← Chapters

အခန်း (၂၂၃၆-၂၂၄၀)

Vol. 115 Ch. 2236-2240

အခန်း (၂၂၃၆-၂၂၄၀)

Vol. 115 Ch. 2236-2240

Chapter 2236

"မင်းရဲ့ထောက်ခံချက်စာလွှာ ငါ့ကိုပြ...ပြီးတာနဲ့ ဒီနေရာကိုလာပြီး နံပါတ်ပြားလာယူတော့"

စုံစမ်းစစ်ဆေးသည့်နေရာကို ဦးဆောင်နေသော အကြီးအကဲတစ်ယောက်က သာမာန်ကာလျှံကာလေသံဖြင့်ပြောဆိုသည်။

မူချင်းရှန်နှင့်မူလင်းတို့သည် သူတို့၏ထောက်ခံချက်စာလွှာများကို ထုတ်ပေးကာ နံပါတ်ပြားကို ရယူလိုက်ကြ၏။

နံပါတ်ပြားတစ်ခုစီတွင် သက်ဆိုင်သူ၏ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းတင်ထားကာ တစ်ယောက်နှင့်တစ်ယောက် မတူညီသော နံပါတ်တစ်ခုပါရှိသည်။

လုယွီနောက်သို့ လိုက်လာသောလူငယ်ကျင့်ကြံသူများအနက် ခြောက်ယောက်ထံတွင်သာ ထောက်ခံချက်စာလွှာများ ရှိလေ၏။တခြားသူများသည် တောင်ခြေရှိစျေးအတွင်း၌ ယာယီစောင့်ဆိုင်းနေကြသည်။

အချိန်အတိုင်းအတာတစ်ခု ကြာမြင့်ပြီးချိန်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် အစေခံတပည့်များကို ခေါ်ယူပေလိမ့်မည်။ထိုအစေခံတပည့်နေရာအတွက် ထောက်ခံချက်စာလွှာမလိုအပ်သော်လည်း သူ၏အဆင့်အတန်းသည် တရားဝင်တပည့်တစ်ယောက်ထက် များစွာပို၍နိမ့်ကျသည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် လူအမြောက်အများ အစုလိုက်အပြုံလိုက် အုံဖွဲ့၍ရောက်ရှိလာဆဲပင်။အကယ်၍ တစ်စုံတစ်ယောက်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် အစေခံတပည့်အဖြစ်နေရလျှင်ပင် ပြင်ပရှိဂိုဏ်းများအတွင်းသို့ ဝင်ရောက်သည်ထက် ပို၍ကောင်းမွန်ပေမည်။

"မင်းရဲ့ထောက်ခံချက်စာလွှာက ဘယ်မှာပဲ"

စာရင်းကိုင်တပည့်တစ်ယောက်က သူ၏ခေါင်းကိုမော့မကြည့်ဘဲ မေးမြန်းလေ၏။

လုယွီက သူ၏ထောက်ခံချက်စာလွှာကိုထုတ်ယူလိုက်ရာ ရုတ်တရက် ပတ်ဝန်းကျင်ရှိလူများ၏မျက်လုံးအကြည့်များက သူ့ထံသို့ စူးစိုက်၍ကျရောက်လာသည်။

သာမာန်လူများ၏ထောက်ခံချက်စာလွှာသည် အဖြူရောင်ဖြစ်ကာ ထိုအရာပေါ်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ အထူးသီးသန့်အနီရောင်အမှတ်အသားဖြင့် ချိပ်ပိတ်ထားသည်။ထိုစာအတွင်း၌ ရေးသားထားသောအရာများကို ထိုလူနှင့်သက်ဆိုင်သည့် ကိုယ်ရေးမှတ်တမ်းများကို မှတ်တမ်းတင်ရေးသားရသည့် ထောက်ခံချက်ပေးသူမှလွဲ၍ တခြားမည်သူမျှမသိနိုင်ချေ။

ဤသည်က ကျောင်းတော်သားများကို သတ်ဖြတ်၍ သူတို့၏ထောက်ခံချက်စာလွှာများကို လုယက်မည့်ဘေးမှ ကာကွယ်တားဆီးရန်လည်းဖြစ်သည်။အကယ်၍ ဤနေရာသို့ရောက်လာသော တစ်စုံတစ်ယောက်သည် ထောက်ခံချက်စာလွှာအတွင်းမှ မှတ်တမ်းများနှင့် မကိုက်ညီသည်ဖြစ်စေ သို့မဟုတ် ထောက်ခံချက်စာလွှာသည် အလွန်အကျွံကြေမွပျက်စီးနေသည်ဖြစ်စေ တရားမဝင်တော့ချေ။ထို့ထက်ပို၍ကြီးလေးသောကိစ္စရပ်များဆိုပါက သံသယရှိသောပြစ်မှုအဖြစ်ယူဆကာ စုံစမ်းစစ်ဆေးခြင်းခံရပေမည်။

သို့ရာတွင် လုယွီ၏ထောက်ခံချက်စာလွှာသည် တခြားသူများနှင့် ကွဲပြားခြားနားနေသည်။

ဤသည်က အနီရောင်ကြိုးများနှင့်စည်းထားသော သားရေစက္ကူလိပ်ဖြစ်နေလေရာ တခြားသူများ၏ထောက်ခံချက်စာလွှာများနှင့် တစိုးတစိမျှပင် တူညီခြင်းမရှိချေ။

"အဲ့ဒီကောင်လေး ရူးများနေတာလား...ထောက်ခံချက်စာလွှာက ဘယ်လိုပုံစံမျိုးရှိလဲဆိုတာတောင် သူ စုံစမ်းမထားဘူးလားမသိဘူး"

"ဒါက အမှန်ပဲ...တကယ်လို့ သူက အတုလုပ်မယ်ဆိုရင်တောင် ကျွမ်းကျင်သင့်တယ်...ဒီဟာက ဘယ်သူပဲကြည့်ကြည့် အတုဆိုတာ အသိသာကြီးလေ"

"ဒါက သူ ကံဆိုးတာပဲ...ဒီမနက်ပိုင်းကတင် အတုအယောင်တစ်ယောက် ထွက်ပေါ်လာခဲ့သေးတယ် ...သူ့ကိုပြန်လွှက်မပေးခင် ကြာပွတ်နဲ့ အချက်ပေါင်းရာနဲ့ချီပြီး ရိုက်ခံရတယ်တဲ့...သူ ထွက်သွားတဲ့အချိန်မှာ သေလုမျောပါးအခြေအနေဖြစ်နေပြီလို့ ငါ ကြားထားတယ်"

စာရင်းကိုင်တပည့်က တင်းမာခက်ထန်သောအသံဖြင့် အော်ငေါက်လိုက်၏။

"ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ မင်း သေချာကြည့်စမ်း...မင်းတို့ စိတ်ထဲရှိသလို လှည့်စားလို့ရမယ့် နေရာမျိုးမဟုတ်ဘူး"

မူချင်းရှန်က အလျှင်စလိုပြေးလာကာ ဝင်ရောက်ပြောဆိုသည်။

"ကျွန်တော် တောင်းပန်ပါတယ် စီနီယာအကို...ကျွန်တော်ရဲ့ညီလေးက ဒါကိုမှားပြီးယူလာမိတာဖြစ်မယ်"

စကားဆုံးသည်နှင့် မူချင်းရှန်က လုယွီဘက်သို့လှည့်ကာ လေသံတိုးတိုးဖြင့် ပြောဆိုလေသည်။

