အခန်း (၂၂၅၁-၂၂၅၅)
Vol. 116 Ch. 2251-2255
Chapter 2251
ညအချိန်...
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်...မိုးကောင်းကင်ကျမ်းစာဆောင်...
ဤနေရာတွင် မြောက်မြားစွာသောရှေးဟောင်းစာအုပ်များနှင့်မှတ်တမ်းများကို ထားရှိသည်။ကောလဟာလများအရ ဤနေရာတွင် ရှေးဟောင်းကောင်းကင်ဘုံကျမ်းစာများကို သိုဝှက်ထားသည်ဟုဆိုကြရာ လူအမြောက်အများသည် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းသို့ ခိုးဝင်နိုင်ရန် နည်းလမ်းများကို ရှာဖွေနေကြ၏။
ဤနေရာသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏အစောင့်အကြပ်အတင်းကြပ်ဆုံးနေရာလည်းဖြစ်သည်။ကျောင်းတော်မှအခွင့်အာဏာရရှိထားသူများသာ ဤကျမ်းစာဆောင်အတွင်းသို့ ဝင်ရောက်နိုင်သည်။
လက်ထောက်ကျောင်းအုပ်ထျန်းပိုယန်သည် ကျောင်းတော်သို့ပြန်ရောက်သည်နှင့် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌ ထွက်ပေါ်လာခဲ့သည်။
သူသည် ခမ်းနားထည်ဝါသောအဖိုးတန်ဝတ်ရုံကို ဝတ်ဆင်ထားကာ သာမာန်ထက်သာလွန်ထူးကဲသော ရတနာကြိုးများကို သူ၏ခါး၌ချိတ်ဆွဲထားသည်။အကယ်၍ တစ်စုံတစ်ယောက်သည် သူ၏အဆင့်အတန်းအမှန်ကို မသိရှိလျှင်ပင် ချမ်းသာကြွယ်ဝသောအထက်တန်းလွှာတစ်ယောက်ဟု အတပ်ပြောနိုင်ပေမည်။
"လက်ထောက်ကျောင်းအုပ်...လီစီးက တွေ့ခွင့်တောင်းနေပါတယ်"
ကျမ်းစာဆောင်မှတပည့်တစ်ယောက်က တံခါး၏ပြင်ပမှနေ၍ သတင်းပို့လေ၏။
လက်ထောက်ကျောင်းအုပ်ထျန်းက ခေါင်းမော့ကြည့်ခြင်းပင်မပြုဘဲ ပြောဆိုလိုက်သည်။
"သူ့ကို ဝင်လာခိုင်းလိုက်"
မကြာမီမှာပင် လုယွီနှင့် ကျောင်းတော်အဝင်ဝ၌ဆုံတွေ့ခဲ့သော စည်းမျဥ်းဥပဒေခန်းမ၏တပည့်ခေါင်းဆောင်လီစီးက ထျန်းပိုယန်၏ရှေ့သို့ ရောက်ရှိလာသည်။
"လက်ထောက်ကျောင်းအုပ်"
လီစီးက အရိုအသေပြုလိုက်၏။
ထျန်းပိုယန်က တည်ငြိမ်စွာ ပြောဆိုသည်။
"ငါ မင်းကို စုံစမ်းခိုင်းထားတဲ့ကိစ္စကို စစ်ဆေးပြီးပြီလား...ဘယ်လိုအခြေအနေရှိလဲ"
"နောက်ဆုံးတစ်ကြိမ် စစ်စခန်းကိုဝင်တိုက်ပြီးကတည်းက အဲ့ဒီလူရိုင်းတွေက ပိုပြီးအတင့်ရဲလာကြတယ်...သူတို့ရဲ့ဓမ္မအစောင့်အရှောက်တွေကို နေရာအနှံ့စေလွှက်ပြီးတော့ ဝင်ခွင့်စာမေးပွဲကိုလာရောက်ဖြေဆိုတဲ့ တပည့်တွေကို သတ်ဖြတ်ခိုင်းခဲ့တယ်...ပြီးတာနဲ့ သူတို့ရဲ့နတ်ဘုရားကို ယဇ်ပူဇော်ဖို့အတွက် အဲ့ဒီတပည့်တွေရဲ့အလောင်းတွေကို ဆွဲယူသွားခဲ့တယ်"
လီစီးက လေသံနှိမ့်၍ ဆက်လက်ပြောဆိုသည်။
"ဒီတပည့်က သူတို့ရဲ့အတွင်းပိုင်းနယ်မြေကို ထိုးဖောက်စုံစမ်းခဲ့တယ်...သူတို့ရဲ့ဓမ္မအစောင့်အရှောက်တွေအပြင် အဆင့်မြင့်နတ်ဆရာတွေပါ ထွက်ပေါ်လာတာကို တွေ့ခဲ့ရတယ်...ဒီတစ်ကြိမ်မှာ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းရဲ့ နတ်ဆရာလေးယောက်မှာ သုံးယောက်က ထွက်ပေါ်လာခဲ့တယ်...လျှို့ဝှက်ဆန်းကြယ်ဆုံးဖြစ်တဲ့ ဖန်တီးခြင်းနတ်ဆရာပဲ ခုထိထွက်မလာသေးဘူး...ကျွန်တော်က တခြားနေရာတွေကို ထပ်သွားပြီးစုံစမ်းဖို့ ကြံရွယ်ခဲ့သေးတယ်...ဒါပေမယ့် အဲ့ဒီနေရာမှာ အရမ်းအားကောင်းတဲ့ တည်ရှိမှုကြီးတစ်ခုရှိနေတယ်...သူက ကျွန်တော်ကိုတောင် ရှာတွေ့သွားလုနီးပါးပဲ...ကံကောင်းထောက်မပြီးတော့ ကျွန်တော်ရဲ့အမွေခံမှော်လက်နက်စွမ်းအားကြောင့်သာ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တာ"
ထျန်းပိုယန်က ခေါင်းညိတ်ပြကာ ပြောဆိုသည်။
"ကောင်းပြီလေ...ငါသိပြီ"
ထျန်းပိုယန်၏တုံ့ပြန်မှုကိုမြင်ချိန်တွင် လီစီးက အံ့တင်းတင်းကြိတ်ကာ ထပ်မံ၍ပြောဆိုလိုက်၏။
"လက်ထောက်ကျောင်းအုပ်....အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းက အခုချိန်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ပြည့်နှက်နေတယ်...ကျွန်တော်တို့ရဲ့ မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေမှာ စခန်းချထားတာက စစ်သားအမြောက်အများမရှိဘူး...ဒီစစ်သားတွေကိုတောင် သူတို့က စတင်ပြီးဝါးမျိုနေပြီ...တစ်ခုခုအမှားအယွင်းဖြစ်လာမယ်ဆိုရင် ဒီတစ်ကြိမ်မှာ ကျွန်တော်တို့က သူတို့ကိုဖိနှိပ်ထားနိုင်တော့မှာမဟုတ်ဘူး"
"ဒီကိစ္စကို တော်ဝင်နန်းတော်ကို တက်နိုင်သမျှအမြန်ဆုံးနည်းနဲ့သတင်းပို့ဖို့ ကျွန်တော်အကြံပြုချင်တယ်...နန်းတွင်းကနေ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကို အမြစ်ကနေလှန်ဖို့ အစွမ်းထက်ကျင့်ကြံသူတွေ စေလွှတ်လိုက်ရင် အဆင်ပြေသွားနိုင်တယ်...အခုချိန်မှာတောင် သူတို့က ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့တပည့်တွေကို တိုက်ခိုက်ဝံ့နေရင်...နောင်အနာဂတ်မှာ ပိုပြီးကြီးမားတဲ့ အရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်"
ထျန်းပိုယန်က သရော်တော်တော်လေသံဖြင့် တုံ့ပြန်ပြောဆိုသည်။
"အမြင်ကျဥ်းလိုက်တာ....ငါ ဘာလုပ်သင့်တယ်ဆိုတာကို မင်း သင်ပြပေးဖို့ လိုအပ်လို့လား"
ဘုန်း...
