အခန်း (၂၂၆၁-၂၂၆၅)
Vol. 116 Ch. 2261-2265
Chapter 2261
"ကြည့်နေတာကို ရပ်လိုက်ကြစမ်း...နင်တို့အားလုံးက ဒီလိုပါရမီရှင်မျိုးတွေထက် နိမ့်ကျတာဘာထူးဆန်းလို့လဲ"
နီချန်းမီက ခက်ထန်တင်းမာသောအသံဖြင့် အော်ငေါက်လိုက်သည်။
သူမသည် စီနီယာတပည့်တစ်ယောက်ဖြစ်သော်လည်း အကျိုးဆောင်ရမှတ်ငါးရာကျော်ကိုသာ စုဆောင်းထားနိုင်ခဲ့သည်။
နီချန်းမီသည် သူမ၏စိတ်နှလုံးသားအတွင်းမှနေ၍ အလွန်အမင်းမနာလိုဖြစ်နေသော်လည်း ချိုင်လုံရှန်းဖြစ်စေ တူကျန့်ထျန်းဖြစ်စေ ယခုချိန်တွင် သူမမော့ကြည့်နေရုံသာတက်နိုင်သော တည်ရှိမှုကြီးများဖြစ်သည်။
အကယ်၍ ကွာဟချက်သည် အလွန်ကြီးမားပါက မနာလိုမှုများသည် လေးစားကြည်ညိုခြင်းအဖြစ်သို့ ပြောင်းလဲသွားပေမည်။
နီချန်းမီသည် ပတ်ဝန်းကျင်ရှိတပည့်သစ်များကို လှည့်ပတ်၍ကြည့်ရှုပြီးနောက် သူမ၏မျက်နှာပေါ်၌ ဂုဏ်ယူဝင့်ကြွားသောအမူအယာမျိုး ပြန်လည်၍ထင်ဟပ်လာသည်။
"နင့်ရဲ့ အထူးပြုမှော်စွမ်းအား ငါ့ကိုပြော...ငါ နင့်အတွက် ရွေးချယ်ပေးမယ်"
နီချန်းမီက ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် သူမအား အင်မော်တယ်ကျောက်တုံးများပေးအပ်ထားသော တပည့်များသည် သူတို့၏အခြေအနေများကို တစ်ယောက်ပြီးတစ်ယောက် သူမအား ပြောဆိုလိုက်ကြ၏။နီချန်းမီသည် သူတို့အား သာမာန်ကာလျှံကာလမ်းညွှန်မှုများပေးကာ သူတို့အတွက် သင့်လျော်သောစာအုပ်များကို ရွေးချယ်ပေးလိုက်သည်။
မကြာမီမှာပင် နီချန်းမီ၏နောက်လိုက် တပည့်သစ်များအားလုံး သူတို့နှင့်သက်ဆိုင်ရာ ကျင့်ကြံနည်းစနစ်များကို ရရှိသွားကြသည်။
"တချို့လူတွေက အရမ်းအမြင်ကျဥ်းတယ်...မျက်စိမှိတ်ပြီးရွေးချယ်တာထက် စီနီယာတွေရဲ့ညွှန်ပြမှုကို လက်ခံတာက ပိုကောင်းတယ်ဆိုတာ မသိကြဘူး"
လုယွီသည် နေရာမှာပင် မတ်တတ်ရပ်နေဆဲဖြစ်သည်ကိုကြည့်ပြီး နီချန်းမီက ပြက်ရယ်ပြုပြောဆိုလိုက်၏။
နီချန်းမီ၏အမြင်အရ လုယွီသည် သူ့ရှေ့ရှိမြင်ကွင်းကြောင့် အံ့အားသင့်နေကာ မည်ကဲ့သို့ရွေးချယ်ရမည်ကို မသိသောကြောင့် ကြက်သေသေနေခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့ရာတွင် ထိုအသံသည် လုယွီ၏နားအတွင်းသို့ ဝင်ရောက်လာချိန်တွင် လူရမ်းကားတစ်ယောက်၏အတင်းအဖျင်းပြောသံအလား သူ၏စိတ်ကို အနည်းငယ်မျှပင် သက်ရောက်စေခြင်းမရှိချေ။
"ညီလေးလု...ငါတို့အတွက် ကျင့်ကြံနည်းစနစ်တွေကို မင်း ကူညီပြီးတော့ ရွေးချယ်ပေးနိုင်မလား"
မူချင်းရှန်နှင့်မူလင်းတို့သည် ကြာရှည်မစောင့်ဆိုင်းနိုင်တော့သဖြင့် သူတို့၏ပတ်ဝန်းကျင်ရှိ ကျင့်ကြံနည်းစနစ်များကို စတင်၍ရှာဖွေလိုက်ကြသည်။
ဤနေရာရှိ ကျင့်ကြံနည်းစနစ်အများစုသည် အလွန်အမင်း အစွမ်းထက်ပေ၏။ထိုအရာများကို ပြင်ပလောကတွင် ရှာဖွေနိုင်ရန် အလွန်အမင်းခက်ခဲကာ အဖိုးတန်ရှားပါးသည်။
ဤအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်လုံး၏လက်အတွင်း၌ စာအုပ်ငါးအုပ် ခြောက်အုပ်ခန့် ကိုင်ဆောင်ထားသည်။
သူတို့ထံတွင် ရွေးချယ်ရန် အချိန်နှစ်နာရီသာရရှိသော်လည်း ဤနေရာတွင်စာအုပ်များ အလွန်များပြားလေရာ ရွေးချယ်ရန် အလွန်အမင်းခက်ခဲနေပေ၏။
တပည့်သစ်များသည် မှန်ကန်စွာရွေးချယ်နိုင်ရန်သာ လိုအပ်သည်။ကျင့်ကြံနည်းစနစ်စာအုပ်တိုင်း၏အဖုံးတွင် မှော်မန္တန်အတိုလေးများကိုသာ အညွှန်းအဖြစ်ရေးသားထားသည်။စာအုပ်အတွင်း၌ရှိနေသော အရာများအားလုံးကို တွေ့မြင်နိုင်ခြင်းမရှိချေ။
သူတို့သည် စာအုပ်များကို ငှါးရမ်းပြီးနောက်မှသာ အတွင်းရှိအရာများကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပေမည်။
ဤသည်က ရွေးချယ်မှု၏အခက်အခဲကို တိုးမြှင့်သွားစေသည်မှာ သံသယဖြစ်ဖွယ်မရှိချေ။
လုယွီက မူချင်းရှန်နှင့်မူလင်းတို့၏လက်များအတွင်းမှ စာအုပ်များကို တစ်ချက်ကြည့်လိုက်သည်။သူသည် စိတ်အတွင်းမှနေ၍ မူမောင်နှမနှစ်ယောက်အတွက် စဥ်းစားတွေးတောပြီးလေပြီ။
