← Chapters

အခန်း (၂၂၇၆-၂၂၈၀)

Vol. 117 Ch. 2276-2280

အခန်း (၂၂၇၆-၂၂၈၀)

Vol. 117 Ch. 2276-2280

Chapter 2276

သူမ ထိုဝင်္ကပါအား ဖြေရှင်းနိုင်ခဲ့သော အစိတ်အပိုင်းမှာ ရေခဲတောင်ကြီးတစ်တောင်၏ထိပ်ဖျားမျှသာရှိသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ ထိုဝင်္ကပါတည်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း မည်သူကမျှ ချိုးဖျက်နိုင်ခြင်းမရှိချေ။

ကျောင်းတော်တွင် ဝင်္ကပါပညာရှင်အမြောက်အမြားရှိလေ၏။သူတို့သည် ထိုဝင်္ကပါကိုချိုးဖျက်ရန် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးတွင် အချည်းနှီးသာဖြစ်ခဲ့ရသည်။

ထိုဝင်္ကပါကို မည်သူချိုးဖျက်သွားခဲ့သနည်း...

"ငါလည်း အဲ့ဒါကိုကြည့်မယ်"

ပိုင်မင်ဟန်က မတ်တတ်ထရပ်လိုက်သည်။သူမ၏စိတ်နှလုံးသားအတွင်းတွင်လည်း အလွန်အမင်း သိချင်စိတ်ပြင်းပြနေသည်။

စတုတ္ထထပ်အရောက်၌...

မူလက ထိုအထပ်တွင် စားပွဲခုံများကိုအတန်းလိုက်နေရာချထားကာ ထိုအရာများပေါ်၌ အဖိုးတန်ရှားပါးသော ကျင့်ကြံနည်းစနစ်များရှိနေသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုကျင့်ကြံနည်းစနစ်များကိုကာရံထားသော အလင်းအကာအကွယ်ဝင်္ကပါများအားလုံး ပျက်စီးနေလေပြီ။

ပတ်ဝန်းကျင်တစ်ဝိုက်လုံးရှိ အကာအကွယ်ဝင်္ကပါများအားလုံး ချွင်းချက်မရှိ ကျိုးပဲ့ပျက်စီးနေလေ၏။

"လက်ထောက်ကျောင်းအုပ်ပိုင်မင်မှာ နည်းစနစ်ကောင်းတစ်ခုရှိနေတာပဲ...ခုဏလေးကတင် ဒီနေရာက ဝင်္ကပါတွေအားလုံးကိုတောင် ဖျက်ဆီးနိုင်ခဲ့တယ်...ကြည့်ရတာတော့ မင်း ဒီတစ်ကြိမ်မှာ အကျိုးအမြတ်အများကြီးရသွားပုံပဲ"

ဝင်္ကပါစိတ်ဝိညာဥ်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

ပိုင်မင်ဟန်ကမူ သူမ၏နံဘေးပတ်ဝန်းကျင်ရှိ အရာရာတိုင်းကိုကြည့်ပြီး အံ့အားသင့်တုန်လှုပ်နေသည်။

သူမသည်လည်း လက်ထောက်ကျောင်းအုပ်တစ်ယောက်ပင်။ထို့ကြောင့် သူမသည် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းမှစာအုပ်များကို ဆန္ဒရှိသကဲ့သို့ ဖတ်ရှုနိုင်သော အခွင့်အာဏာရှိသည်။သူမသည် တစ်ချိန်က ထိုကျင့်ကြံနည်းစနစ်များ၏အကာအကွယ်ဝင်္ကပါကို ချိုးဖျက်ရန် ကြိုးပမ်းခဲ့လေ၏။

သို့ရာတွင် ဤနေရာရှိ ကျင့်ကြံနည်းစနစ်များ၏အလင်းအကာအကွယ်အလွှာကို ချိုးဖျက်ခြင်းသည် တစ်စုံတစ်ယောက်၏ကျင့်ကြံဆင့်နယ်ပယ်ခွန်အားနှင့် သက်ဆိုင်ခြင်းမရှိချေ။ဤသည်က တစ်စုံတစ်ယောက်သည် ထိုကျင့်ကြံနည်းစနစ်နှင့်မှော်မန္တန်ကို ထိန်းချုပ်နိုင်သောအရည်အချင်းမျိုးရှိမရှိ ဆန်းစစ်ခြင်းပင်။

ဤနေရာရှိကျင့်ကြံနည်းစနစ်များမှ ပုံရိပ်ယောင်များသည် ဂိုဏ်းတည်ထောင်သူဘိုးဘေးအဆင့်ရှိကာ သူတို့ အသုံးပြုသောနည်းလမ်းများသည် အလွန်နက်နဲသိမ်မွေ့သည်။

သူမသည် အစွမ်းကုန်ကြိုးစား၍ သုံးကြိမ်တိုင်တိုင်တိုက်ခိုက်ပြီးမှသာ အလင်းအကာအကွယ်တစ်ခု၏အားနည်းချက်ကို တွေ့ရှိခဲ့ပြီးနောက် ထိုကျင့်ကြံနည်းစနစ်တစ်ခုကို ရယူနိုင်ခဲ့သည်။

"ဘယ်လိုလုပ်ပြီး ဒါတွေအကုန်လုံးကို ချိုးဖျက်နိုင်တဲ့လူရှိနေတာလဲ"

ပိုင်မင်ဟန်၏စိတ်နှလုံးသားအတွင်း၌ မုန်တိုင်းထန်နေသည်။

ဝင်္ကပါစိတ်ဝိညာဥ်သည် မိုးကောင်းကင်ကျမ်းစာဆောင်ကို သူ၏လက်ဖမိုးကဲ့သို့သိရှိထားသူဖြစ်သည်။သူသည် အစောပိုင်းကမှ ဝင်္ကပါများအားလုံး ပျက်စီးသွားသည်ဟုပြောဆိုခဲ့သဖြင့် ထိုအတိုင်းသာဖြစ်ပေမည်။

သို့ရာတွင် အစောပိုင်းက ပိုင်မင်ဟန်သည် တတိယထပ်၌ ပန်းချီရေးဆွဲနေပြီး စတုတ္ထထပ်သို့ တက်ရောက်ခဲ့ခြင်းမရှိချေ။

"ဖြစ်နိုင်တာတော့ ဟိုလူငယ်လေးများလား"

ရုတ်တရက် လုယွီ၏ပုံရိပ်က ပိုင်မင်ဟန်၏စိတ်နှလုံးသားအတွင်း၌ ဖြတ်ပြေးသွားသည်။

လုယွီသည် ဝင်္ကပါကိုချိုးဖျက်ရာ၌ ကျရှုံးခဲ့သဖြင့် အလျင်စလိုထွက်ခွါသွားခြင်းဖြစ်သည်ဟု သူမ ယခင်က တွေးတောခဲ့မိသည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ဤအရာများအားလုံးကို လုယွီပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။

"မဖြစ်နိုင်ဘူး...သူက တပည့်သစ်တစ်ယောက်လေ"

