အခန်း (၂၂၄၆-၂၂၅၀)
Vol. 116 Ch. 2246-2250
Chapter 2246
"ဒါက နတ်ဆိုးအားလုံးရဲ့ဘိုးဘေး ရေးသားခဲ့တဲ့ ကျမ်းစာလား"
ယခင်က လုယွီသည် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ၏ပုံရိပ်ယောင်ကမ္ဘာအတွင်း၌ မြောက်မြားစွာသောရှေးဟောင်းမှတ်တမ်းများကို ဖတ်ခဲ့ရသဖြင့် ရှေးဟောင်းအချိန်ကာလများတွင် ဖြစ်ပျက်ခဲ့သောကိစ္စရပ်အမြောက်အများကို သိရှိခဲ့ရသည်။
နတ်ဆိုးများအားလုံး၏ဘိုးဘေးသည် နတ်ဆိုးသားရဲများ၏မူလရင်းမြစ်လည်းဖြစ်သည်။သူသည် ရှေးအကျဆုံးနတ်ဆိုးသားရဲများကိုကို ဖန်တီးခဲ့ကာ ယခုရှိနေသော မှော်သားရဲများအဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့ခြင်းဖြစ်ပေ၏။
တစ်စုံတစ်ယောက်သည် ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာ၏အနီးသို့ ချဥ်းကပ်သွားပါက ရှေးဟောင်းဆန်သောအရှိန်အဝါများ သူ့ထံတိုးဝင်လာကာ ထိတ်လန့်ကြောက်ရွံမှုကိုခံစားရပြီး အသိစိတ်လွတ်ကင်းသွားနိုင်သည်။
"ကံဆိုးချင်တော့ ဒါက ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာရဲ့ တစ်စိတ်တစ်ပိုင်းပဲရှိတော့တာ...ရှေးဟောင်းအချိန်ကာလကတည်းကနေ အချိန်တွေကြာညောင်းလာတော့ အဲ့ဒီကျမ်းစာကအခုချိန်မှာ အပိုင်းပိုင်းအစစဖြစ်နေလောက်ပြီ"
မျောက်သည် သိုလှောင်အိတ်အတွင်းမှ ထွက်လာခြင်းမရှိသော်လည်း အတွင်းမှနေ၍ ပြင်ပရှိအခြေအနေများကို တွေ့မြင်နိုင်သည်။
ဤအချိန်တွင် မျောက်သည် ကမ္ဘာငယ်လေးအတွင်းရှိ မြေပြင်ပေါ်၌ ထိုင်နေလေ၏။သူ၏မျက်လုံးအကြည့်သည် ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာပေါ်တွင်သာ အခိုင်အမာကျရောက်နေကာ သူသည် အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိချေ။
သူသည် လေ့လာဆင်ခြင်ရာ၌ နစ်မြုပ်နေခြင်းပင်။ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာသည် တစ်စိတ်တစ်ပိုင်းသာ ရှိနေသော်လည်း နှိုင်းယှဥ်ပြစရာမရှိသည်အထိ သိမ်မွေ့နက်နဲသည်။သူပင်လျှင် အချိန်အတော်ကြာ မိန်းမောတွေဝေသွားသည်။
အချိန်နှစ်နာရီခန့်ကြာပြီးနောက် မျောက်သည် နိုးထလာကာ ပြောဆိုလိုက်၏။
"ဒါက တကယ့်ကို ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာပဲ...အရေးအကြီးဆုံးအရာကတော့ ဒါက တစ်စိတ်တစ်ပိုင်းပဲရှိနေပေမယ့် ပြီးပြည့်စုံတယ်...ပျောက်နေတဲ့အပိုင်းတွေ အများကြီးမရှိဘူး"
သိုလှောင်အိတ်ကိုဖြတ်သန်း၍ လုယွီသည် မျောက်၏မျက်လုံးများ ရွှေရောင်တောက်ပနေခြင်းကို တွေ့မြင်မိသည်။သူ၏နဖူးပေါ်တွင်လည်း နတ်ဆိုးသင်္ကေတများ ထင်ဟပ်နေသည်။မျောက်သည် အကျိုးအမြတ်ကြီးကြီးမားမား ရရှိသွားသည်မှာ သိသာထင်ရှားလှ၏။
မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာသည် သာမာန်အရာတစ်ခုမဟုတ်ကြောင်း လုယွီသည်လည်း သိရှိထားသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုကျမ်းစာ၏အနှစ်သာရကို နားလည်သဘောပေါက်လိုပါက သာမာန်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် သူ၏ဘဝသက်တမ်းတလျှောက်လုံး ကုန်ဆုံးသွားသည်အထိ လေ့လာဆင်ခြင်ရပေမည်။မျောက်သည် ကျမ်းစာ၏တစ်စိတ်တစ်ပိုင်းကို အချိန်တိုအတွင်း လေ့လာဆင်ခြင်နိုင်မှာ သာမာန်ထက်သာလွန်သော အရည်အချင်းမျိုးရှိကြောင်း ပြသနေသည်။
"ငါက ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကိုလည်း အာရုံခံနိုင်တယ်...တကယ်လို့ ငါ အဲ့ဒီအရာတွေရဲ့အနီးအနားကိုရောက်တာနဲ့ ငါ ရှာတွေ့နိုင်လိမ့်မယ်"
မျောက်က သူ၏မျက်လုံးများကိုစုံမှိတ်၍ ပြောဆိုသည်။
သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏ လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် သတ္တိမွေး၍ ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာ၏နံဘေးသို့ သွားလိုက်၏။အချိန်အတော်ကြာလေ့လာဆန်းစစ်ပြီးနောက် သူက အံ့အားသင့်စွာဖြင့် ကျွတ်စုပ်လိုက်သည်။
"ကောင်စုတ်လေး...မင်းဘာမှ ငါ့ကို မနာလိုဖြစ်စရာမလိုဘူး...ဒီကျမ်းစာကိုဖန်တီးခဲ့တာက ရှေးဦးနတ်ဆိုးဘိုးဘေးပဲ...ဒါက ရှေးဟောင်းကောင်းကင်ဘုံဧကရာဇ်ထက်တောင် ပိုပြီးသက်တမ်းကြာခဲ့တဲ့ တည်ရှိမှုကြီးပဲ...ဒါကို မင်းရဲ့ ဘိုးဘေးဘီဘင်တွေတောင် ကြုံတွေ့ဖူးတာမှာမဟုတ်ဘူး...ဒါပေမယ့် ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာက ထိခိုက်ပျက်စီးနေတယ်...မင်း နောက်ပိုင်းကျရင် ဒါကို ဖမ်းဆုပ်ချင် ဖမ်းဆုပ်နိုင်မှာပေါ့...ဟား ဟား ဟား"