ရုတ်တရက် ပြင်းထန်သောအော်ရာတစ်ရပ်က လီစီးထံသို့ တိုးဝင်လာပေ၏။
လီစီး၏မျက်နှာအမူအယာ မသိမသာပျက်ယွင်းသွားသော်လည်း သူက ခေါင်းငုံသွားခြင်းမရှိချေ။
ထျန်းပိုယန်က လီစီးကို စောင်းငဲ့ကြည့်၍ ပြောဆိုသည်။
"အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကို ငါ ဒီအတိုင်းလွှက်ပေးထားတဲ့ အကြောင်းအရင်းက ကျောင်းတော်ကတပည့်တွေကို လေ့ကျင့်ပေးဖို့ပဲ...တကယ်လို့ ပြင်ပကခြိမ်းခြောက်မှုတွေသာမရှိရင် ငါတို့ကျောင်းတော်က ဘယ်လိုလုပ်ပြီး တိုးတက်မှုရှိလာမှာလဲ...ငါတို့က တော်ဝင်မြို့တော်ရဲ့အနီးမှာနေနေတဲ့အတွက်ကြောင့် အေးအေးဆေးဆေးနေနိုင်တာလို့ မင်း ထင်နေတာလား...ငါ့ရဲ့အနစ်နာခံပြီး ကြိုးစားအားထုတ်ခဲ့မှုတွေကို မင်းနည်းနည်းလေးတောင် နားလည်မှာမဟုတ်ဘူး"
လီစီးက သူ၏ခေါင်းကို ခါယမ်းပြလိုက်၏။
"တကယ်လို့ ဒါကစမ်းသပ်မှုတစ်ခုဆိုရင် ပြဿနာမရှိဘူး...ဒါပေမယ့် အင်အားကြီးမားလာတဲ့ အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းက ပြဿနာကြီးတစ်ခုပဲ...ကျွန်တော်က ရှေးဟောင်းစာအုပ်တွေနဲ့မှတ်တမ်းတွေကို စစ်ဆေးကြည့်ပြီးသွားပြီ...အစိမ်းရောင်ကြာနတ်ဘုရား ပေါ်ထွက်လာတဲ့အချိန်တိုင်း လောကကြီးထဲမှာ ဘေးကပ်ဆိုးတွေဖြစ်လေ့ရှိတယ်...တော်ဝင်မြို့တော်မှာ အစွမ်းထက်ကျင့်ကြံသူတွေ အမြောက်အများရှိပေမယ့်...အစိမ်းရောင်ကြာနတ်ဘုရားသာ အမှန်တကယ်ထွက်ပေါ်လာမယ်ဆိုရင် အရင်ဆုံးခံစားရမှာက ကျွန်တော်တို့ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ပဲ"
လီစီးထံတွင် သူ မပြောဘဲချန်လှပ်ထားသော စကားတချို့ကျန်ရှိနေသေးပေ၏။
ယခုလက်ရှိ တာယွီအင်ပါယာ၏အခြေအနေသည် ယခင်နှင့်တူညီခြင်း မရှိတော့ချေ။
ယခုချိန်တွင် အတွင်းရေး အပြင်ရေး ပြဿနာရပ်များကြောင့် တာယွီအင်ပါယာသည် ထန်အင်ပါယာ၏ထပ်ခါတလဲလဲကျူးကျော်တိုက်ခိုက်ခြင်းကို ခံနေရသည့်တိုင် ငြိမ်းချမ်းရေးရရန်အတွက် နယ်မြေတချို့ခွဲဝေပေးကာ နှုတ်ပိတ်နေရသည်။ထိပ်သီးမိသားစုကြီးရှစ်စုသည် တော်ဝင်နန်းတွင်း၏အခွင့်အာဏာကို ချုပ်ကိုင်ထားသဖြင့် ဧကရာဇ်၏အာဏာ တစတစ ပို၍နိမ့်ပါးလာသည်။
အကယ်၍ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သာ အုပ်ချုပ်နေဆဲဖြစ်ပါက ထိုကိစ္စရပ်များကို အနည်းငယ်မျှပင် စိုးရိမ်ပူပန်ရန်မလိုအပ်ချေ။အကယ်၍ အစိမ်းရောင်ကြာနတ်ဘုရား ပြန်ရှင်သန်လာလျှင်ပင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်မှ နှိမ်နင်းနိုင်ပေမည်။
လီစီးက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းသည် အင်အားစုဆောင်းနေကာ ပေါက်ကွဲရန် အချိန်စောင့်ဆိုင်းနေသည်ဟု ကြိုတင်ခန့်မှန်းမိပေ၏။
Chapter 2252
"မင်း ဘာတွေတွေးတောနေလဲဆိုတာ ငါသိတယ်...ဒါက ဘာအထွေအထူးကိစ္စမှမဟုတ်ဘူး...မင်း ပြန်သွားပြီးအနားယူတော့"
ထျန်းပိုယန်က အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
အမှန်အားဖြင့် လီစီးသည် လက်ထောက်ကျောင်းအုပ် မည်ကဲ့သို့တွေးတောနေသည်ကို သိရှိပေ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်ရာထူးအပြင် ထျန်းပိုယန်သည် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏စီရင်စုသခင်လည်းဖြစ်သည်။
အကယ်၍ တော်ဝင်နန်းတွင်းကိုသာ အကူအညီတောင်းခံလိုက်ပါက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကိုဖျက်ဆီးနိုင်သည့်တိုင် ထျန်းပိုယန်သည် စုံစမ်းစစ်ဆေးရန် လျစ်လျှုရှုခဲ့မှုကြောင့် အရေးယူခြင်းခံရပေမည်။
ထျန်းပိုယန်သည် သူ၏အနာဂတ်လမ်းကြောင်းကို တခြားကိစ္စများထက် ပို၍အလေးထားသည်။ထို့ကြောင့် သူ့ထံတွင် အာဏာရှိနေသရွေ့ ထိုကိစ္စရပ်များကို သူ ဖုံးကွယ်ထားနိုင်သည်။သို့ရာတွင် မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏အုပ်ချုပ်ရေးအဖွဲ့အစည်းမှ အစွမ်းထက်ကျင့်ကြံသူများသက်သက်ဖြင့် အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကို အမြစ်ပြတ်ဖယ်ရှားနိုင်မည်မဟုတ်ချေ။
အမှန်အားဖြင့် လီစီးသည် ထိုကိစ္စရပ်များကို ကောင်းစွာသိရှိထားသော်လည်း ထုတ်ဖော်ပြောဆိုမည်မဟုတ်ပေ။