"ချင်းရှန်ရဲ့ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်က ထိပ်တန်းအဆင့်ဖြစ်နေပြီးသားပဲ...ဒါပေမယ့် သင့်တော်တဲ့မှော်လက်နက်မရှိဘူး...မင်းကိုင်ထားတဲ့ 'နတ်ဘုရားလက်နက်မှော်မန္တန်'ကမဆိုးဘူး...ဒါက မင်းရဲ့မှော်စွမ်းအားတွေကို သိပ်သည်းပြီးတော့ မှော်လက်နက်အနေနဲ့ အသုံးပြုနိုင်တယ်...ပြီးတော့ ဒီနည်းစနစ်က တိုက်ခိုက်နေတဲ့အချိန်မှာတောင် အဆက်မပြတ် ပြောင်းလဲအသုံးပြုနိုင်တယ်...ဒီထက်ပိုပြီးအရေးအကြီးဆုံးအရာက ခန္ဓာကိုယ်ကျင့်ကြံတဲ့သူတွေအတွက် အရေးအကြီးဆုံးက ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံဖို့ပဲ...ကျင့်ကြံနည်းစနစ်တွေအများကြီးကျင့်ကြံတာက မင်းကို ရှုပ်ထွေးသွားစေနိုင်တယ်...ဒီနတ်ဘုရားလက်နက်မှော်မန္တန်နဲ့ဆိုရင် မင်းရဲ့ခွန်အား အများကြီးတိုးတက်လာလိမ့်မယ်"
လုယွီက ပြောဆိုသည်။
မူချင်းရှန်၏မျက်လုံးများ တောက်ပသွားကာ သူက ကျေးဇူးတင်ကြောင်း အလျှင်အမြန် ပြောဆိုလေ၏။
"ညီလေးလုရဲ့စကားလုံးတွေက ငါ့ကို တကယ်ပဲနိုးထသွားစေတယ်"
ထို့နောက် မူချင်းရှန်က သူ၏ညီမဖြစ်သူအတွက် ကျင့်ကြံနည်းစနစ်တစ်ခုရွေးချယ်ပေးရန် လုယွီအား ဆက်လက်၍တောင်းဆိုသည်။
လုယွီက မူချင်း၏လက်အတွင်းမှစာအုပ်များကို တစ်ချက်ကြည့်လိုက်သည်။သူမရွေးချယ်ထားသော ကျင့်ကြံနည်းစနစ်အများစုသည် ယန်ဓာတ်ပြင်းထန်သောနည်းစနစ်များဖြစ်ကာ ယခင်က လုယွီ အကြံပေးခဲ့သောစကားကို သူမ လိုက်နာခဲ့သည်မှာ သိသာထင်ရှားလှ၏။
စာအုပ်များ၏အညွှန်းမှော်မန္တန်များကို အနည်းငယ်ဖတ်ရှုပြီးနောက် လုယွီက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ဒီစာအုပ်တွေအားလုံးက မဆိုးပါဘူး...အဲ့ဒီနည်းစနစ်တွေထဲမှာ 'နေမင်းကျမ်းစာ'က ခြစ်ခြစ်တောက်ပူပြင်းတဲ့နေစွမ်းအင်ကို လှုံဆော်ရတာ...ဒါက အရာရာကိုလောင်ကျွမ်းစေနိုင်ပြီးတော့ အရမ်းအစွမ်းထက်တယ်...ဒါပေမယ့် မင်းက ပိုပြီးမြင့်မားတဲ့အောင်မြင်မှုကို လိုချင်တယ်ဆိုရင် 'ကျားကိုးကောင်နတ်ဆိုးခန္ဓာကိုယ်နည်းစနစ်'ကိုရွေးချယ်ဖို့ ငါ အကြံပေးချင်တယ်...မင်းက အရိုးရှင်းဆုံးခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်နဲ့စတင်တာ ပိုကောင်းလိမ့်မယ်"
"ဘာကိုရွေးချယ်မလဲဆိုတာကတော့...မင်းရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်တယ်"
လုယွီ၏စကား အဆုံးသတ်သွားချိန်တွင် သူ၏နောက်မှနေ၍ သရော်တော်တော်ပြောဆိုလိုက်သံတစ်သံကို ကြားလိုက်ရသည်။
"တပည့်အသစ်တွေက ဘယ်ချိန်ကစပြီး တခြားသူတွေကို ကျင့်ကြံနည်းစနစ်ရွေးချယ်ပေးဖို့ အရည်အချင်းပြည့်မီသွားတာလဲ....ငါ ရယ်ရလွန်းလို့သေတော့မယ်...သူက ယင်စွမ်းအားနဲ့နူးညံသိမ်မွေ့မှုကို အသားပေးတဲ့ ရေစွမ်းအင်အထူးပြုကျင့်ကြံနည်းစနစ်ကို ကျင့်ကြံခဲ့တာ အသိသာကြီးလေ...ဒါပေမယ့် နင်က သူ့ကို ရုပ်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို ရွေးချယ်ခိုင်းနေတယ်....ဒါက အရမ်းရယ်ဖို့ကောင်းတာပဲ"
Chapter 2262
ထိုစကားကိုပြောဆိုလိုက်သူမှာ နီချန်းမီပင်။
လုယွီသည် သူမကဲ့သို့ပင် တခြားတပည့်များအား ကျင့်ကြံနည်းစနစ်များရွေးချယ်ရာ၌ လမ်းညွှန်ပေးနေသည်ကိုမြင်တွေ့ချိန်တွင် သူမက မအောင့်အည်းနိုင်တော့ဘဲ လှောင်ပြောင်သရော်လိုက်၏။
သူမ နီချန်းမီသည် အတွေ့အကြုံနှင့်အရည်အချင်းပေါ် အမှီပြု၍ တပည့်သစ်များကို ကျင့်ကြံနည်းစနစ်များရွေးချယ်ရာ၌ လမ်းညွှန်ပေးခြင်းဖြစ်သည်။လုယွီထံတွင် ထိုကဲ့သို့အရည်အချင်းမျိုး မည်သည့်နည်းဖြင့် ရှိနိုင်မည်နည်း။
မူလင်းက နီချန်းမီ၏စကားကို နှစ်ခြိုက်ပုံမရဘဲ ပြောဆိုလိုက်၏။
"အကိုကြီးလုပြောတာတွေက ဘယ်တော့မှမမှားဘူး...ဒါကို စီနီယာအမ နားလည်မှာမဟုတ်ဘူး"
ထို့နောက်သူမက ကျားကိုးကောင်နတ်ဆိုးခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကိုကောက်ယူကာ ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။
"ကျွန်မ ဒါကိုပဲ ရွေးချယ်မယ်"
"ခေါင်းမာလိုက်တာ...နောင်တစ်ချိန်ကျရင် နင် ဒီကိစ္စအတွက် နောင်တရနေလိမ့်မယ်"
နီချန်းမီက သရော်တော်တော်လေသံဖြင့် ဆက်လက်ပြောဆိုသည်။
"ကြည့်ရတာတော့ အသုံးမကျတဲ့သူတွေက တစ်ဖွဲ့တည်းစုနေပုံပဲ...နင်တို့လိုငတုံးငအတွေက နောက်ဆုံးကျရင် အမြှောက်စာတွေအဖြစ်နဲ့ ရှေ့တန်းစစ်မျက်နှာကို ပို့ခံရပြီးတော့ နင်တို့ရဲ့ဘဝတွေ အဆုံးသတ်ရမှာပဲ"
ထို့နောက် နီချန်းမီက ဂုဏ်ယူဝင့်ကြွားသောအမူအယာဖြင့် သူမ၏ခေါင်းကို မော့လိုက်၏။