မျောက်သည် အလွန်စိတ်ကောင်းဝင်နေပုံရပေ၏။
"ငါ ဒါကို စားချင်တယ်"
လက်နက်စိတ်ဝိညာဥ်ကလေးငယ်သည် အဆက်မပြတ် တံတွေးမျိုချနေကာ ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာကို မျက်လုံးဝိုင်းကြီးများဖြင့် စူးစိုက်၍ကြည့်နေသည်။
လုယွီက အကြံတစ်ခု ရရှိသွားသည်။
"တကယ်လို့ သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ကသာ ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာကို ဝါးမျိုနိုင်မယ်ဆိုရင် သူ့ရဲ့ခွန်အားက အကြီးအကျယ်မြင့်တက်သွားလိမ့်မယ်"
မျောက်က အပြုံးနှင့်ပြောဆိုသည်။
"သဘောတရားအရဆိုရင်တော့ ဒါကဖြစ်နိုင်တယ်...သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ရဲ့ အထွတ်အထိပ်အခြေအနေမျိုးမှာဆိုရင် ဒီကိစ္စက အဆင်ပြေနိုင်တယ်...ဒါပေမယ့် အခုချိန်မှာ ဒီကောင်စုတ်လေးက သူ့ရဲ့ကိုယ်ပိုင်မှော်လက်နက်ကိုတောင် အပြည့်အဝ မဖမ်းဆုပ်နိုင်သေးဘူး...သူ ကြီးထွားလာတဲ့အချိန်ထိစောင့်ပြီးမှ ငါတို့ ဒီအကြောင်းကိုထပ်ပြောတာ ပိုကောင်းလိမ့်မယ်"
ထို့နောက် မျောက်က ဆက်လက်၍ပြောဆိုသည်။
"ငါက ဒီရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာကို လေ့လာဆင်ခြင်ခဲ့တယ်...ဒါက မင်းအတွက်လည်း သင့်တော်လိမ့်မယ်"
မျောက်သည် နတ်ဘုရားစိတ်အာရုံမှတဆင့် ရှုပ်ထွေးသောကျမ်းစာများကို လုယွီထံပေးပို့လေ၏။ဤသည်က ကျမ်းစာအပေါ် နားလည်သဘောပေါက်မှုများပင်။တစ်ချိန်တည်းမှာပင် သူသည် လုယွီကို ရှေးဟောင်းနတ်ဆိုးများ၏ဘာသာစကားကို သင်ကြားပေးနေခဲ့သည်။
ဤကျမ်းစာမှအသိပညာများသည် ပင်လယ်သမုဒ္ဒရာတစ်စင်းတမျှ ကြီးမားကျယ်ပြန့်ပေ၏။သို့ရာတွင် လုယွီ၏စိတ်ဝိညာဥ်မှစွမ်းအားကြောင့် အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် သူသည် အရာအားလုံးကို လေ့လာမှတ်သားနိုင်ခဲ့သည်။
လုယွီ၏စိတ်ဝိညာဥ်အတွင်း၌ သန်းရာနှင့်ချီသော မှတ်ဥာဏ်များ ထင်ဟပ်လာသည်။ထိုအရာများကို သူသည် နက်နက်ရှိုင်းရှိုင်း မှတ်သားထားပြီးဖြစ်ကာ ဘယ်သောအခါမှ မေ့ပျောက်တော့မည်မဟုတ်ချေ။
"ဒါက နတ်ဆိုးတွေရဲ့စွမ်းအားကို အဆုံးစွန်ဆုံးထိ မြှင့်တင်ပေးနိုင်ပြီးတော့ သူတို့ရဲ့အကန့်အသတ်ကိုတောင် ချိုးဖျက်နိုင်လိမ့်မယ်...ဒီလိုမှော်နည်းစနစ်မျိုးက နတ်ဆိုးသားရဲတွေကို အကြီးအကျယ် ဆွဲဆောင်နိုင်မှာပဲ"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။
Chapter 2247
"ဒါကအမှန်ပဲ...တကယ်လို့ မင်း ဒါကိုသာ အပြည့်အဝထိန်းချုပ်နိုင်မယ်ဆိုရင်...နတ်ဆိုးဧကရာဇ်တွေကိုတောင် မင်း ဆန္ဒရှိသလို စေခိုင်းနိုင်လိမ့်မယ်...ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာက လူသားတွေပေါ်မှာတော့ အနည်းငယ်ပဲသက်ရောက်မှုရှိတယ်...လူသားကျင့်ကြံသူတွေ ဒါကိုမဆင်မခြင်ကျင့်ကြံမယ်ဆိုရင် တန်ပြန်ဆိုးကျိုးတွေကိုတောင် ခံစားရနိုင်တယ်...ဒါပေမယ့် မင်းကသာ ဒီကျမ်းစာရဲ့အနှစ်သာရကို ပိုင်ပိုင်နိုင်နိုင် ဖမ်းဆုပ်နိုင်ရင် မရေမတွက်နိုင်တဲ့ အစွမ်းထက်နတ်ဆိုးသားရဲတွေကို ထိန်းချုပ်နိုင်လိမ့်မယ်"
မျောက်သည် စကားပို၍ပြောဆိုလေလေ ပို၍စိတ်လှုပ်ရှားပုံပေါက်လာလေလေပင်။ရွှေရောင်အလင်းတန်းများက သူ၏မျက်လုံးအတွင်း၌ တဖျပ်ဖျပ်တောက်ပနေသည်။
လုယွီက အံ့အားသင့်သောအကြည့်ဖြင့် မျောက်ကို ကြည့်လိုက်၏။
"မင်းက အရင်တုန်းကဆိုရင် မင်းအတွက်အကျိုးအမြတ်မရဘဲ ဘယ်တော့မှထွက်ပေါ်လာတာမဟုတ်ဘူး...အခု မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ"
မျောက်က အပြုံးနှင့်ပြောဆိုသည်။
"ငါက ရုတ်တရက် တစ်ခုခုကိုတွေးမိသွားတယ်....တကယ်လို့ ငါကသာ ထောင်သောင်းချီတဲ့နတ်ဆိုးသားရဲတွေကိုဦးဆောင်ပြီးတော့ ခေါင်းပြောင်ကြီးတွေရဲ့နယ်မြေထဲကို ဝင်သွားနိုင်မယ်ဆိုရင် အဲ့ဒီမြင်ကွင်းက တကယ့်ကိုအံ့အားသင့်စရာကောင်းမှာပဲ...အဲ့ဒီခေါင်းပြောင်တွေဖြစ်သွားမယ့် မျက်နှာအမူအယာကို ငါ စိတ်ကူးယဥ်ကြည့်လို့တောင်ရတယ်...ဟား ဟား ဟား"
မျောက်သည် သူ၏လက်စားချေမည့် အစီအစဥ်အတွင်း၌ အပြည့်အဝနစ်မြုပ်နေခဲ့သည်။
လုယွီက ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။သူက သွားရည်တများများကျနေသော လက်နက်စိတ်ဝိညာဥ်ကလေးငယ်ကို သိုလှောင်အိတ်အတွင်းသို့ပြန်ထည့်ကာ ဤနယ်မြေမှ ထွက်ခွါခဲ့တော့သည်။
