← Chapters

အခန်း (၂၂၆၆-၂၂၇၀)

Vol. 117 Ch. 2266-2270

အခန်း (၂၂၆၆-၂၂၇၀)

Vol. 117 Ch. 2266-2270

Chapter 2266

လုယွီက သက်ပြင်းတစ်ချက်ရှိုက်ပြီး သူ့လက်အတွင်းရှိစာအုပ်ကို စင်ပေါ်သို့ပြန်တင်ကာ စတုတ္ထထပ်ဆီသို့ဦးတည်၍ လျှောက်လှမ်းလိုက်သည်။

အဆုံးသတ်၌ ဤနေရာရှိစာအုပ်များထံမှ သူရရှိခဲ့သော အကျိုးအမြတ်သည် လွန်စွာနည်းပါးပေ၏။

လုယွီသည် စတုတ္ထထပ်သို့ဦးတည်၍ လျှောက်လှမ်းသွားနေချိန်ကိုမြင်တွေ့ချိန်၌ အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေးသည် ပန်းချီဆွဲနေခြင်းကိုရပ်တန့်ကာ သူ့အားကြည့်လိုက်သည်။

နောက်ဆုံး၌ သူမက လုယွီကိုဖြောင့်ဖျနိုင်ရန်ရည်ရွယ်၍ ပြောဆိုလေသည်။

"စတုတ္ထထပ်ကနေစပြီးတော့ အထပ်တိုင်းမှာ ဝင်္ကပါတစ်ခုစီရှိတယ်...တကယ်လို့နင်က ဆက်ပြီးအပေါ်ကိုတက်သွားမယ်ဆိုရင် အဆုံးသတ်ကျရင် ဝင်္ကပါတွေရဲ့ဟန့်တားတာကို ခံရလိမ့်မယ်...နင်က အဲ့ဒီဝင်္ကပါကို အင်အားသုံးပြီး ချိုးဖျက်မယ်ဆိုရင်....နင့်ရဲ့လက်ရှိခွန်အားနဲ့ တန်ပြန်ဆိုးကျိုးတွေကို ခံစားရလိမ့်မယ်...နင် တတိယထပ်မှာပဲ ရပ်တန့်လိုက်ဖို့ ငါ အကြံပေးချင်တယ်"

"ဝင်္ကပါလား"

လုယွီက စတုတ္ထထပ်ကိုတစ်ချက်ကြည့်ပြီး ပြောဆိုလိုက်၏။

"ဒါက ပြဿနာမရှိပါဘူး...အဲ့ဒီဝင်္ကပါတွေက ငါ့ကိုဟန့်တားနိုင်မှာမဟုတ်ဘူး"

စကားဆုံးသည်နှင့် လုယွီက စတုတ္ထထပ်သို့ လျှောက်လှမ်းသွားတော့သည်။

လုယွီသည် ခေါင်းမာမာဖြင့် စတုတ္ထထပ်သို့ဝင်ရောက်သွားသည်ကိုမြင်ချိန်တွင် အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးက ကူကယ်ရာမဲ့စွာဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။

"နုံအလိုက်တာ...နင်ကတော့ နည်းနည်းလောက် ဒုက္ခခံစားရပြီးမှ နားလည်သဘောပေါက်သွားလိမ့်မယ်"

သူမက ပန်းချီကားကိုဆက်လက်၍ရေးဆွဲနေရာ မကြာမီမှာပင် ရွာလေးတစ်ရွာပုံ လှပသောပန်းချီကားတစ်ချပ် ပြီးပြည့်စုံသွားလေပြီ။

စတုတ္ထထပ်၌....

ဤနေရာသည် အလွန်ကျယ်ဝန်းသော်လည်း မည်သည့်စာအုပ်စင်မျှ ရှိမနေချေ။

စာအုပ်များအားလုံးကို သစ်သားစားပွဲများပေါ်၌ တသီးတခြားစီတင်ထားသည်။နံရံများပေါ်တွင် ဖုန်မှုန့်များလွင့်ပြယ်စေသော အဆောင်လက်ဖွဲ့များကို ရေးထွင်းထားရာ လေအေးများက အဆက်မပြတ်တိုက်ခတ်ပြီး ဖုန်မှုန့်များကို ဖယ်ရှားပေးနေပေ၏။

"သွေးနတ်ဆိုးမန္တန်...ကောင်းကင်ဘုံရဲ့အုပ်ချုပ်ရေးမူဝါဒ...ဒီနေရာမှာရှိတာတွေက ထိပ်သီးအင်အားစုတွေရဲ့နည်းစနစ်တွေပါလား"

လုယွီက ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်ရာ ကျင့်ကြံနည်းစနစ်များအားလုံးကို မြင်တွေ့လိုက်ရ၏။

ဤကဲ့သို့ထိပ်သီးအင်အားစုကြီးများ၏ အခြေခံအုတ်မြစ်သည် အလွန်နက်ရှိုင်းသဖြင့် သူတို့ထံတွင် တခြားသူများကို လက်ဆင့်ကမ်းသင်ကြားပေးခြင်းမရှိသော လျှို့ဝှက်နည်းစနစ်တချို့ရှိနေသည်။ထိုအင်အားစုများသည် အစွမ်းထက်ကျင့်ကြံသူများ တိမ်လိုလေလိုပေါများသော ကောင်းကင်ဘုံနယ်မြေအတွင်း၌ သူတို့၏ကိုယ်ပိုင်အင်အားကို တည်ထောင်နိုင်ရန်ရည်ရွယ်၍ ထိုနည်းစနစ်များကို ထိန်းသိမ်းထားခြင်းဖြစ်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ထိုလျှို့ဝှက်နည်းစနစ်များကို ရယူလိုပါက အနည်းဆုံးအနေဖြင့် ထိုအင်အားစုများ၏ ပင်မတပည့် သို့မဟုတ် စီနီယာအကြီးအကဲတစ်ယောက်ဖြစ်နေရပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုလျှို့ဝှက်နည်းစနစ်များအားလုံးသည် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်း၌ ရှိနေလေ၏။

ထိုလျှို့ဝှက်နည်းစနစ်များကို ပိုင်ဆိုင်ခဲ့သော အင်အားစုကြီးများအားလုံး ပြိုကွဲပျက်စီးသွားခဲ့သည်မှာလည်း အချိန်အတော်ကြာမြင့်နေလေပြီ။

"ပြစ်ဒဏ်ချမှတ်ခြင်းဓားဝင်္ကပါ...ဒါက ဟောင်ရန်ဓားဂိုဏ်းရဲ့လျှို့ဝှက်နည်းစနစ်ပဲ...ဟောင်ရန်ဓားဂိုဏ်း ပျက်သုဥ်းသွားလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လုယွီက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

သူ၏အတိတ်ဘဝအချိန်ကာလအတွင်းတွင် ဟောင်ရန်ဓားဂိုဏ်းသည် ထိပ်သီးအင်အားစုတစ်စုဖြစ်ပေ၏။ထိုဂိုဏ်းအတွင်း၌ မြောက်မြားစွာသောတပည့်များနှင့် အစွမ်းထက်ကျင့်ကြံသူများရှိသည်။