"ဒါက အမှန်တရားပဲ...တကယ်လို့ ငါက နင်တို့ကိုပြောပြရင်တောင် နင်တို့ နားလည်မှာမဟုတ်ဘူး...နင်တို့လိုလူတွေကတော့ ဒီနေရာမှာရှိတဲ့ ကျင့်ကြံနည်းစနစ်တွေကိုကြည့်ပြီး စိတ်ကျေနပ်နေကြမှာပဲ...ဒါပေမယ့် ငါ့ရဲ့အကျိုးဆောင်ရမှတ်တွေက သိပ်မကြာခင်အချိန်မှာ ဒုတိယထပ်ကို ဝင်ရောက်နိုင်ဖို့လိုအပ်ချက်တွေနဲ့ ပြည့်မီတော့မယ်"
ရုတ်ချည်းဆိုသလိုပင် မနာလိုအားကျနေသော မျက်လုံးအကြည့်တချို့က နီချန်းမီပေါ်သို့ ကျရောက်လာသည်။
မြောက်မြားစွာသောတပည့်များသည် ကျောင်းတော်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ကြသည့်တိုင် မိုးကောင်းကင်ကျမ်းစာဆောင်၏ဒုတိယထပ်သို့ ခြေချနိုင်ခြင်းမရှိချေ။
အကြောင်းအရင်းမှာ တစ်စုံတစ်ယောက်သည် အကျိုးဆောင်ရမှတ်များ ရယူလိုပါက ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ချမှတ်ထားသောတာဝန်များကို ပြီးမြောက်အောင်မြင်ရန်လိုအပ်သည်။ထိုတာဝန်များသည် အန္တရာယ်များနှင့် ပြည့်နှက်နေပေ၏။
ထို့ပြင် ကျောင်းတော်အတွင်း၌ အကြီးအကဲများ၏လမ်းညွှန်မှုကို ခံယူလိုသည်ဖြစ်စေ လေ့ကျင့်ရေးနယ်မြေများအတွင်းသို့ ဝင်ရောက်လိုသည်ဖြစ်စေ အကျိုးဆောင်ရမှတ်များလိုအပ်သည်။ထို့ကြောင့် ဂိုဏ်းအတွင်းရှိတပည့်များသည် အလွန်နည်းပါးသော အကျိုးဆောင်ရမှတ်များကိုသာ စုဆောင်းထားနိုင်ကြသည်။
လူသူအများ၏စူးစိုက်ကြည့်နေခြင်းကို ခံနေရသဖြင့် နီချန်းမီသည် အလွန်ပျော်ရွှင်သွားကာ သူမ၏မျက်နှာပေါ်၌ စိတ်ကျေနပ်နေသောအမူအယာမျိုး ထင်ဟပ်လာသည်။
"ထားလိုက်တော့...နင်တို့နဲ့စကားပြောရတာ ငါ့အတွက်အချိန်ကုန်တယ်"
နီချန်းမီက လုယွီကို အထင်အမြင်သေးသောအကြည့်ဖြင့်ကြည့်၍ နောက်သို့ပြန်လှည့်ကာ ထွက်ခွါသွားရန် ဟန်ပြင်လိုက်၏။
ထိုအချိန်မှာပင် ဝင်္ကပါစိတ်ဝိညာဥ်သည် သူမရှိနေသောနေရာသို့ ဦးတည်၍မျောလွင့်လာသည်ကို သူမက မြင်တွေ့လိုက်ရသည်။
နီချန်းမီ၏စိတ်နှလုံးသား အနည်းငယ်မွန်းကြပ်သွားသည်။
ထိုဝင်္ကပါစိတ်ဝိညာဥ်သည် မိုးကောင်းကင်ကျမ်းစာဆောင်၏ဒဏ္ဍါရီတစ်ခုပင်။
ကောလဟာလများအရ မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းရှိ မရေမတွက်နိုင်သောအဖိုးတန်စာအုပ်များကို အင်အားစုအမြောက်အများမှ အချိန်အတော်ကြာ စုံစမ်းထောက်လှမ်းနေခဲ့ကြသည်။
တစ်ချိန်တုန်းက အစွမ်းထက်ကျင့်ကြံသူတစ်ယောက်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ခုခံမှုများ အားပျော့နေချိန်ကို အခွင့်ကောင်းယူ၍ ပြင်ပရှိအတားအဆီးများကိုချိုးဖျက်ကာ မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းသို့ စာအုပ်များကိုခိုးယူရန် ရည်ရွယ်ချက်ဖြင့် တိတ်တဆိတ်ခိုးဝင်လာခဲ့သည်။
သို့ရာတွင် မမျှော်လင့်ဘဲ ထိုအစွမ်းထက်ကျင့်ကြံသူသည် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းသို့ ဝင်ရောက်ပြီးနောက် အရိပ်အယောင်ပင်မကျန်ဘဲ ပျောက်ကွယ်သွားလေ၏။
နောက်တစ်နေ့မနက်တွင် ထိုအစွမ်းထက်ကျင့်ကြံသူ၏ခေါင်းပြတ်ကြီးကို ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏အဝင်တံခါးမကြီးတွင် ချိတ်ဆွဲထားကာ လူသူအများကို ခုနစ်ရက်တိုင်တိုင် ပြသထားခဲ့သည်။
ဤသည်က အလွန်အမင်းအစွမ်းထက်သော ကျင့်ကြံသူဖြစ်သော်လည်း မိုးကောင်းကင်ကျမ်းစာဆောင်သည် တစ်ကြိမ်တစ်ခါမျှ တိုက်ခိုက်ခံရဖူးခြင်းမရှိသည့်အလား အနည်းငယ်မျှပင် ယိုယွင်းပျက်စီးမှုမရှိချေ။
နောက်ပိုင်းတွင် လူတချို့သည် ထိုအစွမ်းထက်ကျင့်ကြံသူအား သတ်ဖြတ်လိုက်သူမှာ မိုးကောင်းကင်ကျမ်းစာဆောင်၏ လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါစိတ်ဝိညာဥ်ဖြစ်ကြောင်း ခန့်မှန်းနိုင်ခဲ့ကြသည်။
မည်သူကမျှ ဝင်္ကပါစိတ်ဝိညာဥ်၏စကားကို မလိုက်နာဘဲမနေဝံ့ချေ။ကောလဟာလများအရ မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌ သူတော်စင်များမှ သိပ်သည်းထားသော မှော်လက်နက်တစ်ခုရှိသည်ဟု ဆိုကြ၏။အကယ်၍ တစ်စုံတစ်ယောက်သည် ဝင်္ကပါစိတ်ဝိညာဥ်ကို မလေးမစားပြုမူဆက်ဆံပါက စာပေသူတော်စင်များကို ရန်စမိသကဲ့သို့ ဖြစ်သွားပေမည်။
နီချန်းမီက ပျာပျာသလဲ ပြောဆိုလိုက်သည်။
