပ်ရှားရန်အတွက် အခွင့်ကောင်းကို စောင့်ဆိုင်းနေသည်။
"ဒါက ကောင်းတဲ့အချက်ပဲ...ဒီလူတွေအားလုံးက ငါ့ရဲ့အကာအကွယ်ဖြစ်နေပြီ....တကယ်လို့ ရှဖုန်းက လှုပ်ရှားချင်တယ်ဆိုရင်တောင်....သူ လုပ်ရဲမှာမဟုတ်ဘူး"
လုယွီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
လုယွီ နေရာမှာပင် ကြက်သေသေနေသည်ကိုမြင်ချိန်တွင် လူတိုင်း အံ့အားသင့်နေကြသည်။
သခင်လေးထျန်းက အလွန်အမင်း ပျော်ရွှင်နေပေ၏။
"ကြည့်ရတာတော့ ဒီကောင်လေးက အကြောက်လွန်ပြီး ရူးသွားတဲ့ပုံပဲ"
ဤအချိန်အခိုက်အတန့်တွင် သူသည် လုယွီသေဆုံးမည့်အချိန်ကို မစောင့်ဆိုင်းနိုင်တော့ချေ။အကယ်၍ တခြားသူများ ငြင်းဆန်နေလျှင်ပင် အသုံးဝင်မည်မဟုတ်ဘဲ ဓမ္မအစောင့်အရှောက်တံဆိပ်ပြားသည် သူ၏လက်အတွင်းသို့သာ ရောက်ရှိရပေမည်။
"ညီလေးလု ဒီနေရာကထွက်သွားတော့"
မူချင်းရှန်က အသံကုန်အော်ဟစ်လိုက်သည်။
လုယွီက အသိစိတ်ပြန်ဝင်လာပြီးနောက် သူ၏လက်ကိုဆန့်တန်းလိုက်ရာ လေပြင်းများ တလိမ့်လိမ့်တိုက်ခတ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထိုလေပြင်းများ ဖြတ်သန်းတိုက်ခတ်သွားပြီးနောက် မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် သူ့ရှေ့ရှိမှော်မန္တန်များအားလုံးကို လွှမ်းခြုံသွားပေ၏။
မည်သည့်အဆင့်ရှိသော မှော်မန္တန်များဖြစ်နေပါစေ လုယွီ၏လက်ဝါးမှထုတ်လွှက်ထားသော စွမ်းအားများအောက်သို့ ကျရောက်သွားသည်။
ဘန်း...
လုယွီက သူ၏လက်ကိုဆုပ်လိုက်ချိန်တွင် ထိုမှော်မန္တန်များအားလုံး အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဤကဲ့သို့ ကြီးကျယ်ခမ်းနားပြီး ထိတ်လန့်ဖွယ်ကောင်းသောနည်းစနစ်ကိုမြင်ချိန်တွင် လူတိုင်း ကြက်သေသေသွားကြသည်။
သူတို့အားလုံး၏ထိတ်လန့်တုန်လှုပ်မှုများ မပျက်ပြယ်သေးမီမှာပင် လုယွီသည် အနက်ရောင်အရိပ်တစ်ရိပ်အသွင်ပြောင်းလဲကာ အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်၏ရှေ့သို့ ရောက်ရှိသွားသည်။
"မင်း...."
အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် ကြောက်စိတ်မွှန်သွားကာ ခုခံရန်ဟန်ပြင်လိုက်၏။
သို့ရာတွင် သူ၏မှော်စွမ်းအားများ အစပျိုးနေစဥ်မှာပင် လုယွီ၏လက်သီးတစ်ချက်ဖြင့် ထိုးနှက်ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏လက်ကိုဆန့်တန်း၍ အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်၏ဂုတ်ကိုဖမ်းဆုပ်ကာ အထက်သို့မြှောက်တင်လိုက်သည်။
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်သည် အင်အားရှိသမျှ ရုန်းကန်နေသော်လည်း လုယွီ၏လက်သည် ခိုင်မာသောပြုတ်တူတစ်လက်နှင့်တူညီနေကာ မည်သည့်နည်းနှင့်မျှ သူ ရုန်းထွက်၍မရချေ။
"မင်းက တော်ဝင်နန်းတွင်းရဲ့အရာရှိတစ်ယောက်ကို အကြမ်းဖက်ချင်တာလား"
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်သည် ထိတ်လန့်ကြောက်ရွံနေသဖြင့် သူ၏မျက်နှာတစ်ခုလုံး နီမြန်းနေသည်။
"မင်းလို ရှေ့ပြေးတပ်အရာရှိအဆင့်ပဲရှိတဲ့ကောင်က....ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ရှေ့မှာလာပြီး မောက်မာနေဝံ့တာလဲ"
လုယွီက အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်ကို နံဘေးတစ်ဖက်သို့ လွှင့်ပစ်လိုက်၏။
သူက ဒေါသတကြီးဖြင့် မတ်တတ်ထရပ်လိုက်စဥ်မှာပင် လုယွီ၏လက်အတွင်း၌ တံဆိပ်ပြားတစ်ခုရှိနေခြင်းကို တွေ့မြင်မိသည်။
လုယွီသည် နဂါးအစောင့်တံဆိပ်ပြားကို ပြသခြင်းမပြုဘဲ သူ၏ရွှမ်းဝူဗိုလ်ချုပ်တံဆိပ်ပြားကိုသာ ထုတ်ဖော်ပြသလေသည်။
ဤကဲ့သို့ အဆင့်နိမ့်အရာရှိတစ်ယောက်ကို ရင်ဆိုင်ရန်အတွက် လုယွီသည် နဂါးအစောင့်ဟူသောအဆင့်အတန်းကိုအသုံးပြုရန် မလိုအပ်ချေ။
လုယွီ၏တံဆိပ်ပြားကိုမြင်ချိန်တွင် အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်၏မျက်နှာ ဖြူရော်သွားသည်။
သူနှင့်လုယွီနှစ်ယောက်စလုံးသည် တော်ဝင်နန်းတွင်းမှခန့်အပ်ထားသော စစ်ဗိုလ်ချုပ်များဖြစ်သော်လည်း သူသည် ရှေ့ပြေးတပ်အရာရှိအဆင့်သာရှိသည်။လုယွီကဲ့သို့ တရားဝင်စစ်တပ်အရာရှိတစ်ယောက်၏အဆင့်နှင့် နှိုင်းယှဥ်၍မရချေ။
"မင်း...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
တော်ဝင်စစ်တပ်တွင် ရာထူးအဆင့်အလိုက် ရာထူးမြင့်သူ၏အမိန့်ကို ရာထူးနိမ့်သူမှ နာခံရပေမည်။
လုယွီသည် စစ်တပ်ရာထူးအဆင့်အရဖြစ်စေ သူ ထုတ်ဖော်ပြသထားသော ခွန်အားအရဖြစ်စေ အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်ထက် များစွာပို၍သာလွန်နေသည်။