"တပည့်က ကိစ္စတစ်ခု ထပ်ပြီးတင်ပြချင်ပါတယ်"
လီစီးက ထောက်ခံချက်စာလွှာကိုထုတ်ယူကာ သူ၏လက်နှစ်ဖက်ဖြင့် ထျန်းပိုယန်ထံ ပေးအပ်လေ၏။
"ဒီနေ့ ကျောင်းတော်ရဲ့တံခါးမကြီးရှေ့မှာ တပည့်က လူငယ်တစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရတယ်...သူ့ဆီမှာ ကျောင်းအုပ်ကြီးကိုယ်တိုင် ရေးပေးလိုက်တဲ့ ထောက်ခံချက်စာလွှာပါလာတယ်"
ထျန်းပိုယန်က သူ၏လက်ကို ရုတ်တရက်မြှောက်လိုက်ရာ ထောက်ခံချက်စာလွှာက သူ၏လက်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။
"ဒါက တကယ့်ကိုပဲ ကျောင်းအုပ်ကြီးဆီက ထောက်ခံချက်စာလွှာဖြစ်နေတာပါလား"
ထျန်းပိုယန်သည် နောက်ဆုံး၌ ပြန်လည်၍လန်းဆန်းတက်ကြွလာသည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ကျောင်းအုပ်ကြီး ဖူကျစ်ရွှယ်သည် အတွင်းဝန်ရုံး၏အမတ်ကြီးတစ်ယောက်ဖြစ်ရုံသာမက ရာထူးခန့်အပ်ရေးဌာန၏အကြီးအကဲလည်းဖြစ်သည်။သူသည် တာယွီအင်ပါယာတွင်ရှိသော အရာရှိများ၏ရာထူးရာခံများကို စီမံကွပ်ကဲရသူတစ်ယောက်ဖြစ်ပေ၏။
ထျန်းပိုယန်သည် ယခုလက်ရှိချိန်၌ မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏ စီရင်စုသခင်ဖြစ်နေသည့်တိုင် တင်းတိမ်ရောင့်ရဲနိုင်ခြင်းမရှိချေ။သူသည် ထပ်မံ၍ရာထူးအဆင့်များ မြင့်တက်နိုင်ရန် ဆန္ဒရှိနေသည်။
ထို့ကြောင့် သူသည် ဖူကျစ်ရွှယ်နှင့် ဆက်ဆံရေးကောင်းတစ်ခုရှိရန် လိုအပ်သည်။
ထောက်ခံချက်စာလွှာကိုဖွင့်ကြည့်ပြီးနောက် ထျန်းပိုယန်က အနည်းငယ်အံ့အားသင့်သွားသည်။
ထိုစာရွက်ပေါ်၌ 'ကျောင်းတော်ဝင်ခွင့်လက်ခံသည်'ဟူသော စာကြောင်းတစ်ကြောင်းသာ ပါရှိပေ၏။
ဖူကျစ်ရွှယ်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ကျောင်းအုပ်ကြီးရာထူးကို လွှဲပြောင်းယူပြီးချိန်မှစ၍ ထောက်ခံချက်စာလွှာနှစ်စောင်ကိုသာ ရေးသားခဲ့သည်။ပထမထောက်ခံစာသည် ဟန်မြစ်အဆောင်တွင်နေထိုင်သော ကျောင်းတော်သားအတွက် အထူးသီးသန့်ရေးသားခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ထိုထောက်ခံစာတစ်စောင်လုံး၌ အသေးစိတ်အချက်အလက်များနှင့် ပြည့်နှက်နေကာ စာမျက်နှာတစ်မျက်နှာအပြည့်ပါရှိသည်။စာအတွင်း၌ ထိုကျောင်းတော်သား၏အရည်အချင်းများနှင့်သာမာန်မဟုတ်သောအချက်များကို စာရင်းပြုစုထားသည်။လုယွီ၏ထောက်ခံချက်စာလွှာကမူ အနည်းငယ် ဖြစ်ကတက်ဆန်းနိုင်နေသည်။
"လာကြစမ်း...လုယွီရဲ့ဝင်ခွင့်စာမေးပွဲရလဒ် ငါ့ဆီကို ယူလာကြစမ်း"
ထျန်းပိုယန်က ပြောဆိုသည်။
မကြာမီမှာပင် တစ်စုံတစ်ယောက်သည် လုယွီ၏ဝင်ခွင့်စာမေးပွဲရလဒ်နှင့်အချက်အလက်များကို ယူဆောင်လာခဲ့သည်။
ထျန်းပိုယန်သည် ထိုအရာများကို တစ်ချက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်၏။
"ဘာလဲ...သူက နောက်ဆုံးအဆင့်ကနေ အောင်မြင်ခဲ့တာလား"
ယေဘုယျကျကျပြောဆိုရပါက ကျောင်းအုပ်ကြီးကိုယ်တိုင် ထောက်ခံပေးသူသည် အလွန်ထူးချွန်သော ပါရမီအရည်အချင်းရှိသူဖြစ်ရပေမည်။
ဤတစ်ကြိမ်တွင် တော်ဝင်နန်းတွင်း၌ ရာထူးနေရာအမြောက်အများ လစ်လပ်နေခြင်းကြောင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ဝင်ခွင့်စာမေးပွဲ၏ခက်ခဲမှုကို လျှော့ချထားခဲ့သည်။တစ်စုံတစ်ယောက်သည် စမ်းသပ်မှုတစ်ခုကို ဖြတ်ကျော်ပြီးသည်နှင့် ကျောင်းတော်သို့ဝင်ခွင့်ရရှိပေမည်။
အကယ်၍ သာမာန်အရည်အချင်းရှိသော ကျင့်ကြံသူတစ်ယောက်ပင်လျှင် လျှို့ဝှက်ခန်းအတွင်းမှနေ၍ နှစ်နာရီ သို့မဟုတ် လေးနာရီခန့်အကြာတွင် ထွက်လာနိုင်ပေလိမ့်မည်။ထိုကျင့်ကြံသူ ထွက်လာနိုင်ရန် နေဝင်ရီတရောအချိန်ထိ ကြာမြင့်မည်မဟုတ်ချေ။
"ကောင်းပြီလေ...သူက စမ်းသပ်မှုကို အောင်မြင်ပြီးမှတော့ သူ့ ကျောင်းတော်ဝင်ခွင့်ရသွားပြီပဲ....ငါက သူကို မျက်နှာသာပေးတဲ့အနေနဲ့ သူ့ကို မိုးကောင်းကင်ကျမ်းစာဆောင်မှာ အချိန်အတိုင်းအတာတစ်ခုထိ နေခွင့်ပြုလိုက်မယ်...ဒါက သူ့ကို ငါ တက်နိုင်သလောက် အခွင့်အရေးပေးလိုက်တာပဲ"
ထျန်းပိုယန်က သူ၏စုတ်တံကို ဝှေ့ယမ်း၍ သူ့ဆုံးဖြတ်ချက်ကို ရေးသားလိုက်၏။