ပိုင်မင်ဟန်သည် သူမ၏စိတ်နှလုံးသားအတွင်းမှ သိချင်စိတ်ပြင်းပြနေမှုကိုထိန်းချုပ်၍ ဝင်္ကပါစိတ်ဝိညာဥ်၏နောက်သို့လိုက်ကာ ပဉ္စမထပ်သို့ ဆက်လက်၍သွားလိုက်၏။

သို့ရာတွင် ပဉ္စမထပ်ကိုမြင်ချိန်တွင် ပိုင်မင်ဟန် ပို၍ထိတ်လန့်တုန်လှုပ်သွားသည်။

ဤနေရာတွင် မည်သူကိုမျှလက်ဆင့်ကမ်းခြင်းမပြုသော မြင့်မြတ်နယ်မြေများမှ လျှို့ဝှက်နည်းစနစ်များကို ထိန်းသိမ်းထားသည်။

အကယ်၍ သူမကိုယ်တိုင် တိုက်ခိုက်လျှင်ပင် ဤနေရာမှကျင့်ကြံနည်းစနစ်များ၏အနှစ်သာရကို ရရှိနိုင်မည်ဟု သူမ အတပ်မပြောနိုင်ချေ။

သို့ရာတွင် ယခုလက်ရှိချိန်တွင် ပဉ္စမထပ်ရှိကျင့်ကြံနည်းစနစ်များ၏ အကာအကွယ်ဝင်္ကပါများသည်လည်း စတုတ္ထထပ်နည်းတူ ကျိုးပဲ့ပျက်စီးနေလေပြီ။

"ဒီနေ့ စတုတ္ထထပ်နဲ့ပဉ္စမထပ်ကို ဘယ်သူရောက်လာခဲ့တာလဲ"

ပိုင်မင်ဟန်က ရုတ်တရက် မေးမြန်းလေသည်။

ဝင်္ကပါစိတ်ဝိညာဥ်က တုံ့ပြန်ပြောဆိုသည်။

"မိုးကောင်းကင်ကျမ်းစာဆောင်ရဲ့ဘယ်အထပ်ကိုမဆို ဝင်ခွင့်ပြုတယ်ဆိုတဲ့ လက်ထောက်ကျောင်းအုပ်ထျန်းရဲ့ခွင့်ပြုချက်ရထားတဲ့ လူငယ်လေးကလွဲရင် တခြားသူမရှိဘူး"

"သူ့ကို ထျန်းပိုယန်ကိုယ်တိုင် ထောက်ခံချက်ပေးထားတာလား...ဖြစ်နိုင်တာတော့ သူက ထျန်းပိုယန်ရဲ့ဆွေမျိုးတစ်ယောက်များလား"

ပိုင်မင်ဟန်က အံ့အားတသင့်ရေရွတ်လိုက်၏။

ထျန်းပိုယန်သည် စည်းမျဥ်းတင်းကြပ်မှု၌ နာမည်ကျော်ကြားသူဖြစ်သည်။အကယ်၍ သူ၏သားတစ်ယောက်ဖြစ်နေလျှင်ပင် လုံလောက်သောအကျိုးဆောင်ရမှတ်မရှိပါက မိုးကောင်းကင်ကျမ်းစာဆောင်၏အထပ်မြင့်များသို့ ဝင်ရောက်ခွင့်ရမည်မဟုတ်ချေ။

ဝင်္ကပါစိတ်ဝိညာဥ်က ခေါင်းခါပြလေသည်။

"ငါ မသိဘူး...အဲ့ဒီလူငယ်လေးရဲ့နာမည်က လုယွီဆိုတာပဲ ငါ သိတယ်"

သူသည် ဝင်္ကပါစိတ်ဝိညာဥ်သက်သက်ပင်။သူသည် ဤနေရာ၌သာ စောင့်ကြပ်နေရသူဖြစ်ရာ မည်သည့်နည်းဖြင့် ပြင်ပမှကိစ္စရပ်များကို သိရှိနိုင်မည်နည်း။

ပိုင်မင်ဟန်သည် ပတ်ဝန်းကျင်ရှိ ပြိုကွဲပျက်စီးနေသော အကာအကွယ်ဝင်္ကပါများကို လှည့်ပတ်ကြည့်ပြီးနောက် ဆဋ္ဌမထပ်သို့ ဆက်လက်၍သွားလိုက်၏။

သို့ရာတွင် ဤနေရာသည် ဗလာဟင်းလင်းဖြစ်နေပြီး မည်သည့်အရာမျှ ရှိမနေချေ။

ထိုမြင်ကွင်းကိုမြင်ချိန်တွင် ပိုင်မင်ဟန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဒါက မဖြစ်နိုင်ဘူး...ဒီနေရာမှာ ကြယ်တာရာစစ်တုရင်ဝင်္ကပါရှိတယ်လေ...ဘယ်လိုလုပ်ပြီး အရိပ်အယောင်တောင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့တာလဲ"

Chapter 2277

ရှည်လျားသောသက်ပြင်းချသံနှင့်အတူ ဝင်္ကပါစိတ်ဝိညာဥ်က ဆဋ္ဌမထပ်၏အလယ်ဗဟိုသို့ တရွေ့ရွေ့မျောလွင့်သွားလေသည်။

သူ၏လက်အား သာမာန်ကာလျှံကာ လှုပ်ခတ်လိုက်မှုနှင့်အတူ ဆဋ္ဌမထပ်တွင်ရှိသော ရာနှင့်ချီသည့်ဝင်္ကပါများ တပြိုင်နက်တည်း ရပ်တန့်သွားလေ၏။

"အရင်တုန်းက သူတော်စင်က ပြောထားခဲ့ဖူးတယ်...တကယ်လို့ တစ်စုံတစ်ယောက်က ဒီဝင်္ကပါကြီးကို ချိုးဖျက်နိုင်ခဲ့မယ်ဆိုရင် ဒါက အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မယ်တဲ့...အခု ကြည့်ရသလောက်တော့ ဒီဝင်္ကပါကို တစ်ယောက်ယောက်က ဖြိုခွင်းလိုက်ပုံပဲ"

ဝင်္ကပါစိတ်ဝိညာဥ်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရှေ့သို့ဆက်လက်ရွေ့လျားကာ သစ်သားတံခါးကိုဖွင့်၍ အတွင်းသို့ကြည့်လိုက်၏။

"ကြည့်ရတာတော့ သူက ရှေးဟောင်းတာအိုကျမ်းစာရဲ့အသိအမှတ်ပြုမှုကိုတော့ မခံခဲ့ရပုံပဲ...ဒါကြောင့် သူ ဒီနေရာမှာပဲ ရပ်တန့်သွားခဲ့တယ်"

ဤအချိန်အခိုက်အတန့်တွင် ပိုင်မင်ဟန်သည် ထိတ်လန့်တုန်လှုပ်နေဆဲပင်။

သူမသည် ကြယ်ရာတာစစ်တုရင်ဝင်္ကပါကို ဖြိုခွင်းရန် ကြိုးစားခဲ့ဖူးသူဖြစ်၍ ထိုအရာ မည်မျှထိရှုပ်ထွေးနက်နဲသည်ကို ကောင်းစွာသိရှိပေ၏။