"ဘာလဲ...မင်းက ငါ့ရဲ့တံဆိပ်ပြားကို မသိတာလား"
လုယွီက မေးမြန်းလိုက်၏။
လုယွီ၏စကားကိုကြားချိန်တွင် အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်သည် တုန်ရီနေရာမှ မြေပြင်ပေါ်၌ အလျှင်အမြန် ဒူးထောက်လိုက်သည်။
"ဒီငယ်သားက ရွှမ်းဝူဗိုလ်ချုပ်ကို အရိုအသေပြုပါတယ်"
လုယွီ၏မျက်နှာအမူအယာက တည်ငြိမ်နေဆဲပင်။
"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ ဓမ္မစောင့်ရှောက်သူကို ငါ သတ်ခဲ့တာ...မင်းက သေချာမစစ်ဆေးဘဲနဲ့ ငါ့ကို အပြစ်ရှိသူလို့ ကောက်ချက်ချခဲ့တယ်...တကယ်လို့ ငါကသာ တော်ဝင်နန်းတွင်းရဲ့တရားဝင်အရာရှိတစ်ယောက်မဟုတ်ရင် ဒီနေ့ မင်း ငါ့ကို သတ်မှာမလား"
မြေပြင်ပေါ်၌ဒူးထောက်နေသော အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် မည်သည့်စကားတစ်ခွန်းမျှ တုံ့ပြန်ပြောဆိုဝံ့ခြင်းမရှိချေ။
သခင်လေးထျန်း၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေပြီး သူ့ကိုယ်သူပင် မထိန်းချုပ်နိုင်တော့ချေ။
သူ မည်မျှပင်တွေးတောနေပါစေ လုယွီသည် တော်ဝင်နန်းတွင်းမှအရာရှိတစ်ယောက်ဖြစ်နေမည်ကို စိတ်ကူးပင်ယဥ်ကြည့်ခဲ့ဖူးခြင်းမရှိချေ။
Chapter 2234
"ငါက ဒီငွေတွေကို မထိသင့်ပါဘူး...မင်း ဒါကိုယူလိုက်ပါ"
အနက်ရောင်သံချပ်ကာစစ်ဗိုလ်ချုပ်သည် သခင်လေးထျန်းထံမှ လက်ခံထားသော ငွေလက်မှတ်ကို သူ၏အင်္ကျီလက်မောင်းကြားမှ ထုတ်ယူလိုက်သည်။
သခင်လေးထျန်း၏မျက်နှာ ဖြူရော်သွားပေ၏။လုယွီသည် ရွှမ်းဝူစစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
သို့ရာတွင် သခင်လေးထျန်းသည် မာန်မာနကြီးသူတစ်ယောက်ပင်။မည်သည့်နည်းဖြင့် သူနှင့်သက်တူရွယ်တူတစ်ယောက်ဖြစ်သော လုယွီ၏ရှေ့တွင် သူ၏ခေါင်းကိုငုံကာ သူ၏အမှားကိုဝန်ခံနိုင်မည်နည်း။
"ဒါဆိုရင် မင်းက တော်ဝင်စစ်တပ်ရဲ့စစ်ဗိုလ်ချုပ်တစ်ယောက်ပေါ့လေ....မင်း ဘာလို့ စောစောမလှုပ်ရှားတာလဲဆိုတာ ငါ မင်းကို မေးချင်တယ်...တကယ်လို့ မင်းသာ အစကတည်းကလှုပ်ရှားမယ်ဆိုရင် ငါ့ရဲ့မိတ်ဆွေတစ်ယောက် ဒီနေရာမှာ သေဆုံးသွားရမှာမဟုတ်ဘူး"
သခင်လေးထျန်းက သူ၏လေသံကိုမြှင့်ကာ မေးမြန်းလိုက်၏။
ဤအချိန်အခိုက်အတန့်တွင် သခင်လေးထျန်းသည် သူကိုယ်သူယုံကြည်ချက်ရှိနေသကဲ့သို့ ခံစားရသည်။လုယွီသည် သူတို့အား ဤနေရာမှထွက်ခွါသွားရန် သတိပေးခဲ့သည်ကို သူက ထည့်သွင်းပြောဆိုခြင်းမရှိချေ။
မည်သည့်ဖြေရှင်းချက်မျှမပေးဘဲ လုယွီက သူ့ကို ပါးဖြတ်ရိုက်လိုက်သည်။
ဖြောင်း....