သူက ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာကို ထပ်မံ၍ စောင်းငဲ့ကြည့်လိုက်သည်။ထိုအရာပေါ်တွင် မှော်စွမ်းအားများကိုသိပ်သည်းကာ ခတ်နှိပ်ထားသည့် 'ဖိနှိပ်ခြင်း'ဟူသောစာလုံးရှိနေသည်။ထိုစာလုံးသည် မပြည့်စုံသော ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာကို ဖိနှိပ်ထားနိုင်ရုံသာမက တခြားသူများ ခိုးယူခြင်းမှလည်း ကာကွယ်ဟန့်တားထားနိုင်သည်။
ဤ'ဖိနှိပ်ခြင်း'ဟူသောစာလုံးသည် အင်အားပြည့်ဝပြီး အစွမ်းထက်ကာ မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားပေ၏။
လုယွီသည် ထိုစာလုံးမှနေ၍ စာပေသူတော်စင်တစ်ယောက်၏ အတွေးအခေါ်များကို ခံစားမိသည်။
"ဒီစာလုံးကို သူတော်စင်ကရေးသားထားတာ....စာလုံးတစ်လုံးစီတိုင်းက ရွှေစတစ်ထောင်မက ထိုက်တန်တယ်...ဒါက ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာကိုတောင် ဖိနှိပ်ထားနိုင်တာပဲ"
လုယွီက တီးတိုးရေရွတ်လိုက်၏။
အတိတ်ဘဝတွင် သူသည် ယီဟန်ကဲ့သို့စာပေသူတော်စင်များနှင့် တိုက်ခိုက်ဖူးခြင်းမရှိသော်လည်း သူတို့ မည်မျှထိအစွမ်းထက်သည်ကို သူ ကောင်းစွာသိရှိထားသည်။
ယခုလက်ရှိချိန်တွင် သူ ထိုစာပေသူတော်စင်များအား ထပ်မံ၍မြင်တွေ့ရချိန်တွင် သူတို့သည် အလွန်နက်နဲသိမ်မွေ့ပြီး ခန့်မှန်း၍မရသည်အထိ အစွမ်းထက်သည်ကို သိရှိခဲ့ရ၏။
"ငါ့ရဲ့အတိတ်ဘဝမှာတုန်းက ကောင်းကင်ဘုံနယ်မြေမှာ ပြိုင်ဘက်ကင်းဖြစ်ခဲ့ပေမယ့် အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေကို စိန်ခေါ်နိုင်ခဲ့ခြင်းမရှိဘူး...စာပေသူတော်စင်တွေက သူတို့ရဲ့ဘဝတလျှောက်လုံးမှာကွန်ဖြူးရှပ်တာအိုကိုပဲ လေ့လာကြတယ်...သူတို့က တိုက်ပွဲတွေမှာ ဝင်ရောက်မတိုက်ခိုက်ကြဘူး...ဒီဘဝမှာ သူ့ကို ဆရာသခင်အဖြစ်တင်မြှောက်ရတာ ငါ့အတွက် ဆုံးရှုံးနစ်နာမှုတစ်ခု မဖြစ်နိုင်ဘူး"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
အတိတ်ဘဝတွင် သူသည် ဆာလောင်မွတ်သိပ်မှုနှင့်အေးစက်မှုဒဏ်ကို ခံစားနေရချိန်တွင် ယီဟန်သည် တာယွီအင်ပါယာ၏မဟာဆရာသခင်အဖြစ်သို့ ရောက်ရှိနေသည့်အပြင် ဧကရာဇ်၏ဆရာသခင်လည်းဖြစ်ပေ၏။
လုယွီသည် အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သော ထိုလူအိုကြီးကို ယခင်ကတည်းက ရိုသေလေးစားနေခဲ့မိသည်။
"ကောင်လေး...တကယ်လို့ မင်း လိုချင်တယ်ဆိုရင်...ငါတို့အတူပူးပေါင်းပြီး အဲ့ဒီချိပ်စည်းကို ချိုးဖျက်လို့ရတယ်...ငါက ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာနဲ့ ဆက်သွယ်ပြီးသွားပြီ...ငါတို့ အတွင်းအပြင်ညှပ်ပြီး တိုက်ခိုက်မယ်ဆိုရင် ဒီကျမ်းစာကိုရမှာသေချာတယ်"
မျောက်က သိုလှောင်အိတ်အတွင်းမှနေ၍ အကြံပေးလိုက်သည်။
လုယွီက ခေါင်းခါပြလေ၏။
"ဒီပစ္စည်းက အဖိုးတန်တယ်ဆိုပေမယ့် ငါက ငါလိုချင်တာကိုရပြီးပြီ....တကယ်လို့ ဒါကိုဖယ်ရှားလိုက်မယ်ဆိုရင် ကျောင်းတော်ရဲ့ကျောင်းတော်သားတွေကို ထက်မြက်အောင်လေ့ကျင့်ပေးတဲ့နေရာတစ်ခု ပျောက်သွားလိမ့်မယ်...ဒါကို ဒီနေရာမှာထားတာပဲ ပိုကောင်းလိမ့်မယ်"
စကားပြောဆိုနေစဥ်မှာပင် လုယွီကို ရာနှင့်ချီသော နတ်ဆိုးသားရဲဘုရင်များ ထပ်မံ၍ဝိုင်းရံလာခဲ့သည်။
"အပြင်ထွက်ဖို့ အချိန်ကျပြီ"
လုယွီက သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ဝင်ခွင့်စာမေးပွဲအတွင်းတွင် ရှိနေဆဲဖြစ်ကြောင်း သိရှိပေ၏။
"နတ်ဘုရားနဂါးဟိန်းသံ"
နဂါးဟိန်းသံတစ်သံက ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို ပဲ့တင်ထပ်ပျံ့နှံ့သွားခြင်းနှင့်အတူ နတ်ဆိုးသားရဲဘုရင်များအားလုံး၏စိတ်ဝိညာဥ်များ ပျက်စီးသွားကာ မြေပြင်ပေါ်သို့လဲကျသွားတော့သည်။
ထို့နောက် လုယွီသည် ချီစောင့်ကြည့်ခြင်းနည်းစနစ်ကိုအသုံးပြု၍ ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်းမှ အက်ကွဲကြောင်းကိုရှာဖွေကာ လျှို့ဝှက်ခန်းအတွင်းမှ ထွက်ခွါခဲ့တော့သည်။
သူ လျှို့ဝှက်ခန်းအတွင်းသို့ အာရုဏ်တက်ချိန်ကတည်းက ဝင်ရောက်ခဲ့ခြင်းဖြစ်သော်လည်း မမျှော်လင့်ဘဲ သူ ပြင်ပသို့ထွက်လိုက်ချိန်တွင် မှောင်ရီပျိုးစပြုနေလေပြီ။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ အရပ်ရှစ်မျက်နှာတွင် ထောင့်တစ်နေရာစီတိုင်း၌ အလင်းတိုင်လုံးတစ်တိုင်စီရှိနေကာ ကောင်းကင်ယံထိတိုင် မြင့်တက်နေသည်။ဤသည်က ကျောင်းတော်၏အကာအကွယ်ဝင်္ကပါကြီးမှ အလင်းတန်းများဖြစ်ကာ ထိုအရာအတွင်း၌ မြင့်မြတ်သောချီအလင်းတန်းများကို ချိပ်ပိတ်ထားသည်။ကျောင်းတော်အတွင်းသို့ဝင်ရောက်လာသော မည်သည့်နတ်ဘုရားစိတ်အာရုံမဆို ထိုချီအလင်းတန်းများ၏ ချေမွှဖျက်ဆီးခြင်းခံရပေမည်။