အကယ်၍ အရာအားလုံးကို လုယွီကသာအမှန်တကယ်ပြုလုပ်ခဲ့ပါက သူသည် ကျင့်ကြံနည်းစနစ်များ၏အလင်းအကာအကွယ်များကို ဖျက်ဆီးခဲ့ရုံသာမက ဤနေရာရှိ ကြယ်တာရာစစ်တုရင်ဝင်္ကပါကိုလည်း ဖြိုခွင်းနိုင်ခဲ့သည်။

ထို့ထက်ပို၍ အရေးအကြီးဆုံးအချက်မှာ လုယွီသည် မည်သည့်နှောင့်နှေးကြန့်ကြာခြင်းမျှမရှိဘဲ အချိန်တိုအတွင်းတွင် ထိုကိစ္စများအားလုံးကို အောင်မြင်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တုန်းက လုယွီသည် အလွန်လျှင်မြန်စွာဖြင့် ပြန်ထွက်လာခြင်းကိုမြင်ချိန်တွင် သူ ရှုံးနိမ့်ခဲ့သဖြင့် စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိသွားသည်ဟု ပိုင်မင်ဟန်က တွေးထင်ခဲ့သည်။

ယခု သူမ ပြန်လည်တွေးတောမိချိန်တွင် သူမသည် လုယွီအား နားလည်မှုလွဲမှားခဲ့ပြီကို သိနားလည်လိုက်၏။

"သူက ငါ အတွင်းစိတ်နတ်ဆိုး ဖိနှိပ်နေတာကို ထွင်းဖောက်မြင်နိုင်မှတော့...သူ့ဆီမှာ ပိုကောင်းတဲ့နည်းလမ်း ရှိနေနိုင်တယ်"

ပိုင်မင်ဟန်၏မျက်လုံးအတွင်း၌ အလင်းတန်းများ ဖြတ်ပြေးသွားသည်။

လုယွီသည် ထွက်ခွါမသွားမီအချိန်တွင် သူမအား ပြောဆိုခဲ့သည့်စကားများကို ပြန်တွေးတောမိလေရာ သူ့ထံ၌ နည်းလမ်းတစ်ခု အမှန်တကယ်ရှိနေနိုင်သည်။

တခြားတစ်ဖက်တွင်...

လုယွီသည် မိုးကောင်းကင်ကျမ်းစာဆောင်အတွင်းမှ ထွက်ခွါခဲ့ပြီးနောက် ထိုနေရာ၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို မသိရှိတော့ချေ။

ဤခရီးတွင် လုယွီသည် အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ထိုအရာများကို အပြည့်အဝချေဖျက်နိုင်ရန်အတွက် သူ အချိန်အတိုင်းအတာတစ်ခုထိ တံခါးပိတ်ကျင့်ကြံရန် လိုအပ်နေသည်။

"လုယွီ...ခဏနေဦး"

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က တံခါးဝမှနေ၍ လုယွီကို ဟန့်တားလိုက်၏။

လုယွီက လှည့်ကြည့်လိုက်ရာ ပထမထပ်တွင် သူ့အား အဆက်မပြတ်လှောင်ပြောင်သရော်နေခဲ့သော နီချန်းမီကို မြင်တွေ့လိုက်ရသည်။

နီချန်းမီ ထွက်ပေါ်လာခြင်းကိုကြည့်ပြီး လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

နီချန်းမီက သူမ၏လက်များကိုပိုက်လျက် အနေအထားဖြင့် မတ်တတ်ရပ်နေကာ ဆူပူကြိမ်းမောင်းလေ၏။

"နင့်ရဲ့အပြုအမူက ဘာလဲ...ငါက တပည့်ဟောင်းတစ်ယောက်လေ...နင် ငါ့ကို စီနီယာအမလို့ ခေါ်သင့်တယ်မဟုတ်ဘူးလား"

လုယွီက ပြောဆိုသည်။

"ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ရဲ့စည်းမျဥ်းတွေအရ တပည့်တွေအားလုံးက အတူတူပဲ...မင်းနဲ့ငါနှစ်ယောက်စလုံးက ကျောင်းတော်ရဲ့တပည့်တွေ...ကျောင်းတော်ကို ဝင်ရောက်လာခဲ့တဲ့ အချိန်ပဲကွာဟတာ...မင်း ငါ့ရှေ့မှာလာပြီး မောက်မာမနေစမ်းနဲ့"

စကားဆုံးသည်နှင့် လုယွီသည် သူမအားထပ်မံ၍ အာရုံစိုက်လိုခြင်းမရှိတော့သဖြင့် ထိုနေရာမှ ထွက်ခွါခဲ့တော့သည်။

"ခဏနေပါဦး"

နီချန်းမီက ရုတ်တရက် လုယွီ၏ရှေ့သို့ရောက်ရှိလာကာ ထပ်မံ၍ ဟန့်တားလိုက်၏။

"နင်က မိုးကောင်းကင်ကျမ်းစာဆောင်ကစာအုပ်တွေကို ဆန္ဒရှိသလို ငှါးရမ်းခွင့်ရတယ်လို့ လက်ထောက်ကျောင်းအုပ်ဆီက ခွင့်ပြုချက်ရထားတာလား"

"ရထားရင်ရော ဘာဖြစ်လဲ...မရထားရင်ရော မင်းနဲ့ဘာဆိုင်လဲ"

လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

နီချန်းမီ၏မျက်နှာပေါ်၌ မောက်မာဝံ့ကြွားသောအမူအယာမျိုး ထင်ဟပ်လာသည်။

"တကယ်လို့ နင်က အထပ်မြင့်တွေကိုသွားပြီး ငါ့အတွက် နည်းစနစ်တစ်ခု....မဟုတ်သေးဘူး...အဖိုးတန်ရှားပါးတဲ့ ကျင့်ကြံနည်းစနစ်ဆယ်ခုကို ကူးယူလာပေးမယ်ဆိုရင်...နင့်ရဲ့ကျင့်ကြံမှုအတွက် ငါ လမ်းညွှန်ပေးမယ်"

"တကယ်လို့ နင် ယူမပေးဘူးဆိုရင်တော့...နင့်ရဲ့အဆင်အခြင်မဲ့မှုအတွက် နင် ပြန်ပေးဆပ်ရမယ်"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

"မင်းဟာမင်း တက်သွားလေ"

သူသည် စိတ်ရှည်သည်းခံနိုင်မှု ပျောက်ဆုံးနေပြီဖြစ်ကာ နီချန်းမီနှင့် ထပ်မံ၍အငြင်းမပွါးလိုတော့ချေ။

လုယွီ ထွက်သွားလိုနေသည်ကိုကြည့်ပြီး နီချန်းမီက လုယွီသည် သူမအား ကြောက်ရွံနေသဖြင့် ထွက်ပြေးသွားရန်ကြံရွယ်နေသည်ဟု သူမက တွေးထင်လိုက်၏။

"နင်က ဘယ်ကိုသွားချင်နေတာလဲ"