သို့ရာတွင် ဟောင်ရန်ဓားဂိုဏ်းမှတပည့်များသည် သမာဓိရှိသည်ဟူသောနာမည်ကိုခံယူ၍ တခြားကျင့်ကြံသူများအပေါ်တွင် ဖိနှိပ်အနိုင်ယူလေ့ရှိသည်။တချို့ကျင့်ကြံသူများသည် ဟောင်ရန်ဓားဂိုဏ်း၏အမည်ကိုအသုံးပြု၍ သူတို့နှင့်သဘောထားကွဲလွဲသူများကို သတ်ဖြတ်ခဲ့မှုများပင် ရှိလာခဲ့သည်။

ထိုအချိန်တုန်းက လုယွီ၏နာမည် အနည်းငယ်ကျော်ကြားလာစဥ်တွင် သူသည် ဟောင်ရန်ဂိုဏ်း၏တပည့်တစ်ယောက်ကို ရန်စစော်ကားခဲ့မိသည်။ထို့ကြောင့် ဟောင်ရန်ဂိုဏ်းသည် သူ့အား နတ်ဆိုးကျင့်ကြံသူအဖြစ် သတ်မှတ်ကာ နေရာအနှံ့အပြား၌ လိုက်လံသတ်ဖြတ်ခဲ့သည်။

ထိုကဲ့သို့အမဲလိုက်ခံရခြင်းကို ရှောင်ရှားနိုင်ရန်အလို့ငှါ လုယွီသည် လေဟာနယ်စစ်သင်္ဘောတစ်စင်းကိုမောင်းနှင်၍ ဝေးလံခေါင်သီသောကြယ်မြစ်တစ်ခုသို့ သွားရောက်ကာ ရှောင်တိမ်းနေခဲ့ရသည်။

နောက်ပိုင်းတွင် လုယွီသည် မဟာတာအိုကိုပြီးမြောက်အောင်မြင်သွားချိန်၌ ဟောင်ရန်ဂိုဏ်း၏ဂိုဏ်းချုပ်သည် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားသည်။သူတို့သည် လုယွီအားသတ်ဖြတ်ရန် ဝရမ်းထုတ်ခဲ့သောတပည့်ကို ကွပ်မျက်လိုက်ကြ၏။ထို့နောက် ဂိုဏ်းချုပ်နှင့်အကြီးအကဲများသည် မြေအောက်လောကနယ်မြေသို့လာရောက်၍ လုယွီအား အရိုအသေပြုကာ ခွင့်လွှတ်မှုရရှိရန်အတွက် တောင်းဆိုကြသည်။

မည်သို့ပင်ဆိုစေကာမူ အချိန်ကာလကြာရှည်သွားပြီဖြစ်သဖြင့် လုယွီသည် ထိုကိစ္စကို အကျယ်ချဲ့လိုခြင်းမရှိတော့ချေ။ထို့ကြောင့် သူတို့အား နောင်အနာဂတ်တွင် တပည့်များကို ထိန်းကွပ်ထားရန်သာပြောဆို၍ ပြန်လွှတ်လိုက်သည်။

ဟောင်ရန်ဂိုဏ်းသည် ရှည်လျားသောသမိုင်းမြစ်ကြီးအတွင်း၌ ပျောက်ကွယ်သွားမည်ဟု သူ မျှော်လင့်မထားမိပေ။

ဤနေရာရှိ ကျင့်ကြံနည်းစနစ်တိုင်းကို အလင်းလွှာတစ်ခုက လွှမ်းခြုံထားပြီး မှိန်ပျပျအလင်းရောင်များ ဖြာထွက်နေသည်။

ထိုကျင့်ကြံနည်းစနစ်များကို ဝင်္ကပါများဖြင့် ကာကွယ်ထားပေ၏။အကယ်၍ သူသည် ထိုကျင့်ကြံနည်းစနစ်များကို ရယူလိုပါက ဝင်္ကပါများကို ချိုးဖျက်ရပေမည်။

တတိယထပ်တွင် သူနှင့်တွေ့ဆုံခဲ့သော အစိမ်းရောင်ဝတ်စုံဝတ်မိန်းကလေး၏သတိပေးစကားသည် အခြေအမြစ်မရှိဘဲ ပြောဆိုခြင်းမဟုတ်ချေ။

"ပြစ်ဒဏ်ချမှတ်ခြင်းဓားဝင်္ကပါရဲ့အစစ်အမှန်လျှို့ဝှက်ဆန်းကြယ်မှုက ဘာလဲဆိုတာ ငါ ကြည့်ကြည့်ရအောင်"

လုယွီက သူ၏လက်ကို ပြစ်ဒဏ်ချမှတ်ခြင်းဓားဝင်္ကပါ၏နည်းစနစ်ကို လွှမ်းခြုံထားသော အလင်းလွှာပေါ်သို့ တင်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် ဝင်္ကပါက အသက်ဝင်လာခဲ့သည်။

Chapter 2267

အလင်းရောင်ဖျက်ခနဲလင်းလက်သွားခြင်းနှင့်အတူ အဖိုးအိုတစ်ယောက်က လုယွီ၏ရှေ့၌ ထွက်ပေါ်လာသည်။

ထိုအဖိုးအိုသည် ရိုးစင်သောဖျင်ကြမ်းဝတ်စုံကိုဝတ်ဆင်ထားကာ သူ၏လက်အတွင်း၌ သစ်သားဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။သူ၏ဆံပင်များသည် သူတောင်းစားတစ်ယောက်ကဲ့သို့ ဖွာလန်ကျဲနေပေ၏။သို့ရာတွင် သူ၏မျက်လုံးများသည် စူးရှတောက်ပနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းတက်ကြွမှုများနှင့် ပြည့်နှက်နေသည်။

"ဟောင်ရန်ဂိုဏ်းရဲ့တည်ထောင်သူ ဓားအင်မော်တယ်ဘိုးဘေးရှီက သူ့ရဲ့ဘဝတလျှောက်လုံးမှာ နတ်ဆိုးတွေအများကြီးကို သတ်ဖြတ်ခဲ့တယ်...သူက စိတ်သဘောထားမြင့်မြတ်ပြီးတော့ ပွင့်လင်းတဲ့လူတစ်ယောက်...ဒါပေမယ့် သူ့လိုပုဂ္ဂိုလ်မျိုး တည်ထောင်ခဲ့တဲ့ဂိုဏ်းတစ်ဂိုဏ်းက နောက်ဆုံးမှာ မူလရပ်တည်ချက်တွေ ပျောက်ဆုံးသွားခဲ့တယ်"

အဖိုးအိုကိုမြင်တွေ့ချိန်တွင် လုယွီက သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

ဟောင်ရန်ဓားဂိုဏ်းသည် တည်ထောင်စဥ်အစောပိုင်းကာလများ၌ ကောင်းမွန်သောကိစ္စအမြောက်အများကို ပြုလုပ်ခဲ့သည်။တပည့်များအားလုံးသည် နတ်ဆိုးများကိုဖယ်ရှား၍ တာအိုကိုကာကွယ်စောင့်ရှောက်ကာ လူအများကိုကယ်တင်ခဲ့သဖြင့် ကောင်းမှုကုသိုလ်စွမ်းအားများကို စုစည်းနိုင်ခဲ့သည်။