လုယွီက ပတ်ဝန်းကျင်ကိုလှည့်ပတ်၍ကြည့်လိုက်ရာ တောင်ပေါ်ရှိလျှို့ဝှက်ခန်းများမှ တံခါးအမြောက်အများ ပွင့်နေသည်ကို တွေ့မြင်မိပေ၏။
သို့ရာတွင် ယခုထိတိုင် ပွင့်လာခြင်းမရှိသေးသော လျှို့ဝှက်ခန်းတံခါးများလည်း ရှိနေဆဲပင်။
လုယွီက လမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားရာ ကျောင်းတော်တံခါးမကြီးရှေ့သို့ ပြန်လည်ရောက်ရှိသွားသည်။ထိုနေရာတွင် လူအများက တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေကြ၏။
လုယွီ ထွက်လာသည်ကိုမြင်ချိန်တွင် ကျောင်းတော်၏အကြီးအကဲက တည်ငြိမ်စွာပြောဆိုလိုက်သည်။
"နေမဝင်ခင် အပြင်ကိုထွက်လာနိုင်တဲ့အတွက် မင်း ကျောင်းတော်ကိုဝင်ရောက်နိုင်တယ်...အခုချိန်မှာ နေဝင်သွားပြီမလို့ မင်းက ကျောင်းတော်ကိုဝင်ခွင့်ရတဲ့ နောက်ဆုံးတပည့်လို့ယူဆနိုင်တယ်"
Chapter 2248
စကားဆုံးသည်နှင့် ထိုအကြီးအကဲက သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တံခါးမကြီး အောက်သို့ကျဆင်းလာသည်။
တစ်ချိန်တည်းမှာပင် တောင်ပေါ်ရှိ လျှို့ဝှက်ခန်းတံခါးများအားလုံးပွင့်လာကာ ဝင်ခွင့်စာမေးပွဲကို ဖြတ်ကျော်နိုင်ခြင်းမရှိသော တပည့်များသည် အလွန်စိုးရိမ်ဖွယ်အခြေအနေမျိုးနှင့် ထွက်လာကြ၏။
လူအမြောက်အများသည် အပြင်းအထန်ဒဏ်ရာရရှိထားသည်။သူတို့အနက်မှတချို့လူများသည် ပြင်ပသို့ထွက်လာစဥ်တွင် လှုပ်ရှားမှုမရှိတော့ဘဲ လူသေလောင်းဘဝသို့ ရောက်ရှိသွားလေပြီ။
"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ဝင်ခွင့်စာမေးပွဲက အရမ်းအန္တရာယ်များတယ်...သေခြင်းနဲ့ရှင်ခြင်းဆိုတာ ကံကြမ္မာအရပဲ...မင်းတို့က နေမဝင်ခင် အပြင်ကိုထွက်မလာနိုင်တဲ့အတွက် ဝင်ခွင့်စာမေးပွဲမှာ ကျရှုံးသွားပြီ...ဝင်ခွင့်စာမေးပွဲကျရှုံးတဲ့ဘယ်သူမဆို နောက်တစ်ကြိမ်ထပ်ဖြေဆိုခွင့် မရှိတော့ဘူး...မင်းတို့ ပြန်ကြတော့"
အဖိုးအို၏အသံက လေထုအတွင်း၌ ပဲ့တင်ထပ်နေသည်။
ဖူကျစ်ရွှယ်၏စာမှတစ်ဆင့် လုယွီက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ဝင်ခွင့်စာမေးပွဲသည် လူတစ်ယောက်အတွက် တစ်ကြိမ်သာအခွင့်အရေးရှိကြောင်း သိရှိခဲ့ရ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် ဤတစ်ကြိမ်တွင် အခွင့်အရေးကို ကောင်းမွန်စွာဖမ်းဆုပ်နိုင်ခြင်းမရှိပါက ထိုသူသည် နောင်တစ်ချိန်တွင် ထောက်ခံချက်စာလွှာကိုရရှိသည့်တိုင် ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်မည်မဟုတ်ချေ။
ဤအကြောင်းအရင်းကြောင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် နိမ့်ပါးသောအခြေအနေမျိုးသို့ရောက်ရှိနေသည့်တိုင် ထိပ်သီးကျောင်းတော်ငါးကျောင်းမှတစ်ကျောင်းဖြစ်နေဆဲပင်။
"ဒါက အရမ်းကောင်းတယ်...ညီလေးလု...နောက်ဆုံးတော့ မင်း ထွက်လာပြီ"
ထိုအချိန်မှာပင် လူအုပ်အကြားမှနေ၍ လူတချို့က တိုးထွက်လာသည်။
လုယွီက လှည့်ကြည့်လိုက်ရာ မူချင်းရှန် မူလင်းနှင့် သူတို့နှင့်အတူပါလာသော ကျင့်ကြံသူတစ်ယောက်ဖြစ်နေသည်ကို တွေ့မြင်မိလေ၏။
လုယွီနှင့်အတူ လူဆယ်ယောက်ခန့် ကျောင်းတော်သို့ရောက်ရှိလာသော်လည်း ထိုလူသုံးယောက်သာ ဝင်ခွင့်စာမေးပွဲကို ဖြတ်ကျော်နိုင်ခဲ့သည်။
မူချင်းရှန်နှင့်မူလင်းတို့ ထိခိုက်ဒဏ်ရာမရသည်ကိုမြင်ချိန်တွင် လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"မင်းတို့က မဆိုးဘူးပဲ...ဒီလောက်ထိများပြားတဲ့ မှော်သားရဲတွေရဲ့တိုက်ခိုက်မှုကိုတောင် ခုခံနိုင်ကြတယ်"
လုယွီက သူ ကြုံတွေ့ခဲ့ရသော ခက်ခဲမှုသည် တခြားကျင့်ကြံသူများအတွက် မိုးကောင်းကင်ပေါ်တက်သကဲ့သို့ခက်ခဲမှုကြီးဖြစ်သည်ကို ရှင်းရှင်းလင်းလင်းသိရှိထားပေ၏။
မူချင်းရှန်က အံ့အားတသင့် ပြောဆိုလိုက်သည်။
"ညီလေးလု...မင်းက မှော်သားရဲတွေအများကြီးရဲ့ ဝိုင်းအုံတိုက်ခိုက်တာကို ခံခဲ့ရတာလား...ဒီတစ်ကြိမ်စမ်းသပ်မှုက မှော်သားရဲတစ်ကောင်တည်းလေ...အဲ့ဒီကောင်က အင်အားကောင်းတယ်ဆိုပေမယ့် သူ့ရဲ့ခန္ဓာကိုယ်အရေပြားက ကျိုးပဲ့လွယ်တော့ ငါ့ရဲ့သံမဏိတုတ်နဲ့ ကောင်းကောင်းမွန်မွန် ထိန်းချုပ်အနိုင်ယူနိုင်ခဲ့တယ်...သူက အကြိမ်ရေအများကြီး ပြန်ရှင်သန်လာပေမယ့် ငါက သူ့ကိုသတ်ဖြတ်ပြီးတော့ ဒီစမ်းသပ်မှုကို ချောချောမွေ့မွေ့ ဖြတ်ကျော်နိုင်ခဲ့တယ်"
မူလင်းနှင့်တခြားကျင့်ကြံသူကလည်း ခေါင်းညိတ်ပြလိုက်၏။
သူတို့သည် မှော်သားရဲတစ်ကောင်ကိုသာသတ်ဖြတ်၍ စမ်းသပ်မှုကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ကြသည်။
အမ်..