"စီနီယာ...ကျွန်မက စာအုပ်တစ်အုပ်ရွေးချယ်ပြီးတာနဲ့ ထွက်သွားတော့မှာပါ...ဒီနေရာမှာ ကျွန်မ စကားတစ်ခွန်းမှ ထပ်မပြောတော့ပါဘူး"
အစောပိုင်းက သူမသည် စကားအမြောက်အများပြောမိသဖြင့် ဝင်္ကပါစိတ်ဝိညာဥ် စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ခြင်းသာဖြစ်မည်ဟု သူမက တွေးထင်လိုက်မိသည်။
သို့ရာတွင် မမျှော်လင့်ဘဲ ဝင်္ကပါစိတ်ဝိညာဥ်သည် သူမအား အနည်းငယ်မျှပင် အာရုံစူးစိုက်ခြင်းမရှိချေ။သူသည် သူမကိုကျော်ဖြတ်ကာ လုယွီ၏ရှေ့သို့ ရောက်ရှိသွားလေ၏။
"မင်းက လုယွီလား"
ဝင်္ကပါစိတ်ဝိညာဥ်က မေးမြန်းသည်။
လုယွီက ခေါင်းညိတ်လိုက်သည်။
"ဒါက ကျွန်တော်ပါပဲ"
ဝင်္ကပါစိတ်ဝိညာဥ်က ရုတ်တရက် သူ၏လက်ကိုဆန့်တန်းလိုက်၏။
"မင်းရဲ့နံပါတ်ပြား ငါ့ကိုပေးစမ်း"
ထိုမြင်ကွင်းကိုမြင်ချိန်တွင် ပတ်ဝန်းကျင်၌ လူအမြောက်အများ စုဝေးလာကြသည်။
နီချန်းမီက သရော်တော်တော်လေသံဖြင့် ပြောဆိုလေသည်။
"နင်က ကျင့်ကြံနည်းစနစ်စာအုပ်တွေရဲ့ချိပ်စည်းကို ဖျက်ဆီးပြီးတော့ တိတ်တဆိတ်ခိုးကြည့်ခဲ့တာပဲဖြစ်မယ်...တကယ်ကို ရူးမိုက်တာပဲ...မိုးကောင်းကင်ကျမ်းစာဆောင်ထဲက ဘာကိစ္စမဆို ဝင်္ကပါစိတ်ဝိညာဥ်ရဲ့မျက်လုံးအောက်ကနေ လွတ်မြောက်နိုင်မယ်လို့ နင် တကယ်ကြီးထင်နေခဲ့တာလား...နင့်ရဲ့နံပါတ်ပြားကို ဖယ်ရှားခံလိုက်ရတာနဲ့ မိုးကောင်းကင်ကျမ်းစာဆောင်ထဲက ကျင့်ကြံနည်းစနစ်တွေကို နင် ရဖို့ဆိုတာ မမျှော်လင့်နဲ့တော့...နင်က ကျောင်းတော်ကနေတောင် နှင်ထုတ်ခံရနိုင်တယ်"
မိုးကောင်းကင်ကျမ်းစာဆောင်၏ဝင်္ကပါစိတ်ဝိညာဥ်ထံတွင် တပည့်များကို ထုတ်ပယ်နိုင်သော အခွင့်အာဏာရှိသည်။
အကယ်၍ တစ်စုံတစ်ယောက်၏တံဆိပ်ပြားကိုသာ ဖယ်ရှားခံရပါက ထိုသူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏တပည့်တစ်ယောက်မဟုတ်တော့ဘဲ ထုတ်ပယ်ခံလိုက်ရပြီဟု ဆိုလိုပေ၏။
Chapter 2263
လုယွီသည် သူ၏နံပါတ်ပြားကို တည်ငြိမ်အေးဆေးသောအမူအယာဖြင့် ထုတ်ယူလိုက်သည်။
မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းသို့ ဝင်ရောက်လာချိန်မှစ၍ သူသည် မည်သည့်စည်းမျဥ်းကိုမျှ ဖောက်ဖျက်ခဲ့ခြင်းမရှိချေ။ဝင်္ကပါစိတ်ဝိညာဥ်တွင် ကိုယ်ပိုင်အသိဥာဏ်ရှိနေသော်လည်း သူသည် စည်းမျဥ်းများအရသာ လိုက်နာဆောင်ရွက်ပေလိမ့်မည်။
အမှန်ဖြစ်ရပ်မှာ လုယွီ၏နံပါတ်ပြားသည် ဝင်္ကပါစိတ်ဝိညာဥ်၏လက်အတွင်းသို့ ရောက်ရှိသွားသော်လည်း ဖယ်ရှားသိမ်းဆည်းခံရခြင်းမရှိချေ။
"လက်ထောက်ကျောင်းအုပ်က အမိန့်ပေးထားတယ်...လုယွီ မင်းက မိုးကောင်းကင်ကျမ်းစာဆောင်ထဲကစာအုပ်တွေကို ဆန္ဒရှိသလိုဖတ်ရှုနိုင်တယ်...အချိန်နဲ့အထပ်အမြင့် ကန့်သတ်ထားခြင်းမရှိဘူး"
ဝင်္ကပါစိတ်ဝိညာဥ်က ပြောဆိုသည်။
ဘာ....
ပတ်ဝန်းကျင်ရှိ ဆူညံနေသောအသံများအားလုံး ရပ်တန့်သွားကြကာ သူတို့က ကြက်သေသေနေကြ၏။
လူတိုင်းက ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေကြစဥ်မှာပင် ဝင်္ကပါစိတ်ဝိညာဥ်သည် လုယွီ၏နံပါတ်ပြားအတွင်းသို့ အလင်းလှိုင်းတစ်လှိုင်းကို ထည့်သွင်းလိုက်သည်။ထို့နောက် တံဆိပ်ပြားပေါ်တွင် ခုနစ်ရောင်ခြယ်တိမ်တိုက်အမှတ်အသား ထွက်ပေါ်လာခဲ့သည်။
ဤသည်က တစ်စုံတစ်ယောက်သည် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မီသော သင်္ကေတပင်။မိုးကောင်းကင်ကျမ်းစာဆောင်တွင် အထပ်ခုနစ်ထပ်ရှိပေ၏။ခုနစ်ရောင်ခြယ်တိမ်တိုက်အမှတ်အသားသည် ကိုင်ဆောင်သူထံတွင် အထပ်ခုနစ်ထပ်လုံးကိုဝင်ရောက်နိုင်သော အရည်အချင်းမျိုးရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
"စီနီယာ...စီနီယာ မှားနေပြီထင်တယ်...ဟုတ်တယ်မလား...သူက ဝင်ခွင့်စာမေးပွဲကိုတောင် နောက်ဆုံးနေရာကနေ အောင်မြင်ခဲ့တာလေ...ဘယ်လိုလုပ်ပြီး သူက လက်ထောက်ကျောင်းအုပ်ရဲ့အာရုံစူးစိုက်မှုကို ရနိုင်မှာလဲ...သူက တခြားတစ်ယောက်ယောက်နဲ့ နာမည်တူနေတာပဲဖြစ်မယ်လို့ ကျွန်မထင်တယ်"
နီချန်းမီ၏မျက်လုံးများ ပြူးကျယ်နေကာ သူမက ရှေ့သို့ထွက်ပြီး မေးခွန်းထုတ်လိုက်သည်။
ဝင်္ကပါစိတ်ဝိညာဥ်က အေးစက်စက်အကြည့်ဖြင့် သူမကို ကြည့်လိုက်၏။
"ငါက အမှားလုပ်မိတာတဲ့လား...ဘာပဲဖြစ်နေနေ ငါက မင်းကိုရှင်းပြဖို့ လိုအပ်လို့လား"