သို့ရာတွင် နောက်ပိုင်း၌ ဂိုဏ်းတစ်ဂိုဏ်းလုံး ပြောင်းလဲသွားလေ၏။

ဂိုဏ်းချုပ်မှစ၍ အဆင့်နိမ့်တပည့်တစ်ယောက်ထိတိုင် ဂိုဏ်းဝင်များအားလုံးသည် တစ်ကိုယ်ကောင်းဆန်သောလူရမ်းကားများဖြစ်လာသည်။တချို့ဂိုဏ်းသားများသည် နတ်ဆိုးများနှင့်အတူကျင့်ကြံ၍ သဘောထားကွဲလွဲသူများကိုသတ်ဖြတ်ကာ ထင်ရာစိုင်းနေခဲ့ကြသည်။

နောက်ဆုံး၌ ထိုဂိုဏ်းပျက်စီးခြင်း၏အဆုံးသတ်ကို ကြိုတင်သိမြင်နိုင်ခဲ့သည်။

"အတိတ်မှာတုန်းက မင်းကို အစွမ်းထက်ကျင့်ကြံသူတစ်ယောက်လို့ ယူဆလို့ရပေမယ့်....မင်းရဲ့နောက်ပိုင်းတပည့်တွေက အရမ်းအားနည်းလွန်းတယ်...အစစ်အမှန်ပြစ်ဒဏ်ချမှတ်ခြင်းဓားဝင်္ကပါရဲ့စွမ်းအားကို ငါ ကြည့်ကြည့်ရအောင်"

လုယွီ၏စိတ်ဝိညာဥ်မှစွမ်းအားများက ချက်ချင်းဆိုသလိုပင် ပွင့်အံထွက်လာသည်။

အစိမ်းရောင်ဝတ်စုံဝတ်အမျိုးသမီးသည် အစောပိုင်းက လုယွီကိုသတိပေးရသော အကြောင်းအရင်းမှာ စတုတ္ထထပ်တွင် အကယ်၍ သူသည် ကျင့်ကြံနည်းစနစ်တစ်ခုကို ကြည့်ရှုလိုပါက ထိုကျင့်ကြံနည်းစနစ်တွင်ရှိနေသော စိတ်ဆန္ဒနှင့် ယှဥ်ပြိုင်ရပေမည်။

အကယ်၍ သူ၏စိတ်ဝိညာဥ်စွမ်းအားသည် ခိုင်မာအားကောင်းမှုမရှိပါက ထိုယှဥ်ပြိုင်မှုအတွင်း၌ ထိခိုက်ဒဏ်ရာရရှိသွားပေလိမ့်မည်။

သို့ရာတွင် သူမသည် လုယွီ၏စိတ်ဝိညာဥ် မည်မျှထိသန်မာအားကောင်းသည်ကို သိရှိနိုင်မည်မဟုတ်ချေ။

ရုတ်ချည်းဆိုသလိုပင် လုယွီနှင့်အဖိုးအိုတို့သည် သဘောထားကွဲလွဲနေသော အကြည့်မျိုးဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

ဓားအင်မော်တယ်ရှီ၏ပုံရိပ်ယောင်က ဓားချက်တစ်ချက်ကို ခုတ်ပိုင်းလိုက်သည်။ထိုဓားချီသည် လောကကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သော ရွှေရောင်အလင်းတန်းတစ်တန်းနှင့် တူညီနေကာ ဓားအင်မော်တယ်ရှီ၏မျက်လုံးတစ်စုံသည်လည်း ရွှေရောင်တောက်ပနေသည်။

ဤသည်က ဟောင်ရန်ဓားဝင်္ကပါကို အဆုံးစွန်ဆုံးအဆင့်ထိ ကျင့်ကြံခဲ့ခြင်းမှ ဖြစ်ပေါ်လာသော ထူးဆန်းသည့်ပုံရိပ်ယောင်ဖြစ်ကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ရောယှက်နေသည်။သူ့ရှေ့ရှိ ရွှေရောင်အလင်းတန်းသည် သာမာန်အလင်းတန်းတစ်တန်းမဟုတ်ဘဲ မမြင်နိုင်သောဓားချီများအားလုံးကို စုစည်းထားခြင်းဖြစ်ပေ၏။

တစ်စုံတစ်ယောက်သည် ထိုဓားချီအား အသုံးပြုလိုက်စဥ်တွင် သူကိုယ်တိုင်ပင် ဝင်္ကပါတစ်ခုဖြစ်သွားကာ သူ၏နံဘေးပတ်လည်၌ အစွမ်းထက်သောပြစ်ဒဏ်ချမှတ်ခြင်းဓားဝင်္ကပါတစ်ခု ဖွဲ့စည်းသွားပေမည်။ထိုဓားဝင်္ကပါ၏ရစ်ပတ်လွှမ်းခြုံခြင်းခံရသော အရာရာတိုင်း ကြေမွှပျက်စီးသွားနိုင်သည်။

"အင်မော်တယ်သုတ်သင်ဓားချီ....ဖြတ်ပိုင်းစမ်း"

လုယွီက သူ၏ဓားချီကိုထုတ်လွှတ်လိုက်ရာ ထောင်နှင့်ချီသောဓားချီလှိုင်းများက သူ၏လက်ချောင်းထိပ်မှ ဖြာထွက်လာသည်။

စိတ်ဝိညာဥ်ခြင်းတိုက်ခိုက်နေမှု ကမ္ဘာအတွင်း၌ လုယွီနှင့်ဓားအင်မော်တယ်ရှီတို့၏ ဓားချီများသည် အချင်းချင်းဖီလာဆန့်ကျင် ရိုက်ခတ်မိကြ၏။

ဘန်း...ဘန်း...ဘန်း....

လုယွီနှင့်ပြစ်ဒဏ်ချမှတ်ခြင်းဓားဝင်္ကပါ ကျင့်ကြံနည်းစနစ်စာအုပ်အကြားရှိ လေထုအတွင်းမှနေ၍ ဓားချီများအချင်းချင်း ရိုက်ခတ်မိနေသောအသံများ မြည်ဟီးနေသည်။

လုယွီသည် တိုက်ပွဲကြာရှည်လာနှင့်အမျှ သူ တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့သည်။

"ဟောင်ရန်ဂိုဏ်းရဲ့မျိုးဆက်တွေက ဒီနည်းစနစ်ရဲ့အနှစ်သာရကို ပြောင်းလဲခဲ့တာပါလား...သူတို့က သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ခုတည်းကိုပဲ အာရုံစိုက်လိုက်တဲ့အတွက် နည်းစနစ်ရဲ့လမ်းကြောင်းပျောက်ဆုံးသွားခဲ့တယ်"

"ဒီဓားနည်းစနစ်ကိုကြည့်ရတာ ရက်စက်ကြမ်းတမ်းပုံရပေမယ့် ဓားချက်တိုင်းမှာ ခွန်အားအနည်းငယ်ကိုပဲ ထည့်သွင်းအသုံးပြုထားတယ်...ဓားက လူသတ်လက်နက်ဖြစ်ပေမယ့် ကိုင်ဆောင်တဲ့သူက သနားကြင်နာမှုရှိရမယ်...ဓားချက်တစ်ချက်စီက နောက်တွန့်နေတယ်လို့ထင်ရပေမယ့် တကယ်တမ်းက သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေကို စုစည်းနေတာပဲ...နောက်ဆုံးအဆုံးအဖြတ်ချိန်ကျရင် စုစည်းထားတဲ့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတွေအားလုံး ပွင့်အံထွက်လာပြီးတော့ တစ်ဖက်ရန်သူကို သတ်ဖြတ်နိုင်လိမ့်မယ်"