"ညီလေးလု...မင်းက တော်ဝင်စစ်တပ်ရဲ့စစ်ဗိုလ်ချုပ်တစ်ယောက်ဆိုတာ ငါ သိတယ်...ဒါပေမယ့် ဒီနေရာက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်...တကယ်လို့ ဧကရာဇ်မင်း ရောက်လာရင်တောင် ဒီနေရာရဲ့စည်းမျဥ်းတွေကို သူ လိုက်နာရလိမ့်မယ်...မင်းမှာ ထောက်ခံချက်စာလွှာ ရှိလား...တကယ်လို့ မရှိဘူးဆိုရင် ဝန်ခံဖို့ အချိန်ရှိသေးတယ်"

လုယွီက မျက်မှောင်ကြုတ်ကာ သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။

"ဒါက ငါ့ရဲ့ထောက်ခံချက်စာလွှာပဲလေ"

ဤသည်က သူ့ထံသို့ ဖူကျစ်ရွှယ်ပေးပို့လိုက်ခြင်းပင်။ထို့ကြောင့် ထိုထောက်ခံချက်စာလွှာသည် အတုမဖြစ်နိုင်ချေ။

မည်သည်ကြောင့် သူ၏ထောက်ခံချက်စာလွှာသည် တခြားသူများနှင့် ကွဲပြားခြားနားနေသည်ကို သူ မသိရှိပေ။

"သေမှာမကြောက်တဲ့ကောင်တစ်ကောင် ရောက်လာပြန်ပြီ...လာကြစမ်း...သူ့ကို ဖမ်းဆီးလိုက်ကြစမ်း"

စာရင်းကိုင်တပည့်သည် အချိန်ဖြုန်းခြင်းမရှိဘဲ အစောင့်များကို အော်ခေါ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ပတ်ဝန်းကျင်၌ မြောက်များစွာသောတပည့်များထွက်ပေါ်လာသည်။သူတို့သည် ရိုးရှင်းပြီးတင့်တယ်လှပသော ကွန်ဖြူးရှပ်ဝတ်စုံများကို ဝတ်ဆင်ထားကြကာ သူတို့၏လက်အတွင်း၌ မှော်လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ထားပေ၏။

"သူတို့က ကျောင်းတော်ရဲ့စည်းမျဥ်းဥပဒေခန်းမက တပည့်တွေပဲ"

"စည်းမျဥ်းဥပဒေခန်းမရဲ့တပည့်တွေက ဖြောင့်မတ်မှန်ကန်ပြီးတော့ ကျိုးကြောင်းဆီလျော်မှုမရှိဘူး...ဘယ်သူကမှ ဒီခန်းမရဲ့တပည့်တွေကို ရန်မစဝံ့ကြဘူး"

ထိုလူစုအား ဦးဆောင်လာသော ကွန်ဖြူးရှပ်ဝတ်စုံဝတ်ဆင်ထားသူက လုယွီကိုကြည့်ပြီး ခက်ထန်တင်းမာသောလေသံဖြင့် မေးမြန်းသည်။

"ဒီနေရာကိုလာပြီး ပြဿနာရှာနေတာ မင်းလား"

လုယွီက ထိုလူကြီးကိုတစ်ချက်ကြည့်ပြီး တုံ့ပြန်​ပြောဆိုလိုက်၏။

"ဘာလဲ...မင်းတို့ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်က ငါ့ရဲ့ထောက်ခံချက်စာလွှာကို လက်မခံချင်တာလား"

ကွန်ဖြူးရှပ်ဝတ်စုံဝတ်လူသည် စားပွဲပေါ်ရှိ ထောက်ခံချက်စာလွှာကို စောင်းငဲ့၍ကြည့်လိုက်သည်။မူလက သူ၏တည်ငြိမ်အေးဆေးနေသော မျက်နှာအမူအယာ ရုတ်တရက် ပြောင်းလဲသွားသည်။

သူသည် ချက်ချင်းဆိုသလိုပင် လုယွီ၏ထောက်ခံချက်စာလွှာကိုကောက်ယူကာ သူ၏လက်ဖြင့် စာလွှာပေါ်ရှိစည်းတံဆိပ်အမှတ်အသားကို ဂရုတစိုက်တို့ထိကြည့်လေ၏။ထို့နောက် သူက လုယွီကို စုန်ချည်ဆန်ချည်ကြည့်လိုက်သည်။

"မင်း ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်တယ်"

ကွန်ဖြူးရှပ်ဝတ်စုံဝတ်လူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

Chapter 2237

ကွန်ဖြူးရှပ်ဝတ်စုံဝတ်လူ၏စကားကိုကြားချိန်တွင် လူတိုင်း ကြက်သေသေသွားကြကာ ပတ်ဝန်းကျင်ရှိလှောင်ပြောင်ရယ်မောသံများအားလုံး ရုတ်တရက်ရပ်တန့်သွားသည်။

ထိုကောင်လေးထုတ်ပေးသော ထောက်ခံချက်စာလွှာသည် တခြားသူများနှင့် ကွဲပြားခြားနားသည်မှာ သိသာထင်ရှားလှ၏။

"စီနီယာအကို...ကျွန်တော်တို့က သူ့ကို သေချာထပ်ပြီး စစ်ဆေးသင့်တယ်မဟုတ်လား"

စာရင်းကိုင်တပည့်က အနည်းငယ်အံ့အားသင့်နေသောလေသံဖြင့် မေးမြန်းသည်။

ကွန်ဖြူးရှပ်ဝတ်စုံဝတ်လူက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။

"တကယ်လို့ မင်း အတွင်းရေးကိစ္စတွေကို မသိဘူးဆိုရင်...အလွယ်တကူ ကောက်ချက်မချနဲ့...နောက်ပိုင်းမှာ ဒီလိုထောက်ခံချက်စာလွှာမျိုးကို မြင်ရင် ငါ့ကို လက်လွှဲပေးပါ"

စာရင်းကိုင်တပည့်က ခေါင်းညိတ်ပြလေ၏။

"ဂျူနီယာညီလေး...ဒါက မင်းရဲ့တံဆိပ်ပြား...ငါ့နာမည်က လီစီး...ငါက စည်းမျဥ်းဥပဒေခန်းမရဲ့ တပည့်ခေါင်းဆောင်ပဲ...တကယ်လို့ မင်း အားလပ်တဲ့အချိန်ကျရင် အချိန်မရွေး ငါ့ကို လာရှာနိုင်တယ်"

ကွန်ဖြူးရှပ်ဝတ်စုံဝတ်လူက အပြုံးနှင့် ပြောဆိုသည်။

မူရှင်းရှန်၏မျက်လုံးများ ပြူးကျယ်နေကာ သူ့ရှေ့ရှိ ကွန်ဖြူးရှပ်ဝတ်စုံဝတ်လူကို မယုံကြည်နိုင်သောအကြည့်ဖြင့် ကြည့်လိုက်၏။

"စီနီယာအကိုက လီစီးလား"

ပတ်ဝန်းကျင်ရှိလူများသည် ကူကယ်ရာမဲ့စွာဖြင့် သူတို့ရှေ့ရှိ ကွန်ဖြူးရှပ်ဝတ်စုံဝတ်လူကို စောင်းငဲ့၍ကြည့်လိုက်ကြသည်။

ဤလူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ ထိပ်တန်းကျောင်းတော်သားများအနက်မှတစ်ယောက်ဖြစ်ကာ အခွင့်အာဏာကြီးမားသည်။