တပည့်အများစုအတွက် မိုးကောင်းကင်ကျမ်းစာဆောင်သည် အိမ်မက်မက်ရုံသာတက်နိုင်သော နေရာမျိုးဖြစ်သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုကျမ်းစာဆောင်အတွင်းသို့ ဝင်ရောက်ကာ ရှေးဟောင်းစာပေများကို ဖတ်ရှုရပါက အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရရှိနိုင်ပေမည်။
သို့ရာတွင် ထျန်းပိုယန်၏အမိန့်အရ လုယွီသည် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းသို့ ဝင်ရောက်နိုင်ကာ ရှေးဟောင်းကျမ်းစာများကို ဆန္ဒရှိသကဲ့သို့ ဖတ်ရှုနိုင်ပေမည်။
အကယ်၍ လုယွီသည် သာမာန်တပည့်တစ်ယောက်ဆိုပါက ဝင်ခွင့်စာမေးပွဲတွင် သူ၏ညံဖျင်းသောလုပ်ဆောင်ချက်များကြောင့် ထျန်းပိုယန်သည် သူ့အား အနည်းငယ်မျှပင် အာရုံစိုက်မည်မဟုတ်ချေ။
သို့ရာတွင် ကျောင်းအုပ်ကြီးကိုယ်တိုင် ထောက်ခံပေးထားသူဖြစ်သဖြင့် ထျန်းပိုယန်သည် လုယွီအား မျက်နှာသာတချို့ပေးရန်ကို ဝန်လေးနေမည်မဟုတ်ပေ။
ထောက်ခံချက်စာလွှာအရ အရာအားလုံးသာမာန်ဟုထင်ရသော်လည်း ထျန်းပိုယန်သည် ထိုနောက်ကွယ်မှဆိုလိုရင်းကို ကောင်းမွန်စွာဖော်ထုတ်နိုင်ခဲ့သည်။မည်သည့်နည်းဖြင့် အရာအားလုံး သာမာန်အနေအထား ဖြစ်နိုင်မည်နည်း။
"ဒါက လုယွီရဲ့သတင်းအချက်အလက်တွေပဲ...အမ်..လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကို ရသွားတဲ့သူက သူဖြစ်နေတာပါလား...ကံဆိုးချင်တော့ အဲ့ဒီမှော်လက်နက်ကို ရှဖုန်းက လုယူသွားခဲ့တယ်...သူ့ရဲ့အသက်ကို ထိန်းသိမ်းထားနိုင်တာကတင် မဆိုးပါဘူး"
ထျန်းပိုယန်သည် လုယွီ၏သတင်းအချက်အလက်များကို အနည်းငယ်ဖတ်ရှုပြီးနောက် စိတ်ဝင်စားမှုပျောက်ဆုံးသွားပုံဖြင့် နံဘေးဘက်သို့ ပစ်ချလိုက်သည်။
Chapter 2253
လုယွီနှင့်သက်ဆိုင်သော သတင်းအချက်အလက်စာရွက်များသည် မြေပြင်ပေါ်သို့ ပြန့်ကျဲသွားရာ လီစီးက ကောက်ယူလိုက်သည်။
သူက ထိုသတင်းအချက်အလက်များကို ဂရုတစိုက်ဖတ်ရှုပြီးနောက် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ စီနီယာတပည့်တစ်ယောက်ဖြစ်သဖြင့် လီစီးသည် အသက်ငယ်ရွယ်စဥ်ကတည်းက မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကာ တခြားလူများအပေါ် အထင်သေးလေ့ရှိသည်။
သို့သော် ထိုသို့ဆိုသည့်တိုင် သူသည် ရှုရာဧကရာဇ်ကို သတ်ဖြတ်နိုင်မည်မဟုတ်ချေ။
သူ ဖတ်ခဲ့ရသော သတင်းအချက်အလက်များအရ လုယွီသည် ရှုရာဧကရာဇ်ကို သတ်ဖြတ်ခဲ့သည့်အပြင် ရုပ်သေးအဖြစ်ပင် သန့်စင်ခဲ့သည်။
"စစ်ရေးဌာနက ခန့်မှန်းချက်တွေကတော့...အဲ့ဒီကောင်လေးက နတ်ဘုရားဓားအမတ်ကြီးနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်...ဒါကြောင့် နတ်ဘုရားဓားအမတ်ကြီးက သူ့ကိုကူညီလိုက်တာဖြစ်နိုင်တယ်လို့ ဆိုကြတယ်...ဘယ်လောက်တောင် ရယ်စရာကောင်းတဲ့ ခန့်မှန်းချက်မျိုးလဲ...နတ်ဘုရားဓားအမတ်ကြီးလိုလူစားမျိုးက သူ လုပ်မယ့်ကိစ္စရပ်တိုင်းကို အမြဲတမ်းဂရုတစိုက်စဥ်းစားတယ်...သူ လုပ်မယ်ဆိုတဲ့ကိစ္စကို သေချာပေါက် လုပ်လိုက်တာပဲ...ဘာလို့ လူငယ်မျိုးဆက်သစ်တစ်ယောက်ကို ကာကွယ်ပေးနေရမှာလဲ....လုယွီကိုယ်တိုင် ရှုရာဧကရာဇ်ကို သတ်လိုက်တယ်ဆိုတာ အသိသာကြီးလေ"
လီစီး၏မျက်လုံးအတွင်း၌ အလင်းတန်းများ ဖြတ်ပြေးသွားသည်။
မိုးကောင်းကင်ကျမ်းစာဆောင်မှ ထွက်ခွါခဲ့ပြီးနောက် လီစီးသည် ဝင်ခွင့်စာမေးပွဲကျင်းပခဲ့သောနေရာဖြစ်သည့် မှော်သားရဲတလင်းသို့ဦးတည်၍ လျှောက်လှမ်းသွားလိုက်၏။
ဤနေရာ၏ပြင်ပတွင် အစေခံတပည့်တချို့ စောင့်ကြပ်နေကြသည်။ဤကဲ့သို့လေ့ကျင့်ရေးနယ်မြေမျိုးသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ နေရာအနှံ့အပြားတွင်ရှိနေသဖြင့် စောင့်ကြပ်နိုင်ရန် တပည့်များကို အထူးသီးသန့်စေလွှက်ထားသည်။
"စီနီယာအကိုလီစီး"
အစေခံတပည့်များက လီစီးကိုမြင်တွေ့သည်နှင့် အရိုအသေပြုလိုက်ကြ၏။
ဝင်ခွင့်စာမေးပွဲမှရရှိထားသော သတင်းအချက်အလက်များအရ လီစီးသည် လုယွီဝင်ရောက်သွားခဲ့သော လျှို့ဝှက်ခန်း၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။
"ရှုရာဧကရာဇ်ကိုတောင် သတ်ဖြတ်နိုင်ခဲ့တဲ့လူမျိုးက ဒီလိုအဆင့်နိမ့်စမ်းသပ်မျိုးမှာ နိမ့်ပါးတဲ့ရလဒ်မျိုးရမယ်လို့ ငါ မယုံကြည်နိုင်ဘူး"
လီစီးသည် လက်ဆန့်တန်း၍ လျှို့ဝှက်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
ဝုန်း...