စကားဆုံးသည်နှင့် သူမက လုယွီကိုဖမ်းဆီးရန်အတွက် သူမ၏လက်ကို ဆန့်တန်းလိုက်သည်။

နီချန်းမီ၏လက်ဝါးအတွင်း၌ မှိန်ပျပျခရမ်းရောင်အလင်းတန်းများ တောက်ပနေသည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်အတွင်း၌ တိုက်ခိုက်ခြင်းကို တားမြစ်ထားသော်လည်း သူမသည် တစ်ဖက်လူကိုအပြစ်ပေးခံရရန်အတွက် လှည့်ကွက်တချို့ကို အသုံးပြုနိုင်သည်။

မတော်တဆလူသေခြင်း သို့မဟုတ် ပြင်းထန်စွာဒဏ်ရာရရှိသွားခြင်းမျိုးမရှိပါက ကျောင်းတော်သည် များစွာဂရုစိုက်မည်မဟုတ်ချေ။

ထိုအချိန်တွင် နီချန်းမီ၏လက်သည် လုယွီ၏ပခုံးပေါ်သို့ ကျရောက်လုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။

အကယ်၍ ထိုလက်ဝါးရိုက်ချက်ကျရောက်သွားသည်နှင့် သာမာန်ကျင့်ကြံသူတစ်ယောက်၏ပခုံးဆိုပါက ချက်ချင်းဆိုသလိုပင် ကျိုးပဲ့သွားပေမည်။အကယ်၍ ထိုကျင့်ကြံသူသည် သေဆုံးသွားခြင်းမရှိလျှင်ပင် အချိန်အတော်ကြာ အနားယူနေရပေလိမ့်မည်။

လုယွီသည် သူ၏နောက်မှ လေပြင်းတစ်ချက်တိုက်ခတ်လာသည်ကို သတိပြုမိသဖြင့် နီချန်းမီ၏တိုက်ခိုက်မှုကို ရှောင်ရှားလိုက်၏။

Chapter 2278

နီချန်းမီက သူမ၏တိုက်ခိုက်မှုကျရှုံးသွားသည်ကိုမြင်ချိန်တွင် သူမက မျက်မှောင်ကြုတ်လိုက်၏။

"နင်က ရှောင်ရဲသေးတာလား...နင် တော်တော် သတ္တိကောင်းနေတာပဲ"

နီချန်းမီက လုယွီကိုဖမ်းဆုပ်ရန်ရည်ရွယ်၍ ဆက်လက်၍တိုက်ခိုက်လိုက်သည်။

သို့ရာတွင် လုယွီ၏ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်ကို သူမ မည်သည့်နည်းဖြင့် ယှဥ်ပြိုင်နိုင်မည်နည်း။

လုယွီ၏ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်သည် အလွန်လျှင်မြန်သဖြင့် မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် သူသည် သိုင်းပညာတိုက်ပွဲစင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။

ထိုစင်မြင့်ပေါ်၌ တိုက်ပွဲတစ်ခု အဆုံးသတ်လုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေသည်။ထိုလူနှစ်ယောက်သည် တိုက်ခိုက်နေစဥ်အတွင်း၌ လုယွီရောက်ရှိလာသည်ကို မြင်တွေ့မိသဖြင့် ထိတ်လန့်တုန်လှုပ်သွားကြ၏။

"ဘာလဲ...နင်က ဒီလောက်မြန်မြန်ကြီး သေချင်နေတာလား"

လုယွီသည် တိုက်ပွဲစင်မြင့်ပေါ်သို့ ခုန်တက်သွားသည်ကိုမြင်ချိန်တွင် နီချန်းမီ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်မျိုး ထင်ဟပ်လာသည်။

အကယ်၍ တခြားနေရာများတွင်ဆိုပါက ကျောင်းတော်၏စည်းမျဥ်းများရှိနေသဖြင့် သူမသည် လုယွီအား မသတ်ဖြတ်ဝံ့ချေ။

တိုက်ပွဲစင်မြင့်ပေါ်တွင်မူ ထိုကိစ္စများသည် ကွဲပြားခြားနားသွားလေပြီ။

အကယ်၍ သူမ လုယွီကိုသတ်ဖြတ်လိုက်လျှင်ပင် ပြဿနာမရှိတော့ချေ။

လုယွီက တုံ့ပြန်ပြောဆိုသည်။

"မင်းက ငါ့ရဲ့ကျင့်ကြံနည်းစနစ်ကို လမ်းညွှန်ပေးချင်နေတယ်ဆိုမှတော့...စင်ပေါ်ကို တက်လာခဲ့ပါ"

ဤနီချန်းမီသည် အစဥ်အမြဲမောက်မာဝံ့ကြွားနေသည်။လုယွီသည် သူမအား လျစ်လျှူရှုထားခဲ့သော်လည်း သူမသည် အကြောင်းအရင်းမရှိဘဲ သူ့အား အဆက်မပြတ် ပြဿနာရှာနေလေ၏။

မည်သို့ပင်ဆိုစေကာမူ နီချန်းမီသည် လုယွီ၏အစစ်အမှန်ခွန်အားကို ထွင်းဖောက်မြင်နိုင်မည်မဟုတ်ချေ။

သူမ၏အမြင်အရ လုယွီထံတွင် စိတ်ဝိညာဥ်စွမ်းအင်လှုပ်ခတ်မှုအနည်းငယ်မျှပင်ရှိမနေချေ။သူသည် ကျင့်ကြံဆင့်နိမ့်ပါးသော ကျင့်ကြံသူတစ်ယောက်သက်သက်ပင်။

ဝင်ခွင့်စာမေးပွဲတွင် နောက်ဆုံးနေရာမှ အောင်မြင်ခဲ့ခြင်းမှာ အကောင်းဆုံးသက်သေသာဓကပင်။

လုယွီအား ရှင်းပစ်ရန်မှာ သူမ၏လက်ဝါးကိုလှန်လိုက်သကဲ့သို့ လွယ်ကူပေမည်။

"နင်တို့နှစ်ယောက်...ဒီနေရာက ထွက်သွားစမ်း"

နီချန်းမီသည် စင်မြင့်ပေါ်သို့ခုန်တက်၍ စိတ်လက်မရှည်ပုံဖြင့် တိုက်ခိုက်နေသူနှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်၏။

ထိုလူနှစ်ယောက်သည် နီချန်းမီကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။

"ဟုတ်ကဲ့ပါ စီနီယာအမ"

သူတို့က ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။

နီချန်းမီသည် ယခင်အသုတ်မှ စီနီယာတပည့်များကြားတွင် နံပါတ်တစ်ရရှိခဲ့သူဖြစ်၍ ဂျူနီယာတပည့်များအကြားတွင် အတော်ဆုံးသူဖြစ်နေသည်။သူတို့သည် သူမအား ရန်စစော်ကားလိုခြင်းမရှိချေ။

"နင့်ရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်က မဆိုးဘူး...ဒါပေမယ့် နင်က ဒီလောက်ပဲတက်နိုင်ပုံရတယ်...နင်က ငါ့ကို လမ်းညွှန်မှုပေးဖို့ တောင်းဆိုလာမှတော့...ငါ နင့်ကို သင်ခန်းစာပေးရတော့မှာပေါ့...အကြွင်းမဲ့ခွန်အားရှေ့မှာ ဘယ်လောက်ကောင်းတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်ဖြစ်ဖြစ် အသုံးမဝင်ဘူး"