သူသည် ယခုချိန်ထိ ကျောင်းတော်သို့မဝင်ရောက်ရသေးသော တပည့်သစ်တစ်ယောက်ကို အလွန်ယဥ်ယဥ်ကျေးကျေး ဆက်ဆံနေမည်ဟု မည်သူကမျှ မျှော်လင့်မထားမိကြချေ။

ဤသည်က လီစီး၏စရိုက်သဘာဝဖြစ်မည်ဟုလည်း မည်သူတစ်ဦးတစ်ယောက်ကမျှ တွေးတောမထားပေ။စည်းမျဥ်းဥပဒေခန်းမမှတပည့်များ၏ တင်းမာခက်ထန်သော စရိုက်သဘာဝကို ထည့်သွင်းမစဥ်းစားလျှင်ပင် ကျင့်ကြံခြင်းလောက၌ အင်အားကောင်းသူသည်သာ လေးစားခံရလေ၏။

အကယ်၍ တစ်စုံတစ်ယောက်တွင် လုံလောက်သောခွန်အားမျိုးမရှိပါက မည်သူကမျှ ထိုလူအား လူရာသွင်းမည်မဟုတ်ချေ။

"အဲ့ဒီကောင်လေးရဲ့နောက်ခံက ဘာများပါလိမ့်"

ပတ်ဝန်းကျင်ရှိလူများက စတင်၍ တီးတိုးပြောဆိုနေကြသည်။

"သေချာတာပေါ့"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

လုယွီက နံပါတ်ပြားကိုယူ၍ ထွက်ခွါသွားချိန်တွင် လီစီးသည် သူ၏နောက်ကျောပြင်ကို အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့သည်။ထို့နောက် သူက သက်ပြင်းတစ်ချက်ရှိုက်ကာ တီးတိုးရေရွတ်လိုက်၏။

"ဒါက ကျောင်းအုပ်ကြီးကိုယ်တိုင် ထောက်ခံချက်ပေးထားတဲ့လူပဲ...အဲ့ဒီကောင်လေးက မရိုးရှင်းဘူး"

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို စတင်တည်ထောင်ခဲ့ချိန်မှစ၍ ကျောင်းအုပ်ကြီးများထံမှ ထောက်ခံချက်စာလွှာကို ရရှိဖူးသူဟူ၍ နှစ်ယောက်သာရှိသည်။

တစ်ယောက်သည် လုယွီဖြစ်၍ ကျန်တစ်ယောက်သည် ဟန်မြစ်အဆောင်တွင်ရှိနေသည်။

ထိုအကြောင်းကိုတွေးတောရင်းနှင့် လီစီး၏မျက်လုံးအတွင်း၌ အလင်းရောင်များ ဖြတ်ပြေးသွားသည်။သူသည် လုယွီ၏ထောက်ခံချက်စာလွှာကိုယူဆောင်ကာ ကျောင်းတော်၏အတွင်းပိုင်းနယ်မြေသို့ ဝင်ရောက်သွားလေ၏။

တခြားတစ်ဖက်တွင် လုယွီနှင့် နံပါတ်ပြားရရှိထားသောတခြားသူများသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ အဝင်တံခါးမကြီးထံသို့ လျှောက်လှမ်းသွားကြသည်။

ဤနေရာရှိလူအရေအတွက်သည် ပြင်ပတွင်တန်းစီနေသူများထက် ပို၍နည်းပါးသော်လည်း လူပေါင်းထောင်နှင့်ချီ၍ရှိနေဆဲပင်။သူတို့အားလုံးသည် ကျောင်းတော်တံခါးမကြီးရှေ့ရှိ မြေကွက်လပ်အတွင်းတွင် စုဝေးနေကြ၏။

ထောက်ခံချက်စာလွှာကိုရရှိသူများသည် ကြယ်နယ်မြေအသီးသီးမှ လူငယ်ပါရမီရှင်များဖြစ်သည်။သူတို့အနက်မှအများစု၏မျက်နှာများပေါ်တွင် မောက်မာဝံ့ကြွားသော အမူအယာမျိုးရှိနေသည်။

လုယွီတို့လူစု ဤနေရာသို့ရောက်ရှိလာစဥ်တွင် မည်သူတစ်ဦးတစ်ယောက်ကမျှ သူတို့အား အာရုံစိုက်ခြင်းမရှိကြချေ။

သူတို့အားလုံးစောင့်ဆိုင်းနေစဥ်မှာပင် ရုတ်တရက် ဆူညံသောာအသံတစ်သံက လူအုပ်အကြားမှထွက်ပေါ်လာသည်။

ကောင်းကင်ယံအတွင်း၌ သိမ်းငှက်ဆယ်ကောင်ကျော်သည် တောင်ပံများကိုဖြန့်ကျက်ကာ ပျံသန်းနေသည်ကို လူများအားလုံး တွေ့မြင်ကြရ၏။

ထိုသိမ်းငှက်များ၏အရွယ်အစားကြီးမားကာ နတ်ဆိုးဆန်သောအငွေ့အသက်များကို ထုတ်လွှတ်ထားသည်။သိမ်းငှက်တစ်ကောင်စီ၏ကျောပေါတွင် လူတစ်ယောက် မတ်တတ်ရပ်၍စီးနင်းနေသည်။ထိုလူများသည် ပျံသန်းနေသောသိမ်းငှက်များပေါ်မှခုန်ဆင်းကာ မြေပြင်ပေါ်၌ တည်ငြိမ်စွာမတ်တတ်ရပ်လိုက်ကြ၏။

ထိုလူများကိုကြည့်ရသည်မှာ အလွန်ငယ်ရွယ်ပုံရသော်လည်း သူတို့တစ်ယောက်ခြင်းစီထံမှနေ၍ ပြင်းထန်သောအရှိန်အဝါများ ထွက်ပေါ်နေသည်။

ထိပ်ဆုံးမှဦးဆောင်လာသောလူငယ်က ခြေတစ်လှမ်းရှေ့တက်လိုက်ရာ သူ၏ခြေဖဝါးအောက်၌ ရေခဲသလင်းကျောက်များ ထွက်ပေါ်လာသည်။

"ဒါက ရေခဲဘုရင်ကြယ်မြစ်ကလူတွေပဲ"

"သူတို့က ရေခဲဘုရင်ကြယ်မြစ်ရဲ့တော်ဝင်မိသားစုက လူတွေပဲဖြစ်မယ်....သူတို့က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို လာပြီးကျင့်ကြံမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

"ငါ သူတို့ကိုမှတ်မိပြီ...အဲ့ဒီလူစုကို ဦးဆောင်လာတဲ့သူက ရေခဲဘုရင်ကြယ်မြစ်ရဲ့မင်းသား ချိုင်လုံရှန်းပဲ...သူက ရေခဲဘုရင်ကြယ်မြစ်တော်ဝင်နန်းတွင်းမှာ တော်ဝင်မိသားစုနဲ့ မျိုးရိုးနာမည်မတူဘဲ ဘုရင်ဘွဲ့ရထားတဲ့ တစ်ယောက်တည်းသောသူပဲ...သူ့ရဲ့ခွန်အားကို မှန်းဆလို့မရဘူး"

ထိုလူစုထွက်ပေါ်လာချိန်တွင် ပတ်ဝန်းကျင်၌စုဝေးနေသောကျင့်ကြံသူများက ချက်ချင်းဆိုသလို လမ်းဖယ်ပေးလိုက်ကြ၏။