ပြင်းထန်သောအားလှိုင်းကြောင့် သခင်လေးထျန်း နောက်သို့လွင့်ထွက်သွားသည်။သူ၏ခန္ဓာကိုယ်သည် လေထုအတွင်း၌ ချာလပတ်လည်ပြီးမှ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာပေ၏။
သူ၏ချောမောခန့်ညားသောမျက်နှာသည် ပါးဖြတ်ရိုက်ခံရသဖြင့် ဝက်ခေါင်းပုံသဏ္ဌာန်ပေါက်နေကာ သူ၏မျက်နှာတခြမ်း ဖူးယောင်နေသည်။
"မင်းက ငါ့ကို ရိုက်ဝံ့တာလား"
သခင်လေးထျန်းက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သို့ရာတွင် သူ၏စကားအဆုံးသတ်သွားသောအချိန်မှာပင် လုယွီသည် ထပ်မံ၍ သူ၏ဒန်တျန်နေရာကို ရိုက်နှက်လိုက်၏။
ခရက်ဟူသောအသံနှင့်အတူ သခင်လေးထျန်းသည် သူ၏ခန္ဓာကိုယ်အတွင်းမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။သူ၏မရီးဒါန်းများအားလုံးလည်း ပျက်စီးသွားလေပြီ။လောကီအင်မော်တယ်နယ်ပယ်နှင့် နီးကပ်နေပြီဖြစ်သော သူ၏မိုးကောင်းကင်လှိုဏ်ဂူ ရုတ်တရက်ပိတ်ဆို့သွားကာ သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် သိုင်းသူတော်စင်အဆင့်သို့ လျှောကျသွားလေ၏။
"မင်း ငါ့ရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်တာလား"
သခင်လေးထျန်းက ကြေကွဲဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်သည်။
သူသည် သူ၏ကျင့်ကြံဆင့်ကြောင့် အမြဲတစေဂုဏ်ယူနေခဲ့သည်။ဤကဲ့သို့သောနေရာမျိုးတွင် သူ၏ကျင့်ကြံဆင့်ကို ဖျက်ဆီးခံရမည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။
ကျင့်ကြံခြင်းလောကတွင် အင်အားကောင်းသူကိုသာ အစဥ်အမြဲ လေးစားခံရ၏။
ယခုချိန်တွင် သူ မိသားစုဆီသို့သာပြန်သွားပါက အကယ်၍ သူ့ထံတွင် အစွမ်းထက်သောနောက်ခံအင်အားရှိနေသည့်တိုင် ယခင်ကဲ့သို့ မောက်မာဝံ့ကြွားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်တော့မည်မဟုတ်ချေ။မိသားစုအတွင်းရှိ သူ၏အဆင့်အတန်းသည်လည်း ကြောက်ခမန်းလိလိ နိမ့်ပါးသွားပေမည်။
ထိုအကြောင်းကိုတွေးတောမိချိန်တွင် သခင်လေးထျန်းသည် ပြင်းထန်သောစိတ်ဓာတ်ကျဆင်းမှုကို ခံစားလိုက်ရသည်။သူသည် အလွန်အမင်း စိတ်လှုပ်ရှားမှုဒဏ်ကို တောင့်မခံနိုင်တော့သဖြင့် သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာကာ သတိလစ်မေ့မျောသွားတော့သည်။
"မင်းကို သတ်မပစ်တာကတင် ငါ့ရဲ့ငဲ့ညှာထောက်ထားမှုပဲ...မင်းရဲ့လက်ရှိအခြေအနေလောက်နဲ့ မောက်မာဝံ့ကြွားနေဖို့ စိတ်မကူးစမ်းနဲ့"
လုယွီက တင်းမာခက်ထန်သောလေသံဖြင့် ပြောဆိုသည်။