နီချန်းမီက ချက်ချင်းဆိုသလိုပင် ဓားရှည်တစ်လက်ကို ဆင့်ခေါ်လိုက်၏။

ထိုဓားရှည်၏အထက်တွင် ခရမ်းရောင်အလင်းတန်းများလှည့်ပတ်နေကာ တုန်လှုပ်ချောက်ချားဖွယ်အငွေ့အသက်မျိုးကို ထုတ်လွှက်ပေးနေသည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိတပည့်များက ကူကယ်ရာမဲ့စွာ အံ့အားတသင့် ရေရွတ်လိုက်ကြသည်။

"ဘယ်လောက်တောင် အစွမ်းထက်တဲ့ အရှိန်အဝါမျိုးလဲ...နီချန်းမီက ဒီနှစ်ထဲမှာ အလယ်အလတ်အဆင့်တပည့်အဖြစ်နဲ့ အဆင့်တိုးတော့မယ်လို့ ငါ ကြားထားတယ်"

"သူ့နဲ့တိုက်ခိုက်မယ့်ကောင်လေးကို ကြည့်လိုက်ကြအုံး...သူ့ကိုကြည့်ရတာ ခုလတ်တလောမှ ကျောင်းတော်ကိုဝင်ရောက်လာတဲ့ တပည့်သစ်တစ်ယောက်ဖြစ်ပုံပဲ...သူက ဘယ်လိုဖြစ်ပြီးတော့ အသိစိတ်မရှိဘဲနဲ့ ဒီလိုအစွမ်းထက်ကျင့်ကြံသူမျိုးကို ရန်စစော်ကားခဲ့တာပါလိမ့်"

"ဒီကောင်လေးကတော့ ကံဆိုးတာပဲ"

မည်သူကမျှ လုယွီကို အထင်ကြီးခြင်းမရှိချေ။သူတို့က လုယွီသည် မည်ကဲ့သို့ဆိုးရွားသောရလဒ်မျိုး ထွက်ပေါ်လာမည်ကိုသာ တိုင်ပင်ဆွေးနွေးနေကြ၏။

"နင် ကြောက်နေတယ်ဆိုတာ ငါ သိတယ်...အခု ငါ နင့်ကို အခွင့်အရေးတစ်ခုထပ်ပေးမယ်...ငါ့အတွက် ထိပ်တန်းကျင့်ကြံနည်းစနစ်စာအုပ်နှစ်ဆယ်ကို ကူးလာပေးစမ်း...ဒါဆိုရင် ငါ နင့်ကို အင်မော်တယ်ကျောက်တုံးသန်းငါးရာပေးမယ်...အဲ့ဒီအပြင် နင့်ကိုငါ လမ်းညွှန်မှုတချို့လည်း ပေးအုံးမယ်"

နီချန်းမီသည် ဤအခွင့်အရေးကောင်းကြီးကို လက်လွတ်ခံလိုခြင်းမရှိချေ။

အကယ်၍ လုယွီသည် အလွန်အားနည်းနေပါက သူမသည် သူ့အား မတော်တဆသတ်လိုက်မိနိုင်သည်။ထိုသို့ဆိုပါက အဖိုးတန်ရှားပါးသောကျင့်ကြံနည်းစနစ်များ ရရှိနိုင်သည့်အခွင့်အရေးကို သူမ ဆုံးရှုံးသွားနိုင်သည်။

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"အချိန်မဖြုန်းနဲ့တော့...မင်း စပြီးတိုက်ခိုက်လို့ရပြီ"

နီချန်းမီက သရော်တော်တော် ရယ်မောလိုက်၏။

"နင်က တကယ့်ကိုပဲ အခေါင်းကိုမမြင်ရမချင်း မျက်ရည်မကျဘူးပဲ...ဒီနေ့ နင်နဲ့ငါကြားက ကွာဟချက်ကို နင်သိအောင် ငါ ပြပေးမယ်"

စကားဆုံးသည်နှင့် သူမလက်အတွင်းမှဓားရှည်ဖြင့် လုယွီကို ချိန်ရွယ်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် နီချန်းမီ၏ရှေ့၌ မရေမတွက်နိုင်သော ပန်းပွင့်များ လူးလွန့်လာသည်။ထောင်နှင့်ချီသောပန်းပွင့်များသည် လေထုအတွင်း၌ လူးလွန့်နေကာ သူမ၏နံဘေးပတ်ဝန်းကျင်၌ အဆက်မပြတ်စုဝေးနေပြီး မြောက်မြားစွာသောဓားပျံများအဖြစ် သိပ်သည်းသွားသည်။

ထိုဓားပျံများ၏ဓားသွားများအားလုံးသည် လုယွီကို ချိန်ရွယ်ထားပေ၏။

"ပန်းကြွေဓားမိုး..."

နီချန်းမီက သူမ၏ဓားကို အောက်သို့ချလိုက်ချိန်တွင် သူမ၏ဓားချီများအားလုံးက လုယွီထံသို့ တိုးဝင်သွားသည်။

ထိုဓားချီများ၏အရှိန်နှုန်းမှာ အလွန်အမင်းလျှင်မြန်သည်။ဓားချီတစ်ခုစီ၏နံဘေးပတ်လည်တွင် ပျံ့လွင့်နေသောပန်းပွင့်ချပ်များရှိနေသဖြင့် ဓားချီ၏အရိပ်အယောင်ကို မြင်တွေ့နိုင်ရန် အလွန်အမင်းခက်ခဲသည်။

"ဟား ဟား ဟား...ပြပွဲကောင်းတစ်ခုကို ကြည့်ရတော့မယ်"

ပတ်ဝန်းကျင်ရှိတပည့်များသည် လုယွီ၏ဆိုးရွားသောအဆုံးသတ်ကို တွေ့မြင်နိုင်ရန် စောင့်ကြည့်နေကြ၏။

Chapter 2279

"ရှောင်စမ်း...နင် ဘယ်လောက်ထိရှောင်နိုင်မလဲ

နီချန်းမီက စိတ်ကျေနပ်မှုရနေသောအပြုံးနှင့် ပြောဆိုသည်။

သူမသည် ဓားချီများကိုထုတ်လွှက်ရာ၌ လုယွီ ရှောင်တိမ်းနိုင်သည့်လမ်း​ကြောင်းများအားလုံးကို ပိတ်ဆို့ထားပြီးဖြစ်သည်။သူမသည် လုယွီအား တုံ့ပြန်တိုက်ခိုက်နိုင်သော အခွင့်အရေးမျိုးပေးရန် ရည်ရွယ်မထားချေ။

စီနီယာတပည့်တချို့ပင်လျှင် သူမ၏ဓားချီများကို ခုခံနိုင်မည်မဟုတ်ပေ။

အမှန်အားဖြင့် လုယွီသည် ထိုဓားချီများကို ဂရုစိုက်ခြင်းမရှိချေ။

သူ၏ကိုယ်ပိုင်ဓားရေးကျွမ်းကျင်မှုကိုမဆိုထားနှင့် အစောပိုင်းကမှ သူရရှိထားသော သတ်ဖြတ်ခြင်းဓားဝင်္ကပါဖြင့်ပင် နီချန်းမီကို ကောင်းစွာအနိုင်ယူနိုင်သည်။

