← Chapters

အခန်း (၂၂၅၆-၂၂၆၀)

Vol. 116 Ch. 2256-2260

အခန်း (၂၂၅၆-၂၂၆၀)

Vol. 116 Ch. 2256-2260

Chapter 2256

ထိုရွှေငါးသည် ရေအတွင်းမှထွက်ခွါလာသည့်တိုင် လေထုအတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင်များကိုဝါးမျိုကာ လွတ်လွတ်လပ်လပ်အသက်ရှင်နိုင်ပေမည်။

ယခုချိန်မှစ၍ ရွှေငါးသည် မှော်သားရဲတစ်ကောင် ဖြစ်သွားလေပြီ။

လုယွီသည် ရွှေငါးကို ကျောင်းတော်၏အနောက်ဘက်တောင်သို့ သယ်ဆောင်သွားကာ မြစ်အတွင်းသို့ လွှက်ပေးလိုက်၏။ထိုရွှေငါးသည် ရေအတွင်း၌ အချိန်တခဏကြာကူးခတ်ပြီးနောက် ရုတ်တရက် မြစ်အောက်ခြေသို့ ငုပ်လျှိုးသွားခဲ့သည်။ထို့နောက် ရွှေငါးသည် ရေမျက်နှာပြင်ပေါ်သို့ပြန်တက်လာကာ ခရမ်းနက်ရောင်ပုလဲတစ်လုံးကို လုယွီထံ လက်ကမ်းပေးလိုက်သည်။

"အဆင့်မြင့်နတ်ဆိုးအမြူတေပါလား...ဒါဆို ဒီမြစ်ရဲ့အောက်ခြေမှာ နဂါးတစ်ကောင်ရဲ့ရုပ်ကြွင်းရှိနေတာလား"

လုယွီက နတ်ဘုရားစိတ်အာရုံဖြင့် စူးစမ်းလေ့လာလိုက်ရာ မြစ်အောက်ခြေ၌ နတ်ဆိုးနဂါးတစ်ကောင်၏ဧရာမအရိုးစုကြီးရှိနေခြင်းကို တွေ့မြင်မိသည်။

"မင်းက ဒီနတ်ဆိုးအမြူတေနဲ့ ငါ့ကိုကျေးဇူးပြန်ဆပ်ချင်တာလား...ကောင်းပြီလေ...ငါ ဒါကို လက်ခံလိုက်မယ်"

လုယွီက ထိုနတ်ဆိုးအမြူတေကို တည်ငြိမ်စွာဖြင့် လက်ခံလိုက်၏။

သူ ထိုရွှေငါးကိုပေးလိုက်သော ကံကြမ္မာကောင်းကြီးသည် နတ်ဆိုးအမြူတေထက် များစွာပို၍အဖိုးတန်သည်။

ရွှေငါးသည် လုယွီလက်ခံလိုက်သည်ကိုမြင်ချိန်တွင် သူ၏အမြှီးကိုဝှေ့ယမ်း၍ မြစ်အတွင်းသို့ ကူးခတ်သွားတော့သည်။

နောင်အနာဂတ်တွင် ရွှေငါးသည် အောင်မြင်စွာကျင့်ကြံသွားနိုင်ပါက ဤမြစ်အတွင်းမှထွက်ခွါ၍ ကျယ်ပြန့်သောပင်လယ်ပြင်သို့ အရောက်သွားနိုင်ပေမည်။

ထိုအချိန်မှာပင် ဝံပုလွေဟိန်းသံသဲ့သဲ့က ရုတ်တရက် တောအုပ်အတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့လာသည်။

လုယွီက နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။မကြာမီမှာပင် သူ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော ပုံရိပ်တစ်ရိပ်ကို အနောက်ဘက်တောင်၏တောင်ခါးပန်း၌ တွေ့မြင်မိသည်။

ထိုနေရာ၌ ခရမ်းလျှပ်စီးဝံပုလွေသည် ဝံပုလွေငယ်တစ်ကောင်နှင့်အတူ လဲလျောင်းနေပေ၏။

ဤသည်က သခင်လေးထျန်းတို့လူစု၏တိုက်ခိုက်မှုကို ခံခဲ့ရသဖြင့် ထွက်ပြေးလာခဲ့ရာမှ လုယွီနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ခရမ်းလျှပ်စီးဝံပုလွေပင်။

ခရမ်းလျှပ်စီးဝံပုလွေကိုကြည့်ရသည်မှာ အလွန်အမင်းအားနည်းနေပြီး သူမ၏ခန္ဓာကိုယ်မှနေ၍ မည်သည့်နတ်ဆိုးချီအငွေ့အသက်မျှ ထွက်ပေါ်နေခြင်းမရှိတော့ချေ။ဝံပုလွေမ၏ခန္ဓာကိုယ်မှ ဒဏ်ရာများမှာလည်း ယခင်ထက်ပို၍ များပြားလာသည်။

ဝံပုလွေမ၏ ညာဘက်ခြေထောက်သည်လည်း ကျိုးပဲ့နေသည်။ထို့ပြင် သူမ၏မျက်လုံးတစ်လုံးနှင့်မျက်နှာတစ်ခြမ်းသည် မှော်သားရဲတစ်ကောင်၏တိုက်ခိုက်ခံထားရပုံဖြင့် စုတ်ပြတ်သတ်နေကာ ဒဏ်ရာများမှနေ၍ အရိုးဖြူများကိုပင် မြင်တွေ့နေရရာ အလွန်အမင်းတုန်လှုပ်ချောက်ချားဖွယ်ကောင်းလှ၏။

ထိုဝံပုလွေမသည် သေဘေးမှလွတ်မြောက်ပြီးနောက် တောနက်အတွင်း၌ တိုက်ပွဲများစွာဖြင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးမှ အသက်ရှင်ရက်လွတ်မြောက်လာခြင်းမှာ သိသာထင်ရှားသည်။

မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးသားရဲတို့၏လောကသည်လည်း အားကြီးသူကအားနည်းသူကိုအနိုင်ကျင့်ကာ ရက်စက်ကြမ်းကြုတ်သည်။

ဤသည်က ခရမ်းလျှပ်စီးဝံပုလွေ၏အဆုံးသတ်ပင်။သူမသည် ဝံပုလွေအုပ်အတွင်းမှခွဲထွက်ခဲ့ပြီးနောက် တိုက်ခိုက်မှုပေါင်းများစွာဖြင့် ရင်ဆိုင်ခဲ့ရပုံရပေ၏။

"မင်းက ခုထိမသေသေးဘူးလား...မင်း ခုထိအသက်ရှင်နေအုံးမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ခရမ်းလျှပ်စီးဝံပုလွေသည် သူမ၏ခန္ဓာကိုယ်အတွင်း၌ကျန်ရှိနေသော ဆေးစွမ်းအားများဖြင့် သူမ၏အသက်ကို ယခုချိန်ထိထိန်းသိမ်းထားနိုင်သည်ကို လုယွီက အာရုံခံမိလေ၏။

အကယ်၍ ထိုသို့မဟုတ်ပါက ခရမ်းလျှပ်စီးဝံပုလွေသည် အရိုးပုံဘဝသို့ပြောင်းလဲနေလောက်ပေပြီ။