လုယွီက မျက်မှောင်ကြုတ်လိုက်ကာ တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို ချက်ချင်းဆိုသလိုပင် သိနားလည်သွားခဲ့သည်။
သူသည် မရေမတွက်နိုင်သော မှော်သားရဲများနှင့်တိုက်ခိုက်ခဲ့ရသည့်အပြင် ထိုမှော်သားရဲများသည် တစ်ကြိမ်ထက်တစ်ကြိမ် ပို၍အားကောင်းလာပေ၏။
လုယွီ၏လက်ချက်ဖြင့် ထောင်နှင့်ချီသော မှော်သားရဲဘုရင်များ သေဆုံးခဲ့ရသည်။
ယခုလက်ရှိချိန်တွင် ဖြစ်နိုင်ချေနှစ်ချက်သာ ကျန်ရှိတော့သည်။ပထမအချက်မှာ သူသည် မတူညီသောထောက်ခံချက်စာလွှာကို ရရှိထားသဖြင့် သူ၏စမ်းသပ်မှုသည် တခြားသူများထက် ပို၍ခက်ခဲခြင်းဖြစ်ပေမည်။ဒုတိယအချက်မှာ တစ်စုံတစ်ယောက်သည် သူ့အား သတ်ဖြတ်ရန်ကြံရွယ်ခဲ့ခြင်းပင်။
ဒုတိယအချက်မှာ ပို၍ဖြစ်နိုင်ချေရှိသည်ဟု လုယွီက တွေးတောမိပေ၏။
သူ့အား ဖူကျစ်ရွှယ်မှ ထောက်ခံထားခြင်းဖြစ်သည်။ထို့ပြင် သူ၏ခွန်အားကို ဖူကျစ်ရွှယ်က ကောင်းစွာသိရှိထားသည်။ဖူကျစ်ရွှယ်သည် ဝင်ခွင့်စာမေးပွဲကဲ့သို့နေရာမျိုးတွင် လုယွီ အခက်အခဲတွေ့စေရန် လှည့်ကွက်တချို့ကိုပြုလုပ်မည်မဟုတ်ချေ။
ထို့ကြောင့် တစ်စုံတစ်ယောက်သည် လုယွီ၏လျှို့ဝှက်ခန်းမှ ခက်ခဲမှုအဆင့်ကို ရည်ရွယ်ချက်ရှိရှိ မြှင့်တင်ကာ ဝင်ခွင့်စာမေးပွဲအတွင်း၌ သူ့အားသေစေလိုခြင်း ဖြစ်ပေမည်။
"ဘာလဲ...ခုဏကတော့ မင်း မောက်မာနေလိုက်တာ...မင်းက ပါရမီရှင်တစ်ယောက်ဖြစ်မယ်လို့တောင် ငါ တွေးမိတယ်..အခုကြည့်ကြည့်တော့မှ အမှိုက်ကောင် ဖြစ်နေတာကိုး...မင်းက နေဝင်ခါနီးအချိန်မှ အပြင်ကိုထွက်လာနိုင်ခဲ့တယ်..ဟား ဟား ဟား"
ခက်ထန်သောကြမ်းရှရှအသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
တူကျန့်ထျန်းသည် သူ၏ဓားကျွန်များနှင့်အတူ ဤနေရာသို့ ရောက်ရှိလာခြင်းပင်။
ပတ်ဝန်းကျင်မှလူများသည် တူကျန့်ထျန်းကိုမြင်တွေ့သည်နှင့် ရှောင်တိမ်းသွားကြကာ သူ၏ရှေ့၌ မနေဝံ့ကြချေ။
မူချင်းရှန်က အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။
"တူကျန့်ထျန်း...ဒီနေရာက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်...မင်း မဆင်မခြင်လုပ်ရဲလား"
"ဒီနေရာက မင်း စကားဝင်ပြောရမယ့် နေရာမျိုးမလို့လား...ဘေးကိုဖယ်နေစမ်း"
ထို့နောက် တူကျန့်ထျန်းက ဖြူရော်နေသောမျက်နှာအမူအယာရှိနေသောမူလင်းကို လက်ညှိုးညွှန်လိုက်၏။
"ကောင်မလေး ..သေချာနားထောင်စမ်း...နောက်ရက်အနည်းငယ်လောက်ကြရင် မင်း ငါ့အခန်းကိုလာခဲ့...မဟုတ်လို့ကတော့ ငါက မင်းအကိုနဲ့ဒီအမှိုက်ကောင်ကို သူတို့ရဲ့ဘဝတလျှောက်လုံး မတ်တတ်ရပ်လို့မရအောင်လုပ်ပြမယ်"
မူလင်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"နင် ဘာလို့ လူတွေကိုအနိုင်ကျင့်နေတာလဲ...ငါတို့နဲ့နင် အရင်ကလည်း သိကျွမ်းခဲ့တာမဟုတ်ဘူး"
"ငါက မင်းကို အနိုင်ကျင့်တာတဲ့လား...ငါက မင်းကို ကံကြမ္မာကောင်းတစ်ခု ပေးနေတာလေ...မင်းက အပိုစကားတွေ ဘာလို့ဒီလောက်ထိအများကြီး ပြောနေတာလဲ"
တူကျန့်ထျန်းက သရော်တော်တော်အကြည့်ဖြင့် မူလင်းကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ကောက်ကျစ်ယုတ်မာသောအပြုံးနှင့်ပြောဆိုသည်။
"မင်းရဲ့ခန္ဓာကိုယ်အချိုးအစားက မဆိုးဘူး...မင်းက ငါ့ရဲ့ဓားကျွန်ဖြစ်မလာခင် ငါ မင်းနဲ့အရင် ပျော်ပါးရမယ်"
Chapter 2249
မူချင်းရှန်က အလွန်အမင်း ဒေါသထွက်သွားသည်။
"ခွေးမသား"
စကားဆုံးသည်နှင့် သူ၏သံမဏိတုတ်ကိုဆင့်ခေါ်ကာ တူကျန့်ထျန်း၏မျက်နှာကို ဖြတ်ရိုက်လိုက်၏။
"အဆင်အခြင်မဲ့လိုက်တာ...ပုရွတ်ဆိက်လိုကောင်က ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကိုလာတိုက်ခိုက်ဝံ့တာလဲ"
တူကျန့်ထျန်းက သရော်တော်တော်ရယ်မောကာ မူချင်းရှန်၏သံမဏိတုတ်ကို ဟန့်တားရန်အတွက် သူ၏လက်ကို ဆန့်တန်းလိုက်သည်။ဤသည်က သာမာန်ကာလျှံကာ လှုပ်ခတ်လိုက်မှုဖြစ်သော်လည်း မူချင်းရှန်သည် သူ၏လက်ကောက်ဝတ် ထုံကျင်သွားသည်ကို ခံစားမိကာ သူ၏သံမဏိတုတ် လွင့်ထွက်သွားလေ၏။
ထိုမြင်ကွင်းကိုမြင်ချိန်တွင် မူချင်းရှန်သည် အကြီးအကျယ် အံ့အားသင့်တုန်လှုပ်သွားကာ သူ၏မှော်လက်နက်ကို အလျှင်အမြန် ပြန်ရုတ်သိမ်းလိုက်သည်။
ထိုအချိန်အခိုက်အတန့်မှာပင် တူကျန့်ထျန်း၏လက်သီးချက်က သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာလေရာ သူက ကူကယ်ရာမဲ့စွာဖြင့် နောက်သို့ ခြေနှစ်လှမ်းခန့်ဆုတ်လိုက်ရသည်။
ထိုလက်သီးချက်ကိုခံယူပြီးနောက် မူချင်းရှန်သည် သူ၏ခန္ဓာကိုယ်အတွင်းမှမှော်စွမ်းအားများ ဖရိုဖရဲဖြစ်လာသည်ကိုခံစားမိကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီးဒါန်းများအားလုံး၏လှည့်ပတ်မှုတွင် တစ်စုံတစ်ခု မှားယွင်းနေလေပြီ။သူ၏သွေးချီများသည် သူ့နှလုံးအား ပြန်လည်တိုက်ခိုက်နေသည်ကို ခံစားမိကာ သူ၏မျက်နှာ အနီရောင်သို့ပြောင်းလဲသွားလေ၏။
"အကို...ဘယ်လိုနေသေးလဲ"
မူလင်းသည် ထိတ်လန့်တုန်လှုပ်နေကာ ဖြူရော်နေသောမျက်နှာအမူအယာဖြင့် သူမ၏အကိုအားကူညီပေးရန် အပြေးရောက်လာခဲ့သည်။