လုယွီ၏အမြင်အရ နီချန်းမီသည် ဓားပညာရှင်ကြီးတစ်ယောက်ကို ဓားတစ်ချောင်းကိုင်ဆောင်၍ သွားရောက်စိန်ခေါ်သော ကလေးငယ်တစ်ယောက်နှင့် တူညီနေသည်။

"ဟာကွက်တွေအပြည့်ပါလား...မင်းက ဒီပုံစံမျိုးနဲ့များ ငါ့ကို လမ်းညွှန်ချင်သေးတာလား"

လုယွီက သူ၏လက်ကို လေထုအတွင်းသို့မြှောက်ကာ ဖမ်းဆုပ်သည့်လက်ဟန်သင်္ကေတမျိူး ပြုလုပ်လိုက်၏။

ရုတ်တရက် လုယွီ၏ရှေ့ရှိ ဓားချီများအားလုံးသည် မမြင်နိုင်သောအားလှိုင်းတစ်ရပ် သက်ရောက်ခြင်းခံရပုံဖြင့် အရည်ပျော်သွားသည်။

အလွန်အမင်းထက်ရှပုံရသောဓားချီများသည် လုယွီ၏အနီးသို့ရောက်ရှိလာချိန်တွင် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားလေ၏။

ထိုမြင်ကွင်းကိုကြည့်ပြီး နီချန်းမီက မျက်မှောင်ကြုတ်လိုက်သည်။

"နင် ဒီလောက်ထိ ယုံကြည်ချက်ရှိနေတာ အံ့အားသင့်စရာမရှိတော့ဘူး...ခုကြည့်ကြည့်တော့မှ နင့်ဆီမှာ အကာအကွယ်မှော်ရတနာတစ်ခု ရှိနေတာပဲ"

လုယွီ၏လက်လှုပ်ရှားမှုကို သူမက ရှင်းရှင်းလင်းလင်း မမြင်တွေ့လိုက်ရသော်လည်း သူ့ထံတွင် အကာအကွယ်မှော်ရတနာတစ်ခု ရှိနေခြင်းကြောင့်သာ သူမ၏တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်သည်ဟု အခိုင်အမာ ယုံကြည်ထားလေ၏။

"နင့်ဆီမှာ အကာအကွယ်မှော်ရတနာရှိနေရင်လည်း ငါက ဘာအရေးစိုက်ရမှာလဲ...ဓားချက်တစ်ချက်တည်းနဲ့ ငါ နင့်ကိုသတ်မယ်"

နီချန်းမီက ချက်ချင်းဆိုသလိုပင် လေထုအတွင်းသို့ခုန်တက်၍ လုယွီထံဦးတည်ကာ သူမ၏ဓားကို ထပ်မံ၍ ဝှေ့ယမ်းလိုက်သည်။

လေထုအတွင်း၌မျောလွင့်နေသော ပွင့်ချပ်များက ချက်ချင်းဆိုသလိုပင် သူမ၏ဓားကို ဝိုင်းရံသွားသည်။ဓားရှည်၏ဓားသွားသည် ယခင်ထက် အဆများစွာပို၍ပြန့်ကားလာကာ ဧရာမဓားသွားကြီးအသွင်ပြောင်းလဲ၍ အောက်သို့ကျရောက်လာသည်။

ဝှီး....

ဓားရှည်ခုတ်ချက်ကျရောက်လာသော အချိန်မှာပင် လုယွီ၏ပုံရိပ်သည် ဧရာမဓားသွားကြီးအောက်မှ ပျောက်ကွယ်သွားပေ၏။

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီက နီချန်းမီ၏ရှေ့သို့ ရောက်ရှိသွားသည်။

"နင်က ငါ့ကိုပြန်ပြီး တိုက်ခိုက်ရဲသေးတာလား...နင်က သေခြင်းတရားကဘာလဲဆိုတာကို မသိတဲ့ပုံပဲ"

ထိုမြင်ကွင်းကိုကြည့်ပြီး နီချန်းမီက အပျော်လွန်သွားလေ၏။

တစ်ဖက်လူသည် သူမနှင့်ပို၍နီးကပ်လာလေလေ သူမ၏တိုက်ခိုက်မှု ပို၍အစွမ်းထက်လာလေလေပင်။

မူလက လုယွီ၏ခန္ဓာကိုယ်လှုပ်ရှားမှုနည်းစနစ်သည် အလွန်မြန်ဆန်သဖြင့် သူမ၏ဓားချက်ဖြင့် ပိုင်းဖြတ်နိုင်ခြင်းမရှိမည်ကို သူမ စိုးရွံနေမိသည်။

သို့ရာတွင် လုယွီသည် သူမရှေ့သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာသဖြင့် သူမ ထိုကိစ္စကို ပျော်ရွှင်ဝမ်းမြောက်စွာ လက်ခံရပေမည်။

တုန်လှုပ်ချောက်ချားဖွယ်ဓားချီက လုယွီနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေလေပြီ။ရုတ်တရက် လုယွီက သူ၏လက်ဝါးဖြင့် ဓားချီကို ပြင်းပြင်းထန်ထန် ရိုက်ထုတ်လိုက်၏။

ဘန်း...

လေထုအတွင်း၌ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာခြင်းကို လူတိုင်း ကြားလိုက်ရသည်။

ရုတ်ချည်းဆိုသလိုပင် မူလက အလွန်ကြီးကျယ်ခမ်းနားသောဓားချီသည် ဖန်စများကဲ့သို့ ကွဲကြေသွားပြီး ကြေမွပျက်စီးသွားတော့သည်။

ထို့နောက် လူရိပ်တစ်ရိပ်သည် နောက်သို့မီတာတစ်ရာကျော်အကွာအဝေးထိ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာပေ၏။

လူတိုင်းက သေသေချာချာ ကြည့်လိုက်ကြရာ လွင့်ထွက်လာသူသည် နီချန်းမီဖြစ်နေကြောင်း မြင်တွေ့လိုက်ရသည်။

ဤအချိန်အခိုက်အတန့်တွင် နီချန်းမီ၏ဆံပင်များ ပြေလျော့နေကာ သူမ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်မှော်စွမ်းအားအရိပ်အယောင်မျှ မရှိတော့ချေ။သူမ၏နှုတ်ခမ်းထောင့်မှလည်း သွေးများအဆက်မပြတ်ယိုစီးကျနေသည်။

သူမက တုန်ရီနေသောလက်များဖြင့် လုယွီကို လက်ညှိုးညွှန်လိုက်သည်။

"နင်....နင်...."