တုန်ခါသံတစ်သံနှင့်အတူ လျှို့ဝှက်ခန်းတံခါးက ချက်ချင်းဆိုသလိုပင် ပွင့်သွားခဲ့သည်။
ပြင်းထန်သောသွေးညှီနံများ အတွင်းမှထွက်ပေါ်လာခြင်းနှင့်အတူ မှော်သားရဲအလောင်းများက တောင်ပုံရာပုံရှိနေလေ၏။လေထုအတွင်း၌ ပြည့်နှက်နေသော သွေးချီများကို သာမာန်မျက်စိဖြင့်ပင် တွေ့မြင်နိုင်ပေမည်။
လီစီးသည် လျှို့ဝှက်ခန်းအတွင်းသို့ ဝင်ခဲ့ပြီးနောက် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။
သူ၏ရှေ့၌ရှိနေသည်မှာ သူ အလွန်ရင်းနှီးကျွမ်းသောနေရာဖြစ်သည်။
ဤသည်က သာမာန်တပည့်များ၏ ဝင်ခွင့်စာမေးပွဲစမ်းသပ်ချက်နေရာပင်။သာမာန်အားဖြင့် ဤနေရာတွင် မှော်သားရဲတစ်ကောင်သာ ရှိရပေမည်။ထိုမှော်သားရဲသည် ပြန်ရှင်သန်လာမည်ဖြစ်သော်လည်း ငါးကြိမ် ခြောက်ကြိမ်ခန့်သတ်ဖြတ်ပြီးနောက် အဆုံးသတ်သွားပေမည်။
သို့ရာတွင် ဤနေရာရှိမြေပြင်ပေါ်၌ သွေးပင်လယ်ကြီးဖြစ်နေကာ မှော်သားရဲအလောင်းများက တောင်ပုံရာပုံရှိနေသည်။
နေရာအနှံ့ မှော်သားရဲအလောင်းများဖြင့် ပြည့်နှက်နေပေ၏။
"နတ်ဆိုးသိမ်းငှက်သားရဲဘုရင်...ရက်စက်ကြမ်းကြုတ်တဲ့ကျားသားရဲဘုရင်...ဒီလိုအဆင့်မြင့်နတ်ဆိုးသားရဲတွေက ဝင်ခွင့်စာမေးပွဲစမ်းသပ်မှုမှာ ဘယ်လိုလုပ်ပြီး ထွက်ပေါ်လာတာလဲ"
လီစီးက အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။
မှော်သားရဲဘုရင်များသည် လူသားမျိုးနွယ်၏မြေကမ္ဘာအင်မော်တယ်နယ်ပယ်နှင့် နှိုင်းယှဥ်နိုင်သည်။
ယေဘုယျအားဖြင့် အဆင့်မြင့်တပည့်များသည် သေရေးရှင်ရေးတိုက်ပွဲကို လေ့ကျင့်လိုမှသာလျှင် ထိုကဲ့သို့အဆင့်မြင့်နတ်ဆိုးသားရဲများကို ရွေးချယ်ကြသည်။
သို့ရာတွင် သာမာန်ဝင်ခွင့်စာမေးပွဲ ကျင်းပသောနေရာမျိုးတွင် မှော်သားရဲဘုရင်အဆင့်များ အမှန်တကယ်ထွက်ပေါ်လာခဲ့ပေ၏။
"တချို့မှော်သားရဲတွေက ဆေဘာဓားချီနဲ့ သတ်ဖြတ်ခံထားရတာ...ဒါပေမယ့် အများစုကတော့ တိုက်ခိုက်မှုတစ်ခုနဲ့တင် သေဆုံးသွားကြရတယ်...သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဘာဒဏ်ရာမှရှိမနေဘူး"
လီစီးသည် အတွင်းပိုင်းသို့ ပို၍လျှောက်လှမ်းမိလေလေ သူ၏စိတ်နှလုံးသားအတွင်းမှ ပို၍ထိတ်လန့်တုန်လှုပ်လာလေလေပင်။
လုယွီသည် စမ်းသပ်မှုအတွင်း၌ ထောင်နှင့်ချီသော မှော်သားရဲဘုရင်များကို သတ်ဖြတ်ခဲ့သည်။
အကယ်၍သာ ထိုသတင်းပျံ့နှံ့သွားပါက အုတ်အော်သောင်းနင်းဖြစ်သွားပေမည်။
""သူ့ရဲ့အရည်အချင်းက ကျောင်းတော်ကအဆင့်မြင့်တပည့်တွေကြားမှာတောင် ထိပ်တန်းအဆင့်လို့ ယူဆနိုင်တယ်...သူ့ကို ဝင်ခွင့်စာမေးပွဲအောင်မြင်မှုရဲ့နောက်ဆုံးနေရာမှာထားတာ တကယ့်ကို တရားမျှတမှုမရှိဘူးပဲ"
လီစီးသည် သူကိုယ်သူ ပြန်လည်မေးခွန်းထုတ်လိုက်၏။အကယ်၍ သူပင်လျှင် ဤနေရာသို့ဝင်ရောက်လာပါက တစ်ရက်အတွင်းတွင် ယခုလောက်ထိများပြားသောမှော်သားရဲဘုရင်များကို သတ်ဖြတ်နိုင်မည်မဟုတ်ချေ။
သို့ရာတွင် လီစီးသည် ထိုကိစ္စကို အလျှင်စလိုသတင်းပို့ခြင်းမပြုချေ။
ဝင်ခွင့်စာမေးပွဲကျင်းပနေစဥ်အတွင်းတွင် လုယွီဝင်ရောက်သွားသော လျှို့ဝှက်ခန်းတစ်ခန်းတည်းသာ အမှားအယွင်းဖြစ်ပွါးခဲ့သဖြင့် သူ့အားသေဆုံးစေရန် ရည်ရွယ်ချက်ဖြင့် တစ်စုံတစ်ယောက်မှပြုလုပ်ခဲ့ခြင်းဖြစ်ပေမည်။
လီစီးသည် လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်၍ မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ကိစ္စရပ်များအားလုံးကို အကြမ်းဖျင်းခန့်မှန်းပြီးလေပြီ။
ဝင်ခွင့်စာမေးပွဲအဆင့်သည် အမှန်တကယ်အားဖြင့် အရေးပါခြင်းမရှိချေ။တစ်စုံတစ်ယောက်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ခွင့်ရရှိသရွေ့ တန်းတူညီမျှဆက်ဆံခံရပေမည်။
လီစီးသည် လုယွီအတွက် ရပ်တည်ပေးရန် ရည်ရွယ်မထားချေ။ပထမအချက်အနေဖြင့် ထိုကိစ္စသည် လုယွီအပေါ် မည်သည့်သက်ရောက်မှုမျိုးမျှ မရှိနိုင်ချေ။ဒုတိယအချက်အနေဖြင့် အကယ်၍ သူသာ လုယွီဘက်မှရပ်တည်လိုက်ပါက လုယွီကိုလုပ်ကြံခဲ့သူကို သူ ရန်စစော်ကားသကဲ့သို့ ဖြစ်သွားပေမည်။
Chapter 2254
"ဒီနေ့ ဝင်ခွင့်စာမေးပွဲကျင်းပနေတဲ့အချိန်မှာ ထိန်းချုပ်ခန်းထဲကို တစ်ယောက်ယောက် ရောက်လာသေးလား"
လီစီးက မေးမြန်းသည်။
ပြင်ပရှိတပည့်သည် အချိန်တခဏကြာတွေးတောပြီးနောက် ပြောဆိုလိုက်၏။
"စီနီယာအကိုထျန်းဝေတစ်ယောက်ပဲ ဒီနေရာကိုရောက်လာခဲ့တယ်"
"ထျန်းဝေ...သူက သခင်လေးထျန်းရဲ့နောက်လိုက်မဟုတ်လား"