သူ၏စကားလုံးများအကြားတွင် ခန့်မှန်းရခက်သော သတ်ဖြတ်လိုခြင်းအရှိန်အဝါများပါဝင်နေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ပတ်ဝန်းကျင်ရှိ စစ်သားများအားလုံး၏ခန္ဓာကိုယ်များ တုန်ရီသွားပေ၏။ကံကောင်းထောက်မစွာဖြင့် သူတို့သည် အစောပိုင်းက လုယွီအား အမှန်တကယ် တိုက်ခိုက်ခဲ့ခြင်းမရှိချေ။သို့မဟုတ်ပါက သူတို့သည် သခင်လေးထျန်းနှင့် ကံကြမ္မာခြင်းတူညီသွားပေမည်။
"အခုချိန်မှာ မင်းတို့ကောင်တွေ ဒီနေရာကိုရောက်လာမှတော့ ငါ့အတွက် လမ်းပြပေးကြစမ်း"
လုယွီက ပြောဆိုသည်။
အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်က အလွန်ပျော်ရွှင်သွားသည်။
"အမိန့်အတိုင်းပါ ဗိုလ်ချုပ်"
လုယွီက တောင်းဆိုမှုပြုလုပ်လာသဖြင့် သူ့အား အလွတ်ပေးလိုက်သည်ဟူသောသဘောကို သက်ရောက်ပေ၏။
လုယွီ သူတို့အား အသုံးပြုလိုက်သော အကြောင်းအရင်းမှာ ရှဖုန်းသည် လူအများသိမည်ကိုစိုးရွံသဖြင့် မလှုပ်ရှားဝံ့စေရန်ဖြစ်သည်ကို အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ် သိရှိမည်မဟုတ်ချေ။
စစ်သားများ၏ဦးဆောင်လမ်းပြမှုနှင့်အတူ သူတို့အားလုံးသည် လမ်းတလျှောက်လုံး မည်သည့်အတားအဆီးမျိုးနှင့်မျှ မကြုံတွေ့ရပေ။နတ်ဆိုးမှော်သားရဲများပင်လျှင် လူအင်အားများပြားသည်ကိုမြင်တွေ့သည်နှင့် အနီးသို့ချဥ်းကပ်ဝံ့ခြင်းမရှိချေ။
မကြာမီမှာပင် သူတို့သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ရောက်ရှိလာလေ၏။
အဝေးတစ်နေရာမှကြည့်ရှုပါက တောင်တန်းများတလျှောက်တွင် ကြီးကျယ်ခမ်းနားသောခန်းမဆောင်များ တည်ရှိနေသည်ကို တွေ့မြင်ရပေမည်။ရိုးရှင်းပြီးတင့်တယ်လှပသော အဆောက်အအုံများက တောင်များအကြားတွင်ရှိနေကာ မြင့်မားသောသစ်ပင်ကြီးများက နေရာအနှံ့အပြား၌ ပြန့်ကြဲနေသည်။ဤနေရာပတ်ဝန်းကျင်သည် အလွန်တိတ်ဆိတ်ငြိမ်သက်ပေ၏။
ဤသည်က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ပင်။
ထိုကျောင်းတော်ကို သူတော်စင်ယီမှ တည်ထောင်ခဲ့ပြီး တာယွီအင်ပါယာ၏ကျောင်းတော်ငါးခုအနက်မှတစ်ခုဖြစ်သည်။
ကျောင်းတော်နှင့်နီးကပ်လာချိန်တွင် လုယွီသည် သူ့ထံသို့ ကြီးကျယ်ခမ်းနားပြီးမြင့်မြတ်သောအရှိနိအဝါမျိုး တိုးဝင်လာခြင်းကို ခံစားမိသည်။
ဤကဲ့သို့အရှိန်အဝါမျိုးကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးယူ၍မရချေ။ဤသည်က မရေမတွက်နိုင်သောမျိုးဆက်များမှ ကွန်ဖြူးရှပ်ကျောင်းတော်သားများ၏စွမ်းအားများ စုစည်းလာခြင်းမှသာ ဖြစ်တည်နိုင်သည်။
ဤကဲ့သို့ ကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုးရှိနေသဖြင့် သာမာန်နတ်ဆိုးများ ပိုးမွှားများနှင့်မြွေများသည် သဘာဝအလျောက် ထိတ်လန့်ကြောက်ရွံနေကြကာ ကျောင်းတော်အနီးသို့ မချဥ်းကပ်ဝံ့ကြချေ။