"သူတို့ရဲ့ကိုယ်နေဟန်ထားကိုကြည့်ရတာ...ဒီနေရာကို တော်ဝင်စာမေးပွဲအတွက် ရောက်လာပုံရတယ်"

"တော်ဝင်နန်းတော်က ရှေ့တန်းမျက်နှာစာမှာ အကြိမ်ပေါင်းများစွာ ရှုံးနိမ့်နေတယ်...အရာရှိတွေ အများကြီးကိုလည်း ဆုံးရှုံးခဲ့ရတော့ ရာထူးအဆင့်နေရာတော်တော်များများအတွက် လူတွေလိုအပ်နေတယ်...ဒီတစ်ကြိမ်တော်ဝင်နန်းတော်ကကျင်းပတဲ့ တော်ဝင်စာမေးပွဲက အရမ်းပြင်းထန်တဲ့ယှဥ်ပြိုင်ပွဲကြီးဖြစ်နိုင်တယ်"

"လမ်းဖယ်ပေးကြစမ်း"

ရုတ်တရက် အလွန်အမင်းမောက်မာသောအသံတစ်သံက မိုးကောင်းကင်ယံအတွင်းမှ ထွက်ပေါ်လာသည်။

အဝေးတစ်နေရာရှိ မိုးကုပ်စက်ဝိုင်းမှနေ၍ ခန္ဓာကိုယ်တစ်ခုလုံးမီးတောက်များ လွှမ်းခြုံနေသည့် မီးခြင်္သေ့တစ်ကောင် ဆင်းသက်လာပေ၏။ထိုမီးခြင်္သေ့၏မျက်လုံးများအတွင်းတွင် ကြက်သွေးရောင်မိုးကြိုးလှိုင်းများဖြင့် လင်းလက်နေကာ သူ၏ခေါင်းပေါ်တွင် ထက်ရှသောဦးချိုတစ်ချောင်းရှိသည်။

Chapter 2238

သတိလက်လွတ်နေမိသော ကျင့်ကြံသူတချို့သည် မီးတောက်ခြင်္သေ့ပြေးဝင်လာခြင်းကြောင့် လွင့်ထွက်သွားကြ၏။

"မင်းတို့က လူတွေရှိနေတာကို မမြင်ဘူးလား"

နောက်သို့လွင့်ထွက်သွားသော ကျင့်ကြံသူများအနက်မှတစ်ယောက်သည် ဒေါသတကြီးခုန်ထကာ အော်ငေါက်လိုက်သည်။

ဖြောင်း....

ထိုကျင့်ကြံသူသည် ထပ်မံ၍ဆဲရေးတိုင်းထွာရန် ဟန်ပြင်နေစဥ်မှာပင် ကြာပွတ်တစ်ချောင်းဖြင့် သူ၏မျက်နှာကို ဖြတ်ရိုက်ခံရသဖြင့် မြေပြင်ပေါ်သို့လဲကျသွားကာ အော်ဟစ်ညည်းတွားနေသည်။

မီးတောက်ခြင်္သေ့၏နောက်ကျောပေါ်မှနေ၍ လူတစ်ယောက် ခုန်ဆင်းလာသည်။ထိုလူသည် အရပ်မြင့်မားပြီး တုတ်ခိုင်သန်မာကာ သူ၏ခန္ဓာကိုယ်ပေါ်၌ ကြက်သွေးရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည်။သူ၏လက်အတွင်း၌ မီးတောက်ကြာပွတ်တစ်ချောင်းကို ကိုင်ဆောင်ထားလေ၏။

"ဒါက နေမင်းမီးတောက်ကြယ်မြစ်ရဲ့ ပြိုင်ဘက်ကင်းစစ်ဗိုလ်ချုပ် တူကျန့်ထျန်းပဲ"

"သူက အသက်ငယ်ငယ်လေးနဲ့ မြေကမ္ဘာအင်မော်တယ်အဆင့်ကိုရောက်နေပြီလို့ ငါ ကြားမိတယ်...သူက နေမင်းမီးတောက်ကြယ်မြစ်မှာ ထူးချွန်တဲ့တိုက်ပွဲအောင်မြင်မှုတွေအများကြီး ရထားတယ်...သူ အောင်မြင်လာတဲ့အချိန်ကနေစပြီး ခုချိန်ထိတိုက်ပွဲတစ်ပွဲမှ မရှုံးနိမ့်ဘူးသေးဘူး"

"မင်းအသံကို တိုးတိုးပြောစမ်း...သူက နေမင်းမီးတောက်ကြယ်မြစ်မှာ ဆိုးရွားတဲ့ဂုဏ်သတင်းရှိတယ်လို့ ငါ ကြားထားတယ်...သူ့ကို ဂိုဏ်းတစ်ဂိုဏ်းက ရန်စစော်ကားမိလို့...အဲ့ဒီဂိုဏ်းတစ်ဂိုဏ်းလုံး အမြစ်ပြတ်သုတ်သင်ခံခဲ့ရတယ်...သူက သာမာန်မိန်းမတွေနဲ့ ကလေးတွေကိုတောင် အလွတ်မပေးခဲ့ဘူး"

လူအုပ်ကြီး၏တိုင်ပင်ဆွေးနွေးနေမှုများကိုကြားချိန်တွင် အစောပိုင်းက ရိုက်နှက်ခံရသူ၏အဖော်အပေါင်းများအားလုံး မျက်နှာအမူအယာပျက်ယွင်းသွားကြကာ ရှေ့သို့မတိုးဝံ့တော့ချေ။

တူကျန့်ထျန်းက မောက်မာဝံ့ကြွားသောအမူအယာဖြင့် နာကျင်မှုကြောင့်ညည်းတွားနေသော ကျင့်ကြံသူကို လက်ညှိုးညွှန်ကာ ပြောဆိုလိုက်သည်။

"မင်းက ငါ့ရဲ့သားရဲရှေ့ကို ပြေးဝင်လာခဲ့တယ်...မြန်မြန်ဒူးထောက်ပြီး မင်းရဲ့အမှားကိုဝန်ခံစမ်း"

သူ တရကြမ်းတိုးဝင်လာမှုကြောင့် သူ၏သားရဲသည် တခြားသူအား ဝင်တိုက်မိသည်မှာ သိသာထင်ရှားပေ၏။

သို့ရာတွင် သူ၏စကားအသွားအလာအရ တစ်စုံတစ်ယောက်က သူ၏သားရဲရှေ့သို့ပြေးဝင်လာသည်ဟု ​ပြောဆိုနေသည်။

ကြီးကျယ်ခမ်းနားသောမီးတောက်ခြင်္သေ့ကြီး၏ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာတစ်ခုပင် ထင်ကျန်ရစ်ခြင်းမရှိချေ။ထိုမီးတောက်ခြင်္သေ့ကြီးသည် ဟိတ်ဟန်ဝံ့ကြွားစွာဖြင့် ရှိနေဆဲပင်။

ထိုကျင့်ကြံသူ၏မျက်နှာပေါ်တွင် သွေးများဖြင့်စိုရွှဲနေသည်။သို့ရာတွင် သူသည် တူကျန့်ထျန်းဟူသောအမည်ကိုကြားချိန်တွင် မည်သည့်စကားတစ်ခွန်းမျှ ချေပပြောဆိုဝံ့ခြင်းမရှိချေ။ထို့ကြောင့် သူက နောက်သို့ပြန်လှည့်ကာ ထွက်ခွါရန် ဟန်ပြင်လိုက်သည်။