တိုက်ပွဲအတွင်း၌ လုယွီသည် ပြစ်ဒဏ်ချမှတ်ခြင်းဓားဝင်္ကပါနည်းစနစ်၏အနှစ်သာရကို တစတစ နားလည်သဘောပေါက်လာခဲ့သည်။

သူ့ရှေ့ရှိ ဓားအင်မော်တယ်ရှီကိုအနိုင်ယူနိုင်ရန် ပြစ်ဒဏ်ချမှတ်ခြင်းဓားဝင်္ကပါ၏ ရာနှင့်ချီသောဟာကွက်များကို လုယွီက သူ၏စိတ်အတွင်း၌ ဖော်ထုတ်နိုင်ခဲ့လေ၏။

"ပြစ်ဒဏ်ချမှတ်ခြင်းဓားဝင်္ကပါရဲ့နောက်ဆုံးဓားချက်မှာ အပြောင်းအလဲခြောက်ဆယ့်လေးမျိုးရှိပြီးတော့....ပထမဓားချက်မှာတော့ ပြောင်းလဲမှုတစ်ရာ့ရှစ်မျိုးရှိတယ်....ဘယ်လိုပဲဖြစ်ဖြစ် ဒီဓားဝင်္ကပါက ရှေးဟောင်းသိုင်းပညာနည်းစနစ်တွေကို ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး"

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီက ပြစ်ဒဏ်ချမှတ်ခြင်းဓားဝင်္ကပါ၏အနှစ်သာရကို ပြီးပြည့်စုံစွာ ရယူနိုင်ခဲ့သည်။

နှစ်ဖက်စလုံးမှဓားချီများ ထပ်မံ၍ ဖီလာဆန့်ကျင်ရိုက်ခတ်မိသွားသည်။လုယွီ၏အင်မော်တယ်သုတ်သင်ဓားချီသည် အပြောင်းအလဲ လွန်စွာများပြားကာ ဓားအင်မော်တယ်ရှီ၏ဓားချီများကို လွှမ်းခြုံကာ အပြည့်အဝ ဖျက်ဆီးနိုင်ခဲ့သည်။

ထို့နောက် လုယွီ၏ဓားချီများသည် ဓားအင်မော်တယ်ရှီ၏ပုံရိပ်ယောင်ကို ဖြတ်ပိုင်းမိသွားလေ၏။

Chapter 2268

ဓားအင်မော်တယ်ရှီ၏ပုံရိပ်ယောင်သည် သူ၏နှလုံးသားကို ဓားအစင်းပေါင်းတစ်ထောင်ဖြင့် ထိုးစိုက်ခံလိုက်ရသည့်အလား ချက်ချင်းဆိုသလိုပင် အမှုန်အမွှားအဖြစ်သို့ပြောင်းလဲကာ ပျက်ပြယ်သွားတော့သည်။

ထို့နောက် ပြစ်ဒဏ်ချမှတ်ခြင်းဓားဝင်္ကပါနည်းစနစ်ရှိသော အလင်းအကာအကွယ် ကျိုးပျက်သွားကာ လုယွီက အတွင်းရှိကျင့်ကြံနည်းစနစ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

လုယွီက သူ၏လက်ကို ပြစ်ဒဏ်ချမှတ်ခြင်းဓားဝင်္ကပါနည်းစနစ်ပေါ်သို့ တင်လိုက်၏။ရုတ်ချည်းဆိုသလိုပင် သူသည် ထိုနည်းစနစ်၏အနှစ်သာရကို ယေဘုယျအားဖြင့် ဖမ်းဆုပ်နိုင်ခဲ့လေပြီ။

မည်မျှထိကျင့်ကြံဆင့်မြင့်မားသော အစွမ်းထက်ကျင့်ကြံသူဖြစ်နေပါစေ စာအုပ်အမြောက်အများဖတ်ရှုခြင်းသည် မှားယွင်းမှုမရှိချေ။ထိုစာအုပ်များကိုဖတ်ရှုသည့်နယ်ပယ် ပို၍တိုးတက်လာသည်နှင့်အမျှ သူတို့၏ကျင့်ကြံဆင့်နယ်ပယ်ချိုးဖျက်ရာတွင် ကြုံတွေ့ရမည့်အတားအဆီးများ ပို၍နည်းပါးသွားပေမည်။ထို့ပြင် စာအုပ်အမြောက်အများဖတ်ရှုခြင်းသည် မဟာတာအိုကို ပို၍နားလည်သဘောပေါက်နိုင်သည်။

ထို့ကြောင့် အစွမ်းထက်သောတာအိုသခင်များပင်လျှင် နှစ်စဥ်နှစ်တိုင်း လောကကြီးတခွင်လုံးကို လှည့်လည်သွားလာ၍ အဖိုးတန်ရှားပါးသော ရှေးဟောင်းစာပေများကို လေ့လာဆင်ခြင်ကြကာ မဟာတာအိုလမ်းကြောင်းကို ရှာဖွေကြသည်။

လုယွီသည် ပြစ်ဒဏ်ချမှတ်ခြင်းဓားဝင်္ကပါနည်းစနစ်၏ အနှစ်သာရကို နားလည်သဘောပေါက်ပြီးနောက် ထိုစာအုပ်ကို မူလနေရာ၌ပြန်ထားလိုက်၏။

"တစ်ခုပြီးတစ်ခုလာနေရင် အချိန်အရမ်းကြာသွားလိမ့်မယ်...မင်းတို့အားလုံး အတူတူလာကြစမ်း"

လုယွီက သူ၏လက်ကိုလှုပ်ခတ်လိုက်ရာ ကျယ်ပြန့်သောစိတ်ဝိညာဥ်စွမ်းအားများက စတုတ္ထထပ်တစ်ထပ်လုံးကို လွှမ်းခြုံသွားသည်။

ကျင့်ကြံနည်းစနစ်စာအုပ်တိုင်း၏မျက်နှာပြင်ပေါ်ရှိ အကာအကွယ်ဝင်္ကပါများအားလုံး အသက်ဝင်လာလေပြီ။

အစွမ်းထက်အင်အားစုများမှ ထိပ်သီးကျင့်ကြံသူများ၏ပုံရိပ်ယောင်များသည် ဝင်္ကပါမှထွက်လာကာ လုယွီ၏စိတ်ဝိညာဥ်ရှေ့သို့ ရောက်ရှိလာကြ၏။

ထိုပုံရိပ်ယောင်များအနက်မှအများစုမှာ တည်ထောင်သူဘိုးဘေးများဖြစ်သည်။သူတို့ဖန်တီးခဲ့သော လျှို့ဝှက်နည်းစနစ်များကို နက်ရှိုင်းစွာမှတ်မိနေကြသဖြင့် သူတို့သည် ပုံရိပ်ယောင်များအဖြစ် ထွက်ပေါ်လာကြခြင်းပင်။

ရုတ်ချည်းဆိုသလိုပင် ပုံရိပ်ယောင်များအားလုံးသည် သူတို့၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများကို ထုတ်ဖော်ကာ လုယွီကို ဝိုင်းရံ၍တိုက်ခိုက်ကြသည်။

ဤတိုက်ပွဲသည် ကျင့်ကြံဆင့်နယ်ပယ်နှင့် သက်ဆိုင်ခြင်းမရှိချေ။ဤသည်က ကျင့်ကြံနည်းစနစ်များအကြားမှ ယှဥ်ပြိုင်ပွဲတစ်ခုပင်။

"နဂါးနက်လက်သည်း"

"မြေအောက်လောကနတ်ဘုရားရဲ့အမျက်ဒေါသဓားချက်"

"အရပ်ရှစ်မျက်နှာချိပ်ပိတ်ခြင်း"

လုယွီသည် နည်းစနစ်တစ်ခုပြီးတစ်ခုကို ထုတ်ဖော်အသုံးပြု၍ သူ့ထံတိုးဝင်လာသော တိုက်ခိုက်မှုများအားလုံးကို ပိတ်ဆို့ဟန့်တားလိုက်၏။မည်သို့ပင်ဆိုစေကာမူ သူသည် ထိုနည်းစနစ်များအားလုံးကို တပြိုင်နက်တည်းချိုးဖျက်ရန် စီစဥ်ထားသည်။

ဘုန်း...ဘုန်း...ဘုန်း...