ပြင်းထန်သောဖိအားအရှိန်အဝါတစ်ရပ်က ချက်ချင်းဆိုသလိုပင် ပွင့်အံထွက်လာသည်။
နီချန်းမီသည် သူမအား ချေမွှဖျက်ဆီးပစ်နိုင်သော အရှိန်အဝါတစ်ရပ် သူမ၏ရှေ့၌ ထွက်ပေါ်လာသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ထိုကြီးမားသောဖိအားအရှိန်အဝါ၏အောက်တွင် သူမ ခေါင်းမော့နိုင်ရန်ပင် လွန်စွာခက်ခဲနေပေ၏။
နီချန်းမီက ထိတ်လန့်ကြောက်ရွံစွာဖြင့် ပျာပျာသလဲ ပြောဆိုလိုက်သည်။
"ကျွန်မ မလုပ်ဝံ့ပါဘူး"
သူမသည် ထိုသို့ပြောဆိုလိုက်သော်လည်း သူမ၏စိတ်နှလုံးသားအတွင်း၌ လုယွီကိုမုန်းတီးမှုများမှာ အမြစ်တွယ်နေလေပြီ။
အကယ်၍ လုယွီသည်သာ လက်ထောက်ကျောင်းအုပ်၏ရွေးချယ်ခြင်းကိုခံရပြီး ကြီးမားသောအခွင့်အာဏာရှိသူမျိုး ဖြစ်မနေပါက မည်သည်ကြောင့် သူမ ယခုကဲ့သို့ အရှက်ရဖွယ်အခြေအနေမျိုးနှင့် ရင်ဆိုင်ရမည်နည်း။
အရာအားလုံးအတွက် သူမက လုယွီကိုသာ အပြစ်တင်ရပေမည်။
လုယွီသည် နံပါတ်ပြားကို ပြန်လည်ယူဆောင်လိုက်သော်လည်း သူက မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်သည်။
"ကျွန်တော်က ကျောင်းတော်ကိုဝင်လာတာ မကြာသေးဘူး...လက်ထောက်ကျောင်းအုပ်ကိုတောင် ကျွန်တော် မမြင်ဖူးသေးဘူး...ဘာလို့ ကျွန်တော်ကို ဒီလိုအခွင့်အရေးမျိုးပေးတာလဲ"
"ငါ မသိဘူး...ငါက အမိန့်အရဆောင်ရွက်တာပဲ"
ဝင်္ကပါစိတ်ဝိညာဥ်သည် သူ၏နဂိုမူလနေရာသို့ ပြန်လည်မျောလွင့်သွားကာ ရုပ်ထုတစ်ခုအလား တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
"ဂုဏ်ယူပါတယ် ညီလေးလု...မင်းက အထပ်မြင့်တွေကိုသွားနိုင်ပြီဆိုမှတော့ ပိုပြီးလျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်ကြံနည်းစနစ်တွေကိုရမှာသေချာတယ်...ဒါက တစ်သက်မှာတစ်ကြိမ်ပဲရနိုင်တဲ့ အခွင့်အရေးကြီးပဲ"
မူချင်းရှန်နှင့်မူလင်းသည် လုယွီကိုအားကျနေကြသော အမူအယာဖြင့် ပြောဆိုလိုက်ကြ၏။
တခြားသူများကလည်း အားကျသော သို့မဟုတ် မနာလိုဝန်တိုသော အကြည့်မျိုးဖြင့် လုယွီကို စူးစိုက်၍ကြည့်နေကြသည်။
"ကောင်းပြီလေ...ငါ အပေါ်ထပ်တွေကိုသွားပြီး တစ်ချက်ကြည့်လိုက်အုံးမယ်"
လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ပထမထပ်တစ်ထပ်လုံးရှိ ကျင့်ကြံနည်းစနစ်များကို စူးစမ်းလေ့လာပြီးလေပြီ။
သို့ရာတွင် စိတ်ပျက်ဖို့ကောင်းသောအရာမှာ ဤနေရာရှိ ကျင့်ကြံနည်းစနစ်များသည် ပြင်ပလောကနှင့် နှိုင်းယှဥ်ပါက အလွန်အဖိုးတန်ရှားပါးသော်လည်း လုယွီအတွက်မူ အကျိုးကျေးဇူးအနည်းငယ်သာ ရရှိနိုင်ပေမည်။
လူများအားလုံး၏အကြည့်များအောက်၌ လုယွီသည် ဒုတိယထပ်သို့ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းသွားလေသည်။
နီချန်းမီ၏စိတ်နှလုံးသားအတွင်းရှိ မနာလိုဝန်တိုမှုများသည် အဆုံးစွန်ထိ ရောက်ရှိနေလေပြီ။နောက်ဆုံး၌ သူမသည် ဆက်လက်၍သည်းမခံနိုင်တော့သဖြင့် သူမ၏အင်္ကျီလက်စကိုခါယမ်းကာ ဤနေရာမှ ထွက်ခွါသွားတော့သည်။
လုယွီသည် ဒုတိယထပ်သို့ရောက်ရှိစဥ်တွင် ပထမထပ်နှင့်တူညီစွာ စာအုပ်ပင်လယ်ကြီးကို မြင်တွေ့လိုက်ရ၏။နေရာအနှံ့အပြား၌ မြင့်မားသောစာအုပ်စင်ကြီးများရှိနေကာ ထိုစင်များပေါ်၌ စာအုပ်များကို အစီအရီထားရှိထားသည်။
တူကျန့်ထျန်းနှင့်ချိုင်လုံရှန်းအပြင် စီနီယာတပည့်တချို့ကလည်း ဒုတိယထပ်၌ စာအုပ်များကို ရွေးချယ်နေကြသည်။
လုယွီ ရောက်ရှိလာသည်ကိုမြင်ချိန်တွင် ဤနေရာ၌ရှိနေသူများအားလုံး အံ့အားသင့်သွားကြ၏။
တူကျန့်ထျန်းနှင့်ချိုင်လုံရှန်းတို့သည် ယခင်ကတည်းက နာမည်ကျော်ကြားသူများဖြစ်သည်။သူတို့သည် ကျောင်းတော်သို့ ယခုမှစတင်ဝင်ရောက်လာခြင်းဖြစ်သော်လည်း သူတို့၏ခွန်အားသည် စီနီယာတပည့်များနှင့် ယှဥ်ပြိုင်နိုင်ပေသည်။
သို့ရာတွင် သူတို့ရှေ့ရှိလုယွီသည် ဂျူနီယာတပည့်ဝတ်စုံကိုဝတ်ဆင်ထားကာ မျက်နှာစိမ်းတစ်ယောက် ဖြစ်နေပေ၏။
"သူက ဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်လာတာလဲ"
တူကျန့်ထျန်းက လုယွီကို မြင်တွေ့ချိန်တွင် မျက်မှောင်ကြုတ်လိုက်သည်။
လုယွီသည် သူ၏သတ်ဖြတ်လိုခြင်းအရှိန်အဝါကို ပျက်ပြယ်စေခဲ့သည်အား ပြန်လည်တွေးတောမိစဥ်တွင် တူကျန့်ထျန်း၏မျက်နှာပေါ်၌ ယုတ်မာကောက်ကျစ်သောအပြုံးမျိုး ထင်ဟပ်လာသည်။