"ရပ်လိုက်စမ်း...ငါ မင်းကို သွားခိုင်းလို့လား"

တူကျန့်ထျန်းက အော်ငေါက်လိုက်၏။

ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။သူက အလျင်စလို နောက်သို့ပြန်လှည့်ကာ အံ့တင်းတင်းကြိတ်၍ ပြောဆိုသည်။

"မင်း အရမ်းလွန်မလာနဲ့"

တူကျန့်ထျန်းက ထိုသို့တွေးတောပုံမရချေ။

"ဒါက တကယ့်ကိုထူးဆန်းတယ်...ငါက မင်းကို တောင်းပန်ခိုင်းတာလေ...ဘာလို့ ငါ အရမ်းလွန်မလာနဲ့လို့ မင်းက ပြောနေရတာလဲ"

တူကျန့်ထျန်း၏နောက်၌ ရက်စက်ကြမ်းကြုတ်ပုံရသော သံချပ်ကာဝတ်စစ်သားများရှိနေကာ သူတို့၏ခန္ဓာကိုယ်များတွင် ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။

ဤပြင်းထန်သောဖိအားအရှိန်အဝါဖြင့် စူးစိုက်ကြည့်ခံရချိန်တွင် ထိုကျင့်ကြံသူသည် သေစေနိုင်သောခြိမ်းခြောက်မှုမျိုးကို ခံစားမိပေ၏။

"ငါ...ငါ တောင်းပန်ပါတယ်"

ထိုကျင့်ကြံသူက ရှက်ရွံနေသောလေသံဖြင့် ပြောဆိုသည်။

တူကျန့်ထျန်းက သူ၏နားကို ပွတ်သပ်လိုက်၏။

"မင်း ဘာပြောလိုက်တာလဲ...ငါ မကြားရဘူး...ပြန်ပြောစမ်း"

ထိုကျင့်ကြံသူ၏မျက်နှာ နီမြန်းသွားသည်။ဤနေရာတွင် ထောင်နှင့်ချီသောလူများက သူ့ကိုစောင့်ကြည့်နေကြ၏။သူ ဤအတိုင်းသာ အနိုင်ကျင့်အရှက်ခွဲခံရပါက နောက်တစ်ချိန်တွင် မည်သူကိုမျှ သူ မျက်နှာပြဝံ့တော့မည်မဟုတ်ချေ။

"ကွန်ဖြူးရှပ်ကျောင်းတော်သားတစ်ယောက်က သေသွားရင်တောင် အရှက်ကွဲမခံနိုင်ဘူး...ငါ သေတဲ့အထိ မင်းနဲ့တိုက်ခိုက်မယ်"

ထိုကျင့်ကြံသူသည် ဒေါသတကြီးအော်ဟစ်ကြုံးဝါးကာ ရှေ့သို့တရကြမ်းတိုးဝင်တိုက်ခိုက်လေသည်။

သူသည်လည်း ထောက်ခံချက်စာလွှာကိုရရှိထားသော ပါရမီရှင်တစ်ယောက်ပင်။သူ၏လက်အတွင်းရှိ မှော်လက်နက်သည် ထက်ရှသောအလင်းရောင်များဖြင့် တဖျပ်ဖျပ်တောက်ပနေကာ သူက တူကျန့်ထျန်းထံဦးတည်၍ ခုတ်ပိုင်းလိုက်၏။

ထိုတိုက်ခိုက်မှုသည် အလွန်အစွမ်းထက်သည့်အပြင် နာကျည်းမုန်းတီးမှုများ ရောယှက်နေသဖြင့် ပို၍ပြင်းထန်နေသည်။

တူကျန့်ထျန်း၏မျက်ခွံများ မှေးစင်းသွားသည်။သူ့အားရိုက်ခတ်လုဆဲဆဲ အနေအထားသို့ ရောက်ရှိနေသော တိုက်ခိုက်မှုအားကြည့်ပြီး သာမာန်ကာလျှံကာ လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်၏။

သူ၏လက်ဝါးတွင် ခွန်အားများစွာပါဝင်ပုံမရသော်လည်း နံဘေးပတ်လည်၌ သွေးချီများမျောလွင့်နေသည်။

သူ၏လက်ဝါးရိုက်ချက်တွင် ထောင်ပေါင်းများသော သွေးချီအလင်းတန်းများစုဝေးနေကာ သွေးနီရောင်လက်ဝါးပုံရိပ်ယောင်ကြီးအဖြစ် ဖွဲ့စည်းသွားသည်။ထို့နောက် ထိုလက်ဝါးပုံရိပ်ရောင်ကြီးက အောက်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားပေ၏။

ဘုန်း....

ရှေ့သို့တရကြမ်းပြေးဝင်တိုက်ခိုက်နေသော ကျင့်ကြံသူသည် ထိုလက်ဝါးပုံရိပ်ယောင်ကြီး၏ ရိုက်နှက်ခံရမှုကြောင့် မြေကြီးအတွင်းသို့ နစ်ဝင်သွားတော့သည်။

"ငါက ကျိုးကြောင်းဆီလျော်တဲ့လူတစ်ယောက်ပါ...ငါက မင်းကို တောင်းပန်ဖို့လေးပဲပြောတာကို မင်းက ဘာလို့တိုက်ခိုက်ချင်ရတာလဲ"

တူကျန့်ထျန်းက သူ၏ခြေထောက်ကို ထိုကျင့်ကြံသူ၏ခေါင်းပေါ်သို့တင်၍ ဆောင့်နင်းလိုက်သည်။

ထိုကျင့်ကြံသူသည် မြေပြင်ပေါ်၌ ပြားပြားဝပ်နေပြီး မလှုပ်ရှားနိုင်တော့ချေ။

တူကျန့်ထျန်းက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့် ထိုကျင့်ကြံသူ၏ခြေထောက်ကို ထပ်မံ၍ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်ရာ အရိုးအက်ကွဲသံများ ထွက်ပေါ်လာသည်။

ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး သတိလစ်မေ့မျောသွားတော့သည်။

သူသည် လူသူအများရှေ့တွင် တုကျန့်ထျန်း၏အရှက်ခွဲခြင်းကို ခံရရုံသာမက သူ၏ခြေထောက်မှအရိုးများလည်း ကျိုးပဲ့ခဲ့ရသည်။

"အဲ့ဒီလူက တကယ့်ကိုပဲ ကောလဟာလတွေထဲကအတိုင်း ရက်စက်ကြမ်းကြုတ်တာပါလား"

"သူနဲ့ဝေးဝေးမှာနေကြ...မင်းကို သူ သတိမထားမိစေနဲ့"

Chapter 2239

တူကျန့်ထျန်းက အေးစက်စက်နှာတစ်ချက်မှုတ်၍ သူ၏လူများကိုခေါ်ဆောင်ကာ ရှေ့သို့လျှောက်လှမ်းသွားတော့သည်။

သူ၏ရှေ့တွင်ရှိသော ကျင့်ကြံသူများအားလုံးသည် လမ်းဖယ်ပေးလိုက်ကြကာ သူနှင့်ထိတွေ့ဆက်ဆံဝံ့ခြင်းမရှိချေ။