ပြင်းထန်သောပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းနှင့်အတူ ကျင့်ကြံနည်းစနစ်များကို လွှမ်းခြုံထားသော အကာအကွယ်ဝင်္ကပါများအားလုံး ကြေမွှပျက်စီးသွားသည်။ထို့နောက် လုယွီ၏ထိန်းချုပ်မှုအောက်တွင် ကျင့်ကြံနည်းစနစ်စာအုပ်များအားလုံး လေထုအတွင်း၌ မျောလွင့်နေပေ၏။

စာလုံးများနှင့်ပြည့်နေသော စာရွက်များသည် လေတိုက်ခတ်မှုမရှိဘဲ စာမျက်နှာတစ်ရွက်ပြီးတစ်ရွက် အလျှင်အမြန်ကူးပြောင်းနေသည်။

လုယွီသည် အကြည့်တစ်ချက်ဖြင့်ပင် စာမျက်နှာတစ်ရွက်စီပေါ်တွင် ပြွတ်သိပ်နေသောစာလုံးများကို မှတ်သားနိုင်ကာ ပြန်လည်လေ့လာဆင်ခြင်နိုင်စွမ်းလည်းရှိသည်။

သူသည် နတ်ဘုရားစိတ်အာရုံကို ခွဲခြမ်းစိတ်ဖြာ၍ နည်းစနစ်အမျိုးမျိုးကို တပြိုင်နက်တည်း လေ့လာဆင်ခြင်နေခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ၏လေ့လာဆင်ခြင်မှုအရှိန်နှုန်းသည် အလွန်အမင်းလျှင်မြန်သည့်အပြင် အမျိုးမျိုးသောတိုက်ခိုက်မှုအပြောင်းအလဲများအပေါ် သူ၏အတွေ့အကြုံများကိုလည်း ထပ်မံ၍ဖြည့်တင်းနိုင်ခဲ့လေ၏။

သူ့ထံတွင် အတိတ်ဘဝမှမှတ်ဥာဏ်များရှိနေသော်လည်း ဤဘဝနှင့်သဟဇာတဖြစ်ရန် လိုအပ်နေဆဲပင်။အကယ်၍ လုယွီသည် အတိတ်ဘဝထက်သာလွန်သောအောင်မြင်မှုကို ရယူလိုပါက သူသည် ကျင့်ကြံနည်းစနစ်အသစ်များကို အဆက်မပြတ်လေ့လာသင်ယူကာ တိုက်ပွဲအတွေ့အကြုံအမြောက်အများကို ရှာဖွေရပေမည်။

ထို့ကြောင့် ဤသည်က ကြီးမားသောအခွင့်အရေးကြီးဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိချေ။

"မင်းတို့အားလုံးက အတိတ်မှာ အရမ်းသန်မာအားကောင်းတဲ့သူတွေ ဖြစ်ခဲ့ကြလိမ့်မယ်...ဒါပေမယ့် ဒီဘဝမှာတော့ ငါက ပိုပြီးသန်မာအားကောင်းတယ်"

လုယွီက ရုတ်တရက် ပြောင်းလဲမှုတစ်ခုဖြစ်ပွါးသွားသည်ကို သတိပြုလိုက်မိ၏။သူက ထိုက်ယွမ်လက်ဝါးရိုက်ချက်ရှစ်ချက်ကို လေဟာနယ်အတွင်းသို့ ရိုက်ထုတ်လိုက်သည်။ထိုလက်ဝါးရိုက်ချက်များမှလေလှိုင်းများသည် စူးရှသောလေတိုးသံနှင့်အတူ ပတ်ဝန်းကျင်နေရာတစ်ခုလုံးကို လွှမ်းခြုံသွားကာ သစ်ရွက်ကြွေများကိုလှည်းကျင်းသွားသော ဆောင်းဦးလေပြည်ညှင်းအလား ကျင့်ကြံနည်းစနစ်များမှထွက်ပေါ်လာသော ပုံရိပ်ယောင်များအားလုံးကို ပျက်စီးသွားစေသည်။

ပုံရိပ်ယောင်များတစ်ခုပြီးတစ်ခု ကြေမွပျက်စီးလာသည်နှင့်အမျှ လုယွီ၏မျက်လုံးသည် ပို၍စူးရှတောက်ပလာပေ၏။

"ဒီနေရာမှာရှိတဲ့ ကျင့်ကြံနည်းစနစ်တွေက ငါ့အတွက် မလုံလောက်သေးဘူး"

လုယွီသည် နောက်ဆုံးကျန်ရှိသောပုံရိပ်ယောင်ကို ဖျက်ဆီးပြီးနောက် ပဉ္စမထပ်သို့ တိုက်ရိုက်တက်သွားလိုက်၏။

ပဉ္စမထပ်တွင် အလွန်အမင်းမှောင်မည်းနေသည်။ကျင့်ကြံနည်းစနစ်တိုင်းကို အထူးသီးသန့် အကာအကွယ်အလွှာတစ်ခုဖြင့် လွှမ်းခြုံထားသည်။ထိုအကာအကွယ်အလွှာတစ်ခုစီပေါ်၌ ကျင့်ကြံနည်းစနစ်ကို ဖိနှိပ်ထားနိုင်ရန် သင်္ကေတအက္ခရာအမြောက်အများကို ရေးထွင်းထားသည်။

ဤအထပ်ရှိ ကျင့်ကြံနည်းစနစ်များတွင် ကိုယ်ပိုင်အသိဥာဏ်ရှိနေပေ၏။

လျှို့ဝှက်ဆန်းကြယ်မိုးကောင်ကင်ကျမ်းစာကဲ့သို့ပင် ထိုကျင့်ကြံနည်းစနစ်များသည် တစ်စုံတစ်ယောက်ကို ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ဆွဲခေါ်နိုင်စွမ်းရှိသည်။ဤကဲ့သို့ အသိဥာဏ်အဆင့်မျိုးသည် အလွန်နက်နဲသိမ်မွေ့ကာ လျှို့ဝှက်ဆန်းကြယ်သဖြင့် စကားလုံးများဖြင့်ဖော်ပြ၍ပင် မရနိုင်ချေ။

ပဉ္စမထပ်ရှိကျင့်ကြံနည်းစနစ်များသည် ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုအနက်မှတစ်ခုဖြစ်သော လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာနှင့် မယှဥ်ပြိုင်သည့်တိုင် တစ်စုံတစ်ယောက်မှနေ၍ လွယ်လင့်တကူဖိနှိပ်နိုင်မည့်အရာမျိုးမဟုတ်ပေ။