ဤနေရာတွင် အချိန်ကြာမြင့်စွာနေထိုင်ရုံဖြင့် ကျင့်ကြံသူတစ်ယောက်သည် သူ၏အတွင်းစိတ်နတ်ဆိုးကို ထိန်းချုပ်နိုင်ကာ စိတ်အခြေအနေကို တည်ငြိမ်စေရန်ကြိုးပမ်းရာ၌ ကြီးမားသောအကျိုးအမြတ်ကို ရရှိပေမည်။
Chapter 2235
"ဒါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ တံခါးမကြီးပဲ"
တချို့ကျင့်ကြံသူများသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ပထမဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်သဖြင့် ထိုမြင်ကွင်းကိုမြင်ချိန်တွင် သူတို့အားလုံးက ကြည်ညိုလေးစားစွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
လုယွီ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရှေ့သို့ ရောက်ရှိသွားချိန်တွင် သူ့နောက်သို့ အရိပ်တစ်ခုအလား ထပ်ချပ်မကွာလိုက်နေသော အရှိန်အဝါ ပျောက်ကွယ်သွားပြီကို ချက်ချင်းဆိုသလိုပင် ခံစားမိသည်။
ရှဖုန်းသည် မည်သည့်အခွင့်အရေးမျှမရှိသည်ကိုမြင်ချိန်တွင် လုယွီအား နောက်ယောင်ခံလိုက်နေခြင်းကို လက်လျှော့လိုက်တော့သည်။
"ငါက ရှဖုန်းကို တော်ဝင်မြို့တော်ရဲ့ပြင်ပဆီ မျှားထုတ်နိုင်မယ့် အခွင့်အရေးကိုရှာရမယ်...ငါ ဒီပြဿနာကို အမြစ်ပြတ်အောင် ဖြေရှင်းရလိမ့််မယ်"
လုယွီ၏မျက်လုံးအတွင်း၌ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။
လုယွီက အနက်ရောင်သံချပ်ကာဝတ်စစ်ဗိုလ်ချုပ်နှင့် စစ်သားတစ်စုကို ဤနေရာမှသာ ပြန်လည်ထွက်ခွါသွားရန် အမိန့်ပေးလိုက်၏။ယခုချိန်တွင် သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ နယ်နမိတ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်သဖြင့် သူတို့အား ထပ်မံ၍မလိုအပ်တော့ချေ။
မူလက သတိလစ်မေ့မျောနေသော သခင်လေးထျန်းသည် တစ်စုံတစ်ယောက်၏တို့ဆိတ်မှုကြောင့် နိုးလာသော်လည်း သူသည် တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ပရဝုဏ်အတွင်းသို့ရောက်ရှိသည်နှင့် သခင်လေးထျန်းသည် လုယွီအား ရန်ငြိုးမုန်းတီးမှုများပြည့်နှက်နေသောအကြည့်ဖြင့်ကြည့်ကာ ထွက်ခွါသွားတော့သည်။
"ညီလေးလု...အဲ့ဒီထျန်းသခင်လေးက စိတ်သဘောထားကျဥ်းမြောင်းပြီးတော့ အငြိုးကြီးတယ်...ဒီတစ်ကြိမ်မှာ မင်းက သူ့ကိုရန်စခဲ့မှတော့...သူက အခွင့်အရေးရှာပြီး မင်းကိုလက်စားချေမှာ သေချာတယ်"
မုချင်းရှန်က လုယွီကို သတိပေးလေ၏။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြလိုက်သည်။
"ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ကြစို့"