"ဒါဆို သူက ကျားကိုစားချင်လို့ ဝက်ယောင်ဆောင်ထားတာပဲ...သူက ဖုံးကွယ်ထားတဲ့ပါရမီရှင်တစ်ယောက် ဖြစ်နေတာကိုး...တကယ်လို့ မင်းက အမှိုက်တစ်စဖြစ်နေရင် ငါ မင်းကိုသတ်ရမှာ အရမ်းပျင်းဖို့ကောင်းတယ်...ပါရမီရှင်ဆိုတဲ့ကောင်တွေရဲ့ကျင့်ကြံဆင့်ကိုဖျက်ဆီးပြီး သူတို့ကိုသာမာန်လူဖြစ်အောင်လုပ်တာမျိုးကို ငါ ပိုပြီးစိတ်ဝင်စားတယ်"
Chapter 2264
"ငါ့ကို သတ်ချင်နေတာ မင်းလား"
လုယွီသည် တူကျန့်ထျန်းကို တစ်ချက်ကြည့်ကာ တေးမှတ်ထားလိုက်၏။
ယခင်က တူကျန့်ထျန်းသည် အဆိပ်ရှိသောပိုးကောင်ငယ်တစ်ကောင်ကို လုယွီ၏ခန္ဓာကိုယ်ပေါ်၌ တိတ်တဆိတ်ထားခဲ့သည်။သူ ထိုသို့ပြုလုပ်ဝံ့သည့်အတွက် လုယွီသည် သူ့အား မည်သည့်နည်းနှင့်မျှ အလွတ်မပေးနိုင်ချေ။
သို့ရာတွင် ဤနေရာသည် မိုးကောင်းကင်ကျမ်းစာဆောင်ဖြစ်နေကာ တိုက်ခိုက်ခြင်းကို တားမြစ်ထားသည်။ထို့ကြောင့် လုယွီသည် ဤနေရာ၌ တူကျန့်ထျန်းအားတိုက်ခိုက်ရန် ရည်ရွယ်မထားချေ။
သူ့စိတ်ဝိညာဥ်မှစွမ်းအားကို ဖြန့်ကျက်လိုက်ခြင်းနှင့်အတူ ဒုတိယထပ်ရှိ စာအုပ်များအားလုံး လုယွီ၏စိတ်အတွင်းသို့ တိုးဝင်လာခဲ့သည်။
ဤနေရာရှိရှေးဟောင်းစာအုပ်များသည် ပထမထပ်ရှိအရာများထက် ပို၍နက်နဲသိမ်မွေ့ပေ၏။အထူးသဖြင့် တစ်ချိန်ကထိပ်တန်းဂိုဏ်းကြီးများ၏ လျှို့ဝှက်နည်းစနစ်များကို ဤနေရာတွင် တွေ့ရှိနိုင်သည်။
လုယွီသည် မြေအောက်လောကနယ်မြေမှဂိုဏ်းများ၏ ကျင့်ကြံနည်းစနစ်စာအုပ်တချို့ကိုပင် ဤစာအုပ်များအကြား၌ရောနှောနေခြင်းကို သတိပြုမိခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ဒုတိယထပ်သို့ရောက်ရှိလာသော မည်သည့်တပည့်မဆို အတိုင်းအတာတစ်ခုထိ အတွေ့အကြုံရှိပြီးဖြစ်သဖြင့် ခေါင်းမပါသောယင်ကောင်များကဲ့သို့ ယောက်ယက်ခတ်ပြေးလွှားနေခြင်းမရှိချေ။
လူတိုင်းသည် သူတို့နှင့်သင့်တော်သော ကျင့်ကြံနည်းစနစ်ကို သာမာန်အတိုင်းရှာဖွေနေကြကာ အလျင်စလိုပြုလုပ်ခြင်းမရှိပေ။
လုယွီက ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြစ်သွားလေ၏။ဤနေရာ၌ သူနှင့်သင့်တော်သော မည်သည့်နည်းစနစ်မျှရှိမနေချေ။
ထို့ကြောင့် သူက တတိယထပ်သို့ဦးတည်၍ လျှောက်လှမ်းလိုက်သည်။
"အဲ့ဒီကောင် ရူးများရူးနေတာလား...သူ ဒုတိယထပ်ကို ဘယ်လိုနည်းနဲ့ ဝင်လာတယ်ဆိုတာတော့ ငါမသိဘူး...အခုချိန်မှာ သူက တတိယထပ်ကိုတောင် သွားဝံ့နေတာလား"
တူကျန့်ထျန်းက သရော်တော်တော် ပြောဆိုလေ၏။
ဒုတိယထပ်ကိုဝင်ရောက်လိုပါက တပည့်တစ်ယောက်တွင် အကျိုးဆောင်ရမှတ်တစ်ထောင်ရှိရန်လိုအပ်သည်။သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် တတိယထပ်သို့သွားလိုပါက အကျိုးဆောင်ရမှတ်တစ်သိန်းရှိရန် လိုအပ်ပေ၏။
ဤသည်က အဆတစ်ရာပင်...
သူတို့သည် ကောင်းကင်ဘုံ၏ချီးမြှောက်ခံပါရမီရှင်များဖြစ်သော်လည်း ကျောင်းတော်သို့ရောက်ရှိလာသည်မှာ အချိန်သုံးရက်သာရှိသေးသည်။အချိန်တိုအတွင်းတွင် သူတို့သည် ဤမျှများပြားသောအကျိုးဆောင်ရမှတ်များကို စုဆောင်းနိုင်ခြင်းမရှိသည်မှာ သဘာဝကျသောကိစ္စပင်။
ဒုတိယထပ်ရှိစာအုပ်များကို ငှါးရမ်းနိုင်ခြင်းကပင် သူတို့စွမ်းဆောင်နိုင်သော အကန့်အသတ်ဖြစ်သည်။
တပည့်သစ်တစ်ယောက်အတွက် တတိယထပ်သို့ဝင်ရောက်နိုင်ရန်ဟူသည်မှာ မဖြစ်နိုင်ချေ။
ဒုတိယထပ်တွင် လူအမြောက်အများရှိနေလေ၏။သို့ရာတွင် သူတို့သည် လုယွီ၏လှုပ်ရှားမှုကို တစ်ချက်သာကြည့်ပြီး လျစ်လျှုရှုလိုက်ကြသည်။
ကျောင်းတော်အတွင်း၌ တတိယထပ်သို့ခိုးဝင်ရန် ကြိုးစားခဲ့သော တပည့်အမြောက်အများရှိခဲ့ဖူးသည်။သို့ရာတွင် သူတို့ထံ၌ လုံလောက်သောအကျိုးဆောင်ရမှတ်မရှိပါက မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းမှ တိုက်ရိုက်လွင့်ထွက်သွားပေမည်။
ဤကဲ့သို့ကိစ္စရပ်မျိုးသည် ဖြစ်လေ့ဖြစ်ထရှိသောအရာပင်။
လူတိုင်းသည် လုယွီ မည်ကဲ့သို့ဆက်ဖြစ်မည်ကို ကြိုတင်ခန့်မှန်းထားပြီးလေပြီ။
သို့ရာတွင် လုယွီသည် တတိယထပ်သို့ ဝင်ရောက်သွားပြီးနောက် ထိုနေရာရှိ လေဟာနယ်အတွင်းမှ လှိုင်းဂယက်တစ်ခုသာလှုပ်ခတ်သွားကာ သူ၏ပုံရိပ်သည် လူသူအများ၏မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားတော့သည်။
ဘာ....