Chapter 2269

ဤနေရာတွင်ထားရှိသော ကျင့်ကြံနည်းစနစ်အများစုသည် မြင့်မြတ်နယ်မြေများမှနည်းစနစ်များဖြစ်ကာ တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားမျိုးပါရှိသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာမှကျင့်ကြံနည်းစနစ်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ တက်မြောက်သွားပါက ပထမမျိုးဆက်ဘိုးဘေးတစ်ယောက်ဖြစ်ရန် အရည်အချင်းပြည့်မီသွားပေမည်။ထိုလူသည် ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်၍ တပည့်သစ်များကိုခေါ်ယူကာ သူ၏ကိုယ်ပိုင်ကံကြမ္မာကို ဖန်တီးနိုင်သည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ အလွန်များပြားသော အကျိုးဆောင်ရမှတ်ရရှိထားသူများသာလျှင် ဤနေရာသို့ဝင်ရောက်ခွင့်ရပေ၏။

ကြည့်ရသည်မှာ ဤနေရာသို့ ယခင်ကလူနည်းစုသာ ရောက်ရှိခဲ့ဖူးပုံရသည်။ပဉ္စမထပ်တစ်ထပ်လုံးသည် အလွန်ကျယ်ဝန်းသော်လည်း လူသူကင်းမဲ့ကာ တိတ်ဆိတ်ငြိမ်သက်နေသည်။

"ခွန်းထျန်းမြင့်မြတ်နယ်မြေ...မိုးရေစက်မြင့်မြတ်နယ်မြေ...သူတို့အားလုံး ပျောက်ကွယ်သွားကြတာလား"

လုယွီက တီးတိုးရေရွတ်လိုက်သည်။

လွန်ခဲ့သောဆယ်စုနှစ်များအတွင်းတွင် ကောင်းကင်ဘုံနယ်မြေအတွင်း၌ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။

တစ်ချိန်က ကြီးကျယ်ခမ်းနားခဲ့သော မြင့်မြတ်နယ်မြေများအားလုံး ပျောက်ကွယ်သွားလေပြီ။

လုယွီ ရောက်ရှိလာသည်ကိုအာရုံခံမိပုံဖြင့် ကျင့်ကြံနည်းစနစ်များအားလုံး တပြိုင်နက်တည်း တုန်ခါသွားသည်။ကြည့်ရသည်မှာ ထိုကျင့်ကြံနည်းစနစ်သည် လုယွီ၏တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒကို ခံစားမိပုံပင်။

ဤအချိန်အခိုက်အတန့်တွင် ပဉ္စမထပ်တစ်ထပ်လုံး တုန်ခါသံများဖြင့် ပြည့်နှက်နေပေ၏။

လုယွီ၏စိတ်ဝိညာဥ်ကမ္ဘာအတွင်း၌ ကြီးကျယ်မြင့်မြတ်သောပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

သူတို့သည် စတုတ္ထထပ်တွင်တွေ့ခဲ့ရသော ထိပ်သီးအင်အားစုများ၏တည်ထောင်သူဘိုးဘေးများနှင့် ကွဲပြားခြားနားသည်။သူတို့သည် ကိုယ်ပိုင်မဟာတာအိုကိုဖွဲ့စည်းနိုင်ခဲ့ကြကာ ထိုတာအိုနည်းစနစ်များကို ပါရမီရှင်များအား လက်ဆင့်ကမ်းသင်ကြားပေး၍ မြင့်မြတ်နယ်မြေများကို တည်ထောင်ခဲ့ကြသူများဖြစ်ပေ၏။

မြင့်မြတ်နယ်မြေတိုင်းတွင် နှစ်ပေါင်းထောင်နှင့်ချီ၍ လက်ဆင့်ကမ်းလာသည့် ကောင်းချီးပေးခံရသောကံကြမ္မာမျိုးရှိသည်။

"အင်မော်တယ်သုတ်သင်ဓားချီ"

လုယွီက သူ၏လက်ညှိုးကိုညွှန်ပြလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် အကန့်အသတ်မရှိသောဓားချီများက သူ၏လက်ညှိုးထိပ်မှထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။

လုယွီ၏တိုက်ခိုက်မှုကိုမြင်ချိန်တွင် ကျင့်ကြံနည်းစနစ်များ၏ပုံရိပ်ယောင်များကလည်း တုံ့ပြန်တိုက်ခိုက်ကြ၏။

ထိုပုံရိပ်ယောင်များ တိုက်ခိုက်လာသောနည်းစနစ်များသည် ခန့်မှန်းရခက်ခဲပြီး အပြောင်းအလဲမြန်ရုံသာမက မဟာတာအိုဥပဒေသများ ရောယှက်ပါဝင်နေသည်။

ဘုန်း...ဘုန်း....ဘုန်း...

အင်မော်တယ်သုတ်သင်ဓားချီသည် အစဥ်အမြဲပြိုင်ဘက်ကင်းသကဲ့သို့ဖြစ်နေခဲ့ရာမှ နောက်ဆုံးတွင် ပြိုင်ဘက်ကိုတွေ့ရှိသွားလေပြီ။မြောက်မြားစွာသောဘိုးဘေးများ၏ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် လုယွီ၏ဓားချီ တစတစပျက်ပြယ်လာခဲ့သည်။

လုယွီသည် သူ၏ဓားချီသည် ရှုံးနိမ့်တော့မည့်အရိပ်အယောင်မျိုး ထွက်ပေါ်လာကာ ဖိနှိပ်ခံနေရသည်ကို ခံစားမိပေ၏။

"မဟုတ်သေးဘူး...ငါ့ရဲ့အင်မော်တယ်သုတ်သင်ဓားချီမှာ ဟာကွက်တွေရှိနေသေးတာပါလား"

လုယွီသည် စိတ်ပျက်အားလျော့ရမည့်အစား အနည်းငယ်ပျော်ရွှင်ဝမ်းမြောက်သွားသည်။

ဤကဲ့သို့အစွမ်းထက်သောပြိုင်ဘက်များနှင့် ရင်ဆိုင်ရချိန်တွင် သူ၏အားနည်းချက်များကို ရှင်းရှင်းလင်းလင်း ရှာဖွေဖော်ထုတ်နိုင်ပေမည်။

"ငါ့ရဲ့အင်မော်တယ်သုတ်သင်ဓားချီမှာ ဟာကွက်တချို့ရှိနေခဲ့တာပဲ...တာဟေးပြောတာမှန်တယ်...အမတ်ကြီးချွယ် ငါ့ကိုလက်ဆင့်ကမ်းထားတဲ့နည်းစနစ်တွေက မပြည့်စုံသေးဘူး"

လုယွီက တွေးတောလိုက်၏။

မိုးကောင်းကင်ရေကန်တွင် သူ အမတ်ကြီးချွယ်နှင့် မတော်တဆတွေ့ဆုံခဲ့ရသည်မှာ အလွန်ကြီးမားသောကံကြမ္မာကောင်းတစ်ခုဟုဆိုနိုင်သည်။ထိုကံကြမ္မာကောင်းကြီးသည် သာမာန်သေမျိုးတစ်ယောက်ကို ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။