"လှုပ်ရှားမှုနည်းစနစ်ပဲဖြစ်ဖြစ်....ခွန်အားအရပဲဖြစ်ဖြစ်...မင်က အရမ်းအားနည်းတယ်...ဘယ်လိုနည်းနဲ့ တခြားသူတွေကို မင်းက လမ်းညွှန်ပေးချင်တာလဲ"

လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုလိုက်၏။

လုယွီ၏စကားကိုကြားချိန်တွင် နီချန်းမီက ကူကယ်ရာမဲ့စွာဖြင့် သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

သူမသည် အမြဲတစေမောက်မာဝံ့ကြွားသော စိတ်နေသဘောထားရှိနေလေရာ ဤကဲ့သို့အနိုင်ကျင့်အရှက်ခွဲခံရခြင်းမျိုးကို တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ဖူးခြင်းမရှိချေ။

လုယွီက သူ၏အင်္ကျီလက်စကိုခါယမ်း၍ ထွက်ခွါခဲ့တော့သည်။ဤကဲ့သို့နိမ့်ကျသောလူစားမျိုးအတွက် သူ အချိန်များစွာဖြုန်းတီးရန် မထိုက်တန်ပေ။

"သူက ဘယ်သူလဲ...သူ ဒီလောက်ထိအစွမ်းထက်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...သူက လက်တစ်ဖက်တည်းအသုံးပြုသွားတာတောင် နီချန်းမီကို ရိုက်နှက်နိုင်တယ်"

"တပည့်သစ်တွေကြားထဲမှာ ပုန်းအောင်းနေတဲ့နဂါးတွေနဲ့ ဝပ်နေတဲ့ကျားတွေပါတယ်လို့ ငါ ကြားထားတယ်...နီချန်းမီက လူမှားပြီး ရန်စစော်ကားမိမယ်လို့ ငါ ထင်မထားမိဘူး"

"ဟား ဟား ဟား...သူက အမြဲတမ်းမောက်မာနေခဲ့တာ...အခု သူ ပြန်ပြီးဒဏ်ခတ်ခံရတာပဲ"

ပတ်ဝန်းကျင်ရှိလူများသည် လေသံနှိမ့်၍ သူတို့အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြသည်။

ကျင့်ကြံသူများတွင် ထက်ရှသောအမြင်အာရုံနှင့်အကြားအာရုံရှိသဖြင့် တိုးညှင်းသောအသံကိုပင် ကြားနိုင်စွမ်းရှိသည်။

ထိုစကားကိုကြားချိန်တွင် နီချန်းမီသည် သူမ၏နှလုံးသားကိုမီးဖြင့်မြှိုက်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။ထို့နောက် သူမ၏ပါးစပ်မှ သွေးတစ်လုတ်ထပ်မံ၍ အန်ထွက်လာကာ သတိလစ်မေ့မျောသွားတော့သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ မည်သူကမျှ သူမကို ထပ်မံ၍ဂရုမစိုက်ကြတော့ချေ။

Chapter 2280

မိုးကောင်းကင်ကျမ်းစာဆောင်မှ ထွက်ခွါခဲ့ပြီးနောက် လုယွီသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ပြင်ပရှိ စျေးသို့သွားကာ သားရဲအသားစိမ်းအမြောက်အများကို ဝယ်ယူခဲ့သည်။

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်ကို မြောက်ပိုင်းဝါးမျိုခြင်းကုန်းမြေ၏အလယ်ဗဟို၌ တည်ထောင်ထားသည်။ထိုနေရာ၏အနီးအနားတွင် လူရိုင်းမျိုးနွယ်တချို့လည်း နေထိုင်ကြ၏။ထိုလူရိုင်းမျိုးနွယ်များအကြားတွင် သေမျိုးလူသားများလည်း ရှိနေသောကြောင့် စျေးအတွင်း၌ အသားစျေးဆိုင်များလည်းရှိနေသည်။

သူ၏အခန်းအတွင်းသို့ ပြန်ရောက်ပြီးနောက် လုယွီက အရင်ဆုံး ဝံပုလွေပေါက်လေးကို ပြင်ပသို့ထုတ်ပေးလိုက်သည်။

သိုလှောင်အိတ်၏ကမ္ဘာငယ်လေးအတွင်းတွင် နတ်ဘုရားစမ်းရေအိုင်ရှိနေသည်။သို့ရာတွင် ဤကဲ့သို့သဘာဝမှော်ရတနာမျိုးသည် ဝံပုလွေပေါက်လေးကို အသက်ရှင်သန်နိုင်ရုံသာ ထိန်းသိမ်းထားနိုင်ပေမည်။သို့ရာတွင် အကယ်၍ နတ်ဆိုးဝံပုလွေကို ပို၍ကြီးထွားသန်မာလာစေလိုပါက သားစိမ်းများကျွေးရန်လိုအပ်သည်။

ဝံပုလွေပေါက်လေးသည် သားစိမ်းများကိုမြင်တွေ့ချိန်တွင် ချက်ချင်းဆိုသလိုပင် စတင်၍ အငမ်းမရစားသောက်တော့သည်။

"ကောင်လေး...ထိုက်ဟွာကျမ်းစာက ရှေးဟောင်းခေတ်က မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေတောင် ပိုင်ဆိုင်နိုင်ဖို့အတွက် အလုအယက်တိုက်ခိုက်နေကြတဲ့အရာမျိုးနော်...မင်းက ဒီအခွင့်အရေးကို တမင်တကာကြီး လက်လွတ်ခံလိုက်မယ်လို့ ငါ ထင်မထားမိဘူး"

မျောက်က မယုံကြည်နိုင်သောလေသံဖြင့် ပြောဆိုသည်။

လုယွီက ခါးသည်းသောအမူအယာနှင့် သူ၏ခေါင်းကိုခါယမ်းပြလိုက်၏။ရုတ်တရက် အရှိန်အဝါတစ်ရပ်ကို သူ၏ခန္ဓာကိုယ်မှနေ၍ ထုတ်လွှက်လိုက်သည်။

ထိုအရှိန်အဝါသည် အလွန်ကြီးကျယ်ခမ်းနားပြီး ကျယ်ပြန့်သည်။ထိုအရှိန်အဝါထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် နေနှင့်လ၏တောက်ပမှုပင် လျော့ပါးသွားပုံရသည်။

မျောက်သည် အံ့အားသင့်တုန်လှုပ်ဖွယ်တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် ရုတ်တရက် ထခုန်လိုက်၏။

"လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာ...တော်လိုက်တဲ့ကောင်လေး...မင်းက လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရဲ့အသိအမှတ်ပြုမှုကို ရထားတာလား"

ဤသည်က ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုအနက်မှတစ်ခုပင်။အကယ်၍ ထိုကျမ်းစာ၏ရွေးချယ်ခံသည် သစ်သားတုံးတစ်တုံးဖြစ်နေလျှင်ပင် မြင့်မားသောသစ်ပင်ကြီးတစ်ပင်ဖြစ်လာကာ သစ်ပင်နတ်ဆိုးများ၏ဘုရင် ဖြစ်လာပေမည်။

မည်သည့်ရှေးဟောင်းတာအိုကျမ်းစာမဆို လောကကြီးတခွင်လုံးကို ပြောင်းလဲစေနိုင်သော သက်ရောက်မှုမျိုးရှိသည်။

အလယ်ခေတ်အတွင်းတွင် ရှေးဟောင်းမဟာတာအိုကျမ်းစာများ၏ အသိအမှတ်ပြုခြင်းကိုခံရသော ပါရမီရှင်များရှိခဲ့သည်။သူတို့အနက်မှ တချို့၏အမည်နာမများသည် လောကကြီးကိုပင် လှုပ်ခါနိုင်စွမ်းရှိကာ တခြားသူများသည် လောကကြီး၏အရှင်သခင်များ ဖြစ်လာကြ၏။သူတို့အားလုံးသည် သမိုင်းစဥ်တလျှောက်တွင် ချွင်းချက်မရှိ နာမည်ကျော်ကြားသူများဖြစ်လာသည်။