ခရမ်းလျှပ်စီးဝံပုလွေသည် လုယွီရောက်လာသည်ကိုမြင်ချိန်တွင် ရိုသေလေးစားစွာ ဂါရဝပြု၍ သူမ၏ပါးစပ်ဖြင့် ဝံပုလွေပေါက်လေးကို သူ၏ရှေ့သို့ တွန်းပို့လိုက်သည်။

"မင်းရဲ့ကလေးကို ငါ့ကို ယူသွားစေချင်တာလား"

လုယွီ၏အကြည့်က ဝံပုလွေပေါက်လေးပေါ်သို့ ကျရောက်သွားချိန်တွင် ရုတ်တရက် သူ၏မျက်ခုံးများ မြင့်တက်သွားသည်။

ထိုဝံပုလွေပေါက်လေးသည် သာမာန်ထက်လွန်ကဲစွာ အားနည်းနေပေ၏။

သို့ရာတွင် ဤသည်က အဓိပ္ပါယ်ရှိသောကိစ္စတစ်ရပ်ပင်။မည်သို့ပင်ဆိုစေကာမူ ခရမ်းလျှပ်စီးဝံပုလွေသည် မီးစာကုန်ဆီခန်းအခြေအနေမျိုး၌ ဤဝံပုလွေပေါက်လေးကို မွေးဖွားခဲ့ရခြင်းဖြစ်သည်။

လုယွီက ဝံပုလွေပေါက်လေးကို ကောက်ယူ၍ ခရမ်းလျှပ်စီးဝံပုလွေကို ပြောဆိုလိုက်သည်။

"မင်းနဲ့ငါဆုံတွေ့ခဲ့ရတာ ကံကြမ္မာအရပဲ...အခု ငါက မင်းရဲ့ကလေးကို လက်ခံလိုက်ပြီ...ဒါ့ကြောင့် မင်းနဲ့ငါကြားက ကံကြမ္မာရေစက်က အဆုံးသတ်သွားပြီ...မင်း ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါတော့"

ဤအချိန်အခိုက်အတန့်တွင် ခရမ်းလျှပ်စီးဝံပုလွေသည် သူမ၏ဝန်ထုပ်ဝန်ပိုးများအားလုံးကို လွှက်ချလိုက်ပုံရသည်။လုယွီ၏လက်အတွင်းရှိ သူမ၏ကလေးကိုကြည့်ပြီးနောက် တဖြည်းဖြည်း သူမ၏မျက်လုံးများပိတ်သွားကာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် သေဆုံးသွားတော့သည်။

လုယွီသည် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေကာ ဝံပုလွေမ၏အလောင်းကို မြှုပ်နှံပေးခြင်းမပြုချေ။နတ်ဆိုးမှော်သားရဲများ သေဆုံးသွားပါက အလောင်းများကို မြေမြှုပ်သဂြိုလ်ရသည့် အလေ့အထမျိုးမရှိပေ။

ထိုဝံပုလွေမကို ကလေးမွေးဖွားနိုင်ရန် ဆေးလုံးတစ်လုံးပေးခဲ့သည်မှာ လုယွီ လုပ်ပေးနိုင်သော အကန့်အသတ်ဖြစ်ပေ၏။

လုယွီက ဝံပုလွေပေါက်လေးကို သိုလှောင်အိတ်အတွင်းသို့ ထည့်လိုက်သည်။မျောက်က ထိုဝံပုလွေပေါက်လေးကိုတစ်ချက်ကြည့်ကာ အားအင်ချည့်နဲ့သောအသံဖြင့် ပြောဆိုလိုက်သည်။

"ကောင်လေး...မင်းက ငါ့ကို ကလေးထိန်းမှတ်နေတာလား...သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်ရဲ့စိတ်ဝိညာဥ်ကောင်စုတ်လေးနဲ့တင် ငါ တော်တော်စိတ်ညစ်နေပြီ"

လုယွီသည် မျောက်၏ညည်းတွားနေသံကို အာရုံစိုက်ခြင်းမရှိဘဲ ဝံပုလွေပေါက်လေးကို အင်အားဖြည့်တင်းပေးနိုင်ရန်အတွက် စိတ်ဝိညာဥ်စမ်းရေအိုင်အတွင်းသို့ထည့်လိုက်၏။

Chapter 2257

မူလကအလွန်အားနည်းနေသော ဝံပုလွေပေါက်လေးသည် စိတ်ဝိညာဥ်စမ်းရေတချို့ကိုသောက်သုံးပြီးနောက် ခွန်အားတချို့ပြန်လည်ရရှိသွားသည်။

ဤသည်က ပါရမီရှင်များအား မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပိုင်တိုကောင်းကင်ဘုံဂိုဏ်းမှ တည်ဆောက်ထားသော စိတ်ဝိညာဥ်စမ်းရေအိုင်ပင်။

တစ်ကြိမ်တစ်ခါမျှကျင့်ကြံဖူးခြင်းမရှိသော သေမျိုးတစ်ယောက်ပင်လျှင် စိတ်ဝိညာဥ်စမ်းရေကို အချိန်အတော်ကြာ သောက်သုံးပြီးပါက အသစ်ပြန်လည်မွေးဖွားသကဲ့သို့ဖြစ်သွားကာ ရှီထျန်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။

ထို့ထက်ပို၍ အရေးကြီးသောကိစ္စမှာ စိတ်ဝိညာဥ်စမ်းရေသည် အလွန်နူးညံသိမ်မွေ့ပြီး ဆေးလုံးများကဲ့သို့ ပြင်းထန်ခြင်းမရှိချေ။

"ကောင်လေး...ဘာလို့ မင်းက အရမ်းသနားကြင်နာစိတ်တွေပြင်းပြပြီးတော့ ဒီဝံပုလွေပေါက်လေးကို စောင့်ရှောက်နေတာလဲ"

မျောက်က မေးမြန်းသည်။

"ဒါက သာမာန်ခရမ်းလျှပ်စီးဝံပုလွေတစ်ကောင်ဆိုပေမယ့်...ငါ့မှာ နတ်ဘုရားချိပ်ပိတ်ခြင်းနည်းစနစ်ရှိနေမှတော့ သူ့ရဲ့ကံကြမ္မာက ကွဲပြားခြားနားသွားပြီ"

လုယွီက ဆက်လက်ပြောဆိုသည်။

"နောင်အနာဂတ်မှာ ငါက နတ်ဆိုးသားရဲအုပ်စုကို စုစည်းတဲ့အချိန်ကျရင်...ငါ့ကိုယ်စား သူတို့ကိုထိန်းချုပ်ပေးဖို့အတွက် နတ်ဆိုးသားရဲတစ်ကောင်လိုအပ်တယ်...စိတ်နှလုံးသားအမှန်ကို မသိရမယ့် နတ်ဆိုးဧကရာဇ်တစ်ကောင်ကို ရွေးချယ်မယ့်အစား ငယ်စဥ်ကတည်းက ငါ မြေတောင်မြှောက်ပေးလာတဲ့တစ်ကောင်ကို ရွေးချယ်ပြီးကျင့်ကြံစေတာ ပိုပြီးယုံကြည်ရလိမ့်မယ်"

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် ခြေဗလာဖြင့် နတ်ဘုရားစမ်းရေအိုင်အနီးသို့ ပြေးလာခဲ့သည်။ထို့နောက် သူ၏လက်ကိုဆန့်ထုတ်ကာ ဝံပုလွေပေါက်လေး၏ဦးခေါင်းကို တို့ထိလိုက်၏။ယခုချိန်ထိ မျက်လုံးအပြည့်အဝမပွင့်သေးသော ဝံပုလွေပေါက်လေးသည် သူ၏လျှာဖြင့် သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်၏လက်ကို လျက်လိုက်ရာ ကောင်စုတ်လေး လွန်စွာသဘောကျနှစ်ခြိုက်သွားသည်။

ဒေါင်...