သူ့အားသတ်ဖြတ်လိုသော လူအမြောက်အများအကြား၌ သခင်လေးထျန်းသည် အရည်အချင်းပြည့်မီသူတစ်ယောက်မဟုတ်ချေ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တောင်ခြေတွင် စျေးတစ်စျေးရှိနေသည်။မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေရှိ ကျင့်ကြံသူအမြောက်အများသည် ဤနေရာ၌စုဝေးကာ ကုန်စည်များကိုရောင်းချကြသည်။အချိန်ကြာလွန်လာသည်နှင့်အမျှ ဤနေရာသည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏ စည်ကားသိုက်မြိုက်ဆုံးနေရာများအနက်မှ တစ်နေရာဖြစ်လာခဲ့သည်။
အထူးသဖြင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ဝင်ခွင့်စာမေးပွဲ ကျင်းပနေသောအချိန်တွင် ဤစျေးသည် ပို၍ပင်စည်ကားသိုက်မြိုက်နေကာ လမ်းများအတွင်း၌ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။
"တစ်ချက်ကြည့်ကြအုံး...တစ်ချက်ကြည့်ကြပါအုံး...ဒါက ထိပ်သီးကျင့်ကြံသူတွေ ဖန်တီးထားတဲ့စာမေးပွဲအောင်မြင်နိုင်တဲ့ အခွင့်အရေးကိုတိုးစေမယ့် အဆောင်လက်ဖွဲ့ပဲ...တကယ်လို့ ဒါက စာမေးပွဲကို မအောင်မြင်စေရင်တောင် ဝယ်ယူတဲ့သူရဲ့အသက်ကို ကာကွယ်ပေးနိုင်တဲ့အတွက် ဘာဆုံးရှုံးမှုမှရှိမှာမဟုတ်ဘူး"
"ကျောင်းတော်ရဲ့စီနီယာတွေ ရေးသားပြုစုထားတဲ့လမ်းညွှန်စာအုပ်က လူသစ်တွေအတွက် အသင့်တော်ဆုံးပဲ...ဒါကို စျေးသက်သက်သာသာနဲ့ ရောင်းပေးနေတယ်နော်"
ပတ်ဝန်းကျင်၌ ဆူညံသံများ ထွက်ပေါ်နေပေ၏။
ဤနေရာ၌ စျေးရောင်းချနေသူအများစုမှာ အဆင့်နိမ့်ကျင့်ကြံသူများဖြစ်သည်။ဤကဲ့သို့ရောင်းချခြင်းမှတဆင့် သူတို့အတွက် အတော်အသင့်များပြားသော အင်မော်တယ်ကျောက်တုံးများကို ရရှိနိုင်သည်။
"အကို...ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက် အဆောင်လက်ဖွဲ့တချို့ဝယ်ရင် ကောင်းမလား"
မူလင်းက မေးမြန်းလေ၏။
လမ်း၏တစ်ဖက်ခြမ်းရှိ စျေးဆိုင်များတွင် အမျိုးအစားစုံလင်သော အဆောင်လက်ဖွဲ့များကို ရောင်းချနေသည်။ထိုအဆောင်လက်ဖွဲ့များမှနေ၍ ထူးဆန်းသောအလင်းရောင်များ ဖြာထွက်နေလေ၏။ထိုအရာများကိုကြည့်ရသည်မှာ သာမာန်ထက်သာလွန်ထူးကဲနေသည်။
မူချင်းရှန်က ခေါင်းခါပြလေသည်။
"ငါ့အတွက် အဲ့ဒီအဆောင်လက်ဖွဲ့တွေ မလိုအပ်ဘူး...ငါတို့မူမိသားစုရဲ့ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်က မာကျောကြမ်းတမ်းမှုနဲ့ခွန်အားကို အသားပေးပြီးတော့ ရုပ်ခန္ဓာကိုယ်ကို မှော်လက်နက်အဖြစ် ပြောင်းလဲရတာပဲ....သံမဏိတုတ်တစ်ချောင်းရှိရင် ငါ့အတွက် လုံလောက်နေပြီ...မှော်ရတနာတွေ အရမ်းများပြားလာရင် ငါ့အတွက် ဝန်ထုပ်ဝန်ပိုးပဲဖြစ်လိမ့်မယ်"