မျောက်က လုယွီထံတွင် ထိုက်ဟွာကျမ်းစာနှင့်ပတ်သတ်၍ တခြားအကြံအစည်များရှိနေသည်ဟု မူလက တွေးထင်ထားခဲ့သည်။သို့ရာတွင် လုယွီသည် ရှေးဟောင်းမဟာတာအိုကျမ်းစာတစ်ခု၏ အသိအမှတ်ပြုမှုကို ရရှိပြီးဖြစ်မည်ဟု သူ မျှော်လင့်မထားမိချေ။

"အံ့အားသင့်စရာမရှိတော့ဘူး...အံ့အားသင့်စရာမရှိတော့ဘူး....ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုက အဆင့်တူဆိုပေမယ့် တကယ်တော့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်တည်းက ဖန်တီးခဲ့တာမဟုတ်ဘူး...ဒါကြောင့် ဒီကျမ်းစာတွေကြားမှာ အငြင်းပွါးမှုတွေရှိနေတယ်...မင်းက ထိုက်ဟွာကျမ်းစာရဲ့အသိအမှတ်ပြုမှုကိုမရတာ သဘာဝကျတဲ့ကိစ္စပဲ"

မျောက်သည် ခေါင်းညိတ်ပြနေသော်လည်း သူ မည်သည့်အရာအား တွေးတောနေသည်ကို မည်သူမျှမသိနိုင်ချေ။

လုယွီက ပြောဆိုသည်။

"ငါ ထိုက်ဟွာကျမ်းစာရဲ့အသိအမှတ်ပြုခြင်းခံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မင်း သိလား"

မျောက်၏ရှေ့၌ သူထံမှ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာကို ထုတ်ဖော်ပြသလိုက်ရသည့်အကြောင်းအရင်းမှာ မျောက်သည် တာဟေးကဲ့သို့ပင် အလွန်လျှို့ဝှက်ဆန်းကြယ်သောဇစ်မြစ်မျိုးရှိနေကြောင်း သူ အတပ်ပြောနိုင်သောကြောင့်ဖြစ်သည်။သူတို့နှစ်ယောက်လုံးသည် ရှေးဟောင်းခေတ်မှ သက်ရှိသတ္တဝါများဖြစ်ပေမည်။

ထိုသက်ရှိသတ္တဝါများသည် နတ်ဘုရားကဲ့သို့ နေထိုင်လာခဲ့ကြသဖြင့် အလွန်အမင်းများပြားသော အသိပညာဗဟုသုတများကို ပိုင်ဆိုင်ထားကြ၏။

မျောက်က သူ၏မေးစေ့ကိုပွတ်သပ်၍ အပြုံးနှင့်ပြောဆိုသည်။

"ဒါက တခြားနည်းလမ်းမရှိတာတော့ မဟုတ်ဘူး...ထိုက်ဟွာကျမ်းစာက တစ်ချိန်လုံး ဒီနေရာမှာရှိနေတဲ့အတွက် မိုးကောင်းကင်ကံကြမ္မာရဲ့သားတော်ကလည်း ဒီမှာပဲရှိနေလိမ့်မယ်...အဲ့ဒီလူက ကံကြမ္မာကို အမွေဆက်ခံပြီးတာနဲ့ သူ့ရဲ့ဘဝတသက်စာကျင့်ကြံမှုက အရမ်းအဆင်ပြေချောမွေ့သွားလိမ့်မယ်...တကယ်လို့ သူကသာ ထိုက်ဟွာကျမ်းစာရဲ့ကူညီထောက်ပံမှုကို ရသွားမယ်ဆိုရင် ကျားကိုအတောင်ပံတပ်ပေးသလိုဖြစ်သွားပြီးတော့ မိုးကောင်းကင်ယံမှာပျံဝဲနိုင်မှာ သေချာတယ်"

"ဒါက မင်းဖြစ်မယ်လို့ ငါ အရင်က ထင်ခဲ့မိတယ်...ဒါပေမယ့် မင်းဆီမှာ လျှို့ဝှက်ဆန်းကြယ်မိုးကောင်းကင်ကျမ်းစာရှိနေတာကြောင့် မင်း မဖြစ်နိုင်တော့ဘူး...ဒါပေမယ့် နည်းလမ်းတစ်ခုတော့ရှိတယ်...တကယ်လို့ မင်းက မိုးကောင်းကင်ကံကြမ္မာရဲ့သားတော်ကိုသတ်ဖြတ်ပြီး သူ့ရဲ့ကံကြမ္မာကိုလုယက်နိုင်ရင်...မင်းက ထိုက်ဟွာကျမ်းစာရဲ့အသိအမှတ်ပြုမှုကို ခံရလိမ့်မယ်...ဒါက အကောင်းဆုံးနည်းလမ်းပဲ"

လုယွီက တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်၏။

"ဒါဆိုရင် တခြားနည်းလမ်းမရှိတော့ဘူးလား"

မျောက်က အပြုံးနှင့်ပြောဆိုသည်။

"တကယ်တမ်းတော့ မင်း အဲ့ဒီရှေးဟောင်းတာအိုကျမ်းစာသုံးခုကို အရမ်းကြီးအလေးအနက်မထားသင့်ဘူး...ငါက အဲ့ဒါတွေနဲ့ပတ်သတ်ပြီး တွေ့ကြုံလာခဲ့ရတာ အချိန်အတော်ကြာနေပြီ...ရှေးဟောင်းမဟာတာအိုကျမ်းစာသုံးခုရဲ့အသိအမှတ်ပြုခြင်းကိုခံရတဲ့ ပါရမီရှင်တွေအများကြီးကို ငါ မြင်တွေ့ခဲ့ရတယ်...တချို့လူတွေက အမှိုက်ကောင်ဘဝကနေပြီး ပါရမီရှင်တွေ ဖြစ်သွားကြတယ်...သူတို့ရဲ့ ကျင့်ကြံမှုလမ်းကြောင်းတလျှောက်လုံးမှာ ပြိုင်ဘက်ကင်းပြီးတော့ လောကကြီးထဲမှာ အစွမ်းထက်ပုဂ္ဂိုလ်တွေအဖြစ်နဲ့ ရပ်တည်နိုင်ခဲ့ကြတယ်"

"ဒါပေမယ့်...ဘာဆက်ဖြစ်လဲဆိုတာ မင်း သိလား"

"အဆုံးသတ်မှာ အဲ့ဒီလူတွေအားလုံး သေဆုံးသွားကြတယ်...သူတို့က ထာဝရအသက်ကို မရခဲ့ကြဘူး..သူတို့က အချိန်ကာလယိုယွင်းပျက်စီးတဲ့ဒဏ်ကနေ မလွတ်မြောက်နိုင်ဘဲနဲ့ အရိုးစုဘဝကိုရောက်သွားကြတယ်"

All Chapters