မူချင်းရှန်သည် စကားတုံ့ပြန်ပြောဆိုနိုင်ခြင်းမရှိချေ။ဤအချိန်အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်အတွင်း၌ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုခြင်းအရှိန်အဝါမျိုးရှိနေကာ ဘယ်ညာရိုက်ခတ်နေပြီး သူ၏မရီးဒါန်းများအားလုံးကို အပြည့်အဝဖျက်ဆီးရန် ကြိုးပမ်းနေလေ၏။
အကယ်၍ သူသည် ယခုချိန်တွင် ထိုသတ်ဖြတ်လိုခြင်းအရှိန်အဝါကို မဖိနှိပ်နိုင်ပါက သူ၏ကျင့်ကြံဆင့်အခြေခံ မတည်မငြိမ်ဖြစ်သွားနိုင်ရုံသာမက သူ၏အသက်ပင် သေဆုံးသွားနိုင်သည်။
တူကျန့်ထျန်းက လက်ပိုက်၍ သရော်တော်တော်အပြုံးဖြင့် မူချင်းရှန်သည် မည်ကဲ့သို့ဆိုးဆိုးရွားရွား အဆုံးသတ်သွားမည်ကို စောင့်ကြည့်နေသည်။
သို့သော် ထိုအချိန်မှာပင် လုယွီက ရုတ်တရက် သူ၏လက်ကိုဆန့်တန်းကာ မူချင်းရှန်၏ပခုံးပေါ်သို့တင်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် နူးညံညင်သာသောအားလှိုင်းတစ်ရပ်က မူချင်းရှန်၏ခန္ဓာကိုယ်အတွင်း၌ ထကြွသောင်းကျန်းနေသော သတ်ဖြတ်လိုခြင်းအရှိန်အဝါများကို ဖိနှိပ်လိုက်ရာ ထပ်မံ၍ပေါက်ကွဲထွက်လာခြင်း မရှိတော့ချေ။
တူကျန့်ထျန်းက သရော်တော်တော်အပြုံးနှင့် ပြောဆိုသည်။
"ဒီသတ်ဖြတ်လိုခြင်းအရှိန်အဝါကို မင်းရဲ့ခန္ဓာကိုယ်ထဲကို ပြောင်းရွှေ့လိုက်တာလား...မင်းဆီမှာ ငါ့ရဲ့သတ်ဖြတ်လိုခြင်းအရှိန်အဝါတွေကို ဖိနှိပ်နိုင်တဲ့ မှော်လက်နက်တစ်ခုခုရှိနေတယ်လို့ ငါ ထင်တယ်..ဒါပေမယ့် ပြဿနာမရှိပါဘူး...ငါက မင်းတို့ကို ဖြည်းဖြည်းချင်းကစားပြီးမှ အသေသတ်မယ်"
စကားဆုံးသည်နှင့် တူကျန့်ထျန်းက နောက်သို့ပြန်လှည့်ကာ ထွက်ခွါသွားတော့သည်။
မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် ကျောင်းတော်၏တံခါးမကြီးရှေ့တွင်ဖြစ်ကာ သူတို့သည် တပည့်အသစ်များဖြစ်သည်။အကယ်၍ သူတို့သည် ကျောင်းတော်သို့ ဝင်ဝင်ချင်းမှာပင် ပြဿနာရှာမိပါက ပြင်းပြင်းထန်ထန်အပြစ်ပေးခြင်း ခံရပေမည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် တပည့်များကို ပြင်းပြင်းထန်ထန်ထိန်းချုပ်ဟန့်တားထားခြင်းမရှိချေ။ဤကျောင်းတော်သည် ရှေးရိုးဆန်သောဂိုဏ်းများနှင့် တူညီခြင်းမရှိပေ။တပည့်များသည် ကျောင်းတော်၌ နှစ်အနည်းငယ်ကြာ ကျင့်ကြံပြီးနောက် တော်ဝင်စာမေးပွဲ၌ဝင်ရောက်ဖြေဆိုခြင်း သို့မဟုတ် တခြားနည်းလမ်းများကိုရှာဖွေကြကာ တပည့်တစ်ယောက်ပြီးတစ်ယောက်သည် ကျောင်းတော်မှထွက်ခွါ၍ သူတို့နှင့်သက်ဆိုင်ရာလမ်းကြောင်းများကို ဆက်လက်၍လျှောက်လှမ်းသွားကြသည်။
သို့ရာတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ ဖောက်ဖျက်၍မရသော ပြင်းထန်သည့်သံမဏိစည်းမျဥ်းတချို့ ရှိနေဆဲပင်။
ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် အုပ်ချုပ်နေသောအချိန်တွင် ဤကျောင်းတော်၌ မင်းသားတစ်ယောက် ပညာသင်ယူနေခဲ့သည်။ထိုမင်းသားသည် ရက်စက်ကြမ်းကြုတ်သောစရိုက်သဘာဝရှိကာ သူ၏အတန်းဖော်တချို့ကို သတ်ဖြတ်ခဲ့သည်။
ထိုကိစ္စ ထွက်ပေါ်လာချိန်တွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် သူ၏မင်းသားဟူသော အဆင့်အတန်းကို ထည့်သွင်းစဥ်းစားခြင်းမပြုဘဲ ကျောင်းတော်စည်းမျဥ်းများအရ သူ့ကို ခေါင်းဖြတ်၍ကွပ်မျက်ခဲ့လေ၏။
နောက်ပိုင်းတွင် ထိုမင်းသား၏မွေးမိခင်ဖြစ်သော ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ကြင်ယာတော်သည် ကျောင်းတော်သို့လာရောက်၍ ကြီးမားသောဆူပူအုံ့ကြွမှုကြီးကို ဖန်တီးခဲ့သည်။မမျှော်လင့်ဘဲ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ထိုအကြောင်းကိုသိရှိသွားချိန်တွင် သူ၏ကြင်ယာတော်အား ချက်ချင်းပင်ရာထူးမှထုတ်ပယ်လိုက်ကာ ထိခိုက်နစ်နာခဲ့ရသောတပည့်များ၏မိသားစုများကို နှစ်သိမ့်သည့်အနေဖြင့် ရတနာအမြောက်အများပေးအပ်ခဲ့သည်။ထိုသို့ပြုလုပ်ပြီးမှသာ ကိစ္စရပ်များအားလုံး အဆုံးသတ်သွားခဲ့သည်။
ထိုအချိန်မှစ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်းတွင် ပြဿနာမရှာဝံ့တော့ချေ။တစ်စုံတစ်ယောက်၏အဆင့်အတန်းသည် မည်မျှထိမြင့်မြတ်နေသည်ဖြစ်စေ မင်းသားတစ်ယောက်ထက် ပို၍မြင့်မားနိုင်မည်လော။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ကျင့်ကြံသူများစုဝေးရာနေရာဖြစ်သဖြင့် သေမျိုးများကဲ့သို့ အလွန်ရှုပ်ထွေးသောလုပ်ရိုးလုပ်စဥ်များမရှိချေ။ကျောင်းတော်သည် တိုက်ပွဲကွင်းပြင်များကို နေရာသတ်မှတ်ထားကာ ဖြေရှင်း၍မရသောကိစ္စရပ်မျိုးတွင် ထိုနေရာမျိုး၌ သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲစေသည်။
"ညီလေးလုရဲ့ကူညီပေးမှုအတွက် ကျေးဇူးတင်ပါတယ်...မင်းသာ ငါ့ကို မကူညီရင် ဒီသတ်ဖြတ်လိုခြင်းအရှိန်အဝါတွေကို ဖိနှိပ်တဲ့နေရာမှာ ငါ တော်တော်လေး အခက်တွေ့နိုင်တယ်"
မူချင်းရှန်က ကျေးဇူးတင်စကား ပြောဆိုသည်။
လမ်းခရီး၌ဖြစ်စေ ကျောင်းတော်အတွင်း၌ဖြစ်စေလုယွီသည် သူ့အား အမြဲတစေ ကူညီပေးခဲ့လေ၏။
မူမောင်နှမနှစ်ယောက်လုံး လုယွီအား အလွန်အမင်း ကျေးဇူးတင်နေကြသည်။