ထိုအချိန်မှာပင် သာယာနာပျော်ဖွယ်ခေါင်းလောင်းသံတစ်သံ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ထွက်ပေါ်လာသည်။

လုယွီက ခေါင်းမော့ကြည့်လိုက်ရာ ထိုအရာသည် ကျောင်းတော်မှနေ၍ တပည့်သစ်များကိုဆင့်ခေါ်သော အချက်ပေးခေါင်းလောင်းသံဖြစ်ကြောင်း နားလည်သဘောပေါက်သွားပေ၏။

သုံးရက်တိုင်တိုင် ပြင်ဆင်ထိန်းညှိပြီးနောက် တပည့်သစ်များသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်နှင့်အသားကျသွားလေပြီ။

စုဝေးရာနေရာသို့ရောက်ရှိသွားချိန်တွင် ထိုနေရာ၌ တပည့်အမြောက်အများ ရောက်ရှိနေခြင်းကို လုယွီက မြင်တွေ့လိုက်ရသည်။

"ညီလေးလု...မင်း ငါ့ကို စုံစမ်းခိုင်းထားတဲ့ကိစ္စကို ငါ စုံစမ်းပြီးသွားပြီ"

မူချင်းရှန်က လုယွီကိုမြင်တွေ့သည်နှင့် ကြိုဆိုနှုတ်ဆက်လိုက်သည်။

"နတ်ဘုရားကုန်းမြေလျှို့ဝှက်နယ်မြေက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့ တားမြစ်နယ်မြေပဲ...အဲ့ဒီအထဲမှာ အမျိုးအမည်မသိရတဲ့အရာတွေ ခိုအောင်းနေတယ်....တကယ်လို့ တစ်စုံတစ်ယောက်က အဲ့ဒီနယ်မြေထဲကို ဝင်ချင်တယ်ဆိုရင် လက်ထောက်ကျောင်းအုပ်ရဲ့ခွင့်ပြုချက်လိုအပ်တယ်...ဒါပေမယ့် ကောလဟာလတွေအရတော့ တချို့လူတွေက အဲ့ဒီတားမြစ်နယ်မြေထဲကနေ ရတနာတချို့ရခဲ့တယ်လို့ ဆိုကြတယ်...ပြီးတော့ နှစ်စဥ်နှစ်တိုင်း အဲ့ဒီနယ်မြေထဲကိုဝင်သွားတဲ့သူ အမြောက်အများရှိတယ်"

ဤသည်က လုယွီသည် မူချင်းရှန်အား စုံစမ်းပေးရန်တောင်းဆိုထားသော ကိစ္စပင်။

လက်ထောက်ကျောင်းအုပ်၏ခွင့်ပြုချက်လိုအပ်သည်ဟုဆိုသလော...

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။သူသည် ကျောင်းအုပ်ကြီးမှာ ဖူကျစ်ရွှယ်မှန်း သိရှိထားသော်လည်း လက်ထောက်ကျောင်းအုပ် မည်သူမည်ဝါဖြစ်မှန်းမသိရှိချေ။

ဖူကျစ်ရွှယ်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏အမည်ခံကျောင်းအုပ်ကြီးသာဖြစ်သည်။သာမာန်အားဖြင့် ကျောင်းတော်၏အရေးကိစ္စများကို လက်ထောက်ကျောင်းအုပ်မှ တာဝန်ယူထားပေ၏။

သို့ရာတွင် လုယွီသည် လက်ထောက်ကျောင်းအုပ်ကိုမသိရှိချေ။ထို့ပြင် သူသည် ကျောင်းတော်သို့ လတ်တလောမှဝင်ရောက်လာသော တပည့်အသစ်တစ်ယောက်ဖြစ်ရာ လက်ထောက်ကျောင်းအုပ်အား တွေ့နိုင်ရန် လွန်စွာခက်ခဲပေမည်။

မူချင်းရှန်က ရုတ်တရက် ပြောဆိုသည်။

"လက်ထောက်ကျောင်းအုပ်ထျန်းပိုယန်က သခင်လေးထျန်းရဲ့ဦးလေးပဲ...မင်းက သခင်လေးထျန်းရဲ့ကျင့်ကြံဆင့်ကိုဖျက်ဆီးခဲ့တော့...သူက အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာရှာလာနိုင်တယ်...ဒါပေမယ့် ညီလေးလု...မင်း နတ်ဘုရားကုန်းမြေထဲကိုဝင်ချင်တယ်ဆိုရင် ဟန်မြစ်အဆောင်ကို အလည်အပတ်သွားသင့်တယ်"

"ဟန်မြစ်အဆောင်ရဲ့အရှင်သခင်က ဧည့်အကြီးအကဲတစ်ယောက်ဖြစ်ပေမယ့် သူကလည်း လက်ထောက်ကျောင်းအုပ်နေရာကို ကိုင်တွယ်ထားတယ်...ပြီးတော့ သူက အစိမ်းရောင်ကြာနတ်ဘုရားဂိုဏ်းကို အရိုးအသားထဲကနေမုန်းတီးနေတာ...သူက အဲ့ဒီဂိုဏ်းရဲ့ဂိုဏ်းဝင်တွေကို သတ်နိုင်တဲ့သူကို ဆုချီးမြှင့်မယ်လို့တောင် ကြေငြာထားတာ...မင်းက အဲ့ဒီဂိုဏ်းရဲ့ဓမ္မအစောင့်အရှောက်တစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်...အဲ့ဒီအခြေအနေနဲ့ဆိုရင် မင်း နတ်ဘုရားကုန်းမြေထဲကိုဝင်ရောက်ဖို့ အခွင့်အရေးရနိုင်တယ်"

ဤကိစ္စရပ်များသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏လျှို့ဝှက်ချက်များမဟုတ်ချေ။မူချင်းရှန်သည် ထိုအရာများကိုစုံစမ်းရန်အတွက် အချိန်များစွာအသုံးပြုခဲ့ရခြင်းမရှိပေ။

"ကျေးဇူးပဲ...မင်းကို အခက်တွေ့စေခဲ့မိတယ်"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ပြောဆိုလိုက်၏။

ယခုချိန်တွင် သူ နတ်ဘုရားကုန်းမြေအတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် လမ်းကြောင်းတစ်ခု ရရှိသွားလေပြီ။

သူသည် လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။အကယ်၍ သူ မြေဒြပ်စင်ချီစွမ်းအားများကို စုစည်းနိုင်ပါက မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ပေမည်။

ဤသည်က သူ့အတွက် ယခုလက်ရှိချိန်တွင် အရေးအကြီးဆုံးကိစ္စပင်။သူ မည်မျှပင် လုပ်နိုင်စွမ်းရှိနေပါစေ သူ့ထံတွင်ခွန်အားမရှိပါက ရှေ့သို့ဆက်လက်လျှောက်လှမ်းနိုင်ရန် လွန်စွာခက်ခဲပေမည်။