လီစီးထံတွင် ခရေစေ့တွင်းကျမှတ်နိုင်သော မှတ်ဥာဏ်မျိုးရှိသည်။သူသည် တစ်ကြိမ်ဖတ်ရှုပြီးသည်နှင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်တစ်ခုလုံးမှ လူများအားလုံး၏နာမည်များကို ပြန်လည်ချရေးပေးနိုင်သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် လုယွီအား အကွက်ချစီမံခဲ့သူမှာ မည်သူဖြစ်ကြောင်းကို သိရှိသွားပေ၏။
"သခင်လေးထျန်းရဲ့အဆင့်နဲ့ကတော့ မင်းအတွက် ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်ဘူး...လုယွီက အစစ်အမှန်ပါရမီရှင်တစ်ယောက်ဖြစ်နေဖို့ ငါ မျှော်လင့်တယ်...မဟုတ်ရင် ငါက တခြားပါရမီရှင်တွေ ရှာဖွေဖို့အတွက် အချိန်တွေအများကြီးအကုန်ခံရလိမ့်မယ်"
လီစီးက တီးတိုးရေရွတ်လိုက်သည်။
……
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ဝင်ရောက်ပြီး သုံးရက်ခန့်အကြာတွင် လုယွီသည် ဤနေရာရှိစည်းမျဥ်းများအားလုံးကို နားလည်သဘောပေါက်သွားခဲ့သည်။
ဤနေရာသည် ပြင်ပရှိဂိုဏ်းများကဲ့သို့ တင်းကြပ်ခြင်းမရှိချေ။အရာအားလုံးသည် တပည့်များ၏ခွန်အားပေါ်တွင်သာ မူတည်ပေ၏။တစ်စုံတစ်ယောက်သည် လုံလောက်သောခွန်အားရှိနေသရွေ့ အဆင့်မြင့်တပည့်အဖြစ် အဆင့်တိုးနိုင်ကာ အလွန်မြင့်မားသောအခွင့်အာဏာကို ရရှိပေမည်။
ဤနေရာသည် တော်ဝင်နန်းတွင်း၏အနာဂတ်အရာရှိလောင်းများအတွက် အစပျိုးရာအရပ်ဖြစ်သည်။တော်ဝင်နန်းတွင်းမှအရာရှိအများစုသည် တော်ဝင်ကျောင်းတော် သို့မဟုတ် ကျောင်းတော်ငါးခုမှထွက်လာကာ တော်ဝင်စာမေးပွဲကိုကျော်ဖြတ်၍ အရာရှိများဖြစ်လာကြခြင်းပင်။
တာယွီအင်ပါယာသည်အလွန်ကြီးမားပြီး ပိုင်နက်နယ်မြေသည် အလွန်ကျယ်ပြန့်ကာ ကြယ်နယ်မြေအမြောက်အများကို လွှမ်းခြုံထားသည်။သန်းရာနှင့်ချီသောမျိုးနွယ်များ ဤနေရာ၌ နေထိုင်ကြ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် တော်ဝင်နန်းတွင်း၏အရာရှိတစ်ယောက်ဖြစ်လိုပါက အုပ်ချုပ်ရေးနှင့်စာပေဆိုင်ရာ အရည်အချင်းရှိရမည့်အပြင် လုံလောက်သောခွန်အားရှိရန်လည်း လိုအပ်သည်။
ထို့ကြောင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်းရှိ အခြေအနေသည် အလွန်တင်းမာပေ၏။တပည့်များသည် အစဥ်အမြဲ အလျင်စလိုလှုပ်ရှားသွားလာနေကြသည်။ကျင့်ကြံရေးနေရာတိုင်းတွင် တပည့်များသည် ပြင်းပြင်းထန်ထန်လေ့ကျင့်နေပေ၏။အကြောင်းအရင်းမှာ လူတိုင်းသည် ပြိုင်ဘက်ဖြစ်နေသောကြောင့်ပင်။
ဤကဲ့သို့အခြေအနေမျိုးတွင်သာ အလွန်ထူးချွန်သော ပါရမီရှင်များကို မွေးထုတ်ပေးနိုင်ပေမည်။
တပည့်သစ်များသည် ကျောင်းတော်၏အခြေအနေများနှင့် လိုက်လျောညီထွေရှိစေရန် သုံးရက်ခန့်အချိန်ယူပြီးနောက် သူတို့၏ကိုယ်ပိုင်ကျင့်ကြံမှုများကို စတင်၍ပြုလုပ်ကြရ၏။
ကျောင်းတော်သည် တပည့်များ၏ကျင့်ကြံမှုအပေါ်တွင် တင်းကြပ်ခြင်းမရှိသော်လည်း လစဥ်လတိုင်း အကဲဖြတ်စာမေးပွဲရှိသည်။အကယ်၍ တစ်စုံတစ်ယောက်သည် အကဲဖြတ်စာမေးပွဲကို ကျရှုံးခဲ့ပါက ကျောင်းတော်မှထုတ်ပယ်ခြင်းခံရပေမည်။
ဤသည်က ကျောင်းတော်၏အထောက်အပံပစ္စည်းများ ပြတ်လပ်မသွားစေရန် ကာကွယ်ဟန့်တားမှုတစ်ခုပင်။ကျောင်းတော်တွင် နှစ်စဥ်နှစ်တိုင်း ကျောင်းတော်သားများ ပို၍ပို၍များပြားလာသည်နှင့်အမျှ အကဲဖြတ်စာမေးပွဲ၏ခက်ခဲမှုမှာ ပို၍မြင့်တက်လာသည်။တော်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရာတွင် ကျရှုံးခဲ့သူများကိုလည်း ကျောင်းတော်မှထုတ်ပယ်လေ၏။
"စီနီယာအကိုဖူက ငါ့ကို ကိစ္စသုံးခုလုပ်ပေးဖို့ တောင်းဆိုထားတယ်...ပထမဆုံးတစ်ခုက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို ပြန်ပြီးသန်မာအားကောင်းလာအောင် လုပ်ပေးရမယ်...တကယ်လို့ အခွင့်အရေးရမယ်ဆိုရင် ငါက ဒီနေရာမှာရှိတဲ့တပည့်တွေရဲ့ခွန်အားကို လေ့လာကြည့်ရမယ်"
လုယွီက တီးတိုးရေရွတ်လိုက်သည်။
သူ့အတွက် ပထမဆုံးနှင့်အရေးအကြီးဆုံးကိစ္စမှာ မြေကမ္ဘာအင်မော်တယ်နယ်ပယ်အား ချိုးဖျက်ဝင်ရောက်နိုင်ရန်ပင်။
တစ်စုံတစ်ယောက်သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ရောက်ရှိမှသာလျှင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ခြေကုပ်ရရှိပေမည်။ထိုလူသည် မိုးကုပ်စက်ဝိုင်းကိုဖြတ်သန်း၍ နေရာစိမ်းများသို့သွားလျှင်ပင် စိုးမိုးခြယ်လှယ်နိုင်ပေလိမ့်မည်။