"ဒါက ပြဿနာမရှိပါဘူး...နောက်ထပ်ခဏလောက်ကြာရင် အဲ့ဒီသတ်ဖြတ်လိုခြင်းအရှိန်အဝါတွေအားလုံး ပျက်ပြယ်သွားလိမ့်မယ်"
လုယွီက မူချင်းရှန်၏ပခုံးကိုပုတ်၍ ဆက်လက်ပြောဆိုသည်။
"ငါ မင်းကို အချိန်တိုင်း ကူညီပေးနိုင်မှာမဟုတ်ဘူး..နောင်တစ်ချိန်မှာ မင်း တခြားသူတွေရဲ့ အနိုင်ကျင့်စော်ကားတာကို မခံချင်ဘူးဆိုရင်...မင်းရဲ့ခွန်အားကို မြန်မြန်သန်မာလာအောင် ကြိုးစားသင့်တယ်"
ထိုစကားကိုကြားချိန်တွင် မူချင်းရှန်၏မျက်လုံးအတွင်း၌ အခိုင်အမာဆုံးဖြတ်ချက်ချလိုက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ဤသည်က မတော်တဆဖြစ်ပျက်သွားသော ကိစ္စတစ်ရပ်ပင်။လူအမြောက်အများသည် နံဘေးဘက်မှနေ၍ ဤကိစ္စကို စောင့်ကြည့်နေကြသော်လည်း မည်သူကမျှ ကြားဝင်စွက်ဖက်ခြင်းမပြုကြချေ။
သို့ရာတွင် လုယွီနှင့်မူချင်းရှန်သည် တူကျန့်ထျန်းကို ရင်ဆိုင်ဝံ့သည်ကို မြင်ပြီးနောက် ထိုလူများ၏အကြည့်များသည် သူတို့နှစ်ယောက်ထံသို့ မကြာခဏ ကျရောက်လာခဲ့သည်။
Chapter 2250
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် အလွန်အမင်းကြီးမားပေ၏။တစ်စုံတစ်ယောက်သည် ကျောင်းတော်တံခါးမကြီးမှ ကြည့်လိုက်ပါက မြင့်မားသောအဆောက်အအုံများ သူတို့၏အမြင်အာရုံအတွင်းသို့ ဝင်ရောက်လာပေမည်။
ထိုအဆောက်အအုံများအကြားတွင် မြောက်မြားစွာသောကျင့်ကြံသူများက ရှေ့နောက်လူးလွန့်၍ လှုပ်ရှားနေကြ၏။ထိုကျင့်ကြံသူများအားလုံးသည် အလျင်စလိုသွားလာနေကြကာ သူတို့၏စိတ်အတွင်းတွင် တစ်စုံတစ်ခုရှိနေသည့်အလား သူတို့၏မျက်လုံးများက တောက်ပနေသည်။
ဝင်ခွင့်စာမေးပွဲကို ဖြတ်ကျော်နိုင်ခဲ့သူများသည် တံခါးမကြီးကိုဖြတ်ကျော်ခဲ့ပြီးနောက် လီနှစ်ဆယ်ခန့်ရှည်လျားသော လမ်းမကြီးပေါ်သို့ ရောက်ရှိသွားသည်။ထိုလမ်းမကြီးကို သူတော်စင်လမ်းဟုခေါ်ဆိုကာ လမ်း၏ဘေးတစ်ဖက်တစ်ချက်တွင် ကျောင်းတော်၏အဆောက်အအုံတချို့ရှိနေသည်။
လမ်း၏တစ်ဖက်ခြမ်းတွင် တိုက်ပွဲစင်မြင့်ဆယ်ခုကျော်လည်း ရှိနေပေ၏။ထိုစင်မြင့်များပေါ်တွင် ကျင့်ကြံသူတချို့ တိုက်ခိုက်နေကြသည်။တိုက်ပွဲအတွင်း၌ သူတို့အသုံးပြုသော မှော်မန္တန်များသည် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေကာ သူတို့ကိုယ်သူတို့ အနည်းငယ်မျှပင် ထိန်းချုပ်ဟန့်တားထားခြင်းမရှိချေ။
တခြားတစ်ဖက်ခြမ်းတွင် ကျမ်းစာများကိုရွတ်ဆိုနေသော ကွန်ဖြူးရှပ်ကျောင်းတော်သားတစ်စုရှိနေသည်။ထိုကျမ်းစာများသည် ရှေးဟောင်းကွန်ဖြူးရှပ်စာပေများမဟုတ်ဘဲ စီနီယာကျောင်းတော်များ၏အတွေ့အကြုံများကို ရေးသားထားသောအရာများဖြစ်ပေ၏။ထိုစာပေများကိုဖတ်ရှုခြင်းဖြင့် တစ်စုံတစ်ယောက်၏အနာဂတ်ကျင့်ကြံမှုတွင် ကြီးမားသောအထောက်အပံ ဖြစ်စေနိုင်သည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တစ်ခုလုံးသည် သက်ဝင်လှုပ်ရှားမှုများ ဖျတ်လတ်တက်ကြွမှုများနှင့် ပြည့်နှက်နေပေ၏။
လုယွီသည် ချီစောင့်ကြည့်ခြင်းနည်းစနစ်ကိုအသုံးပြု၍ လေ့လာဆန်းစစ်လိုက်ရာ မိုးကောင်းကင်ယံအတွင်း၌ မြင့်တက်နေသော ကံကြမ္မာအလင်းတိုင်လုံး အမြောက်အများကို တွေ့မြင်မိသည်။တချို့အလင်းတိုင်လုံးများသည် ခရမ်းနီရောင်ရှိကာ အစွမ်းထက်ခြင်းနှင့်မြင့်မြတ်ခြင်းကို ညွှန်ပြနေကာ ကျောင်းတော်၏အရေးကြီးပုဂ္ဂိုလ်များဖြစ်သည်မှာ သိသာထင်ရှားလှ၏။
"ဒီနေရာက တကယ့်ကို နက်နဲသိမ်မွေ့တာပါလား"
မူချင်းရှန်နှင့်တခြားလူများတွင် လုယွီကဲ့သို့ ချီစောင့်ကြည့်ခြင်းနည်းစနစ်မရှိသော်လည်း သူတို့၏ပင်ကိုသိစိတ်မှတဆင့် သူတို့၏ပတ်ဝန်းကျင်တွင် အစွမ်းထက်သောအရှိန်အဝါ အမြောက်အများရှိနေခြင်းကို အာရုံခံမိသည်။
ဤအချိန်တွင် ညအချိန်သို့ ရောက်ရှိနေလေပြီ။လူတိုင်းသည် သူတို့နေထိုင်ရန်နေရာများသို့ သွားရောက်လိုက်ကြသည်။
လူတိုင်းနီးပါး ကိုယ်ပိုင်ခြံဝန်းတစ်ခုစီ ရရှိကြ၏။ဤအချိန်တွင် ထောင်နှင့်ချီသော တပည့်သစ်များ ကျောင်းတော်သို့ ဝင်ရောက်ခဲ့သည်။သို့ရာတွင် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် အလွန်ကြီးမားသဖြင့် ထိုလူများသည် အခြေတကျနေထိုင်နိုင်လေ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တွင် စည်းမျဥ်းအမြောက်အများမရှိသော်လည်း လစဥ်လတိုင်း စမ်းသပ်စစ်ဆေးမှုတစ်ခုရှိသည်။
အကယ်၍ သူတို့သည် ထိုစမ်းသပ်စစ်ဆေးမှုကို ဖြတ်ကျော်ရာ၌ ကျရှုံးခဲ့ပါက ကျောင်းတော်မှထုတ်ပယ်ခြင်းခံရပေမည်။
နှစ်စဥ်နှစ်တိုင်း ရာနှင့်ချီသောကျောင်းတော်သားများသည် ကျောင်းတော်မှထုတ်ပယ်ခြင်းခံရသည်။ဤသည်က ကျောင်းတော်မှကျောင်းတော်များအားလုံး ပြင်းပြင်းထန်ထန် ကြိုးစားကျင့်ကြံနေကြခြင်း၏ အကြောင်းအရင်းတစ်ရပ်ပင်။
သူတို့သည် ကျောင်းတော်သို့ဝင်ရောက်ပြီးသည်နှင့် တော်ဝင်စာမေးပွဲဖြေဆိုခွင့်နေရာအတွက် တိုက်ခိုက်ရန် အရည်အချင်းပြည့်မီသွားလေပြီ။အကယ်၍ သူတို့သာ ကျောင်းတော်မှထုတ်ပယ်ခံရပါက မည်သည့်အရာမျှကျန်ရှိတော့မည်မဟုတ်ချေ။
ညဥ့်သန်းခေါင်ယံအချိန်၌....