တပည့်အသစ်များစုဝေးနေစဥ်တွင် စီနီယာတပည့်အမြောက်အများသည် အဝေးတစ်နေရာမှနေ၍ စောင့်ကြည့်နေကြ၏။

ထိုစီနီယာတပည့်များသည် ကျောင်းတော်တွင် အနည်းဆုံးတစ်နှစ်ခန့် ပညာသင်ယူပြီးဖြစ်ရာ ယေဘုယျအားဖြင့် တပည့်သစ်များထက် ကျင့်ကြံခြင်းနယ်ပယ်အရဖြစ်စေ စိတ်ဆန္ဒခိုင်မာမှုအရဖြစ်စေ သာလွန်ကြသည်။

Chapter 2258

"ကြည့်ရတာတော့ အဲ့ဒီတပည့်အသစ်တွေက ထူးချွန်ကြပုံရတယ်"

"အဆုံးသတ်ထိ လူဘယ်လောက်များများတောင့်ခံနိုင်မယ်ဆိုတာ ငါ မသိဘူး...ငါတို့အသုတ်ကလူတွေတောင် အခုဆိုရင် ကျောင်းတော်ထဲမှာ လူသုံးရာကျော်ပဲကျန်တော့တယ်"

စီနီယာတပည့်များသည် တစ်ယောက်နှင့်တစ်ယောက် တိုင်ပင်ဆွေးနွေးနေကြ၏။

"ဒီလိုလူတွေကြားထဲကနေ ပါရမီရှင်ဘယ်လောက်များများ ထွက်လာနိုင်မှာမလို့လဲ....ချိုင်လုံရှန်းနဲ့တူကျန့်ထျန်းကလွဲလို့ ကျန်တဲ့သူတွေအားလုံးက သာမာန်ပဲ...သူတို့ ဒီကျောင်းတော်ကိုဝင်လာတာက လူအရေအတွက်များလာတာပဲရှိမှာ"

ရုတ်တရက် အေးစက်စက်အသံတစ်သံက စီနီယာတပည့်များ၏နောက်မှ ထွက်ပေါ်လာသည်။

သူတို့က နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ အနီရောင်ဝတ်စုံဝတ်အမျိုးသမီးတစ်ယောက်က ဂုဏ်ယူဝင့်ကြွားသောအမူအယာနှင့် လျှောက်လှမ်းလာခြင်းကို တွေ့မြင်မိသည်။

"ဒါက နီချန်းမီပဲ"

"သူက နောက်ဆုံးဝင်လာတဲ့ တပည့်အုပ်စုမှာ ပထမရထားတဲ့သူမလား"

"သူ့ရဲ့ပါရမီက အရမ်းထူးခြားတယ်လို့ ငါ ကြားထားတယ်...သူ့နဲ့ကျောင်းတော်ကိုအတူတူဝင်လာကြတဲ့ တပည့်အုပ်စုထဲမှာ လူနည်းစုကပဲ သူ့ရဲ့ပြိုင်ဘက်ဖြစ်နိုင်တယ်"

နီချန်းမီရောက်လာသည်ကိုမြင်ချိန်တွင် ပတ်ဝန်းကျင်ရှိ တပည့်များအားလုံးက တစ်ယောက်ပြီးတစ်ယောက် လမ်းဖယ်ပေးလိုက်ကြ၏။

နီချန်းမီက သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။

"နင်တို့ ဒါမျိုးကို အရင်ကမကြုံတွေ့ဖူးဘူးမလား...ဒီတစ်ကြိမ်မှာ ကျောင်းတော်ရဲ့ဝင်ခွင့်စာမေးပွဲ ခက်ခဲမှုအဆင့်ကို လျော့ချထားတာက ရှေ့တန်းစစ်မျက်နှာမှာ လူအင်အားတွေလိုအပ်နေလို့ပဲ....သူတို့ ဒီကျောင်းတော်ကိုဝင်ခွင့်ရတာကလည်း အမြှောက်စာတွေအနေနဲ့ အသုံးချခံရဖို့အတွက်ပဲ"

ထို့နောက် နီချန်းမီက ခေါင်းခါယမ်းကာ ဆက်လက်ပြောဆိုလိုက်၏။

"တချို့လူတွေက သူတို့ရဲ့ကံကြမ္မာကိုတောင် သူတို့မသိကြဘဲနဲ့ သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းပါရမီရှင်လို့ထင်နေကြတယ်...နောင်အနာဂတ်မှာ သူတို့က ဘာတွေနဲ့ရင်ဆိုင်ရမှာလဲဆိုတာ သူတို့က မသိကြဘူး"

သူမက စိတ်ပျက်မှုများပြည့်နှက်နေသောမျက်လုံးအကြည့်ဖြင့် လက်ရှိနေရာတွင်ရှိနေသော တပည့်သစ်များကိုကြည့်လိုက်သည်။

တခြားစီနီယာတပည့်များသည် သူမ၏စကားကိုမငြင်းဆန်ဝံ့သဖြင့် ခြောက်ကပ်ကပ်ရယ်မောလိုက်ကြသည်။

"စီနီယာအမနီပြောတာက အမှန်တွေပါပဲ"

သူမပြောဆိုသမျှကို လူတိုင်းထောက်ခံနေကြသည်ကိုကြည့်ပြီး နီချန်းမီက အလွန်စိတ်ကျေနပ်နေသည်။

ထိုအချိန်မှာပင် နီချန်းမီ၏မျက်လုံးအကြည့်က လုယွီထံသို့ကျရောက်သွားပြီး သူမ၏မျက်လုံးများ တောက်ပသွားသည်။

"နင်က လုယွီလား"

လုယွီက သူမကိုကြည့်၍ တုံ့ပြန်ပြောဆိုလိုက်၏။

"ဟုတ်တယ်...မင်းက ဘယ်သူလဲ"

"နင်က ရှေးဟောင်းဧကရာဇ်အဆင့်မှော်လက်နက်ကိုရခဲ့တဲ့ လုယွီ...ဟုတ်တယ်မလား...နင်က ကျောင်းတော်ဝင်ခွင့်ကို နောက်ဆုံးကနေအောင်မြင်ခဲ့တယ်လို့ ငါ ကြားထားတယ်...ခစ် ခစ်...နတ်ဘုရားဓားအမတ်ကြီးရဲ့ကူညီမှုသာမရှိရင် နင့်ရဲ့ခွန်အားက အရမ်းနိမ့်ကျတယ်ဆိုတာ နင်အခုနားလည်သွားပြီမဟုတ်လား"

နီချန်းမီက လုယွီကိုနှိမ့်ချ၍ ပြောဆိုသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဒါက မင်းနဲ့ဘာဆိုင်လို့လဲ"

ယခုချိန်တွင် လူအားလုံးနီးပါးသည် လုယွီ၏ဧကရာဇ်အဆင့်မှော်လက်နက်ကို ရှဖုန်းမှလုယူသွားသည်ဟု တွေးထင်ထားကြ၏။