လုယွီက သဘောတူညီ ထောက်ခံလိုက်၏။
"ချင်းရှန်ပြောတာ အမှန်ပဲ...ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတွေအတွက် ရုပ်ခန္ဓာကိုယ်က အကောင်းဆုံးမှော်လက်နက်ပဲ...တကယ်လို့ ချင်းရှန်ကသာ အဆောင်လက်ဖွဲ့တွေကို အသုံးပြုမယ်ဆိုရင် သူ့ရဲ့ခွန်အားတိုးမြင့်မလာတဲ့အပြင် ဆန့်ကျင်ဘက်အနေနဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေကိုတောင် ကြီးမားတဲ့ဆိုးကျိုးတွေ သက်ရောက်လာနိုင်တယ်"
စကားဆုံးသည်နှင့် လုယွီက အဆောင်လက်ဖွဲ့များထံသို့ စောင်းငဲ့၍ကြည့်လိုက်သည်။
"ပြီးတော့ ဒီအဆောင်လက်ဖွဲ့တွေကိုရေးဆွဲထားတာက အရမ်းလက်ရာမမြောက်ဘူး...မင်းတို့ ဒါတွေကို ဝယ်လိုက်တာက မင်းတို့ရဲ့ငွေတွေကို ဖြုန်းတီးတာနဲ့အတူတူပဲ"
တခြားလူငယ်ကျင့်ကြံသူများအားလုံးသည် လုယွီ၏အစွမ်းထက်သော နည်းစနစ်များကို မြင်တွေ့ပြီးဖြစ်သဖြင့် သူ၏စကားလုံးများကို ယုံကြည်လက်ခံကြသည်။သူတို့အားလုံးသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လုယွီ၏နောက်၌ လိုက်ပါနေကြ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တံခါးမကြီးရှေ့တွင် လူအမြောက်အများစုဝေးနေသဖြင့် အဝေးမှကြည့်ပါက လူတန်းရှည်ကြီးကို တွေ့မြင်နိုင်ပေမည်။
ထိုလူများသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ဝင်ခွင့်စာမေးပွဲတွင် ပါဝင်ယှဥ်ပြိုင်ရန် နေရာဒေသအသီးသီးမှ ရောက်ရှိလာကြခြင်းဖြစ်သည်။
ကြယ်နယ်မြေသီးသီးမှ လူငယ်ပါရမီရှင်များသည် ထောက်ခံချက်တံဆိပ်ပြားကိုရရှိထားပေ၏။လုယွီက ထိုလူများကိုတစ်ချက်ကြည့်လိုက်ရာ သူတို့အကြားတွင် လောကီအင်မော်တယ်များ ရှားပါးမှုမရှိကြောင်း တွေ့မြင်မိသည်။
ရှေးဟောင်းဖုန်မှုန့်ကြယ်ကဲ့သို့နေရာမျိုးတွင် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူသည် အားအကောင်းဆုံးပင်။ထိပ်တန်းဂိုဏ်းကြီးသုံးဂိုဏ်းမှ ဂိုဏ်းချုပ်များပင်လျှင် လောကီအင်မော်တယ်နယ်ပယ်တွင်သာရှိသည်။
သို့ရာတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏အရှေ့တွင် လောကီအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများသည် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် တန်းစီ၍ စောင့်ဆိုင်းနေကြ၏။
ကျောင်းစိမ်းဆေးမီးဖိုကျောင်းတော်၏ လုပ်ဆောင်နိုင်စွမ်းမှာ အလွန်လျှင်မြန်သည်။တံခါးမကြီးရှေ့၌ လူအမြောက်အများ တန်းစီနေကြသော်လည်း အချိန်တစ်နာရီမပြည့်မီမှာပင် လုယွီတို့လူစု၏အလှည့်သို့ ရောက်ရှိလာသည်။