တူကျန့်ထျန်းရောက်ရှိလာပြီးနောက် ပါရမီရှင်လူငယ်ဆယ်ယောက်ကျော်ခန့် ထပ်မံ၍ရောက်ရှိလာလေရာ လူအုပ်ကြီးထံမှ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

ထိုလူငယ်ပါရမီရှင်များအနက်မှ မိန်းကလေးတစ်ယောက်တွင် မတူညီသောမျက်စိသူငယ်အိမ်များရှိကာ တစ်ဖက်သည် ခရမ်းရောင်ဖြစ်၍ တစ်ဖက်သည် အဖြူရောင်ဖြစ်ပေ၏။တချို့လူများသည် စပ်စုချင်စိတ်ဖြင့် သူမကိုကြည့်လိုက်ရာ မူးဝေမှုကိုခံစားလိုက်ရသည်။သူတို့သည် စိတ်တည်ငြိမ်စေသောမှော်မန္တန်များကို အလျှင်အမြန်ရွတ်ဆိုလိုက်မှသာ မူးဝေမှုပျောက်ကွယ်သွားတော့သည်။

"ဒါက ယင်ယန်မိုးကောင်းကင်မျက်လုံးပဲ"

လုယွီသည် သူ မျှော်လင့်မထားသောအရာတစ်ခုကို တွေ့မြင်မိသဖြင့် အံ့အားတသင့် ရေရွတ်လိုက်သည်။

ယဲ့ရွှယ်လန်တွင် ယင်ယန်မိုးကောင်းကင်မျက်လုံးရှိသည်ကို သူ အမှတ်ရနေဆဲပင်။

ထိုမျက်လုံးတစ်စုံကို ထပ်မံ၍မြင်တွေ့ရချိန်တွင် လုယွီသည် ကူကယ်ရာမဲ့စွာဖြင့် စိတ်ဓာတ်ကျဆင်းမှုကို ခံစားလိုက်ရ၏။

"ညီလေးလု...အဲ့ဒီမျက်လုံးတွေက ဘာလဲဆိုတာ မင်းသိလား...ဘာလို့ အဲ့ဒါတွေက ခုလောက်ကြီးမကောင်းဆိုးရွားဆန်နေတာလဲ"

မူချင်းရှန်က မေးမြန်းလေသည်။

လုယွီက လေသံယဲ့ယဲ့ဖြင့် ပြောဆိုသည်။

"ယင်ယန်မိုးကောင်းကင်မျက်လုံးက ကျင့်ကြံယူလို့မရတဲ့ မွေးရာပါစွမ်းအားတစ်မျိုးပဲ...အဲ့ဒီမျက်လုံးကို ပိုင်ဆိုင်ထားတဲ့သူက မြေအောက်လောကကိုတောင် ထွင်းဖောက်မြင်နိုင်တယ်...သူက သရဲတစ္ဆေတွေကို တွေ့မြင်နိုင်ပြီးတော့ အရာရာတိုင်းကို သိနားလည်နိုင်တယ်...ဒါပေမယ့် သူ့ရဲ့ဘဝမှာ မကောင်းတဲ့ နိမိတ်လက္ခဏာမျိုး ကိုးကြိမ်ကြုံတွေ့ရမယ်....တကယ်လို့ သူက အဲ့ဒီအရာတွေကို ဖြတ်ကျော်ပြီး အသက်ရှင်သန်နိုင်မယ်ဆိုရင် သူ့ရဲ့အတိတ်နိမိတ်ဆိုးတွေအားလုံးဟာ ကံကြမ္မာကောင်းအဖြစ် ပြောင်းလဲသွားလိမ့်မယ်...တကယ်လို့ သူ မဖြတ်ကျော်နိုင်ဘူးဆိုရင်တော့ ဆိုးရွားတဲ့အဆုံးသတ်ကို ကြုံတွေ့ရလိမ့်မယ်"

လုယွီ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ယင်ယန်မိုးကောင်းကင်မျက်လုံးပိုင်ရှင် မိန်းကလေး၏နားအတွင်းသို့ ကျရောက်သွားလေ၏။

ထိုအသံကိုကြားသည်နှင့် မိန်းကလေး၏ခန္ဓာကိုယ်တုန်ရီသွားပြီး သူမက လုယွီကို မယုံကြည်နိုင်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

"သခင်မလေး...ဒီကောင်လေးက ကျွန်မတို့မိသားစုရဲ့လျှို့ဝှက်ချက်ကိုသိနေတယ်...သူကို ဘာလုပ်စေချင်လဲ"

ထိုမိန်းကလေး၏နောက်လိုက်တစ်ယောက်က ညွှန်ကြားချက် တောင်းခံလေသည်။

မိန်းကလေးက သူမ၏ခေါင်းကို ခါယမ်းပြလိုက်၏။

"ထားလိုက်တော့...ငါ့ရဲ့မျက်လုံးတွေက လျှို့ဝှက်ဆန်းကြယ်တယ်ဆိုပေမယ့် ဒီအကြောင်းကို ရှေးဟောင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားတယ်...နောင်တစ်ချိန်မှာ အခွင့်အရေးရှိခဲ့ရင် သူ့ဆီကနေ လမ်းညွှန်မှုတောင်းခံကြည့်ရအောင်"

"ဟုတ်ကဲ့"

နောက်လိုက်မိန်းကလေးသည် တုံ့ပြန်ပြောဆိုပြီးနောက် သူမက လုယွီ၏ပုံပန်းသွင်ပြင်ကို မှတ်သားလိုက်သည်။

ဝင်ခွင့်စာမေးပွဲ ကျင်းပမည့်အချိန်သို့ မရောက်သေးသဖြင့် လုယွီနှင့်တခြားသူများသည် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။

ထိုအချိန်မှာပင် အနက်ရောင်အရိပ်တစ်ရိပ်က လုယွီတို့လူစု၏နံဘေးသို့ ရုတ်တရက် ရောက်ရှိလာသည်။သူတို့၏နံဘေးပတ်ဝန်းကျင်ရှိ လေထုသည် ပူပြင်းစပြုလာသည်။

"ဒါ....ဒါက တူကျန့်ထျန်း"

ထိုလူစုအတွင်းရှိ တချို့ကျင့်ကြံသူများသည် သူတို့၏ပါးစပ်များ တုန်ရီစွာဖြင့် ရေရွတ်လိုက်ကြသည်။

အစောပိုင်းက တူကျန့်ထျန်းပြုလုပ်ခဲ့သော အပြုအမူသည် သူတို့၏စိတ်အတွင်း၌ လတ်လတ်ဆတ်ဆတ်ရှိနေဆဲပင်။

မည်သူကမျှ ဤရူးသွပ်နေသောသူကို ရန်မစဝံ့ကြရာ မည်သည်ကြောင့် သူက ဤနေရာသို့ရောက်လာရသနည်း။

တူကျန့်ထျန်းက လုယွီတို့လူစုကို ဝေ့ဝိုက်ကြည့်ကာ ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုသည်။

"ငါ့ရဲ့ဓားရှည်က အရမ်းပြင်းထန်အားကောင်းတဲ့ ယန်ချီစွမ်းအားကို အာရုံခံမိနေတယ်...မင်းတို့ထဲက တချို့လူတွေက ငါ့ရဲ့ဓားကျွန်လုပ်ဖို့ သင့်တော်တယ်"