သို့ရာတွင် ဤသည်က လုယွီ၏နည်းဗျူဟာသက်သက်ပင်။သူ မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်ချိန်တွင် သူ ပိုင်ဆိုင်ထားသော ဧကရာဇ်အဆင့်မှော်လက်နက်ကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်အသုံးပြုနိုင်ပေမည်။ထိုအရာကို သူ့ထံမှ တခြားသူများလုယူမည်ကို သူ စိုးရိမ်ပူပန်ရတော့မည်မဟုတ်ချေ။

နီချန်းမီက အထင်အမြင်သေးသောလေသံဖြင့် ပြောဆိုသည်။

"နင်က အရမ်းအားနည်းတယ်ဆိုတာ ငါ မြင်ပြီးပြီ....ဒါကြောင့်မလို့ နင့်ကို ငါက ကံကြမ္မာကောင်းတစ်ခုပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ...တကယ်လို့ နင်က ငါ့ကို အင်မော်တယ်ကျောက်တုံးသန်းတစ်ရာပေးမယ်ဆိုရင် ငါ နင့်ကို လမ်းညွှန်မှုတချို့လုပ်ပေးမယ်...နင် ဘယ်လိုသဘောရလဲ...နင်တစ်ခုသိထားရမှာက ပြင်ပအကူအညီတွေဆိုတာ ဘာမှအရေးမပါဘူး...နင့်ရဲ့ကိုယ်ပိုင်အရည်အချင်းကသာ အစစ်အမှန်ပဲ...နင်က ဒီအခွင့်အရေးကို ဖမ်းဆုပ်ထားနိုင်ဖို့လိုအပ်တယ်"

လုယွီနှင့်ပတ်သတ်သောသတင်းများကို အင်အားစုအမြောက်အများမှ စုံစမ်းထားပြီးဖြစ်သည်။

သူ မိုးကောင်းကင်တာအိုတည်းခိုခန်း၏ထိပ်တန်းအဆင့်လှိုဏ်ဂူအိမ်ကို ငှါးရမ်းနေခဲ့သည့် အကြောင်းအရင်းကို နီချန်းမီ ကြားသိထားပြီးဖြစ်ပေမည်။

မိုးကောင်းကင်တာအိုတည်းခိုခန်းသည် တော်ဝင်မြို့တော်အတွင်း၌ အဆင့်အမြင့်ဆုံးတည်းခိုခန်းဖြစ်ပေ၏။ထိုနေရာ၏တည်းခိုစရိတ်သည် အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင်များပြားသည်။

လုယွီသည် ထိုကဲ့သို့သောနေရာမျိုးတွင် ငှါးရမ်းနေထိုင်နိုင်သဖြင့် သူ့ထံတွင် အင်မော်တယ်ကျောက်တုံးအမြောက်အများ ရှိရပေမည်။

ထို့ပြင် လုယွီသည် သူမ၏ကမ်းလှမ်းချက်ကို ငြင်းပယ်မည်မဟုတ်ဟု နီချန်းမီက အခိုင်အမာယုံကြည်ချက်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ သူမကဲ့သို့ စီနီယာတပည့်တစ်ယောက်၏လမ်းညွှန်မှုကို ရရှိမည့်အတွက် လုယွီက သူမအား ကျေးဇူးပင်တင်သင့်ပေသည်။

"ဘယ်လိုသဘောရလဲ...မြန်မြန်ဆုံးဖြတ်ချက်ချတော့....ငါ နင့်ကိုလမ်းညွှန်ပေးမယ်ဆိုတာ နင့်အတွက် ကံကြမ္မာကောင်းကြီးပဲ"

နီချန်းမီက အထက်ဆီးဆန်သောအမူအယာနှင့်ပြောဆိုသည်။

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"မလိုအပ်ဘူး"

ဘာ....

နီချန်းမီ၏မျက်လုံးများပြူးကျယ်သွားကာ သူမ၏နားကိုပင် သူမမယုံကြည်နိုင်တော့ချေ။

"နင့်ရဲ့ဦးနှောက်မှာ တစ်ခုခုများ ချို့ယွင်းနေတာလား...ငါတစ်ယောက်တည်းကပဲ ကိုယ်တိုင်ကိုယ်ကျ နင့်ကို ညွှန်ကြားပေးနိုင်မှာနော်...ကျောင်းတော်မှာရှိတဲ့ ဆရာသခင်တွေက စိတ်ရှည်ကြတာမဟုတ်ဘူး...တကယ်လို့ နင် ဒါကိုနားမလည်ဘူးဆိုရင် ကျောင်းတော်ကနေနှင်ထုတ်ခံရလိမ့်မယ်...အဲ့ဒီအချိန်ကျမှ နင် ဝမ်းနည်းနေရင်တော့ အချိန်အရမ်းနောက်ကျသွားပြီ"

Chapter 2259

လုယွီက မျက်မှောင်ကြုတ်လိုက်၏။

"မင်း တခြားသူတွေကို လမ်းညွှန်မှုပေးတာ ပိုကောင်းလိမ့်မယ်...ငါ့ကို သင်ကြားပေးဖို့လား....မင်း လုပ်နိုင်မှာမဟုတ်ဘူး"

လုယွီ၏အမြင်အရ အကြည့်တစ်ချက်ဖြင့်ပင် နီချန်းမီ၏ခွန်အားသည် လောကီအင်မော်တယ်နယ်ပယ်၌ရှိနေကြောင်း တွေ့မြင်ပြီးဖြစ်သည်။

တော်ဝင်စစ်တပ်အတွင်း၌ ဤကဲ့သို့ခွန်အားမျိုးသည် ရှေ့ပြေးတပ်မှူးဖြစ်ရန် လုံလောက်သည်ထက်ပိုပေ၏။

သို့ရာတွင် လုယွီ၏ရှေ့တွင် ဤကဲ့သို့ခွန်အားအဆင့်သည် ပုရွက်ဆိတ်တစ်ကောင်ထက်မပိုချေ။

သူမသည် လုယွီအား လမ်းညွှန်ပေးမည်ဟု လာရောက်ပြောဆိုနေခြင်းမှာ ရယ်စရာပြက်လုံးတစ်ခုပင်။

"နင်က ဘာက နင့်အတွက်ကောင်းတယ်ဆိုတာကို တကယ်မသိတဲ့ကောင်ပဲ"

နီချန်းမီက ဒေါသတကြီးအော်ဟစ်ကာ လှောင်ပြောင်ရယ်မောလိုက်၏။

"ကောင်းပြီလေ...နင် ဒီကိစ္စကို အနှေးနဲ့အမြန် နောင်တရလာလိမ့်မယ်"

ထို့နောက် သူမက နောက်သို့ပြန်လှည့်၍ ထွက်ခွါသွားကာ နောက်ထပ်တပည့်အသစ်များကို ထပ်မံ၍ရှာဖွေနေလေသည်။

တချို့တပည့်အသစ်များသည် စီနီယာတပည့်တစ်ယောက်မှ သူတို့အားသင်ကြားပေးမည်ဟူသောစကားကိုကြားသည်နှင့် အလွန်ဝမ်းသာပျော်ရွှင်သွားကြကာ သူတို့၏အင်မော်တယ်ကျောက်တုံးများကို အလျှင်အမြန် ပေးအပ်လိုက်ကြသည်။