သို့ရာတွင် လောကကြီးအတွင်း၌ ကံကြမ္မာကောင်းဆိုသည်မှာ အလွန်အမင်းရှားပါးပေ၏။

အတိတ်သို့ပြန်တွေးကြည့်ပါက လုယွီသည် မိုးကောင်းကင်ရေကန်တွင် အမတ်ကြီးချွယ်နှင့် ဆုံတွေ့ခဲ့ချိန်ကစ၍ သူ့ထံမှကျင့်ကြံနည်းစနစ်များ သင်ယူခဲ့ချိန်အထိ အရာအားလုံး အဆင်ပြေချောမွေ့နေခဲ့သည်။

ဤသည်က ကံကြမ္မာအရဆုံတွေ့ခဲ့ခြင်းဟု သတ်မှတ်နိုင်သည်။

သို့ရာတွင် လုယွီကမူ ထိုသို့တွေးတောထားခြင်းမရှိချေ။ယခုချိန်၌ သူ ပြန်လည်တွေးတောမိစဥ်တွင် အမတ်ကြီးချွယ်သည် ထိုနေ့ကကိစ္စရပ်များအတွက် ယခင်ကတည်းက ကြိုတင်စီမံထားခြင်းဖြစ်ပေမည်။သူသည် လုယွီ သူ့အားတွေ့ရှိသွားစေရန် ရည်ရွယ်ချက်ရှိရှိ ထွက်ပေါ်လာခဲ့ပုံရပေ၏။

အမတ်ကြီးချွယ်သည် ရှေးဟောင်းသိုင်းပညာနည်းစနစ်များကို မည်သည်ကြောင့် သူ့အားလက်ဆင့်ကမ်းပေးခဲ့သည်ကို သူမသိရှိသော်လည်း ထိုအရာများအား ပြီးပြည့်စုံသည်ဟု သူ ယူဆမထားချေ။ထိုအစား သူသည် ထိုနည်းစနစ်များကို သူ၏ကိုယ်ပိုင်နားလည်သဘောပေါက်မှုများနှင့်ရောယှက်၍ သူ၏ကိုယ်ပိုင်မှော်နည်းစနစ်အဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲခဲ့သည်။

"ငါ့ရဲ့အင်မော်တယ်သုတ်သင်ဓားချီက နည်းနည်းပိုပြီးတိုးတက်လာဖို့လိုသေးတယ်...ငါက ဒီဘိုးဘေးပုံရိပ်ယောင်တွေကို ဓားသွေးကျောက်အဖြစ်အသုံးပြုပြီးတော့ ငါ့ရဲ့နည်းစနစ်ကိုတိုးတက်အောင်လုပ်ရမယ်"

လုယွီက သူ၏ဓားချီကို ထပ်မံ၍အသုံးပြုလိုက်သည်။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူ၏ဓားချီသည် အထပ်တစ်ထပ်လုံးအနှံ့ပျံ့နှံ့သွားကာ ဘိုးဘေးပုံရိပ်ယောင်များ၏နည်းစနစ်များအားလုံးကို ပျက်ပြယ်သွားစေသည်။

လုယွီ၏နံဘေးပတ်ဝန်းကျင်၌ မျောလွင့်နေသောဓားချီသည် အလွန်နက်နဲသိမ်မွေ့ကာ နည်းစနစ်တစ်ခုစီတိုင်းကို တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်။

သို့ရာတွင် ဘိုးဘေးပုံရိပ်ယောင်များသည် လုယွီ၏ဓားနည်းစနစ် ပြောင်းလဲသွားသည်ကိုမြင်ချိန်တွင် သူတို့၏လှုပ်ရှားမှုများကို တပြိုင်နက်တည်းပြောင်းလဲလိုက်ကြကာ ပို၍ရက်စက်ကြမ်းကြုတ်လာသည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေရကာ ရှောင်ထွက်၍လည်းမရတော့ချေ။

Chapter 2270

ဤအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိကျင့်ကြံနည်းစနစ်များအားလုံး လင်းလက်တောက်ပနေကြ၏။

ထိုဘိုးဘေးပုံရိပ်ယောင်များ၏တိုက်ခိုက်မှုနည်းစနစ်များသည် ရက်စက်ကြမ်းကြုတ်သော်လည်း လုယွီ၏ရှေ့တွင် ထိုတိုက်ခိုက်မှုများအားလုံးသည် ဓားသွေးကျောက်များပင်။

"အင်မော်တယ်သုတ်သင်ဓားချီက နောက်တစ်ဆင့်မြင့်တက်သွားပြီ...ဒါက ဒီအတိုင်းပဲဖြစ်သင့်တယ်"

လုယွီ၏မျက်လုံးအတွင်း၌ နားလည်သဘောပေါက်သွားသောအရိပ်အယောင်များ ထင်ဟပ်သွားသည်။

သူ စကားပြောဆိုနေစဥ်မှာပင် သူ၏လက်အတွင်းမှဓားချီသည် ရုတ်တရက် ပို၍အပြောင်းအလဲမြန်လာကာ ခန့်မှန်း၍မရတော့ချေ။

တစ်ချိန်တည်းမှာပင် သူ၏စိတ်ဝိညာဥ်ကမ္ဘာအတွင်း၌ ပြင်းထန်သောလေပြင်းများ ဝှေ့ယမ်း၍တိုက်ခတ်လာသည်။

ထိုလေပြင်းများသည် သာမာန်အတိုင်းတိုက်ခတ်နေသည်ဟုထင်ရသော်လည်း လေထုအကြား၌ ထောင်နှင့်ချီသောဓားချီများ ခိုအောင်းနေသည်။ထိုဓားချီများသည် လေထုနှင့်တသားတည်းရောယှက်နေကာ သာမာန်မျက်လုံးဖြင့် တွေ့မြင်နိုင်မည်မဟုတ်ချေ။

ဝှစ်...

နောက်ဆုံး၌ မြင့်မြတ်နယ်မြေအရှင်သခင် ဘိုးဘေးတစ်ယောက်၏ပုံရိပ်ယောင်ကို ထိုဓားချီများက ထွင်းဖောက်သွားသည်။

ထိုမြင့်မြတ်နယ်မြေအရှင်သခင်ဘိုးဘေး၏ပုံရိပ်ယောင် ဓားချီကြောင့်ပျက်စီးသွားချိန်တွင် လေထုအတွင်း၌မျောလွင့်နေသော ကျင့်ကြံနည်းစနစ်စာအုပ်၏အတွင်း၌ ပါဝင်သောအကြောင်းအရာများအားလုံး ထွက်ပေါ်လာခဲ့သည်။

ဤသည်က တခြားသူများကို လက်ဆင့်ကမ်းခြင်းမပြုသော မြင့်မြတ်နယ်မြေများ၏ကျင့်ကြံနည်းစနစ်များပင်။ထိုကျင့်ကြံနည်းစနစ်များသည် မြင့်မြတ်နယ်မြေအရှင်သခင်ဘိုးဘေးများ ဘဝတသက်တာလုံး ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများနှင့်အယူအဆများကို စုစည်းထားခြင်းဖြစ်သဖြင့် အဖိုးမဖြတ်နိုင်သောရတနာများဖြစ်သည်။

လုယွီသည် သူ့စိတ်ဝိညာဥ်မှစွမ်းအားဖြင့် ထိုလျှို့ဝှက်နည်းစနစ်များကို အဆက်မပြတ်လေ့လာဆင်ခြင်လိုက်၏။တစ်ချိန်တည်းမှာပင် မဟာတာအိုအပေါ် သူ၏နားလည်သဘောပေါက်မှုမှာ အလျှင်အမြန်တိုးတက်လာခဲ့သည်။