သူ၏အကြည့်အောက်တွင် လူတိုင်းသည် ထုံကျင်နေသကဲ့သို့ ခံစားနေရကာ မလှုပ်ရှားဝံ့ကြချေ။

ရုတ်တရက် တူကျန့်ထျန်း၏မျက်လုံးအကြည့်က မူလင်းပေါ်သို့ ကျရောက်သွားကာ သူ၏မျက်လုံးများက တောက်ပသွားသည်။

"အမှန်ပဲ...ဒါက မင်းပဲ"

စကားဆုံးသည်နှင့် သူက မူလင်းကိုဖမ်းဆီးရန် သူ၏လက်ကိုဆန့်တန်းလိုက်၏။

"နေဦး"

မူချင်းရှန်သည် အလွန်အံ့အားသင့်သွားကာ အလျှင်အမြန်ရှေ့တက်၍ တူကျန့်ထျန်းကို ဟန့်တားလိုက်သည်။

ရုပ်ခန္ဓာကိုယ်အရကြည့်လျှင် မူချင်းရှန်ကို အရပ်မြင့်မားပြီး တုတ်ခိုင်သန်မာသူဟု ယူဆနိုင်သည်။သို့ရာတွင် တူကျန်ထျန်းနှင့်နှိုင်းယှဥ်ပါက သူသည် ခေါင်းတစ်လုံးစာခန့် ပို၍ပုနေလေ၏။

တူကျန့်ထျန်းသည် ထိုစကားကိုမကြားသကဲ့သို့သာ ပြုမူနေသည်။သူက လက်တစ်ဖက်ဖြင့် မူချင်းရှန်ကို နံဘေးတစ်ဖက်သို့ တွန်းထုတ်လိုက်သည်။

"ဘေးဖယ်နေစမ်း...ငါ ရှာနေတာ မင်းမဟုတ်ဘူး"

တူကျန့်ထျန်းက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။

မူလင်းက စိုးရိမ်ပူပန်တကြီး အော်ဟစ်လေသည်။

"အကို...."

ထို့နောက် မူလင်းက မူချင်းရှန်ထံသို့ အပြေးသွားလိုက်သည်။

သို့ရာတွင် တူကျန့်ထျန်းသည် သူမကိုအလွတ်ပေးမည့်ပုံမရချေ။သူက မူလင်းကို ကြားဖြတ်၍ ဟန့်တားထားလေ၏။

တူကျန့်ထျန်း၏ခန္ဓာကိုယ်သည် အလွန်ကြီးမားသဖြင့် လူသားပုံသဏ္ဌာန်ယူထားသော မှော်သားရဲတစ်ကောင်နှင့် တူညီနေသည်။သူက မူလင်း၏ရှေ့တွင် မတ်တတ်ရပ်လိုက်စဥ်တွင် သူမ၏အမြင်အာရုံတစ်ခုလုံး မှောင်အတိကျသွားသည်ကို ခံစားလိုက်ရ၏။

"မင်းက ငါ့ရဲ့ဓားကျွန်လုပ်ရမယ်"

တူကျန့်ထျန်းက မူလင်းကို လက်ညှိုးညွှန်၍ ပြောဆိုသည်။

မူလင်းသည် သူမ၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်ကြောက်ရွံနေမှုကိုတောင့်ခံကာ ကျယ်လောင်စွာအော်ဟစ်လိုက်၏။

"ငါ နင့်ကို မသိဘူး...ဒီနေရာက ထွက်သွားစမ်း"

"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ဒီလိုပုံစံမျိုး စကားပြောဝံ့တာလဲ"

တူကျန့်ထျန်း၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအမူအယာမျိုးထင်ဟပ်လာကာ သူက မူလင်းကို ရိုက်နှက်ရန်အတွက် သူ၏လက်ကိုဆန့်တန်းလိုက်သည်။

Chapter 2240

တူကျန့်ထျန်း၏လက် ကျရောက်လုဆဲဆဲအချိန်တွင် မူချင်းရှန်က ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်ကြုံးဝါးကာ မူလင်း၏ရှေ့၌ ကာကွယ်ဟန့်တားလိုက်၏။

ဘန်း....

မူချင်းရှန်သည် ရုပ်ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် တူကျန့်ထျန်းထက် များစွာပို၍နိမ့်ပါးသည်။တိုက်ခိုက်မှုခြင်းဖလှယ်မိသည်နှင့် သူ့ထံသို့ ပြင်းထန်သောအားလှိုင်းတစ်ရပ် တိုးဝင်လာသည်ကို ခံစားမိကာ သူက နောက်သို့ ခြေလှမ်းအနည်းငယ်ခန့်ဆုတ်လိုက်ရသည်။

တူကျန့်ထျန်းက အော်ငေါက်လေ၏။

"ကျေးဇူးတင်ရကောင်းမှန်းမသိဘူး...ငါ သူ့ကိုသဘောကျတယ်ဆိုတာ သူ့အတွက် ကံကြမ္မာကောင်းတစ်ခုပဲ...မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ...ဘေးဖယ်နေစမ်း"

တူကျန့်ထျန်းက မူချင်းရှန်၏ဟန့်တားမှုကိုမြင်ချိန်တွင် သူ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။

သူ၏လက်ဝါးရိုက်ချက်ကျရောက်သွားချိန်တွင် သွေးချီအလင်းတန်းများက ထက်ရှသောဓားတစ်လက်အသွင်သို့ ပြောင်းလဲသွားကာ မူချင်းရှန်ထံ တိုးဝင်သွားလေ၏။

ထက်ရှသောသွေးဓားတစ်လက်က ချက်ချင်းဆိုသလိုပင် လူသူအများ၏မြင်ကွင်းရှေ့၌ ထွက်ပေါ်လာသည်။ထိုဓားတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများနှင့် ပြည့်နှက်နေကာ ရှေ့ရှိအရာရာတိုင်းကို ဖျက်ဆီးပစ်မည့်ပုံ မြင်နေရသည်။

ထိုမြင်ကွင်းကိုမြင်ချိန်တွင် လုယွီက မျက်မှောင်ကြုတ်လိုက်၏။

ထိုလူသည် အမှန်တကယ်ကိုပင် အဆင်အခြင်ကင်းမဲ့ကာ သူ့ကိုယ်သူ မည်သို့ထိန်းချုပ်ရမည်ကိုလည်း မသိရှိချေ။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် လုယွီက သူ၏လက်ကိုဆန့်တန်းလိုက်ရာ ကျောက်တုံးတစ်တုံးက ပျံဝဲ၍ သူ၏လက်အတွင်းသို့ ရောက်ရှိလာသည်။

ထို့နောက် သူ၏လက်ညှိုးကိုကွေးကာ ကျောက်တုံးကို တောက်ထုတ်လိုက်သည်။

ဒေါင်....