ရှေးဟောင်းဖုန်မှုန့်ကြယ်ကဲ့သို့ နေရာမျိုးတွင် ထိပ်တန်းဂိုဏ်းသုံးဂိုဏ်းလုံး၏ ဂိုဏ်းခေါင်းဆောင်များသည် လောကီအင်မော်တယ်များဖြစ်ပေ၏။သူတို့သည် သူတို့၏ကိုယ်ပိုင်ကြယ်နယ်မြေများပေါ်တွင် စိုးမိုးခြယ်လှယ်နိုင်သော်လည်း ဆန္ဒရှိသည့်အတိုင်း ပြင်ပလောကများသို့ မသွားဝံ့ချေ။ထိုသို့မဟုတ်ပါက သူတို့၏အသက်များ သေဆုံးသွားနိုင်သည်။
လုယွီသည် စဥ်းစားတွေးတောရင်းနှင့် သူ၏စိတ်အတွင်း၌ ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာက ထင်ဟပ်လာသည်။
ထိုကျမ်းစာသည် နတ်ဆိုးမျိုးနွယ်များအတွက်ရည်ရွယ်ထားခြင်းဖြစ်ကာ လုယွီ၏အမြင်အရ ထိုအရာသည် အစွမ်းထက်သောမှော်မန္တန်များကို ပေါင်းစည်း၍ အသွင်ပြောင်းကာ နတ်ဆိုးမျိုးနွယ်များ၏ခွန်အားကို မြှင့်တင်ပေးနိုင်သော အထောက်အပံမှော်မန္တန်အဖြစ် ဖန်တီးထားခြင်းဖြစ်သည်။
လျှို့ဝှက်ခန်းအတွင်း၌ လူဝံနက်ကြီးကဲ့သို့ အဆင့်နိမ့်မှော်သားရဲပင်လျှင် ထိုမှော်မန္တန်၏ထောက်ပံမှုကြောင့် လောကီအင်မော်တယ်အဆင့်ထိ ကြီးထွားနိုင်ခဲ့သည်။
"ဒီမှော်မန္တန်နဲ့ဆိုရင်...တကယ်လို့ ငါက သူတော်စင်ပင်လယ်ကြယ်နယ်မြေကို ပြန်သွားမယ်ဆိုရင်...နတ်ဆိုးဧကရာဇ်တွေတောင် ငါ့ကို လိုလိုလားလား သစ္စာခံရလိမ့်မယ်"
သူ ယခင်က ထိုနတ်ဆိုးဧကရာဇ်များ၏အကူအညီကို ရရှိခဲ့ခြင်းမှာ ပင်လယ်သူတော်စင်၏တံဆိပ်ပြားကြောင့်ဖြစ်ကြောင်း လုယွီက ရှင်းရှင်းလင်းလင်း သိရှိထားပေ၏။
အကယ်၍ သူ့ထံတွင် လုံလောက်သောခွန်အားမရှိပါက ထိုနတ်ဆိုးဧကရာဇ်များသည် အပေါ်ယံတွင်သာ သူ့အားသစ္စာခံ၍ သူတို့၏စိတ်နှလုံးသားအတွင်းမှနေ၍ သူ့အား အထင်သေးနေကြပေမည်။
Chapter 2255
အချိန်သုံးရက်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားလေပြီ။
လုယွီ၏အခန်းအတွင်း၌ ရုတ်တရက် သူ၏လက်ချောင်းထိပ်မှနေ၍ ကိုးရောင်ခြယ်အလင်းတန်းများ ဖြာထွက်လာသည်။
ထိုအလင်းတန်းများသည် ပေါက်ကွဲသွားပြီး ခြံဝန်းအတွင်းရှိရေအိုင်ထဲမှ ရွှေငါးတစ်ကောင်ပေါ်သို့ ကျရောက်သွားပေ၏။
ယခင်က ထိုရွှေငါးသည် ရေအတွင်း၌ ရှေ့နောက်လူးလွန့်၍ ကူးခတ်နေကာ ရုတ်တရက် ကိုးရောင်ခြယ်အလင်းတန်းများကြောင့် လင်းလက်တောက်ပသွားခဲ့သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထိုရွှေငါး၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှနေ၍ ရောင်စုံအလင်းတန်းများဖြာထွက်လာသည်။
ထိုရွှေငါး၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပင် ယခင်ထက် အဆများစွာပို၍ ကြီးထွားလာပေ၏။ရွှေငါးသည် ခွေးတစ်ကောင်အရွယ်အစားထိ ကြီးထွားလာကာ ရံဖန်ရံခါတွင် ရေမျက်နှာပြင်ပေါ်ခုန်တက်ကာ လုယွီကို ကြည့်နေလေသည်။
"မင်း ဒီကျမ်းစာကို နားလည်သဘောပေါက်ဖို့ အနည်းဆုံးအချိန်တစ်နှစ်လောက်ယူရမယ်လို့ ငါ အရင်က တွေးထားခဲ့တာ...ဒါပေမယ့် မင်းက ဒါကို သုံးရက်အတွင်းမှာ လုပ်ဆောင်နိုင်ခဲ့မယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒါပေမယ့် ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာက နတ်ဆိုးမျိုးနွယ်တွေပေါ်မှာပဲ သက်ရောက်မှုရှိတာ...မင်း ဒီကျမ်းစာကို အပြည့်အဝနားလည်သဘောပေါက်သွားတဲ့အချိန်ကျရင်...ဒီမှော်မန္တန်ကို မင်းရဲ့ကိုယ်ပိုင်နားလည်သဘောပေါက်မှုထဲမှာ ပေါင်းထည့်သင့်တယ်"
မျောက်က သိုလှောင်အိတ်အတွင်းမှနေ၍ အကြံပေးစကား ပြောဆိုလိုက်၏။
လုယွီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုသည်။
"ငါက ဒီကျမ်းစာကို အသေးစားအောင်မြင်မှုထိပဲ နားလည်သဘောပေါက်သေးတယ်...ငါ အကြီးစားအောင်မြင်မှုအဆင့်ထိ ကျင့်ကြံပြီးရင် ဒီကျမ်းစာရဲ့အစစ်အမှန်စွမ်းအားကို ပြသနိုင်လိမ့်မယ်"
ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာကို ရေးသားထားသောနည်းစနစ်မှာ အလွန်ရှေးကျသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ထိုရှေးဟောင်းဘာသာစကားကို တက်ကျွမ်းလျှင်ပင် ထိုအရာကို နားလည်သဘောပေါက်နိုင်ရန်အတွက် နက်ရှိုင်းသော အခြေခံအုတ်မြစ်လိုအပ်သည်။
ကံကောင်းထောက်မစွာဖြင့် လုယွီသည် ရှေးဟောင်းတာအိုကျမ်းစာသုံးခုအနက်မှ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာနှင့် ပေါင်းစပ်ထားပြီးလေပြီ။သူသည် ရှေးဟောင်းကောင်းကင်ဘုံနတ်ဆိုးကျမ်းစာကို ထပ်မံ၍ဖတ်ရှုကြည့်ချိန်တွင် လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာနှင့် နှိုင်းယှဥ်၍ လေ့လာဆင်ခြင်ကြည့်နိုင်သည်။သာမာန်အားဖြင့် ဤကဲ့သို့ လေ့လာဆင်ခြင်မှုအရှိန်နှုန်းကို လျှပ်ပြက်သကဲ့သို့ မြန်ဆန်သည်ဟု ဆိုနိုင်ပေ၏။