ထို့နောက်တွင်မူ ကျန်ရှိနေသော မြင့်မြတ်နယ်မြေအရှင်သခင်ဘိုးဘေးများ၏ ပုံရိပ်ယောင်များသည်လည်း လုယွီ၏ပြိုင်ဘက် မဖြစ်နိုင်ခဲ့ချေ။

လုယွီ၏လက်အတွင်းမှထုတ်လွှက်ထားသည့် ထောင်နှင့်ချီသောဓားချီများသည် ပို၍ပို၍နက်နဲသိမ်မွေ့လာသည်။မြင့်မြတ်နယ်မြေအရှင်သခင်များ၏ပုံရိပ်ယောင်များသည်လည်း တစ်ခုပြီးတစ်ခု ကြေမွပျက်စီးသွားကြ၏။ထို့နောက်တွင်မူ လုယွီသည် ထိုကျင့်ကြံနည်းစနစ်များ၏အနှစ်သာရများကို လေ့လာဆင်ခြင်ကာ တဖြည်းဖြည်းစုပ်ယူလိုက်တော့သည်။

ဘုန်း...ဘုန်း...ဘုန်း...

ကျင့်ကြံနည်းစနစ်များကို လွှမ်းခြုံထားသော အလင်းအကာအကွယ်များအားလုံး ကြေမွှပျက်စီးသွားလေပြီ။

ထိုမြင့်မြတ်နယ်မြေအရှင်သခင်များ၏အတွေ့အကြုံများကို လုယွီသည် လေ့လာဆင်ခြင်နိုင်ခဲ့သော်လည်း ထိုအရာများကို သူ ဖြည်းညှင်းစွာစုပ်ယူရန်လိုအပ်သည်။

ပဉ္စမထပ်သို့ လုယွီဝင်ရောက်လာသည်မှာ အချိန်တစ်နာရီမပြည့်သေးသော်လည်း သူသည် ထောင်နှင့်ချီသောတိုက်ပွဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကာ အကျိုးကျေးဇူးများစွာရရှိခဲ့သည်။

"မင်းတို့ရဲ့ဘဝအတွေ့အကြုံတွေကို ဒီနေရာမှာ ဆုံးရှုံးခံမယ့်အစား ငါ့ကိုပေးလိုက်တာက ပိုကောင်းလိမ့်မယ်...မင်းတို့ ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါတော့"

လုယွီက ရုတ်တရက် ပြောဆိုလိုက်၏။

ကျင့်ကြံနည်းစနစ်စာအုပ်များထံမှနေ၍ ရှည်လျားသောသက်ပြင်းချသံများ ထွက်ပေါ်လာသည်။

ဤသည်က ထိုလျှို့ဝှက်ကျင့်ကြံနည်းစနစ်များကို ရေးသားခဲ့သော မြင့်မြတ်နယ်မြေအရှင်သခင်များချန်ထားခဲ့သည့် စိတ်ဆန္ဒများပင်။

အချိန်များကြာမြင့်လာသည်နှင့်အမျှ ထိုစိတ်ဆန္ဒများသည် ညှိုးနွမ်းခြောက်သွေ့လာကာ မူလခွန်အားမျိုးမရှိတော့ချေ။သို့ရာတွင် သူတို့သည် ကျင့်ကြံနည်းစနစ်များပေါ်တွင် စိတ်ဆန္ဒများအဖြစ် ဆက်လက်၍ကျန်ရှိနေလေ၏။

လုယွီသည် ထိုစိတ်ဆန္ဒများအားလုံးကိုအနိုင်ယူခဲ့ရာ သူတို့နှင့်သက်ဆိုင်သော မြင့်မြတ်နယ်မြေများ၏လျှို့ဝှက်ဆန်းကြယ်မှုများကို သူ ရရှိခဲ့သည်။

မြင့်မြတ်နယ်မြေများ၏လျှို့ဝှက်နည်းစနစ်များကို ရရှိပြီးနောက် လုယွီက နောက်ထက်အထပ်တစ်ထပ်သို့ ထပ်မံ၍သွားလိုက်သည်။

ဤသည်က ဆဋ္ဌမထပ်ပင်။

ဆဋ္ဌမထပ်သည် အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်ပေ၏။

ကျောင်းတော်ရှိ အတွေ့အကြုံရင့်ကျက်သော တပည့်တချို့ပင်လျှင် ဤဆဋ္ဌမထပ်ကို ရောက်ရှိဖူးခြင်းမရှိချေ။

ပဉ္စမထပ်သို့ဝင်ရောက်နိုင်သော တပည့်အရေအတွက်ပင်လျှင် အနည်းစုသာရှိရာ ဆဋ္ဌမထပ်ဆိုပါက ဆိုဖွယ်ရာပင်မရှိချေ။

ဆဋ္ဌမထပ်တစ်ထပ်လုံးကို အမှောင်ထုကြီးက လွှမ်းခြုံထားသည်။

ဤနေရာသို့ရောက်ရှိလာသူသည် သူ၏လက်ချောင်းများကိုပင် သူ ပြန်မြင်တွေ့နိုင်မည်မဟုတ်ချေ။အမှောင်ထုအတွင်း၌ မှိန်ပျပျကြယ်အလင်းရောင်များက တောက်ပနေသည်။ထိုကြယ်ရောင်များသည် မိုးကောင်းကင်ယံအတွင်း၌ရှိနေသောကြယ်များကဲ့သို့ပင်။တချို့ကြယ်များမှ တောက်ပသောအလင်းရောင်များ ဖြာထွက်နေကာ တချို့ကြယ်များသည် အချိန်မရွေးကြွေလင့်သွားတော့မည့်အလား မှိန်ဖျော့နေပေ၏။

ဤနေရာတွင် တစ်စုံတစ်ယောက်၏နတ်ဘုရားစိတ်အာရုံကိုလည်း ပိတ်ဆို့ဟန့်တားထားသည်။မည်မျှအားကောင်းသော နတ်ဘုရားစိတ်အာရုံဖြစ်နေပါစေ အမှောင်ထုကြီးကိုထွင်းဖောက်၍ မြင်နိုင်မည်မဟုတ်ချေ။

ဤနေရာသို့ လုယွီဝင်ရောက်ပြီးသည်နှင့် သူ့နောက်ရှိဝင်ပေါက် ပျောက်ကွယ်သွားခဲ့သည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဤနေရာသို့ရောက်ရှိလာပါက ပြင်ပသို့ထွက်နိုင်မည်မဟုတ်ချေ။

"ဒါက ကြယ်တာရာစစ်တုရင်မဟုတ်လား...ဒီနေရာမှာ ထွက်ပေါ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"

လုယွီက ထိုမြင်ကွင်းကိုမြင်သည်နှင့် ကူကယ်ရာမဲ့စွာ ညည်းတွားလိုက်၏။

သူ့ရှေ့ရှိမြင်ကွင်းသည် ကြယ်မြစ်တစ်ခုနှင့်တူညီနေသော်လည်း အမှန်အားဖြင့် ဝင်္ကပါတစ်ခုပင်။

ထို့ပြင် ဤဝင်္ကပါသည် လုယွီနှင့် အလွန်ရင်းနှီးကျွမ်းဝင်သည်။

All Chapters