သို့ရာတွင် နီချန်းမီသည် လုယွီကိုသာ အထူးသီးသန့် ပစ်မှန်ထားထားပုံရသည်။ထိုတပည့်အသစ်များသည် အင်မော်တယ်ကျောက်တုံးငါးသိန်းသာပေးရန်လိုအပ်ပြီး လုယွီအား တောင်းဆိုသောပမာဏထက် များစွာပို၍နည်းပါးလေ၏။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နီချန်းမီသည် နောက်လိုက်ဆယ်ယောက်ကျော်ခန့် ရရှိသွားလေပြီ။

"အမြင်ကျဥ်းလိုက်တဲ့ကောင်...ဝင်ခွင့်စာမေးပွဲကို နောက်ဆုံးကနေအောင်မြင်ခဲ့တဲ့ နင်ရဲ့အရည်အချင်းနဲ့ အနှေးနဲ့အမြန် ကျောင်းတော်ကနေ ထုတ်ပယ်ခံရမှာပဲ"

နီချန်းမီက သရော်တော်တော်ပြောဆိုသည်။

မူလင်းက လေသံနှိမ့်၍ ပြောဆိုလိုက်၏။

"အဲ့ဒီမိန်းကလေးကိုကြည့်ရတာ တခြားသူတွေကို အထင်အမြင်သေးပုံပဲ...အကိုကြီးလုရဲ့စွမ်းဆောင်နိုင်မှုတွေကို သူ သိပုံမရဘူး"

လုယွီသည် ဤကဲ့သို့ရန်စမှုများကို ဂရုစိုက်ခြင်းမရှိချေ။

ကျင့်ကြံခြင်းလောကတွင် ဤကဲ့သို့ဖြစ်ရပ်မျိုးအမြောက်အများ ရှိနေပေသည်။အကယ်၍ လုယွီသည် ထိုကိစ္စရပ်တိုင်းကို သူ၏စိတ်အတွင်းသို့ ထည့်သွင်းနေပါက သူအလွန်ပင်ပန်းနွမ်းနယ်ရပေမည်။

မကြာမီမှာပင် တပည့်များအားလုံးစုဝေးကာ မိုးကောင်းကင်ကျမ်းစာဆောင်သို့ဦးတည်၍ လျှောက်လှမ်းသွားကြသည်။

မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌ မရေမတွက်နိုင်သောစာအုပ်များရှိနေသည်။ဤနေရာတွင် ကျင့်ကြံနည်းစနစ်များ ရှေးဟောင်းစာအုပ်များနှင့် လျှို့ဝှက်မှတ်တမ်းများကို ထားရှိသည်။ရှေးဟောင်းအချိန်ကာလများမှ အဖိုးတန်ရှားပါးသောကျမ်းစာတချို့ကိုပင် ဤနေရာ၌သိုဝှက်ထားသည်ဟု ဆိုကြ၏။ဤနေရာတွင် တာအိုကျမ်းစာများအတွင်း၌ မှတ်တမ်းတင်ထားသော ရှေးဟောင်းစာအုပ်တချို့ပင်ရှိနေသည်။

အဆင့်ခွဲခြားထားမှုအရ မိုးကောင်ကင်ကျမ်းစာဆောင်၏အထပ်ပို၍မြင့်မားလေလေ ထိုနေရာရှိစာအုပ်များသည် ပို၍အဖိုးတန်ရှားပါးလာလေလေပင်။

တပည့်သစ်များအားလုံးသည် မိုးကောင်းကင်ကျမ်းစာဆောင်၏ပထမထပ်မှ ကျင့်ကြံနည်းစနစ်တစ်ခုကိုသာ ရွေးချယ်ငှါးရမ်းခွင့်ရပေမည်။

ထိုကျင့်ကြံနည်းစနစ်ကိုငှါးယူရာတွင်လည်း အချိန်အကန့်အသတ်ရှိသည်။သတ်မှတ်ချိန်စေ့ပါက တပည့်သစ်များသည် ထိုစာအုပ်များကို မိုးကောင်းကင်ကျမ်းစာဆောင်သို့ ပြန်လည်ပို့ဆောင်ရပေမည်။ထိုသို့မဟုတ်ပါက သူတို့သည် စည်းမျဥ်းများအရ အပြစ်ပေးခြင်းခံရပေလိမ့်မည်။

အကယ်၍ တစ်စုံတစ်ယောက်သည် မိုးကောင်းကင်ကျမ်းစာဆောင်၏မြင့်မားသောအထပ်များဆီသို့ သွားလိုပါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ချမှတ်ထားသော အထူးသီးသန့်တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်ကာ အကျိုးဆောင်ရမှတ်များစုဆောင်းရန်လိုအပ်သည်။

ကျောင်းတော်သို့ ယခုမှစတင်ဝင်ရောက်လာသော တပည့်သစ်များထံတွင် မည်သည့်အကျိုးဆောင်ရမှတ်မျှရှိမနေချေ။သို့ရာတွင် မိုးကောင်းကင်ကျမ်းစာဆောင်ပထမထပ်၌ရှိနေသော ကျင့်ကြံနည်းစနစ်များသည်ပင် ပြင်ပလောက၌အဖိုးတန်ရှားပါးသောအရာများဖြစ်ပေ၏။

"ဒီမိုးကောင်းကင်ကျမ်းစာဆောင်ကို ဝင်္ကပါအလွှာတစ်ခုနဲ့လွှမ်းခြုံထားတာပဲ...ဒီနေရာရဲ့အကာအကွယ်ဝင်္ကပါက ကျောင်းတော်အဝင်တံခါးမကြီးကဝင်္ကပါထက် ပိုပြီးအဆင့်မြင့်တယ်"

လုယွီက ခေါင်းမော့ကာ နံဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် လေ့လာဆန်းစစ်လိုက်သည်။

ဤနေရာသို့ တပည့်သစ်တစ်ထောင်ကျော်ခန့် ဝင်ရောက်လာကြ၏။သို့ရာတွင် မိုးကောင်းကင်ကျမ်းစာဆောင်သည် အလွန်ကျယ်ဝန်းသဖြင့် တပည့်များသည် ကျပ်ညပ်နေသည်ဟု ခံစားရခြင်းမရှိချေ။

မိုးကောင်းကင်ကျမ်းစာဆောင်၏အရွယ်အစားသည် သေမျိုးတိုင်းပြည်တစ်ပြည်၏မြို့ငယ်တစ်မြို့စာမျှရှိနေသည်။တစ်စုံတစ်ယောက်သည် ကျမ်းစာဆောင်အတွင်းသို့ ဝင်ရောက်လာစဥ်တွင် အဆုံးသတ်ကိုတွေ့မြင်နိုင်မည်မဟုတ်ချေ။သုံးကျန်း လေးကျန်းခန့်မြင့်မားသော စာအုပ်စင်ကြီးများက နေရာအနှံ့အပြား၌ရှိနေကာ ထိုစင်များပေါ်၌ အမျိုးအစားစုံလင်သောစာအုပ်များရှိနေပေ၏။