လုယွီက သူ၏အိပ်ခန်းအတွင်း၌ တိတ်ဆိတ်ငြိမ်သက်စွာ ပလ္လင်ခွေထိုင်နေသည်။
ရှေးဦးစွာ ရွှေရောင်မီးတောက်တစ်ခုက လုယွီ၏လက်ဖဝါးမှမြင့်တက်လာသည်။ထို့နောက် သူ၏ဝတ်စုံကြားမှနေ၍ ပိုးကောင်တစ်ကောင် ပျံသန်း၍ထွက်လာပေ၏။
ထိုပိုးကောင်သည် အလွန်အမင်းသေးငယ်ကာ နှမ်းစေ့တစ်စေ့စာပမာဏသာရှိသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဂရုတစိုက်လေ့လာဆန်းစစ်ခြင်းမပြုပါက ထိုပိုးကောင်၏တည်ရှိမှုကို ရှာဖွေတွေ့ရှိနိုင်ရန် လွန်စွာခက်ခဲပေမည်။
"မင်းက ငါ့အပေါ်မှာ ဒီလိုမျိုးလှည့်ကွက်လေးတွေ သုံးချင်နေတာလား...မင်းက သေလမ်းလာရှာနေတာပဲ"
လုယွီ၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
ဤပိုးကောင်ငယ်ကို တုကျန်းထျန်းက သူ၏ခန္ဓာကိုယ်ပေါ်၌ တိတ်တဆိတ်ထားခဲ့ခြင်းပင်။
အကယ်၍ လုယွီသာ သတိလက်လွတ်နေမိပါက ထိုပိုးကောင်သည် သူ၏ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်ကာ သူ အနားယူနေစဥ်နှင့်ကျင့်ကြံနေစဥ် အချိန်များတွင် သူ၏မှော်စွမ်းအားများကို စားသုံးသွားပေမည်။
လုယွီသည် ထိုပိုးကောင်ကို မီးတောက်အတွင်းသို့ပစ်ထည့်လိုက်ရာ ချက်ချင်းဆိုသလိုပင် တဖျစ်ဖျစ်အသံများနှင့်အတူငိုညည်းသံတစ်သံ ထွက်ပေါ်လာသည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုပိုးကောင်သည် မရှိခဲ့သည့်အရာတစ်ခုအလား ပျောက်ကွယ်သွားတော့သည်။
အမှန်အားဖြင့် ထိုလူများသည် နိမ့်ကျသောစရိုက်သဘာဝရှိသူများဖြစ်ရာ လုယွီ အာရုံစူးစိုက်လိုခြင်းမရှိချေ။
ယခုချိန်၌ သူ၏ရည်မှန်းချက်ပန်းတိုင်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ တက်နိုင်သမျှအမြန်ဆုံး ချိုးဖျက်ဝင်ရောက်နိုင်ရန်ပင်။
လုယွီ၏လက်ရှိခွန်အားအရ သူ့ကို မွန်းစတားတစ်ကောင်ဟု ခေါ်ဆိုနိုင်သည်။သူသည် လောကီအင်မော်တယ်နယ်ပယ်တွင်သာရှိသေးသည်မှာ သိသာထင်ရှားသော်လည်း အလယ်အလတ်အဆင့်ရွှယ်အင်မော်တယ်တစ်ယောက်၏တိုက်ခိုက်မှုကို သေဆုံးခြင်းမရှိဘဲ ခုခံတိုက်ခိုက်နိုင်ပေမည်။သူ၏ရုပ်ခန္ဓာကိုယ်သည် မဖျက်ဆီးနိုင်လုနီးပါးအဆင့်သို့ ရောက်ရှိနေကာ လူသားအင်မော်တယ်တစ်ယောက်၏ခွန်အားထက် များစွာပို၍ကျော်လွန်နေလေပြီ။
သို့ရာတွင် သူ၏ကျင့်ကြံဆင့်နယ်ပယ်ကြောင့် အကန့်အသတ်အခြေအနေသို့ ရောက်ရှိနေခဲ့သည်။
လုယွီသည် လောကီအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိခဲ့စဥ်မှစ၍ အဆက်မပြတ်ကျင့်ကြံနေခဲ့သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိမရီးဒါန်းများတွင် မှော်စွမ်းအားအမြောက်အများကို စုစည်းမိနေကာ သူ၏မိုးကောင်းကင်လှိုဏ်ဂူတွင်လည်း စွမ်းအားများပြည့်နှက်နေပေ၏။
သူသည် မြေကမ္ဘာအင်မော်တယ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်မည့် အခွင့်ကောင်းကို စောင့်ဆိုင်းနေရန်သာလိုအပ်သည်။ထိုအချိန်ကျပါက လုယွီသည် ဒြပ်စင်ငါးမျိုးချီများကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ကာ ရှဖုန်းပင်လျှင် သူ့အား ယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်မဟုတ်ချေ။
"ရှမိသားစုက ငါ့ကို သတ်ချင်နေတယ်...သူတို့က တော်ဝင်မြို့တော်ထဲမှာတောင် ငါ့ကို ပြောင်ပြောင်တင်းတင်း တိုက်ခိုက်ဝံ့တယ်...တကယ်လို့ ငါကသာ သူတို့ကိုသင်ခန်းစာမပေးဘူးဆိုရင် နောင်တစ်ချိန်မှာ သူတို့ရဲ့လုပ်ရပ်တွေ ပိုပြီးလွန်ကျူးလာနိုင်တယ်"
လုယွီက တီးတိုးရေရွတ်လိုက်၏။