တူကျန့်ထျန်းသည် အလွန်အံ့အားသင့်သွားလေ၏။လုယွီသည် တတိယထပ်သို့ အမှန်တကယ်ဝင်ရောက်နိုင်မည်ဟု သူ မျှော်လင့်ထားမိခြင်းမရှိချေ။
အစောပိုင်းကပင် တူကျန့်ထျန်းက လုယွီသည် သူကိုယ်သူ သွေးနားထင်ရောက်နေကာ အရည်အချင်းမရှိဟု ပြောဆိုထားခဲ့သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် တတိယထပ်သို့ဝင်ရောက်သွားခဲ့ရာ ဤသည်က သူ၏ပါးကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။
လုယွီ တတိယထပ်သို့ရောက်ရှိသွားစဥ်တွင် စာအုပ်စင်များကို နီးကပ်စွာနေရာချထားခြင်းကို တွေ့မြင်မိသည်။
သို့ရာတွင် ဤနေရာရှိစာအုပ်များသည် အောက်အထပ်များကဲ့သို့ ကျပ်ညပ်နေခြင်းမရှိချေ။စာအုပ်စင်၏တန်းတစ်တန်းစီတွင် စာအုပ်ငါးအုပ် ခြောက်အုပ်ခန့်သာရှိနေသည်။ထိုစာအုပ်များကို စာအုပ်စင်ပေါ်တွင် အလျားလိုက်တင်ထားကာ မှိန်ဖျော့ဖျော့အလင်းတန်းများ ဖြာထွက်နေပေ၏။
ဤနေရာ၌ထားရှိသော စာအုပ်တိုင်းနီးပါးသည် ပြင်ပလောကတွင် အလွန်အဖိုးတန်ရှားပါးသောရတနာများဖြစ်သည်။ထိုကျင့်ကြံနည်းစာအုပ်ထံတွင်ပင် ကိုယ်ပိုင်စိတ်ဝိညာဥ်အရှိန်အဝါမျိုးရှိနေသဖြင့် တခြားစာအုပ်များကဲ့သို့ အတူတကွပူးကပ်ထား၍မရချေ။
ထို့ပြင် ဤနေရာရှိ ကျင့်ကြံနည်းစနစ်များသည် အလွန်နက်နဲသိမ်မွေ့ပေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာသို့ဝင်ရောက်ရန် အရည်အချင်းပြည့်မီလျှင်ပင် ထိုစာအုပ်များကို လေ့လာဆင်ခြင်နိုင်ရန်အတွက် မြင့်မားသောစိတ်ဆန္ဒရှိရန်လိုအပ်သည်။
ဤသည်က ထျန်းပိုယန် မျှော်လင့်ထားမိမည်မဟုတ်သောကိစ္စပင်။သူက လုယွီ၏အရည်အချင်းသည် ဒုတိယထပ်တွင်သာ အကန့်အသတ်ဖြစ်သွားပြီဟု တွေးထင်ထားပေ၏။အကယ်၍ လုယွီသည် ပို၍မြင့်မားသောအထပ်များသို့ ဝင်ရောက်သွားလျှင်ပင် ထိုစာအုပ်များ၏နောက်ကွယ်မှ နက်နဲသိမ်မွေ့မှုများကို နားလည်သဘောပေါက်နိုင်မည်မဟုတ်ဟု ထျန်းပိုယန်က တွေးတောထားခဲ့သည်။
သို့ရာတွင် ဤနေရာရှိကျင့်ကြံနည်းစနစ်များ၏နက်နဲသိမ်မွေ့မှုများသည် လုယွီအတွက် အနည်းငယ်မျှပင် အခက်တွေ့စေခြင်းမရှိဟု ထျန်းပိုယန် မျှော်လင့်ထားမိမည်မဟုတ်ချေ။
"ဒီနေရာမှာ ကောင်းမွန်တဲ့နည်းစနစ်တချို့တော့ ရှိနေတာပါလား"
လုယွီက စာအုပ်စင်များပေါ်မှစာအုပ်များကိုတစ်ချက်ကြည့်၍ ရေရွတ်လိုက်သည်။
ဤနေရာရှိ ကျင့်ကြံနည်းစနစ်အများစုသည် ပျောက်ကွယ်သွားသောအင်အားစုကြီးများမှ လျှို့ဝှက်နည်းစနစ်များဖြစ်ပေ၏။
အတိတ်တွင် ထိုအင်အားစုကြီးများ မပျက်သုဥ်းသွားမီအချိန်တွင် ထိုကျင့်ကြံနည်းစနစ်များကို သူတို့၏အဓိကတပည့်များသာ ကျင့်ကြံရန် အရည်အချင်းပြည့်မီသည်။
Chapter 2265
ဤနေရာရှိ မည်သည့်စာအုပ်မဆို ပြင်ပလောကသို့ ပျံ့နှံ့သွားပါက ဂိုဏ်းတစ်ဂိုဏ်း၏အခြေခံအုတ်မြစ် ဖြစ်သွားပေမည်။
လက်ထောက်ကျောင်းအုပ် သူ့အားပေးထားသော အခွင့်အာဏာအရ သူသည် ဤနေရာရှိစာအုပ်များကို ဆန္ဒရှိသည့်အတိုင်း ဖတ်ရှုနိုင်သည်။
သူသည် ထိုစာအုပ်များကို ငှါးရမ်းရန်မလိုအပ်ဘဲ ဤနေရာရှိ ကျင့်ကြံနည်းစနစ်များကို ယူဆောင်သွားနိုင်ပေ၏။
ကျောင်းတော်ရှိမည်သည့်တပည့်အတွက်မဆို ဤသည်က တန်ဖိုးမဖြတ်နိုင်သော ကံကြမ္မာကောင်းကြီးပင်။ထို့ကြောင့် လုယွီသည် ထိုအခွင့်အရေးကို လက်လွတ်ခံရန် ရည်ရွယ်မထားချေ။
လုယွီသည် ထိုစာအုပ်များကို ဂရုတစိုက်ကြည့်လိုက်၏။သို့ရာတွင် သူ၏စိတ်အတွင်း၌မူ သူ၏ကျင့်ကြံနည်းစနစ်ကို ထောက်ပံပေးနိုင်မည့်အရာများကို အဆက်မပြတ်ရှာဖွေနေခဲ့သည်။
လုယွီသည် သူ့စိတ်ဝိညာဥ်မှစွမ်းအားဖြင့် ထောင်နှင့်ချီသော တိုက်ကွက်များကို ချက်ချင်းလှုံဆော်ပေးနိုင်စွမ်းရှိသည်။
သူ့ရှေ့တွင် ပုံရိပ်ယောင်တစ်ခုမှ အဆက်မပြတ်လှုပ်ရှားနေကာ သူ၏လက်အတွင်း၌ ကိုင်ဆောင်ထားသော ရှေးဟောင်းစာအုပ်မှ ကျင့်ကြံနည်းစနစ်ကို သရုပ်ဖော်နေလေ၏။
ဤကဲ့သို့ ကျင့်ကြံနည်းစနစ်အမြောက်အများကို အထောက်အပံအဖြစ်ရရှိခဲ့သဖြင့် လုယွီသည် ဆက်လက်၍တိုးတက်လိုပါက သူ၏ကိုယ်ပိုင်ကျင့်ကြံဆင့်နယ်ပယ်ကို မြှင့်တင်ရန်သာ လိုအပ်တော့သည်။
ဤသည်က စိတ်ဝိညာဥ်အလွန်သန်မာအားကောင်းမှသာ ပြုလုပ်နိုင်သောအရာဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် စိတ်ဝိညာဥ်၏စွမ်းအား လုံလောက်စွာသန်မာမှုမရှိဘဲ ထိုသို့ပြုလုပ်ပါက မူးဝေမှုကိုခံစားရမည်ဖြစ်ပြီး စိတ်ဖရိုဖရဲဖြစ်လာကာ ရူးသွပ်၍ပင်သွားနိုင်သည်။
လုယွီသည် ကျင့်ကြံနည်းစနစ်များကို အလျှင်အမြန်ကူးယူနေစဥ်တွင် တတိယထပ်၏ထောင့်တစ်နေရာ၌ အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်သည် ပန်းချီကားတစ်ချပ်ကို ကူးဆွဲနေပေ၏။