လူတိုင်းသည် သတ်မှတ်ထားသောနေရာတွင်သာ မတ်တတ်ရပ်နေကြပြီး လူအုပ်ကြီး၏အစွန်းဘက်တွင် အလင်းစက်ဝန်းတစ်ခုရှိနေသည်။အကယ်၍ တစ်စုံတစ်ယောက်သည် ခွင့်ပြုချက်မရှိဘဲ ထိုအလင်းစက်ဝန်းအတွင်းသို့ ခြေချမိပါက အင်အားသုံး၍ကျုးကျော်သည်ဟု ယူဆခံရကာ ဝင်္ကပါ၏တိုက်ခိုက်ခြင်းခံရပေမည်။

"ငါက မိုးကောင်းကင်ကျမ်းစာဆောင်ရဲ့ဝင်္ကပါစိတ်ဝိညာဥ်ပဲ...မင်းတို့အားလုံး ဒီနေရာကစာအုပ်တွေကိုရွေးချယ်ဖို့အတွက် အချိန်နှစ်နာရီရမယ်...လူတိုင်း စာအုပ်တစ်အုပ်စီရွေးချယ်ခွင့်ရပြီးတော့ တစ်လအကြာမှာ ပြန်လာပေးရမယ်...တကယ်လို့ စာအုပ်ပျက်စီးသွားတာပဲဖြစ်ဖြစ် ပျောက်ဆုံးသွားတာပဲဖြစ်ဖြစ်...မင်းတို့က ကိုးဆပြန်ပေးရလိမ့်မယ်"

အလင်းစက်ဝန်းအတွင်းမှနေ၍ အဖိုးအိုတစ်ယောက်ထွက်လာကာ အရိပ်တစ်ရိပ်အလား လေထုအတွင်း၌ မျောလွင့်နေသည်။

ဤသည်က ဝင်္ကပါ၏စိတ်ဝိညာဥ်ပင်။သူသည် လူသားတစ်ယောက်မဟုတ်သော်လည်း သူ့ထံတွင်ကိုယ်ပိုင်အသိဥာဏ်ရှိပေ၏။

"ဒါက ပထမထပ်ကစာအုပ်တွေဖြစ်နေတာကြောင့် အပြစ်ပေးမှုက မပြင်းထန်ဘူး...တကယ်လို့ မင်းတို့က ပိုပြီးမြင့်မားတဲ့ အထပ်တွေကိုသွားနိုင်မယ့် အခွင့်အရေးရခဲ့မယ်ဆိုရင်....စာအုပ်တစ်အုပ်ပျောက်ဆုံးတာနဲ့...အပေါ့ပါးဆုံးပြန်ပေးဆပ်ရမှာက မင်းတို့ရဲ့အသက်ပဲ"

ဝင်္ကပါစိတ်ဝိညာဥ်က ဆက်လက်ပြောဆိုသည်။

Chapter 2260

ဝင်္ကပါစိတ်ဝိညာဥ်က လူတိုင်းကိုဝေ့ဝိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။

"မင်းတို့အားလုံး ဝင်လာလို့ရပြီ...မင်းတို့မှတ်ထားရမှာက ခွင့်ပြုချက်မရှိဘဲနဲ့ တခြားအထပ်တွေကို တက်မသွားဖို့ပဲ"

တပည့်သစ်များအားလုံးသည် စောင့်ဆိုင်းနေခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ဝင်္ကပါစိတ်ဝိညာဥ်ထံမှ ဝင်ခွင့်ပြုလိုက်သောစကားကိုကြားချိန်တွင် သူတို့အားလုံး အလျင်စလိုပြေးဝင်လိုက်ကြ၏။

အချိန်နှစ်နာရီသည် ကြာမြင့်သည်ဟုဆိုနိုင်သော်လည်း ဤနေရာ၌ ရှေးဟောင်းစာအုပ်အမြောက်အများရှိနေကာ ပင်လယ်သမုဒ္ဒရာကြီးကဲ့သို့ ကြီးမားကျယ်ပြန့်သည်။အကယ်၍ သူတို့သည် ဤနေရာ၌ သုံးရက်တိုင်တိုင် နေထိုင်ခွင့်ရလျှင်ပင် သူတို့မြင်တွေ့နိုင်သောစာအုပ်များသည် ရေခဲတောင်ကြီး၏အစွန်အဖျားမျှသာရှိပေမည်။

"အာ့ ငါ ရူးတော့မှာပဲ...ဒါက ပျောက်ဆုံးနေတာ အချိန်ကြာမြင့်နေပြီဖြစ်တဲ့ ရွှေရောင်နဂါးကျမ်းစာမဟုတ်လား"

"နတ်ဆိုးမျက်လုံးဂိုဏ်းရဲ့လှည့်ဖျားခြင်းမျက်လုံးနည်းစနစ်ပါလား...အဲ့ဒီဂိုဏ်းပျက်သုဥ်းသွားပြီးတဲ့နောက် ဒီနည်းစနစ်ကလည်း သဲလွန်စတောင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့တယ်...ဒီနေရာမှာ သိမ်းဆည်းထားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

တပည့်သစ်များသည် သူတို့ရှေ့ရှိစာအုပ်များကို မြင်တွေ့မိချိန်တွင် အလွန်စိတ်လှုပ်ရှားနေကြ၏။ဤနေရာရှိ မည်သည့်စာအုပ်မဆို ပြင်ပလောကတွင် ပျံ့နှံ့သွားပါက သွေးမုန်တိုင်းများ ထန်သွားပေလိမ့်မည်။

မှော်ရတနာများ သံချပ်ကာများ မှော်သားရဲများ ဆေးလုံးများနှင့် ကျင့်ကြံနည်းစနစ်များသည် ကျင့်ကြံသူတိုင်းအတွက် လွန်စွာအရေးပါသည်။ကျင့်ကြံနည်းစနစ်ကောင်းတစ်ခုသည် တစ်စုံတစ်ယောက်၏ကျင့်ကြံမှုကို ခုန်ပျံကျော်လွှား၍ တိုးတက်သွားစေရုံသာမက ထိုကျင့်ကြံသူကို လမ်းလွဲသို့ရောက်ရှိမသွားစေရန်လည်း ကာကွယ်ပေးသည်။ထို့ကြောင့် ထိုအရာများအကြား၌ ကျင့်ကြံနည်းစနစ်များသည် အဖိုးတန်ဆုံးဖြစ်ပေ၏။

တပည့်သစ်အများစုသည် စာအုပ်များရွေးချယ်ရာ၌ ဇဝေဇဝါဖြစ်နေကြသည်။သူတို့သည် မည်သည့်အရာကို ရွေးချယ်သည်ဖြစ်စေ အလွန်အမင်းကောင်းမွန်ပုံရသည်။သို့ရာတွင် ဤနေရာ၌ ကျင့်ကြံနည်းစနစ်များ အမြောက်အများရှိမနေချေ။အကယ်၍ သူတို့သာ လွယ်လင့်တကူရွေးချယ်လိုက်ပါက အကောင်းဆုံးအရာဖြစ်နိုင်မည်မဟုတ်ချေ။ထိုသို့ဖြစ်ပျက်လာမည်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ မလိုလားကြပေ။

တပည့်သစ်များက စာအုပ်များကိုရွေးချယ်နေကြစဥ်တွင် ချိုင်လုံရှန်းက ရုတ်တရက် လူအုပ်အကြားမှနေ၍ ရှေ့သို့ထွက်လိုက်၏။

မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းသို့ သူ ရောက်ရှိစဥ်အချိန်မှစ၍ သူ၏နံဘေးပတ်ဝန်းကျင်ရှိ စာအုပ်များအားလုံးကို ချိုင်လုံရှန်းက လျစ်လျှုရှုထားခဲ့သည်။သူက နံပါတ်ပြားတစ်ခုကို သူ၏လက်အတွင်း၌ကိုင်ဆောင်၍ ဝင်္ကပါစိတ်ဝိညာဥ်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။

ဝင်္ကပါစိတ်ဝိညာဥ်သည် တံဆိပ်ပြားကိုဂရုတစိုက်စစ်ဆေးပြီးနောက် ပြောဆိုလိုက်၏။

"အကျိုးဆောင်ရမှတ်တစ်ထောင်...မင်း ဒုတိယထပ်ကို ဝင်ခွင့်ရတယ်"

လူတိုင်းက ကြက်သေသေသွားကြကာ ချိုင်လုံရှန်းကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

သူသည် လတ်တလောမှ ကျောင်းတော်သို့ဝင်ရောက်လာသည့် တပည့်သစ်တစ်ယောက်မဟုတ်လော...မည်သည်ကြောင့် သူ့ထံတွင် အကျိုးဆောင်ရမှတ်များရှိနေသနည်း...

"မနေ့က သူ ကျောင်းတော်ရဲ့ အရမ်းခက်ခဲတဲ့တာဝန်တစ်ခုကို ဆောင်ရွက်ခဲ့ပြီးတော့ အဲ့ဒီအကျိုးဆောင်ရမှတ်တွေကိုရထားတာလို့ ငါ ကြားထားတယ်"

"ဒါက သုံးရက်ပဲရှိသေးတယ်လေ..တကယ်လို့ သူက စီနီယာတပည့်တစ်ယောက် ဖြစ်နေရင်တောင် အကျိုးဆောင်ရမှတ်တစ်ထောင်ရဖို့ အချိန်အကြာကြီးစုဆောင်းရမယ်...ဟုတ်တယ်မလား"

"သူက အိမ်ရှေ့စံမင်းသားလေ...သူ့ရဲ့ပါရမီအရည်အချင်းနဲ့အရင်းအမြစ်တွေကို ငါတို့ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး"

တပည့်သစ်များသည် ချိုင်လုံရှန်းကို မနာလိုအားကျနေကြ၏။ဒုတိယထပ်ရှိ ရှေးဟောင်းစာအုပ်များသည် ပထမထပ်ထက် များစွာပို၍ကောင်းမွန်ပေလိမ့်မည်။

ပထမထပ်ရှိစာအုပ်များပင်လျှင် အလွန်အဖိုးတန်ရှားပါးသောအရာများဖြစ်ရာ ပို၍အဆင့်မြင့်သော ဒုတိယထပ်ဆိုပါက ဆိုဖွယ်ရာပင်မရှိချေ။

"ဟား ဟား ဟား...နောက်ဆုံးတော့ ငါ ဒါကိုလုပ်နိုင်ပြီ"

ထိုအချိန်မှာပင် ခက်ထန်ကြမ်းတမ်းသောအသံတစ်သံက လူအုပ်ကြီး၏နောက်မှ ထွက်ပေါ်လာသည်။

တံခါးအနီး၌ရပ်နေသော တပည့်များသည် ရုတ်တရက် လေပြင်းတစ်ချက်ဝှေ့ယမ်းတိုက်ခိုက်လာမှုကြောင့် လွင့်ထွက်သွားကြ၏။သူတို့သည် အလွန်အမင်း ဒေါသထွက်သွားကြသော်လည်း ရုတ်တရက် တံခါး၏ပြင်ပတွင် သန်မာထွားကျိုင်းသောလူရိပ်တစ်ရိပ် မတ်တတ်ရပ်နေခြင်းကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။

"တူ...တူကျန့်ထျန်း"

ရုတ်ချည်းဆိုသလိုပင် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားကာ မည်သည့်စကားမျှ မဆိုဝံ့ကြတော့ချေ။

တူကျန့်ထျန်းသည် ထိုလူများကို ကြည့်ရှုခြင်းပင်မပြုပေ။သူက ဝင်္ကပါစိတ်ဝိညာဥ်ထံသို့ လျှောက်လှမ်းသွားကာ သူ၏နံပါတ်ပြားကို လက်ကမ်းပေးလိုက်၏။

ထိုနံပါတ်ပြားကို ဂရုတစိုက်စစ်ဆေးပြီးနောက် ဝင်္ကပါစိတ်ဝိညာဥ်က ပြောဆိုသည်။

"မင်းမှာ အကျိုးဆောင်ရမှတ်တစ်ထောင်ရှိနေတာပဲ...မင်းလည်းပဲ ဒုတိယထပ်ကိုသွားနိုင်တယ်"

ထိုစကားကိုကြားချိန်တွင် ပတ်ဝန်းကျင်ရှိတပည့်များထံမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ထွက်ပေါ်လာသည်။

ချိုင်လုံရှန်းသည် မင်းသားတစ်ပါးဖြစ်သဖြင့် အားကောင်းသော နောက်ခံအင်အားရှိနေလေရာ အချိန်တိုအတွင်းတွင် ဂိုဏ်းအကျိုးဆောင်ရမှတ်အမြောက်အများကို ရှာဖွေနိုင်ခဲ့သည်။

မမျှော်လင့်ဘဲ တူကျန့်ထျန်းတွင်လည်း ထိုကဲ့သို့အရည်အချင်းမျိုးရှိနေလေ၏။

တူကျန့်ထျန်း၏ခန္ဓာကိုယ်မှထွက်ပေါ်နေသော ပြင်းထန်သောသွေးညှီနံများကို ကြည့်ခြင်းအားဖြင့် သူသည် မကြာသေးမီကမှ ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို ဆင်နွှဲခဲ့ခြင်းမှာ သိသာထင်ရှားသည်။

တူကျန့်ထျန်းက အော်ဟစ်ရယ်မောကာ မောက်မာဝံ့ကြွားသောအမူအယာဖြင့် ဒုတိယထပ်သို့ လျှောက်လှမ်းသွားလေသည်။

တပည့်အများစုသည် ထိုလူနှစ်ယောက်ကို မနာလိုအားကျသောအကြည့်များဖြင့် စူးစိုက်၍ကြည့်နေကြ၏။

သူတို့နှစ်ယောက်၏ခွန်အားသည် လက်ရှိနေရာတွင်ရှိနေသော တပည့်အများစုထက် အားကောင်းသန်မာပြီးဖြစ်သည်။ယခုချိန်တွင် ဒုတိယထပ်မှ ကျင့်ကြံနည်းစနစ်များ၏အကူအညီဖြင့် ထိုလူနှစ်ယောက်သည် တပည့်သစ်များအားလုံးကို ကျော်ဖြတ်သွားနိုင်မည်မှာ တိကျသေချာသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သို့ ဝင်ရောက်ပြီးသည်နှင့် တပည့်များအားလုံးသည် ပြိုင်ဘက်များဖြစ်ပေ၏။သူတို့၏ရှေ့တွင် ဤကဲ့သို့အစွမ်းထက်သော ပြိုင်ဘက်မျိုးရှိနေသဖြင့် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ အစွမ်းအစမဲ့သကဲ့သို့ ခံစားနေရသည်။

All Chapters