အက်ကွဲသံတစ်သံနှင့်အတူ တူကျန့်ထျန်း၏သွေးဓားသည် ချက်ချင်းဆိုသလိုပင် ကျိုးပဲ့သွားလေ၏။

တူကျန့်ထျန်း၏မျက်လုံးများ အနီရောင်သို့ပြောင်းလဲသွားကာ သူက လုယွီဘက်သို့လှည့်ကြည့်လိုက်သည်။

"မင်း သေချင်နေတာလား"

ထိုစကားနှင့်အတူ ကျယ်လောင်သောဆူညံသံတစ်သံ မြည်ဟီးလာကာ တူကျန့်ထျန်း၏သွေးချီများမြင့်တက်လာပြီး သူ၏ခေါင်းထက်၌ ဖြူရော်ရော်အရိုးခေါင်းတိုင်တစ်တိုင်အဖြစ် ဖွဲ့စည်းသွားသည်။

"ဒါက သွေးသန့်စင်ခြင်းကျင့်ကြံနည်းစနစ်ပဲ...ဒီနည်းစနစ်ကို ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ကျမ်းစာတစ်ခုကနေရခဲ့တယ်လို့ ဆိုကြတယ်...ဒါက အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်"

"တူကျန့်ထျန်းက အရင်တုန်းက သွေးသန့်စင်ဘိုးဘေးကို သူ့ရဲ့ဆရာသခင်အဖြစ် အသိအမှတ်ပြုခဲ့တယ်...ဒါပေမယ့် နောက်ပိုင်းမှာ တော်ဝင်နန်းတွင်းက သူ့ကိုရွေးချယ်လိုက်တဲ့အချိန်မှာ သွေးသန့်စင်ဘိုးဘေးက သူ့ရဲ့နောက်ကိုလိုက်ဖို့ ငြင်းဆန်ခဲ့တယ်...သူက သစ္စာရှိကြောင်း ပြသတဲ့အနေနဲ့ သွေးသန့်စင်ဘိုးဘေးကို သတ်ဖြတ်ပြီးတော့ တော်ဝင်နန်းတွင်းရဲ့ဗိုလ်ချုပ်ဖြစ်လာခဲ့တယ်"

"အဲ့ဒီလူက ရက်စက်ကြမ်းကြုတ်ပြီးတော့ အကြင်နာတရားကင်းမဲ့တယ်...အဲ့ဒီလူငယ်လေး ကံဆိုးမိုးမှောင်ကျတော့မှာပဲ"

ပတ်ဝန်းကျင်ရှိလူများသည် တီးတိုးပြောဆိုနေကြကာ လုယွီကိုကြည့်သော သူတို့၏မျက်လုံးများအတွင်း၌ စာနာသနားသောအရိပ်အယောင်များ ထင်ဟပ်နေသည်။

တိကျသေချာစွာပင် တူကျန့်ထျန်း၏သွေးချီများ ထပ်မံ၍မျောလွင့်လာပေ၏။သူ၏သွေးချီများကိုစုစည်းပြီးနောက် သူ၏ခန္ဓာကိုယ်မှနေ၍ ထက်ရှသောသွေးဓားတစ်လက် ထွက်ပေါ်လာသည်။

တူကျန့်ထျန်း၏နောက်တွင် ဧရာမအရိုးစုပုံရိပ်ယောင်ကြီးရှိနေသည်။ထိုအရိုးစုကြီးသည် ဓားရှည်တစ်လက်ကို ကိုင်ထားကာ လုယွီကို ဖြတ်ပိုင်းလိုပုံဖြင့် စူးစိုက်၍ကြည့်နေလေ၏။

ဤကဲ့သို့ ပြင်းထန်သောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒနှင့် ရင်ဆိုင်ရသည့်တိုင် လုယွီ၏မျက်နှာအမူအယာသည် အေးဆေးတည်ငြိမ်နေကာ အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိချေ။

ဒေါင်....

ထိုအချိန်မှာပင် တံခါးမကြီး၏ရှေ့မှနေ၍ ခေါင်းလောင်းသံတစ်သံ မြည်ဟီးလာသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တံခါးမကြီး၌ မြင့်မားသောစင်မြင့်တစ်ခုရှိနေကာ ထိုအရာပေါ်၌ ကြေးနီခေါင်းလောင်းကြီးတစ်လုံးက မားမားမတ်မတ်တည်ရှိနေသည်။ထိုကြေးနီခေါင်းလောင်းကြီး၏မျက်နှာပြင်ပေါ်တွင် ကျမ်းစာများကို ထူထပ်သိပ်သည်းစွာ ရေးထွင်းထားပေ၏။

ကြေးနီခေါင်းလောင်းကြီးမှအသံသည် မြည်ဟီးလာပြီးနောက် အဆက်မပြတ်ပဲ့တင်ထပ်နေကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ထိုခေါင်းလောင်းသံတွင် အထူးသီးသန့်မှော်စွမ်းအားမျိုး ပါဝင်နေပုံရကာ ကြားရသူများ၏စိတ်ကို ကြည်လင်သွားစေသည်။

"ဝင်ခွင့်စာမေးပွဲစတင်ပြီ...အခွင့်မရှိဘဲ ဘယ်သူမှတိုက်ခိုက်ခွင့်မရှိဘူး...ဒီစည်းကမ်းချက်ကို မလိုက်နာတဲ့သူက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကနေ မောင်းထုတ်ခံရမယ်"

ကျယ်လောင်သောအသံတစ်သံက ကျောင်းတော်၏တံခါးမကြီးမှ ပျံလွင့်လာပေ၏။

တူကျန့်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။သူ၏လက်ကို ဝှေ့ယမ်းလိုက်မှုနှင့်အတူ ထောင်နှင့်ချီသောဓားချီများက လုယွီနှင့်မလှမ်းမကမ်းအကွာအဝေးရှိ မြေပြင်ပေါ်သို့ ကျရောက်သွားကာ နက်ရှိုင်းသောအက်ကွဲရာကြီးများ စွဲထင်ကျန်ရစ်ခဲ့သည်။

"မင်း ကံကောင်းသွားတယ်လို့ မှတ်ထားစမ်း...ကျောင်းတော်ကိုမဝင်ခင် မင်း ငါ့ကိုတောင်းပန်တာ ပိုကောင်းလိမ့်မယ် ဒါမှမဟုတ်ရင် ငါ မင်းကိုသတ်မယ်"

တူကျန့်ထျန်း၏မျက်နှာပေါ်၌ ကောက်ကျစ်ယုတ်မာသောအပြုံးမျိုးရှိနေသည်။သူ၏သွားများကို ကြည့်ရသည်မှာ အလွန်အမင်းထက်ရှပုံရသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"တကယ်လို့ မင်း သေချင်နေတယ်ဆိုရင်...စမ်းကြည့်နိုင်တယ်"

အကယ်၍ ဝင်ခွင့်စာမေးပွဲသာ စတင်ခဲ့ခြင်းမရှိပါက တူကျန့်ထျန်း ဆက်လက်၍ တိုက်ခိုက်လာခဲ့လျှင် လုယွီသည် သူ့အား သတ်ဖြတ်ပစ်ရန် တွေဝေစဥ်းစားနေမည်မဟုတ်ချေ။

"ဟား ဟား ဟား...ဒါက အရမ်းပျော်ဖို့ကောင်းတာပဲ...ငါ အကြိုက်ဆုံးအရာက ဘာလဲဆိုတာ မင်းသိလား...မင်းလိုမျိုးပါရမီရှင်ဆိုတဲ့ကောင်တွေ ငါ့ရှေ့မှာဒူးထောက်ပြီး အသနားခံတောင်းပန်တာကို ကြည့်ရတာကိုပဲ"

တူကျန့်ထျန်းက ရုတ်တရက် မူလင်းကိုစူးစိုက်ကြည့်ကာ ပြောဆိုလိုက်၏။

"ငါ မင်းကို ရွေးချယ်ပြီးမှတော့ ဘယ်သူမှဟန့်တားလို့မရဘူး...မင်း လိမ်လိမ်မာမာနဲ့ ငါ့ဆီကိုအရင်ဆုံးလာတာ ပိုကောင်းလိမ့်မယ်"

All Chapters