ထိုပန်းချီကားသည် တိတ်ဆိတ်ငြိမ်သက်သောရွာတစ်ရွာ၏ပုံကို ရေးဆွဲထားခြင်းပင်။မြစ်တစ်စင်းသည် ရွာကိုဖြတ်သန်း၍ စီးဆင်းနေသည်။မြစ်ကမ်းနှစ်ဖက်လုံး၌ လူအများသည် သာယာငြိမ်းချမ်းစွာဖြင့် အလုပ်လုပ်နေကြသည်။ဤသည်က အလွန်သဟဇာတဖြစ်သော မြင်ကွင်းတစ်ခုဖြစ်သည်။
ထိုပန်းချီကားမှနေ၍ အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေး၏ပန်းချီရေးဆွဲမှုစွမ်းရည် အလွန်ထူးချွန်သည်ကို တွေ့မြင်နိုင်ပေ၏။
သူမသည် ပန်းချီကားကိုရေးဆွဲရာ၌ အရိုးရှင်းဆုံးစုတ်တံနှင့်မှင်ကို အသုံးပြုထားသည့်တိုင် ထိုပန်းချီကားမှနေ၍ စိတ်ဝိညာဥ်စွမ်းအင်အရှိန်အဝါတချို့ ထွက်ပေါ်နေသည်။
"တတိယထပ်ကို တပည့်သစ်တစ်ယောက်က ဝင်လာနိုင်တယ်လား"
အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် လုယွီကိုမြင်တွေ့သွားချိန်တွင် အံ့အားတသင့် ရေရွတ်လိုက်သည်။
သူမ ဤနေရာကို ရွေးချယ်ခဲ့ရသောအကြောင်းအရင်းမှာ အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်သောကြောင့်ပင်။
ထို့ပြင် မိုးကောင်းကင်ကျမ်းစာအတွင်းတွင် စာအုပ်များမှအငွေ့အသက်များရှိနေလေရာ လူတစ်ယောက်၏စိတ်ကို တည်ငြိမ်အေးချမ်းစေသည်။
သာမာန်အချိန်မျိုးတွင် ဤနေရာသို့ တပည့်တစ်ယောက်တစ်လေမျှ ရောက်ရှိလာခြင်းမရှိချေ။အကယ်၍ တချို့တပည့်များတွင် အကျိုးဆောင်ရမှတ်တစ်သိန်းရှိနေလျှင်ပင် ကျင့်ကြံနည်းစနစ်များကို ရွေးချယ်ပြီးသည်နှင့် ထွက်ခွါသွားရပေမည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာ၌ ကြာရှည်နေလိုပါက အလွန်များပြားသောအကျိုးဆောင်ရမှတ်များရှိနေရန်လိုအပ်သည်။
လုယွီသည် ကျင့်ကြံနည်းစနစ်စာအုပ်များကို အလျှင်အမြန်ဖတ်ရှုနေသည်ကိုကြည့်ပြီး အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေး၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"နင်က အောင်မြင်မှုကိုအမြန်ရဖို့ ဆန္ဒစောနေတာပဲ...နင့်မှာ ဒီကျင့်ကြံနည်းစနစ်တွေအားလုံးကို မှတ်သားထားနိုင်တဲ့ မှတ်ဥာဏ်မျိုးရှိနေတယ်လို့ ထင်နေတာလား...ဒီလိုမျိုးကျင့်ကြံတာက ဖရဲသီးကိုလက်လွတ်ခံပြီး နှမ်းစေ့တစ်စေ့ကို ကောက်ယူတာနဲ့အတူတူပဲ...အဆုံးသတ်ကျရင် နင် ဘယ်ကျင့်ကြံနည်းစနစ်ကိုရဲ့အနှစ်သာရကိုမှ ဖမ်းဆုပ်နိုင်မှာမဟုတ်ဘူး"
သူမသည် အချိန်တခဏကြာလေ့လာဆန်းစစ်ပြီးနောက် လုယွီကို အကြံပေးစကားပြောဆိုလိုက်သည်။သူမ၏အမြင်အရ လုယွီ၏အပြုအမူသည် အလွန်အမင်း ရူးသွပ်မိုက်မဲပေ၏။
ဤနေရာရှိ ကျင့်ကြံနည်းစနစ်တစ်ခုစီသည် ပါရမီရှင်တပည့်များအတွက်ဆိုလျှင်ပင် အသေးစားအောင်မြင်မှုအဆင့်သို့ရောက်ရှိရန်အတွက် အနည်းဆုံးလအနည်းငယ်ခန့်လိုအပ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် သူ ယူဆောင်ထားသော ကျင့်ကြံနည်းစနစ်ကို အပြည့်အဝနားလည်သဘောမပေါက်မီ တခြားကျင့်ကြံနည်းစနစ်များကို လေ့လာဆင်ခြင်လိုက်ပါက လမ်းလွဲသို့ ရောက်ရှိသွားနိုင်သည်။
သို့ရာတွင် လုယွီ၏လုပ်ဆောင်မှုများသည် လောကကြီးကို တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိသော သူရူးတစ်ယောက်နှင့် တူညီနေသည်။သူသည် ဤနေရာသို့ရောက်ရှိလာသည်နှင့် ကျင့်ကြံနည်းစနစ်များအားလုံးကို မှတ်သားနိုင်ရန် ကြိုးပမ်းနေလေ၏။
လုယွီ၏လက်အတွင်း၌ ကျင့်ကြံနည်းစနစ်တစ်ခုစီသည် အသက်ငါးရှိုက်စာထက် ပို၍ကြာမြင့်ခြင်းမရှိဘဲ စင်ပေါ်သို့ပြန်လည်တင်ထားခြင်းခံရသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် စာအုပ်စင်တစ်စင်လုံးရှိ စာအုပ်များကို ဖတ်ရှုပြီးသွားလေပြီ။
"ဒီနေရာမှာ ငါ နည်းနည်းတော့ရိတ်သိမ်းနိုင်ခဲ့ပေမယ့်...အများကြီးတော့မရခဲ့ဘူး"
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
ဤနေရာရှိစာအုပ်အများစုသည် အလယ်အလတ်ဆင့်ဂိုဏ်းများမှ လျှို့ဝှက်ကျင့်ကြံနည်းစနစ်များဖြစ်ပေ၏။
ထိုဂိုဏ်းများသည် အလွန်အစွမ်းထက်သောအင်အားစုများမဟုတ်ချေ။သူတို့၏အင်အားသည် နိမ့်ပါးခြင်းမရှိသော်လည်း အစွမ်းထက်အင်အားစုဟု သတ်မှတ်နိုင်ခြင်းမရှိချေ။ထိုကဲ့သို့အဆင့်ရှိသော ဂိုဏ်းများကို ကောင်းကင်ဘုံနယ်မြေ၏နေရာအနှံ့အပြား၌ တွေ့မြင်နိုင်သည်။
ထိုဂိုဏ်းများ၏လျှို့ဝှက်နည်းစနစ်များသည် အတော်အသင့်ကောင်းမွန်သော်လည်း လုယွီအတွက် အနည်းငယ်သာအထောက်အပံဖြစ်စေသည်။
ဤဘဝတွင် လုယွီထံ၌ အစွမ်းထက်သောတာအိုသခင်နှစ်ယောက်၏မှတ်ဥာဏ်များရှိနေသည်။ထို့ပြင် သူသည် ရှေးဟောင်းကောင်းကင်ဘုံတရားရုံး၏အမွေအနှစ်ကိုလည်း ဆက်ခံထားလေရာ သူ၏ကျင့်ကြံဆင့်အခြေခံသည် အလွန်ခိုင်မာသည်ဟု ယူဆနိုင်ပေ၏။ထို့ကြောင့် သူသည် အတိတ်ဘဝမှာကဲ့သို့ စမ်းတဝါးဝါးဖြင့် ကျင့်ကြံနေရန်မလိုအပ်ချေ။
Thank For Reading.