"ဒီရွှေငါးက နဂါးတံခါးကို ကျော်ဖြတ်နိုင်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်...ဒီရေအိုင်က မင်းကို ကြာကြာထိန်းသိမ်းထားနိုင်မှာ မဟုတ်တော့ဘူး"
လုယွီသည် သူ နားလည်သဘောပေါက်ထားသောမှော်မန္တန်အသစ်ကို ထိုရွှေငါးပေါ်တွင် စမ်းသပ်လိုက်ခြင်းဖြစ်သည်။
ထိုစမ်းသပ်မှု၏ရလဒ်သည် သူ မျှော်လင့်ထားသည်ထက် ပို၍ကောင်းမွန်နေသည်။
ထိုရွှေငါးသည် မူလက သာမာန်သတ္တဝါတစ်ကောင်ဖြစ်သော်လည်း မှော်မန္တန်၏သက်ရောက်မှုကို ခံရပြီးနောက် အသိဥာဏ်ဝင်လာကာ သူ၏သွေးမျိုးဆက်ပင် ပြောင်းလဲသွားပေ၏။
အကယ်၍ ထိုရွှေငါးသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ နဂါးတံခါးကို ကျော်ဖြတ်သွားနိုင်ပါက နဂါးတစ်ကောင်အဖြစ်သို့ပြောင်းလဲကာ ကောင်းကင်ယံတွင် ပျံဝဲနိုင်ပေလိမ့်မည်။
"ငါ့ရဲ့မှော်မန္တန်ကြောင့် ဒီရွှေငါးက အသိဥာဏ်တချို့ရသွားခဲ့တယ်...ဒီနည်းစနစ်ကို နတ်ဘုရားချိပ်ပိတ်ခြင်းနည်းစနစ်လို့ခေါ်တယ်...ဒါပေမယ့် ဒါက နည်းနည်းတော့ရိုးရှင်းနေသလိုပဲ"
လုယွီက ညည်းတွားလိုက်သည်။
အတိတ်ဘဝတွင် လုယွီ၏မှော်မန္တန်အများစုသည် ကိုယ်တိုင်တွေးခေါ်ဆင်ခြင်ရာမှ ဆင်းသက်လာခြင်းဖြစ်သည်။
ယေဘုယျကျကျပြောဆိုရလျှင် ကျင့်ကြံသူများသည် မှော်နည်းစနစ်တစ်ခုကို မတော်တဆရရှိသည့်တိုင် လက်လွတ်စပါယ်ကျင့်ကြံဝံ့ခြင်းမရှိချေ။အကြောင်းအရင်းမှာ ကျွမ်းကျင်သူတစ်ယောက်၏လမ်းညွှန်ပေးမှုမရှိပါက သူတို့ နားလည်သဘောပေါက်ခဲ့သော မှော်နည်းစနစ်သည် သူတို့ကိုယ်တိုင်စူးစမ်းရှာဖွေခြင်းမပြုနိုင်သော ဟာကွက်များနှင့်ပြည့်နှက်နေပေမည်။သူတို့သည် မှားယွင်းသောလမ်းကြောင်းသို့ ရောက်ရှိသွားကာ ချီသွေဖည်ခြင်းဖြင့်ပင် ကြုံတွေ့ရနိုင်သည်။
အကယ်၍ ထိုလူသည် မှော်မန္တန်များကို အဆင်သင့်သင်ယူနိုင်ပါက မည်သည်ကြောင့် လေ့လာဆင်ခြင်ရန် အချိန်ဖြုန်းနေအုံးမည်နည်း...
သို့ရာတွင် လုယွီကမူ မတူကွဲပြားပေ၏။သူ့ထံတွင် သူ၏အတိတ်ဘဝနှင့်ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ဟူသော ပြိုင်ဘက်ကင်းကျင့်ကြံသူနှစ်ယောက်၏ မှတ်ဥာဏ်များရှိနေသည်။သူ ရရှိသော မှော်မန္တန်များကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာပြီးနောက် မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထောင်ချီသောတိုက်ပွဲမြင်ကွင်းများအဖြစ် ဆင့်ကဲပြောင်းလဲသွားလေ၏။သာမာန်အားဖြင့် သူသည် လမ်းကြောင်းလွဲသွားမည်မဟုတ်ချေ။
"ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်က အတိတ်ဘဝမှာတုန်းက နတ်ဘုရားတစ်ပါးပဲ....သူက နတ်ဘုရားစာရင်းကို ပြုလုပ်ခဲ့တယ်...သူခန့်အပ်တာခံခဲ့ရတဲ့ နတ်ဘုရားတွေအားလုံးက အစစ်အမှန်နတ်ဘုရားတွေဖြစ်လာတယ်..သူ့ရဲ့အသိအမှတ်ပြုခြင်းကို မခံရတဲ့နတ်ဘုရားတွေကတော့...ဘယ်လိုပဲ ရှေးဟောင်းခေတ်ကာလက ဆင်းသက်လာပါစေ...အမွှေးနံသာနဲ့ပူဇော်ပသခံခွင့်မရကြဘူး...ဒီမှော်မန္တန်က အရမ်းအံ့အားသင့်စရာကောင်းတယ်...စိတ်ပျက်ဖို့ကောင်းတာတစ်ခုက ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်မှာ...ဒီကိစ္စနဲ့ပတ်သတ်တဲ့မှတ်ဥာဏ်မျိုးရှိမနေဘူး"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူရရှိထားသော အကြွင်းအကျန်စိတ်ဝိညာဥ်သည် အပြည့်အစုံမဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။
သို့ရာတွင် လုယွီသည် စိတ်ပျက်အားလျော့ခြင်းမရှိချေ။အတိတ်ဘဝတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် သူ၏လက်အတွင်း၌ သေဆုံးခဲ့ရသည်။ဆိုလိုသည်မှာ နတ်ဘုရားချိပ်ပိတ်ခြင်းနည်းစနစ် မည်မျှပင်ခက်ခဲနေပါစေ လုယွီသည် လွယ်လင့်တကူ နားလည်သဘောပေါက်နိုင်စွမ်းရှိပေ၏။
"ရွှေငါးလေး...မင်းက ကံတော်တော်ကောင်းတဲ့ကောင်ပဲ...ငါတောင် မင်းကို မနာလိုဖြစ်မိတယ်"
လုယွီက သူ၏လက်ကိုဆန့်တန်းကာ ရေအိုင်အတွင်း၌ခုန်ပေါက်နေသော ရွှေငါးကို ဖမ်းဆီးလိုက်သည်။
သူသည် ရွှေငါးကို အနီးကပ်ကြည့်လိုက်စဥ်တွင် ထိုသတ္တဝါ၏ခေါင်းပေါ်၌ နဂါးဦးချိုနှစ်ချောင်းရှိနေခြင်းကို တွေ့မြင်မိသည်။ထို့ပြင် ရွှေငါးထံတွင် နဂါးနှုတ်ခမ်းမွှေးများကလည်း ပီပြင်ထင်ရှားနေပေ၏။